ဆက်သွယ်ရေးကဏ္ဍ၏ ပြိုင်ဆိုင်မှုဆိုင်ရာနည်းဥပဒေများ

DOWNLOAD

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန

(ဆက်သွယ်ရေးကဏ္ဍ၏ ပြိုင်ဆိုင်မှုဆိုင်ရာနည်းဥပဒေများ)
အမိန့်ကြော်ငြာစာအမှတ် (၂၁/၂၀၁၅)

၁၃၇၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက်

(၂၀၁၅ ခုနှစ်၊ ဇွန်လ ၉ ရက်)


ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနသည် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၈၈၊ ပုဒ်မခွဲ (က) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဤနည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။

အခန်း (၁)
အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤနည်းဥပဒေများကို ဆက်သွယ်ရေးကဏ္ဍ၏ ပြိုင်ဆိုင်မှုဆိုင်ရာနည်းဥပဒေများဟု ခေါ်တွင်စေရမည်။

၂။ ဤနည်းဥပဒေများတွင်ပါရှိသော စကားရပ်များသည် ဆက်သွယ်ရေးဥပဒေတွင် ပါရှိသည့်အတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည်။ ထို့ပြင် အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည်-

(က) သဘောတူညီချက် ဆိုသည်မှာ ဥပဒေအရ အကျိုးသက်ရောက်မှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လုပ်ငန်းများအကြားပြုလုပ်ထားသည့်စာချုပ်၊ အစီအစဉ် သို့မဟုတ် နားလည်မှု ပုံစံတစ်ရပ်ရပ်ဖြစ်ပြီး ၎င်းတွင် အသင်းအဖွဲ့တစ်ခုနှင့် ပူးပေါင်းဆောင်ရွက် မှုများက ပြုလုပ်သည့် ဆုံးဖြတ်ချက်တစ်ရပ် ပါဝင် သည်။

(ခ) အတွဲလိုက်ဝန်ဆောင်မှုများကမ်းလှမ်းခြင်း (Bundle Services Offer) ဆိုသည်မှာ ဝန်ဆောင်မှု တစ်တွဲလုံးကိုလက်ခံမှသာ အတွဲလိုက်ဝန်ဆောင်မှုအတွင်းရှိ တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော ဝန်ဆောင်မှုလုပ်ငန်းများ၏ အတွဲလိုက်နှုန်းထား သို့မဟုတ် နှုန်းထားပုံသေနည်းအရ တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသော လိုင်စင်ရရှိသူများက အတွဲလိုက်ဖြည့်ဆည်းဆောင်ရွက်ပေးသည့် ဆက်သွယ်ရေး ဝန်ဆောင်မှု ကမ်းလှမ်း ချက်ကို ဆိုသည်။

(ဂ) ပူးပေါင်းဆောင်ရွက်မှု (Concerted Practice) ဆိုသည်မှာ လုပ်ငန်းများအကြား တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ဆက်သွယ်မှုတို့ပါဝင်ပြီး အောက်ပါရည်ရွယ်ချက် သို့မဟုတ် အကျိုးသက်ရောက်မှုရှိ သည့် လုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်မှု ပုံစံတစ်မျိုး မျိုးကို ဆိုသည်-

(၁) ဈေးကွက်တစ်ခုအတွင်း တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော လုပ်ငန်းများ၏ လုပ်ဆောင်မှုအပေါ် ဩဇာသက်ရောက်မှုရှိရန်၊ သို့မဟုတ်

(၂) ပြိုင်ဆိုင်မှု၏ ပုံမှန်စည်းကမ်းချက်များအရ ထုတ်ဖော်လေ့မရှိသော အခြေအနေ မျိုးတွင် လုပ်ငန်းတစ်ခုက ဈေးကွက်တစ်ခုတွင် လက်ခံကျင့်သုံးရန် ဆုံးဖြတ်ထား သည့် သို့မဟုတ် လက်ခံကျင့်သုံးရန် စဉ်းစားလျက်ရှိသည့် လုပ်ဆောင်မှု နည်းလမ်းကို ထုတ်ဖော်ပြသရန်။

(ဃ) အသုံးပြုသူ (Consumer) ဆိုသည်မှာ လုပ်ငန်းဆောင်ရွက်ရာတွင် လိုင်စင်ရရှိသူက ထောက်ပံ့ပေးသော ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ သို့မဟုတ် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းတစ်ခုခုနှင့် တွဲဖက်အသုံးပြုရသည့် ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အသုံးပြုသူကိုဆိုပြီး ၎င်းတွင် လက်ကားစနစ်ကို အခြေခံ၍သော်လည်းကောင်း၊ နောက်ဆုံးအသုံးပြုသူ အဖြစ်သော် လည်းကောင်း ထောက်ပံ့ပေးသည့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ သို့မဟုတ် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုခုနှင့် တွဲဖက်အသုံးပြုရသည့် ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှု တစ်ခုခုကို ဝယ်ယူသည့် လိုင်စင်ရရှိသောအခြားသူတစ်ဦးလည်း ပါဝင်သည်။

(င) လုပ်ဆောင်မှု (Conduct) ဆိုသည်မှာ ဈေးကွက်တစ်ခုတွင် ပြိုင်ဆိုင်မှုအခြေအနေကို အမှန်တကယ် သက်ရောက်စေသည့် သို့မဟုတ် သက်ရောက်စေရန် အလားအလာရှိသည့် လုပ်ဆောင်မှုတစ်ခုခုကို ဆောင်ရွက်ခြင်း သို့မဟုတ် ဆောင်ရွက်မှုမရှိခြင်းကို ဆိုသည်။

(စ) အကျိုးသက်ရောက်မှု ဆိုသည်မှာ လုပ်ဆောင်မှုသည် ဈေးကွက်တစ်ခုတွင် လွတ်လပ်စွာ ပြိုင်ဆိုင်မှု သဘောသဘာဝကို ကြီးမားစွာ ပျက်ပြားစေရန် ဦးတည်နေခြင်း သို့မဟုတ် ဦးတည်နိုင်ခြင်းကို ဆိုသည်။

(ဆ) လွတ်လပ်စွာ ပြိုင်ဆိုင်မှုသဘောသဘာဝကို ပျက်ပြားစေခြင်း ဆိုသည်မှာ သက်ဆိုင်ရာ ဈေးကွက်တစ်ခုတွင် လိုင်စင်ရရှိသူအချင်းချင်း အမှန်တကယ်ပြိုင်ဆိုင်မှု သို့မဟုတ် ဖြစ်လာနိုင်သော ပြိုင်ဆိုင်မှု အတိုင်းအတာကို သိသိသာသာလျော့နည်းစေခြင်းကိုဆိုပြီး လိုင်စင်ရရှိသူတစ်ဦးအတွက် ဈေးကွက် ကြီးစိုးအင်အားကို သိသိသာသာတိုးမြင့်စေသည့် လုပ်ဆောင်မှုသည် လွတ်လပ်စွာ ပြိုင်ဆိုင်မှုကို လျော့နည်းစေသည်ဟု မှတ်ယူရမည်။

(ဇ) နေ့ရက် ဆိုသည်မှာ အပြည်ပြည်ဆိုင်ရာ ပြက္ခဒိန်အရ ရေတွက်သောနေ့ရက်ကို ဆိုသည်။ ဤနည်းဥပဒေများတွင် သတ်မှတ်ဖော်ပြထားသည့် အချိန်ကာလ အပိုင်အခြားတစ်ခုကို တွက်ချက်ရာ တွင်-

(၁) သတ်မှတ်အချိန်ကာလ စတင်သည့်နေ့ရက်ကို ထည့်သွင်းတွက်ချက်ခြင်းမပြု။

(၂) သတ်မှတ်အချိန်ကာလ၏ နောက်ဆုံးနေ့ရက်သည် စနေ၊ တနင်္ဂနွေ သို့မဟုတ် ရုံးပိတ်ရက်ဖြစ်ခဲ့လျှင် ၎င်းကာလကို စနေ၊ တနင်္ဂနွေ သို့မဟုတ် ရုံးပိတ်ရက် မဟုတ်သည့် အနီးဆုံးနေ့ရက်သို့ တိုးပေးရ မည်။

(၃) ဦးစီးဌာန သို့မဟုတ် အခြားအခွင့်အာဏာရှိသူသည် တင်ပြချက်တစ်ခု၏ သတ်မှတ်ကာလ နောက်ဆုံးနေ့ရက်တွင် တစ်ရက်လုံး သို့မဟုတ် အချိန်ပိုင်းကို ပိတ်လိုက်သည့်အခါ သတ်မှတ်ကာလကို ဦးစီးဌာန သို့မဟုတ် ယင်းသို့ အခွင့်အာဏာရှိသူက ဖွင့်လှစ်သည့် အနီးဆုံးနေ့ရက်သို့ တိုးမြှင့်ပေးရမည်။

(ဈ) ဈေးကွက်လွှမ်းမိုးမှုအနေအထား သို့မဟုတ် ဈေးကွက်လွှမ်းမိုးမှု ဆိုသည်မှာ လုပ်ငန်းတစ်ခုသည် တစ်ဦးချင်းဖြစ်စေ၊ အခြားလုပ်ငန်းများနှင့် ပူးပေါင်း၍ဖြစ်စေ ပြိုင်ဆိုင်သူများနှင့် အသုံးပြုသူများအပေါ် သိသာသော အတိုင်းအတာတစ်ခုအထိ လွတ်လပ်စွာပြုမူဆောင်ရွက်နိုင်သည့် စီးပွားရေးအင်အားကို ရရှိထားသည့် အခြေအနေ တစ်ရပ်ကို ဆိုသည်။

(ည) လုပ်ငန်း (Enterprise) ဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးဦးက ဆောင်ရွက်နေသည့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ သို့မဟုတ် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း တစ်ခုခုနှင့် တွဲဖက်အသုံးပြုရသည့်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများနှင့် သက်ဆိုင် သည့် လုပ်ငန်းကို ဆိုသည်။

(ဋ) အဓိကအထောက်အကူပြုပစ္စည်းများ (Essential Facilities) ဆိုသည်မှာ ဦးစီးဌာနက အခါအားလျော်စွာ ပြင်ဆင်၍ ထုတ်ပြန်ကြေညာသည့် နောက်ဆက်တွဲ ဇယား (၂) ပါ အထောက်အကူပြုပစ္စည်းများကို ဆိုသည်။

(ဌ) ရေပြင်ညီသဘောတူညီချက် (Horizontal Agreement) ဆိုသည်မှာ ထုတ်လုပ်မှု သို့မဟုတ် ဖြန့်ဖြူးမှုလုပ်ငန်းစဉ်အတွင်း တူညီသော အဆင့်တွင် လုပ်ကိုင်ဆောင်ရွက် နေကြသော လုပ်ငန်းများ အကြားပြုလုပ်သော သဘောတူညီချက်တစ်ရပ်ကို ဆိုသည်။

(ဍ) ဖောက်ဖျက်မှု ဆိုသည်မှာ ဆက်သွယ်ရေးဥပဒေ၊ ဤနည်းဥပဒေများ၊ လိုင်စင်ပါ စည်းကမ်းချက်များအရ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်းကို ဆိုသည်။

(ဎ) လိုင်စင်ရရှိသူ ဆိုသည်မှာ ဆက်သွယ်ရေးဥပဒေအရ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း ဖြည့်ဆည်းဆောင်ရွက်ပေးရန်အတွက် လိုင်စင်တစ်ခု သို့မဟုတ် အခြားခွင့်ပြုချက်ကို ရရှိထားသော လုပ်ငန်းတစ်ခုကို ဆိုသည်။

(ဏ) ဈေးကွက်ကြီးစိုးအင်အား (Market Power) ဆိုသည်မှာ ပြိုင်ဆိုင်မှုတွင် လက်ရှိနှုန်း ထားထက်ကျော်လွန်၍ နှုန်းထားများကို အမြတ်အစွန်းရရှိအောင် တိုးမြှင့်နိုင်ခြင်းနှင့် ထိန်းထားနိုင်ခြင်းရှိသော လုပ်ငန်းတစ်ခု သို့မဟုတ် လုပ်ငန်းအဖွဲ့၏ စွမ်းဆောင်နိုင်မှုကို ဆိုသည်။

(တ) ပုဂ္ဂိုလ် ဆိုသည်မှာ လူပုဂ္ဂိုလ်၊ ဌာန၊ အဖွဲ့အစည်း ကို ဆိုသည်။

(ထ) နှုန်းထား ဆိုသည်မှာ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုခု သို့မဟုတ် ဆက်သွယ် ရေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုခုနှင့် တွဲဖက်အသုံးပြုရသည့်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများကို ဖြည့်ဆည်းပေးရာတွင် အမှန်တကယ်ပေးသည့် ဝန်ဆောင်မှုအတွက် ပေးချေရသည့်နှုန်းထား သို့မဟုတ် ကြော်ငြာထားသည့်နှုန်းထားကို ဆိုသည်။

(ဒ) သက်ဆိုင်သောဝင်ငွေ ဆိုသည်မှာ လိုင်စင်ရရှိသူက အမှန်တကယ် သုံးစွဲသူနှင့် လိုင်စင် ရရှိသော အခြားသူများသို့ ဆက်သွယ်ရေးဝန်ဆောင်မှုများပေးခြင်းဖြင့် ရရှိမည့်ဝင်ငွေမှ ထိုကဲ့သို့ ဝန်ဆောင်မှု ပေးရန်အတွက် လုပ်ဆောင်ရသည့် အပြန်အလှန် ဆက်သွယ်မှု၊ ချိတ်ဆက်မှု သို့မဟုတ် လက်ကားနှုန်းဖြင့် ရယူထားသော ဝန်ဆောင်မှုများအတွက် လိုင်စင်ရရှိသော အခြားသူများသို့ ပေးချေရမည့် စရိတ်စကများကို နုတ်ပယ်၍ ကျန်ရှိ သော ဝင်ငွေအပိုင်းကို ဆိုသည်။

(ဓ) ထောက်ပံ့ခြင်း ဆိုသည့် စကားရပ်တွင် အောက်ပါတို့ ပါဝင်သည်-

(၁) ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းများနှင့် ပတ်သက်၍ ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ ငှားရမ်းခြင်း သို့မဟုတ် ငှားဝယ်စနစ် ဆောင်ရွက်ခြင်းအရ ပြုလုပ်သည့် ထောက်ပံ့ခြင်းနှင့် စဉ်ဆက်မပြတ် ထောက်ပံ့ခြင်း၊

(၂) ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ရောင်းချခြင်း၊ ခွင့်ပြုခြင်း သို့မဟုတ် ဝန်ဆောင်မှုများကို ပေးအပ်ခြင်း။

(န) ဒေါင်လိုက်သဘောတူညီချက် (Vertical Agreement) ဆိုသည်မှာ ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုလုပ်ငန်းစဉ်အတွင်း မတူညီသောအဆင့်အမျိုးမျိုး၌ လုပ်ကိုင်ဆောင်ရွက်လျက် ရှိသော လုပ်ငန်းများအကြား ပြုလုပ်သော သဘောတူညီချက်တစ်ရပ်ကို ဆိုသည်။

(ပ) လွှဲပြောင်းလုပ်ငန်းရပ် (Transaction) ဆိုသည်မှာ လိုင်စင်အရ ၎င်း၏ အခွင့်အရေးများ၊ အလုပ်တာဝန်များ၊ ဥပဒေအရပေးရန်တာဝန်များ၊ ဝတ္တရားများနှင့်အခွင့်ထူးများအား အခြားအဖွဲ့အစည်းတစ်ရပ်သို့ ပေးအပ်ခြင်း၊ လွှဲပြောင်းခြင်း၊ တစ်ဆင့်ငှားရမ်းခြင်း သို့မဟုတ် တစ်နည်းတစ်ဖုံ စီစဉ်နေရာချထားခြင်းနှင့် လိုင်စင်ရသူတစ်ဦး၏ လွှမ်းမိုးပိုင်ခွင့် ကို ပြောင်းလဲအောင် လုပ်ဆောင်ခြင်းကို ဆိုသည်။

(ဖ) လွှမ်းမိုးပိုင်ခွင့် ဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးဦးသည် အခြားအဖွဲ့အစည်းတစ်ခုတွင် မဲပေး ပိုင်ခွင့်၊ အဖွဲ့ဝင်ပိုင်ဆိုင်ခွင့် သို့မဟုတ် အစုစပ်ပိုင်ဆိုင်ခွင့်၏ ၅၀ ရာခိုင်နှုန်းထက်ပိုမိုသော ပမာဏကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပိုင်ဆိုင်ထားသည့် ပိုင်ဆိုင်မှု အခြေအနေ သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးအား အောက်ပါအခြေအနေ တစ်ရပ်ရပ်ကိုဖြစ်စေ၊ အားလုံးကို ဖြစ်စေ ဆောင်ရွက်နိုင်ခွင့်ရစေသည့် ပိုင်ဆိုင်မှု အခြေအနေကို ဆိုသည်-

(၁) အခြားအဖွဲ့အစည်းတစ်ခု၏ ဒါရိုက်တာအဖွဲ့ သို့မဟုတ် စီမံခန့်ခွဲမှု ကော်မတီ၏ ၅၀ ရာခိုင်နှုန်း အထက်ကို ခန့်ထားနိုင်ခြင်း၊

(၂) အခြားအဖွဲ့အစည်းတစ်ခု၏ နေ့စဉ်လုပ်ငန်းများကို ကွပ်ကဲသော အဆင့်မြင့် အမှုဆောင်အရာရှိများအား ခန့်ထားခြင်း၊ အဆင့်တိုးမြှင့်ပေးခြင်း၊ အဆင့်ချထား ခြင်းနှင့် ထုတ်ပယ်ခြင်းတို့ကို ဆောင်ရွက် နိုင်ခြင်း၊

(၃) အခြားအဖွဲ့အစည်းတစ်ခု၏အရေးကြီးသော ရင်းနှီးမြှုပ်နှံမှု၊ အုပ်ချုပ်မှု သို့မဟုတ် စီမံခန့်ခွဲမှုဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်ခြင်း၊

(၄) အခြားအဖွဲ့အစည်းတစ်ခု၏ စီမံခန့်ခွဲမှု ဆုံးဖြတ်ချက်များကို ချမှတ်ရာတွင် အဓိကကျသော နေရာ မှ ပါဝင်ခြင်း၊

(၅) အခြားအဖွဲ့အစည်းတစ်ခု၏ နေ့စဉ်လုပ်ငန်းဆောင်ရွက်မှုများကို စီမံခန့်ခွဲနိုင်ခြင်း၊

(၆) အခြားအဖွဲ့အစည်းတစ်ခုက ဖြည့်ဆည်းပေးသော ဝန်ဆောင်မှု၏ သဘောသဘာဝ သို့မဟုတ် ဝန်ဆောင်မှုပုံစံ၊ စည်းကမ်းသတ်မှတ်ချက်များ၊ နှုန်းထားများကို ဆုံးဖြတ်ရာတွင် သိသိသာသာ လွှမ်းမိုး မှုပြုနိုင်ခြင်း။

(ဗ) ကြိုတင်ပြုလုပ်ထားသော လုပ်ငန်းစဉ် (Pro Forma Transaction) ဆိုသည်မှာ လိုင်စင်တစ်ခုအရ သတ်မှတ်ထားသော အခွင့်အရေးများ၊ အလုပ်တာဝန်များ၊ ဥပဒေ အရပေးရန်တာဝန်များ၊ ဝတ္တရား များနှင့် အခွင့်ထူးများကို အောက်ပါအတိုင်း ပေးအပ်ခြင်း၊ လွှဲပြောင်းခြင်း၊ တစ်ဆင့်ငှားရမ်းခြင်း သို့မဟုတ် တစ်နည်းတစ်ဖုံ စီစဉ်နေရာ ချထားခြင်းကို ဆိုသည်-

(၁) ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသော ပုဂ္ဂိုလ်များ၏ သက်ဆိုင်ရာ ပိုင်ဆိုင်ခွင့်များကို တစ်စုံတစ်ရာ မပြောင်းလဲစေဘဲ အဆိုပါပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသော ပုဂ္ဂိုလ်များထံမှ ယင်းတို့ ပိုင်ဆိုင်သည့် သို့မဟုတ် ထိန်းချုပ်ထားသည့် အခြားလုပ်ငန်းအဖွဲ့အစည်းတစ်ခုထံသို့ လည်းကောင်း၊

(၂) ပိုင်ဆိုင်ခွင့်များ စီစဉ်နေရာချထားခြင်းအပေါ် ပြောင်းလဲမှု တစ်စုံတစ်ရာ မရှိစေဘဲ ကုမ္ပဏီ အဖွဲ့အစည်းတစ်ခုမှ ရှယ်ယာရှင်များထံသို့ လည်းကောင်း၊

(၃) ကုမ္ပဏီအဖွဲ့အစည်းတစ်ခုထံမှ အဆိုပါ ကုမ္ပဏီအဖွဲ့အစည်းက အပြည့်အဝ ပိုင်ဆိုင်သော လက်အောက်ခံအဖွဲ့အစည်းတစ်ခုထံသို့လည်းကောင်း သို့မဟုတ် အပြန်အလှန်အားဖြင့် လက်အောက်ခံ အဖွဲ့အစည်းတစ်ခုမှ ပင်မကုမ္ပဏီအဖွဲ့ အစည်းထံသို့လည်းကောင်း၊

(၄) စုပေါင်းပိုင်ဆိုင်သည့် ကုမ္ပဏီတစ်ခုတည်း၏ လက်အောက်ခံအဖွဲ့အစည်းအချင်း ချင်း တစ်ခုမှတစ်ခုထံသို့ လည်းကောင်း၊

(၅) သက်ဆိုင်ရာ ပိုင်ဆိုင်ခွင့်များကို သိသာစွာ ပြောင်းလဲမှုမရှိစေဘဲ လွှဲအပ်သူ၏ ရှယ်ယာရှင်များက ပိုင်ဆိုင်သည့် သို့မဟုတ် ထိန်းချုပ်ထားသည့် ကုမ္ပဏီ အဖွဲ့ အစည်းအချင်းချင်းတစ်ခုမှ အခြားတစ်ခုထံသို့ လည်းကောင်း။

(ဘ) ဝန်ဆောင်ခနှုန်းထား ဆိုသည်မှာ ဝန်ဆောင်မှုတစ်ခုအတွက် စည်းကမ်းချက်များနှင့် အညီ သတ်မှတ်ထားသည့်နှုန်းထားကို ဆိုသည်။

(မ) ပြိုင်ဆိုင်မှုဆိုင်ရာ အာဏာပိုင်အဖွဲ့ ဆိုသည်မှာ ယှဉ်ပြိုင်မှု ဥပဒေအရ ဖွဲ့စည်းသော မြန်မာနိုင်ငံ ယှဉ်ပြိုင်မှု ကော်မရှင်ကို ဆိုသည်။

အခန်း (၂)
လွတ်လပ်စွာ ပြိုင်ဆိုင်မှုသဘောသဘာဝကို ပျက်ပြားစေသည့် လုပ်ဆောင်မှု

၃။ လွတ်လပ်စွာ ပြိုင်ဆိုင်မှုသဘောသဘာဝကို ပျက်ပြားစေသည့် လုပ်ဆောင်မှုကို သုံးသပ်ရန် ဦးစီးဌာန ၏ အခွင့်အာဏာ

(က) ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၅ ပါပြဋ္ဌာန်းချက်အရ လိုင်စင်ရရှိသူများသည် ဆက်သွယ်ရေး ဈေးကွက်အတွင်း လွတ်လပ်စွာပြိုင်ဆိုင်မှု သဘောသဘာဝကို ပျက်ပြားစေသည့် မည်သည့်လုပ်ဆောင်မှု မျိုးကိုမျှ လုပ်ဆောင်ခြင်းမပြုရ။

(ခ) ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၃၈ အရ ဆက်သွယ်ရေးဈေးကွက်အတွင်း လွတ်လပ်စွာ ပြိုင်ဆိုင်မှု သဘောသဘာဝကို ပျက်ပြားစေသည့် လိုင်စင်ရရှိသူတစ်ဦး၏ လုပ်ဆောင်မှု များနှင့် စပ်လျဉ်း၍ ဦးစီးဌာနသည် ဤနည်းဥပဒေများ အခန်း ၅ နှင့်အညီ စုံစမ်းစစ်ဆေး ပြီးနောက် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၅၇ ပါ စီမံခန့်ခွဲရေးနည်းလမ်းအရ သင့်လျော် သည်ဟုယူဆသည့် အရေးယူဆောင်ရွက်မှုကို ပြုလုပ်နိုင်သည်။

၄။ လွတ်လပ်စွာ ပြိုင်ဆိုင်မှုသဘောသဘာဝကို ပျက်ပြားစေခြင်းနှင့် စပ်လျဉ်းသည့် လမ်းညွှန်ချက်များ

(က) လုပ်ဆောင်မှုတစ်ရပ်ရပ်သည် လွတ်လပ်စွာပြိုင်ဆိုင်မှုသဘောသဘာဝကို ပျက်ပြား စေခြင်း ရှိ မရှိ ကို စိစစ်ရာတွင် ဦးစီးဌာနသည် အောက်ပါတို့ကို ထည့်သွင်းစဉ်းစားရမည်-

(၁) ဤနည်းဥပဒေများ အခန်း ၄ တွင် ဖော်ပြထားသော ဈေးကွက်ဆန်းစစ်မှုဆိုင်ရာ နည်းလမ်းကို ကျင့်သုံးလျက် သက်ဆိုင်ရာ ဈေးကွက် သို့မဟုတ် ဈေးကွက်များ၏ သတ်မှတ်ချက်၊

(၂) လုပ်ဆောင်မှုကြောင့် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုများကို ရယူသုံးစွဲခြင်း၊ နှုန်းထားသတ်မှတ်ခြင်း အပါအဝင် အသုံးပြုသူများအပေါ်သက်ရောက်မှု၊

(၃) သတ်မှတ်ထားသော ဈေးကွက် သို့မဟုတ် ဈေးကွက်များတွင် လုပ်ဆောင်မှု ကြောင့် လက်ရှိ ပြိုင်ဆိုင်သူများ (competitors) အပေါ်သက်ရောက်မှု၊

(၄) လုပ်ဆောင်မှုကြောင့် ဈေးကွက်သို့ အသစ်ဝင်ရောက်လာသူများအပေါ် သက်ရောက်မှု၊

(၅) အသုံးပြုသူများ သို့မဟုတ် ပြိုင်ဆိုင်သူများ (competitors) ကို သိသာစွာ ထိခိုက်စေသည့် ပြိုင်ဆိုင်မှုဖြင့် နှောင့်ယှက်မှု အတိုင်းအတာ။

(ခ) လုပ်ဆောင်မှုတစ်ခုသည် နည်းဥပဒေခွဲ (က)၊ နည်းဥပဒေခွဲငယ် (၅) ပါ အမျိုးအစားတွင် ပါဝင်ခြင်းရှိမရှိကို ဆုံးဖြတ်ရာတွင် ဦးစီးဌာနသည်-

(၁) ဤနည်းဥပဒေများ အခန်း ၄ တွင် ပြဋ္ဌာန်းချက်နှင့်အညီ ဈေးကွက်သတ်မှတ်ချက် နှင့် ဈေးကွက်ကြီးစိုးအင်အားကို ဆန်းစစ်၍ လိုင်စင်ရရှိသူ၏ဈေးကွက်ကြီးစိုး အင်အား ပမာဏကို ထည့်သွင်းစဉ်းစား ရမည်။

(၂) ဈေးကွက်လွှမ်းမိုးမှု အနေအထားတွင်ရှိသည်ဟု မှတ်ယူနိုင်သည့် လိုင်စင်ရရှိသူ တစ်ဦး၏ လုပ်ဆောင်ချက်ကြောင့် ဖြစ်ပေါ်လာသောနှောင့်ယှက်မှု သို့မဟုတ် နစ်နာစေမှုသည် ပမာဏအားဖြင့် နည်းပါးသော်လည်း လွတ်လပ်စွာ ပြိုင်ဆိုင်မှု သဘောသဘာဝကို ပျက်ပြားစေသည်ဟု မှတ်ယူနိုင်သည်။

(၃) ဆက်သွယ်ရေးဥပဒေ သို့မဟုတ် ဤအခန်းအရ ဈေးကွက်လွှမ်းမိုးမှုအနေအထား တွင်ရှိသည့် လုပ်ငန်းတစ်ခုအား စီးပွားရေးအရ ကျိုးကြောင်းဆီလျော်မှုရှိသော မည်သည့်လုပ်ဆောင်မှုကိုဖြစ်စေ၊ ဈေးကွက်သို့ အသစ်ဝင်ရောက်လာခြင်း သို့မဟုတ် ပြိုင်ဆိုင်သူ (competitor) တစ်ဦး၏ ဈေးကွက်ဆိုင်ရာ လုပ်ဆောင် ချက်အပေါ် စီးပွားရေးအရ ကျိုးကြောင်းဆီလျော်မှုရှိသော တုံ့ပြန်ဆောင်ရွက်မှုကို ကိုယ်စားပြုသည့် မည်သည့်လုပ်ဆောင်မှုကိုဖြစ်စေ ဆောင်ရွက်ခြင်းမှ တားမြစ်ခြင်းမရှိပါ။

၅။ လွတ်လပ်စွာ ပြိုင်ဆိုင်မှုသဘောသဘာဝကို ပျက်ပြားစေသည်ဟု ယူဆသည့် လုပ်ဆောင်မှု

(က) ဦးစီးဌာနက စုံစမ်းစစ်ဆေးမှု ပြုလုပ်နေစဉ်အတွင်း လိုင်စင်ရရှိသူတစ်ဦးက ထုတ်ဖော် ပြသသည့် အခြားဖော်ပြချက်များကို ထည့်သွင်းစဉ်းစားလျက် အောက်ဖော်ပြပါ လုပ်ဆောင်မှုများသည် လွပ်လပ်စွာ ပြိုင်ဆိုင်မှု သဘောသဘာဝကို ပျက်ပြားစေသည်ဟု ယူဆရမည်-

(၁) ခိုင်လုံသည့်အကြောင်းပြချက်များမှအပ စာချုပ်ချုပ်ဆိုသူများအကြား ပြုလုပ်သည့် အပြန်အလှန် ဆက်သွယ်ခြင်း သို့မဟုတ် အခြားသဘောတူညီချက် တစ်ရပ်ရပ်နှင့် အညီဖြစ်စေ၊ ဆက်သွယ်ရေးဥပဒေ၊ ချိတ်ဆက်အသုံးပြုခြင်းနှင့် အပြန်အလှန် ဆက်သွယ်ခြင်းဆိုင်ရာ နည်းဥပဒေများအရ ဝန်ကြီးဌာန သို့မဟုတ် ဦးစီးဌာနက ထုတ်ပြန်သည့် နည်းဥပဒေ၊ အမိန့် သို့မဟုတ် ညွှန်ကြားချက် တစ်ခုခုနှင့်အညီ ဖြစ်စေ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ သို့မဟုတ် အဓိက အထောက် အကူပြုပစ္စည်းများနှင့် ချိတ်ဆက်အသုံးပြုခြင်း သို့မဟုတ် အပြန်အလှန် ဆက်သွယ်ခြင်းတို့ကို ပြိုင်ဆိုင်မှုပြုနေသည့် လိုင်စင် ရရှိသူတစ်ဦးအား ထောက်ပံ့ရန် ပျက်ကွက်ခြင်း၊

(၂) ခိုင်လုံသည့် အကြောင်းပြချက်များမှအပ ပြိုင်ဆိုင်မှု ပြုနေသည့် လိုင်စင်ရရှိသူများ ကို ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ သို့မဟုတ် အခြားသော အဓိက အထောက်အကူပြုပစ္စည်းများသို့ ချိတ်ဆက်အသုံးပြုခြင်း သို့မဟုတ် အပြန်အလှန် ဆက်သွယ်ခြင်းကို ဖြည့်ဆည်း ဆောင်ရွက် ပေးရာတွင် ခွဲခြားမှုရှိခြင်း၊

(၃) သက်ဆိုင်ရာလိုင်စင်ရရှိသူက ပြိုင်ဆိုင်မှုပြုနေသည့် လိုင်စင်ရရှိသူအား ဝန်ဆောင်မှုတစ်ခု ထောက်ပံ့ခြင်းပြုရာတွင် စည်းကမ်းချက်တစ်ရပ်အဖြစ် ထည့်သွင်းလျက် ပြိုင်ဆိုင်မှုပြုနေသည့် လိုင်စင်ရရှိသူမလိုအပ်သည့် ဝန်ဆောင်မှု တစ်ခုကို ရယူစေခြင်းဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများအား တွဲဖက် စုစည်းခြင်း၊

(၄) ပြိုင်ဆိုင်မှုပြုနေသည့် လိုင်စင်ရရှိသူက မလိုအပ်သည့် အခြားဝန်ဆောင်မှု တစ်ခုကို ရယူမည်ဆိုပါက အကြောင်းပြချက် ခိုင်လုံမှုမရှိသော ကွဲပြားသည့် စရိတ်နှုန်း ထားများဖြင့် ဘက်လိုက်သည့် စည်းကမ်းချက်များကို အဆိုပါ ပြိုင်ဆိုင်မှုပြုနေ သည့် လိုင်စင်ရရှိသူအား ကမ်းလှမ်းခြင်း၊

(၅) အဓိကအထောက်အကူပြုပစ္စည်းများ သို့မဟုတ် ရှားပါးအရင်းအမြစ်များအား လိုင်စင်ရရှိသော အခြားသူတစ်ဦး အသုံးပြုခြင်းကို ငြင်းပယ်ခြင်းကြောင့် ဖြစ်ပေါ် လာသည့် အကျိုးသက်ရောက်မှုနှင့်အတူ လိုင်စင်ရရှိသော အခြားသူတစ်ဦးက ယင်း၏ ဝန်ဆောင်မှုကို ဖြည့်ဆည်းပေးရာတွင် လိုအပ်သော လမ်းအသုံးပြုခွင့် သို့မဟုတ် အဆောက်အအုံများအတွင်း ဆက်သွယ်ရေးစနစ်များ ချိတ်ဆက်သွယ် တန်းခွင့်အပါအဝင် အဓိကအထောက်အကူပြုပစ္စည်းများကို လက်ဦးမှုရယူကာ လက်ဝယ်ရရှိအောင် ပြုလုပ်ခြင်း သို့မဟုတ် ထိန်းသိမ်းထားခြင်း၊

(၆) ဦးစီးဌာနက ချမှတ်သည့် ရေရှည်ပျမ်းမျှ ပုံမှန်တိုးတက်သည့် ကုန်ကျစရိတ်များ သို့မဟုတ် အခြား အလားတူစရိတ် စံနှုန်းများထက် နိမ့်သည့် နှုန်းထားဖြင့် ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ဖြည့်ဆည်း ပေးခြင်း၊

(၇) ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၂၉၊ ပုဒ်မခွဲ (ခ) နှင့်အညီ သက်ဆိုင်ရာ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများအတွက် ဦးစီးဌာနက ခွင့်ပြုသော ဝန်ဆောင်ခနှုန်းထား အစီအစဉ်တွင် အတိအလင်း ဖော်ပြထားသော ပံ့ပိုးဆောင်ရွက်သည့် ကိစ္စရပ်မှအပ ဆက်သွယ်ရေးဝန်ဆောင်မှုတစ်ခုမှရရှိသည့် ဝင်ငွေ သို့မဟုတ် ခွဲဝေအသုံးစရိတ်ကို အခြားဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုသို့ ငွေကြေး ထောက်ပံ့ရာတွင် အသုံးပြုခြင်း၊

(၈) ချိတ်ဆက်အသုံးပြုခြင်းနှင့် အပြန်အလှန်ဆက်သွယ်ခြင်းဆိုင်ရာ တာဝန်များနှင့် စပ်လျဉ်း၍ ဦးစီးဌာန၏ဆုံးဖြတ်ချက်၊ ညွှန်ကြားချက် သို့မဟုတ် လမ်းညွှန်ချက်ကို လိုက်နာရန် ပျက်ကွက်ခြင်း၊

(၉) ပြိုင်ဆိုင်မှုပြုနေသည့်လိုင်စင်ရရှိသူ၏ ဆက်သွယ်ရေးဈေးကွက်သို့ ဝင်ရောက်ခြင်း သို့မဟုတ် ဈေးကွက်ချဲ့ထွင်ခြင်းကို တားဆီးမှု သို့မဟုတ် ပိတ်ပင်ဟန့်တားမှုကို ဖြစ်စေသည့် အောက်ပါဆောင်ရွက် ချက်တစ်ရပ်ရပ်ကို လုပ်ဆောင်ခြင်း-

(ကက)ပြိုင်ဆိုင်မှုပြုနေသည့်လိုင်စင်ရရှိသူ လိုအပ်သော လက်ကားဆက်သွယ် ရေးဝန်ဆောင်မှုလုပ်ငန်းများအတွက် နှုန်းထားများကို တိုးမြှင့်ခြင်းဖြင့် လည်းကောင်း၊ ယင်းတို့အချင်းချင်းပြိုင်ဆိုင် လျက်ရှိသော လက်လီ ဈေးကွက်များတွင် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများ၏နှုန်းထား များကို လျှော့ချခြင်းဖြင့်လည်းကောင်း၊ နှစ်မျိုးလုံးကို ဆောင်ရွက်ခြင်းဖြင့် လည်းကောင်း သက်ဆိုင်ရာလိုင်စင် ရရှိသူထံမှ လက်ကားဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများကို ရယူလိုသည့် ပြိုင်ဆိုင်မှုပြုနေသည့် လိုင်စင် ရရှိသူတစ်ဦးရရှိခံစားနိုင်သော အမြတ်အစွန်းကို နည်းပါးစေရန် တမင် သက်သက် ဆောင်ရွက်ခြင်း၊

(ခခ) ပြိုင်ဆိုင်မှုပြုနေသည့်လိုင်စင်ရရှိသူ တစ်ဦးထံရောင်းချခြင်း မပြုရန် ထောက်ပံ့သူတစ်ဦးအား တောင်းဆိုခြင်း သို့မဟုတ် ဖြားယောင်း သွေးဆောင်ခြင်း၊

(ဂဂ) ပြိုင်ဆိုင်မှုပြုနေသည့်လိုင်စင်ရရှိသူတစ်ဦး၏ ကွန်ရက် သို့မဟုတ် စနစ် တစ်ခုနှင့် အပြန်အလှန် ဆက်သွယ်ခြင်း သို့မဟုတ် အပြန်အလှန် လုပ်ငန်းဆောင်ရွက်ခြင်းကို တားဆီးပိတ်ပင်ရန် ကွန်ရက်များ သို့မဟုတ် စနစ်များ အတွက် နည်းပညာဆိုင်ရာ သတ်မှတ်ချက်များကို ချမှတ်ခြင်း၊

(ဃဃ)ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ ဖြည့်ဆည်းပေးရန်အတွက် အခြား သောအရင်းအမြစ်များမှ မရရှိနိုင်သည့် နည်းပညာဆိုင်ရာ သတ်မှတ် ချက်များ၊ အဓိကအထောက်အကူပြု ပစ္စည်များနှင့် သက်ဆိုင်သည့် သတင်း အချက်အလက်များ သို့မဟုတ် စီးပွားရေးအရ သက်ဆိုင်သည့် အခြား သတင်း အချက်အလက်များကို ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိသော ပြိုင်ဆိုင်မှုပြုနေသည့် လိုင်စင်ရရှိသူတစ်ဦးထံအချိန်မီ ရယူအသုံးပြုနိုင်အောင် ဆောင်ရွက်ပေးမှု မရှိခြင်း၊

(ငင) ပြိုင်ဆိုင်မှုပြုနေသည့်လိုင်စင်ရရှိသူများနှင့် ပြိုင်ဆိုင်ရန် အလို့ငှာ သက်ဆိုင် ရာလိုင်စင်ရရှိသူ၏ ဆက်သွယ်ရေး အထောက်အကူပြုပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှု လုပ်ငန်းများသို့ အပြန်အလှန် ဆက်သွယ်ခြင်းနှင့် စပ်လျဉ်း၍သော်လည်းကောင်း၊ ချိတ်ဆက်အသုံးပြုခြင်းအတွက် ထောက်ပံ့ ခြင်း ပြုရာတွင်သော်လည်းကောင်း ပြိုင်ဆိုင်မှုပြုနေသည့်လိုင်စင်ရရှိသူ များထံမှ ရရှိသည့် သတင်းအချက် အလက်များကို အသုံးပြုခြင်း၊

(၁၀) လိုင်စင်ရရှိသူ သို့မဟုတ် လိုင်စင်ရရှိသော အခြားသူတစ်ဦးဦးထံမှ ဆက်သွယ်ရေး ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများကို ရယူသုံးစွဲရန်အတွက် အဆိုပါ လိုင်စင်ရရှိသူ တစ်ဦးထံမှ ဝန်ဆောင်မှုများကို အသုံးပြုနေသူတစ်ဦး၏ ရယူသုံးစွဲနိုင်ခွင့်ကို ကန့်သတ်ခြင်း သို့မဟုတ် ဟန့်တားခြင်း၊

(၁၁) တားမြစ်ထားသော သို့မဟုတ် သတ်မှတ်ထားသော ပြိုင်ဆိုင်မှုဆိုင်ရာ လုပ်ဆောင် ချက်များ သို့မဟုတ် သဘောတူညီချက်များနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနမှ ထုတ်ပြန်သော နည်းဥပဒေ၊ ညွှန်ကြားချက် သို့မဟုတ် ဦးစီးဌာနက ထုတ်ပြန်သော လမ်းညွှန်ချက် သို့မဟုတ် ဆုံးဖြတ်ချက်ကို လိုင်စင်ရရှိသူတစ်ဦးက လိုက်နာရန် ပျက်ကွက်ခြင်း။

(ခ) ဝန်ကြီးဌာနသည် ဤနည်းဥပဒေများ အခန်း ၃ တွင်ဖော်ပြထားသော လုပ်ဆောင်မှုများ အပါအဝင် လွတ်လပ်စွာပြိုင်ဆိုင်မှု သဘောသဘာဝကို ပျက်ပြားစေသည့် အခြားသော လုပ်ဆောင်မှုကို အခါအား လျော်စွာ သတ်မှတ်နိုင်သည်။

အခန်း (၃)
ပြိုင်ဆိုင်မှုကို ဆန့်ကျင်သည့် သဘောတူညီချက်များ


၆။ ပြိုင်ဆိုင်မှုကိုဆန့်ကျင်သည့် သဘောတူညီချက်များအပေါ် ဦးစီးဌာနက သုံးသပ်ရန်အခွင့်အာဏာ

(က) ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၆ အရ လိုင်စင်ရရှိသူများသည် နှုန်းထားသတ်မှတ်ခြင်း၊ ဈေးကွက်အား ခွဲဝေရယူရန် ဆောင်ရွက်ခြင်း သို့မဟုတ် ပြိုင်ဆိုင်သူတစ်ဦး၊ ထောက်ပံ့သူ တစ်ဦး သို့မဟုတ် လိုင်စင်ရရှိသူတစ်ဦးထံမှ ဝယ်ယူခြင်းမပြုရန် ပုဂ္ဂိုလ်တစ်ဦးဦးနှင့် နားလည်မှုရယူဆောင်ရွက် ခြင်း၊ သဘောတူညီမှုရယူခြင်း သို့မဟုတ် အစီအစဉ်တစ်ခုခုကို မပြုလုပ်ရ။

(ခ) ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၈ အရ လိုင်စင်ရရှိသူတစ်ဦးသည် ပြိုင်ဆိုင်မှုကို ဆန့်ကျင် သည့် နားလည်မှုရယူဆောင်ရွက်ခြင်း၊ သဘောတူညီမှု ရယူခြင်း သို့မဟုတ် အစီအစဉ် တစ်ခုခုကို ပြုလုပ်ကြောင်း ယုံကြည်ရန်အကြောင်းရှိပါက ဦးစီးဌာနသည် ဤနည်းဥပဒေ များ အခန်း ၅ နှင့်အညီ စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို ပြုလုပ်၍ ဆက်သွယ်ရေးဥပဒေပုဒ်မ ၅၇ ပါ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူမှုများ ပြုလုပ်နိုင်သည်။

၇။ သုံးသပ်ရမည့် သဘောတူညီချက်များ

(က) လိုင်စင်ရရှိသူများအချင်းချင်း သို့မဟုတ် လိုင်စင်ရရှိသူနှင့် လိုင်စင်ရယူထားခြင်းမရှိသူများ အကြား ပြုလုပ်သော ရေပြင်ညီသဘောတူညီချက် သို့မဟုတ် ဒေါင်လိုက်သဘော တူညီချက်တစ်ရပ်သည် သက်ဆိုင်ရာ ဆက်သွယ်ရေးဈေးကွက်တစ်ခုတွင် ပြိုင်ဆိုင်မှုကို သိသာစွာ ဟန့်တားပိတ်ပင်ခြင်း၊ ကန့်သတ်ခြင်း သို့မဟုတ် ပုံစံပျက်ယွင်းစေခြင်းကို ဦးတည်နေသရွေ့ သို့မဟုတ် ယင်းကဲ့သို့ အကျိုးသက်ရောက်မှုရှိနေသရွေ့ ဦးစီးဌာနသည် အဆိုပါ သဘောတူညီချက်ကို ဆက်သွယ်ရေးဥပဒေနှင့် ဤနည်းဥပဒေများအရ တားမြစ် သည်။

(ခ) နည်းဥပဒေခွဲ (က) တွင် ယေဘုယျသဘောကို မည်သို့ပင်ဖော်ပြထားစေကာမူ လုပ်ငန်းများအကြား ရေပြင်ညီသဘောတူညီချက်တစ်ရပ်သည် အောက်ပါတို့ကို ရည်ရွယ်ပါက ပြိုင်ဆိုင်မှုကို သိသာစွာ ဟန့်တားပိတ်ပင်ခြင်း၊ ကန့်သတ်ခြင်း သို့မဟုတ် ပုံစံပျက်ယွင်းစေခြင်းကို ဖြစ်ပေါ်စေသည့် ရည်ရွယ်ချက် သို့မဟုတ် အကျိုးသက် ရောက်မှုရှိသည်ဟု ယူဆသည်-

(၁) တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဝယ်ယူမှုနှုန်းထား သို့မဟုတ် ရောင်းချမှု နှုန်းထား သို့မဟုတ် အခြားကုန်သွယ်မှုဆိုင်ရာ စည်းကမ်းချက်များကို သတ်မှတ်ခြင်း၊

(၂) ဈေးကွက်များ သို့မဟုတ် ထောက်ပံ့မှုအရင်းအမြစ်များကို ခွဲဝေရယူခြင်း၊

(၃) အောက်ပါတို့ကို ကန့်သတ်ခြင်း သို့မဟုတ် ထိန်းချုပ်ခြင်း-

(ကက) ထုတ်လုပ်မှု၊ သို့မဟုတ်

(ခခ) ဈေးကွက်အတွင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုများ ရရှိနိုင်သော နေရာများ သို့မဟုတ် ဈေးကွက် အတွင်း ဝင်ရောက်လုပ်ကိုင်ခွင့်၊ သို့မဟုတ်

(ဂဂ) စက်မှုပိုင်းဆိုင်ရာ သို့မဟုတ် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၊ သို့မဟုတ်

(ဃဃ) ရင်းနှီးမြှုပ်နှံမှု။

(၄) ပြိုင်ဆိုင်မှုပြုနေသည့်လိုင်စင်ရရှိသူများက တစ်နည်းနည်းဖြင့် တင်ဒါပြိုင်ဆိုင်ခြင်း လုပ်ငန်းစဉ် တစ်ခု၏ နှုန်းထားများ၊ စည်းကမ်းချက်များကို ခြယ်လှယ်ခြင်း သို့မဟုတ် ခြယ်လှယ်ရန် ကြိုးပမ်းခြင်းဖြင့် မရိုးသားသော ဈေးပြိုင်ဆောင်ရွက် ခြင်း။

(ဂ) ဦးစီးဌာနသည် ဖက်စပ်လုပ်ငန်းများ သို့မဟုတ် အလားတူ သဘောတူညီချက်များ အပါအဝင် လိုင်စင်ရရှိသူများ အချင်းချင်းဖြစ်စေ၊ လိုင်စင်ရရှိသူနှင့် တတိယအဖွဲ့အစည်း များ (third parties) အကြားဖြစ်စေ ပြုလုပ်သော အခြားသဘောတူညီချက်များသည် ဆက်သွယ်ရေးဈေးကွက်တစ်ခုတွင် ပြိုင်ဆိုင်မှုကို သိသာစွာဟန့်တားပိတ်ပင်ခြင်း၊ ကန့်သတ်ခြင်း သို့မဟုတ် ပုံစံပျက်ယွင်းစေခြင်းကို ရည်ရွယ်ဆောင်ရွက်ခြင်း ရှိမရှိ အကဲဖြတ်နိုင်သည်။

(ဃ) ဤနည်းဥပဒေများအရ တားမြစ်ထားသော သဘောတူညီချက်တစ်ရပ်တွင် ပါဝင်သည့် လုပ်ငန်းတစ်ခုခုက နည်းဥပဒေခွဲ (က) ပါ တားမြစ်ချက်ကို ဖောက်ဖျက်ခြင်းအတွက် ဥပဒေအရ တာဝန်ရှိစေရမည်။

(င) နည်းဥပဒေခွဲ (က) အရ တားမြစ်ထားသော သဘောတူညီချက်တစ်ရပ်သည် တရားမဝင်ပဲ ပျက်ပြယ်သည်။

(စ) ဤနည်းဥပဒေများပါ ဆက်စပ်အကြောင်းအရာများအရ အခြားနည်းဖြင့် ထည့်သွင်း စဉ်းစားရန် လိုအပ်ခြင်းမရှိပါက သဘောတူညီချက်တစ်ခုနှင့် အကျုံးဝင်မှုရှိသည် သို့မဟုတ် ဆက်စပ်သည်ဟု အတိအလင်းဖော်ပြသည့် ဤနည်းဥပဒေအခန်းပါ ပြဋ္ဌာန်း ချက်တစ်ရပ်သည် လိုအပ်သော ပြင်ဆင်ဖြည့် စွက်ချက်များအပါအဝင် လုပ်ငန်းများ၏ အသင်းအဖွဲ့တစ်ခု သို့မဟုတ် ပူးပေါင်းဆောင်ရွက်မှုတစ်ခု၏ ဆုံးဖြတ်ချက်တစ်ရပ် နှင့်တူညီစွာ အကျုံးဝင်သည် သို့မဟုတ် ဆက်စပ်သည်ဟု မှတ်ယူရမည်။

၈။ တစ်ဦးချင်းကင်းလွတ်ခွင့်

(က) လိုင်စင်ရရှိသူသည် နည်းဥပဒေ ၇ ပါ တားမြစ်ထားသော သဘောတူညီချက်တစ်ခုနှင့် စပ်လျဉ်း၍ ကင်းလွတ်ခွင့်ရရှိရန် ဦးစီးဌာနသို့လျှောက်ထားနိုင်သည်။

(ခ) ဦးစီးဌာနသည် နည်းဥပဒေခွဲ (က) အရ ကင်းလွတ်ခွင့်ရရှိရန် လျှောက်ထားလာသည့် သဘောတူညီ ချက်အား နည်းဥပဒေ ၁၀ တွင် သတ်မှတ်ထားသော စံသတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိသည်ဟုယူဆလျှင် အများပြည်သူသဘောထားတောင်းခံခြင်း ပြုလုပ်ပြီး နောက် ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် တစ်ဦးချင်း ကင်းလွတ်ခွင့်အဖြစ် ခွင့်ပြုပေးနိုင် သည်။

(ဂ) ဤနည်းဥပဒေအရ ခွင့်ပြုသော ကင်းလွတ်ခွင့်တစ်ရပ်ကို တစ်ဦးချင်းကင်းလွတ်ခွင့်ဟု သတ်မှတ် ရမည်။

(ဃ) တစ်ဦးချင်း ကင်းလွတ်ခွင့်ပေးရာတွင် ဦးစီးဌာနသည်-

(၁) သင့်လျော်သည့် စည်းကမ်းချက် သို့မဟုတ် တာဝန်များကို သတ်မှတ်ပေးရမည်။

(၂) ကင်းလွတ်ခွင့်ပြုသည့် အချိန်ကာလကို သတ်မှတ်ပေးရမည်။

(င) တစ်ဦးချင်းကင်းလွတ်ခွင့်သည် ခွင့်ပြုသည့်နေ့ရက်ထက် တစ်ရက်စော၍ အကျိုးသက် ရောက်မှု ရှိသည်။

၉။ အုပ်စုလိုက်ကင်းလွတ်ခွင့်

(က) ဦးစီးဌာနသည် ဤနည်းဥပဒေတွင် အကျုံးဝင်သော သဘောတူညီချက်များအား နည်းဥပဒေ ၁၀ တွင် သတ်မှတ်ထားသည့် စံသတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိသည်ဟု ယူဆလျှင် အများပြည်သူသဘောထား တောင်းခံခြင်းပြုလုပ်ပြီးနောက် အုပ်စုလိုက် ကင်းလွတ်ခွင့် အမိန့်တစ်ရပ် ထုတ်ပြန်နိုင်ရန် ဝန်ကြီး ဌာနသို့တင်ပြရမည်။

(ခ) ဝန်ကြီးဌာနသည် ဦးစီးဌာန၏ တင်ပြချက်အရ အမိန့်တစ်ရပ်ထုတ်ပြန်ရာတွင် တင်ပြ ထားသည့်အတိုင်းဖြစ်စေ၊ သင့်လျော်သည်ဟု ယူဆသည့်အတိုင်းဖြစ်စေ၊ ပြင်ဆင်ဖြည့်စွက် ချက်များ ပြုလုပ်၍ ဖြစ်စေ ထုတ်ပြန်နိုင်သည်။

(ဂ) အုပ်စုလိုက်ကင်းလွတ်ခွင့်အမိန့်ဖြင့် ကင်းလွတ်ခွင့်ပြုထားသည့် သဘောတူညီချက် အမျိုးအစား တစ်ခုအတွင်း အကျုံးဝင်သော သဘောတူညီချက်သည် နည်းဥပဒေ ၇ ပါ တားမြစ်ချက်မှ ကင်းလွတ်ခွင့်ရှိရမည်။

(ဃ) အုပ်စုလိုက်ကင်းလွတ်ခွင့်အမိန့်တွင် အုပ်စုလိုက်ကင်းလွတ်ခွင့်အတွက် အကျုံးဝင်မည့် စည်းကမ်းချက်များသို့မဟုတ် တာဝန်များကို သတ်မှတ်နိုင်သည်။

(င) အုပ်စုလိုက် ကင်းလွတ်ခွင့်အမိန့်နှင့် စပ်လျဉ်း၍-

(၁) အုပ်စုလိုက်ကင်းလွတ်ခွင့်တွင် သတ်မှတ်ထားသော စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်လျှင် ဦးစီးဌာနသည် ဖောက်ဖျက်သည့်နေ့ရက်မှစ၍ အုပ်စုလိုက် ကင်းလွတ်ခွင့်ကို အကြောင်းကြားစာပေးပို့၍ ပယ်ဖျက်နိုင်သည်။

(၂) အုပ်စုလိုက်ကင်းလွတ်ခွင့်အရ သတ်မှတ်ထားသော တာဝန်တစ်ရပ်ကို လိုက်နာရန် ပျက်ကွက်လျှင် ဦးစီးဌာနသည် အုပ်စုလိုက်ကင်းလွတ်ခွင့်ကို အကြောင်းကြားစာ ဖြင့် ပယ်ဖျက်နိုင်သည်။

(၃) အုပ်စုလိုက်ကင်းလွတ်ခွင့်အဖြစ် ခွင့်ပြုထားသော သဘောတူညီချက်တစ်ခုသည် နည်းဥပဒေ ၁၀ နှင့် ကိုက်ညီမှုမရှိဟု ဦးစီးဌာနက ယူဆပါက အဆိုပါ သဘော တူညီချက်နှင့် စပ်လျဉ်းသည့် အုပ်စုလိုက် ကင်းလွတ်ခွင့်ကို ဦးစီးဌာနက သတ်မှတ်သည့် နေ့ရက်မှ စတင်ပြီး အကြောင်းကြားစာဖြင့် ပယ်ဖျက် နိုင်သည်။

(၄) အုပ်စုလိုက်ကင်းလွတ်ခွင့်ကာလသည်အမိန့်ပါ အချိန်ကာလကုန်ဆုံးချိန်အထိသာ ဖြစ်ရမည်။

(၅) အုပ်စုလိုက်ကင်းလွတ်ခွင့်သည် အမိန့်ထုတ်ပြန်သည့်နေ့ရက်ထက် တစ်ရက်စော၍ အကျိုးသက် ရောက်နိုင်သည်။

၁၀။ တစ်ဦးချင်းကင်းလွတ်ခွင့်နှင့် အုပ်စုလိုက် ကင်းလွတ်ခွင့်များအတွက် စံသတ်မှတ်ချက်များ

(က) အသုံးပြုသူများအား အကျိုးခံစားခွင့်မျှတစွာရရှိစေပြီး အောက်ပါတို့ကို အထောက်အပံ့ ပြုမည့် သဘောတူညီချက်တစ်ခုအတွက် ဦးစီးဌာနသည် ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် တစ်ဦးချင်း သို့မဟုတ် အုပ်စုလိုက် ကင်းလွတ်ခွင့်ကို ခွင့်ပြုနိုင်သည်-

(၁) ထုတ်လုပ်ခြင်း သို့မဟုတ် ဖြန့်ဖြူးခြင်းကို တိုးမြှင့်စေခြင်း၊ သို့မဟုတ်

(၂) နည်းပညာ သို့မဟုတ် စီးပွားရေးတိုးတက်မှုကို မြှင့်တင်ခြင်း။

(ခ) နည်းဥပဒေခွဲ (က) တွင် ဖော်ပြထားသော သဘောတူညီချက်နှင့် စပ်လျဉ်း၍ အဆိုပါ သဘောတူညီ ချက်တွင် ပါဝင်သော လိုင်စင်ရရှိသူများသည် အောက်ပါတို့ကို မပြုလုပ်ရ-

(၁) နည်းဥပဒေခွဲ (က) ပါ သတ်မှတ်ချက်များ ပြည့်မီအောင် ဆောင်ရွက်ရာတွင် မရှိမဖြစ် လိုအပ်ခြင်း မဟုတ်သော ကန့်သတ်ချက်များကို သက်ဆိုင်ရာ လုပ်ငန်းများအပေါ် သတ်မှတ်ခြင်းမပြုရ။

(၂) ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ၏ အဓိကကျသောအစိတ်အပိုင်း တစ်ရပ် နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ လုပ်ငန်းများအပေါ် အမှန်တကယ်ရှိနေသော သို့မဟုတ် အလားအလာရှိသော ပြိုင်ဆိုင်မှုကို ပျက်ပြားစေခြင်း မရှိစေရ။

၁၁။ သက်ညှာသောနည်းလမ်း

(က) လိုင်စင်ရရှိသူတစ်ဦးသည် အောက်ပါအခြေအနေများနှင့် ကိုက်ညီပါက အခြားနည်းဖြင့် သတ်မှတ်ထားခြင်းမရှိလျှင် ဦးစီးဌာနသည် ယင်းအားသက်ညှာသော နည်းလမ်းအရ ဒဏ်ကြေးငွေ (fine) ချမှတ်မှုကို အမြင့်ဆုံး တစ်ရာရာခိုင်နှုန်းအထိ လျှော့ပေါ့ပေးရမည်-

(၁) ဤအခန်းပါ တားမြစ်ချက်တစ်ခုခုကို ဖောက်ဖျက်ရာတွင် ပါဝင်ခဲ့ကြောင်း ဝန်ခံခြင်း၊

(၂) ဦးစီးဌာနက စုံစမ်းစစ်ဆေးခြင်းများ ပြုလုပ်ရာတွင် ထိရောက်စွာ အထောက်အကူ ပေးခြင်း သို့မဟုတ် အထောက်အကူပေးနိုင်သည့် သတင်းအချက်အလက်များ ပံ့ပိုး ပေးခြင်း သို့မဟုတ် အခြားနည်းဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း။

(ခ) ဦးစီးဌာနသည် အောက်ပါသတ်မှတ်ချက်နှင့်ကိုက်ညီသော လိုင်စင်ရရှိသူတစ်ဦးအား သက်ညှာသော နည်းလမ်းအရ ဒဏ်ကြေးငွေများကို အောက်ပါအတိုင်းလျှော့ပေါ့ ပေးရမည်-

(၁) ဤအခန်းပါ တားမြစ်ချက်တစ်ခုခုကို ဖောက်ဖျက်ရာတွင် ပါဝင်ခဲ့ကြောင်း ဝန်ခံခြင်းနှင့်အတူ ဦးစီးဌာနက စုံစမ်းစစ်ဆေးခြင်းများပြုရာတွင် အထောက်အကူ ပြုသည့် သတင်းအချက်အလက်နှင့် သက်သေအထောက်အထားများကို ဦးစွာတင်ပြသည့်လိုင်စင်ရရှိသူအား ဒဏ်ကြေးငွေမှ အပြည့်အဝကင်းလွတ်ခွင့် ပြုရမည်။

(၂) နည်းဥပဒေခွဲ (ခ)၊ နည်းဥပဒေခွဲငယ် (၁) အရ ဦးစွာ တင်ပြသူမဟုတ်သည့် လိုင်စင် ရရှိသူတစ်ဦးသည် ဦးစီးဌာန၏ စုံစမ်းစစ်ဆေးမှုတွင် ထိရောက်သည့် ထပ်ဆောင်း အကူအညီ (significant added value) ကို ပံ့ပိုးပေးခဲ့ပါက-

(ကက) ဦးစွာပံ့ပိုးပေးသည့်လိုင်စင်ရရှိသူအား ဒဏ်ကြေးငွေ၏ ၃၀ ရာခိုင်နှုန်းနှင့် ၅၀ ရာခိုင်နှုန်း အကြား လျှော့ပေါ့ပေးရမည်။

(ခခ) ဒုတိယပံ့ပိုးပေးသည့်လိုင်စင်ရရှိသူအား ဒဏ်ကြေးငွေ၏ ၂၀ ရာခိုင်နှုန်းနှင့် ၃၀ ရာခိုင်နှုန်း အကြား လျှော့ပေါ့ပေးရမည်။

(ဂဂ) အစဉ်လိုက် ဆက်လက်ပံ့ပိုးပေးသည့် လိုင်စင်ရရှိသူအား ဒဏ်ကြေးငွေ၏ ၂၀ ရာခိုင်နှုန်းအထိ လျှော့ပေါ့ပေးရမည်။

(ဃဃ)ဤနည်းဥပဒေပါ ပြဋ္ဌာန်းချက်များကို ဆောင်ရွက်ရန်အလို့ငှာ ဦးစီးဌာန သည် စွပ်စွဲခံရသော သဘောတူညီချက်ကို စုံစမ်းစစ်ဆေးမှုပြုရာတွင် လိုင်စင်ရရှိသူတစ်ဦးက တင်ပြသော သက်သေအထောက်အထားသည် အမှုမှန်ပေါ်ပေါက်ရေးအတွက် ဦးစီးဌာန၏ သတ်မှတ်ချက်အရ ၂၀ ရာခိုင်နှုန်း အထောက်အကူပြုသည့် အတိုင်းအတာကို ထိရောက်သည့် ထပ်ဆောင်းအကူအညီ (significant added value) ဟု သတ်မှတ်သည်။

(ဂ) ဦးစီးဌာနသည် ဖောက်ဖျက်သည်ဟု စွပ်စွဲခံရသော သဘောတူညီချက်တစ်ခုနှင့် စပ်လျဉ်း ၍ ဒဏ်ကြေးငွေ ချမှတ်ခြင်းမှ သက်ညှာခွင့်ပေးရန်အတွက် လက်ရှိလျှောက်ထားချက် တစ်ခုအပေါ် အရေးယူဆောင်ရွက်မှု မပြုလုပ်ရသေးမီ အခြားသော အလားတူ လျှောက်ထားချက်များကို ထည့်သွင်းစဉ်းစားလိမ့်မည်မဟုတ်။

(ဃ) လိုင်စင်ရရှိသူသည် သက်ညှာခွင့်အတွက် လျှောက်ထားရာတွင် အောက်ပါအချက်များ ပါဝင်ရမည်-

(၁) ဖောက်ဖျက်သည်ဟု စွပ်စွဲခံရသော သဘောတူညီချက်ကို အသေးစိတ်ဖော်ပြ ရာတွင်-

(ကက) ရည်ရွယ်ချက်၊ လုပ်ငန်းဆောင်ရွက်မှုများနှင့် ဆောင်ရွက်ပုံ အဆင့်ဆင့်၊

(ခခ) သက်ဆိုင်သည့် ထုတ်လုပ်မှု သို့မဟုတ် ဝန်ဆောင်မှု၊

(ဂဂ) နယ်မြေဒေသဆိုင်ရာလွှမ်းခြုံမှု၊

(ဃဃ)စွပ်စွဲခံရသော သဘောတူညီချက်၏ သက်ရောက်မှုရှိခဲ့သည့်ကာလအပိုင်း အခြားနှင့် ခန့်မှန်း ဈေးကွက်ပမာဏ၊

(ငင) စွပ်စွဲခံရသည့် သဘောတူညီချက်တွင် ပါဝင်သည့် တိကျသော နေ့ရက်များ၊ နေရာများ၊ အကြောင်းအရာနှင့် ပါဝင်သူပုဂ္ဂိုလ်များ၊

(စစ) လျှောက်ထားမှုကို အထောက်အကူဖြစ်စေရန် တင်ပြသော သက်သေ အထောက်အထားများနှင့် ဆက်စပ်သည့် သက်ဆိုင်ရာရှင်းလင်းချက်များ။

(၂) သက်ညှာခွင့်အတွက် လျှောက်ထားတင်ပြသော လိုင်စင်ရရှိသူ၏ အမည်၊ နေရပ်လိပ်စာနှင့်အတူ စွပ်စွဲခံရသော သဘောတူညီချက်တွင် ပါဝင်သည့် အခြားလုပ်ငန်းများ၏ အမည်များနှင့် နေရပ်လိပ်စာများ၊

(၃) လျှောက်ထားသူကိုယ်စား ပါဝင်ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များအပါအဝင် လျှောက်ထားသူသိရှိထားသမျှ စွပ်စွဲခံရသည့် သဘောတူညီချက်တွင် ပါဝင် ပတ်သက်သည့် ပုဂ္ဂိုလ်အားလုံး၏ အမည်များ၊ ရာထူးများ၊ ရုံးခန်းလိပ်စာများနှင့် လိုအပ်ပါက နေအိမ်လိပ်စာများ၊

(၄) အထူးသဖြင့် ဖောက်ဖျက်မှုနှင့် တစ်ပြိုင်တည်းဖြစ်ပွားသည့် သက်သေအထောက် အထားများအပါအဝင် လျှောက်ထားသူ၏ လက်ဝယ်ရှိနေသော သို့မဟုတ် လျှောက်ထားချိန်တွင် ယင်းက အသုံးပြု သော စွပ်စွဲခံရသည့်သဘောတူညီချက်နှင့် စပ်လျဉ်းသည့် အခြားသက်သေခံ အထောက်အထား။

(င) နည်းဥပဒေခွဲ (ဃ) တွင် ဖော်ပြထားသော သတ်မှတ်ချက်များအပြင် ဒဏ်ကြေးငွေမှ သက်ညှာခွင့်ပေးထိုက်သော မည်သည့်ကိစ္စရပ်မဆို အောက်ပါ သတ်မှတ်ချက်များ အားလုံးနှင့် ကိုက်ညီရမည်-

(၁) လိုင်စင်ရရှိသူသည် ဦးစီးဌာန၏ စီမံခန့်ခွဲမှုလုပ်ငန်းစဉ်တစ်လျှောက်လုံး ယင်း၏ လျှောက်ထားမှုကို တင်ပြချိန်မှစ၍ အောက်ပါတို့ကို မှန်ကန်ပြည့်စုံစွာဖြင့် ဆောလျင်စွာ စဉ်ဆက်မပြတ် ပူးပေါင်း ဆောင်ရွက်ရမည်-

(ကက)စွပ်စွဲခံရသည့် သဘောတူညီချက်နှင့် စပ်လျဉ်း၍ လျှောက်ထားသူ၏ လက်ဝယ်ရှိသမျှ သို့မဟုတ် ရယူသုံးစွဲနိုင်သမျှ သတင်းအချက်အလက်များ နှင့် သက်သေအထောက်အထားများကို ဦးစီးဌာနသို့ ချက်ချင်းပေးအပ်ခြင်း၊

(ခခ) အချက်အလက်များကို တည်ဆောက်ရာတွင် အထောက်အကူဖြစ်စေနိုင် မည့် ဦးစီးဌာန၏ တောင်းဆိုချက်တစ်ခုခုကိုချက်ချင်းပြန်လည်ဖြေကြားရန် အသင့်ရှိနေခြင်း၊

(ဂဂ) ၎င်း၏ ယခုလက်ရှိဝန်ထမ်း (ဖြစ်နိုင်လျှင် ယခင်ဝန်ထမ်းများအပါအဝင်) နှင့် ဒါရိုက်တာများအား ဦးစီးဌာနနှင့် တွေ့ဆုံမေးမြန်းနိုင်ရန် စီစဉ် ဆောင်ရွက်ပေးခြင်း၊

(ဃဃ)စွပ်စွဲခံရသည့် သဘောတူညီချက်နှင့် စပ်လျဉ်းသည့် သက်ဆိုင်ရာ အချက် အလက်များ သို့မဟုတ် သက်သေအထောက်အထားများကို ဖျက်ဆီးခြင်း၊ မမှန်မကန်ပြင်ဆင်ခြင်း သို့မဟုတ် ဖုံးကွယ် ခြင်းမပြုရ၊

(ငင) အခြားနည်းဖြင့် သဘောတူညီထားခြင်းမရှိပါက သက်ညှာခွင့် လျှောက်ထားချက်အပေါ် ဦးစီးဌာနက ကန့်ကွက်ကြောင်း မထုတ်ပြန်မီ ယင်းလျှောက်ထားချက်ပါ အချက်အလက်များ သို့မဟုတ် လျှောက်လွှာပါ အကြောင်းအရာ တစ်ခုခုကို ထုတ်ဖော်ခြင်းမပြုရ။

(၂) ပြည့်စုံမှန်ကန်သည့် စစ်ဆေးမှုအတွက် ကျိုးကြောင်းဆီလျော်စွာ လိုအပ်သည်ဟု ဦးစီးဌာနက ယူဆသည့် ကိစ္စမှအပ လိုင်စင်ရရှိသူသည် လျှောက်ထားပြီးလျှင် ပြီးချင်း စွပ်စွဲခံရသည့် သဘောတူညီချက်တွင် ပါဝင်ပတ်သက်နေမှုကို ရပ်ဆိုင်း ရမည်။

(၃) လိုင်စင်ရရှိသူသည် ၎င်း၏ လျှောက်ထားချက်ကို ဦးစီးဌာနသို့တင်ပြရန် စဉ်းစားချင့်ချိန်ရာတွင် စွပ်စွဲခံရသည့် သဘောတူညီချက်ပါ အထောက်အထား များကို ဖျက်ဆီးခြင်း၊ မမှန်မကန်ပြင်ဆင်ခြင်း သို့မဟုတ် ဖုံးကွယ်ခြင်းများကို မပြုလုပ်ရ။ ထို့အပြင် လျှောက်ထားရန် ရည်ရွယ်သည့် ၎င်း၏ လျှောက်ထားချက်ပါ အချက်အလက် သို့မဟုတ် အကြောင်းအရာတစ်ခုခုကို ထုတ်ဖော်ခြင်းမပြုလုပ်ရ။

(စ) အောက်ပါအခြေအနေများတွင် သက်ညှာခြင်းကို ခွင့်ပြုလိမ့်မည်မဟုတ်-

(၁) နည်းဥပဒေခွဲ (ဃ) တွင် ဖော်ပြထားသော သတ်မှတ်ချက်များကို တင်ပြနိုင်ခြင်း မရှိလျှင်၊

(၂) နည်းဥပဒေခွဲ (က)၊ နည်းဥပဒေခွဲငယ် (၂) ပါ ထိရောက်သည့် ထပ်ဆောင်းအကူအညီ (significant added value) ရှိနေသော သက်ညှာခွင့် တောင်းခံသည့် ကိစ္စများမှအပ လျှောက်ထားသည့် အချိန်တွင် ဦးစီးဌာနသည် စွပ်စွဲခံရသည့် သဘောတူညီချက်နှင့် သက်ဆိုင်သည့် စုံစမ်းစစ်ဆေးမှု တစ်ရပ်ကို ပြုလုပ်ရန်အတွက် ဆုံးဖြတ်ချက်ချမှတ်ရန် လုံလောက်သည့် သက်သေအထောက် အထားရရှိထားပြီးဖြစ်လျှင် သို့မဟုတ် အဆိုပါ စုံစမ်းစစ်ဆေးမှုကို စတင်ဆောင် ရွက်ထားပြီးဖြစ်လျှင်၊

(၃) သက်ညှာခွင့်လျှောက်ထားသော လိုင်စင်ရရှိသူက လိုင်စင်ရရှိသော အခြားသူ များအား စွပ်စွဲခံရသည့် သဘောတူညီချက်တွင် ပါဝင်ရန်သော်လည်းကောင်း၊ ဆက်လက်ပါဝင်ရန်သော်လည်းကောင်း အတင်းအကြပ်ဆောင်ရွက်ခြင်း ရှိခဲ့ပါက ဒဏ်ကြေးငွေမှ အပြည့်အဝကင်းလွတ်ခွင့် ပြုလိမ့်မည်မဟုတ်။ သို့ရာတွင် သက်ဆိုင်ရာ လိုအပ်ချက်များနှင့် စည်းကမ်းချက်များကို ဖြည့်ဆည်းနိုင်သည် ဆိုပါက အဆိုပါ ဒဏ်ကြေးငွေမှ လျှော့ပေါ့ပေးနိုင်သည်။

(ဆ) သက်ညှာခွင့်အတွက် လျှောက်ထားမှုတစ်ရပ်အပေါ် အပြီးသတ် သုံးသပ်ပြီးနောက်-

(၁) ဦးစီးဌာနသည် လိုင်စင်ရရှိသူတစ်ဦးက နည်းဥပဒေခွဲ (ဃ) ပါ သတ်မှတ်ချက် များကို လိုက်နာကြောင်းတွေ့ရှိရပါက နည်းဥပဒေခွဲ (ခ)၊ နည်းဥပဒေခွဲငယ် (၂) နှင့်အညီ သက်ဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်လျက် အဆိုပါ လိုင်စင်ရရှိသူအား ဒဏ်ကြေးငွေမှ သက်ညှာခွင့်ပြုမည်။

(၂) လိုင်စင်ရရှိသူသည် နည်းဥပဒေခွဲ (ဃ) ပါ သတ်မှတ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ခြင်းမရှိကြောင်း တွေ့ရှိရပါက ဤနည်းဥပဒေအရ ပေးအပ်မည့် မည်သည့်အကျိုးခံစားခွင့်ကိုမျှ ရရှိလိမ့်မည် မဟုတ်။

အခန်း (၄)
ဈေးကွက်လွှမ်းမိုးမှုအနေအထားကို သတ်မှတ်ခြင်း

၁၂။ ဈေးကွက်လွှမ်းမိုးမှုအနေအထား သတ်မှတ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်

(က) ဦးစီးဌာနသည် လိုင်စင်ရရှိသူတစ်ဦးက တစ်ဦးတည်းသီးသန့်ဖြစ်စေ၊ တစ်ဦးထက်ပိုသော လိုင်စင် ရရှိသူများနှင့် တွဲဖက်၍ဖြစ်စေ၊ တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော ဆက်သွယ်ရေး ဈေးကွက်များ အတွင်း ဈေးကွက်လွှမ်းမိုးမှုအနေအထား ရှိ မရှိကို ဆုံးဖြတ်နိုင်သည်။

(ခ) ဈေးကွက်လွှမ်းမိုးမှုအနေအထားကို သတ်မှတ်ခြင်းမပြုမီ ဦးစီးဌာနသည် အများပြည်သူ သဘောထားကို တောင်းခံရမည်။

(ဂ) ဦးစီးဌာနသည် ပြိုင်ဆိုင်မှုဆိုင်ရာ အာဏာပိုင်အဖွဲ့၏ အကြံပြုချက်များကို ထည့်သွင်း စဉ်းစားနိုင်ရန် ယင်းအာဏာပိုင်အဖွဲ့နှင့် ညှိနှိုင်းတိုင်ပင်ရမည်။ ညှိနှိုင်းပြီးနောက် ရက်ပေါင်း ၃၀ အတွင်း ဦးစီး ဌာနသည် ပြိုင်ဆိုင်မှု အာဏာပိုင်အဖွဲ့က ယင်း၏ အကြံပြုချက်များကို ထုတ်ပြန်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ရမည်။ ဈေးကွက်လွှမ်းမိုးမှု အနေအထားကို အကဲဖြတ်ရာတွင် ဦးစီးဌာနသည်-

(၁) သက်ဆိုင်ရာ ဆက်သွယ်ရေးဈေးကွက် သို့မဟုတ် ဈေးကွက်များ၏ သတ်မှတ်ချက် ဖြင့် စတင်ရမည်။

(၂) အောက်ပါအချက်များပေါ်မူတည်၍ လိုင်စင်ရရှိသူတစ်ဦးကို ဈေးကွက်လွှမ်းမိုးမှု အနေအထား တွင်ရှိသည်ဟု သတ်မှတ်နိုင်သည်-

(ကက)မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများကို ဖြည့်ဆည့်ပေးရာ တွင် အသုံးပြုသည့် အဓိကအထောက်အကူပြုပစ္စည်းများကို လုပ်ငန်းဆောင်ရွက် ရန် သို့မဟုတ် ကြီးကြပ် ထိန်းချုပ်ရန် လိုင်စင်ရရှိထားပြီးဖြစ်လျှင်၊

(ခခ) ယင်း၏ လိုင်စင်အရ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည့် ဈေးကွက်တစ်ခုခုတွင် ပြိုင်ဆိုင်သူများနှင့် အသုံးပြုသူများ အပေါ် သိသာသောအတိုင်းအတာ တစ်ခုအထိ လွတ်လပ်စွာ ပြုမူဆောင်ရွက်နိုင် သည့် ဈေးကွက်ကြီးစိုးအင်အားကို ရရှိထားလျှင်။

၁၃။ သက်ဆိုင်ရာဈေးကွက်ကို အကဲဖြတ်သတ်မှတ်ခြင်း

ဦးစီးဌာနသည် သက်ဆိုင်ရာ ဆက်သွယ်ရေးဈေးကွက်များကို အကဲဖြတ်သတ်မှတ်ရာတွင် အောက်ပါ အခြေအနေများနှင့် စံသတ်မှတ်ချက်များကို ထည့်သွင်းစဉ်းစားရမည်-

(က) ကွဲပြားခြားနားသော ဈေးကွက်နှင့် အဆိုပါ ဈေးကွက်၏ နယ်မြေဒေသဆိုင်ရာ လွှမ်းခြုံမှုကို သတ်မှတ်ပေးမည့် ထုတ်လုပ်မှုများ သို့မဟုတ် ဝန်ဆောင်မှုများကို အမျိုးအမည်ခွဲခြားခြင်းဖြင့် ဈေးကွက်များကို သတ်မှတ်ရမည်။ ထို့ပြင် အောက်ပါ အချက်များကို ထည့်သွင်းစဉ်းစားရမည်-

(၁) ထုတ်လုပ်မှု သို့မဟုတ် ဝန်ဆောင်မှု၏ လုပ်ငန်းဆောင်ရွက်နိုင်မှုနှင့် ယင်း၏ ဝိသေသလက္ခဏာ၊

(၂) ထုတ်လုပ်မှု သို့မဟုတ် ဝန်ဆောင်မှု၏ အရည်အသွေး၊ နှုန်းထား၊ ဖြည့်ဆည်းပေး နိုင်မှုနှင့် ကုန်ကျ စရိတ်များ၊

(၃) အသုံးပြုသူ စိတ်ကြိုက်ရွေးချယ်မှုနှင့် ပြောင်းလဲခြင်းအတွက် ကုန်ကျစရိတ်များ။

(ခ) လိုင်စင်ရရှိသူတွင် အက်စ်အက်စ်အန်အိုင်ပီ အကျိုးအမြတ်မရရှိစေရန် အဆိုပါ လိုင်စင်ရရှိသူက ထောက်ပံ့သော ထုတ်လုပ်မှုများ သို့မဟုတ် ဝန်ဆောင်မှုများနေရာတွင် အသုံးပြုသူများက အခြားသော ထုတ်လုပ်မှုများ သို့မဟုတ် ဝန်ဆောင်မှုများဖြင့် ပြောင်းလဲအစားထိုးသုံးစွဲလိုသည့် သို့မဟုတ် ပြောင်းလဲ အစားထိုးသုံးစွဲနိုင်သည့် အတိုင်း အတာကို သတ်မှတ်ရန် အလို့ငှာ ဦးစီးဌာနသည် ဝယ်လိုအားဘက်တွင် ပြောင်းလဲ အစားထိုးသုံးစွဲခြင်းကို အကဲဖြတ်မည်။

(ဂ) သက်ဆိုင်ရာ လိုင်စင်ရရှိသူတွင် အက်စ်အက်စ်အန်အိုင်ပီ အကျိုးအမြတ်မရှိစေရန် အဆိုပါ လိုင်စင်ရရှိသူမှအပ အခြားသောထောက်ပံ့သူများက အလားတူထုတ်လုပ်မှုများ သို့မဟုတ် ဝန်ဆောင်မှု များအား အသုံးပြုသူများမှ ရွေးချယ်မှု ပြုနိုင်ရန် အပြိုင်ထောက်ပံ့ပေးနိုင် သည့် အတိုင်းအတာကို သတ်မှတ်ရန်အလို့ငှာ ဦးစီးဌာနသည် ရောင်းလိုအား ဘက်တွင် ပြောင်းလဲအစားထိုးထောက်ပံ့ခြင်းကို အကဲဖြတ်မည်။

(ဃ) ဤနည်းဥပဒေပါ ပြဋ္ဌာန်းချက်များကိုဆောင်ရွက်ရန်အလို့ငှာ-

(၁) အက်စ်အက်စ်အန်အိုင်ပီ (small, but significant and non-transitory increase in Price-SSNIP) ကို ပမာဏအားဖြင့် နည်းပါးသော်လည်း ယေဘုယျအားဖြင့် ၅% မှ ၁၀ % အထိ အခိုက်အတန့် မဟုတ်သော ကာလအတွင်း နှုန်းထားသိသာစွာ တိုးမြင့်လာခြင်းဟု သတ်မှတ်သည်။

(၂) အောက်ပါတို့ကို သုံးသပ်ရန်အတွက် ဈေးကွက်သတ်မှတ်ရာတွင်-

(ကက)ဤနည်းဥပဒေများအခန်း ၂ အရ လွတ်လပ်စွာ ပြိုင်ဆိုင်မှု သဘောသဘာဝကို ပျက်ပြားစေသည့် လုပ်ဆောင်မှု သို့မဟုတ် နည်းဥပဒေ ၁၆ အရ ကြိုတင်သတ်မှတ်သည့် စည်းမျဉ်း (ex ante regulation) ကို ကျင့်သုံးရာတွင် ဦးစီးဌာနသည် ပြိုင်ဆိုင်ခွင့်ရှိသည့် နှုန်းထား သို့မဟုတ် ထိန်းချုပ်ထားသည့် နှုန်းထားတို့အနက် သင့်လျော်သည့် နှုန်းထားကို အသုံးပြုရမည်။

(ခခ) ဤနည်းဥပဒေများ အခန်း ၆ အရ လွှဲပြောင်းလုပ်ငန်းရပ်များကို သုံးသပ်ရန် အလို့ငှာ ဦးစီးဌာနသည် ယေဘုယျအားဖြင့် လက်ရှိနှုန်းထားကို အသုံးပြု ရမည်။

၁၄။ ဈေးကွက်လွှမ်းမိုးမှုအနေအထားကို သတ်မှတ်ခြင်း

(က) ဦးစီးဌာနသည် ဤနည်းဥပဒေတွင် ဖော်ပြထားသည့် စံချိန်စံညွှန်းနှင့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို ကျင့်သုံး၍ တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော ဆက်သွယ်ရေး ဈေးကွက်များတွင် လိုင်စင်ရရှိသူများက ဈေးကွက်လွှမ်းမိုးမှု အနေအထားတွင် ရှိမရှိကို သတ်မှတ်နိုင်သည်။

(ခ) ဦးစီးဌာနသည် လိုင်စင်ရရှိသူတစ်ဦးအား ဈေးကွက်လွှမ်းမိုးမှု အနေအထားတွင် ရှိမရှိကို ဆုံးဖြတ်ရာတွင် ဈေးကွက်အခြေအနေများ သို့မဟုတ် စံသတ်မှတ်ချက်များ၏ အပိုင်း အခြားတစ်ရပ်ကို ထည့်သွင်းစဉ်းစားနိုင်သည်။ သို့ရာတွင် အောက်ပါအခြေ အနေတစ်ရပ် သို့မဟုတ် တစ်ရပ်ထက်ပိုသော အခြေနေများကို ထည့်သွင်းစဉ်းစားရမည်-

(၁) ဝင်ငွေ၊ သုံးစွဲသူ (subscribers) အရေအတွက်၊ ရောင်းချမှု ပမာဏများအရ သတ်မှတ်သည့် လိုင်စင်ရရှိသူ၏ ဈေးကွက်ဝေစု၊

(၂) အထူးသဖြင့် ဈေးကွက်အင်အားပိုမိုကြီးမားသည့် လိုင်စင်ရရှိသူအား ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု များကို စရိတ်ပိုမိုသက်သာစွာဖြင့် ထုတ်လုပ်နိုင်စေ သည့် ဈေးကွက်ပမာဏအနေအထားကို ရရှိထားသော ပြိုင်ဆိုင်မှုပြုနေသည့် လိုင်စင်ရရှိသူများနှင့် နှိုင်းယှဉ်မှုပြုထားသည့် လိုင်စင်ရရှိသူ၏ ယေဘုယျ ဈေးကွက်အင်အား၊

(၃) အဓိကအထောက်အကူပြုပစ္စည်းများကို ကြီးကြပ်ထိန်းချုပ်ခြင်း အခြေအနေ၊

(၄) အသုံးပြုသူများက ဝန်ဆောင်မှုပေးသူကို ပြောင်းလဲသုံးစွဲရာတွင် ကြီးမားသော အဟန့်အတားများ အပါအဝင် အသုံးပြုသူများ၏ မျှတသော ဝယ်ယူရေးဆိုင်ရာ လုပ်ပိုင်ခွင့်အတိုင်းအတာ သို့မဟုတ် ညှိနှိုင်းဆောင်ရွက်နိုင်မှု အနေအထား၊

(၅) ဈေးကွက်သို့ ဝင်ရောက်ရန် လွယ်ကူမှု၊ ဈေးကွက်တိုးချဲ့ရန် လွယ်ကူမှုနှင့် ဈေးကွက်သို့ အမှန်တကယ် ဝင်ရောက်လာမှု သို့မဟုတ် ဝင်ရောက်ရန် အလားအလာရှိမှုက နှုန်းထားမြှင့်တင်ခြင်း ကဲ့သို့သော ဈေးကွက်ကြီးစိုး အင်အားကျင့်သုံးခြင်းကို မဖြစ်ပေါ်အောင် ကာကွယ်သည့် အတိုင်းအတာ၊

(၆) ဈေးကွက်အတွင်းဖြစ်ပေါ်သည့် နည်းပညာဆိုင်ရာပြောင်းလဲမှုနှုန်း သို့မဟုတ် အခြားသောပြောင်းလဲမှုနှုန်းနှင့် ဈေးကွက်သို့ ဝင်ရောက်ရာတွင်ဖြစ်စေ၊ ဈေးကွက် လွှမ်းမိုးမှု အနေအထားတွင် ဆက်လက်ရပ်တည်နေလျှင်ဖြစ်စေ ဖြစ်လာမည့် အကျိုးသက်ရောက်မှုများ။

(ဂ) ဘုံပိုင်ဆိုင်မှု မရှိသည့် သို့မဟုတ် တရားဝင်သဘောတူညီချက် တစ်ရပ်ရပ်တွင် ပါဝင်ခြင်း မရှိသည့် သို့မဟုတ် ဈေးကွက်အမျိုးမျိုးတွင် လုပ်ကိုင်ဆောင်ရွက်နေကြသည့် လိုင်စင်ရရှိသူများ အပါအဝင် နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသော လိုင်စင်ရရှိသူများသည် တွဲဖက်၍သော်လည်းကောင်း၊ ပူးပေါင်း၍သော်လည်းကောင်း ဈေးကွက်လွှမ်းမိုးမှု အနေအထားတွင်ရှိကြောင်းကို ဦးစီးဌာနက သတ်မှတ်နိုင်သည်။

၁၅။ ဈေးကွက်လွှမ်းမိုးမှု အနေအထားတွင်ရှိသည်ဟု မှတ်ယူနိုင်ခြင်း

ဦးစီးဌာနသည်-

(က) လိုင်စင်ရရှိသူ မည်သူမဆို သတ်မှတ်ထားသော ဆက်သွယ်ရေးဈေးကွက်တွင် ယင်း၏ စုစုပေါင်း ဝင်ငွေသည် အဆိုပါ ဈေးကွက်အတွင်း လိုင်စင်ရရှိသူအားလုံးက ရရှိသည့် စုစုပေါင်းဝင်ငွေအားလုံး (total gross revenues) ၏ ၅၀ ရာခိုင်နှုန်းထက်ကျော်လွန်ပါက ယင်းသည် ထိုဈေးကွက်တွင် ဈေးကွက်လွှမ်းမိုးမှု အနေအထားရှိသည်ဟု ပြန်လည် သုံးသပ်သည့် စည်းမျဉ်း (ex post regulation) အလို့ငှာ မှတ်ယူမည်။

(ခ) လိုင်စင်ရရှိသူမည်သူမဆို သတ်မှတ်ထားသည့် ဆက်သွယ်ရေးဈေးကွက်တွင် ယင်း၏ စုစုပေါင်းဝင်ငွေသည် အဆိုပါ ဈေးကွက်အတွင်း လိုင်စင်ရရှိသူအားလုံးက ရရှိသည့် စုစုပေါင်းဝင်ငွေအားလုံး (total gross revenues) ၏ ၃၀ ရာခိုင်နှုန်းထက်ကျော်လွန်ပါက ယင်းသည် ထိုဈေးကွက်တွင် ဈေးကွက်လွှမ်းမိုးမှု အနေအထားရှိသည်ဟု ကြိုတင် သတ်မှတ်သည့် စည်းမျဉ်း (ex ante regulation) အလို့ငှာ မှတ်ယူမည်။

(ဂ) နည်းဥပဒေခွဲ (က) နှင့် (ခ) အရ မှတ်ယူချက်ကို အခါအားလျော်စွာ သုံးသပ်နိုင်ပြီး အဆိုပါ မှတ်ယူချက်ကို မကျင့်သုံးသင့်သော သီးသန့်အခြေအနေများတွင် လိုင်စင်ရရှိသူတစ်ဦး၏ ထုတ်ဖော်ပြသချက်များကို ထည့်သွင်းစဉ်းစားရမည်။

၁၆။ ကြိုတင်သတ်မှတ်သည့် စည်းမျဉ်း (ex ante regulation) အတွက် သက်ဆိုင်ရာ ဈေးကွက်များ ကို သတ်မှတ်ခြင်း

(က) ဦးစီးဌာနသည် ကြိုတင်သတ်မှတ်သည့် စည်းမျဉ်းအလို့ငှာ ဆက်သွယ်ရေးဈေးကွက်များ ကို သတ်မှတ်ရာတွင် အောက်ပါအခြေအနေများကို ထည့်သွင်းစဉ်းစားရမည်-

(၁) ဖွဲ့စည်းမှုအရဖြစ်စေ၊ ဥပဒေအရဖြစ်စေ၊ စည်းမျဉ်းဆိုင်ရာ သဘောသဘာဝအရ ဖြစ်စေ ဈေးကွက်သို့ ဝင်ရောက်ရန် ယာယီမဟုတ်သော ကြီးမားသည့် အတား အဆီးများ ရှိနေခြင်း၊

(၂) ဦးစီးဌာနက သတ်မှတ်သည့်အချိန်ကာလအတွင်း ထိရောက်သော ပြိုင်ဆိုင်မှုသို့ ရောက်ရှိမလာနိုင် သည့် ဈေးကွက်ဖွဲ့စည်းမှု။

(ခ) ကြိုတင်သတ်မှတ်သည့် စည်းမျဉ်း (ex ante regulation) အတွက် ကျင့်သုံးသည့် ဈေးကွက်သတ်မှတ်ချက်များသည် ပြန်လည်သုံးသပ်သည့် စည်းမျဉ်း (ex post regulation) အတွက်ကျင့်သုံးမည့် ဈေးကွက်သတ်မှတ်ချက်များနှင့် အများအားဖြင့် ကိုက်ညီမည်ဖြစ်ပြီး၊ အချို့ကိစ္စရပ်များတွင် ကြိုတင်သတ်မှတ်သည့် စည်းမျဉ်းအတွက် သတ်မှတ်သော သက်ဆိုင်ရာ ဈေးကွက်များသည် ပြန်လည်သုံးသပ်သည့် စည်းမျဉ်း အတွက် သတ်မှတ်သည့် ဈေးကွက်များနှင့် ကွဲပြားနိုင်သည်။

၁၇။ ဈေးကွက်လွှမ်းမိုးမှု အနေအထားတွင်ရှိသည့် ဖြည့်ဆည်းပေးသူများအတွက် ကြိုတင် သတ်မှတ် သည့် တာဝန်များ (Ex ante obligations)

(က) ဦးစီးဌာနသည် ကြိုတင်သတ်မှတ်သည့် စည်းမျဉ်း (ex-ante regulation) အလို့ငှာ သတ်မှတ်ထားသော သက်ဆိုင်ရာ ဈေးကွက်တစ်ခုတွင် ဈေးကွက်လွှမ်းမိုးမှုအနေအထား ရှိသည့် ဖြည့်ဆည်းပေးသူများအပေါ် တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော အောက်ပါ တာဝန်များကို သတ်မှတ်ရမည်-

(၁) ရည်ညွှန်းကမ်းလှမ်းချက်များ အပါအဝင် ဈေးကွက်လွှမ်းမိုးမှု အနေအထားတွင် ရှိသော ဖြည့်ဆည်းပေးသူတစ်ဦးက သင့်လျော်သည့် သတင်းအချက်အလက်များ ကို ထုတ်ပြန်ရန်လိုအပ်သည့် ငွေစာရင်းဆိုင်ရာအချက်အလက်များ၊ နည်းပညာ ဆိုင်ရာ အသေးစိတ်အချက်အလက်များ၊ ကွန်ရက်ဆိုင်ရာ အရည်အသွေးများ၊ နှုန်းထားများအပါအဝင် ထောက်ပံ့ခြင်းနှင့် အသုံးပြုခြင်းအတွက် စည်းကမ်း ချက်များစသည့် သတ်မှတ်ချက်များ ပါဝင်သော သတင်းအချက်အလက်များ ထုတ်ပြန်ခြင်းဆိုင်ရာ ပွင့်လင်းမြင်သာမှု ရှိရေးတာဝန်၊

(၂) ဈေးကွက်လွှမ်းမိုးမှု အနေအထားတွင်ရှိသော ဖြည့်ဆည်းပေးသူတစ်ဦးက တူညီသော ဝန်ဆောင်မှုများကို ဖြည့်ဆည်းဆောင်ရွက်နေသော လိုင်စင်ရရှိသော အခြားသူများသို့တူညီသော အခြေအနေများတွင် တူညီသောစည်းကမ်းချက်များ ကို ကျင့်သုံးခြင်း၊ တတိယအဖွဲ့အစည်းများ (third parties) သို့ ဝန်ဆောင်မှု များနှင့် သတင်းအချက်အလက်များကို ဖြည့်ဆည်းပေးရာတွင် ယင်း၏ ဌာနများ သို့မဟုတ် လက်အောက်ခံအဖွဲ့အစည်းများ သို့မဟုတ် အကျိုးတူပူးပေါင်း လုပ်ကိုင် သူများသို့ ဖြည့်ဆည်းပေးသော ဝန်ဆောင်မှုများနှင့် သတင်းအချက်အလက်များ နည်းတူ တူညီသောအခြေအနေ များတွင် တူညီသော စည်းကမ်းချက်များနှင့် တူညီသော အရည်အသွေးများဖြင့် ဖြည့်ဆည်းပေးခြင်း စသည်တို့ ပါဝင်သည့် ခွဲခြားမှု မပြုရေးတာဝန်၊

(၃) ဈေးကွက်လွှမ်းမိုးမှု အနေအထားရှိသည့် ဖြည့်ဆည်းပေးသူများနှင့် အထူးသဖြင့် ဒေါင်လိုက်စနစ်အရ ပေါင်းစည်းထားသူများ (vertically integrated) သည် လိုအပ်သည့် အခြေအနေတွင် ဝန်ဆောင်မှု တစ်ခု၏ အမြတ်အစွန်းကို အခြားတစ်ခုအတွက် အသုံးချသည့် မျှတမှုမရှိသော ငွေကြေးထောက်ပံ့မှုကို ကာကွယ်ရန်အတွက် ခွဲခြားမှုမပြုရေးတာဝန်နှင့်အညီ ဖြစ်စေရန်အလို့ငှာ ယင်းတို့၏ လက်ကားစနစ် နှုန်းထားနှင့် ကုမ္ပဏီအတွင်းရှိ ဌာနအချင်းချင်း သတ်မှတ်နှုန်းထား (internal transfer prices) များကို ပွင့်လင်းမြင်သာမှု ရှိသောပုံစံဖြင့် တင်ပြရမည်ဟူသော သတ်မှတ်ချက်ပါဝင်သည့် ငွေစာရင်းသီးခြား ထားရှိရေးတာဝန်၊

(၄) ချိတ်ဆက်အသုံးပြုခွင့်ပေးခြင်းဆိုင်ရာတာဝန်၊

(၅) နှုန်းထားကြီးကြပ်ထိန်းချုပ်ခြင်းနှင့် အသုံးစရိတ်စာရင်းထားရှိခြင်းဆိုင်ရာတာဝန်။

(ခ) ဦးစီးဌာနသည် သင့်လျော်သည့် အခြေအနေများတွင်-

(၁) နည်းဥပဒေခွဲ (က) တွင် သတ်မှတ်ထားသည့် တာဝန်များအပြင် အခြားသင့်လျော် သည့် တာဝန်များကို ဈေးကွက်လွှမ်းမိုးမှု အနေအထားတွင်ရှိသည့် ဖြည့်ဆည်း သူများအပေါ် အများပြည်သူ သဘောထားတောင်းခံခြင်းပြုလုပ်၍ သတ်မှတ်နိုင် သည်။

(၂) ဆက်သွယ်ရေး ဥပဒေအရ လိုအပ်လျှင်သော်လည်းကောင်း၊ နိုင်ငံတကာ ကတိ ကဝတ်များနှင့်အညီ ဖြစ်စေရန်သော်လည်းကောင်း ယခင်က ဈေးကွက်လွှမ်းမိုးမှု အနေအထားတွင်ရှိသူမဟုတ်သည့် လိုင်စင်ရရှိသူများအပေါ် နည်းဥပဒေခွဲ (က) ပါ တာဝန်များကို သတ်မှတ်နိုင်သည်။

(၃) လိုင်စင်ရရှိသူမဟုတ်သော်လည်း အဓိကအထောက်အကူပြုပစ္စည်းများကို ကြီးကြပ်ထိန်းချုပ်သည့် လုပ်ငန်းတစ်ခုအပေါ်တွင် နည်းဥပဒေခွဲ (က) ပါ တာဝန်များကို သတ်မှတ်နိုင်သည်။ ထိုသို့ သတ်မှတ် ခြင်းမပြုမီ သက်ဆိုင်မှုရှိပါက အဆိုပါ လုပ်ငန်းအပေါ် လုပ်ပိုင်ခွင့်ရရှိထားသည့် အခြားကဏ္ဍနှင့် သက်ဆိုင်သည့် ဌာန (sector regulator) တစ်ခုခုနှင့် တိုင်ပင်ဆွေးနွေးရမည်။

(ဂ) ဦးစီးဌာန၏ ဆုံးဖြတ်ချက်သည် ဈေးကွက်လွှမ်းမိုးမှု အနေအထားတွင်ရှိသည့် ဖြည့်ဆည်း သူတစ်ဦး အပေါ် တာဝန်များသတ်မှတ်ရာတွင်-

(၁) ကိစ္စရပ်အလိုက် တာဝန်တစ်ခုစီ၏ သင့်လျော်မှု ရှိ မရှိကို ထည့်သွင်းစဉ်းစားရမည်။ အဆိုပါ တာဝန် စတင်ဆောင်ရွက်ရမည့်အချိန်ကို အချိန်မီ သတ်မှတ်ပေးရမည်။

(၂) သက်ဆိုင်ရာပြဿနာ၏ သဘောသဘာဝအပေါ်အခြေခံ၍ ဆက်သွယ်ရေးဥပဒေ၊ ဤနည်းဥပဒေ များနှင့် အခြားနည်းဥပဒေများ၏ အခြေခံသဘောတရားများ၊ ရည်ရွယ်ချက်များနှင့် ကိုက်ညီပြီး အချိုး ညီမျှ၍ ကျိုးကြောင်းဆီလျော်မှု ရှိရမည်။

(ဃ) ဦးစီးဌာနသည် ဤနည်းဥပဒေအရ တာဝန်များနှင့် စပ်လျဉ်း၍ ဆုံးဖြတ်ခြင်းနှင့် သတ်မှတ်ခြင်းကို သုံးနှစ်မှ ငါးနှစ်လျှင် တစ်ကြိမ် ပြန်လည်သုံးသပ်ရမည်။

(င) သက်ဆိုင်ရာဈေးကွက် စိစစ်ချက်အပေါ် အခြေခံ၍ တာဝန်ကို သတ်မှတ်ရာတွင် ဈေးကွက်၏ သွင်ပြင်လက္ခဏာရပ်များသည် ဈေးကွက်လွှမ်းမိုးမှု အနေအထားတွင်ရှိသည့် လိုင်စင်ရရှိသူတစ်ဦးအပေါ် သတ်မှတ်သည့် တာဝန်များနှင့် ဆီလျော်မှုရှိကြောင်းမပြသ နိုင်ပါက သို့မဟုတ် သက်ဆိုင်ရာ ဈေးကွက် တစ်ခုတွင် ဈေးကွက်လွှမ်းမိုးမှု အနေအထား ရှိသည့် လိုင်စင်ရရှိသူများမရှိပါက ဦးစီးဌာနသည် ယခင်က ဈေးကွက်လွှမ်းမိုးမှု အနေ အထားရှိခဲ့သည့် လိုင်စင်ရရှိသူများအပေါ် မည်သည့်တာဝန်ကိုမျှ သတ်မှတ်ခြင်းမပြုရ သို့မဟုတ် သတ်မှတ်ထားသည့် တာဝန်များရှိခဲ့လျှင် ထိုတာဝန်များကို ရုပ်သိမ်းရမည်။

(စ) ဦးစီးဌာနသည် သက်ဆိုင်သည့်လိုင်စင် ရရှိသူတစ်ဦးအပေါ် ဈေးကွက်လွှမ်းမိုးမှု အနေအထား သတ်မှတ်ချက်ကို ဖယ်ရှားရန် ဆုံးဖြတ်ချက်အရ ယခင် ဈေးကွက်လွှမ်းမိုးမှု အနေအထားတွင်ရှိခဲ့သည့် သတ်မှတ်ထားသော တာဝန်များကို တဖြည်းဖြည်းချင်း ဖယ်ရှားရန်အတွက် အသွင်ကူးပြောင်းရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ထည့်သွင်းစဉ်းစား နိုင်သည်။

အခန်း (၅)
စုံစမ်းစစ်ဆေးခြင်းနှင့် အရေးယူဆောင်ရွက်ခြင်း

၁၈။ ဦးစီးဌာန၏စုံစမ်းစစ်ဆေးခြင်း

(က) တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသော လိုင်စင်ရရှိသူများ သို့မဟုတ် ပုဂ္ဂိုလ်များက ဆက်သွယ်ရေး ဥပဒေ အခန်း ၁၁ သို့မဟုတ် ဤနည်းဥပဒေများ အခန်း ၂၊ ၃ နှင့် ၆ တို့အရ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ခဲ့သည် သို့မဟုတ် ဖောက်ဖျက်နေသည်ဟု သံသယရှိစေလောက်သည့် ခိုင်လုံသောအခြေအမြစ်ရှိခဲ့လျှင် ဦးစီးဌာနသည် ဤနည်း ဥပဒေများအရ စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို ပြုလုပ်နိုင်သည်။

(ခ) ဦးစီးဌာနသည် ဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဆက်သွယ်ရေးဥပဒေ အခန်း ၁၁ သို့မဟုတ် ဤနည်းဥပဒေများ အခန်း ၂၊ ၃ နှင့် ၆ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ခဲ့ကြောင်း သံသယရှိသည့်ကိစ္စရပ်အား စုံစမ်းစစ်ဆေးရမည်။

(ဂ) ဦးစီးဌာနသည် စုံစမ်းစစ်ဆေးခြင်းခံရမည့် လိုင်စင်ရရှိသူ သို့မဟုတ် အခြားပုဂ္ဂိုလ်တစ်ဦးဦး သို့ စုံစမ်းစစ်ဆေးမှုပြုရသည့် ဖြစ်ရပ်အကျဉ်းချုပ်၊ အခြေအနေများ၊ ဆက်သွယ်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်များ၊ လိုင်စင်စည်းကမ်းချက်များ သို့မဟုတ် နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ ဆုံးဖြတ်ချက်များ၊ ညွှန်ကြားချက်များ သို့မဟုတ် စုံစမ်းစစ်ဆေးခြင်းနှင့် စပ်လျဉ်းသည့် ဦးစီးဌာန၏ အခြားသော ဆောင်ရွက်ချက်များနှင့် စုံစမ်းစစ်ဆေးမှု၏ ဖြစ်နိုင်ချေရလဒ်တို့အပါအဝင် အမှုကိစ္စ၏ သဘောသဘာဝကို ဖော်ပြထားသောအကြောင်းကြားစာပေးပို့ရမည်။

(ဃ) နည်းဥပဒေခွဲ (ဂ) အရ ပေးပို့သော အကြောင်းကြားစာတွင် အောက်ပါတို့ကို လည်းဖော်ပြရမည်-

(၁) စုံစမ်းစစ်ဆေးခြင်းခံရမည့် ပုဂ္ဂိုလ် သို့မဟုတ် ပုဂ္ဂိုလ်များ သို့မဟုတ် အမှုကိစ္စနှင့် ဆက်စပ်သည့် အခြားပုဂ္ဂိုလ်များက တင်ပြချက်များကို ပေးပို့ရမည့်အချိန်ဇယား၊

(၂) အမှုကိစ္စအား အပြီးသတ်အဆုံးအဖြတ်ပေးရာတွင် ဦးစီးဌာနက ပြုလုပ်မည့် အခြားဆောင်ရွက်ရန် ရှိသည်များ။

၁၉။ ဦးစီးဌာနသို့တိုင်ကြားခြင်း

(က) ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် ပုဂ္ဂိုလ်များ၏တိုင်ကြားချက်အရ လုပ်ငန်းတစ်ခုခု၊ သဘော တူညီချက်တစ်ခုခု သို့မဟုတ် လုပ်ဆောင်မှုတစ်ခုခုသည် ဆက်သွယ်ရေးဥပဒေ အခန်း ၁၁ သို့မဟုတ် ဤနည်းဥပဒေများ အခန်း ၂၊ ၃ နှင့် ၆ ပါ တားမြစ်ချက်တစ်ခုခုကို ဖောက်ဖျက် ခဲ့သည် သို့မဟုတ် ဖောက်ဖျက်နေသည်ဟု သံသယရှိစေလောက်သည့် ခိုင်လုံသော အခြေ အမြစ်ရှိခဲ့လျှင် ဦးစီးဌာနသည် အဆိုပါလုပ်ငန်းသဘောတူညီချက် သို့မဟုတ် လုပ်ဆောင်မှု တစ်ခုခုအပေါ် စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်နိုင်သည်။

(ခ) တိုင်ကြားသူသည် စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုချက်ကို-

(၁) စာဖြင့်ရေးသား၍ ဦးစီးဌာနသို့တင်ပြရမည့်အပြင် ထိုနေ့တွင်ပင် အဆိုပါ တောင်းဆိုချက် မိတ္တူကို တိုင်ကြားခံရသူ (the responding party) သို့ပေးပို့ ရမည်။

(၂) သက်ဆိုင်ရာဖြစ်ရပ်အားလုံး သို့မဟုတ် အခြေအနေ အကျဉ်းချုပ်၊ ဆက်စပ် နေသော စာပေးစာယူ ဆက်သွယ်မှုများ သို့မဟုတ် အခြားအထောက်အပံ့ပြု ပစ္စည်းများအပါအဝင် တိုင်ကြားမှု၏ သဘောသဘာဝနှင့်ဖြစ်စေ လိုသော ရလဒ် တို့ကို အကျဉ်းချုပ်ဖော်ပြရမည်။

(ဂ) တိုင်ကြားသူက စုံစမ်းစစ်ဆေးမှုပြုရန် တောင်းဆိုချက်ကို ပေးပို့သည့်နေ့ရက်မှ ၁၅ ရက် အတွင်း တိုင်းကြားခံရသူသည်-

(၁) ဦးစီးဌာနက စုံစမ်းစစ်ဆေးမှုကို မပြုလုပ်သင့်ကြောင်းသို့မဟုတ် တိုင်ကြားမှုအား အခြားနည်းလမ်းဖြင့် တုံ့ပြန်ဆောင်ရွက်သင့်ကြောင်း ယင်း၏သဘောထား မှတ်ချက် တစ်စုံတစ်ရာ ရှိခဲ့လျှင် စာဖြင့်ပေးပို့ရမည်။

(၂) ဦးစီးဌာနသို့ ၎င်း၏ သဘောထားမှတ်ချက်ကို ပေးပို့သည့် နေ့ရက်တွင်ပင် အဆိုပါ သဘောထား မှတ်ချက် မိတ္တူတစ်စုံကိုတိုင်ကြားသူထံပေးပို့ရမည်။

(ဃ) စုံစမ်းစစ်ဆေးမှုပြုရန် တောင်းဆိုချက်ကို တင်ပြသည့်နေ့ရက်မှ ရက်ပေါင်း ၃၀ အတွင်း ဦးစီးဌာနသည်-

(၁) စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုချက်ကို တုံ့ပြန်သည့်အနေဖြင့် စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန်သော်လည်းကောင်း၊ အခြားနည်းဖြင့် အရေးယူဆောင်ရွက်ရန် သော်လည်းကောင်းဆုံးဖြတ်ရမည်။

(၂) စုံစမ်းစစ်ဆေးမှု ပြုလုပ်မည် မပြုလုပ်မည်ကို ခွဲခြားဖော်ပြလျက် အရေးယူ ဆောင်ရွက်မည့်ပုံစံနှင့် ထိုသို့ဆုံးဖြတ်ရခြင်း အကြောင်းအရင်းတို့ကို သက်ဆိုင်သူ များထံစာဖြင့် အကြောင်းကြားရမည်။

(င) ဦးစီးဌာနသည် စုံစမ်းစစ်ဆေးမှုပြုရန်အတွက် တစ်ခုထက်ပိုသော တောင်းဆိုချက်များ အား လက်ခံရရှိပါက တောင်းဆိုသည့်လုပ်ဆောင်မှု သို့မဟုတ် အခြေအနေများသည် တူညီမှုရှိသည် သို့မဟုတ် အများအားဖြင့် တူညီနေသည်ဟု တွေ့ရှိရပါက အဆိုပါ တောင်းဆိုချက်များကို အမှုတွဲ တစ်ခုတည်း အဖြစ် ပေါင်းစည်းနိုင်သည်။

(စ) နည်းဥပဒေခွဲ (ဃ)၊ နည်းဥပဒေခွဲငယ် (၂) အရ ဦးစီးဌာန၏ အကြောင်းကြားစာပါ နေ့ရက်မှ ရက်ပေါင်း ၃၀ အတွင်း တိုင်ကြားသူသည်-

(၁) ဆက်သွယ်ရေးဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ နည်းဥပဒေ၊ ညွှန်ကြားချက်၊ လိုင်စင်စည်းကမ်းချက် သို့မဟုတ် အခြားအခွင့်အရေး သို့မဟုတ် တာဝန်များ အပေါ် တိုင်ကြားခံရသူက ကျူးလွန်ခဲ့သည့် ဖောက်ဖျက်မှုများနှင့် အဆိုပါ ဖောက်ဖျက်မှုများကြောင့် ဖြစ်ပေါ်သည့် အကျိုးဆက်များ အပါအဝင် တိုင်ကြားသူ ၏အနေအထားနှင့် ဖြစ်စေလိုသည့် ရလဒ်များကို အထောက်အကူပြုသည့် အခြေ အနေများ၏ ဖော်ပြချက်အပြည့်အစုံနှင့် လျှောက်လဲချက်များအား ဦးစီးဌာနထံ စာဖြင့် ရေးသား တင်ပြရမည်။

(၂) ယင်း၏ အနေအထားကို အထောက်အကူဖြစ်စေသည်ဟု ယုံကြည်သည့် မှတ်တမ်း မှတ်ရာများနှင့် အခြားသက်သေအထောက်အထားကို စာဖြင့်တင်ပြရာတွင် ထည့်သွင်းရမည်။

(၃) စာဖြင့်တင်ပြချက်နှင့် မှတ်တမ်းမှတ်ရာများ သို့မဟုတ် အခြားသော သက်သေ အထောက်အထားများ၏ မိတ္တူ တစ်စုံကို ဦးစီးဌာနထံ တင်ပြသည့်နေ့ရက်၌ပင် တိုင်ကြားခံရသူထံပေးပို့ရမည်။

(ဆ) နည်းဥပဒေခွဲ (စ)၊ နည်းဥပဒေခွဲငယ် (၃) အရ တိုင်ကြားသူ၏ အကြောင်းကြားစာပါ နေ့ရက်မှ ရက်ပေါင်း ၃၀ အတွင်းတိုင်ကြားခံရသူသည်-

(၁) အောက်ပါအချက်များ ဖော်ပြလျက် အဆိုပါတင်ပြချက်များအပေါ် ပြန်လည် ဖြေရှင်းစာ တင်ပြရမည်-

(ကက) တိုင်ကြားခံရသူက ဝန်ခံသည့် သို့မဟုတ် သဘောတူသည့် တိုင်ကြားစာပါ အခြေအနေများ သို့မဟုတ် ခုခံချေပမှုများ၊

(ခခ) တိုင်ကြားသူ၏ စာဖြင့် ကိုးကားတင်ပြသည့် အခြေအနေ သို့မဟုတ် ခုခံချေပမှုများကို တိုင်ကြား ခံရသူက ငြင်းဆိုပါက အဆိုပါတင်ပြချက် ပါအခြေအနေ သို့မဟုတ် ခုခံချေပချက်သည် တိုင်ကြားခံရသူ ၏အနေ အထားနှင့် မည်သို့ကွာခြားကြောင်း ရှင်းလင်းပြတ်သားသည့် ပြန်လည် တင်ပြချက်နှင့် ယင်း၏ အနေအထားကို အထောက်အကူပြုသည့် အခြေအနေ၊ အထောက်အထားများအပါအဝင် ဖြစ်စေလိုသည့် ရလဒ်၊

(၂) ပြန်လည်တင်ပြချက်တွင် ယင်း၏အနေအထားကို အထောက်အကူပြုသည့် စာရွက် စာတမ်းများ နှင့် အခြားအထောက်အထားများကို ထည့်သွင်းဖော်ပြရမည်။

(၃) ယင်း၏ ပြန်လည်တင်ပြချက် သို့မဟုတ် စာရွက်စာတမ်းများ သို့မဟုတ် အခြားအထောက်အထား များ၏ မိတ္တူ တစ်စုံကို ဦးစီးဌာနသို့ တင်ပြသည့် နေ့ရက်တွင်ပင် တိုင်ကြားသူထံ ပေးပို့ရမည်။

(ဇ) ဦးစီးဌာနက ခိုင်လုံသည်ဟုယူဆသည့် ကိစ္စရပ်များ၌ တိုင်ကြားခံရသူ၏ ပြန်လည် တင်ပြချက်အပေါ် စာဖြင့် ထပ်မံတင်ပြရန် ဦးစီးဌာနက အကြောင်းကြားသည့် နေ့ရက်မှ ရက်ပေါင်း ၁၅ ရက်အတွင်း တိုင်ကြားသူအား အခွင့်အရေးပေးနိုင်သည်။ ဤကိစ္စရပ်များ အတွက် တိုင်ကြားသူ၏ ပြန်လည်တင်ပြချက်အသစ် သို့မဟုတ် အထောက်အထား သစ်များအပေါ် ရက်ပေါင်း ၁၅ ရက်အတွင်း စာဖြင့်ဖြေရှင်းရန်အတွက် တိုင်ကြားခံရသူ အား နောက်ဆုံးအခွင့်အရေးပေးရမည်။

၂၀။ ဤနည်းဥပဒေများအရ ဆောင်ရွက်သည့် စုံစမ်းစစ်ဆေးမှုအားလုံးနှင့် သက်ဆိုင်သည့် လုပ်ထုံး လုပ်နည်းဆိုင်ရာ အကြောင်းအရာများ

(က) ဦးစီးဌာနသည် ဤကိစ္စနှင့်ဆက်စပ်သည့် မည်သည့်အဖွဲ့အစည်းကိုမဆို တင်ပြချက်များ ပြုလုပ်ရန် အတွက် အချိန်တိုးမြှင့်ခွင့် ပြုနိုင်သည်။

(ခ) အချိန်တိုးမြှင့်ပေးရန် တောင်းဆိုလိုသူသည် သတ်မှတ်ရက်မကုန်ဆုံးမီ အနည်းဆုံး ၅ ရက် ကြိုတင်၍ အချိန်တိုးမြှင့်ပေးရန် ဦးစီးဌာနသို့ စာဖြင့် ရေးသားတင်ပြရမည်။ ဦးစီးဌာနသည် အချိန်တိုး မြှင့်ရန် တောင်းဆိုချက်ကို လက်ခံရရှိသည့်နေ့ရက်မှ ၃ ရက်အတွင်းဆုံးဖြတ်ချက်ကို နှစ်ဦးနှစ်ဘက်သို့ အကြောင်းကြားရမည်။

(ဂ) ဦးစီးဌာနသည် ဤနည်းဥပဒေများအရ စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို ပြုလုပ်နေစဉ်အတွင်း မည်သည့် အချိန်တွင်မဆို နှစ်ဖက်စလုံးကိုဖြစ်စေ၊ တစ်ဘက်ဘက်ကိုဖြစ်စေ သတင်းအချက်အလက်များ ထပ်မံတင်ပြရန် တောင်းခံနိုင်သည်။

(ဃ) မည်သည့်သတင်းအချက်အလက်များကိုမဆို ဦးစီးဌာနသို့ တင်ပြသည့်အချိန်တွင် တင်ပြသူမှ အခြားတစ်ဘက်ကိုပါ ပေးပို့ရမည်။

(င) စုံစမ်းစစ်ဆေးမှုနှင့်ပတ်သက်၍ လျှို့ဝှက်သတင်းအချက်အလက်ကို ဦးစီးဌာနသို့ တင်ပြလိုပါက အဆိုပါ သတင်းအချက်အလက်အား လျှို့ဝှက်စွာကိုင်တွယ်ပေးရန် တစ်ဘက်ဘက်က တောင်းဆိုနိုင်ပြီး၊ ယင်းသို့တောင်းဆိုမှုအတွက် ကျိုးကြောင်းခိုင်လုံ သည့် ရှင်းလင်းချက်ကို တင်ပြရမည်။ ဦးစီးဌာနသည် သက်ဆိုင်ရာ စံနှုန်းများအရ ထိုသတင်းအချက်အလက်များအား လျှို့ဝှက်စွာ ကိုင်တွယ်ဆောင်ရွက်ရန် သင့် မသင့် စိစစ်ရမည်။

(စ) ဦးစီးဌာနသည် ဤနည်းဥပဒေများအရ စုံစမ်းစစ်ဆေးမှုအား ပြီးစီးသည်အထိ တာဝန်ယူ ဆောင်ရွက်ရမည်။ ထိုသို့ဆောင်ရွက်ရာတွင် လိုအပ်သော သတင်းအချက်အလက်များ လက်ခံရရှိပြီး ရက်ပေါင်း ၆၀ အတွင်း ပြဿနာရပ်များကို ဖြေရှင်းမည့်ဆုံးဖြတ်ချက်ကို သော်လည်းကောင်း၊ စုံစမ်း စစ်ဆေးမှုနှင့် စပ်လျဉ်းသည့် အခြားအရေးယူ ဆောင်ရွက်မှု တစ်ရပ်ရပ်ကိုသော်လည်းကောင်း ဖော်ပြထားသည့် အကြောင်းကြားစာ တစ်စောင်ကို ထုတ်ပြန်ရမည်။ ထို့အပြင်ဦးစီးဌာနသည် သက်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို ပြုလုပ်နေစေဉ် မည်သည့် အချိန်တွင်မဆို ဆုံးဖြတ်ချက်ထုတ်ပြန်မည့် အချိန်ကာလ ကို နှစ်ဘက်စလုံးထံ စာဖြင့်အကြောင်းကြား၍ တိုးမြှင့်နိုင်သည်။

(ဆ) ဤနည်းဥပဒေများအရ ဦးစီးဌာနက စေ့စပ်ညှိနှိုင်းဆုံးဖြတ်ပေးချက်နှင့် စပ်လျဉ်း၍ အယူခံဝင် ရောက်ခြင်းသည် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၅၂ နှင့် အကျုံးဝင်ရမည်။

၂၁။ ကြားကာလဆောင်ရွက်ချက်များ

(က) နည်းဥပဒေ ၁၈ နှင့် ၁၉ အရ ဦးစီးဌာနသည် စုံစမ်းစစ်ဆေးမှုတစ်ရပ်အား စတင် ထားပြီးဖြစ်သော်လည်း ပြီးစီးခြင်းမရှိပါက ဤနည်းဥပဒေနှင့် သက်ဆိုင်စေရမည်။

(ခ) ဦးစီးဌာနသည် အောက်ပါအခြေအနေတစ်ရပ်ရပ်တွင် ဝန်ကြီးဌာန၏ သဘောတူညီချက် ဖြင့် ဤနည်းဥပဒေအရ ညွှန်ကြားချက်များ ထုတ်ပြန်နိုင်သည်-

(၁) ဆက်သွယ်ရေးဥပဒေ အခန်း ၁၁ သို့မဟုတ် ဤနည်းဥပဒေများ အခန်း ၂၊ ၃ နှင့် ၆ ပါ တားမြစ်ချက်တစ်ခုခုကို ဖောက်ဖျက်ခဲ့ကြောင်း သို့မဟုတ် ဖောက်ဖျက်ဖွယ် ရှိကြောင်း ယုံကြည်လောက်သည့် ကျိုးကြောင်းခိုင်လုံသော အခြေအမြစ်ရှိလျှင်၊

(၂) အောက်ပါကိစ္စရပ်များအတွက် အရေးပေါ်ကိစ္စတစ်ရပ်အနေဖြင့် ဆောင်ရွက်ရန် လိုအပ်သည်ဟု ယူဆလျှင်-

(ကက)သက်ဆိုင်ရာပုဂ္ဂိုလ် သို့မဟုတ် ပုဂ္ဂိုလ်အုပ်စုတစ်ခုအတွက် စီးပွားရေး အရဖြစ်စေ၊ အခြားနည်း အရဖြစ်စေ ကြီးမား၍ ပြင်ဆင်မရနိုင်သော ပျက်စီးဆုံးရှုံးမှုကို ကာကွယ်ခြင်း၊

(ခခ) အများပြည်သူ၏ အကျိုးစီးပွားကို ကာကွယ်ခြင်း။

(ဂ) နည်းဥပဒေခွဲ (ခ) အရ ထုတ်ပြန်သော ညွှန်ကြားချက်တစ်ခုတွင် မည်သည့်ပုဂ္ဂိုလ်ကိုမဆို အောက်ပါတို့ကို ပြုလုပ်ရန် တောင်းဆိုခြင်း သို့မဟုတ် ပြုလုပ်စေခြင်းတို့ ပါဝင်နိုင်သည်-

(၁) ဤနည်းဥပဒေများ အခန်း ၂ သို့မဟုတ် အခန်း ၆ အရ တားမြစ်ချက်တစ်ခုခုကို ဖောက်ဖျက်သည်ဟု သံသယရှိသည့် မည်သည့်လုပ်ဆောင်ချက်ကိုမဆို ရပ်ဆိုင်း ရန်၊

(၂) ဤနည်းဥပဒေများ အခန်း ၃ အရ တားမြစ်ချက်တစ်ခုခုကို ဖောက်ဖျက်သည်ဟု သံသယရှိသည့် သဘောတူညီချက်တစ်ခု၏ အကျိုးသက်ရောက်မှုကို ရပ်ဆိုင်းရန် နှင့် ထိုသဘောတူညီချက်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်မှုကို ရပ်ဆိုင်းရန်၊

(၃) ငွေကြေးကျခံရန် လိုအပ်ခြင်းမရှိသည့် လုပ်ဆောင်မှုတစ်ခုကို ဆောင်ရွက်ရန် သို့မဟုတ် ဆောင်ရွက်ခြင်းမပြုရန်။

(ဃ) နည်းဥပဒေခွဲ (ခ) အရ ညွှန်ကြားချက်တစ်ရပ်ကို မထုတ်ပြန်မီ ဦးစီးဌာနသည်-

(၁) ထုတ်ပြန်မည့် ညွှန်ကြားချက်၏ သဘောသဘာဝနှင့် ညွှန်ကြားချက်ပေးရခြင်း အကြောင်းအရင်းကို ထည့်သွင်းဖော်ပြထားသော အကြောင်းကြားစာကို ညွှန်ကြား ချက်ပေးရန် ရည်ရွယ်သည့် ပုဂ္ဂိုလ်ထံ သို့ ပေးပို့ရမည်။

(၂) အကြောင်းကြားစာထုတ်ပြန်ပြီးအနည်းဆုံး ၇ ရက်အတွင်း အဆိုပါ ပုဂ္ဂိုလ်အား စာဖြင့်တင်ပြရန် အခွင့်အရေးပေးရမည်။

(င) ဦးစီးဌာနသည် မည်သည့်အချိန်တွင်မဆို နည်းဥပဒေခွဲ (ခ) အရ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်တစ်ရပ်ကို ရုပ်သိမ်းနိုင်သည်။

(စ) နည်းဥပဒေခွဲ (င) တွင် မည်သို့ပင်ဖော်ပြထားစေကာမူ နည်းဥပဒေခွဲ (ခ) အရ ထုတ်ပြန် သည့် ညွှန်ကြားချက်တစ်ရပ်၏ အကျိုးသက်ရောက်မှုကို အောက်ပါအတိုင်း ရပ်ဆိုင်းရ မည်-

(၁) ဦးစီးဌာန၏ စစ်ဆေးခြင်း သို့မဟုတ် ဦးစီးဌာနသို့ တိုင်ကြားခြင်းအရ စုံစမ်း စစ်ဆေးမှုပြီးဆုံး၍ ဦးစီးဌာနက ဆုံးဖြတ်ချက်ချသည့်နေ့ရက်တွင်၊ သို့မဟုတ်

(၂) ညွှန်ကြားချက် ထုတ်ပြန်သည့်နေ့ရက်မှ ၁၂ လအတွင်း၊ သို့မဟုတ်

(၃) ထိုနှစ်ခုအနက် စောစီးစွာ ကျရောက်သည့်နေ့ရက်။

၂၂။ ဖောက်ဖျက်မှုမရှိကြောင်း တွေ့ရှိခြင်း

ဦးစီးဌာနသည် ဝန်ကြီးဌာန၏သဘောတူညီချက်ဖြင့် ဤနည်းဥပဒေများ အခန်း ၂၊ ၃ သို့မဟုတ် ၆ အရ တားမြစ်ချက်တစ်ရပ်ကို ဖောက်ဖျက်မှုမရှိကြောင်း ဆုံးဖြတ်ရာတွင် အခြေခံသည့် အချက် အလက်များ နှင့် အကြောင်းအရင်းကို ဖော်ပြလျက် သက်ဆိုင်သည့် ပုဂ္ဂိုလ်များထံသို့ နှောင့်နှေး ကြန့်ကြာမှုမရှိစေပဲ အကြောင်းကြားစာကို ပေးပို့ရမည်။

၂၃။ ဖောက်ဖျက်မှုရှိကြောင်း တွေ့ရှိခြင်း

(က) ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ဤနည်းဥပဒေများ အခန်း ၂၊ ၃ သို့မဟုတ် ၆ အရ တားမြစ်ချက်တစ်ရပ်ကို ဖောက်ဖျက်မှုရှိကြောင်းဆုံးဖြတ်ရာတွင် ဦးစီးဌာနသည်-

(၁) ဖောက်ဖျက်မှုကို ချက်ချင်းရပ်ဆိုင်းရန် တောင်းဆိုရမည်။

(၂) ဖောက်ဖျက်နေသည့် လိုင်စင်ရရှိသူ သို့မဟုတ် လိုင်စင်ရရှိသူများက ဖောက်ဖျက် မှုကို ရပ်ဆိုင်းရန်အတွက် ဆောင်ရွက်သွားရမည့် သက်ဆိုင်ရာ လုပ်ငန်းအဆင့် ဆင့်ကို သတ်မှတ်နိုင်သည်။

(၃) ဆက်သွယ်ရေးဥပဒေနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အခြားသက်ဆိုင်ရာ ဥပဒေများနှင့်အညီ ဒဏ်ကြေးငွေတစ်ရပ်ကို ချမှတ်နိုင်သည်။

(၄) သင့်လျော်သည်ဟု ယူဆသည့် အခြားညွှန်ကြားချက်တစ်ရပ်ကို ပေးနိုင်သည်။

(ခ) ဦးစီးဌာနသည် ဤနည်းဥပဒေအရ ဆုံးဖြတ်ချက်တစ်ရပ်ချမှတ်ပြီးရက်ပေါင်း ၁၄ ရက် အတွင်း သက်ဆိုင်ရာ ပုဂ္ဂိုလ်ထံသို့ အကြောင်းကြားရမည်။

(ဂ) ဦးစီးဌာနသည် ဤနည်းဥပဒေအရ ချမှတ်သည့် ဆုံးဖြတ်ချက်တစ်ခုစီအတွက် ရှင်းလင်း ချက်များ ကို ပြုစုထုတ်ပြန်ရမည်။

(ဃ) ဒဏ်ကြေးငွေတစ်ရပ်သည် ဖောက်ဖျက်မှုတစ်ခုကို ကျူးလွန်သည့် ကာလအတွင်းလုပ်ငန်း တစ်ခုက ရရှိသည့် သက်ဆိုင်ရာဝင်ငွေ၏ ၁၀ ရာခိုင်နှုန်းထက် မပိုစေရ။

၂၄။ ညွှန်ကြားချက်များ၊ အမိန့်များ သို့မဟုတ် ဆုံးဖြတ်ချက်များကို လိုက်နာရန်ပျက်ကွက်ခြင်း

(က) နည်းဥပဒေ ၂၃၊ နည်းဥပဒေခွဲ (က)၊ နည်းဥပဒေခွဲငယ် (၄) အရ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်တစ်ရပ်ကို လိုင်စင်ရရှိသူက လိုက်နာရန်ပျက်ကွက်ပါက ဦးစီးဌာနသည် စီမံခန့်ခွဲရေး နည်းလမ်းအရ အောက်ပါအတိုင်း အရေးယူဆောင်ရွက်နိုင်သည်-

(၁) ညွှန်ကြားချက်ကို လိုက်နာရန် လိုင်စင်ရရှိသူအတွက် စည်းကမ်းချက်များနှင့် အချိန် သတ်မှတ်ချက်တို့ကို ဖော်ပြလျက် သတိပေးချက်တစ်ရပ် ထုတ်ပြန်ခြင်း၊

(၂) လိုင်စင်ရရှိသူက ညွှန်ကြားချက်ကို လိုက်နာရန်ပျက်ကွက်လျှင် ပျက်ကွက်ခဲ့သည့် နေ့ရက် တစ်ရက်စီအတွက် ဒဏ်ကြေးငွေချမှတ်ခြင်း။

(ခ) နည်းဥပဒေ ၂၃ အရ ဦးစီးဌာနက ထုတ်ပြန်သည့် အမိန့်၊ ညွှန်ကြားချက် သို့မဟုတ် ဆုံးဖြတ်ချက်တစ်ခုကို လိုင်စင်ရရှိသူက လိုက်နာရန်ပျက်ကွက်လျှင် ဦးစီးဌာနသည် စီမံခန့်ခွဲရေး နည်းလမ်းအရ အောက်ပါအရေးယူမှုများကို ထပ်မံဆောင်ရွက်နိုင်သည်-

(၁) အချိန်ကာလအပိုင်းအခြား တစ်ခုအထိ လိုင်စင်ရပ်ဆိုင်းခံရနိုင်ကြောင်း အသိပေး ခြင်းအပါအဝင် နည်းဥပဒေ ၂၃ အရ ဦးစီးဌာနက ထုတ်ပြန်သည့် အမိန့်၊ ညွှန်ကြား ချက်သို့မဟုတ် ဆုံးဖြတ်ချက်ကို လိုင်စင်ရရှိသူက လိုက်နာရန်စည်းကမ်းချက် များနှင့် အချိန်သတ်မှတ်ချက်တို့ပါဝင်သော သတိပေးချက် တစ်ရပ် ထုတ်ပြန်ခြင်း။

(၂) လိုင်စင်ရရှိသူက အထက်ပါနည်းဥပဒေခွဲငယ် (၁) အရ သတိပေးချက်ကို လိုက်နာ ရန်ပျက်ကွက်ပါက လိုင်စင်ရပ်ဆိုင်းခံရနိုင်ကြောင်း အသိပေးခြင်းအပါအဝင် လိုင်စင်အား အချိန်ကာလအပိုင်းအခြား တစ်ခုအထိ ရပ်ဆိုင်းခြင်း။

(၃) အထက်ပါ နည်းဥပဒေခွဲငယ် (၁) နှင့် (၂) တို့အရ လိုင်စင်ရရှိသူသည် သတိပေးချက်ကို လိုက်နာရန်ပျက်ကွက်ပြီး အချိန်ကာလ အပိုင်းအခြားတစ်ခုအထိ လိုင်စင်ရပ်နားခံထားရခြင်း ရှိခဲ့ပါက လိုင်စင်ကို ပယ်ဖျက်ခြင်း။

၂၅။ ကတိခံဝန်ချက်ကို လက်ခံရန်အခွင့်အာဏာ

(က) ဦးစီးဌာနသည် သတ်မှတ်နိုင်သည့် စည်းကမ်းများနှင့် ဝန်ကြီးဌာန၏ သဘောတူညီချက် တို့အရ သင့်လျော်သည့်အတိုင်း လိုင်စင်ရရှိသူတစ်ဦး၏ လုပ်ဆောင်ရန် သို့မဟုတ် လုပ်ဆောင်ခြင်းမပြုဘဲနေရန် ကတိခံဝန်ချက်တစ်ရပ်ကို လက်ခံနိုင်သည်။

(ခ) ဦးစီးဌာနသည် နည်းဥပဒေခွဲ (က) အရ ကတိခံဝန်ချက်တစ်ရပ်ကို လက်ခံပါက ဖောက်ဖျက်မှုအပေါ် မည်သည့်စုံစမ်းမှုကိုမျှ မပြုလုပ်တော့ဘဲ စစ်ဆေးခြင်းကို ရပ်ဆိုင်းရမည်ဖြစ်ပြီး လိုင်စင်ရရှိသူအပေါ် အရေးယူခြင်းမပြုရ။

(ဂ) ဦးစီးဌာနက လက်ခံသော မည်သည့်ကတိခံဝန်ချက်မျိုးကိုမဆို စာဖြင့်ရေးသားရမည် ဖြစ်ပြီး ဦးစီးဌာနက သတ်မှတ်သည့်နည်းလမ်းဖြင့် အများပြည်သူ သိရှိနိုင်စေရမည်။

(ဃ) ကတိခံဝန်ချက်ပေးသည့် လိုင်စင်ရရှိသူသို့ ထုတ်ပြန်သည့် အမိန့်၊ ညွှန်ကြားချက် သို့မဟုတ် ဆုံးဖြတ်ချက်တစ်ရပ်တွင် ပြဋ္ဌာန်းချက်များ ထည့်သွင်းထားသကဲ့သို့ ဤနည်း ဥပဒေအရ ဦးစီးဌာနက လက်ခံသည့် မည်သည့် ကတိခံဝန်ချက်အတွက်မဆို အလားတူ ပြဋ္ဌာန်းဆောင်ရွက်ရမည်။

၂၆။ ကုန်ကျစရိတ်များနှင့် ပညာရှင်များ

(က) အမှုတွဲတစ်ခု၏အပြီးသတ်ဆုံးဖြတ်ချက်သည် မည်သို့ပင်ဖြစ်စေ ဦးစီးဌာန၏ သီးခြား ညွှန်ကြားချက်မရှိလျှင် နှစ်ဦးနှစ်ဘက်စလုံးသည် အမှုတွင် ပါဝင်ခြင်းအတွက် မိမိတို့နှင့် သက်ဆိုင်သည့် စရိတ်များကို ကျခံရမည်။

(ခ) ဦးစီးဌာနသည် အမှုတွဲတစ်ခုပြီးစီးအောင် ဆောင်ရွက်နေစဉ်အတွင်း ပညာရပ်ဆိုင်ရာ အထောက်အကူရယူလျက် ထည့်သွင်းစဉ်းစားသင့်သည့် ကိစ္စရပ် သို့မဟုတ် အခြေအနေ တစ်ခုခုကို တစ်ဘက်ဘက်မှ တင်ပြလာပါက စိစစ်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ကျွမ်းကျင်ပုဂ္ဂိုလ်များ၏ အကူအညီကို ရယူဆောင်ရွက်နိုင်သည်။

အခန်း (၆)
လွှဲပြောင်းလုပ်ငန်းရပ်များအား သုံးသပ်ခြင်း

၂၇။ လွှဲပြောင်းလုပ်ငန်းရပ်များအားသုံးသပ်ရန် ဦးစီးဌာန၏ အခွင့်အာဏာ

ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ဦးစီးဌာနက ခွင့်ပြုထားခြင်းမရှိလျှင် ဆက်သွယ်ရေး ဈေးကွက် တစ်ခုအတွင်းလွတ်လပ်စွာပြိုင်ဆိုင်မှု သဘောသဘာဝကို ပျက်ပြားစေသည့် သို့မဟုတ် ပျက်ပြားစေရန် အလားအလာရှိသည့် မည်သည့် လွှဲပြောင်းလုပ်ငန်းတစ်ရပ်ကိုမဆို ဥပဒေနှင့် ဆန့်ကျင်သည့် လုပ်ငန်းရပ် အဖြစ် မှတ်ယူရမည်။

၂၈။ လုပ်ငန်းအချင်းချင်းပေါင်းစည်းခြင်း၊ ဝယ်ယူခြင်းနှင့် လွှဲပြောင်းရယူခြင်းများအတွက် လုပ်ထုံး လုပ်နည်းဆိုင်ရာ သုံးသပ်ခြင်း

(က) နည်းဥပဒေ ၂၇ ကို သုံးသပ်ရာတွင် ဦးစီးဌာနသည် အောက်ပါလွှဲပြောင်းလုပ်ငန်းရပ်များ အတွက် ဤနည်းဥပဒေအခန်းအရ လုပ်ထုံးလုပ်နည်းဆိုင်ရာ သုံးသပ်ခြင်းကို ဆောင်ရွက် ရမည်-

(၁) လိုင်စင်ရရှိသူတစ်ဦးထံမှ ၁၅ ရာခိုင်နှုန်းထက် ကျော်လွန်သော ရှယ်ယာ ဝယ်ယူခြင်း နှင့် သက်ဆိုင်သည့် လွှဲပြောင်းလုပ်ငန်းရပ်များ၊

(၂) လိုင်စင်ရရှိသူ၏ ထိန်းချုပ်ထားမှုအပေါ် အပြောင်းအလဲတစ်ရပ်ဖြစ်စေနိုင်သည့် အခြားလွှဲပြောင်း လုပ်ငန်းရပ်တစ်ခုခု၊

(၃) ဆက်သွယ်ရေးဥပဒေအရ၊ ဝန်ကြီးဌာန၏ခွင့်ပြုချက်အရ ထုတ်ပေးထားသည့် လိုင်စင်တစ်ခုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လွှဲပြောင်းခြင်း သို့မဟုတ် ဝယ်ယူခြင်းကို ဖြစ်စေသည့် လွှဲပြောင်း လုပ်ငန်းရပ်တစ်ခုခု။

(ခ) အဆိုပြုထားသည့် လွှဲပြောင်းလုပ်ငန်းရပ်တစ်ခုအတွက် လျှောက်ထားချက်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းရှိ မည်သည့်ဆက်သွယ်ရေး ဈေးကွက်တွင် မဆို လွတ်လပ်စွာ ပြိုင်ဆိုင်မှုသဘောသဘာဝကို ပျက်ပြားစေနိုင်ဖွယ်ရှိသည်ဟု ဦးစီး ဌာနက ယူဆလျှင် အဆိုပါ လျှောက်ထားချက်အား ခွင့်ပြုလိမ့်မည်မဟုတ်။

၂၉။ လွှဲပြောင်းလုပ်ငန်းရပ်များကို အကြောင်းကြားခြင်း

(က) လိုင်စင်ရရှိသူသည် ဤအခန်းတွင် အကျုံးဝင်သည့် မည်သည့်လွှဲပြောင်းလုပ်ငန်းရပ် ကိုမဆို ကြိုတင်၍အကြောင်းကြားရမည်ဖြစ်ပြီး စတင်အကျိုးသက်ရောက်ရန် ဝန်ကြီးဌာန ၏ သဘောတူညီချက်ဖြင့် ဦးစီးဌာန၏ ခွင့်ပြုချက်ကို ရယူရမည်။

(ခ) လိုင်စင်ရရှိသူသည် ရည်ရွယ်ထားသည့် လွှဲပြောင်းလုပ်ငန်းရပ်ပြီးစီးမည့်နေ့ရက်မတိုင်မီ အနည်းဆုံး ရက်ပေါင်း ၆၀ အတွင်း အခြေခံအားဖြင့် အောက်ပါအချက်အလက်များ ပါဝင်စေလျက် ခွင့်ပြုချက် တောင်းခံရမည်-

(၁) ၁၀ ရာခိုင်နှုန်းနှင့်အထက် အကျိုးစီးပွားပိုင်ဆိုင်မှုရှိသော ဝယ်သူများ၊ ရောင်းသူ များ၊ ၎င်းတို့၏ အစုရှယ်ယာရှင်များနှင့် ဆက်စပ်ပါဝင်နေသော ကုမ္ပဏီများ အပါအဝင် လွှဲပြောင်းလုပ်ငန်းရပ်တွင် အကျုံးဝင်သည့် ပုဂ္ဂိုလ်အားလုံး၏ အချက် အလက်များဖော်ပြချက်၊

(၂) သဘောတူမှုပြုထားသည့်အစီအစဉ် (resulting scheme of arrangement) နှင့် စီးပွားရေးဆိုင်ရာ အချက်အလက်များ (commercial terms) ကို သုံးသပ်ထား သည့် အသေးစိတ်အချက်အလက်များပါဝင်သော အဆိုပြုလွှဲပြောင်း လုပ်ငန်းရပ် ၏ သဘောသဘာဝကို ရှင်းလင်းဖော်ပြချက်၊

(၃) သက်ဆိုင်ရာ ဈေးကွက်များအလိုက် သတ်မှတ်ပေးထားသော ဆက်သွယ်ရေး ဈေးကွက်အားလုံးမှရရှိသည့် အဆိုပြုလွှဲပြောင်းလုပ်ငန်းရပ်တွင် ပါဝင်သည့် ပုဂ္ဂိုလ်များ၏ နှစ်စဉ်ဝင်ငွေများ၊ ဆက်သွယ်ရေး လုပ်ငန်းများတွင်ရှိသည့် ပိုင်ဆိုင်မှုတန်ဖိုးများနှင့် နောက်ဆုံးနှစ်ပတ်လည်အစီရင်ခံစာ သို့မဟုတ် သုံးလပတ် ဘဏ္ဍာရေးအစီရင်ခံစာမိတ္တူများ အပါအဝင် အဆိုပါပုဂ္ဂိုလ်များ၏ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ၊

(၄) အဆိုပြု လွှဲပြောင်းလုပ်ငန်းရပ်တွင်ပါဝင်သည့် ပုဂ္ဂိုလ်များက လုပ်ကိုင် ဆောင်ရွက် နေသော ဆက်သွယ်ရေးဈေးကွက်များနှင့် စပ်လျဉ်းသည့် ရှင်းလင်းဖော်ပြချက်၊

(၅) ကွန်ရက်အထောက်အကူပြုပစ္စည်းများ သို့မဟုတ် ဆက်စပ်အခြေခံ အဆောက် အအုံကို ထိန်းချုပ် ထားမှုအပေါ် လွှဲပြောင်းလုပ်ငန်းရပ်၏ အကျိုးသက်ရောက် မှုများနှင့် သက်ဆိုင်သည့် ရှင်းလင်း ဖော်ပြချက်။

(ဂ) ဦးစီးဌာနသည် လျှောက်ထားမှုနှင့် သက်ဆိုင်သည့် ထပ်မံလိုအပ်သော အချက်အလက်များ ကို မည်သည့်အချိန်တွင်မဆို တောင်းခံနိုင်သည်။

၃၀။ လျှောက်ထားချက်ကို သုံးသပ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်

ဦးစီးဌာနသည် လွှဲပြောင်းလုပ်ငန်းရပ်တစ်ခုအား ခွင့်ပြုရန်အတွက် ပြည့်စုံစွာဖြည့်စွက်ထားသော လျှောက်ထားချက်ကို ရရှိပြီးရက်ပေါင်း ၆၀ အတွင်း-

(က) လွှဲပြောင်းလုပ်ငန်းရပ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းရှိ ဆက်သွယ် ရေးဈေးကွက်တစ်ခုခုတွင် လွတ်လပ်စွာ ပြိုင်ဆိုင်မှုသဘောသဘာဝကို ပျက်ပြား စေနိုင်ခြင်းမရှိဟုယူဆပါက အဆိုပြုလုပ်ငန်းရပ်အား မည်သည့် စည်းကမ်းချက်ကိုမှ သတ်မှတ်ခြင်းမပြုပဲ ခွင့်ပြုပေးနိုင်သည်။

(ခ) လွှဲပြောင်းလုပ်ငန်းရပ်ကြောင့် ဖြစ်ပေါ်လာမည့် လွတ်လပ်စွာပြိုင်ဆိုင်မှု သဘောသဘာဝ ကို ပျက်ပြားစေခြင်းမှ ကာကွယ်ရန်ဖြစ်စေ၊ ပေးလျော်ရန်ဖြစ်စေ လိုအပ်သည်ဟု ယူဆ သောစည်းကမ်းချက်များသတ်မှတ်၍ အဆိုပြုလွှဲပြောင်းလုပ်ငန်းရပ်ကို ခွင့်ပြု ပေးနိုင် သည်။

(ဂ) အဆိုပြုလွှဲပြောင်းလုပ်ငန်းရပ်အား ခွင့်ပြုရန် ငြင်းပယ်နိုင်သည်။

(ဃ) နည်းဥပဒေခွဲ (က)၊ (ခ) နှင့် (ဂ) ပါ ဆောင်ရွက်ချက်များအနက် တစ်ခုခုကို လုပ်ဆောင် ခြင်းမပြုမီ အဆိုပြုလွှဲပြောင်း လုပ်ငန်းရပ်နှင့် စပ်လျဉ်းသည့် စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်မည်ဖြစ်ကြောင်း သို့မဟုတ် အများပြည်သူသဘောထား တောင်းခံဆောင်ရွက် မည်ဖြစ်ကြောင်း အသိပေးချက် ထုတ်ပြန်နိုင်သည်။

၃၁။ ပြိုင်ဆိုင်သူများအကြား ဆောင်ရွက်သည့် လွှဲပြောင်းလုပ်ငန်းရပ်

(က) ပြိုင်ဆိုင်သူများအကြားဆောင်ရွက်သည့် လွှဲပြောင်းလုပ်ငန်းရပ်သည် အောက်ပါတို့အနက် တစ်ခုခုကိုဖြစ်ပေါ်စေခဲ့သော် ဆက်သွယ်ရေးဈေးကွက်အတွင်း လွတ်လပ်စွာ ပြိုင်ဆိုင်မှု သဘောသဘာဝကို ပျက်ပြားစေနိုင်သည်-

(၁) အသစ်ဖြစ်ပေါ်မည့်အဖွဲ့အစည်း (the resulting entity) အား အမြတ်အစွန်းရှိစွာ နှုန်းထားများကို တိုးမြှင့်နိုင်စွမ်း ရှိစေရန်အတွက် ပြိုင်ဆိုင်မှုရှိသော အကန့်အသတ်များကို ပြုလုပ်နေသည့် ပြိုင်ဆိုင်သူ အားဖယ်ရှားခဲ့လျှင်၊

(၂) အသစ်ဖြစ်ပေါ်မည့် အဖွဲ့အစည်း (the resulting entity) ဖြစ်ပေါ်လာရေးကို အားပေးလျက် ကျန်ရှိနေသော ပြိုင်ဆိုင်သူအားလုံး သို့မဟုတ် အချို့သည် ဈေးကွက်တွင် ထုတ်လုပ်မှုကို လျှော့ချရန် သို့မဟုတ် နှုန်းထားများကို တိုးမြှင့်ရန် ညှိနှိုင်းဆောင်ရွက်ခဲ့လျှင်။

(ခ) အဆိုပြု လွှဲပြောင်းရပ်လုပ်ငန်းတစ်ခုသည် လွတ်လပ်စွာ ပြိုင်ဆိုင်မှု သဘောသဘာဝကို ပျက်ပြားစေနိုင်ဖွယ်ရှိ မရှိ ဆုံးဖြတ်နိုင်ရန် ဦးစီးဌာနသည် အဆိုပြုလွှဲပြောင်းလုပ်ငန်းရပ် အပြီး ဖြစ်ပေါ်လာမည့် မျှော်မှန်းဈေးကွက်ဝေစုများ (expected market shares) နှင့် ဈေးကွက်အတွင်း ထုတ်လုပ် ဖြန့်ဖြူးနိုင်မှုအခြေအနေ (concentration measures) အား အဆိုပြုလွှဲပြောင်းလုပ်ငန်းရပ်အပြီး ဖြစ်ပေါ်လာမည့် ဈေးကွက်အတွင်း ပြိုင်ဆိုင်မှု အခြေ အနေကို ပြသည့် ညွှန်းကိန်းများအဖြစ် အသုံးပြုမည်။

(ဂ) ပြိုင်ဆိုင်သူများအကြားဆောင်ရွက်သည့် လွှဲပြောင်းလုပ်ငန်းတစ်ရပ်သည် ဆောင်ရွက်ပြီး သည့်နောက်ပိုင်း တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော အောက်ပါညွှန်းကိန်းများနှင့် ညီညွတ်ပါက လွတ်လပ်စွာပြိုင်ဆိုင်မှု သဘောသဘာဝကို ပျက်ပြားစေသည့် အလား အလာနည်းသည်ဟု မှတ်ယူရမည်-

(၁) ဈေးကွက်အတွင်း အကြီးဆုံးလုပ်ငန်းသုံးခု၏ စုပေါင်းဈေးကွက်ဝေစုသည် ၈၀ ရာခိုင်နှုန်း ထက်နည်းပြီး အသစ်ဖြစ်ပေါ်မည့်အဖွဲ့အစည်း၏ ဈေးကွက်ဝေစုသည် ၄၀ ရာခိုင်နှုန်းထက်နည်းခြင်း၊

(၂) ဈေးကွက်အတွင်း အကြီးဆုံးလုပ်ငန်းသုံးခု၏စုပေါင်းဈေးကွက် ဝေစုသည် ၈၀ ရာခိုင်နှုန်းနှင့် အထက်ရှိပြီး အသစ်ဖြစ်ပေါ်မည့် အဖွဲ့အစည်း၏ ဈေးကွက်ဝေစု သည် ၃၀ ရာခိုင်နှုန်းထက်နည်းခြင်း၊

(၃) အသစ်ဖြစ်ပေါ်မည့် အဖွဲ့အစည်းသည် သက်ဆိုင်ရာ ဈေးကွက်အတွင်း ဝန်ဆောင်မှု များကို ဖြည့်ဆည်းပေးရန်အတွက် သတ်မှတ်လျာထားသည့် ရေဒီယိုလှိုင်းနှုန်းစဉ် ၏ သုံးပုံတစ်ပုံ (၁/၃) ထက်ကျော်လွန်၍ ရယူထားမှုမရှိခြင်း၊

(ဃ) ဦးစီးဌာနက လွှဲပြောင်းလုပ်ငန်းရပ်တစ်ခုကို စိစစ်ရာတွင် နည်းဥပဒေခွဲ (ဂ) တွင်ဖော်ပြ ထားသော ညွှန်းကိန်းများအား ကနဦးကိုးကားချက်အဖြစ်သာ အသုံးပြုမည်ဖြစ်သည်။

ထို့ကြောင့် သက်ဆိုင်ရာ အခြေအနေတစ်ရပ်ရပ်အပေါ်မူတည်၍-

(၁) ဤညွှန်းကိန်းများထက် ကျော်လွန်ခြင်းမရှိသော လွှဲပြောင်းလုပ်ငန်းရပ် တစ်ခု သည်လည်း လွတ်လပ်စွာ ပြိုင်ဆိုင်မှု သဘောသဘာဝကို ပျက်ပြားစေနိုင်သည်။

(၂) ဤညွှန်းကိန်းများထက်ကျော်လွန်သော လွှဲပြောင်းလုပ်ငန်းရပ်တစ်ခုသည် လွတ်လပ်စွာ ပြိုင်ဆိုင်မှု သဘောသဘာဝကို ပျက်ပြားစေသည် ဆိုသော်လည်း အခါခပ်သိမ်း မှန်ကန်သည်ဟု မယူဆနိုင်ပါ။

၃၂။ ပြိုင်ဆိုင်သူများမဟုတ်သည့် လုပ်ငန်းအဖွဲ့အစည်းများအကြားပြုလုပ်သော လွှဲပြောင်း လုပ်ငန်းရပ်

(က) ပြိုင်ဆိုင်သူများမဟုတ်သည့် လုပ်ငန်းအဖွဲ့အစည်းများအချင်းချင်းပြုလုပ်သော လွှဲပြောင်း လုပ်ငန်းရပ်သည် ပြိုင်ဆိုင်မှုကို တိုက်ရိုက်ဆုံးရှုံးမှုမဖြစ်စေနိုင်သဖြင့် ပြိုင်ဆိုင်သူများ အကြားပြုလုပ်သော လွှဲပြောင်းလုပ်ငန်းရပ်ထက် လွတ်လပ်စွာ ပြိုင်ဆိုင်မှု သဘော သဘာဝကို ပျက်ပြားစေနိုင်မှု နည်းပါးသည်။

(ခ) သို့ရာတွင် ပြိုင်ဆိုင်သူများမဟုတ်သည့် လုပ်ငန်းအဖွဲ့အစည်းများအချင်းချင်း ပြုလုပ်သော လွှဲပြောင်းလုပ်ငန်းရပ်သည် အောက်ပါတို့အနက် တစ်ခုခုကို ဖြစ်ပေါ်စေလျှင် လွတ်လပ်စွာ ပြိုင်ဆိုင်မှု သဘောသဘာဝကို ပျက်ပြားစေနိုင်သည်-

(၁) လက်ရှိပြိုင်ဆိုင်နေသူများ သို့မဟုတ် ပြိုင်ဆိုင်ရန် အလားအလာရှိသူများ၏ ဈေးကွက်သို့ ဝင်ရောက်ခြင်းကိုသော်လည်းကောင်း၊ ထိရောက်သော ပြိုင်ဆိုင်မှုကို သော်လည်းကောင်း ဟန့်တားသည့် သို့မဟုတ် နှောင့်နှေးကြန့်ကြာမှုဖြစ်စေသည့် လုပ်ဆောင်မှုတွင် ပါဝင်ရန် အသစ်ဖြစ်ပေါ်မည့် အဖွဲ့အစည်းအား တွန်းအား ပေးခြင်း သို့မဟုတ် တိုက်တွန်းလှုံ့ဆော်ခြင်း၊

(၂) အသစ်ဖြစ်ပေါ်မည့် အဖွဲ့အစည်း ဖြစ်ပေါ်လာရေးနှင့် ကျန်ရှိနေသော ပြိုင်ဆိုင်သူ အားလုံး သို့မဟုတ် အချို့သည် ဈေးကွက်တွင် ထုတ်လုပ်မှုကို လျှော့ချရန် သို့မဟုတ် နှုန်းထားများကို တိုးမြှင့်ရန် ညှိနှိုင်း ဆောင်ရွက်ရေးကို အားပေးခြင်း။

၃၃။ ကြိုတင်ပြုလုပ်ထားသော လုပ်ငန်းစဉ်များ (Pro Forma Transactions)

ကြိုတင်ပြုလုပ်သော လုပ်ငန်းစဉ်တစ်ခုသည် နည်းဥပဒေ ၂၉ နှင့် သက်ဆိုင်ခြင်းမရှိစေပဲ အောက်ပါ ပြဋ္ဌာန်းချက်များနှင့်သာ သက်ဆိုင်စေရမည်-

(က) လိုင်စင်ရရှိသူသည် လွှဲပြောင်းလုပ်ငန်းရပ် ပြီးစီးပြီးနောက် ရက်ပေါင်း ၃၀ အတွင်း-

(၁) ဦးစီးဌာနသို့ လွှဲပြောင်းလုပ်ငန်းရပ် ပြီးစီးကြောင်း အထောက်အထားများကို ယင်းနှင့် သက်ဆိုင်သည့်လိုင်စင်အမျိုးအစားအလိုက် သင့်လျော်သော လျှောက်လွှာပုံစံဖြင့်ဖြစ်စေ၊ ဦးစီးဌာနက ခွင့်ပြုသည့် အခြားသော စာဖြင့်ရေးသား ပေးပို့မှုပုံစံဖြင့်ဖြစ်စေ သတင်းအချက်အလက်များပြည့်စုံစွာ ပါဝင်စေလျက် လျှောက်ထား တင်ပြရမည်။

(၂) လွှဲပြောင်းလုပ်ငန်းရပ်သည် ကြိုတင်ပြုလုပ်ထားသော လုပ်ငန်းစဉ်တစ်ခုဖြစ် ကြောင်း မှန်ကန်စေရမည်။

(ခ) ဦးစီးဌာနသည် လွှဲပြောင်းလုပ်ငန်းရပ်နှင့် စပ်လျဉ်း၍ ထုတ်ပြန်ကြေညာရမည်။

အခန်း (၇)
ဝန်ဆောင်ခနှုန်းထားကို အတည်ပြုရန် လျှောက်ထားခြင်းနှင့် စိစစ်သုံးသပ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်

၃၄။ ဝန်ဆောင်ခနှုန်းထားများကို စိစစ်သုံးသပ်ရန်နှင့် ခွင့်ပြုရန် ဦးစီးဌာန၏ အခွင့်အာဏာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၂၉ အရ လိုင်စင်ရရှိသူများသည် ဆောင်ရွက်ဆဲဝန်ဆောင်မှု သို့မဟုတ် ဝန်ဆောင်မှုအသစ်တစ်ခုအတွက် အဆိုပြုဝန်ဆောင်ခနှုန်းထားများကို ဦးစီးဌာနသို့ တင်ပြရမည်။ ဦးစီးဌာနသည် အဆိုပါတင်ပြချက်ကိုသုံးသပ်ပြီး ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ခွင့်ပြု ပေးရမည်။

၃၅။ ဝန်ဆောင်မှုလုပ်ငန်းများအတွက် ဝန်ဆောင်ခနှုန်းထားများကို ဦးစီးဌာနသို့တင်ပြ လျှောက်ထားခြင်း

(က) ဤအခန်းပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဦးစီးဌာနသို့ တင်ပြလျှောက်ထား၍ ခွင့်ပြုချက် ရရှိထားသော သတ်မှတ်ဝန်ဆောင်ခနှုန်းထားများနှင့် ညီညွတ်ခြင်းမရှိခဲ့လျှင် လိုင်စင် ရရှိသူ မည်သူမဆို ဝန်ဆောင်မှုပေးခြင်းမပြုရ။

(ခ) ဝန်ဆောင်ခနှုန်းထားများ သတ်မှတ်ရန် အဆိုပြုသည့် လိုင်စင်ရရှိသူသည် ဦးစီးဌာန၏ ခွင့်ပြုချက် ရရှိရန်အတွက် အဆိုပါ ဝန်ဆောင်ခ နှုန်းထားများ အကျိုးသက်ရောက်မှု မရှိမီ အနည်းဆုံး ရက်ပေါင်း ၃၀ ကြိုတင်၍ လျှောက်ထားရမည်။

(ဂ) လိုင်စင်ရရှိသူသည် ဖြည့်ဆည်းပေးမည့် ဝန်ဆောင်မှုများအတွက် အနည်းဆုံးနှင့် အများဆုံးနှုန်း ထားများပါဝင်သော အဆိုပြုနှုန်းထား အပိုင်းအခြားနှင့် သက်ဆိုင်သည့် အချက်အလက်များကို အောက်ပါအတိုင်း ပြည့်စုံစွာတင်ပြရမည်-

(၁) ဝန်ဆောင်မှု ကမ်းလှမ်းချက် သို့မဟုတ် အတွဲလိုက်ဝန်ဆောင်မှုများ ကမ်းလှမ်း ချက်၊

(၂) နှုန်းထားများအပါအဝင် ကမ်းလှမ်းချက်၏ စည်းကမ်းချက်များ။

(ဃ) နည်းဥပဒေခွဲ (ခ) ပါ ဝန်ဆောင်ခနှုန်းထား တစ်ရပ်အတွက် ခွင့်ပြုချက်လျှောက်ထား ခြင်းသည် အတွဲလိုက်ဝန်ဆောင်မှုများ ကမ်းလှမ်းချက်များအတွက်လည်း သက်ဆိုင်စေရ မည်။

(င) ဝန်ကြီးဌာနနှင့် ဦးစီးဌာနတို့သည် ခွင့်ပြုခြင်း၊ ငြင်းပယ်ခြင်း သို့မဟုတ် ဝန်ဆောင်ခ နှုန်းထားအား ပြင်ဆင်စေခြင်းတို့ကို လျှောက်လွှာတင်ပြသည့်နေ့ရက်မှ ရက်ပေါင်း ၃၀ အတွင်း ပြုလုပ်ရမည်။

၃၆။ ဝန်ဆောင်ခနှုန်းထားများကို သုံးသပ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်

(က) ဦးစီးဌာနသည် နည်းဥပဒေ ၄၀ ပါ စည်းမျဉ်းများအပေါ် အခြေခံ၍ ဝန်ဆောင်ခနှုန်းထား လျှောက်ထားခြင်းများကို စိစစ် သုံးသပ်ရမည်ဖြစ်ပြီး လျှောက်ထားသည့်နေ့မှ ရက်ပေါင်း ၁၅ ရက်အတွင်း-

(၁) အဆိုပြု ဝန်ဆောင်ခနှုန်းထားများအပေါ် ဝန်ကြီးဌာနမှ ခွင့်ပြုရန် ထောက်ခံ တင်ပြရမည်။

(၂) နည်းဥပဒေ ၃၇ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ထပ်မံလိုအပ်သည့် အချက်အလက် များကို လိုင်စင်ရရှိသူအား တင်ပြစေရမည်။

(၃) နည်းဥပဒေ ၃၉ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဝန်ဆောင်ခနှုန်းထား ကိုပြောင်းလဲရန်ဖြစ်စေ၊ အဆိုပြုဝန်ဆောင်ခနှုန်းထားကို ပြောင်းလဲရန် သို့မဟုတ် ပြင်ဆင်ရန်ဖြစ်စေ လိုင်စင်ရရှိသူအား ညွှန်ကြားရမည်။

(ခ) ဝန်ကြီးဌာနသည် နည်းဥပဒေခွဲ (က)၊ နည်းဥပဒေခွဲငယ် (၁) အရ ဦးစီးဌာန၏ ထောက်ခံ တင်ပြချက်ကို လက်ခံရရှိပြီး ရက်ပေါင်း ၁၅ ရက်အတွင်း အောက်ပါစည်းမျဉ်းများကို အခြေခံ၍ ထောက်ခံတင်ပြချက်ကို ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုရမည်-

(၁) အဆိုပြုဝန်ဆောင်ခနှုန်းထား သို့မဟုတ် ဝန်ဆောင်ခနှုန်းထား ပြောင်းလဲခြင်းသည် နည်းဥပဒေ ၄၀ တွင် သတ်မှတ်ထားသည့် စည်းမျဉ်းများကို လိုက်နာခြင်းမရှိဟု ယုံကြည်လောက်သော ခိုင်လုံသည့် အကြောင်းတရားမရှိခဲ့လျှင် ဝန်ကြီးဌာနသည် ဦးစီးဌာန၏ ထောက်ခံတင်ပြချက်ကို လက်ခံဆောင်ရွက် ရမည်။

(၂) ဝန်ကြီးဌာနသည် ဦးစီးဌာန၏ ထောက်ခံတင်ပြချက်ကို ငြင်းပယ်ပါက ငြင်းပယ်ရ သည့် အကြောင်းအရင်းကို ထပ်မံစဉ်းစားရန် စာဖြင့် ဦးစီးဌာနသို့ ပြန်လည် ပေးပို့ရမည်။

(ဂ) ဦးစီးဌာနသည် နည်းဥပဒေခွဲ (ခ)၊ နည်းဥပဒေခွဲငယ် (၂) အရ ပြန်လည်ပေးပို့လာသော ထောက်ခံတင်ပြချက်ကို ၂ ရက်အတွင်း-

(၁) နည်းဥပဒေ ၃၇ အရ ထပ်မံလိုအပ်သည့် အချက်အလက်များကို တင်ပြရန် လိုင်စင်ရရှိသူအား တောင်းဆိုရမည်၊ သို့မဟုတ်

(၂) နည်းဥပဒေ ၃၉ အရ ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ရမည်။

(ဃ) ဝန်ကြီးဌာနနှင့် ဦးစီးဌာနတို့သည် နည်းဥပဒေခွဲ (က)၊ နည်းဥပဒေခွဲ ငယ် (၂) အရ အချက်အလက်များထပ်မံတောင်းခံခြင်း သို့မဟုတ် နည်းဥပဒေခွဲ (က)၊ နည်းဥပဒေခွဲငယ် (၃) အရ ညွှန်ကြားချက်များထုတ်ပြန်ခြင်းမပြုပဲ လျှောက်ထားချက်အား ရက်ပေါင်း ၃၀ အတွင်း ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းမရှိခဲ့လျှင် ဝန်ဆောင်ခနှုန်းထား လျှောက်ထား ခြင်းအား ခွင့်ပြုသည်ဟု ယူဆရမည်။

၃၇။ သတင်းအချက်အလက်များ ထပ်မံတောင်းခံခြင်း

(က) ဦးစီးဌာနသည် လျှောက်ထားခြင်းနှင့်ပတ်သက်၍ လိုင်စင်ရရှိသူအား ထပ်မံလိုအပ်သည့် အချက်အလက်များကို စာဖြင့်တောင်းခံနိုင်သည်။

(ခ) လိုင်စင်ရရှိသူသည် ဦးစီးဌာန၏ တောင်းခံစာကို လက်ခံရရှိပြီး ၅ ရက်အတွင်း နည်းဥပဒေခွဲ (က) အရ ထပ်မံတောင်းခံသော အချက်အလက်များကို တင်ပြရမည်။

(ဂ) ဦးစီးဌာနသည် ထပ်မံတောင်းခံထားသည့် အချက်အလက်များကို လက်ခံရရှိပြီး ၅ ရက်အတွင်း စိစစ်သုံးသပ်၍-

(၁) နည်းဥပဒေ ၄၀ ပါ စည်းမျဉ်းများနှင့် ညီညွတ်ခြင်းမရှိပါက လျှောက်ထားချက်ကို ငြင်းပယ် ရမည်။

(၂) ဝန်ကြီးဌာနက ခွင့်ပြုနိုင်ရန် ထောက်ခံတင်ပြရမည်။ ဝန်ကြီးဌာနသည်-

(ကက)နည်းဥပဒေ ၃၆၊ နည်းဥပဒေခွဲ (ခ) နှင့်အညီ ထောက်ခံတင်ပြချက်ကို စိစစ်သုံးသပ်ရမည်။

(ခခ) ဦးစီးဌာနက တင်ပြသော ထောက်ခံချက်သည် နည်းဥပဒေ ၃၆၊ နည်းဥပဒေခွဲ (ခ)၊ နည်းဥပဒေခွဲ ငယ် (၂) အရ ဝန်ကြီးဌာနက ပြန်လည်ပေးပို့သည့် အကြောင်းပြချက်နှင့်အညီ ပြင်ဆင်တင်ပြသော ထောက်ခံချက်ဖြစ်ပါက လက်ခံရရှိပြီး ၅ ရက်အတွင်း-

(ခခ-၁)ပြန်လည်ပြင်ဆင်တင်ပြသည့် ထောက်ခံချက်ကို နည်းဥပဒေ ၄၀ ပါ စည်းမျဉ်းများနှင့် ညီညွတ်သည်ဟု သတ်မှတ်ပါက လက်ခံဆောင်ရွက် ရမည်။ သို့မဟုတ်

(ခခ-၂)နည်းဥပဒေ ၄၀ ပါ စည်းမျဉ်းများနှင့် ညီညွတ်ခြင်းမရှိဟု သတ်မှတ်ပါက ပြင်ဆင်တင်ပြသော ထောက်ခံချက်ကို ငြင်းဆို၍ လျှောက်ထားချက်ကို ငြင်းပယ်ရမည်။

(ဃ) လိုင်စင်ရရှိသူသည် နည်းဥပဒေခွဲ (ခ) တွင် သတ်မှတ်ထားသော အချိန်ကာလအတွင်း ကျေနပ်လောက်သည့် သတင်းအချက်အလက်များကို ထပ်မံထောက်ပံ့ပေးခြင်းမရှိပါက ယင်း၏ ဝန်ဆောင်ခနှုန်းထား လျှောက်ထားချက်သည် စီမံခန့်ခွဲရေးဆိုင်ရာ ဆောင်ရွက်မှု ထပ်မံပြုလုပ်ရန် မလိုအပ်ပဲ ငြင်းပယ်ပြီးဖြစ်သည်ဟု မှတ်ယူရမည်။

၃၈။ ဝန်ဆောင်ခနှုန်းထားပြောင်းလဲခြင်း

လိုင်စင်ရရှိသူသည် ဝန်ဆောင်ခနှုန်းထားတစ်ရပ်အပေါ် ခွင့်ပြုချက်ရရှိပြီးပါက ဆောင်ရွက်ဆဲ ဝန်ဆောင်မှုများအတွက် ဝန်ဆောင်ခနှုန်းထားပြောင်းလဲခြင်းသည် ခွင့်ပြုနှုန်းထား အပိုင်းအခြား အတွင်း ဖြစ်ပါက ဦးစီးဌာနထံမှ ခွင့်ပြုချက်ထပ်မံရယူရန်မလိုပါ။ အကယ်၍ ဝန်ဆောင်ခနှုန်းထား ပြောင်းလဲခြင်းသည် ခွင့်ပြုနှုန်းထားအပိုင်းအခြားထက် ကျော်လွန်နေခြင်း သို့မဟုတ် လျော့နည်း နေခြင်းရှိပါက လိုင်စင်ရရှိသူသည် ဝန်ဆောင်ခနှုန်းထားအသစ်ကို တင်ပြလျှောက်ထားရမည်။ ဦးစီးဌာနသည် ဝန်ဆောင်ခနှုန်းထားအသစ်အတွက် လျှောက်လွှာကို တင်ပြသည့်နေ့ရက်မှ ရက်ပေါင်း ၁၅ ရက်အတွင်း ကန့်ကွက်ခြင်းမရှိပါက ခွင့်ပြုသည်ဟု မှတ်ယူရမည်။

၃၉။ အဆိုပြုဝန်ဆောင်ခနှုန်းထားကို ပြောင်းလဲရန် သို့မဟုတ် ပြင်ဆင်ရန် ဦးစီးဌာနမှ ထုတ်ပြန်သည့် ညွှန်ကြားချက်များ

(က) အဆိုပြု ဝန်ဆောင်ခ နှုန်းထားသည် နည်းဥပဒေ ၄၀ ပါ စည်းမျဉ်းများနှင့် ညီညွတ်မှု မရှိပါက ဦးစီးဌာနသည် လိုင်စင်ရရှိသူအား အဆိုပြုဝန်ဆောင်ခနှုန်းထားကို ပြင်ဆင်ရန် သို့မဟုတ် ပြောင်းလဲရန် ကျိုးကြောင်းဖော်ပြလျက် စာဖြင့် ညွှန်ကြားနိုင်သည်။

(ခ) ညွှန်ကြားချက်ကို လက်ခံရရှိပြီး ၅ ရက်အတွင်း လိုင်စင်ရရှိသူသည်-

(၁) ညွှန်ကြားချက်နှင့်အညီ ပြင်ဆင်ထားသော ဝန်ဆောင်ခနှုန်းထားကို တင်ပြ နိုင်သည်။ သို့မဟုတ်

(၂) အဆိုပြုဝန်ဆောင်ခနှုန်းထားကို  ရုပ်သိမ်းနိုင်သည်။ သို့မဟုတ်

(၃) ညွှန်ကြားချက်နှင့် စပ်လျဉ်း၍ လျှောက်လဲနိုင်သည်။

(ဂ) ဦးစီးဌာနသည် အထက်ပါ နည်းဥပဒေခွဲ (ခ)၊ နည်းဥပဒေခွဲငယ် (၁) နှင့်အညီ ပြင်ဆင် တင်ပြလာသည့် လျှောက်လွှာ သို့မဟုတ် နည်းဥပဒေခွဲ (ခ)၊ နည်းဥပဒေခွဲငယ် (၃) နှင့် အညီ တင်ပြသည့် လျှောက်လဲချက်များကို လက်ခံရရှိပြီး ၅ ရက်အတွင်း စိစစ် သုံးသပ်ပြီးနောက်-

(၁) နည်းဥပဒေ ၄၀ ပါ စည်းမျဉ်းများနှင့် ညီညွတ်မှုမရှိပါက လျှောက်လွှာကို ငြင်းပယ်ရမည်။

(၂) အဆိုပြုဝန်ဆောင်ခ နှုန်းထားကို ဝန်ကြီးဌာနမှ ခွင့်ပြုနိုင်ရန် ထောက်ခံတင်ပြ ရမည်။ ယင်းသို့ တင်ပြရာတွင်-

(ကက)ဝန်ကြီးဌာနသည် နည်းဥပဒေ ၃၆၊ နည်းဥပဒေခွဲ (ခ) နှင့်အညီ ထောက်ခံတင်ပြချက်ကို သုံးသပ်ရမည်။

(ခခ) ဦးစီးဌာနက တင်ပြသော ထောက်ခံချက်သည် နည်းဥပဒေ ၃၆၊ နည်း ဥပဒေခွဲ (ခ)၊ နည်းဥပဒေခွဲ ငယ် (၂) အရ ဝန်ကြီးဌာနက ထုတ်ပြန်သည့် ရည်ညွှန်းပေးပို့ချက်နှင့်အညီ ပြင်ဆင်တင်ပြသော ထောက်ခံချက်ဖြစ်ပါက လက်ခံရရှိပြီး ၅ ရက်အတွင်း ဝန်ကြီးဌာနသည်-

(ခခ-၁)နည်းဥပဒေ ၄၀ နှင့် ညီညွတ်လျှင် ပြန်လည်ပြင်ဆင်တင်ပြသည့် ထောက်ခံချက်ကို လက်ခံဆောင်ရွက်ရမည်။ သို့မဟုတ်

(ခခ-၂)နည်းဥပဒေ ၄၀ နှင့် ညီညွတ်မှုမရှိပါက ပြင်ဆင်တင်ပြသော ထောက်ခံချက် ကို ငြင်းဆို၍ လျှောက်ထားချက်ကို ငြင်းပယ်ရမည်။

၄၀။ ဝန်ကြီးဌာနနှင့် ဦးစီးဌာနတို့က ဝန်ဆောင်ခနှုန်းထားများကို စိစစ်သုံးသပ်ခြင်းနှင့် အတည်ပြုခြင်း ဆိုင်ရာ အခြေခံသဘောတရားများ

(က) ဝန်ကြီးဌာနနှင့် ဦးစီးဌာနတို့သည် ဝန်ဆောင်ခနှုန်းထားများကို သုံးသပ်ခွင့် ပြုရာတွင် အောက်ပါ ယေဘုယျအခြေခံသဘောတရားများကို လိုက်နာရမည်-

(၁) ဝန်ဆောင်မှုများအတွက် ကောက်ခံမည့်နှုန်းထားများသည် ထိုက်သင့်မျှတမှု ရှိရမည်။

(၂) မည်သည့်အဆိုပြုဝန်ဆောင်ခနှုန်းထားတစ်ရပ်မဆို ပြိုင်ဆိုင်မှုကို ဆန့်ကျင်ခြင်း မဖြစ်စေရ။

(ခ) အဆိုပြုဝန်ဆောင်ခနှုန်းထား သို့မဟုတ် ပြောင်းလဲမည့် ဝန်ဆောင်ခ နှုန်းထားသည် ဆက်သွယ်ရေး ဥပဒေအရ ဈေးကွက်လွှမ်းမိုးမှု အနေအထားရှိသော ဝန်ဆောင်မှုပေးသူ များအတွက် ထိန်းချုပ်ထားသည့် နှုန်းထား (regulated price) နှင့် ကိုက်ညီပါက ဝန်ကြီးဌာနနှင့် ဦးစီးဌာနတို့သည့် ဝန်ဆောင်ခ နှုန်းထားများ သတ်မှတ်ရန် သို့မဟုတ် ပြောင်းလဲရန်အတွက် လျှောက်ထားခြင်းအား ခွင့်ပြုရမည်။

၄၁။ ခွင့်ပြုဝန်ဆောင်ခနှုန်းထားများအား ထုတ်ပြန်ကြေညာခြင်း

(က) ဦးစီးဌာနနှင့်လိုင်စင်ရရှိသူတို့သည် ဤနည်းဥပဒေအခန်းအရ ခွင့်ပြုသောဝန်ဆောင်ခ နှုန်းထားအားလုံးကို မိမိဌာန၏ ဝက်ဘ်ဆိုက်တွင်သော်လည်းကောင်း၊ လိုအပ်သည်ဟု ယူဆသည့်အခြား နည်းလမ်းများဖြင့်သော်လည်းကောင်း ထုတ်ပြန်ကြေညာရမည်။

(ခ) ဝန်ကြီးဌာနနှင့် ဦးစီးဌာနတို့သည် လိုင်စင်ရရှိသူက တင်ပြလာသော ဝန်ဆောင်ခ နှုန်းထားအပေါ် ခွင့်မပြုမီကာလအတွင်း လျှောက်ထားချက်နှင့် စပ်လျဉ်းသည့်အချက် အလက်ကို ထုတ်ဖော်ခြင်းမပြုရ။

၄၂။ ဈေးကွက်စမ်းသပ်ချက်နှင့် ကာလတိုဈေးကွက် မြှင့်တင်ရေးကမ်းလှမ်းချက်

(က) လိုင်စင်ရရှိသူသည် ဝန်ဆောင်မှုတစ်ခု သို့မဟုတ် အတွဲလိုက်ဝန်ဆောင်မှုများ ကမ်းလှမ်း ခြင်းအတွက် ဈေးကွက်စမ်းသပ်ချက်နှင့် ကာလတိုဈေးကွက်မြှင့်တင်ရေး ကမ်းလှမ်းချက် ကို အောက်ပါအခြေအနေများတွင် ဦးစီးဌာန၏ ကြိုတင်ခွင့်ပြုချက် ရယူခြင်းမရှိပဲ ဆောင်ရွက်နိုင်သည်-

(၁) ဈေးကွက်စမ်းသပ်ချက်နှင့် ကာလတိုဈေးကွက်မြှင့်တင်ရေး ကမ်းလှမ်းချက်တွင် အသုံးပြုသူများ ရရှိခံစားသော အကျိုးခံစားခွင့်ကာလသည် ရက်ပေါင်း ၉၀ ထက် မကျော်လွန်ခြင်း၊

(၂) ဈေးကွက်စမ်းသပ်ချက်နှင့် ကာလတိုဈေးကွက်မြှင့်တင်ရေး ကမ်းလှမ်းချက်တွင် အသုံးပြုသူက လက်ခံခြင်း သို့မဟုတ် အမည်စာရင်းပေးသွင်းခြင်း ပြုလုပ်သည့် စာရင်းသွင်းကာလသည် အကျိုး ခံစားခွင့် ကာလထက် မကျော်လွန်ခြင်း၊

(၃) ဈေးကွက်စမ်းသပ်ချက် သို့မဟုတ် ကာလတိုဈေးကွက်မြှင့်တင်ရေး ကမ်းလှမ်း ချက် စတင်အကျိုး သက်ရောက်မှုမရှိမီ ရက်ပေါင်း ၁၈၀ အတွင်း စာရင်းသွင်း ကာလပြီးစီးခဲ့သည့် လိုင်စင်ရရှိသူ သို့မဟုတ် လိုင်စင်ရရှိသူနှင့် ဆက်စပ်သည့် လုပ်ငန်းတစ်ခုက ပြုလုပ်ခဲ့သော ဈေးကွက်စမ်းသပ်ချက် သို့မဟုတ် ကာလတို ဈေးကွက်မြှင့်တင်ရေးကမ်းလှမ်းချက်နှင့် သိသာစွာ သဏ္ဍာန်တူညီမှုမရှိဟု ဦးစီး ဌာနက မှတ်ယူခြင်း၊

(၄) ဤနည်းဥပဒေအလို့ငှာ သိသာစွာသဏ္ဍာန်တူညီမှု (substantially similar) ကို အောက်ပါအတိုင်း သတ်မှတ်သည်-

(ကက)ကြိုတင်ဈေးကွက်စမ်းသပ်ချက် သို့မဟုတ် ကာလတိုဈေးကွက် မြှင့်တင် ရေးကမ်းလှမ်းချက်ပုံစံဖြင့် နှုန်းထားလျှော့ချမှု တစ်ခုအပေါ် အခြေခံ၍ ဝန်ဆောင်မှုတစ်ခု သို့မဟုတ် ဝန်ဆောင်မှုများ၏ လက်ရှိနှုန်းထား (effective price) ကို လျှော့ချမည့် ဈေးကွက်စမ်းသပ်ချက် နှင့် ကာလတိုဈေးကွက် မြှင့်တင်ရေးကမ်းလှမ်းချက်တစ်ခု၊ သို့မဟုတ်

(ခခ) ဝန်ဆောင်မှုတစ်ခု သို့မဟုတ် ဝန်ဆောင်မှုများအတွက် နှုန်းထားများ အပါအဝင် ယေဘုယျ အားဖြင့် စည်းကမ်းချက်များ သတ်မှတ်ခြင်းသည် ကြိုတင်ဈေးကွက်စမ်းသပ်ချက် သို့မဟုတ် ကာလတို ဈေးကွက်မြှင့်တင် ရေးကမ်းလှမ်းချက်တစ်ခုနှင့် သဏ္ဍာန်တူညီသည်ဟု ဦးစီးဌာနက ယူဆသည့် ဈေးကွက်စမ်းသပ်ချက် သို့မဟုတ် ကာလတိုဈေးကွက်မြှင့် တင်ရေးကမ်းလှမ်းချက်တစ်ခု။

(ခ) ဈေးကွက်စမ်းသပ်ချက်နှင့် ကာလတိုဈေးကွက်မြှင့်တင်ရေးကမ်းလှမ်းချက် အကျိုးသက် ရောက်မှုမရှိမီ အနည်းဆုံး ၁၀ ရက်အတွင်း လိုင်စင်ရရှိသူသည် နှုန်းထား၊ စည်းကမ်းချက် များအပါအဝင် ဈေးကွက်စမ်းသပ်ချက်နှင့် ကာလတိုဈေးကွက်မြှင့်တင်ရေး ကမ်းလှမ်း ချက်ဆိုင်ရာ ရှင်းလင်းဖော်ပြချက်ကို ဦးစီးဌာနသို့ တင်ပြရမည်။

(ဂ) ဦးစီးဌာနနှင့် လိုင်စင်ရရှိသူတို့သည် အသိပေးပြီးဖြစ်သော ဈေးကွက်စမ်းသပ်ချက်နှင့် ကာလတို ဈေးကွက်မြှင့်တင်ရေးကမ်းလှမ်းချက်များအားလုံးကို မိမိတို့၏ ဝက်ဘ်ဆိုက် တွင် ထုတ်ပြန်ကြေညာရမည်။

(ဃ) ဝန်ကြီးဌာနနှင့် ဦးစီးဌာနတို့သည် နည်းဥပဒေခွဲ (က)၊ နည်းဥပဒေခွဲငယ် (၃) နှင့်အညီ တင်ပြထားသည့် ဈေးကွက်စမ်းသပ်ချက် သို့မဟုတ် ကာလတိုဈေးကွက်မြှင့်တင်ရေး ကမ်းလှမ်းချက်နှင့် စပ်လျဉ်း၍ လိုင်စင်ရရှိသူက ဖော်ပြထားသည့် စတင်အကျိုးသက် ရောက်မည့်နေ့ရက် သို့မဟုတ် ကြေညာထားသည့် အကောင်အထည်ဖော်မည့် နေ့ရက် မတိုင်မီ အဆိုပါ ဈေးကွက်စမ်းသပ်ချက် သို့မဟုတ် ကာလတို ဈေးကွက်မြှင့်တင်ရေး ကမ်းလှမ်းချက်နှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များကို ထုတ်ဖော်ခြင်း မပြုရ၊

(င) အဆိုပါ ဈေးကွက်စမ်းသပ်ချက် သို့မဟုတ် ကာလတိုဈေးကွက်မြှင့်တင်ရေး ကမ်းလှမ်းချက်သည် နည်းဥပဒေ ၄၀ နှင့် ညီညွတ်ခြင်းမရှိပါက ဦးစီးဌာနသည် လိုင်စင် ရရှိသူအား ဈေးကွက်စမ်းသပ်ချက် သို့မဟုတ် ကာလတိုဈေးကွက်မြှင့်တင်ရေး ကမ်းလှမ်းချက်ကို မပြုလုပ်ရန် သို့မဟုတ် ဆက်လက်ဆောင် ရွက်ခြင်းမပြုရန် သို့မဟုတ် ရပ်ဆိုင်း ရန် အမိန့်ထုတ်ပြန်နိုင်သည်။


၄၃။ ဝန်ဆောင်မှုများအတွက် သတ်မှတ်ရမည့် အနိမ့်ဆုံးနှုန်းထားများ

(က) အောက်ပါကိစ္စရပ်များမှအပ လိုင်စင်ရရှိသူတစ်ဦးသည် အတွဲလိုက်ဝန်ဆောင်မှုများ ကမ်းလှမ်းချက်တွင် ပါဝင်သည့် ဝန်ဆောင်မှု သို့မဟုတ် ဝန်ဆောင်မှုများပေးရာတွင် ရေရှည်ပျမ်းမျှ ပုံမှန်တိုးတက်သည့် ကုန်ကျစရိတ်ထက် လျော့နည်းသော နှုန်းထား တစ်ခုကို ဝန်ဆောင်မှုတစ်ခု သို့မဟုတ် အတွဲလိုက် ဝန်ဆောင်မှုများ ကမ်းလှမ်းချက် တစ်ခုအတွက် ဝန်ဆောင်ခအဖြစ် ကောက်ခံခြင်းမပြုရ-

(၁) လိုင်စင်ရရှိသူက ပြုလုပ်နေသော ဈေးကွက်စမ်းသပ်ချက် သို့မဟုတ် ကာလတို ဝန်ဆောင်မှု မြှင့်တင်ရေးကမ်းလှမ်းချက်တစ်ခုသည် လွတ်လပ်စွာ ပြိုင်ဆိုင်မှု သဘောသဘာဝကို ပျက်ပြားစေခြင်း မရှိဟုဦးစီးဌာနက ယူဆလျှင်၊ သို့မဟုတ်

(၂) အများပြည်သူအကျိုးအတွက် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဦးစီးဌာနက ဆုံးဖြတ်လျှင်။

(ခ) ဝန်ဆောင်ခနှုန်းထားတစ်ရပ်ကို သတ်မှတ်ရန် သို့မဟုတ် ပြောင်းလဲရန်လျှောက်ထား ချက်ကို အတည်ပြုပြီးနောက်ပိုင်းအပါအဝင် မည်သည့်အချိန်တွင်ဖြစ်စေ ဦးစီးဌာနသည် အတွဲလိုက်ဝန်ဆောင်မှု ကမ်းလှမ်းချက်တွင် ပါဝင်သည့် ဝန်ဆောင်မှုတစ်ခု သို့မဟုတ် ဝန်ဆောင်မှုများအတွက် ကောက်ခံသည့် သို့မဟုတ် ကောက်ခံရန်အဆိုပြုသည့် နှုန်းထား တစ်ရပ်သည် နည်းဥပဒေခွဲ (က) နှင့် ညီညွတ်မှုရှိကြောင်း ရှင်းလင်းပြသရန် လိုင်စင် ရရှိသူတစ်ဦးအား ညွှန်ကြားနိုင်သည်။

(ဂ) ဦးစီးဌာနသည် နည်းဥပဒေခွဲ (ခ) နှင့်အညီ စိစစ်သုံးသပ်လျက်ရှိသော ဝန်ဆောင်ခ နှုန်းထားတစ်ရပ် နှင့် စပ်လျဉ်းသည့် အချက်အလက်နှင့် အစီရင်ခံစာကို တင်ပြရန် တတိယအဖွဲ့အစည်းများ (third parties) သို့ ညွှန်ကြားနိုင်သည်။

(ဃ) လိုင်စင်ရရှိသူနှင့် တတိယအဖွဲ့အစည်းများ (third parties) သည် နည်းဥပဒေခွဲ (ခ) အရ တောင်းဆိုချက်ကို ရက်ပေါင်း ၃၀ အတွင်း အစီရင်ခံတင်ပြရမည်။ လိုင်စင်ရရှိသူသည် ဤနည်းဥပဒေခွဲတွင် သတ်မှတ်ထားသည့် အချိန်ကာလအတွင်း အစီရင်ခံစာတင်ပြရန် ပျက်ကွက်ပါက ဦးစီးဌာနသည် ထုတ်ပြန်သင့်သည့် သတင်းအချက်အလက်များနှင့်အတူ နည်းဥပဒေခွဲ (စ) အရ ဆုံးဖြတ်ချက်ကို ထုတ်ပြန်ရမည်။

(င) နည်းဥပဒေခွဲ (ခ) အရ တောင်းခံသော အစီရင်ခံစာကို လိုင်စင်ရရှိသူက တင်ပြသည့် နေ့ရက်မှ ရက်ပေါင်း ၃၀ အတွင်း ဦးစီးဌာနသည်-

(၁) ကောက်ခံမည့်နှုန်းထား သို့မဟုတ် ကောက်ခံရန် အဆိုပြုသည့် နှုန်းထားသည် နည်းဥပဒေခွဲ (က) နှင့် ညီညွတ်မှုရှိကြောင်း ဆုံးဖြတ်ရမည်။

(၂) ကောက်ခံမည့်နှုန်းထား သို့မဟုတ် ကောက်ခံရန် အဆိုပြုသည့် နှုန်းထားသည် နည်းဥပဒေခွဲ (က) နှင့် ညီညွတ်မှုမရှိကြောင်း ဆုံးဖြတ်သော ကိစ္စရပ်များတွင် ဦးစီးဌာနသည်-

(ကက)နည်းဥပဒေခွဲ (က) နှင့် ညီညွတ်သည်ဟု ဦးစီးဌာနက ဆုံးဖြတ်သည့် နည်းလမ်းအတိုင်း နှုန်းထားများကို ပြင်ဆင်ရန် လိုင်စင်ရရှိသူအား ညွန်ကြားရမည်။

(ခခ) လိုင်စင်ရရှိသူသည် ဆက်သွယ်ရေးဥပဒေနှင့် ဤနည်းဥပဒေများကို ဖောက်ဖျက်၍ လွတ်လပ်စွာ ပြိုင်ဆိုင်မှု သဘောသဘာဝကို ပျက်ပြားစေ သည့် လုပ်ရပ်တွင် ပါဝင်ခြင်း ရှိ မရှိကို ဆုံးဖြတ်ရန် စုံစမ်း စစ်ဆေးမှု တစ်ရပ်ကို စတင်ဆောင်ရွက်နိုင်သည်။

(စ) ဦးစီးဌာနသည် နည်းဥပဒေခွဲ (ခ) နှင့် (ဂ) တို့အရ တင်ပြသည့် အစီရင်ခံစာနှင့် သက်ဆိုင်သည့် ထပ်မံလိုအပ်သော သတင်းအချက်အလက်များကို ထောက်ပံ့ပေးရန် လိုင်စင်ရရှိသူ သို့မဟုတ် တတိယ အဖွဲ့အစည်းများထံ ကျိုးကြောင်းဆီလျော်သော ညွှန်ကြားမှုများ ပြုလုပ်နိုင်သည်။

အခန်း (၈)
အထွေထွေ

၄၄။ ဆက်သွယ်ရေးကဏ္ဍတွင် ပြိုင်ဆိုင်မှုကို ဆန့်ကျင်သော လုပ်ဆောင်ချက်နှင့် သဘော တူညီချက်များ အပေါ် ဦးစီးဌာန၏ သုံးသပ်ပိုင်ခွင့်

(က) ဦးစီးဌာနသည် ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ဆက်သွယ်ရေးကဏ္ဍတွင် ပြိုင်ဆိုင်မှုကို ဆန့်ကျင်သော လုပ်ဆောင်ချက်၊ သဘောတူညီချက်များနှင့် တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသော လိုင်စင်ရရှိသူများ ပါဝင်သည့် လွှဲပြောင်းလုပ်ငန်းရပ်များကို သုံးသပ်ရန် အထူး စီရင်ဆုံးဖြတ်ပိုင်ခွင့်ရှိပြီး၊ ကျိုးကြောင်းခိုင်လုံပါက အမိန့်များ၊ ညွှန်ကြားချက်များ သို့မဟုတ် ဆုံးဖြတ်ချက်များကို ထုတ်ပြန်ပြီး ပြိုင်ဆိုင်မှုကို ဆန့်ကျင်သော လုပ်ဆောင်ချက်နှင့် သဘောတူညီချက်များတွင် ပါဝင်သည်ဟု တွေ့ရှိရသော လိုင်စင်ရရှိသူများအား အရေးယူမှုများကို ဆောင်ရွက်ခွင့်ရှိသည်။

(ခ) နည်းဥပဒေခွဲ (က) တွင် မည်သို့ပင် ဖော်ပြထားစေကာမူ ဦးစီးဌာနသည် အမိန့်၊ ညွှန်ကြားချက် သို့မဟုတ် ဆုံးဖြတ်ချက်များကို မထုတ်ပြန်မီကာလတွင်လည်းကောင်း၊ ဆက်သွယ်ရေးဥပဒေ နှင့် ဤနည်းဥပဒေများအရ လိုင်စင်ရရှိသူများနှင့် အခြားလုပ်ငန်း များအပေါ် အရေးယူမှုတစ်ခုခုကို မပြုလုပ် မီကာလတွင်လည်းကောင်း ပြိုင်ဆိုင်မှုဆိုင်ရာ အာဏာပိုင်အဖွဲ့နှင့် ညှိနှိုင်းတိုင်ပင်နိုင်သည်။

(ဂ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်း ပြိုင်ဆိုင်မှုဆိုင်ရာအာဏာပိုင်အဖွဲ့ ဖွဲ့စည်းပြီး နောက် အထွေထွေပြိုင်ဆိုင်မှုဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များ အာဏာသက်ရောက်သည် နှင့် တစ်ပြိုင်နက် နည်းဥပဒေခွဲ (ခ) ကို ကျင့်သုံးမည်။

၄၅။ ပြိုင်ဆိုင်မှုဆိုင်ရာ အာဏာပိုင်အဖွဲ့၏ ကျင့်ထုံးများနှင့် ဆီလျော်မှု

(က) ဤနည်းဥပဒေများပါ ပြဋ္ဌာန်းချက်များသည် ယှဉ်ပြိုင်မှုဥပဒေတွင် ရေးဆွဲချမှတ်ထားသည့် မူများအား အခြေခံထားခြင်းဖြစ်ပြီး အခြားသော တရားရေးစီရင်ပိုင်ခွင့် လုပ်ထုံးလုပ်နည်း များနှင့်လည်း ညီညွတ်သည်။

(ခ) ဤပြဋ္ဌာန်းချက်များကို ကျင့်သုံးရာ၌ ဦးစီးဌာနသည် အခြားသက်ဆိုင်ရာ လုပ်ထုံး လုပ်နည်းများအပြင် ပြိုင်ဆိုင်မှုဆိုင်ရာ အာဏာပိုင်အဖွဲ့၏ လုပ်ထုံးလုပ်နည်းများကိုလည်း သင့်လျော်သလို ထည့်သွင်း စဉ်းစားမည်ဖြစ်သည်။

(ဂ) နည်းဥပဒေခွဲ (ခ) တွင် မည်သို့ပင် ဖော်ပြထားစေကာမူ ဦးစီးဌာနသည် မြန်မာနိုင်ငံ ဆက်သွယ်ရေး ဈေးကွက်နှင့်သာ သက်ဆိုင်သော သီးသန့်အခြေအနေများကို ကိုင်တွယ် ဖြေရှင်းရန် သတ်မှတ်ထားသော စံချိန်စံညွှန်းများ သို့မဟုတ် နည်းလမ်းများကို ကျင့်သုံး နိုင်သည်။

၄၆။ အဓိကအထောက်အကူပြု ပစ္စည်းများနှင့် စပ်လျဉ်း၍ လိုင်စင်ရရှိသူက လိုက်နာရမည့် စည်းကမ်း ချက်များ

အဓိကအထောက်အကူပြု ပစ္စည်းများကို ကုန်ကျစရိတ်အခြေခံသော နှုန်းထားများနှင့် ခွဲခြားမှုမရှိ သည့် စည်းကမ်းချက်များဖြင့် ပြိုင်ဆိုင်မှုပြုနေသည့် လိုင်စင်ရရှိသူများအား ရရှိစေရမည်ဖြစ်ပြီး အောက်ဖော်ပြပါ အချက်များနှင့် ကိုက်ညီရမည်-

(က) အထောက်အကူပြုပစ္စည်းများသည် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း ဖြည့်ဆည်းပေး ရန်အတွက် လိုအပ်သော ပစ္စည်းများ ဖြစ်ရမည်။

(ခ) ဈေးကွက်သို့ ဝင်ရောက်ပြိုင်ဆိုင်နိုင်သူ တစ်ဦးအနေဖြင့် မျှော်မှန်းထားသည့်ကာလ အတွင်း ထပ်တူမတည်ဆောက်နိုင်သည့် သို့မဟုတ် တတိယအဖွဲ့အစည်း (third party) တစ်ခုထံမှ စီးပွားရေးအရ အရောင်းအဝယ်ပြုခြင်းမှတစ်ဆင့် ဈေးကွက်သို့ ဝင်ရောက်နိုင် သည့် စရိတ်နှုန်းထားဖြင့် မရရှိနိုင်သည့် အထောက်အကူပြု ပစ္စည်းများဖြစ်ရမည်။

(ဂ) အထောက်အကူပြု ပစ္စည်းများကို ထိန်းချုပ်ထားသည့်လိုင်စင်ရရှိသူသည် လက်ရှိတွင် အခြားလိုင်စင်ရရှိသူများနှင့် မျှဝေသုံးစွဲရန် လုံလောက်သောဆက်သွယ်မှု ပမာဏ (capacity) ရှိရမည်။

(ဃ) အထောက်အကူပြု ပစ္စည်းများကို ထိန်းချုပ်ထားသည့် လိုင်စင်ရရှိသူသည် လိုင်စင်ရရှိ သော အခြားသူများနှင့် အထောက်အကူပြုပစ္စည်းများကို မျှဝေသုံးစွဲရန် ဥပဒေအရ ငြင်းဆိုခွင့် မရှိစေရ။

(င) အထောက်အကူပြုပစ္စည်းအား ရယူသုံးစွဲခွင့်မပြုခြင်းသည် ဆက်သွယ်ရေးဈေးကွက် အတွင်း ပြိုင်ဆိုင်မှုကိုချုပ်ချယ်ကန့်သတ်သည့် ကျိုးကြောင်းဆီလျော်မှုမရှိသော ဆောင်ရွက်မှုဖြစ်သည်။

၄၇။ နောက်ဆက်တွဲဇယားပါ ယာယီပြဋ္ဌာန်းချက်များအား ပြန်လည်သုံးသပ်ခြင်း

ဦးစီးဌာနသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း ဆက်သွယ်ရေးဈေးကွက်တွင် ပြိုင်ဆိုင်မှု တိုးတက်လာသည့် အခြေအနေကို ထည့်သွင်းစဉ်းစားလျက် လိုအပ်ပါက အောက်ပါ တို့ကို အခါအားလျော်စွာ ပြင်ဆင်နိုင်သည်-

(က) နည်းဥပဒေ ၁၆ ပါ သတ်မှတ်ချက်များအရ နောက်ဆက်တွဲ ဇယား (၁) တွင်ဖော်ပြထား သော ကြိုတင်သတ်မှတ်သည့် စည်းမျဉ်း (ex ante) တွင် သက်ဆိုင်ရာ ဈေးကွက်များကို သတ်မှတ်ခြင်း၊

(ခ) နောက်ဆက်တွဲ ဇယား (၁) ပါ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအား လက်ရှိအခြေအနေ တွင် ဈေးကွက် လွှမ်းမိုးမှုအနေအထားတွင် ရှိသူအဖြစ် သတ်မှတ်ခြင်း၊

(ဂ) နောက်ဆက်တွဲ ဇယား (၂) ပါ အဓိက အထောက်အကူပြု ပစ္စည်းများအား သတ်မှတ်ခြင်း။


(ပုံ) မြတ်ဟိန်း
ပြည်ထောင်စုဝန်ကြီး
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန