လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေများ

DOWNLOAD

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန
(လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေများ)

အမိန့်ကြော်ငြာစာအမှတ် ၁၆ / ၂၀၁၄
၁၃၇၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်

(၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက် )

[ ပြင်ဆင် : 03.09.2018 ]


ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနသည် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၈၈၊ ပုဒ်မခွဲ (က) အရအပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စု အစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့် ဤနည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။

အခန်း (၁)
အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤနည်းဥပဒေများကို လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေများ ဟုခေါ်တွင်စေရမည်။

၂။ ဤနည်းဥပဒေများတွင် ပါရှိသော စကားရပ်များသည် ဆက်သွယ်ရေးဥပဒေတွင်ပါရှိသည့်အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။ ထို့ပြင် အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည် -

(က) သက်ဆိုင်ရာစည်းမျဉ်းစည်းကမ်းမူဘောင် ဆိုသည်မှာ ဝန်ကြီးဌာန သို့မဟုတ် ဦးစီးဌာနက ထုတ်ပြန်သည့် နည်းဥပဒေများ၊ စဉ်းမျဉ်းနှင့်စည်းကမ်းများ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန် ကြားချက်၊ လမ်းညွှန်ချက်၊ ကျင့်ဝတ်နှင့် လုပ်ထုံးလုပ်နည်းများကို ဆိုသည်။

(ခ) လျှောက်ထားခြင်း  ဆိုသည်မှာ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်၊ ဆက်သွယ် ရေးပစ္စည်းဆိုင်ရာ လိုင်စင်တို့ကို ရယူရန်နှင့် သက်တမ်းတိုးမြှင့်ရန်အတွက် လျှောက်လွှာ ပုံစံ နှင့် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းစဉ်တို့ကို ဆိုသည်။

(ဂ) လွှမ်းမိုးပိုင်ခွင့် (Controlling Interest) ဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးဦးသည် အခြားအဖွဲ့ အစည်း တစ်ခုတွင် မဲပေးပိုင်ခွင့် (Voting Stock)၊ အဖွဲ့ဝင်ပိုင်ဆိုင်ခွင့် (Membership Interest) သို့ မဟုတ် အစုစပ်ပိုင်ဆိုင်ခွင့်  (General Partnership Interest) ၏ ၅၀ ရာခိုင်နှုန်းထက် ပိုမိုသော ပမာဏကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပိုင်ဆိုင်ထား သည့် ပိုင်ဆိုင်မှုအခြေအနေ သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးအား အောက်ပါအခြေအနေ တစ်ရပ်ရပ်ကိုဖြစ်စေ၊ အားလုံးကိုဖြစ်စေ ဆောင်ရွက်နိုင်ခွင့်ရစေသည့် ပိုင်ဆိုင်မှု အခြေအနေကို ဆိုသည် -

(၁) အခြားအဖွဲ့အစည်းတစ်ခု၏ ဒါရိုက်တာအဖွဲ့ သို့မဟုတ် စီမံခန့်ခွဲမှုကော်မတီ၏ ၅၀ ရာခိုင် နှုန်းအထက်ကို ခန့်ထားနိုင်ခြင်း။

(၂) အခြားအဖွဲ့အစည်းတစ်ခု၏ နေ့စဉ်လုပ်ငန်းများကို ကွပ်ကဲသော အဆင့်မြင့် အမှုဆောင် အရာရှိ (Senior Executive) များအား ခန့်ထားခြင်း၊ အဆင့်တိုးမြှင့် ပေးခြင်း၊ အဆင့်ချ ထားခြင်းနှင့် ထုတ်ပယ်ခြင်းတို့ကို ဆောင်ရွက်နိုင်ခြင်း၊

(၃) အခြားအဖွဲ့အစည်းတစ်ခု၏ အရေးကြီးသော ရင်းနှီးမြှုပ်နှံမှု၊ အုပ်ချုပ်မှု သို့မဟုတ် စီမံခန့် ခွဲမှု ဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်ခြင်း၊

(၄) အခြားအဖွဲ့အစည်းတစ်ခု၏ စီမံခန့်ခွဲမှုဆုံးဖြတ်ချက်များကို ချမှတ်ရာတွင် အဓိက ကျသော နေရာမှ ပါဝင်ခြင်း၊

(၅) အခြားအဖွဲ့အစည်းတစ်ခု၏ နေ့စဉ်လုပ်ငန်းဆောင်ရွက်မှုများကို စီမံခန့်ခွဲနိုင်ခြင်း၊

(၆) အခြားအဖွဲ့အစည်းတစ်ခုက ဖြည့်ဆည်းပေးသော ဝန်ဆောင်မှု၏ သဘောသဘာဝ သို့မဟုတ်ဝန်ဆောင်မှုပုံစံ၊ စည်းကမ်းသတ်မှတ်ချက်များ၊ နှုန်းထားများကို ဆုံးဖြတ် ရာတွင် သိသိ သာသာ လွှမ်းမိုးမှုပြုနိုင်ခြင်း။

(ဃ) စျေးကွက်လွှမ်းမိုးသော လိုင်စင်ရရှိသူ (Dominant Licensee) ဆိုသည်မှာ လုပ်ငန်းတစ်ခုသည် အခြားလုပ်ငန်းများနှင့် ပူးပေါင်း၍ဖြစ်စေ၊ မပူးပေါင်းဘဲဖြစ်စေ၊ ယှဉ်ပြိုင်သူများနှင့် သုံးစွဲသူများ အပေါ် သိသာသော အတိုင်းအတာတစ်ခုအထိ လွတ်လပ်စွာပြုမူဆောင်ရွက်နိုင်သည့် စီးပွားရေးအင်အားကို ရရှိထားသည့် အခြေအနေ တစ်ရပ်ကို ဆိုသည်။

(င) အမှန်တကယ်သုံးစွဲသူ (End User)  ဆိုသည်မှာ လိုင်စင်ရရှိသူတစ်ဦးက ဖြည့်ဆည်းပေး သော ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းကို ရယူသုံးစွဲသည့် လိုင်စင်ရရှိသော အခြားသူ တစ်ဦး မဟုတ်သည့် လုပ်ငန်းတစ်ခု သို့မဟုတ် လူပုဂ္ဂိုလ် တစ်ဦးကို ဆိုသည်။

(စ) ပြည်ပမှ ပုဂ္ဂိုလ် ဆိုသည်မှာ -

(၁) ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံသားမဟုတ်သူ၊

(၂) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံသားမဟုတ်သူ တစ်ဦးဦးက လွှမ်းမိုးပိုင်ခွင့်ကို ရရှိထားသည့် တရားဝင်အဖွဲ့အစည်း သို့မဟုတ် မြန်မာနိုင်ငံတွင် စတင်တည်ထောင်ခြင်း သို့ မဟုတ် ဖွဲ့စည်းထားခြင်းမဟုတ်သည့် အဖွဲ့အစည်း၊

(၃) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၏ အစိတ်အပိုင်းမဟုတ်သည့် အစိုးရအဖွဲ့ သို့မဟုတ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တွင် အခြေစိုက်ထားရှိသည့် အခြားနိုင်ငံ၏ အစိုးရအဖွဲ့။

(ဆ) အပြည်ပြည်ဆိုင်ရာပင်မဝင်ပေါက် ထွက်ပေါက်လုပ်ငန်း ဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော ပြည်ပချိတ်ဆက်မှုနေရာများ အကြား အပြည်ပြည်ဆိုင်ရာ ဆက်သွယ်မှုနှင့် ချိတ်ဆက်မှုတို့ကို ရရှိစေနိုင်သည့် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းဖြည့် ဆည်းပေးရန်အတွက် ကွန်ရက်အထောက် အကူပြုပစ္စည်းတစ်ခုအား တည်ဆောက်ခြင်းနှင့် လုပ်ငန်း ဆောင်ရွက်ခြင်းကို ဆိုသည်။

(ဇ) လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာမူဘောင် ဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်အတွင်းရှိ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများအတွက် လိုင်စင်ထုတ်ပေးခြင်း ဆိုင်ရာ အခြေခံဖွဲ့စည်း တည် ဆောက်မှုနှင့် မူများကို ဆိုသည်။

(ဈ) ကွန်ရက်အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းလိုင်စင် - အထူး (Individual) ဆိုသည် မှာ မြေပြင်အခြေစိုက် လိုင်းထုတ်လွှင့်မှု၊ မြေပြင်အခြေစိုက် ရေဒီယိုထုတ်လွှင့်မှု၊ အပြည်ပြည်ဆိုင်ရာ ပင်မဝင်ပေါက် ထွက်ပေါက်လုပ်ငန်း၊ မိုဘိုင်းအခြေစိုက်စခန်း၊ ရေအောက်ကေဘယ်လ်၊ ဂြိုဟ်တုမြေပြင် စခန်းနှင့် ဂြိုဟ်တု အထောက်အကူပြု အခြား ပစ္စည်းများတို့ကို တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်း၊ ၎င်းတို့ကို အသုံးပြု၍ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် ဖြည့်ဆည်းပေးရန် အတွက် ခွင့်ပြုပေးသော လုပ်ငန်းလိုင်စင်အမျိုးအစားကို ဆိုသည်။

(ည) ကွန်ရက်အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းလိုင်စင် - သာမန် (class) ဆိုသည်မှာ တာဝါများ၊ ဆက်သွယ်ရေးအချက်ပြမှုများနှင့် ထုတ်လွှင့်ဖမ်းယူမှုများအတွက် အသုံးပြု သည့်တိုင်များ (masts) ၊ ပိုက်လုံးများ၊ ကျင်းများ၊ တိုင်များ (Poles) ၊ ဒါ့ခ်ဖိုင်ဘာကြိုးများ (dark fibre) ကဲ့သို့သော ကွန်ရက် အထောက်အကူပြုပစ္စည်းများကို လိုင်စင်ရရှိသော အခြားသူတို့အား ငှားရမ်းထောက်ပံ့နိုင်ရေးအတွက် ခွင့်ပြုပေးသော လုပ်ငန်းလိုင်စင် အမျိုးအစားကို ဆိုသည်။

(ဋ)  ပုဂ္ဂိုလ်  ဆိုသည်မှာ လူပုဂ္ဂိုလ်၊ ဌာန၊ အဖွဲ့အစည်းကို ဆိုသည်။

(ဌ) ပုဂ္ဂလိကဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း (Private Telecommunications Service) ဆိုသည်မှာ အမှန်တကယ်သုံးစွဲသူ သို့မဟုတ် လိုင်စင်ရရှိသော အခြားသူတစ်ဦးအား အများပြည်သူသုံး ကွန်ရက် နှင့် အပြန်အလှန်ချိတ်ဆက်မှုမရှိဘဲ တစ်နေရာမှ တစ်နေရာ သို့ တိုက်ရိုက်ချိတ်ဆက်ပေးသည့် (Point – to – Point Connectivity) ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းကိုဆိုသည်။

(ဍ) အများပြည်သူဆိုင်ရာ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း (Public Telecommunications Service) ဆိုသည်မှာ အများပြည်သူတစ်ရပ်လုံးအသုံးပြုနိုင်သည့် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်း များနှင့် ဆက်သွယ်ရေး ကွန်ရက်များကို ဆိုသည်။

(ဎ) သက်ဆိုင်သောဝင်ငွေ (Relevant Revenue) ဆိုသည်မှာ လိုင်စင်ရရှိသူက အမှန်တကယ် သုံးစွဲသူ နှင့် လိုင်စင်ရရှိသော အခြားသူများသို့ ဆက်သွယ်ရေးဝန်ဆောင်မှုများပေးခြင်း ဖြင့် ရရှိမည့်ဝင်ငွေမှ ထိုကဲ့သို့ ဝန်ဆောင်မှုပေးရန်အတွက် လုပ်ဆောင်ရသည့် အပြန်အလှန်ဆက်သွယ်မှု၊ ချိတ်ဆက်မှု သို့မဟုတ် လက်ကားနှုန်းဖြင့် ရယူထားသော ဝန်ဆောင်မှုများအတွက် လိုင်စင်ရရှိသော အခြားသူများ သို့ ပေးချေရမည့်စရိတ်စက များကို နုတ်ပယ်၍ ကျန်ရှိသော ဝင်ငွေအပိုင်းကိုဆိုသည်။

အခန်း (၂)
ဆက်သွယ်ရေး ကွန်ရက်နှင့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ မူဘောင်

၃။ လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာမူဘောင်

ဆက်သွယ်ရေးဥပဒေအခန်း ၃ နှင့် နည်းဥပဒေ ၇၊ ၈ နှင့် ၉ တို့အရ လိုင်စင်ထုတ်ပေးခြင်း လုပ်ငန်းစဉ် အဆင့်ဆင့်အား ရှင်းလင်းလွယ်ကူစေရန် ၊ ဝန်ဆောင်မှုအသစ်များဆောင်ရွက်ခြင်း နှင့် တိုးချဲ့ခြင်းကို အားပေးရန်၊ အမှန်တကယ်သုံးစွဲသူများက ဆက်သွယ်ရေးကွန်ရက်များနှင့် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများအား ရယူသုံးစွဲမှုကို တိုးတက်လာစေရန် တို့အတွက် ဘက်စုံဝန်ဆောင်မှု  (multi-service) လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ မူဘောင်များကို ပြဋ္ဌာန်းထား ပါသည် -

(က) နည်းဥပဒေ ၄ အရ ပုဂ္ဂိုလ်တစ်ဦးသည် ယေဘုယျအားဖြင့် လိုင်စင်အမျိုးအစား တစ်ခုတည်းကို သာ လျှောက်ထားရမည်။ ထိုသို့လျှောက်ထားရာတွင် ဆောင်ရွက်လိုသည့် ဆက်သွယ်ရေး ဝန်ဆောင်မှု အမျိုးအစားကို ဖော်ပြရမည်။

(ခ) ဦးစီးဌာနသည် လျှောက်ထားချက်များကို ခွဲခြားမှုမရှိဘဲ စိစစ်ပြီး သဘောထားမှတ်ချက် ဖြင့် ဝန်ကြီးဌာနသို့ တင်ပြရမည်။

(ဂ) ဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဦးစီးဌာနမှ လုပ်ငန်းလိုင်စင်ကို ခွင့်ပြုပြီးနောက် လိုင်စင်ရရှိသူသည် နည်းဥပဒေ ၁၇ အရ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းအသစ်များ ဖြည့်စွက် ဆောင်ရွက်ပေးလိုသောအခါ -

(၁) ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းအသစ်များ ဖြည့်စွက်မဆောင်ရွက်မီ အနည်းဆုံးရက် ပေါင်း ၃၀ ကြိုတင်၍ ဦးစီးဌာနထံ တင်ပြရမည်။

(၂) ကွန်ရက်အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းလိုင်စင် -အထူး (Individual) ရရှိ သူသည် အပြည်ပြည်ဆိုင်ရာ ပင်မဝင်ပေါက်ထွက်ပေါက် လုပ်ငန်းလုပ်ကိုင်ခွင့် အတွက် ကြိုတင်ခွင့်ပြုချက် ရရှိရန် ဦးစီးဌာနသို့ လျှောက်ထားရမည်။

၄။ လိုင်စင်ထုတ်ပေးသည့်စနစ် နည်းဥပဒေ ၃ အရ လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ မူဘောင်သည် ပုဂ္ဂိုလ်တစ်ဦးလျှင် ယေဘုယျအားဖြင့် လိုင်စင်တစ်ခုတည်းကိုသာ ကိုင်ဆောင်ရသော  လိုင်စင် ထုတ်ပေးသည့်စနစ်အရ အောက်ပါအတိုင်း တည်ဆောက်ထားသည် -

(က) ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်  -အထူး  (Individual) ကိုရရှိ ထားသူသည် အမြင့်ဆုံးလုပ်ငန်းအဆင့်ကိုရရှိထားပြီး ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် - အထူး (Individual)၊ ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်- သာမန် (Class)၊ ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်နှင့် အသုံးချဝန်ဆောင်မှု လုပ်ငန်းလိုင်စင်များအရ ခွင့်ပြုထားသော ဝန်ဆောင်မှုလုပ်ငန်းများ အားလုံးကိုလုပ်ကိုင်ခွင့်ရှိသည်။ ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် - အထူး  (Individual)ရရှိသူများသည် လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ မူဘောင်အရ ထုတ်ပေးနိုင်သော အခြားမည်သည့်လိုင်စင်ကိုမျှ လျှောက်ထားရန်မလိုပါ။

(ခ) ကွန်ရက်အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းလိုင်စင် - သာမန် (Class) ကို ရရှိထားသူ သည် ယင်းလိုင်စင်အရ ခွင့်ပြုထားသော ဝန်ဆောင်မှုလုပ်ငန်းများကိုသာ လုပ်ကိုင်ခွင့်ရှိ သည်။ ကွန်ရက် အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် - သာမန်  (Class) ရရှိထားသူသည် ကွန်ရက် ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် သို့မဟုတ် အသုံးချဝန်ဆောင်မှု လုပ်ငန်းလိုင်စင်တစ်ခုခု ကို လျှောက်ထားနိုင်ပြီး အများဆုံးလုပ်ငန်းလိုင်စင် နှစ်ခုကို တစ်ပြိုင်တည်းရယူနိုင်သည်။

(ဂ) ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ကို ရရှိထားသူသည် ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်း လိုင်စင် နှင့် အသုံးချဝန်ဆောင်မှုလုပ်ငန်းလိုင်စင်များအရ ခွင့်ပြုထားသော ဝန်ဆောင်မှု လုပ်ငန်းများအားလုံးကို လုပ်ကိုင်ခွင့်ရှိသော်လည်း ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် - အထူး (Individual) နှင့် ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်- သာမန် (Class) များအရခွင့်ပြုထားသော ဝန်ဆောင်မှု လုပ်ငန်းများအား လုပ်ကိုင်ခွင့်မရှိပါ။ ကွန်ရက် ဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ရရှိသူသည် ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှု  လုပ်ငန်း လိုင်စင် - သာမန် (Class) တစ်ခုကို လျှောက်ထားရယူနိုင်ပြီး နည်းဥပဒေခွဲ (င) အရ သတ်မှတ်ထားသည့်အတိုင်း အများဆုံးလုပ်ငန်းလိုင်စင်နှစ်ခုကို တစ်ပြိုင်တည်း ရယူနိုင်သည်။

(ဃ) အသုံးချဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရရှိသူသည် ယင်းလိုင်စင်အရ ခွင့်ပြုထားသော လုပ်ငန်းများကိုသာ လုပ်ကိုင်ခွင့်ရှိသည်။ အသုံးချဝန်ဆောင်မှုလုပ်ငန်းလိုင်စင် ရရှိသူသည် ကွန်ရက် အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် - သာမန် (Class) တစ်ခုကို လျှောက်ထားရယူနိုင်ပြီး နည်းဥပဒေခွဲ (င) အရ သတ်မှတ်ထားသည့်အတိုင်း အများဆုံး လုပ်ငန်းလိုင်စင်နှစ်ခုကို တစ်ပြိုင်တည်းရယူနိုင်သည်။

(င) ကွန်ရက်အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းလိုင်စင် - သာမန် (Class)၊ ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်၊ အသုံးချဝန်ဆောင်မှုလုပ်ငန်းလိုင်စင် တစ်ခုခုရရှိ ထားသူ သို့မဟုတ် ယင်းလိုင်စင် များအနက် နှစ်ခုကိုရရှိသူက အခြားလိုင်စင် အမျိုးအစား အောက်ရှိ ဆက်သွယ် ရေးဝန်ဆောင်မှုလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်လိုပါက နည်းဥပဒေ ၁၇ အရ အောက်ပါ အတိုင်း  ဦးစီးဌာနသို့ လျှောက်ထားရမည် -

(၁) ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် ရရှိထားသူသည် ကွန်ရက်အထောက် အကူပြုဝန်ဆောင်မှုလုပ်ငန်းလိုင်စင် - အထူး (Individual)  ထပ်မံရရှိပြီးပါက မူလလုပ်ငန်းလိုင်စင်အား ဖျက်သိမ်းရမည်။ ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် ရရှိသူသည် ယင်းလုပ်ငန်း လိုင်စင်အပြင် ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် - သာမန်  (Class) ကိုပါ ထပ်မံရယူနိုင်သည်။

(၂) အသုံးချဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရရှိသူသည် ယင်းလိုင်စင်အစား ကွန်ရက် ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် သို့မဟုတ် ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် - အထူး  (Individual)  ကို ရယူပြီးပါက မူလ လုပ်ငန်းလိုင်စင်ကိုဖျက်သိမ်းရမည်။ အသုံးချဝန်ဆောင်မှုလုပ်ငန်းလိုင်စင် ရရှိသူ သည် ယင်းလုပ်ငန်းလိုင်စင်အပြင် ကွန်ရက်အထောက် အကူပြုဝန်ဆောင်မှု လုပ်ငန်းလိုင်စင် - သာမန်  (Class) ကိုပါ ထပ်မံ ရယူနိုင်သည်။

(၃) ကွန်ရက်အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းလိုင်စင် - သာမန်  (Class)  ရရှိထားသူ သည် ကွန်ရက်အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းလိုင်စင် - အထူး (Individual)  ရရှိပါက မူလလုပ်ငန်းလိုင်စင်ကို ဖျက်သိမ်းရမည်။ ကွန်ရက် အထောက်အကူပြုဝန်ဆောင်မှု လုပ်ငန်းလိုင်စင် - သာမန်  (Class)  ရရှိသူသည် ယင်းလုပ်ငန်းလိုင်စင်အပြင် ကွန်ရက်ဝန် ဆောင်မှုလုပ်ငန်းလိုင်စင် သို့မဟုတ် အသုံးချဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ကိုပါ ထပ်မံ ရယူနိုင်သည်။

၅။ လိုင်စင်ရယူရမည့်လုပ်ငန်းများ

(က) ဥပဒေအရသော်လည်းကောင်း၊ ဝန်ကြီးဌာနကသော်လည်းကောင်း ကင်းလွတ်ခွင့် ပေးထားခြင်းမရှိခဲ့ပါက ကွန်ရက်အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်း၊ ကွန်ရက် ဝန်ဆောင်မှုလုပ်ငန်းနှင့် အသုံးချဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဆက်သွယ်ရေးဥပဒေ အခန်း ၃ အရ ပုဂ္ဂိုလ်တစ်ဦးသည် လိုင်စင်လျှောက်ထားရယူရန် လိုအပ်သည်။

(ခ) ဆက်သွယ်ရေးဥပဒေ အခန်း ၄ နှင့် ၆ တို့အရ ဝန်ကြီးဌာန သို့မဟုတ် ဦးစီးဌာနသည် သက်ဆိုင်ရာစည်းကမ်းသတ်မှတ်ချက်များအရ ဆက်သွယ်ရေးပစ္စည်းဆိုင်ရာ လိုင်စင် သို့မဟုတ် လှိုင်းနှုန်းစဉ် အသုံးပြုခွင့်များကို ခွင့်ပြုနိုင်သည်။

(ဂ) လိုင်စင်ရရှိသူတစ်ဦးသည် ဆက်သွယ်ရေးကွန်ရက်တစ်ခုကို တည်ထောင်လုပ်ကိုင် ဆောင်ရွက်ခြင်း သို့မဟုတ် ဆက်သွယ်ရေးဝန်ဆောင်မှုပေးခြင်းအတွက် လိုအပ်ပါက မိမိ၏လိုင်စင်များအပြင် နည်းဥပဒေခွဲ (ခ) တွင် ဖော်ပြထားသည့်အတိုင်း သီးခြားခွင့်ပြု ချက်ရယူရမည်။


၆။ လိုင်စင်ရယူခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်း

(က) ဝန်ကြီးဌာနသည် မည်သည့်ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းကိုမဆို လိုင်စင်ရယူခြင်း မှ ဥပဒေနှင့်အညီ ကင်းလွတ်ခွင့်ပြုနိုင်သည်။ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း တစ်ခုခုကို လိုင်စင်ကင်းလွတ်ခွင့်ပြုမည့် ဆုံးဖြတ်ချက်သည် ပွင့်လင်းမြင်သာ၍ မျှတ ရမည်ဖြစ်ပြီး ယင်းဆုံးဖြတ်ချက်အား အများပြည်သူသဘောထားတောင်းခံခြင်း ပြုလုပ်ပြီး မှသာ ဆောင်ရွက်ရမည်။

(ခ) ဆက်သွယ်ရေးဥပဒေပုဒ်မ ၈၂ အရ ဝန်ကြီးဌာနသည် ပုဂ္ဂိုလ်၊ ဌာန၊ အဖွဲ့အစည်းတစ်ခုခု အား ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် လိုင်စင်ရယူခြင်းမှ ကင်းလွတ်ခွင့်ပြု နိုင်သည်။ ပုဂ္ဂိုလ်၊ ဌာန၊ အဖွဲ့အစည်းတစ်ခုကို လိုင်စင်ကင်းလွတ်ခွင့်ပြုမည့် ဆုံးဖြတ်ချက် သည် ပွင့်လင်းမြင်သာ၍ မျှတရမည်ဖြစ်ပြီး အများပြည်သူသဘောထားတောင်းခံခြင်း ပြုလုပ်ပြီးမှသာ ဆောင် ရွက်ရမည်။

၇။ ကွန်ရက်အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းလိုင်စင် - အထူး (Individual) နှင့် ကွန်ရက် ဝန် ဆောင်မှုလုပ်ငန်း လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များဆက်သွယ်ရေးဥပဒေ အခန်း ၃ အရ ကွန်ရက်အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းလိုင်စင် - အထူး (Individual) သို့မဟုတ်  ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်တို့အတွက် လိုင်စင်လျှောက်ထားမှုအား ကွန်ရက်အထောက် အကူပြုဝန်ဆောင်မှုလုပ်ငန်းလိုင်စင် - သာမန် (Class) နှင့် အသုံးချဝန်ဆောင်မှု လုပ်ငန်း လိုင်စင်များ လျှောက်ထားမှုတို့ထက် ပိုမိုစိစစ်ရန်လိုအပ်သည်။

(က) လျှောက်လွှာပုံစံများ

(၁) ကွန်ရက်အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းလိုင်စင် - အထူး  (Individual) နှင့် ကွန်ရက် ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်တို့ကို ဦးစီးဌာနသို့ သတ်မှတ်ထားသော လျှောက်လွှာပုံစံ ဖြင့် လျှောက်ထားရမည်။

(၂) လိုင်စင်လျှောက်ထားသူသည် မိမိဆောင်ရွက်ရန် ရည်ရွယ်သည့် လုပ်ငန်းများ အတွက် သင့်လျော်သည့်လိုင်စင်အမျိုးအစားကို ဆုံးဖြတ်ရမည်ဖြစ်ပြီး သက်ဆိုင် ရာလိုင်စင်အမျိုးအစားနှင့် ပတ်သက်သည့် အချက်အလက်အားလုံးကို ပြည့်စုံစွာ ဖော်ပြ၍ ဦးစီးဌာနသို့ လျှောက်ထားရမည်။

(၃) ဦးစီးဌာနသည် လျှောက်လွှာပုံစံများအား သတ်မှတ်ထားရမည်ဖြစ်ပြီး ဝက်ဘ်ဆိုက် တွင် အများ ပြည်သူရရှိနိုင်အောင် ဆောင်ရွက်ထားရမည်။

(ခ) ဖြည့်စွက်ရမည့် အချက်အလက်နှင့် ပေးဆောင်ရမည့် အခကြေးငွေ

(၁) ဦးစီးဌာနသည် လျှောက်လွှာတွင် ဖြည့်စွက်ရမည့် လိုအပ်သောအချက်အလက်များကို ထုတ်ပြန်ထားရမည်ဖြစ်ပြီး ဝန်ကြီးဌာနှင့် ဦးစီးဌာနမှ ခွင့်ပြုချက်ထုတ်ပေးခြင်းဆိုင်ရာ ဆုံးဖြတ်ချက် များကို မှန်ကန်စွာချမှတ်နိုင်ရန် အလို့ငှာ ယင်းအချက်အလက်များသည် အခါအားလျော်စွာ ပြောင်းလဲနိုင်သည်။

(၂) လိုင်စင်အမျိုးအစားတူညီပါက သတ်မှတ်ထားသော လျှောက်လွှာပုံစံတွင် ဖြည့်စွက်ရမည့် အချက်အလက်များသည် လိုင်စင်လျှောက်ထားသူများအားလုံးအတွက် တစ်ပြေးညီ ဖြစ်ရမည်။

(၃) ဤနည်းဥပဒေများအရ ကင်းလွတ်ခွင့်ပြုထားသည်မှအပ လိုင်စင်လျှောက်ထားသူသည် လျှောက် ထားသည့်အချိန်တွင် စီမံခန့်ခွဲမှုစရိတ်ကာမိစေရန်အတွက် ဝန်ကြီးဌာနက သတ်မှတ်ထားသော လျှောက်လွှာကြေးကို ပေးဆောင်ရမည်။

(ဂ) လျှောက်လွှာတွင် ဖြည့်စွက်ထားသော အချက်အလက်များသည် ပြည့်စုံမှုမရှိခဲ့လျှင် သော်လည်းကောင်း၊ တိကျမှန်ကန်မှုမရှိခဲ့လျှင်သော်လည်းကောင်း ဦးစီးဌာနသည် လိုအပ်သောအချက်အလက်များ ကို လျှောက်ထားသူထံသို့ စာဖြင့်ပေးပို့တောင်းခံရမည်။ လျှောက်ထားသူသည် ဦးစီးဌာနက တောင်းခံ လာသော အချက်အလက်များကို လျှောက်လွှာပုံစံတွင် မှန်ကန်အောင်ပြင်ဆင်ဖြည့်စွက်၍ ပြန်လည် လျှောက်ထားရမည်။

(ဃ) လျှောက်ထားချက်အား ပြန်လည်ပြင်ဆင်ရန်လိုအပ်ပါက ဦးစီးဌာနက ပြင်ဆင်ရန်လိုအပ် သည်ဟု ဖော်ပြသော အကြောင်းအချက်အားလုံးကို မှန်ကန်အောင်ပြင်ဆင်ဖြည့်စွက်၍ ဦးစီးဌာန၏ အကြောင်းကြားစာရရှိပြီး ရက်ပေါင်း ၃၀ အတွင်း ပြန်လည်လျှောက်ထား ရမည်။ ပြန်လည်လျှောက်ထားရန် ပျက်ကွက်ခဲ့ပါက နှောင့်နှေးကြန့်ကြာရသည့် အကြောင်းအရင်းအား  စာဖြင့်တင်ပြထားခဲ့ခြင်းမရှိလျှင်သော်လည်းကောင်း၊ တင်ပြသည့် အကြောင်းပြချက်အား ခိုင်လုံမှုမရှိဟု ဦးစီးဌာနက ဆုံးဖြတ်လျှင်သော် လည်းကောင်း လျှောက်ထားချက်ကို ငြင်းပယ်နိုင်သည်။

(င) ဝန်ကြီးဌာနနှင့် ဦးစီးဌာနသည် ကွန်ရက်အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းလိုင်စင် - အထူး  (Individual) သို့မဟုတ် ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်တို့အတွက် ပြည့်စုံမှန်ကန်သည့် လျှောက်ထားချက်ကို လက်ခံရရှိပြီး ရက်ပေါင်း ၆၀ အတွင်း စိစစ်၍ ဆုံးဖြတ်ချက်အားအကြောင်း ပြန်ကြားရ မည်။

(စ) ပြည့်စုံမှန်ကန်သော လျှောက်ထားချက်ကို စိစစ်ခြင်းသည် ရက်ပေါင်း ၆၀ ထက်ကျော်လွန်မည်ဟု ခန့်မှန်းပါက ဦးစီးဌာနသည် ထိုသို့ကြန့်ကြာရသည့်အကြောင်း အရင်းအား လျှောက်ထားသူထံ စာဖြင့်အကြောင်းကြားရမည်။ အဆိုပါအကြောင်းကြား စာတွင် လျှောက်ထားချက်အား စိစစ်မှု ပြီးစီးမည့် ခန့်မှန်းနေ့ရက်နှင့် ဆုံးဖြတ်ချက်အား အကြောင်းပြန်ကြားပေးမည့် ခန့်မှန်းနေ့ရက် ပါဝင်ရမည်။

(ဆ) လျှောက်ထားချက်အား ပြန်လည်စိစစ်သည့်အချိန်ကာလသည် နည်းဥပဒေ ၉ တွင်ဖော်ပြ ထားသည့် လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ အထူးလုပ်ငန်းစဉ်များနှင့် သက်ဆိုင်ခြင်းမရှိလျှင် ကြန့်ကြာရကြောင်း အကြောင်းကြားစာထုတ်သည့်နေ့ရက်မှ ရက်ပေါင်း ၆၀ ထက်မပိုစေရ။ လိုင်စင်ထုတ်ပေးခြင်း ဆိုင်ရာ အထူးလုပ်ငန်းစဉ်များနှင့် သက်ဆိုင်သည့် ကိစ္စများတွင် လျှောက်ထားချက်အား ပြန်လည် စိစစ်သည့် အချိန်ကာလသည် ကြန့်ကြာ ရကြောင်း အကြောင်းကြားစာထုတ်သည့် နေ့ရက်မှ ရက်ပေါင်း ၉၀ ထက် မပိုစေရ။

(ဇ) ဦးစီးဌာနသည် လျှောက်ထားချက်အား ခွင့်ပြုကြောင်း သို့မဟုတ် ငြင်းပယ်ကြောင်းကို လျှောက်ထား သူထံသို့ စာဖြင့်အကြောင်းကြားရမည် -

(၁) လျှောက်ထားချက်ကို ခွင့်ပြုပါက ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် - အထူး  (Individual) သို့မဟုတ် ကွန်ရက် ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်ထုတ်ပေးရန်အတွက် လျှောက်ထားသူက ပေးဆောင်ရမည့် ကနဦး လိုင်စင်ခ (initial fees) အပါအဝင် အခြားသော သက်ဆိုင်သည့် အခကြေးငွေများ ကို လျှောက်ထားသူထံ စာဖြင့်အကြောင်းကြားရမည်။

(၂) လျှောက်ထားချက်ကို ငြင်းပယ်ပါက ကျိုးကြောင်းခိုင်လုံသော အကြောင်းပြချက် ရှိရမည်ဖြစ်ပြီး ထိုအကြောင်းပြချက်များကို စာဖြင့်အကြောင်းကြားရမည်။ ငြင်းပယ်ခံရသော လျှောက်ထားသူသည် ပြန်လည်လျှောက်ထားနိုင်သည်။ ထိုသို့ လျှောက်ထားရာတွင် လျှောက်လွှာကြေးကို ထပ်မံ ပေးဆောင်ရမည်။

(ဈ) ကွန်ရက်အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းလိုင်စင် - အထူး  (Individual) နှင့် ကွန်ရက်ဝန် ဆောင်မှုလုပ်ငန်းလိုင်စင်များကို ခွဲခြားမှုမရှိဘဲ လိုင်စင်အရေအတွက် ကန့်သတ်ချက်မရှိထုတ်ပေးရမည်။ ကွန်ရက်အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်း လိုင်စင် - အထူး (Individual) နှင့် ကွန်ရက်ဝန်ဆောင်မှု လုပ်ငန်းလိုင်စင်အရေအတွက်ကို ကန့်သတ်ရန် ဆုံးဖြတ်သော မည်သည့်ဆုံးဖြတ်ချက်မဆို ရှားပါး သော အရင်းအမြစ် ကန့်သတ်ချက်များကဲ့သို့သော ကျိုးကြောင်းခိုင်လုံသည့် အကြောင်းပြချက်များ အပေါ် တွင်အခြေခံရမည်ဖြစ်ပြီး ယင်းသို့သော ဆုံးဖြတ်ချက်များအား အများပြည်သူသဘော ထား တောင်းခံခြင်း ပြုလုပ်ပြီးမှသာ ချမှတ်ရမည်။

(ည) ဤနည်းဥပဒေများအရ ကွန်ရက်အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းလိုင်စင် - အထူး  (Individual) လျှောက်ထားချက်အပြင် လှိုင်းနှုန်းစဉ်အသုံးပြုခွင့်ကို သီးခြားလျှောက်ထား ရမည်။ ကွန်ရက်အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းလိုင်စင် - အထူး  (Individual) သည် ရှားပါးသော အရင်းအမြစ်များကို အသုံးပြုခွင့်အား အာမခံခြင်းမရှိပါ။

(ဋ) ဤနည်းဥပဒေများအရ ကွန်ရက်အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းလိုင်စင် - အထူး  (Individual) သို့မဟုတ် ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်အတွက် လျှောက်ထားချက် အပြင် ဆက်သွယ်ရေးနံပါတ်ခွဲဝေသတ်မှတ်ပေးရန် လျှောက်ထားချက်ကို ဆက်သွယ်ရေး နံပါတ်ဆိုင်ရာ နည်းဥပဒေများနှင့်အညီ သီးခြားလျှောက်ထားရမည်။

၈။ အသုံးချဝန်ဆောင်မှုလုပ်ငန်းလိုင်စင်နှင့် ကွန်ရက်အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းလိုင် စင် -သာမန် (Class)  ထုတ်ပေးခြင်းဆိုင်ရာလုပ်ငန်းစဉ်များဆက်သွယ်ရေးဥပဒေ အခန်း ၃ အရ ပုဂ္ဂိုလ်တစ်ဦးသည် အသုံးချဝန်ဆောင်မှုလုပ်ငန်းလိုင်စင် သို့မဟုတ် ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် - သာမန်  (Class) ကို ဦးစီးဌာနသို့ မှတ်ပုံတင်ပုံစံဖြင့် လျှောက်ထားနိုင်ပြီး မှတ်ပုံတင်ပုံစံဖြင့် လျှောက်ထားခြင်းသည် ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် - အထူး (Individual) သို့မဟုတ် ကွန်ရက်ဝန်ဆောင်မှု လုပ်ငန်း လိုင်စင် လျှောက်ထားခြင်းထက် ပိုမိုရိုးရှင်းသည်။

(က) မှတ်ပုံတင်ပုံစံများ

(၁) အသုံးချဝန်ဆောင်မှုလုပ်ငန်းလိုင်စင် သို့မဟုတ် ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်း လိုင်စင် - သာမန် (Class) တို့ကိုသတ်မှတ်ထားသော မှတ်ပုံတင်ပုံစံဖြင့် ဦးစီးဌာနသို့ လျှောက် ထားရမည်။

(၂) လိုင်စင်လျှောက်ထားသူသည် မိမိဆောင်ရွက်လိုသည့် လုပ်ငန်းများအတွက် သင့်လျော်သည့် လိုင်စင်အမျိုးအစားကို ဆုံးဖြတ်ရမည်ဖြစ်ပြီး သက်ဆိုင်ရာလိုင်စင် အမျိုးအစားနှင့် ပတ်သက်သည့် အချက်အလက်များကို ပြည့်စုံစွာဖော်ပြ၍ ဦးစီးဌာနသို့ လျှောက်ထားရမည်။

(၃) ဦးစီးဌာနသည် မှတ်ပုံတင်ပုံစံများအား သတ်မှတ်ထားရမည်ဖြစ်ပြီး ဝက်ဘ်ဆိုက် တွင် အများ ပြည်သူရရှိနိုင်အောင် ဆောင်ရွက်ထားရမည်။

(ခ) ဖြည့်စွက်ရမည့် အချက်အလက်နှင့် ပေးဆောင်ရမည့်အခကြေးငွေ

(၁) ဦးစီးဌာနသည် မှတ်ပုံတင်ပုံစံတွင် ဖြည့်စွက်ရမည့် လိုအပ်သောအချက်အလက် များကို ထုတ်ပြန်ထားရမည်ဖြစ်ပြီး ဝန်ကြီးဌာနှင့် ဦးစီးဌာနမှ ခွင့်ပြုချက် ထုတ်ပေးခြင်းဆိုင်ရာ ဆုံးဖြတ်ချက်များ ကို မှန်ကန်စွာချမှတ်နိုင်ရန်အလို့ငှာ ယင်းအချက်အလက်များသည် အခါအားလျော်စွာ ပြောင်းလဲနိုင်သည်။

(၂) လိုင်စင်အမျိုးအစားတူညီပါက သတ်မှတ်ထားသော မှတ်ပုံတင်ပုံစံတွင် ဖြည့်စွက်ရမည့် အချက်အလက်များသည် လိုင်စင်လျှောက်ထားသူများအားလုံး အတွက် တစ်ပြေးညီဖြစ်ရမည်။

(၃) ဤနည်းဥပဒေများအရ ကင်းလွတ်ခွင့်ပြုထားသည်မှအပ လိုင်စင်လျှောက်ထားသူ သည် လျှောက်ထားသည့်အချိန်တွင် စီမံခန့်ခွဲမှုစရိတ်ကာမိစေရန်အတွက် ဝန်ကြီး ဌာနက သတ်မှတ်ထားသော လျှောက်လွှာကြေးကို ပေးဆောင်ရမည်။

(ဂ) အသုံးချဝန်ဆောင်မှုလုပ်ငန်းလိုင်စင် သို့မဟုတ် ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် - သာမန်  (Class) လျှောက်ထားသူမည်သူမဆို ပြည့်စုံတိကျပြီး လက်မှတ်ရေးထိုးထားသည့် လျှောက်လွှာကို သက်ဆိုင်ရာ လျှောက်လွှာကြေးနှင့်အတူ လျှောက်ထားလာပါက လျှောက်လွှာတွင် ဖော်ပြထားသည့်အရည်အချင်း သတ်မှတ်ချက် များနှင့် ကိုက်ညီမှုရှိခဲ့လျှင် ဦးစီးဌာနသည် ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် လိုင်စင်ကို ခွင့်ပြုရမည်။

(ဃ) အသုံးချဝန်ဆောင်မှုလုပ်ငန်းလိုင်စင် သို့မဟုတ် ကွန်ရက်အထောက်အကူပြုဝန်ဆောင်မှု လုပ်ငန်း လိုင်စင် - သာမန်  (Class) လျှောက်ထားခြင်းသည် အောက်ပါကိစ္စရပ်များတွင် အကျိုးသက်ရောက်မှု မရှိစေရ -

(၁) လျှောက်ထားသူသည် မှတ်ပုံတင်ပုံစံတွင် သတ်မှတ်ထားသည့် အရည်အချင်းများ နှင့် ကိုက်ညီ မှုမရှိခြင်း၊

(၂) မှတ်ပုံတင်ပုံစံတွင် ဖြည့်စွက်ထားသော အချက်အလက်များသည် ပြည့်စုံမှုမရှိခြင်း၊ တိကျမှန်ကန် မှုမရှိခြင်း သို့မဟုတ် လက်မှတ်ရေးထိုးမထားခြင်း၊

(၃) လျှောက်ထားသူသည် သက်ဆိုင်ရာအခကြေးငွေကို ပေးဆောင်မှုမရှိခြင်း။

(င) မှတ်ပုံတင်ပုံစံတွင် ဖြည့်စွက်ထားသောအချက်အလက်များသည် ပြည့်စုံမှုမရှိခဲ့လျှင် သော်လည်းကောင်း၊ တိကျမှန်ကန်မှုမရှိခဲ့လျှင်သော်လည်းကောင်း ဦးစီးဌာနသည် လိုအပ်သောအချက်အလက်များ ကို လျှောက်ထားသူထံသို့ စာဖြင့် ပေးပို့တောင်းခံရမည်။ လျှောက်ထားသူသည် ဦးစီးဌာနက တောင်းခံ လာသောအချက်အလက်များကို လျှောက်လွှာပုံစံတွင် မှန်ကန်အောင် ပြင်ဆင်ဖြည့်စွက်၍ ပြန်လည် လျှောက်ထားရမည်။

(စ) လျှောက်ထားသူသည် ဦးစီးဌာနက ထပ်မံတောင်းခံလာသော အချက်အလက်များကို အမြန်ဆုံးပြန်လည်ပေးပို့ရမည်။ ရက်ပေါင်း ၃၀ အတွင်း ပြန်လည်ပေးပို့ရန် ပျက်ကွက်ခဲ့ ပါက နှောင့်နှေးကြန့်ကြာရသည့်အကြောင်းအရင်းအား စာဖြင့်တင်ပြထားခဲ့ခြင်း မရှိလျှင်သော်လည်းကောင်း၊ တင်ပြသည့် အကြောင်းပြချက်အား ဦးစီးဌာနမှ ခိုင်လုံမှု မရှိဟု ဆုံးဖြတ်လျှင်သော်လည်းကောင်း လျှောက်ထားချက် ကို ငြင်းပယ်နိုင်သည်။

(ဆ) ဦးစီးဌာနသည် ကွန်ရက်အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းလိုင်စင် - သာမန်  (Class) သို့မဟုတ် အသုံးချဝန်ဆောင်မှုလုပ်ငန်းလိုင်စင်တို့အတွက် ပြည့်စုံမှန်ကန်သည့် လျှောက်ထားချက်ကို လက်ခံရရှိပြီး ရက်ပေါင်း ၃၀ အတွင်းစိစစ်၍ ဆုံးဖြတ်ချက်အား အကြောင်းပြန်ကြားရမည်။

(ဇ) မှတ်ပုံတင်ပုံစံဖြင့် လျှောက်ထားချက်ကို စိစစ်ခြင်းသည် ရက်ပေါင်း ၃၀ ထက်ကျော်လွန် မည်ဟုခန့်မှန်းပါက ဦးစီးဌာနသည် ထိုသို့ကြန့်ကြာရသည့်အကြောင်းအရင်းအား လျှောက်ထားသူထံ စာဖြင့်အကြောင်းကြားရမည်။ အဆိုပါ အကြောင်းကြားစာတွင် လျှောက်ထားချက်အား စိစစ်မှုပြီးစီးမည့် ခန့်မှန်းနေ့ရက်နှင့် ဆုံးဖြတ်ချက်အား အကြောင်းပြန်ကြားပေးမည့် ခန့်မှန်းနေ့ရက်ပါဝင်ရမည်။

(ဈ) မှတ်ပုံတင်ပုံစံဖြင့် လျှောက်ထားခြင်းအား ပြန်လည်စိစစ်သည့်အချိန်ကာလသည် နည်းဥပဒေ ၉ တွင် ဖော်ပြထားသည့် လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ အထူးလုပ်ငန်းစဉ် များနှင့် သက်ဆိုင်ခြင်း မရှိလျှင် ကြန့်ကြာရကြောင်း အကြောင်းကြားစာထုတ်သည့် နေ့ရက်မှ ရက်ပေါင်း ၃၀ ထက် မပိုစေရ။ လိုင်စင်ထုတ် ပေးခြင်းဆိုင်ရာ အထူးလုပ်ငန်း စဉ်များနှင့် သက်ဆိုင်သည့် ကိစ္စများတွင် လျှောက်ထားချက်အား ပြန် လည်စိစစ်သည့် အချိန်ကာလသည် ကြန့်ကြာရကြောင်း အကြောင်းကြားစာထုတ်သည့် နေ့ရက်မှ ရက်ပေါင်း ၆၀ ထက် မပိုစေရ။

(ည) ဦးစီးဌာနသည် လျှောက်ထားချက်ကို ခွင့်ပြုပါက သက်ဆိုင်ရာလိုင်စင်ကို ထုတ်ပေးရမည်။ လျှောက်ထားချက်ကို ငြင်းပယ်ခဲ့ပါက ကျိုးကြောင်းခိုင်လုံသောအကြောင်းပြချက်ရှိရမည် ဖြစ်ပြီး ထို အကြောင်းပြချက်များကို လျှောက်ထားသူထံ စာဖြင့်အကြောင်းကြားရမည်။ ငြင်းပယ်ခံရသော လျှောက်ထားသူသည် ပြန်လည်လျှောက်ထားနိုင်သည်။ ထိုသို့ လျှောက်ထားရာတွင် လျှောက်လွှာကြေးကို ထပ်မံ ပေးဆောင်ရမည်။

(ဋ) အသုံးချဝန်ဆောင်မှုလုပ်ငန်းလိုင်စင် သို့မဟုတ် ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှု လုပ်ငန်း လိုင်စင် - သာမန်  (Class) ထုတ်ပေးမည့် အရေအတွက်ကို ကန့်သတ်မထားရ။

၉။ လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ အထူးလုပ်ငန်းစဉ်များ

(က) ဆက်သွယ်ရေးဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (ခ) နှင့် (ဃ) တို့အရ ပြည်ပမှ ပုဂ္ဂိုလ်က လျှောက်ထားချက်နှင့် အပြည်ပြည်ဆိုင်ရာ ပင်မဝင်ပေါက်ထွက်ပေါက်လုပ်ငန်း လုပ်ကိုင်ခွင့်လျှောက်ထားချက် တို့အတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီ ချက်ကို ရယူရမည်။

(ခ) ဦးစီးဌာနသည် လျှောက်ထားချက်များကို လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ အထူးလုပ်ငန်းစဉ် များ နှင့်အညီ ဦးစွာစိစစ်၍ ကျိုးကြောင်းခိုင်လုံသော အကြောင်းပြချက်အပေါ် အခြေခံကာ လိုင်စင် ထုတ်ပေးခြင်းကို ခွင့်ပြုရန် သို့မဟုတ် ငြင်းပယ်ရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြရမည်။

(ဂ) ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက်လိုအပ်သော လျှောက်ထားချက်များကို စိစစ်ရာတွင် နည်းဥပဒေ ၇ နှင့် ၈ ပါ လုပ်ငန်းစဉ်များအပြင် အောက်ပါစည်းကမ်း ချက်များနှင့် အညီဆောင်ရွက်ရမည် -

(၁) ကွန်ရက်အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်း - အထူး (Individual) သို့မဟုတ် ကွန်ရက်ဝန်ဆောင်မှု လုပ်ငန်းလိုင်စင်လျှောက်ထားချက်ကို ခွင့်ပြုခြင်း၊ ငြင်းပယ်ခြင်းအား ရက်ပေါင်း ၉၀ အတွင်း ဆောင်ရွက်ရမည်။ ရက်ပေါင်း ၉၀ ထက်ကျော်လွန်မည်ဟု ခန့်မှန်း ပါက ဦးစီးဌာနသည် ထိုသို့ကြန့်ကြာရသည့် အကြောင်းအရင်းအား လျှောက်ထားသူထံ စာဖြင့် အကြောင်းကြားရမည်ဖြစ်ပြီး အဆိုပါအကြောင်းကြားစာတွင် လျှောက်ထားချက် အား စိစစ်မှုပြီးစီးမည့် ခန့်မှန်းနေ့ရက်ကို ဖော်ပြရမည်။ ထိုနေ့ရက်သည် အကြောင်းကြား စာထုတ်သည့် နေ့ရက်မှ ရက်ပေါင်း ၉၀ ထက်မကျော်လွန်စေရ။

(၂) အသုံးချဝန်ဆောင်မှုလုပ်ငန်းလိုင်စင် သို့မဟုတ် ကွန်ရက်အထောက်အကူပြု ဝန်ဆောင် မှုလုပ်ငန်းလိုင်စင် - သာမန် (Class) လျှောက်ထားချက်အား ခွင့်ပြုခြင်း၊ ငြင်းပယ်ခြင်းကို ရက်ပေါင်း ၆၀ အတွင်းဆောင်ရွက်ရမည်။ ရက်ပေါင်း ၆၀ ထက်ကျော်လွန်မည်ဟု ခန့်မှန်း ပါက ဦးစီးဌာနသည် ထိုသို့ကြန့်ကြာရသည့်အ ကြောင်းအရင်းအား လျှောက်ထားသူထံ စာဖြင့်အကြောင်းကြားရမည်ဖြစ်ပြီး အဆိုပါအကြောင်းကြားစာတွင် လျှောက်ထားချက်အား စိစစ်မှုပြီးစီးမည့် ခန့်မှန်း နေ့ရက်ကို ဖော်ပြရမည်။ ထိုနေ့ရက်သည် အကြောင်းကြား စာ ထုတ်သည့် နေ့ရက်မှ ရက်ပေါင်း ၆၀ ထက် မကျော်လွန်စေရ။

(ဃ) လျှောက်ထားချက်များကို ပြည်ထောင်စုအစိုးရအဖွဲ့က သဘောတူခွင့်ပြုသည်နှင့် တစ်ပြိုင်နက် ဦးစီးဌာနသည် သက်ဆိုင်ရာလိုင်စင်ကို ထုတ်ပေးခြင်း သို့မဟုတ် လိုင်စင်ရရှိသူမှ ဖြည့်စွက်ဆောင်ရွက်မည့်  ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း အသစ်များအား ခွင့်ပြုပေးရန်အတွက် လိုင်စင်အား မွမ်းမံပြင်ဆင်ခြင်း (update) တို့ကို ဆောင်ရွက်ရမည်။

(င) လျှောက်ထားချက်များကို ပြည်ထောင်စုအစိုးရအဖွဲ့က ငြင်းပယ်ခဲ့ပါက ကျိုးကြောင်း ခိုင်လုံသော အကြောင်းပြချက်ရှိရမည်ဖြစ်ပြီး ဦးစီးဌာနသည် ထိုအကြောင်းပြချက်များကို လျှောက်ထားသူထံ စာဖြင့်အကြောင်းကြားရမည်။ ငြင်းပယ်ခံရသော လျှောက်ထားသူ သည် ပြန်လည်လျှောက်ထားနိုင်သည်။ ထိုသို့ လျှောက်ထားရာတွင် လျှောက်လွှာကြေးကို ထပ်မံပေးဆောင်ရမည်။

၁၀။ ဆက်သွယ်ရေးပစ္စည်းများဖြင့် လုပ်ငန်းဆောင်ရွက်ခြင်း။ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်အရ လုပ်ငန်းဆောင်ရွက်မည့် ကွန်ရက်အထောက်အကူပြုပစ္စည်းနှင့် ဆက်သွယ်ရေးပစ္စည်းများသည် ဆက်သွယ်ရေးဥပဒေ အခန်း ၈ ပါ နည်းပညာဆိုင်ရာ စံချိန် စံညွှန်းများနှင့် ကိုက်ညီရမည်။

၁၁။ လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေများကို ပြင်ဆင်ခြင်း။ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၈၈ အရ ဝန်ကြီးဌာနနှင့် ဦးစီးဌာနသည် ဆက်သွယ်ရေးဥပဒေနှင့် သက်ဆိုင်ရာ စည်းမျဉ်း စည်းကမ်းမူဘောင်များတွင် ဖော်ပြထားသည့် ရည်ရွယ်ချက်များအောင်မြင်စေရန်အတွက် လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေများကို ပြင်ဆင်ခွင့်ရှိသည်။ ထိုသို့ပြင်ဆင်ရာတွင် အများ ပြည်သူ သဘောထားတောင်းခံခြင်း ပြုလုပ်ပြီးမှသာ ဆောင်ရွက်ရမည်။

အခန်း (၃)
ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်များအရ လုပ်ကိုင်ခွင့်ရှိသောလုပ်ငန်းများ

၁၂။ ကွန်ရက်အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းလိုင်စင် - အထူး (Individual)

(က) ကွန်ရက်အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းလိုင်စင် - အထူး (Individual) အရ လုပ်ကိုင်ခွင့် ရှိသောလုပ်ငန်းများကို ဆောင်ရွက်လိုသော ပုဂ္ဂိုလ်များသည် နည်းဥပဒေ ၇ နှင့် ၉ တို့အရ လိုင်စင် လျှောက်ထားရမည်။

(ခ) ကွန်ရက်အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းလိုင်စင် - အထူး (Individual) ရရှိသူ သည် အောက်ပါတို့ကို လုပ်ကိုင်ခွင့်ရှိသည် -

(၁) ကွန်ရက်အထောက်အကူပြုပစ္စည်းများကို တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်း၊ လုပ်ငန်း ဆောင်ရွက်ခြင်း၊

(၂) အသုံးချဝန်ဆောင်မှုလုပ်ငန်းလိုင်စင် သို့မဟုတ် ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်း လိုင်စင် ရရှိသူအား လိုင်စင်ရရှိသူ၏ ကွန်ရက်ပမာဏ (network capacity) အားလုံး သို့မဟုတ် အစိတ်အပိုင်းကို ငှားရမ်းခြင်း၊

(၃) ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် သို့မဟုတ် အသုံးချဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ရရှိထားသည့် လိုင်စင်ရရှိသော အခြားသူတစ်ဦး သို့မဟုတ် အများပြည်သူသို့ ပြည်တွင်း၌ ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ အများပြည်သူဆိုင်ရာ သို့မဟုတ် ပုဂ္ဂလိက ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများကို ဖြည့်ဆည်း ပေးခြင်း။

(ဂ) ကွန်ရက်အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းလိုင်စင် - အထူး (Individual) အရ လုပ်ကိုင်ခွင့်ရှိသော လုပ်ငန်းများတွင် အောက်ပါတို့ကို တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်း၊ ၎င်းတို့ကို အသုံးပြု၍ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် ဖြည့်ဆည်းပေးခြင်း တို့လည်းပါဝင် သည် -

(၁) မြေပြင်အခြေစိုက်လိုင်းထုတ်လွှင့်မှု (terrestrial fixed line transmission) အထောက် အကူပြုပစ္စည်းများ၊

(၂) မြေပြင်အခြေစိုက်ရေဒီယိုထုတ်လွှင့်မှု (terrestrial radio transmission) အထောက် အကူပြုပစ္စည်းများ၊

(၃) မိုဘိုင်းအခြေစိုက်စခန်း အထောက်အကူပြုပစ္စည်းများ၊

(၄) ရေအောက်ကေဘယ်လ်  (cable)  အထောက်အကူပြုပစ္စည်းများ၊

(၅) အပြည်ပြည်ဆိုင်ရာ ပင်မဝင်ပေါက်ထွက်ပေါက်လုပ်ငန်း အထောက်အကူပြု ပစ္စည်းများ၊

(၆) ဂြိုဟ်တုမြေပြင်စခန်း အထောက်အကူပြုပစ္စည်းများ၊

(၇) ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများအတွက် ထုတ်လွှင့်နိုင်စွမ်းကို ထောက်ပံ့ ပေးသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း တည်ရှိသည့် ဂြိုဟ်တု အထောက်အကူပြု အခြားပစ္စည်းများ၊

(ဃ) ကွန်ရက်အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းလိုင်စင် - အထူး (Individual) သည် နည်းပညာအရသော်လည်းကောင်း၊ ဝန်ဆောင်မှုအရသော်လည်းကောင်း ကန့်သတ်ချက် မရှိပါ။ (technology and service – neutral)

၁၃။ ကွန်ရက်အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းလိုင်စင် - သာမန် (Class)

(က) ကွန်ရက်အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းလိုင်စင် - သာမန် (Class) အရ လုပ်ကိုင်ခွင့်ရှိသော လုပ်ငန်းများကို ဆောင်ရွက်လိုသော ပုဂ္ဂိုလ်များသည် နည်းဥပဒေ ၈ နှင့် ၉ တို့အရ လိုင်စင် လျှောက်ထားရမည်။

(ခ) ကွန်ရက်အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းလိုင်စင် - သာမန် (Class) ရရှိသူသည် အောက်ပါ တို့ကို လုပ်ကိုင်ခွင့်ရှိသည် -

(၁) ဆက်သွယ်ရေးကွန်ရက် အခြေခံအဆောက်အအုံကို တည်ဆောက်ခြင်း (passive Telecommunications Network Infrastructure)၊ အသုံးပြုခြင်း၊ ထိန်းသိမ်းခြင်းနှင့် ယင်းအခြေခံအဆောက်အအုံကို ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် - အထူး (Individual) ရရှိသူအား ငှားရမ်းခြင်းတို့ကို ဆောင်ရွက်ခွင့်ရှိသည်။ ကွန်ရက် အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းလိုင်စင် - သာမန် (Class) ရရှိသူသည် အဆိုပါငှားရမ်းခြင်းများအား အဖွဲ့အစည်းများသို့ မျှဝေသုံးစွဲသည့် စနစ်ဖြင့်ဖြစ်စေ၊ အခြား အဖွဲ့အစည်းတစ်ခုသို့ဖြစ်စေ၊ လိုင်စင်ရ ရှိသူမဟုတ်သည့် တတိယပုဂ္ဂိုလ်သို့ဖြစ်စေ တည်ဆဲ ဥပဒေနှင့် နည်းဥပဒေများအရ ခွင့်ပြုထားပါက ငှားရမ်းနိုင်သည်။

(၂) မိမိကွန်ရက်အတွင်း ဆက်သွယ်မှုအတွက်သာ ဆက်သွယ်ရေးကွန်ရက်များကို တည်ဆောက်ခြင်း၊ အသုံးပြုခြင်း၊ ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်နိုင်သည်။ သို့ရာတွင် ယင်းဆက်သွယ်ရေးကွန်ရက်များကို အသုံးပြု၍ ဆက်သွယ်ရေ းဝန်ဆောင်မှုလုပ်ငန်းများအား အခြားသူများသို့ ရောင်းချခြင်း သို့မဟုတ် ငှားရမ်းခြင်းမပြုရ။

(ဂ) ကွန်ရက်အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းလိုင်စင် - သာမန် (Class) ရရှိသူသည် ကွန်ရက် အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းလိုင်စင် - အထူး (Individual) ရရှိ သူများအတွက် ဆက်သွယ်ရေးဆိုင်ရာအခြေခံအဆောက်အအုံများ ပံ့ပိုးနိုင်ရန်အလို့ငှာ မြို့ပြအင်ဂျင်နီယာလုပ်ငန်းနှင့် အခြား ဆက်သွယ်ရေးစက်ပစ္စည်းများ တပ်ဆင်ခြင်း အပါအဝင် အောက်ဖော်ပြပါ ဆက်သွယ်ရေးကွန်ရက် အခြေခံ အဆောက်အအုံ  (passive Telecommunications Network Infrastructure) များတည်ဆောက်ခြင်း ကိုလည်း ဆောင်ရွက်နိုင်သည် -

(၁) တာဝါများ၊

(၂) ဆက်သွယ်ရေးအချက်ပြမှုများ၊ ထုတ်လွှင့်ဖမ်းယူမှုများအတွက် အသုံးပြုသည့်တိုင်များ  (masts)၊

(၃) ပိုက်လုံးများ၊

(၄) ကျင်းများ၊

(၅) တိုင်များ  (Poles)၊

(၆) ဒါ့ခ်ဖိုင်ဘာကြိုးများ  (dark fibre)၊

(၇) ကွန်ရက်အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းလိုင်စင် - သာမန် (Class) ရရှိသူသည် နည်းဥပဒေခွဲ (ဃ) တွင် ဖော်ပြထားချက်နှင့်အညီ သတင်းအချက် အလက်များ ထုတ်လွှင့်ရန်၊ ပေးပို့ရန်အတွက် တပ်ဆင်ထားသော ရေဒီယိုစက် ပစ္စည်းကိရိယာများ (ယင်းလိုင်စင် ရရှိသူသည် မိမိ၏ ကွန်ရက်အတွင်း ဆက်သွယ်မှုအတွက်မှလွဲ၍ အခြားသူများသို့ ဝန်ဆောင် မှုပေးရန် အသုံးမပြုရ)။

(ဃ) မိမိကွန်ရက်အတွင်း ဆက်သွယ်မှုအတွက်သာ အသုံးပြုသော ဆက်သွယ်ရေးကွန်ရက် များကို အသုံးပြုခြင်း၊ ထိန်းသိမ်းခြင်းနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများကို ကိုယ်တိုင်အတွက် ဖြည့်ဆည်းဆောင်ရွက်ခြင်းနှင့် ဆက်နွှယ်နေသည့်ကိစ္စများကိုသာ ဆောင်ရွက်ရန် ကွန်ရက်အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းလိုင်စင် - သာမန် (Class) အရ ကန့်သတ်ထားသည်။

(င) ကွန်ရက်အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းလိုင်စင် - သာမန် (Class) သည် ကွန်ရက်အထောက်အကူပြုပစ္စည်းနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများကို မိမိကွန်ရက်အတွင်း ဆက်သွယ်မှု သို့မဟုတ် အဖွဲ့အစည်းအတွင်း ဆက်သွယ်မှုများ အတွက်သာခွင့်ပြုပြီး အခြားမည်သည့်ကွန်ရက် နှင့်မျှ အပြန်အလှန်ချိတ်ဆက်ခွင့် မရှိစေရ။

(စ) ဝန်ကြီးဌာနသည် ကွန်ရက်အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းလိုင်စင် - သာမန် (Class) တွင် ယင်းလိုင်စင်နှင့်ဆိုင်သည့် အခြားသော ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းအမျိုးအစားများကို အများပြည်သူသဘောထားတောင်းခံခြင်း ပြုလုပ်ပြီးမှသာ ထည့်သွင်းနိုင်သည်။

(ဆ) ကွန်ရက်အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းလိုင်စင် - သာမန် (Class) သည် နည်းပညာအရ ကန့်သတ်ချက်မရှိပါ (technology – neutral) ။


၁၄။ ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်

(က) ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်အရ လုပ်ကိုင်ခွင့်ရှိသော လုပ်ငန်းများကို ဆောင်ရွက် လိုသော ပုဂ္ဂိုလ်များသည် နည်းဥပဒေ ၇ နှင့် ၉ တို့အရ လိုင်စင်လျှောက်ထားရမည်။

(ခ) ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရရှိသူသည် အမှန်တကယ်သုံးစွဲသူ သို့မဟုတ် လိုင်စင်ရရှိသော အခြားသူတစ်ဦးသို့ ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ အများပြည်သူ ဆိုင်ရာ သို့မဟုတ် ပုဂ္ဂလိက ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများကို ဖြည့်ဆည်း ပေးနိုင်ရန် အလို့ငှာ ကွန်ရက်အထောက်အကူ ပြုဝန်ဆောင်မှုလုပ်ငန်းလိုင်စင် - အထူး (Individual) ရရှိသူတစ်ဦး သို့မဟုတ် လိုင်စင်ရရှိသော အခြားသူတစ်ဦးထံမှ ထုတ်လွှင့်မှုပမာဏ (transmission capacity) ကို တိုက်ရိုက် ငှားရမ်းခွင့်ရှိသည်။

(ဂ) ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရရှိသူသည် ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်နှင့် အသုံးချ ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်တို့အရ လုပ်ကိုင်ခွင့်ရှိသော ဝန်ဆောင်မှုလုပ်ငန်း အားလုံးကို လုပ်ကိုင်ခွင့် ရှိသည်။

(ဃ) ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရရှိသူသည် ယင်းလိုင်စင်အရ လုပ်ကိုင်ခွင့်ရှိသော ဝန်ဆောင်မှုများအား ဖြည့်ဆည်းပေးရန် လိုအပ်သည့် ဆွစ်ချ်ခလုတ်များ၊ ရောက်တာ (Router)များနှင့် လုပ်ငန်းသုံးပစ္စည်းများမှအပ ဆက်သွယ်ရေးကွန်ရက် အထောက် အကူပြုပစ္စည်းများကို ဆောက်လုပ်ခွင့်၊ ထိန်းသိမ်းခွင့်နှင့် လုပ်ငန်းဆောင်ရွက်ခွင့်မရှိပါ။

(င) ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်အရ လုပ်ကိုင်ခွင့်ရှိသော လုပ်ငန်းအမျိုးအစားများ တွင် ယေဘုယျအားဖြင့် အပြည်ပြည်ဆိုင်ရာထုတ်လွှင့်မှုပမာဏကို ငှားရမ်းရန် လိုအပ်သော ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ သို့မဟုတ် ဆက်သွယ်ရေးနံပါတ် ဆိုင်ရာနည်းဥပဒေများနှင့်အညီ နံပါတ်များကို ရယူသုံးစွဲရန် လိုအပ်သော ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ ပါဝင်သည်။

(စ) ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရရှိသူသည် ရှားပါးလှိုင်းနှုန်းစဉ် အရင်းအမြစ် အသုံးပြုရန် လိုအပ်သော လုပ်ငန်းများကို ဆောင်ရွက်ခွင့်မရှိစေရ။

(ဆ) ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်အရ လုပ်ကိုင်ခွင့်ရှိသောလုပ်ငန်းများတွင် အောက်ပါ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများကို ဖြည့်ဆည်းပေးခြင်းတို့လည်း ပါဝင်သည် -

(၁) ဝါယာလိုင်းချိတ်ဆက်မှုပြန်လည်ရောင်းချခြင်း (resale) ဝန်ဆောင်မှုများ၊

(၂) မြေပြင်ကြိုးမဲ့ချိတ်ဆက်မှု ပြန်လည်ရောင်းချခြင်း (resale) ဝန်ဆောင်မှုများ၊

(၃) အပြည်ပြည်ဆိုင်ရာနှင့် ပြည်တွင်းကွန်ရက်သယ်ယူပို့ဆောင်ရေး (transport) နှင့် ဆွီချင် (switching)  ဝန်ဆောင်မှုများ၊

(၄) အပြည်ပြည်ဆိုင်ရာ ပင်မဝင်ပေါက်ထွက်ပေါက်လုပ်ငန်း ပြန်လည်ရောင်းချခြင်း ဝန်ဆောင်မှုများ။

(ဇ) ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်သည် နည်းပညာနှင့်ဝန်ဆောင်မှုတွင် ကန့်သတ်ချက် မရှိပါ  (technology – and service – neutral)။

၁၅။ အသုံးချဝန်ဆောင်မှုလုပ်ငန်းလိုင်စင်

(က) အသုံးချဝန်ဆောင်မှုလုပ်ငန်းလိုင်စင်လုပ်ကိုင်လိုသော ပုဂ္ဂိုလ်များသည် နည်းဥပဒေ ၈ နှင့် ၉ တို့အရ လိုင်စင်လျှောက်ထားရမည်။

(ခ) အသုံးချဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရရှိသူသည် အမှန်တကယ်သုံးစွဲသူ သို့မဟုတ် လိုင်စင်ရရှိ သော အခြားသူတစ်ဦးသို့ ပြည်တွင်း၌ အများပြည်သူဆိုင်ရာ သို့မဟုတ် ပုဂ္ဂလိက ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများကို ဖြည့်ဆည်းပေးနိုင်ရန်အလို့ငှာ ကွန်ရက်အထောက်အကူပြုဝန် ဆောင်မှုလုပ်ငန်းလိုင်စင် - အထူး (Individual) ရရှိသူတစ်ဦး သို့မဟုတ် ကွန်ရက်ဝန် ဆောင်မှုလုပ်ငန်း လိုင်စင်ရရှိသူတစ်ဦးထံမှ ထုတ်လွှင့်မှုပမာဏ    ( transmission capacity) ကို တိုက်ရိုက် ငှားရမ်းခွင့်ရှိသည်။

(ဂ) အသုံးချဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရရှိသူသည် ယင်းလိုင်စင်အရ လုပ်ကိုင်ခွင့်ရှိသော ဝန် ဆောင်မှုများကိုသာ ဆောင်ရွက်နိုင်သည်။

(ဃ) အသုံးချဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရရှိသူသည် ယင်းလိုင်စင်အရ လုပ်ကိုင်ခွင့်ရှိသည့် ဝန် ဆောင်မှုများအား ဖြည့်ဆည်းပေးရန်လိုအပ်သည့် ဆွစ် (ချ်) များ၊ ရောက်တာ (Router) များနှင့် လုပ်ငန်းသုံးပစ္စည်းများမှအပ ဆက်သွယ်ရေးကွန်ရက် အထောက်အကူပြု ပစ္စည်းများနှင့် အခြေခံအဆောက်အအုံများကို တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ခြင်း သို့မဟုတ် ပြည်ပ၌ ဆက်သွယ်ရေးဝန်ဆောင်မှု ပေးခြင်း သို့မဟုတ် တယ်လီဖုန်းနံပါတ်များ သို့မဟုတ် ရှားပါးသော လှိုင်းနှုန်းစဉ်အရင်း အမြစ်လိုအပ်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများကို ဖြည့်ဆည်းပေးခြင်း စသည်တို့ကို ဆောင်ရွက်ခွင့်မရှိပါ။

(င) အသုံးချဝန်ဆောင်မှုလုပ်ငန်းလိုင်စင်အရ လုပ်ကိုင်ခွင့်ရှိသောလုပ်ငန်းများတွင် အောက်ပါ ဆက် သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများလည်း ပါဝင်သည် -

(၁) အများပြည်သူ အခပေးတယ်လီဖုန်းဝန်ဆောင်မှု (public payphone services)၊

(၂) အများပြည်သူ ဆွစ်(ချ်) ဒေတာ (Switched Data) ဝန်ဆောင်မှု၊

(၃) ရွေးချယ်မှုကို အခြေခံဖြည့်ဆည်းသော (Audiotext Hosting) ဝန်ဆောင်မှု၊

(၄) တယ်လီဖုန်းလမ်းညွှန်စာအုပ်ဝန်ဆောင်မှု၊

(၅) အင်တာနက်ဝန်ဆောင်မှုပေးသူ၏ ဝန်ဆောင်မှု၊

(၆) အများပြည်သူသုံး အင်တာနက် (PAC) ဝန်ဆောင်မှု၊

(၇) သတင်းပေးပို့မှု ဝန်ဆောင်မှု (messaging services)၊

(၈) ပုဂ္ဂလိကကြိုးဖုန်းအသံ သို့မဟုတ် ဒေတာ  (Vocie / Data) ဝန်ဆောင်မှု၊

(၉) ထပ်ဆောင်း (Value-added)  ဝန်ဆောင်မှု၊

(စ) အသုံးချဝန်ဆောင်မှုလုပ်ငန်းလိုင်စင်သည် နည်းပညာနှင့် ဝန်ဆောင်မှုတွင် ကန့်သတ်ချက် မရှိပါ (technology – and service – neutral)။

အခန်း (၄)
ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရရှိသူများ၏ ယေဘုယျအခွင့်အရေးနှင့် တာဝန်များ

၁၆။ လိုင်စင်သက်တမ်း ။ ဤနည်းဥပဒေများအရ ထုတ်ပေးသော ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်များ အားလုံး၏ လိုင်စင်သက်တမ်းအား အနည်းဆုံး ငါးနှစ်မှ အများဆုံး အနှစ် ၂၀ အထိ သတ်မှတ်နိုင်သည်။

၁၇။ ဝန်ဆောင်မှုလုပ်ငန်းအသစ်များဖြည့်စွက်ဆောင်ရွက်ခြင်း။ နည်းဥပဒေ ၃ အရ လုပ်ငန်းလိုင်စင် ရရှိသူမည်သူမဆို ယင်း၏လက်ရှိလိုင်စင်အမျိုးအစားအရ လုပ်ကိုင်ခွင့်ရှိသော ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းအသစ်ကို ဖြည့်စွက်ဆောင်ရွက်ပေးလိုပါက ဦးစီးဌာနသို့ လျှောက်ထားရ မည်-

(က) လျှောက်လွှာတွင် ဖြည့်စွက်ဆောင်ရွက်ပေးလိုသည့် ဝန်ဆောင်မှုလုပ်ငန်းအသစ်များကို ဖော်ပြ ရမည်ဖြစ်ပြီး ယင်းလုပ်ငန်းနှင့် ဆက်နွှယ်သော စည်းကမ်းချက်များနှင့် တာဝန်များကို လိုင်စင် ရရှိသူက ဖြည့်ဆည်းပေးနိုင်ကြောင်း ဖော်ပြရမည်။

(ခ) လိုင်စင်ရရှိသူသည် အပြည်ပြည်ဆိုင်ရာ ပင်မဝင်ပေါက်ထွက်ပေါက်လုပ်ငန်းများမှအပ လက်ရှိ လိုင်စင်အရ လုပ်ကိုင်ခွင့်ရှိသည့် လုပ်ငန်းအသစ်များကို လျှောက်ထားပြီးသည်နှင့် စတင်ဆောင် ရွက် နိုင်သည်။ ဦးစီးဌာနသည် ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် လျှောက်ထားမှုကို ငြင်းပယ်ပါက ရက်ပေါင်း ၃၀ အတွင်းလိုင်စင်ရရှိသူထံစာဖြင့် အကြောင်းကြားရမည်။

(ဂ) ကွန်ရက်အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းလိုင်စင် - အထူး (Individual) ရရှိသူသည် အပြည်ပြည်ဆိုင်ရာ ပင်မဝင်ပေါက်ထွက်ပေါက်လုပ်ငန်းဆိုင်ရာ အထောက် အကူပြုပစ္စည်းများပါဝင်လာမည့် လုပ်ငန်းများကို ဖြည့်စွက်ဆောင်ရွက်လိုပါက နည်းဥပဒေ ၉ နှင့် အညီ ဦးစီးဌာနသို့ လျှောက်ထားရမည်။

(ဃ) လိုင်စင်ရရှိသူသည် လျှောက်ထားသည့်အချိန်တွင် သက်ဆိုင်ရာအခကြေးငွေကို ပေးဆောင်ရမည်။

(င) ဦးစီးဌာနသည် ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် လျှောက်ထားချက်ကို ငြင်းပယ်ခဲ့ပါ က ငြင်းပယ်မှုသည် ခွဲခြားမှုမရှိဘဲ ကျိုးကြောင်းခိုင်လုံရမည်။ ဦးစီးဌာနသည် ငြင်းပယ်ရ သည့် အကြောင်းပြချက်ကို လိုင်စင်ရရှိသူသို့ အကြောင်းကြားရမည်ဖြစ်ပြီး ပြန်လည် လျှောက်ထား နိုင်သည့် အခွင့်အရေးပေးရမည်။

(စ) လိုင်စင်ရရှိသူသည် ဦးစီးဌာနမှ ငြင်းပယ်ကြောင်း အကြောင်းကြားစာရရှိပြီး ရက်ပေါင်း ၃၀ အတွင်း လုပ်ငန်းအသစ်များကို ရပ်စဲရမည်ဖြစ်သော်လည်း နည်းဥပဒေ ၄၂ အရ အယူခံနိုင် သည်။

၁၈။ လိုင်စင်သက်တမ်းတိုးမြှင့်ခြင်း။ ဆက်သွယ်ရေးဥပဒေပုဒ်မ ၈ နှင့် ၁၂ အရ လိုင်စင်ရရှိသူသည် လိုင်စင်သက်တမ်းတိုးမြှင့်ပေးရန် ဦးစီးဌာနသို့ လျှောက်ထားနိုင်သည်။ သက်တမ်းတိုးမြှင့်ပေးရန် လျှောက်ထားရာတွင် -

(က) လိုင်စင်သက်တမ်းမကုန်ဆုံးမီ ၂၄ လ ထက်မစော၊ ၁၂ လထက်နောက်မကျဘဲ လျှောက် ထားရမည်။

(ခ) လျှောက်ထားချက်ကို လက်ခံရရှိသည့်အခါ လိုင်စင်ရရှိသူသည် အောက်ပါတို့ကို အများအားဖြင့် လိုက်နာခဲ့ပါက ဦးစီးဌာနှင့် လိုင်စင်ရရှိသူတို့အကြား အခြားနည်းဖြင့် သဘောတူညီထားခဲ့ခြင်းမရှိခဲ့လျှင် ဦးစီးဌာနသည် ကနဦးလိုင်စင်ပါ စည်းကမ်းချက်များ နှင့်တူညီသော သို့မဟုတ် များပြားစွာကွဲလွဲမှုမရှိသော စည်းကမ်းချက်များဖြင့် ကနဦး လိုင်စင်သက်တမ်းအတိုင်း တိုးမြှင့်ပေးရမည် -

(၁) ဆက်သွယ်ရေးဥပဒေ၊

(၂) သက်ဆိုင်ရာစည်းမျဉ်းစည်းကမ်းမူဘောင်နှင့် ဦးစီးဌာနမှချမှတ်သည့် ဆုံးဖြတ် ချက်များ၊

(၃) လိုင်စင်တွင် ပါရှိသော စည်းကမ်းချက်များနှင့် တာဝန်များ။

(ဂ) လိုင်စင်ရရှိသူသည် သက်တမ်းတိုးမြှင့်ပေးထားသည့် လိုင်စင်များအား ထပ်မံသက်တမ်း တိုးမြှင့် ပေးရန် လျှောက်ထားနိုင်သည်။

၁၉။ လိုင်စင်သက်တမ်းတိုးမြှင့်ရန် ငြင်းပယ်ခြင်း။ ဦးစီးဌာနသည် လိုင်စင်သက်တမ်းတိုးမြှင့်ပေးရန် လျှောက်ထားချက်ကို ဝန်ကြီးဌာန၏ ခွင့်ပြုချက်အရ ငြင်းပယ်ပါက လိုင်စင်ရရှိသူထံ စာဖြင့် အကြောင်းကြားရမည်။ ထိုသို့အကြောင်းကြားရာတွင် -

(က) အောက်ပါတို့ကို အခြေခံသည့် ငြင်းပယ်ရခြင်း အကြောင်းပြချက်ကို ဖော်ပြရမည် -

(၁) ဆက်သွယ်ရေးဥပဒေတွင် ပြဋ္ဌာန်းထားသော လိုင်စင်ရရှိသူ၏ တာဝန်များကို လိုက်နာ ရန် ပျက်ကွက်ခြင်း၊

(၂) ဆက်သွယ်ရေးဥပဒေအခန်း ၁၁ ပါ ပြိုင်ဆိုင်မှုကို ဆန့်ကျင်သည့် လုပ်ဆောင်ချက် များ အားတားမြစ်ခြင်းနှင့် သက်ဆိုင်သည့် ဦးစီးဌာန၏ ညွှန်ကြားချက်များ၊

(၃) ဆက်သွယ်ရေးဥပဒေအခန်း ၁၄ ပါ အငြင်းပွားမှုများကို ဖြေရှင်းခြင်းနှင့် စပ်လျဉ်း၍ အောက်ပါတို့နှင့် သက်ဆိုင်သော ဦးစီးဌာန၏ စေ့စပ်ညှိနှိုင်းဆုံးဖြတ်ပေးချက်များ -

(ကက)ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ခြင်းနှင့် ကွန်ရက် အထောက်အကူပြု ပစ္စည်းများ ဖြည့်ဆည်းခြင်း၊

(ခခ) ချိတ်ဆက်အသုံးပြုခြင်းနှင့် အပြန်အလှန်ဆက်သွယ်ခြင်း။

(၄) ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၅၈ ၊ အခန်း ၁၆ နှင့် ၁၇ တို့အရ ဦးစီးဌာနက ချမှတ်သော အမိန့်တစ်ရပ်ရပ်အပေါ် အယူခံဝင်ပြီးနောက် ဝန်ကြီးဌာနမှ ချမှတ်သည့်ဆုံးဖြတ်ချက် များ၊

(၅) လိုင်စင်ပါ စည်းကမ်းချက်များနှင့် တာဝန်များ၊

(ခ) လိုင်စင်ရရှိသူက လိုက်နာရန်ပျက်ကွက်သည်ဟု သတ်မှတ်သည့်ကိစ္စတစ်ရပ်ရပ်အတွက် ပြန်လည်ပြင်ဆင်ရန်နှင့် သက်တမ်းတိုးမြှင့်ခြင်းကို ပြန်လည်လျှောက်ထားရန် ဦးစီးဌာန သည် လိုင် စင် ရရှိသူအား ထိုက်သင့်သော အခွင့်အရေးပေးရမည်။

(ဂ) သက်တမ်းတိုးမြှင့်လိုကြောင်း လျှောက်ထားချက်ကို လက်ခံရရှိပြီး ခြောက်လအတွင်း ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် လိုင်စင်သက်တမ်းတိုးမြှင့်ပေးရမည်။

(ဃ) ဦးစီးဌာနသည် နည်းဥပဒေ ၃၉ နှင့် ၄၀ တို့နှင့်အညီ ဆောင်ရွက်ပြီးမှသာ လိုင်စင် သက်တမ်း တိုး မြှင့်ပေးရန် လျှောက်ထားချက်ကို ငြင်းပယ်ရမည်။

၂၀။ လိုင်စင်လွှဲပြောင်းပေးအပ်ခြင်း

(က) လုပ်ငန်းလိုင်စင်တစ်ခု၏ လွှမ်းမိုးပိုင်ခွင့် (Controlling Interest) ရှိသူအပြောင်းအလဲ ဖြစ်ပေါ်နိုင်မည့် လွှမ်းမိုးပိုင်ခွင့်၊ အခွင့်အရေး၊ အကျိုးခံစားခွင့်၊ ခံစားပိုင်ခွင့်တစ်ခုခု သို့မဟုတ် တာဝန်များကို အခြားပုဂ္ဂိုလ်တစ်ဦးဦးထံ လွှဲပြောင်းပေးအပ်ခြင်းမပြုမီ အဆိုပါလုပ်ငန်းစဉ်သည် ဆက်သွယ်ရေးကဏ္ဍ၏ ပြိုင်ဆိုင်မှုဆိုင်ရာနည်းဥပဒေများအရ ကြိုတင်ပြုလုပ်ထားသော လုပ် ငန်းစဉ် (Pro forma transaction) မဟုတ်ခဲ့ပါက လိုင်စင် ရရှိသူသည် ဦးစီးဌာန၏ ကြိုတင်ခွင့်ပြုချက်ရယူရမည်။

(ခ) ဦးစီးဌာနသည် လိုင်စင်လွှဲပြောင်းပေးအပ်ခြင်းနှင့်စပ်လျဉ်းသည့် ခွင့်ပြုချက်ကို ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ဆိုင်းငံ့ထားခြင်း သို့မဟုတ် နှောင့်နှေးခြင်းမရှိစေရ။ လိုင်စင် လွှဲပြောင်းပေးအပ်ခြင်းအတွက် ဦးစီးဌာနမှ သတ်မှတ်ထားသည့် အချိန်ကာလသည် ဆက်သွယ်ရေးကဏ္ဍ၏ပြိုင်ဆိုင်မှုဆိုင်ရာနည်းဥပဒေများတွင် ဖော်ပြထားသည့် အချိန် ကာလအတိုင်း ဖြစ်သည်။

(ဂ) လိုင်စင်လွှဲပြောင်းပေးအပ်ခြင်းအား ဆက်သွယ်ရေးကဏ္ဍ၏ ပြိုင်ဆိုင်မှုဆိုင်ရာနည်းဥပဒေ များနှင့်အညီ ဦးစီးဌာနမှ စိစစ်ပြီးခွင့်ပြုမှသာ ဆောင်ရွက်ရမည်။

၂၁။ လိုင်စင်ကို ပြင်ဆင်ပြောင်းလဲခြင်း

(က) ဦးစီးဌာနသည် လိုင်စင်တစ်ခုကို အောက်ပါအခြေအနေတွင် ပြင်ဆင်ပြောင်းလဲနိုင်သည် -

(၁) လိုင်စင်ရရှိသူ၏ တောင်းဆိုချက် သို့မဟုတ် သဘောတူညီချက်၊

(၂) လိုင်စင်ရရှိသူအား အကြောင်းကြားစာပေးပို့ခြင်းနှင့် အများပြည်သူသဘောထား တောင်းခံခြင်းတို့ပြုလုပ်ပြီးနောက် အခါအားလျော်စွာ ပြင်ဆင်ထားသည့် သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းနှင့်စည်းကမ်းများ၊ အမိန့် ကြော်ငြာစာများ၊ ဦးစီးဌာနက ထုတ်ပြန်သည့် အမိန့်နှင့် ညွှန်ကြားချက်များနှင့် ညီညွတ်မှုရှိစေရန်၊

(၃) လိုင်စင်ရရှိသူအား အကြောင်းကြားစာပေးပို့ခြင်းနှင့် အများပြည်သူသဘောထား တောင်းခံခြင်းတို့ ပြုလုပ်ပြီးနောက် သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်း ကမ်းများ၊ ဝန်ကြီးဌာနကထုတ်ပြန်သည့် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ် ထုံးလုပ်နည်းများ၊ ဦးစီးဌာနကထုတ်ပြန်သည့် အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ အများ ပြည်သူ၏ အကျိုးစီးပွားအတွက် ယင်းသို့ပြင်ဆင်ပြောင်းလဲရန် လိုအပ်သည်ဟု ဦးစီး ဌာနကဆုံးဖြတ်လျှင်၊

(၄) လိုင်စင်ရရှိသူသည် နည်းဥပဒေ ၄၁ အရ အရေးယူခံရပြီးနောက် သက်ဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းနှင့်စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ များနှင့် ဦးစီးဌာနက ထုတ်ပြန်သည့် အမိန့်နှင့် ညွှန်ကြားချက်များ သို့မဟုတ် သက်ဆိုင်ရာလိုင်စင်ပါ စည်းကမ်းချက်များနှင့် တာဝန်များကို လိုက်နာရန် ပျက်ကွက်သည်ဟု ဦးစီးဌာနက ဆုံးဖြတ်လျှင် သို့မဟုတ် အဆိုပါလိုင်စင်အား ပြင်ဆင်ပြောင်းလဲခြင်းသည် နောင်တွင် ဥပဒေ ၊ နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်နှင့်ညွှန် ကြားချက်များကို လိုက်နာရန် ပျက်ကွက်မှုအား တားဆီးပေးနိုင်သည်ဟု ဦးစီးဌာနက ဆုံးဖြတ်လျှင်။

(ခ) လိုင်စင်ရရှိသူသည် မည်သည့်လိုင်စင် ပြင်ဆင်ပြောင်းလဲခြင်းကိုမဆို နည်းဥပဒေ ၄၂ အရ အယူခံနိုင်သည်။

၂၂။ လိုင်စင်ကိုကာလ အကန့်အသတ်ဖြင့်ရပ်ဆိုင်းခြင်းနှင့် ပယ်ဖျက်ခြင်း။ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၅၇ နှင့် အခြားသက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းနှင့်စည်း ကမ်းများအရ လိုင်စင်ရရှိသူအနေဖြင့် အောက်ပါတို့အား လိုက်နာရန်ပျက်ကွက်သည်ဟု ဦးစီးဌာနက ဆုံးဖြတ် ပါက လိုင်စင်အရဆောင်ရွက်ခွင့်ရှိသည့် ဝန်ဆောင်မှုလုပ်ငန်းတစ်ခုခု သို့မဟုတ် အားလုံးကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းနိုင်သည် သို့မဟုတ် လိုင်စင်ကို ပယ်ဖျက်နိုင်သည် -

(က) ဆက်သွယ်ရေးဥပဒေတွင် ပြဋ္ဌာန်းထားသော လိုင်စင်ရရှိသူ၏ တာဝန်တစ်ရပ်ရပ်၊

(ခ) ပြိုင်ဆိုင်မှုကို ဆန့်ကျင်သည့် လုပ်ဆောင်ချက်များနှင့်စပ်လျဉ်း၍ ဆက်သွယ်ရေး ဥပဒေ အခန်း ၁၁ အရ ဦးစီးဌာနက ချမှတ်သော ညွှန်ကြားချက် တစ်ရပ်ရပ်၊

(ဂ) ဆက်သွယ်ရေးဥပဒေ အခန်း ၁၄ အရ အငြင်းပွားမှုများကို ဖြေရှင်းခြင်းဆိုင်ရာကိစ္စရပ်များ နှင့် စပ်လျဉ်း၍ ဦးစီးဌာနက ချမှတ်သော ဆုံးဖြတ်ချက်တစ်ရပ်ရပ်၊

(ဃ) လိုင်စင်ရရှိသူသည် ဆက်သွယ်ရေးဥပဒေ အခန်း ၁၇ အရ ဖွဲ့စည်းသည့် အယူခံခုံရုံးသို့ အယူခံရန် ငြင်းပယ်ခဲ့လျှင် ဦးစီးဌာနက ချမှတ်သော အမိန့်တစ်ရပ်ရပ်ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၅၈ အရ ဝန်ကြီးဌာနသို့ အယူခံပြီးနောက် ဝန်ကြီးဌာနကချမှတ်သည့် ဆုံးဖြတ်ချက်တစ်ရပ်ရပ်၊

(င) ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၂ အရ အယူခံရုံး၏ ဆုံးဖြတ်ချက်တစ်ရပ်ရပ်၊

(စ) လိုင်စင်တွင်ပါဝင်သော စည်းကမ်းချက် သို့မဟုတ် တာဝန်တစ်ရပ်ရပ်။

၂၃။ လိုင်စင်ပြန်လည်အပ်နှံခြင်း

(က) ကွန်ရက်အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းလိုင်စင် - အထူး (Individual) သို့မဟုတ်ကွန် ရက်ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရရှိထားသူသည် ဦးစီးဌာန၏ ကြိုတင် ခွင့်ပြုချက်ဖြင့် သက်ဆိုင်ရာ လိုင်စင်ကို ပြန်လည်အပ်နှံနိုင်သည် -

(၁) လိုင်စင်ရရှိထားသူသည် သက်ဆိုင်ရာလိုင်စင်ကို ပြန်လည်အပ်နှံရန် အဆိုပြုထားသည့် နေ့ရက်မတိုင်မီ အနည်းဆုံးရက်ပေါင်း ၁၈၀ ကြိုတင်၍ ဦးစီးဌာနသို့ လျှောက်ထားရမည်။

(၂) ဦးစီးဌာနသည် လိုင်စင်ပြန်လည်အပ်နှံခြင်းကိုခွင့်ပြုလျှင် လိုင်စင်ရရှိသူသည် မိမိ၏ အ မှန်တကယ် သုံးစွဲသူများကို ဦးစီးဌာနက သတ်မှတ်ပေးသော အခြားသင့်လျော်သည့် လိုင် စင်ရရှိသူများထံသို့ လွှဲပြောင်းပေးရန် ဆောင်ရွက်ရမည်။

(ခ) အသုံးချဝန်ဆောင်မှုလုပ်ငန်းလိုင်စင် သို့မဟုတ် ကွန်ရက်အထောက်အကူပြုဝန်ဆောင်မှု လုပ်ငန်းလိုင်စင် - သာမန် (Class) ရရှိထားသူသည် သက်ဆိုင်ရာလိုင်စင်ကို ပြန်လည်အပ်နှံရန် အဆိုပြုထားသည့်နေ့ရက်မတိုင်မီ အနည်းဆုံးရက်ပေါင်း ၉၀ ကြိုတင် ၍ဦးစီးဌာနသို့ လျှောက်ထားရမည်။ ဦးစီးဌာနက လိုင်စင်ပြန်လည်အပ်နှံခြင်းကို ခွင့်ပြုလျှင် လိုင်စင်ရရှိသူသည် မိမိအမှန် တကယ် သုံးစွဲသူများကို ဦးစီးဌာနက သတ်မှတ် ပေးသော အခြားသင့်လျော်သည့် လိုင်စင်ရရှိသူများထံသို့ လွှဲပြောင်းပေးရန် ဆောင်ရွက် ရမည်။

၂၄။ အခကြေးငွေများ

(က) လိုင်စင်ရရှိသူသည် ဆက်သွယ်ရေးဥပဒေနှင့် ဤနည်းဥပဒေများအရ သတ်မှတ်ထားသော အခကြေးငွေများကို ပေးဆောင်ရမည်။ ယင်းတို့တွင် အောက်ပါတို့ ပါဝင်သည် -

(၁) လျှောက်ထားသည့် အချိန်တွင်ပေးဆောင်ရမည့် လျှောက်လွှာကြေး၊

(၂) ကနဦး လိုင်စင်ခ၊

(၃) သက်ဆိုင်သောဝင်ငွေ၏ ရာခိုင်နှုန်းကို အခြေခံသည့် နှစ်စဉ်ကြေး၊

(၄) လိုင်စင်သက်တမ်းတိုးမြှင့်ခ၊

(၅) ဝန်ဆောင်မှုလုပ်ငန်းအသစ်များဖြည့်စွက် ဆောင်ရွက်ခြင်းအတွက် အခကြေးငွေ၊

(၆) အများပြည်သူသဘောထား တောင်းခံခြင်းပြုလုပ်ပြီးနောက် ဝန်ကြီးဌာနက သတ်မှတ် သော အခြားအခကြေးငွေများ။

(ခ) ဝန်ကြီးဌာနသည် အများပြည်သူသဘောထားတောင်းခံခြင်း ပြုလုပ်ပြီး ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၁၅၊ ၈၁ နှင့် ၈၂ တို့အရလည်းကောင်း၊ အခြားဆက်စပ်ဥပဒေများနှင့် သက်ဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းမူဘောင်တို့အရ လည်းကောင်း အမျိုးအစား တူညီသော လိုင်စင်ရရှိသူများအပေါ် သာတူညီမျှမှုရှိပြီး တစ်ပြေးညီဖြစ်သော အခကြေးငွေ များကိုသတ်မှတ်ရမည်။ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်နှင့် ဆက်သွယ်ရေး ပစ္စည်းဆိုင်ရာလိုင်စင်များအတွက်အခကြေးငွေများသည် ဦးစီးဌာန၏ စီမံခန့်ခွဲမှု ကုန်ကျစရိတ် (administrative costs) များအပေါ် တွင် အခြေခံရမည်။

(ဂ) ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်နှင့် ဆက်သွယ်ရေးပစ္စည်းဆိုင်ရာ လိုင်စင်များ အတွက် လိုင်စင်ဆိုင်ရာအခကြေးငွေများကို ဇယား (၁) ပါ အတိုင်းသတ်မှတ်သည်။

(ဃ) ဝန်ကြီးဌာနသည် အခကြေးငွေပြင်ဆင်သတ်မှတ်ချက်များအား အများပြည်သူသဘော ထားတောင်းခံခြင်းပြုလုပ်ပြီး ၃ နှစ်လျှင် တစ်ကြိမ် ပြန်လည်စိစစ်ဆောင်ရွက်ရမည်။ ပြန်လည် ပြင် ဆင်ထားသည့် အခကြေးငွေများကို ဇယား (၁) တွင် ပြင်ဆင်ဖော်ပြရမည်။

(င) ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် လိုင်စင်ရရှိသူတစ်ဦးဦးကို သော်လည်းကောင်း၊ လိုင်စင်ရရှိသူအုပ်စု (Class of Licensee) တစ်ခုခုကိုသော် လည်းကောင်း၊ လိုင်စင်အမျိုးအစားတစ်ခုခုကိုသော်လည်းကောင်း၊ လိုင်စင်အမျိုးအစား အုပ်စု (Class of Licenses) ကိုသော်လည်းကောင်း အခကြေးငွေပေးဆောင်ခြင်းမှ ကင်းလွတ်ခွင့်ပြုနိုင်သည်။ ယင်းသို့ ကင်းလွတ်ခွင့်ပြုခြင်းသည် ပွင့်လင်းမြင်သာမှုရှိ၍ ကျိုးကြောင်းဆီလျော်ရမည်ဖြစ်ပြီး အများပြည်သူသဘောထား တောင်းခံခြင်းကို ပြုလုပ် ပြီးမှ ဆောင်ရွက်ရမည်။

၂၅။ အခကြေးငွေများပေးဆောင်ရန် ပျက်ကွက်ခြင်း။ လိုင်စင်ရရှိသူတစ်ဦးသည် လက်ခံနိုင်လောက် သည့် အကြောင်းခိုင်လုံမှုမရှိပါက ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၈၁ နှင့်အညီ -

(က) ဝန်ကြီးဌာနက သတ်မှတ်ထားသော ပေးဆောင်ရမည့်အခကြေးငွေကို ပေးဆောင်ရန် စေ့ရောက်သည့် နေ့ရက်မှ ရက်ပေါင်း ၃၀ အတွင်း ပေးဆောင်ရန် ပျက်ကွက်မှုအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ထိုအချိန်ကဖြစ်ပေါ်ခဲ့သော ကူးသန်းရောင်း ဝယ်မှုဆိုင်ရာ ငွေချေးနှုန်းအပေါ်တွင်အခြေခံ၍ ဝန်ကြီးဌာနက သတ်မှတ်ပေးသော နှုန်းထားဖြင့် ပေးဆောင်ရန်စေ့ရောက်ခဲ့သည့် နေ့အထိ နောက်ကြောင်းပြန်၍ ဝန်ကြီး ဌာနသို့ အတိုးပေးဆောင်ရမည်။

(ခ) ဝန်ကြီးဌာနသို့ ပေးဆောင်ရမည့် အခကြေးငွေကို ပေးဆောင်ရန် (သို့မဟုတ် အခြား ပေးချေမှုကိုပြုလုပ်ရန်) အချိန်စေ့ရောက်သည့်နေ့ရက်မှ ရက်ပေါင်း ၃၀ အတွင်း တမင် သော်လည်းကောင်း၊ ထပ်ခါထပ်ခါသော်လည်းကောင်း ပျက်ကွက်ခဲ့လျှင် ဝန်ကြီးဌာနသည် နည်းဥပဒေ ၃၉၊ ၄၀၊ ၄၁ နှင့် အခြားဆက်စပ်ဥပဒေများ သို့မဟုတ် နည်းဥပဒေများနှင့် အညီ အရေးယူနိုင်သည်။

၂၆။ လုပ်ငန်းဆိုင်ရာကျင့်စဉ်များ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လမ်းညွှန် ချက်များနှင့် လုပ်ထုံးလုပ်နည်းများဆက်သွယ်ရေးဥပဒေပုဒ်မ ၁၅ နှင့် ၈၃ တို့ အရ ဝန်ကြီးဌာနနှင့် ဦးစီးဌာနတို့သည် ဤနည်းဥပဒေများအား အကောင်အထည်ဖော်ရန်အတွက် လုပ်ငန်းဆိုင်ရာ ကျင့်စဉ်၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများကို သော်လည်း ကောင်း၊ အခြားနည်းဥပဒေများ၊ စည်းမျဉ်းနှင့်စည်းကမ်း များတွင် ဖော်ပြထားခဲ့ခြင်းမရှိသေး သည့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ သို့မဟုတ် ဆက်သွယ်ရေးပစ္စည်းများအား လိုင်စင်ထုတ်ပေးခြင်းနှင့်စပ်လျဉ်းသည့် လမ်းညွှန်ချက်များကိုသော်လည်းကောင်း ထုတ်ပြန်နိုင် သည်။ ထိုသို့ထုတ်ပြန်ရာတွင် -

(က) မထုတ်ပြန်မီ လိုင်စင်ရရှိသူထံ အကြောင်းကြားစာပေးပို့ခြင်းနှင့် အများပြည်သူ သဘောထား တောင်းခံခြင်း ပြုလုပ်ခြင်းကို ဆောင်ရွက်ရမည်။

(ခ) မည်သည့်လုပ်ငန်းဆိုင်ရာကျင့်စဉ်၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများကိုမဆို အများပြည်သူသိရှိနိုင်ရန် ထုတ်ပြန်ရမည်ဖြစ်ပြီး ထိုသို့ ထုတ်ပြန်ရသည့် အကြောင်းအရင်းနှင့် ဥပဒေကြောင်းဆိုင်ရာရှင်းလင်းချက်တို့ ပါဝင်ရမည်။

အခန်း (၅)
ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင် ရရှိသူများ၏ သီးခြားအခွင့်အရေးနှင့် တာဝန်များ

၂၇။ စျေးကွက်လွှမ်းမိုးသော လိုင်စင်ရရှိသူများ၏ တာဝန်များ ။ ဦးစီးဌာနသည် သက်ဆိုင်သော စျေးကွက်အပေါ် ပြန်လည်စိစစ်ခြင်းနှင့် ဆက်သွယ်ရေးဥပဒေ၊ အခြားဆက်စပ်ဥပဒေများ၊ သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းမူဘောင်များ၊ အထူးသဖြင့် ဆက်သွယ်ရေးကဏ္ဍ ၏ ပြိုင်ဆိုင်မှု ဆိုင်ရာနည်းဥပဒေများ၊ ချိတ်ဆက်အသုံးပြုခြင်းနှင့် အပြန်အလှန်ဆက်သွယ်ခြင်းဆိုင်ရာ  နည်း ဥပဒေများအရ စျေးကွက်လွှမ်းမိုးသော လိုင်စင်ရရှိသူများဟု သတ်မှတ်ခြင်းခံရသည့် လိုင်စင်ရရှိ သူများအပေါ်တွင် သီးခြားတာဝန်များ သတ်မှတ်ပေးနိုင်သည်။

၂၈။ ပုဂ္ဂလိကပိုင်မြေနှင့် အဆောက်အအုံသို့ ဝင်ရောက်ခွင့်ကွန်ရက်အထောက်အကူပြုဝန်ဆောင်မှု လုပ်ငန်းလိုင်စင်- အထူး (Individual) ရရှိသူ သို့မဟုတ် ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှု လုပ်ငန်းလိုင်စင်-သာမန် (Class) ရရှိသူသည် ဆက်သွယ်ရေး ဥပဒေ အခန်း ၁၃ တွင် အသေးစိတ် ဖော်ပြထားသည့် လုပ်ငန်းစဉ်များအရ ကွန်ရက်အထောက်အကူပြုပစ္စည်းများ တပ်ဆင်ရန် သို့မဟုတ် ပြုပြင်ရန်အတွက် ပုဂ္ဂလိကပိုင်မြေနှင့် အဆောက်အအုံနေရာသို့ ပိုင်ရှင်၏ သဘော တူညီချက်ဖြင့်သာ ဝင်ရောက်ရမည်။ သဘောတူညီချက်မရရှိနိုင်ပါက ဦးစီးဌာန၏ အကူအညီ ကိုတောင်းခံနိုင်သည်။ ဦးစီးဌာနသည် လိုင်စင်ရရှိသူကို ကူညီပေးနိုင်ရန် တတ်နိုင်သမျှ သင့်လျော် သော အတိုင်းအတာအထိ ညှိနှိုင်းဆောင်ရွက်ပေးရမည်။

၂၉။ အများပြည်သူအသုံးပြုသည့်လမ်းနှင့် မြေများသို့ ဝင်ရောက်ခွင့်ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်-အထူး (Individual) သို့မဟုတ် ကွန်ရက် အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်-သာမန် (Class) ရရှိသူသည် အများပြည်သူ အသုံးပြု သည့်လမ်းနှင့် မြေများကို အမှန်တကယ်အသုံးပြုရန် လိုအပ်လာပါက စီမံခန့်ခွဲခွင့်ရှိသူ၏ သဘောတူညီ ချက်ဖြင့် သာဝင်ရောက်ရမည်။ ထိုသို့မဝင်ရောက်မီတည်ဆဲ ဥပဒေတစ်ရပ်ရပ်အရ လိုအပ်သော မည်သည့် ခွင့်ပြုချက်ကို မဆို ရယူရမည် -

(က) လိုင်စင်ရရှိသူသည် အများပြည်သူအသုံးပြုသည့်လမ်းနှင့် မြေများသို့ ဝင်ရောက်ခွင့်ကို တောင်းခံရာတွင် ဦးစီးဌာနကို အကြောင်းကြားရမည်ဖြစ်ပြီး ဦးစီးဌာန၏အကူအညီကို တောင်းခံနိုင်သည်။ ဦးစီးဌာနက လိုင်စင်ရရှိသူကိုကူညီပေးနိုင်ရန် တတ်နိုင်သမျှ သင့်လျော်သော အတိုင်းအတာထိ ညှိနှိုင်း ဆောင်ရွက်ပေးရမည်။

(ခ) လိုင်စင်ရရှိသူသည် အများပြည်သူနှင့်သက်ဆိုင်သည့် မြေနေရာများနှင့် ကွန်ရက် အထောက်အကူပြုပစ္စည်းများ ထည့်သွင်းရန်ထားရှိသည့်နေရာ (rights of way) များ၏ အထက်နှင့် အောက်တွင်ကွန်ရက်အထောက်အကူပြု ပစ္စည်းများကို တည်ထောင်လုပ်ကိုင် ရာတွင် အောက်ပါတို့အတွက် သင့်လျော်သည့် အစီအမံများကို ဆောင်ရွက်ထားရမည် -

(၁) ပုဂ္ဂိုလ်တစ်ဦးဦးကို ထိခိုက်ဒဏ်ရာရရှိစေခြင်း သို့မဟုတ် ပြည်သူပိုင်ပစ္စည်းကို ထိခိုက်ပျက် စီးစေခြင်းမှ ရှောင်ရှားရန်၊

(၂) ကားလမ်း၊ မီးရထားလမ်း၊ ရေလမ်းကြောင်းနှင့် လေလမ်းကြောင်းတို့တွင် အများပြည်သူ ခရီးသွားလာခြင်းကို အနှောင့်အယှက်ဖြစ်မှု အနည်းဆုံးဖြစ်စေရန်။

၃၀။ တယ်လီဖုန်းလမ်းညွှန် (Directory) နှင့် တယ်လီဖုန်းလမ်းညွှန်စုံစမ်းရေး (Directory Enquiry) ဝန်ဆောင်မှုများပေးခြင်း။ ဆက်စပ်ဥပဒေများနှင့် သက်ဆိုင်ရာစည်းမျဉ်းစည်းကမ်း မူဘောင် တို့အရ ဆက်သွယ်ရေးနံပါတ်လျာထား သတ်မှတ်ချက်အတွင်းရှိ ဆက်သွယ်ရေးနံပါတ်များ ရရှိထားသော လိုင်စင်ရရှိသူသည် -

(က) တယ်လီဖုန်းလမ်းညွှန်များကို ထုတ်ဝေ၍ လမ်းညွှန်စုံစမ်းရေးဝန်ဆောင်မှုပေးနိုင်သည်။ ထိုသို့ ဝန်ဆောင်မှုပေးရာတွင် အမှန်တကယ်သုံးစွဲသူမှ တယ်လီဖုန်းလမ်းညွှန်နှင့် တယ်လီဖုန်းလမ်းညွှန် စုံစမ်းရေးဝန်ဆောင်မှုများတွင် ထည့်သွင်းဖော်ပြခြင်း မပြုရန် တောင်းဆိုခဲ့လျှင် တယ်လီဖုန်း လမ်းညွှန်ဝန်ဆောင်မှုမှ ဖယ်ရှားပေးရန် လိုင်စင်ရရှိသူက အခမဲ့ဆောင်ရွက်ပေးရမည်။

(ခ) အမှန်တကယ်သုံးစွဲသူများ၏ နံပါတ်များကို ပြည့်စုံမှန်ကန်တိကျသော အချက်အလက် အစုအဝေး (Database) ဖြင့် ထိန်းသိမ်းထားရမည်ဖြစ်ပြီး တယ်လီဖုန်းလမ်းညွှန်နှင့် တယ်လီဖုန်းလမ်းညွှန် စုံစမ်းရေးများတွင် ထည့်သွင်းဖော်ပြခြင်းမပြုရန် တောင်းဆို ထားသည့်နံပါတ်များကို ရှင်းလင်းစွာခွဲခြားထည့်သွင်းထားရမည်။ တယ်လီဖုန်းလမ်းညွှန် နှင့် တယ်လီဖုန်းလမ်းညွှန်စုံစမ်းရေး ဝန်ဆောင်မှုပေးရန်အတွက် ဦးစီးဌာနမှ သတ်မှတ် ပေးသည့် လိုင်စင်ရရှိသူတစ်ဦးဦးအား သင့်လျော်သည့် စည်းကမ်းချက်များဖြင့် ယင်း Database ကိုရရှိနိုင်စေရန် ဆောင်ရွက်ပေးရမည်။

၃၁။ အများပြည်သူ အရေးပေါ်ခေါ်ဆိုမှု ဝန်ဆောင်မှုပေးခြင်း။ ဆက်စပ်ဥပဒေများနှင့် သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းမူဘောင်တို့အရ ဆက်သွယ်ရေး နံပါတ်လျာထား သတ်မှတ်ချက်အတွင်းရှိ ဆက်သွယ်ရေးနံပါတ်များ ရရှိထားသော လိုင်စင်ရရှိသူသည် -

(က) အမှန်တကယ်သုံးစွဲသူတိုင်းကို မိမိ၏ကွန်ရက်နှင့်တွဲဖက်အသုံးပြုထားသော ဆက်သွယ် ရေးပစ္စည်းမှတစ်ဆင့် ဆက်သွယ်ရေးနံပါတ်လျာထားသတ်မှတ်ချက်အတွင်းရှိ ပြည်တွင်း သုံး အရေးပေါ် နံပါတ်တစ်ခုခုသို့ အခမဲ့ခေါ်ဆိုနိုင်စေရန် ဆောင်ရွက်ပေးရမည်။

(ခ) အရေးပေါ် ခေါ်ဆိုမှုဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဦးစီးဌာနမှပြဋ္ဌာန်းလိုက်သည့် စက်မှုပိုင်း ဆိုင်ရာ နှင့် အခြားဖြည့်ဆည်းပေးရမည့်အချက်များအား လိုက်နာရမည်။

၃၂။ အသုံးပြုသူကို အကာအကွယ်ပေးခြင်းဆိုင်ရာ တာဝန်များ။ ဆက်သွယ်ရေးဥပဒေ အခန်း ၉ နှင့် ဆက်စပ်နည်းဥပဒေများအရ လိုင်စင်ရရှိသူများသည် -

(က) အမှန်တကယ် အသုံးပြုသူများနှင့် ချုပ်ဆိုနိုင်ရန် စာချုပ်ပုံစံ သတ်မှတ်ထားရှိရမည်။

(ခ) အမှန်တကယ် အသုံးပြုသူများအား မှန်ကန်သည့် အသေးစိတ်ငွေတောင်းခံလွှာများ ပေးပို့ ရမည်။

(ဂ) အမှန်တကယ် အသုံးပြုသူများအား မျှတ၍ ပွင့်လင်းမြင်သာမှုရှိသော အငြင်းပွားမှု ဖြေရှင်းရေး လုပ်ငန်းစဉ်ကို သတ်မှတ်ပေးရမည်။

(ဃ) ဝန်ဆောင်ခနှုန်းထားများနှင့် ဝန်ဆောင်မှုအရည်အသွေးတို့ပါဝင်သော ဝန်ဆောင်မှု အသုံးပြုခြင်း နှင့် စပ်လျဉ်းသည့် သတ်မှတ်ချက်များကို ထုတ်ပြန်ထားရမည်။

(င) အမှန်တကယ် အသုံးပြုသူများ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များနှင့် သတင်းအချက် အလက်လုံခြုံရေးတို့ကို ကာကွယ်ပေးမည့် အစီအစဉ်များအား စာဖြင့် ရေးသားဖော်ပြ ထားရမည်။

အခန်း (၆)
အခြားခွင့်ပြုချက်များ

၃၃။ ဆက်သွယ်ရေးပစ္စည်းဆိုင်ရာ လိုင်စင်။ ဆက်သွယ်ရေးဥပဒေ အခန်း ၄ အရ ဝန်ကြီးဌာနသည် ဆက်သွယ်ရေးပစ္စည်းဆိုင်ရာ လိုင်စင်ရယူပြီးမှသာ သုံးစွဲရမည့်ပစ္စည်းစာရင်းကို ပြုစုထားရှိရ မည်-

(က) ဆက်သွယ်ရေးပစ္စည်းဆိုင်ရာ လိုင်စင်ရယူရန်လိုအပ်သော ဆက်သွယ်ရေးပစ္စည်းစာရင်းကို ဇယား (၂) ပါအတိုင်း သတ်မှတ်သည်။

(ခ) ဦးစီးဌာနသည် နည်းဥပဒေခွဲ (က)တွင် ဖော်ပြထားသည့်ဇယားတွင် ဆက်သွယ်ရေး ပစ္စည်းများ  ထပ်တိုးခြင်းအား အများပြည်သူသဘောထားတောင်းခံခြင်းကို ပြုလုပ်ပြီး ဆောင်ရွက်နိုင်သည်။ ထိုသို့ထပ်တိုးသည့် ပစ္စည်းများသည် ယေဘုယျအားဖြင့် လှိုင်းနှုန်း နှောင့်ယှက်မှုဖြစ်နိုင်ခြေများသော သို့မဟုတ် ပြည်သူလူထု အကျိုးစီးပွားနှင့် နိုင်ငံတော် လုံခြုံရေးကို ထိခိုက်နိုင်သော ဆက် သွယ်ရေး ပစ္စည်းများဖြစ်ရမည်။

(ဂ) ဆက်သွယ်ရေးပစ္စည်းအမျိုးအစားတစ်မျိုးကို ထည့်သွင်းရန်အတွက် အများပြည်သူ သဘောထားတောင်းခံခြင်းပြုလုပ်ရာတွင် သက်ဆိုင်ရာ ဆက်သွယ်ရေးပစ္စည်းဆိုင်ရာ လိုင်စင်တွင် ထည့်သွင်းမည့် စည်းကမ်းချက်များကိုပါ ဖော်ပြ၍ သဘောထား မှတ်ချက် တောင်းခံရမည်။

(ဃ) ဇယား(၂)တွင် သတ်မှတ်ထားသည့် ဆက်သွယ်ရေးပစ္စည်းများကို အသုံးပြုလိုသည့် လိုင်စင်ရရှိသူအားလုံးအတွက် လိုင်စင်စည်းကမ်းသတ်မှတ်ချက်များနှင့် သက်တမ်းသည် တစ်ပြေးညီဖြစ်ရမည်။

(င) အောက်ပါတို့အတွက် ဆက်သွယ်ရေးပစ္စည်းဆိုင်ရာ လိုင်စင်လျှောက်ထားရန်မလို -

(၁) လုပ်ငန်းလိုင်စင်ရရှိသူက မိမိအသုံးပြုရန် ဝယ်ယူရင်းနှီးထားသော ဆက်သွယ်ရေး ပစ္စည်း ကို လက်ဝယ်ထားရှိခြင်းနှင့် အသုံးပြုခြင်း၊

(၂) လုပ်ငန်းလိုင်စင်ရရှိသူထံမှ ရယူထားသော ဆက်သွယ်ရေးပစ္စည်းကို လက်ဝယ် ထားရှိခြင်း နှင့် အသုံးပြုခြင်း။

(စ) ခွင့်ပြုချက်ထုတ်ပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ် -

(၁) ဆက်သွယ်ရေးပစ္စည်းဆိုင်ရာလိုင်စင်ရရှိရန် သတ်မှတ်ထားသော လျှောက်လွှာပုံစံ ဖြင့် ဦးစီးဌာနသို့ လျှောက်ထားရမည်။

(၂) ဦးစီးဌာနသည် လျှောက်လွှာပုံစံတွင်ဖြည့်စွက်ရမည့် လိုအပ်သောအချက်အလက် များကိုထုတ်ပြန်ထားရမည်ဖြစ်ပြီး ခွင့်ပြုချက် ထုတ်ပေးခြင်းဆိုင်ရာ ဆုံးဖြတ်ချက် များကို မှန်ကန်စွာချမှတ်နိုင်ရန်အလို့ငှာ ယင်းအချက်အလက်များသည် အခါအား လျော်စွာ ပြောင်းလဲနိုင်သည်။

(၃) သတ်မှတ်ထားသော လျှောက်လွှာပုံစံတွင် ဖြည့်စွက်ရမည့် အချက်အလက်များ သည် ဆက်သွယ်ရေးပစ္စည်းဆိုင်ရာလိုင်စင်လျှောက်ထားသူများအားလုံးအတွက် တစ်ပြေးညီ ဖြစ်ရမည်။

(၄) လျှောက်ထားသည့်အချိန်တွင် စီမံခန့်ခွဲမှုစရိတ်ကာမိစေရန်အတွက် ဝန်ကြီးဌာနက သတ်မှတ်ထားသော လျှောက်လွှာကြေးကို ပေးဆောင်ရမည်။

(၅) ဆက်သွယ်ရေးပစ္စည်းဆိုင်ရာလိုင်စင်လျှောက်ထားသူ မည်သူမဆို ပြည့်စုံတိကျပြီး လက်မှတ်ရေးထိုးထားသည့် လျှောက်လွှာကို သက်ဆိုင်ရာလျှောက်လွှာကြေး နှင့်အတူ လျှောက်ထားလာပါက လျှောက်လွှာတွင်ဖော်ပြထားသည့်အရည်အချင်း သတ်မှတ်ချက်များ နှင့် ကိုက်ညီမှုရှိခဲ့လျှင် ဦးစီးဌာနသည် လိုင်စင်ကို ခွင့်ပြုရမည်။

(၆) လျှောက်လွှာတွင် ဖြည့်စွက်ထားသော အချက်အလက်များသည် ပြည့်စုံမှုမရှိခဲ့လျှင် သော် လည်းကောင်း၊ တိကျမှန်ကန်မှုမရှိခဲ့လျှင်သော်လည်းကောင်း ဦးစီးဌာနသည် လိုအပ်သော အချက်အလက်များကို လျှောက်ထားသူထံသို့ စာဖြင့် ပေးပို့တောင်းခံ ရမည်။ လျှောက်ထားသူသည် ဦးစီးဌာနက တောင်းခံလာသော အချက်အလက် များကို လျှောက်လွှာပုံစံတွင် မှန်ကန်အောင် ပြင်ဆင်ဖြည့်စွက်၍ ပြန်လည် လျှောက်ထားရမည်။

(၇) လျှောက်ထားသူသည် ဦးစီးဌာနက ထပ်မံတောင်းခံလာသော အချက်အလက်များ ကို အမြန်ဆုံးပြန်လည်ပေးပို့ရမည်။ ရက်ပေါင်း ၃၀ အတွင်း ပြန်လည်ပေးပို့ရန် ပျက်ကွက်ခဲ့ ပါက နှောင့်နှေးကြန့်ကြာရသည့်အကြောင်းအရင်းအား စာဖြင့်တင်ပြ ထားခဲ့ခြင်းမရှိ လျှင်သော်လည်းကောင်း၊ တင်ပြသည့်အကြောင်းပြချက်အား ဦးစီး ဌာန မှခိုင်လုံမှုမရှိဟု ဆုံးဖြတ်လျှင်သော်လည်းကောင်း လျှောက်ထားချက်ကို ငြင်းပယ်နိုင်သည်။

(၈) ဦးစီးဌာနသည် ဆက်သွယ်ရေးပစ္စည်းဆိုင်ရာလိုင်စင်အတွက် ပြည့်စုံမှန်ကန်သည့် လျှောက်ထားချက်ကို လက်ခံရရှိပြီး ရက်ပေါင်း ၃၀ အတွင်း စိစစ်၍ ဆုံးဖြတ်ချက် အား အကြောင်းပြန်ကြားရမည်။

(၉) ဦးစီးဌာနသည် လျှောက်ထားချက်ကို ခွင့်ပြုပါက ဆက်သွယ်ရေးပစ္စည်းဆိုင်ရာ လိုင်စင် ကို ထုတ်ပေးရမည်။ လျှောက်ထားချက်ကို ငြင်းပယ်ခဲ့ပါက ကျိုးကြောင်း ခိုင်လုံသော အကြောင်းပြချက်ရှိရမည်ဖြစ်ပြီး ထိုအကြောင်းပြချက်များကို လျှောက်ထားသူသို့ စာဖြင့် အကြောင်းကြားရမည်။ ငြင်းပယ်ခံရသော လျှောက်ထားသူသည် ပြန်လည်လျှောက်ထားနိုင်သည်။ ထိုသို့ လျှောက်ထားရာ တွင် လျှောက်လွှာကြေးကို ထပ်မံ ပေးဆောင်ရမည်။

(၁၀) ဆက်သွယ်ရေးပစ္စည်းဆိုင်ရာ လိုင်စင်အရေအတွက်ကို ကန့်သတ်ခြင်းမပြုရ။

(ဆ)  ဆက်သွယ်ရေးပစ္စည်းဆိုင်ရာ လိုင်စင်သက်တမ်းသည် တစ်နှစ်ဖြစ်ပြီး သက်တမ်း မကုန်ဆုံးမီ ဦးစီးဌာနသို့ ကြိုတင်တင်ပြပြီး နှစ်စဉ်သက်တမ်းတိုးသွားနိုင်သည်။ တင် ပြစာတွင် လိုင်စင်ရရှိသူနှင့် သက်ဆိုင်သည့်အချက်များ၊ လိုင်စင်မှ ခွင့်ပြုထားသော ဆက်သွယ်ရေးပစ္စည်းနှင့် ယင်းပစ္စည်းအား အသုံးပြုပုံတို့ကို ဖော်ပြရမည်။

(ဇ)  ဆက်သွယ်ရေးပစ္စည်းဆိုင်ရာ လိုင်စင်ရရှိသူများသည် ဆက်သွယ်ရေးဥပဒေ အခန်း ၄ နှင့် ၅ တို့အရ -

(၁) ဆက်သွယ်ရေးပစ္စည်းများကို လိုင်စင်တွင် ခွင့်ပြုထားသော နေရာများတွင်သာ ထားရှိ အသုံးပြုရမည်။

(၂) နိုင်ငံတော်၏ လုံခြုံရေးကို မထိခိုက်စေရန် စီမံဆောင်ရွက်ထားရမည်။

(၃) အသုံးပြုသည့် ဆက်သွယ်ရေးပစ္စည်းများနှင့် ပတ်သက်၍ ဦးစီးဌာန၏ ညွှန်ကြားချက် များကို လိုက်နာရမည်။

(၄) ဆက်သွယ်ရေးဥပဒေ အခန်း ၈ တွင် ပြဋ္ဌာန်းထားသော နည်းပညာဆိုင်ရာ စံချိန်စံ ညွှန်း များအားလုံးကို လိုက်နာရမည်။

၃၄။ လှိုင်းနှုန်းစဉ်အသုံးပြုခွင့် ။ ဆက်သွယ်ရေးဥပဒေ အခန်း ၆ ၊ လှိုင်းနှုန်းစဉ်ဆိုင်ရာ နည်းဥပဒေ များအပါအဝင် သက်ဆိုင်ရာစည်းမျဉ်း စည်းကမ်းမူဘောင်များအရ ဦးစီးဌာနသည် လိုင်စင် စည်းကမ်းချက်များနှင့် ကိုက်ညီသည့် မည်သည့် အသုံးပြုမှုအတွက်မဆိုသတ်မှတ်ထားသော လှိုင်းနှုန်းတစ်ခုသို့မဟုတ် လှိုင်းနှုန်းများ သို့မဟုတ် လှိုင်းနှုန်းခွင်များကိုပုဂ္ဂိုလ်တစ်ဦးအား အသုံးပြုခွင့်ပြုရာတွင် ထိုလှိုင်းနှုန်းစဉ်အသုံးပြုခွင့်ကို ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လိုင်စင်နှင့် သီးခြားခွဲ၍ ထုတ်ပေးရမည်။

၃၅။ ဆက်သွယ်ရေးနံပါတ် အရင်းအမြစ်များကို အသုံးပြုခွင့် ။ ဆက်သွယ်ရေးဥပဒေ အခန်း ၇ ၊ ဆက်သွယ်ရေးနံပါတ်ဆိုင်ရာ နည်းဥပဒေများအပါအဝင် သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်း မူဘောင်များအရ ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် - အထူး (Individual) ရရှိသူများနှင့် ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်ရရှိသူများသည် ဆက်သွယ်ရေးနံပါတ် ဆိုင်ရာ နည်းဥပဒေများနှင့်အညီ ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်များကို တောင်းခံနိုင်သည်။

အခန်း (၇)
ကြီးကြပ်စစ်ဆေးခြင်းနှင့် ဥပဒေအရ အရေးယူဆောင်ရွက်ခြင်း

၃၆။ အချက်အလက်တင်ပြခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်

(က) ဆက်သွယ်ရေး ဥပဒေအခန်း ၁၂ နှင့် သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းမူဘောင်အရ ဦးစီးဌာန သည် -

(၁) လိုင်စင်ရရှိသူအုပ်စုအားလုံး သို့မဟုတ် အုပ်စုတစ်စုစုတို့၏ ဆောင်ရွက်ချက်များနှင့် စပ် လျဉ်း၍ ဦးစီးဌာနသို့ ပုံမှန်အစီရင်ခံတင်ပြနိုင်ရန် သင့်လျော်သည့် ပုံစံကို သတ်မှတ်ထားရမည်။

(၂) ဦးစီးဌာနသည် အချက်အလက်၊ အထောက်အထား၊ သဘောတူစာချုပ်၊ လုပ်ငန်း ဆောင်ရွက်ချက်မှတ်တမ်း၊ စာရွက်စာတမ်းနှင့် ဆက်သွယ်ရေးဥပဒေအရ ဦးစီးဌာန ၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန်အတွက် လိုအပ်သော အခြားမည်သည့် အချက်အလက်ကိုမဆို လိုင်စင်ရရှိသူများသို့ စာဖြင့် တောင်းခံနိုင်သည်။ ယင်းတောင်းခံမှုသည် သင့်တင့်မျှတပြီး ၊ လိုင်စင်ရရှိသူအပေါ် မလိုလားအပ်သော ဝန်ထုပ်ဝန်ပိုးမဖြစ်စေရဘဲ ဥပဒေနှင့် အညီ တားဆီးထိန်းသိမ်းခြင်း (Lawful Interception) အတွက် တောင်းခံခြင်း မဟုတ် လျှင် အချက်အလက်များကို ဖြည့်ဆည်းပေးရန်အတွက် လိုင်စင်ရရှိသူအား အနည်းဆုံး ရက်ပေါင်း ၃၀ အချိန် ပေးရမည်။

(ခ)  လိုင်စင်ရရှိသူအားလုံးသည် ဝန်ကြီးဌာန သို့မဟုတ် ဦးစီးဌာနမှအချက်အလက်တောင်းခံမှု သို့မဟုတ် အစီရင်ခံတင်ပြခြင်းဆိုင်ရာ သတ်မှတ်ချက်များကို လိုက်နာရမည်။

၃၇။ လိုင်စင်စာရင်းပြုစုထားရှိခြင်း ။ ဦးစီးဌာနသည် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်နှင့် ဆက်သွယ်ရေးပစ္စည်းဆိုင်ရာလိုင်စင် အားလုံးကို အများပြည်သူ သိရှိနိုင်မည့်ပုံစံဖြင့် စာရင်းပြုစု ထိန်းသိမ်းထားရမည်။ ယင်းစာရင်းတွင် အနည်းဆုံးအောက်ပါတို့ပါဝင်ရမည်ဖြစ်ပြီး ဦးစီးဌာန၏ ဝက်ဘ်ဆိုက်တွင် အများပြည်သူသိရှိနိုင်အောင် ဆောင်ရွက်ထားရမည် -

(က) လိုင်စင်ရရှိသူ၏ အမည်၊ နေရပ်လိပ်စာ၊ တယ်လီဖုန်းနံပါတ်နှင့် ဖက်စ်နံပါတ်၊

(ခ) ခွင့်ပြုချက် ရရှိထားသော လိုင်စင်များ၊

(ဂ) လိုင်စင်ရရှိသူလုပ်ကိုင်ခွင့်ရှိသော ဝန်ဆောင်မှုအမျိုးအစားများ၊

(ဃ) လိုင်စင်စတင်အကျိုးသက်ရောက်သည့် နေ့ရက်နှင့် သက်တမ်းကုန်ဆုံးမည့်နေ့ရက်များ။

၃၈။ စုံစမ်းစစ်ဆေးခွင့် ။ ဆက်သွယ်ရေးဥပဒေ အခန်း ၁၂ အရ ဦးစီးဌာနသည် လိုင်စင်ရရှိသူ တစ်ဦးဦး၏ အထောက်အကူပြုပစ္စည်းများနှင့် စာရွက်စာတမ်းအထောက်အထားများကို စုံစမ်း စစ်ဆေးနိုင်သည်။ စုံစမ်းစစ်ဆေးခြင်းသည် တရားဥပဒေနှင့်ညီညွတ်သည့် ရည်ရွယ်ချက်ရှိ ရမည်ဖြစ်ပြီး ရည်ရွယ်ချက်နှင့်အချိုးညီမျှသော စုံစမ်းစစ်ဆေးမှုဖြစ်ရမည်။ ထိုသို့ စုံစမ်းစစ်ဆေး ခြင်းမပြုမီ လိုင်စင်ရရှိသူထံ ကျိုးကြောင်း ခိုင်လုံသည့် အကြောင်းကြားစာ ကြိုတင်ပေးပို့ရမည်။

၃၉။ ဖောက်ဖျက်မှုအတွက် အကြောင်းကြားစာပေးပို့ခြင်း ။ လိုင်စင်ရရှိသူသည် ဆက်သွယ်ရေး ဥပဒေ၊ သက်ဆိုင်ရာစည်းမျဉ်းစည်းကမ်းမူဘောင် သို့မဟုတ် လိုင်စင်ပါတာဝန် သို့မဟုတ် စည်းကမ်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ပါက ဆက်သွယ်ရေးဥပဒေပုဒ်မ ၅၇ နှင့် သက်ဆိုင်ရာစည်းမျဉ်း စည်းကမ်းမူဘောင်တို့နှင့်အညီ ဦးစီးဌာနသည် စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းကို ဆောင်ရွက်နိုင်သည်။

(က)  ဦးစီးဌာနသည် အရေးယူဆောင်ရွက်ခြင်းမပြုမီ အောက်ပါတို့ကို ဆောင်ရွက်ရမည် -

(၁) လိုင်စင်ရရှိသူသည် ဖောက်ဖျက်မှုတစ်ရပ်ရပ်ကို ကျူးလွန်သည်ဟု ဦးစီးဌာနက ယုံကြည် သည့် အကြောင်းအရင်းနှင့် ဥပဒေကြောင်းဆိုင်ရာ ရှင်းလင်းချက် ဖော်ပြပါရှိသည့် အကြောင်း ကြားစာကို လိုင်စင်ရရှိသူထံ ပေးပို့ရမည်။

(၂) စွဲချက်ပြုထားသည့် ဖောက်ဖျက်မှုကို ပြန်လည်ပြင်ဆင်ခွင့် အပါအဝင် ဦးစီးဌာန၏ စွဲချက်ကို ချေပရန် ထိုက်သင့်သော အခွင့်အရေး ပေးရမည်။

(ခ)  လိုင်စင်ရရှိသူက ဖောက်ဖျက်မှုကို ကျူးလွန်ခဲ့သည်ဟူသော စွဲချက်တစ်ရပ်ရပ်အား ဆုံး ဖြတ်ရာတွင် စီမံခန့်ခွဲမှုဆိုင်ရာ မှတ်တမ်းကို အခြေခံ၍ သက်ဆိုင်ရာစည်းမျဉ်းစည်းကမ်း မူဘောင် နှင့်အညီ ဆောင်ရွက်ရမည်။

၄၀။ ဖောက်ဖျက်မှုအတွက် ပေးပို့သည့်အကြောင်းကြားစာတွင် ပါဝင်ရမည့်အချက်များ ။ ဦးစီးဌာနက ဖောက်ဖျက်မှုကို အရေးယူမည်ဟု ဆုံးဖြတ်ခဲ့ပါက လိုင်စင်ရရှိသူထံ အောက်ပါအချက်များ ပါဝင်သည့် အကြောင်းကြားစာ ပေးပို့ရမည် -

(က) အကြောင်းအရာ အချက်အလက်ကို အခြေခံသည့် ဆုံးဖြတ်ချက်များ၊

(ခ) ဥပဒေအကြောင်းကို အခြေခံသည့် ဆုံးဖြတ်ချက်များ၊

(ဂ) ချမှတ်သည့် အရေးယူမှု။

၄၁။ ဥပဒေအရ အရေးယူဆောင်ရွက်ခြင်း

(က)  လိုင်စင်ရရှိသူထံ အကြောင်းကြားစာပေးပို့ခြင်းနှင့် စွဲချက်ကို ချေပရန်ထိုက်သင့်သော အခွင့်အရေးပေးခြင်းတို့ပြုလုပ်ပြီးနောက် လိုင်စင်ရရှိသူက ဖောက်ဖျက်မှုတစ်ခုခုကို ကျူးလွန်ခဲ့သည်ဟု ဦးစီးဌာနက ဆုံးဖြတ်ခဲ့လျှင် ဆက်သွယ်ရေးဥပဒေနှင့် ဤနည်း ဥပဒေ များအရ အောက်ပါအရေးယူမှုတစ်ရပ် သို့မဟုတ် တစ်ရပ်ထက်ပိုသော အရေးယူ မှုများကို ဆောင်ရွက်နိုင်သည် -

(၁) လိုင်စင်ရရှိသူအား သတိပေးခြင်း၊

(၂) ဖောက်ဖျက်မှုကို ပြန်လည်ပြင်ဆင်ရန်နှင့် နောင်ဖြစ်လာနိုင်သည့် ဖောက်ဖျက်မှုကို တား ဆီးရန် တို့အတွက် လိုင်စင်ရရှိသူသို့ ညွှန်ကြားချက်ထုတ်ပြန်ခြင်း၊

(၃) လိုင်စင်ရရှိသူကို ၎င်း၏ သက်ဆိုင်ရာဝင်ငွေ၏ ၅ ရာခိုင်နှုန်းအထိ ဒဏ်ငွေပေး ဆောင်ရန် သတ်မှတ်ခြင်း၊

(၄) လိုင်စင်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း။

(ခ)  လိုင်စင်ရရှိသူအပေါ် ချမှတ်သည့် အရေးယူမှုတစ်ရပ်ရပ် သို့မဟုတ် ပြစ်ဒဏ်တစ်ရပ်ရပ် သည် ကျူးလွန်ခဲ့သည့် ဖောက်ဖျက်မှုနှင့် ကျိုးကြောင်းဆီလျော်၍ အချိုးညီမျှရမည်။

၄၂။ အယူခံပိုင်ခွင့် ။ ဤနည်းဥပဒေများအရ ဝန်ကြီးဌာန သို့မဟုတ် ဦးစီးဌာနကချမှတ်သော ဆုံးဖြတ်ချက်တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ကျေနပ်မှုမရှိလျှင် လိုင်စင်ရရှိသူသည် -

(က)  ဆုံးဖြတ်ချက်ချမှတ်သည့် နေ့ရက်မှ ရက်ပေါင်း ၃၀ အတွင်း ဆုံးဖြတ်ချက်အား ပြန်လည် စဉ်းစားပေးရန် တောင်းဆိုနိုင်သည်။

(ခ)  အောက်ပါတို့နှင့် ပတ်သက်၍ ချမှတ်သည့်ဆုံးဖြတ်ချက်များအတွက် ဆုံးဖြတ်ချက်ချ မှတ်သည့် နေ့ရက်မှ ရက်ပေါင်း ၃၀ အတွင်း ဝန်ကြီးဌာနသို့ အယူခံနိုင်သည် -

(၁) ဆက်သွယ်ရေးဥပဒေပုဒ်မ ၅၇ အရ အရေးယူမှု၊

(၂) ဆက်သွယ်ရေးဥပဒေပုဒ်မ ၅၂ အရ ဆက်သွယ်ရေးဆိုင်ရာ နည်းပညာနှင့် သက်ဆိုင် သော အငြင်းပွားမှု။

(ဂ) ဆက်သွယ်ရေးဥပဒေပုဒ်မ ၅၂ နှင့် မြန်မာနိုင်ငံတော်တရားမကျင့်ထုံးဆိုင်ရာ ဥပဒေအ ခန်း ၁ တို့အရ ဆက်သွယ်ရေးဆိုင်ရာ နည်းပညာနှင့် သက်ဆိုင်ခြင်းမရှိသည့် အငြင်းပွား မှုတို့အတွက် ဆုံးဖြတ်ချက်ချမှတ်သည့် နေ့ရက်မှ ရက်ပေါင်း ၃၀ အတွင်း တရားရုံးသို့ အယူခံနိုင်သည်။

(ဃ) အငြင်းပွားမှုများကို ဖြေရှင်းခြင်းနှင့်စပ်လျဉ်းသည့် ဝန်ကြီးဌာန၏ဆုံးဖြတ်ချက်အား မကျေနပ်သူသည် ဆုံးဖြတ်ချက်ချမှတ်သည့်နေ့ရက်မှ ရက်ပေါင်း ၄၅ ရက်အတွင်း အယူခံခုံရုံးသို့ အယူခံနိုင်သည်။

(င) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ အခြားသော ဆောင်ရွက်မှုများ ပြုလုပ်နိုင်သည်။

အခန်း (၈)
အသွင်ကူးပြောင်းခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်

၄၃။ တည်ဆဲလိုင်စင်များနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများအတွက် အသွင်ကူးပြောင်းခြင်းဆိုင်ရာ မူဘောင်

(က) ဆက်သွယ်ရေးဥပဒေ ပြဋ္ဌာန်းသည့် နေ့ရက်တွင် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လိုင်စင် ရရှိထားသည့် သို့မဟုတ် လိုင်စင်ခွင့်ပြုပေးရန် ရွေးချယ်ခံထားရသည့် ပုဂ္ဂိုလ် တစ်ဦးဦးအား တည်ဆဲလိုင်စင်ရရှိသူအဖြစ် သတ်မှတ်သည်။

(ခ) ဦးစီးဌာနလက်အောက်ရှိ အရင်းအမြစ်ဌာနမှ စီမံခန့်ခွဲသည့် တည်ဆဲလိုင်စင်များအတွက် အသွင်ကူးပြောင်းခြင်းဆိုင်ရာ  ပြဋ္ဌာန်းချက်များကို လှိုင်းနှုန်းစဉ်ဆိုင်ရာ နည်းဥပဒေများ တွင် ထည့်သွင်း ဖော်ပြထားသည်။

(ဂ) တည်ဆဲလိုင်စင်ရရှိထားသူများသည် ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် နှစ်စဉ်ကြေး၊ လိုင်စင် သက်တမ်းတိုးမြှင့်ခ နှင့် အခြားသော အခကြေးငွေများကို ပေးဆောင်ရမည်။ သို့ သော်လျှောက်လွှာကြေးများနှင့် ကနဦးလိုင်စင်ခများကို ပေးဆောင်ရန် မလို။

(ဃ) တည်ဆဲလိုင်စင်ရရှိထားသူတစ်ဦးသည် ဦးစီးဌာနမှ သက်ဆိုင်ရာလိုင်စင်အမျိုးအစား များကို လျှောက်ထားရန် ကြေညာသည့်နေ့ရက်မှ ရက်ပေါင်း ၉၀ အတွင်း ဤနည်း ဥပဒေ များအရ သက်ဆိုင်ရာ လိုင်စင်ကို လျှောက်ထားရမည်။ အဆိုပါ သတ်မှတ်ကာလ အတွင်း လျှောက်ထားနိုင်ခြင်းမရှိခဲ့ပါက လျှောက်လွှာကြေးကိုဖြစ်စေ၊ ကနဦး လိုင်စင်ခ ကိုဖြစ်စေ၊ နှစ်မျိုးလုံးကိုဖြစ်စေ ပေးဆောင်ရမည်။

(င) ဤနည်းဥပဒေများ စတင်အကျိုးသက်ရောက်ခြင်းမရှိမီက လုပ်ငန်းစတင်ခဲ့ပြီးဖြစ်သည့် ပုဂ္ဂိုလ်တစ်ဦးဦးသည် ယင်းလုပ်ငန်းများဆောင်ရွက်ရန် ယခင်ဥပဒေများအရ လိုင်စင် ရယူရန် မလိုအပ်ခဲ့သော်လည်း ဆက်သွယ်ရေးဥပဒေနှင့် ဤနည်းဥပဒေများအရ လိုင်စင် ရယူရန်  လိုအပ်လာပါက အဆိုပါလုပ်ငန်းကို တရားဝင်ဆက်လက်ဆောင်ရွက်ရန် အတွက် ဦးစီးဌာနက လိုင်စင်လျှောက်ထားရန် ကြေညာသည့်နေ့ရက်မှ ရက်ပေါင်း ၁၈၀ အတွင်း သက်ဆိုင်ရာ လိုင်စင်ကို လျှောက်ထားရမည် -

(၁) ယင်းပုဂ္ဂိုလ်သည် လိုင်စင်လျှောက်ထားသည့်နေ့ရက်မှ ရက်ပေါင်း ၉၀ အတွင်း လုပ်ငန်းများကိုဆက်လက်ဆောင်ရွက်နိုင်သည်။ ဦးစီးဌာနသည် လျှောက်ထား ချက်ကို ခွင့်ပြုသည့် သို့မဟုတ် ငြင်းပယ်သည့် ဆုံးဖြတ်ချက်ကို အဆိုပါ ရက်ပေါင်း ၉၀ အတွင်း ချမှတ် ရမည်။

(၂) လိုင်စင်ရရှိပြီးနောက် လိုင်စင်တွင်ခွင့်ပြုထားသည့် လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်သော်လည်း လိုင်စင်တွင် ခွင့်ပြုထားခြင်းမရှိသည့် လုပ်ငန်းများကို ရပ်ဆိုင်း ရမည်။

(၃) လျှောက်ထားချက်ကို ငြင်းပယ်ခြင်းခံရခဲ့လျှင် ယင်းပုဂ္ဂိုလ်သည် လုပ်ငန်း ဆောင်ရွက်မှုများကို ရက်ပေါင်း ၃၀ အတွင်း ရပ်ဆိုင်းရမည်ဖြစ်ပြီး ငြင်းပယ်သည့် ဆုံးဖြတ်ချက်ကို နည်းဥပဒေ ၄၂ နှင့်အညီ အယူခံနိုင်သည်။

(စ) အများပြည်သူသုံး အင်တာနက် ဆိုင်ရာဝန်ဆောင်မှု (Public Access Center –PAC) လိုင်စင် သည် အသုံးချဝန်ဆောင်မှုလုပ်ငန်းလိုင်စင်တွင် အကျုံးဝင်သည်။

(ဆ) Wide Area Network အသုံးပြုကွန်ပျူတာကွန်ရက်ထူထောင်ခြင်း / ယင်းကွန်ရက် ထူ ထောင်၍ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် (WAN လိုင်စင်) သည် အောက်ပါလိုင်စင် အမျိုးအစားများတွင် အကျုံးဝင်သည်-

(၁) ကွန်ရက်အထောက်အကူပြုပစ္စည်းများကို တည်ထောင်၍ အမှန်တကယ် သုံးစွဲသူများ သို့မဟုတ် လိုင်စင်ရရှိသော အခြားသူများထံသို့ အများပြည်သူ ဆိုင်ရာ သို့မဟုတ် ပုဂ္ဂလိက ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများကို ဖြည့်ဆည်းပေး ရန်ဖြစ်ပါက ကွန်ရက် အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းလိုင်စင်-အထူး (Individual)၊

(၂) ကွန်ရက်အထောက်အကူပြုပစ္စည်းများကို တည်ထောင်၍ မိမိ၏အဖွဲ့အစည်း အတွင်း ဆက်သွယ်မှုအတွက်ကိုသာအသုံးပြုမည်ဆိုပါက ကွန်ရက်အထောက် အကူပြုဝန်ဆောင်မှုလုပ်ငန်းလိုင်စင်-သာမန် (Class)၊

(၃) လိုင်စင်ရရှိသော အခြားသူများထံမှ ဆက်သွယ်မှုပမာဏ (capacity) ကိုငှားရမ်း၍ အမှန်တကယ်သုံးစွဲသူများ သို့မဟုတ် လိုင်စင်ရရှိသောအခြားသူများသို့ အများ ပြည်သူဆိုင်ရာ သို့မဟုတ် ပုဂ္ဂလိက ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများကို ဖြည့်ဆည်းပေး ရန်ဖြစ်ပါက အသုံးချဝန်ဆောင်မှု လုပ်ငန်းလိုင်စင်။

၄၄။ အသွင်ကူးပြောင်းခြင်းဆိုင်ရာ အချိန်ကာလသတ်မှတ်ချက် ။ နည်းဥပဒေ ၄၃ တွင်ဖော်ပြထား သည့် သက်တမ်းမကုန်ဆုံးသေးသော လိုင်စင်ကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၈၅ နှင့် အညီ ဆက်သွယ်ရေးဥပဒေနှင့် ဤနည်းဥပဒေများအရ ထုတ်ပေးသည့် လိုင်စင်ဟု မှတ်ယူ ရမည်။ တည်ဆဲလိုင်စင်ရရှိသူအားလုံးသည် ဤနည်းဥပဒေများတွင်ဖော်ပြထားသော လိုင်စင် ထုတ်ပေး ခြင်းဆိုင်ရာ မူဘောင်သို့ဦးစီးဌာနမှ လိုင်စင်အသွင်ကူးပြောင်းရန် အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီး ၁၂ လ အတွင်း အသွင်ကူးပြောင်းရမည်။

၄၅။ အမိန့်ကြော်ငြာစာများ ။ တည်ဆဲလိုင်စင်တစ်ခုသည် ဆက်သွယ်ရေးဥပဒေအပြင် အခြားဥပဒေ တစ်ရပ်ရပ်အရ အကျုံးဝင်နေခဲ့လျှင် ဤနည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့် တစ်ပြေးညီ ဖြစ်စေမည့် အသွင်ကူးပြောင်းခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ယခင်အမိန့်ကြော်ငြာစာများကို ရုပ်သိမ်းသည့်ပြဋ္ဌာန်းချက်များပါဝင်သည့် အမိန့်ကြော်ငြာစာကို ဤနည်းဥပဒေများ စတင်အကျိုး သက်ရောက်သည့် နေ့ရက်မှ ရက်ပေါင်း ၉၀ အတွင်း ထုတ်ပြန်ရမည်။


မြတ်ဟိန်း၊
ပြည်ထောင်စုဝန်ကြီး၊
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊
ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန။