ဘက်စုံပို့ဆောင်ရေးနည်းဥပဒေများ

DOWNLOAD

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ
ပို့ဆောင်ရေး ဝန်ကြီးဌာန
(ဘက်စုံပို့ဆောင်ရေးနည်းဥပဒေများ)

အမိန့်ကြော်ငြာစာ အမှတ်၊ ၂၄၃ /၂၀၁၄
၁၃၇၆ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက်
(၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်)
[ ပြင်ဆင် : ၂၂.၃.၂၀၁၆ ]

ပို့ဆောင်ရေးဝန်ကြီးဌာနသည် ဘက်စုံပို့ဆောင်ရေးဥပဒေ ပုဒ်မ ၅၉၊ ပုဒ်မခွဲ (က) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဤဘက်စုံပို့ဆောင်ရေးနည်းဥပဒေများကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ တော်၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်လိုက်သည်။

အခန်း(၁)
အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤ နည်းဥပဒေများကို ဘက်စုံပို့ဆောင်ရေးနည်းဥပဒေများ ဟုခေါ်တွင်စေရမည်။

၂။ ဤနည်းဥပဒေများတွင် ပါရှိသောစကားရပ်များသည် ဘက်စုံပို့ဆောင်ရေးဥပဒေတွင် ဖွင့်ဆိုထား သည့်အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။ ထို့ပြင် အောက်ပါစကားရပ်များသည် ဖော်ပြပါ အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည် -

(က) နိုင်ငံတော် ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ဆိုသည်။

(ခ) လျှောက်ထားသူ ဆိုသည်မှာ ဘက်စုံပို့ဆောင်ရေးဥပဒေ ပုဒ်မ ၉ အရ ဘက်စုံပို့ဆောင် ရေးလုပ်ငန်းလုပ်ကိုင်သူအဖြစ် ဗဟိုအဖွဲ့က မှတ်ပုံတင်လက်မှတ်ထုတ်ပေးရေးအတွက် မှတ်ပုံတင်ရုံးသို့ ကုမ္ပဏီ၏ ကိုယ်စား လျှောက်ထားရန်ကုမ္ပဏီက တရားဝင်လွှဲအပ်ထား သောသူကိုဆိုသည်။ ယင်းစကားရပ်တွင် နိုင်ငံတော်က အသိအမှတ်ပြုထားသည့် ပြည်ပနိုင်ငံတွင် ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူ မှတ်ပုံတင်လက်မှတ်ရရှိထားသူ သို့မဟုတ် ထိုသူ၏ ကိုယ်စားလှယ်လည်း ပါဝင်သည်။

(ဂ) ဘက်စုံပို့ဆောင်ရေးလုပ်ငန်းအတွက်နိုင်ငံတော်က အသိအမှတ်ပြုထားသည့် ပြည်ပနိုင်ငံ ဆိုသည်မှာ ဘက်စုံပို့ဆောင်ရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်၊ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် နိုင်ငံအချင်းချင်းဆိုင်ရာစာချုပ် ချုပ်ဆိုသည့် ပြည်ပ နိုင်ငံကိုသော်လည်းကောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်က အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံထားသော ဒေသဆိုင်ရာ သဘောတူစာချုပ်ဝင် သို့မဟုတ် အပြည်ပြည်ဆိုင်ရာ စာချုပ်ဝင် ပြည်ပနိုင်ငံအသီးသီးကိုသော်လည်းကောင်း ဆို သည်။

(ဃ) မှတ်ပုံတင်ရုံး ဆိုသည်မှာ ဘက်စုံပို့ဆောင်ရေးဥပဒေ၏ အခန်း (၃) ပါ မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်းသည့်လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရန် နေပြည်တော်နှင့် လိုအပ်သည့် ဒေသ၌ ဤနည်းဥပဒေများအရ ဖွဲ့စည်းတည်ထောင်ထားသည့် မှတ်ပုံတင်ရုံးများကိုဆို သည်။

(င) မြန်မာကုမ္ပဏီ ဆိုသည်မှာ မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေတွင် ဖွင့်ဆိုထားသည့် မြန်မာကုမ္ပဏီ ကိုဆိုသည်။ ယင်းစကားရပ်တွင် ၁၉၅၀ ပြည့်နှစ်၊ အထူးကုမ္ပဏီများ အက်ဥပဒေအရ ဖွဲ့စည်းသော ကုမ္ပဏီလည်းပါဝင်သည်။

(စ) နိုင်ငံခြားကုမ္ပဏီ ဆိုသည်မှာ မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေတွင် ဖွင့်ဆိုထားသည့် နိုင်ငံခြား ကုမ္ပဏီကို ဆိုသည်။

(ဆ) အသိအမှတ်ပြု ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူ ဆိုသည်မှာ နိုင်ငံတော်က အသိအမှတ်ပြုထားသည့် ပြည်ပနိုင်ငံတွင် ပြည်ပနေနိုင်ငံခြားသားများက ကုမ္ပဏီကို ပေးရန် တာဝန်ကန့်သတ်ထား သည့် ကုမ္ပဏီအဖြစ်မှတ်ပုံတင်၍ ဖွဲ့စည်းထားပြီး ဖြစ်သည့်အပြင် ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူအဖြစ် မှတ်ပုံတင်လက်မှတ် ရရှိထားသူအား ဤနည်းဥပဒေများအရ အသိအမှတ်ပြု ဘက်စုံပို့ဆောင် ရေးလုပ်ငန်း လုပ်ကိုင်သူအဖြစ် မှတ်ပုံတင်ထားသူကို ဆိုသည်။

(ဇ) အသိအမှတ်ပြု ဘက်စုံပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူ၏ ကိုယ်စားလှယ် ဆိုသည်မှာ နိုင်ငံတော်က အသိအမှတ်ပြုထားသည့် ပြည်ပနိုင်ငံတွင်နေထိုင်သော နိုင်ငံခြားသား များက ကုမ္ပဏီကိုပေးရန်တာဝန် ကန့်သတ်ထားသည့် ကုမ္ပဏီအဖြစ်မှတ်ပုံတင်၍ ဖွဲ့စည်းထားပြီးဖြစ်သည့်အပြင် ဘက်စုံပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်သူအဖြစ် မှတ်ပုံတင် လက်မှတ်ရရှိထားသူက တရားဝင်လွှဲအပ်ထားသည့် ကိုယ်စားလှယ်အား ဤနည်းဥပဒေ များအရ ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူ၏ ကိုယ်စားလှယ်အဖြစ် မှတ်ပုံတင် ထားသူကို ဆိုသည်။

(ဈ) ထောက်ပံ့ဖြည့်ဆည်း စီမံဆောင်ရွက်မှု (Logistics) ဆိုသည်မှာ ကုန်ကြမ်းရှာဖွေမှုမှသည် ကုန်ချောအဆင့်အထိ ထုတ်လုပ်ရေး၊ ထားသိုရေး၊ ဖြန့်ဖြူးရေး၊ မြန်ဆန်သွက်လက်စွာ ကုန်စည်စီးဆင်းရေး၊ ကုန်တင်သွင်းရေး၊ တင်ပို့ရေးနှင့် ပြည်တွင်းပြည်ပရှိ စားသုံးသူ များ၏လိုအပ်ချက်နှင့်အညီ ၎င်းတို့ထံ အရောက်ပို့ဆောင်နိုင်ရေးတို့အတွက် သတင်း အချက်အလက်များရယူပြီး စရိတ်စကသက်သာစွာဖြင့် ကြီးကြပ်၍ ထိရောက်စွာအကောင် အထည်ဖော်ကာ စီမံချက်ချပြီး ခေတ်မီသိပ္ပံနည်းကျ လုပ်ကိုင်ဆောင်ရွက်ပေးသည့် နည်းလမ်း သို့မဟုတ် စနစ်ကို ဆိုသည်။

(ည) ထောက်ပံ့ဖြည့်ဆည်းမှု ကွင်းဆက် ( Supply chain ) ဆိုသည်မှာ ကုန်ကြမ်းများ ရရှိရန် ရှာဖွေပြီး ထုတ်လုပ်သူထံ ပေးပို့ဖြည့်ဆည်းခြင်း၊ ကုန်ကြမ်းမှ ကုန်ချောအဖြစ် ထုတ်လုပ်ခြင်း၊ ထုတ်လုပ်ထားသည့် ကုန်ချောများကို သိုလှောင်ခြင်း၊ ဖြန့်ဖြူးသူများနှင့် သယ်ယူပို့ဆောင်သူများမှတစ်ဆင့် ဖြန့်ဖြူးခြင်း၊ စားသုံးသူများအား လက်လီလက်ကား ရောင်းချခြင်းများကို ဆောင်ရွက်သူတို့က တစ်ခုနှင့်တစ်ခု ချိတ်ဆက်၍ ကွင်းဆက်မိမိ ဆောင်ရွက်သည့် ကွန်ရက်ကိုသော်လည်းကောင်း၊ အဆိုပါလုပ်ငန်းများ၏ အခြေအနေ ပြောင်းလဲချက်နှင့်အညီ လိုက်လျောညီထွေပြောင်းလဲ၍ တစ်ခုနှင့်တစ်ခု ချိတ်ဆက်၍ ကွင်းဆက်မိမိ ကျင့်သုံးဆောင်ရွက်သည့် နည်းစနစ်ကိုသော်လည်းကောင်း ဆိုလိုသည်။

(ဋ) ဘေးအန္တရာယ် ဖြစ်စေတတ်သောကုန်စည် ဆိုရာတွင် ကုန်စည်များကို ဘက်စုံ ပို့ဆောင်ရာ၌ လုံခြုံစိတ်ချပြီး ဘေးအန္တရာယ်မဖြစ်စေရေးအတွက် အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် စည်းမျဉ်းဥပဒေများ အရ ဘေးအန္တရာယ်ဖြစ်စေတတ်သော ကုန်စည်အဖြစ် အောက်ပါအတိုင်း အတန်းအစား ၉ မျိုးဖြင့်ခွဲခြား၍ သတ်မှတ်ထားသော ပစ္စည်းများ ပါဝင် သည် -

(၁) အတန်းအစား ၁ - ပေါက်ကွဲလွယ်၍ ထိခိုက်မှုများနိုင်သောပစ္စည်းများ(Explosives) ၊

(၂) အတန်းအစား ၂ - ဖိအားဖြင့် သွတ်သွင်းထားသော ဓာတ်ငွေ့များ၊ ဓာတ်ငွေ့ကို အရည်အဖြစ် ပြောင်းလဲထားသော ဓာတ်ငွေ့ရည်များ (Gases)၊

(၃) အတန်းအစား ၃ - မီးလောင်လွယ်သော အရည်များ၊ (Flammable Liquids)၊

(၄) အတန်းအစား ၄ - မီးလောင်လွယ်သော ဝတ္ထုပစ္စည်းများ၊ အလိုအလျောက် လောင်ကျွမ်းစေသော အရာဝတ္ထုများ၊ ရေနှင့်ထိတွေ့လျှင်မီးလောင်လွယ်သည့် ဓာတ်ငွေ့ထွက်စေသောအရာဝတ္ထုများ (Flammable Solids; Substances liable to Spontaneous Combustion; Substances, which in Contact with Water, emit Flammable Gas)၊

(၅) အတန်းအစား ၅ - အောက်စီဂျင်နှင့် ဓာတ်ပေါင်းစပ်သည့် ဝတ္ထုပစ္စည်းများနှင့် ဓာတ်တိုးပစ္စည်းနှင့် အော်ဂင်နစ် ပါအောက်ဆိုဒ်အရည်များ [Oxidising Substances and Organic Peroxides (Oxidisers and Organic Peroxides)]၊

(၆) အတန်းအစား ၆ - အဆိပ်အတောက် ဖြစ်စေသော အရာဝတ္ထုများနှင့် ကူးစက် တတ်သော အရာဝတ္ထုများ (Toxic Substances and Infectious Substances)၊

(၇) အတန်းအစား ၇ - ဓာတ်ရောင်ခြည်သင့်စေသော ဝတ္ထုပစ္စည်းများ [Radioactive Material (Radioactive Substances) ]၊

(၈) အတန်းအစား ၈ - သံချေးတတ်စေသည့် သို့မဟုတ် အက်စစ်ကဲ့သို့ စားလောင်စေသည့် ဝတ္ထုပစ္စည်း များ (Corroive Substances)၊

(၉) အတန်းအစား ၉ - ကုလသမဂ္ဂမှ ထောက်ခံသတ်မှတ်ထားသော ဘေးအန္တရာယ် ဖြစ်စေသော အခြားအရာဝတ္ထုပစ္စည်းများ (Miscellaneous Dangerous Substances)။

(ဌ) ပုံစံ ဆိုသည်မှာ ဤနည်းဥပဒေများပါ ကိစ္စများအတွက် သတ်မှတ်ထားသော နောက်ဆက်တွဲပုံစံကို ဆိုသည်။

(ဍ) ညွှန်ကြားရေးမှူးချုပ် ဆိုသည်မှာ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကို ဆိုသည်။

(ပြင်ဆင် ၂၂.၃.၂၀၁၆)

အခန်း(၂)
ကုန်စည်များ ဘက်စုံပို့ဆောင်ရေး ဗဟိုအဖွဲ့ ဖွဲ့စည်းခြင်း

၃။ ဝန်ကြီးဌာနသည် ဘက်စုံပို့ဆောင်ရေးဥပဒေပါ ရည်ရွယ်ချက်များနှင့် ပြဋ္ဌာန်းချက်များကို အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အလို့ငှာ ဘက်စုံပို့ဆောင်ရေးဥပဒေ ပုဒ်မ ၆ အရ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ကုန်စည်များ ဘက်စုံပို့ဆောင်ရေး ဗဟိုအဖွဲ့ကို ဖွဲ့စည်းရာတွင် ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးအား ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အား အတွင်းရေးမှူးအဖြစ် လည်းကောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာန၊ အစိုးရဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ပုဂ္ဂလိကကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းနှင့် ဘက်စုံပို့ဆောင်ရေးလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များမှ သင့်လျော်သောပုဂ္ဂိုလ်များနှင့် ကျွမ်းကျင်သူများအား အဖွဲ့ဝင်များအဖြစ် လည်းကောင်း ပါဝင်စေလျက်ဖွဲ့စည်းရမည်။

(ပြင်ဆင် ၂၂.၃.၂၀၁၆)

အခန်း (၃)
မှတ်ပုံတင်ခြင်း

၄။ ဝန်ကြီးဌာနသည် ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူအဖြစ်လည်းကောင်း၊ အသိအမှတ်ပြု ဘက်စုံပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူ သို့မဟုတ် အသိအမှတ်ပြု ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူ၏ ကိုယ်စားလှယ်အဖြစ်လည်းကောင်း မှတ်ပုံတင်ပေးရန် လျှောက်ထားခြင်း၊ မှတ်ပုံ တင်လက်မှတ် ထုတ်ပေးခြင်း၊ မှတ်ပုံတင်လက်မှတ်ကို ကာလသတ်မှတ်၍ ရပ်ဆိုင်းခြင်း နှင့်ပယ်ဖျက်ခြင်း၊ မှတ်ပုံတင်လက်မှတ် သက်တမ်းတိုးမြှင့်ခြင်းဆိုင်ရာကိစ္စများကို ဆောင်ရွက်နိုင် ရန် နေပြည်တော်၌ မှတ်ပုံတင်ရုံးကို တည်ထောင်ရမည်။ ထို့ပြင် လုပ်ငန်းလွယ်ကူမြန်ဆန် စေရေးအတွက် လိုအပ်သည့်ဒေသ၌ မှတ်ပုံတင်ရုံးများကို တည်ထောင်နိုင်သည်။

၅။ (က) မှတ်ပုံတင်အရာရှိ၏လုပ်ငန်းတာဝန်များကို နေပြည်တော်၌ဖွဲ့စည်းတည်ထောင်သော မှတ်ပုံတင် ရုံးတွင် မှတ်ပုံတင်အရာရှိအဖြစ် ညွှန်ကြားရေးမှူးချုပ်ကလည်းကောင်း၊ လိုအပ်သည့်ဒေသ၌ တည် ထောင်သော မှတ်ပုံတင်ရုံးများတွင် ညွှန်ကြားရေးမှူးချုပ်က ဝန်ကြီးဌာန၏အတည်ပြုချက်ဖြင့် ခန့်အပ်တာဝန်ပေးသည့် အခွင့်ရအရာရှိများက လည်းကောင်း တာဝန်ယူဆောင်ရွက်ရမည်။

(ခ) နည်းဥပဒေခွဲ (က) အရ မှတ်ပုံတင်အရာရှိအဖြစ် တာဝန်ထမ်းဆောင်သည့် ညွှန်ကြားရေးမှူးချုပ် နှင့် ၎င်းက နည်းဥပဒေ ၂၃ အရ ခန့်အပ်တာဝန်ပေးထားသည့် အခွင့်ရအရာရှိများသည် ဤနည်းဥပဒေများပါ လုပ်ငန်းတာဝန်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အလို့ငှာ လိုအပ်သည့်နေရာ၊ ပရိဝုဏ်အတွင်းသို့ အခါအားလျော်စွာ ဝင်ရောက်စစ်ဆေးခြင်း၊ စုံစမ်းခြင်း၊ စုံစမ်းမေးမြန်းရန်ဆင့်ခေါ်ခြင်း၊ လုပ်ငန်းဆိုင်ရာ စာရွက်စာတမ်းများအား တင်ပြစေခြင်းနှင့် ကြီးကြပ်ခြင်းတို့ ပြုနိုင်သည်။

၆။ ဘက်စုံပို့ဆောင်ရေးလုပ်ငန်းကို ဘက်စုံပို့ဆောင်ရေးဥပဒေနှင့် ဤနည်းဥပဒေများနှင့်အညီ လုပ်ကိုင်လိုသူသည် ကိုယ်တိုင်ဖြစ်စေ၊ အသိအမှတ်ပြု ကိုယ်စားလှယ်ဖြင့်ဖြစ်စေ၊ စာတိုက်မှ မှတ်ပုံတင်၍ဖြစ်စေ အောက်ဖော်ပြပါ သက်ဆိုင်ရာလျှောက်လွှာပုံစံဖြင့် နေပြည်တော်ရှိ မှတ်ပုံတင်ရုံး သို့မဟုတ် မိမိလုပ်ငန်းနှင့် နီးစပ်ရာမှတ်ပုံတင်ရုံးမှတဆင့် ဗဟိုအဖွဲ့သို့ လျှောက်ထားရမည် -

(က) နည်းဥပဒေ ၈ နှင့် ၁၀ တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူ အဖြစ် မှတ်ပုံတင်ပေးရန် လျှောက်လွှာ ပုံစံ (၁)၊

(ခ) နည်းဥပဒေ ၉ နှင့် ၁၀ တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အသိအမှတ်ပြုဘက်စုံ ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူအဖြစ် သို့မဟုတ် အသိအမှတ်ပြုဘက်စုံ ပို့ဆောင်ရေး လုပ်ငန်း လုပ်ကိုင်သူ၏ကိုယ်စားလှယ်အဖြစ် မှတ်ပုံတင်ပေးရန် လျှောက်လွှာ ပုံစံ (၂)။

၇။ ဘက်စုံပို့ဆောင်ရေးဥပဒေကို ပြဋ္ဌာန်းပြီးနောက် ဤနည်းဥပဒေများကို ထုတ်ပြန်သည့် နေ့ရက် မတိုင်မီ နိုင်ငံတော်တွင် ဘက်စုံပို့ဆောင်ရေးလုပ်ငန်းကို လုပ်ကိုင်လျက်ရှိသူသည် -

(က) ဆက်လက်၍ လုပ်ကိုင်လိုပါက ဤနည်းဥပဒေများကို ထုတ်ပြန်သည့် နေ့ရက်မှ ရက် ပေါင်း ၆၀ အတွင်း နည်းဥပဒေ ၆၊ ၈၊ ၉ နှင့် ၁၀ တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ မှတ်ပုံတင်ရန် လျှောက်ထားရမည်။

(ခ) နည်းဥပဒေခွဲ (က) အရ မှတ်ပုံတင်ရန် လျှောက်ထားပြီးဖြစ်လျှင် ဗဟိုအဖွဲ့က မှတ်ပုံတင် လက်မှတ်ထုတ်ပေးရန် ငြင်းဆိုကြောင်း ဆုံးဖြတ်ချက်မချမချင်း ဘက်စုံပို့ဆောင်ရေး လုပ်ငန်းကို ဆက်လက်၍ လုပ်ကိုင်ခွင့်ရှိသည်။

၈။ မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေအရ မှတ်ပုံတင်ထားသော မြန်မာနိုင်ငံသားများ ပါဝင်ဖွဲ့စည်း ထားသည့် မြန်မာကုမ္ပဏီ သို့မဟုတ် ပြည်တွင်းတွင် အမြဲတမ်းနေထိုင်ပြီး နိုင်ငံခြားသား မှတ်ပုံတင်လက်မှတ် ကိုင်ဆောင်ထားသော နိုင်ငံခြားသားများ ပါဝင်ဖွဲ့စည်းထားသည့် နိုင်ငံခြား ကုမ္ပဏီအား ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူအဖြစ် မှတ်ပုံတင်ပေးရန် လျှောက်ထားသူ သည် အောက်ပါလိုအပ်ချက်များနှင့် ကိုက်ညီရမည် -

(က) မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များ အသင်း သို့မဟုတ် ဗဟိုအဖွဲ့ကခွင့်ပြုသောအသင်း၏ အသင်းသားဖြစ်ရမည်။

(ခ) ကုမ္ပဏီသည် ပေးရန်တာဝန် ကန့်သတ်ထားသည့် အများနှင့်မသက်ဆိုင်သော ကုမ္ပဏီ သို့မဟုတ် အများနှင့် သက်ဆိုင်သော ကုမ္ပဏီ ဖြစ်ရမည်။

(ဂ) ကုမ္ပဏီ၏ထည့်ဝင်ပြီးမတည်ငွေရင်းသည် အထူးငွေကြေး ထုတ်ယူပိုင်ခွင့်ယူနစ် အနည်း ဆုံး ၈၀,၀၀၀ သော်လည်းကောင်း၊ ထိုအထူးငွေကြေး ထုတ်ယူပိုင်ခွင့်ယူနစ် အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ်သည့် ငွေလဲလှယ်နှုန်းနှင့်ညီမျှသော မြန်မာ ကျပ်ငွေသော်လည်းကောင်း၊ ကုမ္ပဏီပိုင်သည့် ထိုအနည်းဆုံး ယူနစ်ပမာဏနှင့်ညီမျှသော တန်ဖိုးထက်မနည်း ငွေချေးသက်သေခံလက်မှတ် သို့မဟုတ် ပစ္စည်းသော်လည်းကောင်း ရှိရမည်။

(ဃ) စာရင်းစစ်၏ အစီရင်ခံစာအရ လွန်ခဲ့သော ၁ နှစ်အတွင်း ဝင်ငွေ (Turn over) သို့မဟုတ် လွန်ခဲ့သော ၃ နှစ် အတွင်း ပျမ်းမျှဝင်ငွေသည် အထူးငွေကြေးထုတ်ယူပိုင်ခွင့်ယူနစ် အနည်းဆုံး ၈၀,၀၀၀ သော်လည်းကောင်း၊ ထိုအထူးငွေကြေးထုတ်ယူပိုင်ခွင့် ယူနစ် အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ်သည့် ငွေလဲလှယ်နှုန်းနှင့်ညီမျှသော မြန်မာကျပ်ငွေသော်လည်းကောင်း၊ ကုမ္ပဏီပိုင်သည့် ထိုအနည်းဆုံး ယူနစ်ပမာဏနှင့် ညီမျှသော တန်ဖိုးထက်မနည်း ငွေချေးသက်သေခံလက်မှတ် သို့မဟုတ် ပစ္စည်းသော် လည်းကောင်း ရှိရမည်။

(င) ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူ၏ ပေးလျော်ရန်တာဝန်အတွက် လုံလောက် သော အာမခံထားရှိပြီး ဖြစ်ရမည်။

(စ) နိုင်ငံတော်တွင် လုပ်ငန်းအဓိကတည်ရှိရာနေရာ ရှိရမည်ဖြစ်ပြီး ဘက်စုံပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်ရေးအတွက် ပြည်ပတွင် မိမိကုမ္ပဏီ၏ ရုံးခွဲ သို့မဟုတ် ကိုယ်စားလှယ် ရုံးခွဲ ရှိရမည်။

(ဆ) ဘက်စုံပို့ဆောင်ရေးလုပ်ငန်းကို ပိုင်နိုင်ကျွမ်းကျင်စွာလုပ်ကိုင်နိုင်သည့် ဝန်ထမ်းများ ရှိရမည်။ ထိုဝန်ထမ်းများသည် ကုလသမဂ္ဂအာရှနှင့် ပစိဖိတ်ဒေသ စီးပွားရေးနှင့် လူမှုရေး ကော်မရှင် ( United Nations Economic and Social Commission for Asia and the Pacific - UNESCAP) က သော်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းချုပ် (International Federation of Freight Forwarders Associations - FIATA ) က သော်လည်းကောင်း အသိအမှတ်ပြု လက်မှတ်ရရှိထားသူ သို့မဟုတ် မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း ( Myanmar International Freight Forwarders Associations - MIFFA ) က အသိအမှတ်ပြု လက်မှတ်ရရှိထားသူ ဖြစ်ရမည်။

(ဇ) ထောင်ဒဏ် ၃ နှစ်နှင့် အထက် ပြစ်ဒဏ်ပေးနိုင်သည့် ကြီးလေးသော ပြစ်မှုဖြင့် သော်လည်းကောင်း၊ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာဥပဒေနှင့် အလုပ်သမားရေးရာ ဥပဒေတစ်ရပ်ရပ်အရဖြင့်သော်လည်းကောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရပြီးသူ မဖြစ်စေရ။

(ဈ) ကုန်စည်ပို့ဆောင်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကိုဖောက်ဖျက်ပြီး ဘက်စုံပို့ဆောင် ရေးလုပ်ငန်းလုပ်ကိုင်သူက လိုက်နာရမည့်တာဝန်များကိုရှောင်လွှဲ၍ ကျင့်သုံးဆောင်ရွက် ခဲ့ဖူးသူ သို့မဟုတ် အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းတွင် နာမည်ပျက်စာရင်းတွင် ထည့်သွင်း ခံရသူ မဖြစ်စေရ။

(ည) မြန်မာနိုင်ငံလူမွဲခံယူခြင်းအက်ဥပဒေ (The Myanmar Insolvency Act ) သို့မဟုတ် ရန်ကုန်လူမွဲအဖြစ်ခံယူခြင်း အက်ဥပဒေ (Yangon Insolvency Act ) အရ ကြွေးမြီ မပေးဆပ်နိုင်သဖြင့် လူမွဲ အဖြစ် ကြေညာခြင်းခံထားရသူ မဖြစ်စေရ။

(ဋ) ဘက်စုံပို့ဆောင်ရာတွင် ဆုံးရှုံးမှု၊ ပျက်စီးမှုနှင့် နှောင့်နှေးကြန့်ကြာမှုတို့အတွက် ဘက်စုံ ပို့ဆောင်ရေး ဥပဒေနှင့် ဤနည်းဥပဒေများပါ ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူ၏ တာဝန်နှင့်ပေးရန် တာဝန်ရှိမှုများနှင့် ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူ၏တာဝန် နှင့် ပေးရန်တာဝန်ရှိမှု ကန့်သတ်ချက်များကို အထောက်အထားပြု၍ ပေးလျော်ရန် တာဝန်ရှိပါက ကုမ္ပဏီပိုင်ငွေကြေး၊ ပစ္စည်း သို့မဟုတ် ငွေချေးသက်သေခံလက်မှတ် များဖြင့် ပေးလျော်ပါမည်ဖြစ်ကြောင်း ငွေကြေးနှင့်ပစ္စည်းစာရင်းဖော်ပြ၍ မှတ်ပုံတင် အရာရှိထံတွင် အသိသက်သေ ၂ ဦး ရှေ့၌ ခံဝန်ချုပ် ချုပ်ဆိုရမည်။

၉။ အသိအမှတ်ပြု ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူ သို့မဟုတ် အသိအမှတ်ပြု ဘက်စုံ ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူ၏ ကိုယ်စားလှယ်အဖြစ် မှတ်ပုံတင်ပေးရန် လျှောက်ထားလိုသူ သည် အောက်ပါလိုအပ်ချက်များနှင့် ကိုက်ညီရမည် -

(က) နိုင်ငံတော်က အသိအမှတ်ပြုထားသည့် ပြည်ပနိုင်ငံတွင် ယင်းနိုင်ငံ၏ဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် ပေးရန်တာဝန်ကန့်သတ်ထားသော ကုမ္ပဏီအဖြစ် သတ်မှတ်ထားသည့် အများနှင့်မသက်ဆိုင်သော ကုမ္ပဏီ သို့မဟုတ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီ ဖြစ်ရ မည်။

(ခ) နည်းဥပဒေခွဲ (က) အရ နိုင်ငံတော်၌ နိုင်ငံခြားကုမ္ပဏီအဖြစ် မှတ်ပုံတင်လက်မှတ် မရရှိ သေးပါက လျှောက်ထားသူ၏ နိုင်ငံခြားကုမ္ပဏီကို မှတ်ပုံတင်ခွင့်ပြုရန် မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေနှင့်အညီ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန လက်အောက်ရှိကုမ္ပဏီများ မှတ်ပုံတင်ရုံး၏ ခွင့်ပြုချက်ရရှိရန် လျှောက်ထားရ မည်။ ထိုသို့လျှောက်ထားရာတွင် အနည်းဆုံးရှိရမည့် အထူးငွေကြေးထုတ်ယူပိုင်ခွင့် ယူနစ်နှင့် စပ်လျဉ်း၍ အထောက်အထား စာရွက်စာတမ်းများကို ပူးတွဲ တင်ပြရမည်။

(ဂ) မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေအရ နိုင်ငံခြားကုမ္ပဏီအဖြစ် မှတ်ပုံတင်ပြီး နိုင်ငံ တော်တွင် ထိုနိုင်ငံခြားကုမ္ပဏီ၏ရုံးခွဲ (Branch Office) သို့မဟုတ် ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ထားရှိပြီးဖြစ်ရ မည်။ ထိုသို့ ကုမ္ပဏီကို မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်ပါက ကုမ္ပဏီ၏ မှတ်ပုံတင်လက်မှတ်မိတ္တူကို ပူးတွဲ တင်ပြရမည်။

(ဃ) နည်းဥပဒေခွဲ(ခ) အရ နိုင်ငံခြားကုမ္ပဏီအဖြစ် မှတ်ပုံတင်လက်မှတ် လျှောက်ထားဆဲ ဖြစ်ပါက ထိုလျှောက်ထားသည့် လျှောက်လွှာနှင့်အတူ ပူးတွဲပါစာရွက်စာတမ်းများ၏ မိတ္တူကို ပူးတွဲပြီး သက်ဆိုင်ရာမှတ်ပုံတင်ရုံးသို့ ကြိုတင်၍လျှောက်ထားနိုင်သည်။ ထိုသို့ လျှောက်ထားပြီးနောက် ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူအဖြစ် မှတ်ပုံတင် လက်မှတ်ရရှိရေးအတွက် ကုမ္ပဏီ၏ မှတ်ပုံတင်လက်မှတ် မိတ္တူကို ပူးတွဲတင်ပြရမည်။

(င) နိုင်ငံတော်က အသိအမှတ်ပြုထားသော ပြည်ပနိုင်ငံတွင် မှတ်ပုံတင်လက်မှတ်ရရှိထားသူ သို့မဟုတ် ၎င်း၏ကိုယ်စားလှယ်က လျှောက်ထားခြင်းဖြစ်လျှင် ပြည်ပတွင် ဘက်စုံ ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူအဖြစ် မှတ်ပုံတင်ထားသည့် လက်မှတ်မိတ္တူကို ပူးတွဲ တင်ပြရမည်။

(စ) ပြည်ပနိုင်ငံ၏ ကုမ္ပဏီစာရင်းစစ်၏ အစီရင်ခံစာအရ လွန်ခဲ့သော ၁ နှစ် အတွင်း ဝင်ငွေ သို့မဟုတ် လွန်ခဲ့သော ၃ နှစ် အတွင်း ပျှမ်းမျှဝင်ငွေသည် အထူးငွေကြေးထုတ်ယူပိုင်ခွင့် ယူနစ်အနည်းဆုံး ၈၀,၀၀၀ ရှိရမည်။ ထို့ပြင် ယင်းစာရင်းစစ်က အတည်ပြုလက်မှတ် ထိုးထားသည့် လွန်ခဲ့သောနှစ်အတွင်း ကုမ္ပဏီ၏ဝင်ငွေစာရင်းနှင့် လက်ကျန်ရှင်းတမ်းကို သက်ဆိုင်ရာပြည်ပနိုင်ငံ၏ ဘက်စုံပို့ဆောင်ရေး အာဏာပိုင်ကမှန်ကန်ကြောင်း သက်သေ ခံလက်မှတ်ရေးထိုးထားပြီး မြန်မာနိုင်ငံသံရုံးက ထပ်ဆင့်ထောက်ခံချက် လက်မှတ်ရေး ထိုးထားသော အထောက်အထားမိတ္တူ ပူးတွဲတင်ပြရမည်။

(ဆ) နည်းဥပဒေ ၈၊ နည်းဥပဒေခွဲ (ဂ)၊ (ဃ)၊ (င)၊ (ဆ)၊(ဇ)၊ (ဈ) (ည) နှင့် (ဋ) တို့ပါ လိုအပ် ချက်များ ပြည့်စုံရမည်။

၁၀။ နည်းဥပဒေ ၆ နှင့် နည်းဥပဒေ ၇၊ နည်းဥပဒေခွဲ (က) တို့အရ လျှောက်ထားရာတွင် -

(က) နည်းဥပဒေ ၈ သို့မဟုတ် ၉ အရ လိုအပ်သော အချက်အလက် အထောက်အထားများကို ပူးတွဲ တင်ရမည်။

(ခ) ပဋိညာဉ်အရဖြစ်စေ၊ ပဋိညာဉ်မှ ဆင့်ပွားပေါ်ပေါက်လာသော အခြားတာဝန်တစ်ရပ်ရပ် အတွက်ဖြစ်စေ လျှောက်ထားသူက ပေးလျှော်ရမည့်တာဝန်အတွက် အထူးငွေကြေး ထုတ်ယူပိုင်ခွင့်ယူနစ်အနည်းဆုံး ၈၀,၀၀၀ သော်လည်းကောင်း၊ ထိုအထူးငွေကြေး ထုတ်ယူပိုင်ခွင့်ယူနစ်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ်သည့် ငွေလဲလှယ် နှုန်းနှင့်ညီမျှသော မြန်မာကျပ်ငွေသော်လည်းကောင်း၊ ကုမ္ပဏီပိုင်သည့် ထိုအနည်းဆုံး ယူနစ်ပမာဏနှင့်ညီမျှသော တန်ဖိုးထက်မနည်း ငွေချေးသက်သေခံ လက်မှတ် သို့မဟုတ် ပစ္စည်းသော်လည်းကောင်းရှိကြောင်း လုံလောက်သော အာမခံအထောက်အထား များကိုတင်ပြရမည်။ ထိုအထောက်အထားများမှာ ကုမ္ပဏီ၏ ထည့်ဝင်ပြီးမတည်ငွေရင်း အထောက်အထားနှင့် ကုမ္ပဏီ၏ဘဏ်ငွေစာရင်းရှိ လက်ကျန်ငွေကြေးပမာဏ အထောက် အထားဖြင့်လည်းကောင်း၊ ကုမ္ပဏီနှင့် အစုရှယ်ယာဝင်များပိုင်ဆိုင်သည့် ရွှေ့ပြောင်းနိုင် သောပစ္စည်းနှင့် မရွှေ့မပြောင်းနိုင်သောပစ္စည်း ပိုင်ဆိုင်ခွင့် စာချုပ်စာတမ်းများဖြင့် လည်းကောင်း၊ ဝန်ကြီးဌာနက သီးခြားအမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်ထား သည့်အခြားအထောက်အထားများဖြင့်လည်းကောင်းတင်ပြပြီး အာမခံထား ရမည်။

(ဂ) နောက်ဆက်တွဲ (က) ဖြင့် သတ်မှတ်ထားသော မှတ်ပုံတင်ပေးရန် လျှောက်လွှာခကို သက်ဆိုင်ရာ မှတ်ပုံတင်ရုံးသို့ ပေးသွင်းပြီးဖြစ်ကြောင်း ငွေသွင်းချလံ သို့မဟုတ် ငွေပေးသွင်းရန် မျဉ်းသားချက် လက်မှတ် ပူးတွဲပါရှိရမည်။

၁၁။ မှတ်ပုံတင်အရာရှိသည် ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်နိုင်ရေးအတွက် နည်းဥပဒေ ၆ သို့မဟုတ် နည်းဥပဒေ ၇၊ နည်းဥပဒေခွဲ (က) အရ မှတ်ပုံတင်ပေးရန် လျှောက်ထားချက်များ နှင့်စပ်လျဉ်း၍ နည်းဥပဒေ ၈ သို့မဟုတ် ၉ နှင့် ၁၀ တို့အရ တင်ပြရမည့် လိုအပ်ချက်များနှင့် စာရွက်စာတမ်း အထောက်အထားများ ပြည့်စုံမှုရှိမရှိ ရက်သတ္တတစ်ပတ်အတွင်းစိစစ်ပြီး -

(က) အထောက်အထားများ ပြည့်စုံမှုမရှိပါက လိုအပ်သည့်အချက်အလက် အထောက်အထား များကို သတ်မှတ်ပေးသည့်ရက်အတွင်း ပြန်လည်တင်ပြရန်လျှောက်ထားသူအား အသိပေး အကြောင်းကြားရမည်။

(ခ) အထောက်အထားများ ပြည့်စုံမှုရှိပါက မှတ်ပုံတင်ပေးသင့်မသင့် သဘောထားမှတ်ချက် ဖြင့် ဗဟိုအဖွဲ့သို့ ရက်သတ္တတစ်ပတ်အတွင်း တင်ပြရမည်။

၁၂။ ဗဟိုအဖွဲ့သည် -

(က) နည်းဥပဒေ ၆ သို့မဟုတ် နည်းဥပဒေ ၇၊ နည်းဥပဒေခွဲ (က) အရ လျှောက်ထားချက်အပေါ် နည်းဥပဒေ ၁၁ အရ တင်ပြချက်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့်အချက်များနှင့် ပူးတွဲတင်ပြ ရမည့် အထောက်အထားများ ပြည့်စုံမှု ရှိမရှိနှင့် တင်ပြသည့် အာမခံအထောက်အထားမှာ မှန်ကန်မှုရှိမရှိတို့ကို စိစစ်ပြီး မှတ်ပုံတင်ပေးရန် ခွင့်ပြုကြောင်း သို့မဟုတ် ခွင့်မပြု ငြင်းပယ်ကြောင်း တင်ပြသည့်နေ့မှ ရက် ၃၀ အတွင်း ဆုံးဖြတ်ရမည်။

(ခ) နည်းဥပဒေခွဲ (က) အရ ဆုံးဖြတ်ရာတွင် မှတ်ပုံတင်ရန် ခွင့်ပြုပါက -

(၁) လိုက်နာရမည့် စည်းကမ်းချက်များကို နောက်ဆက်တွဲ (ခ) ဖြင့် သတ်မှတ်ပေးရမည်။

(၂) မှတ်ပုံတင်ရန်ခွင့်ပြုကြောင်း ဆုံးဖြတ်ချက်နှင့် သတ်မှတ်ထားသည့် စည်းကမ်းချက် များကို သက်ဆိုင်ရာမှတ်ပုံတင်အရာရှိထံသို့ပေးပို့ပြီး ရက်သတ္တတစ်ပတ်အတွင်း လျှောက်ထားသူအား နောက်ဆက်တွဲ (က) ဖြင့် သတ်မှတ်ထားသည့် မှတ်ပုံတင် ကြေးပေးသွင်းစေ၍ မှတ်ပုံတင်ပေးရန် အကြောင်းကြားစာ ပေးပို့ရမည်။ ထို အကြောင်းကြားစာမိတ္တူကို လျှောက်ထားသူထံ ပေးပို့ရမည်။

(ဂ) ထိုသို့ ဆုံးဖြတ်ရာတွင် မှတ်ပုံတင်ရန် ခွင့်မပြု ငြင်းပယ်ပါက -

(၁) နည်းဥပဒေခွဲ (က)အရ ဆုံးဖြတ်ချက်ကို သက်ဆိုင်ရာ မှတ်ပုံတင်အရာရှိနှင့် လျှောက်ထားသူထံ နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ အကြောင်းကြားရမည်။

(၂) လျှောက်ထားသူအား လိုအပ်သည့် အထောက်အထားများပြည့်စုံစွာဖြင့် မှတ်ပုံတင် ရန်ပြန်လည် လျှောက်ထားနိုင်ခွင့်ရှိကြောင်း၊ အကယ်၍ ဤဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိပါက ဤနည်းဥပဒေများနှင့်အညီ အယူခံခွင့်ရှိကြောင်း အကြောင်းကြား ရမည်။

၁၃။ မှတ်ပုံတင်ခွင့်ပြုကြောင်းနှင့် မှတ်ပုံတင်ရန် အကြောင်းကြားခြင်းခံရသည့် လျှောက်ထားသူသည် သက်ဆိုင်ရာမှတ်ပုံတင်ရုံး၏ ငွေစာရင်းသို့ နောက်ဆက်တွဲ (က) ဖြင့် သတ်မှတ်ထားသော မှတ်ပုံတင်ကြေးကို အောက်ပါအတိုင်း ပေးသွင်းရမည် -

(က) မြန်မာကုမ္ပဏီအတွက် ကျပ်ငွေဖြင့် ပေးသွင်းရမည်။

(ခ) နိုင်ငံတော်တွင် တည်ထောင်သည့် နိုင်ငံခြားကုမ္ပဏီအတွက် နိုင်ငံခြားငွေဖြင့် ပေးသွင်းရ မည်။

(ဂ) နည်းဥပဒေ ၉ နှင့်အညီ လျှောက်ထား၍ ဤနည်းဥပဒေအရ မှတ်ပုံတင်ခွင့်ပြုသော ပြည်ပနိုင်ငံတွင် မှတ်ပုံတင်ထားသည့် အသိအမှတ်ပြု ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူ သို့မဟုတ် အသိအမှတ်ပြု ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူ၏ ကိုယ်စားလှယ်အတွက် သတ်မှတ်ထားသော နိုင်ငံခြား သုံးငွေဖြင့် ပေးသွင်းရမည်။

၁၄။ မှတ်ပုံတင်လက်မှတ်၏ သက်တမ်းနှင့် စပ်လျဉ်း၍ -

(က) နည်းဥပဒေ ၈ နှင့် ၁၀ တို့ပါ ပြဋ္ဌာန်းချက်နှင့်ကိုက်ညီသော မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေအရ မှတ်ပုံတင်ထားသည့် မြန်မာကုမ္ပဏီနှင့် နိုင်ငံခြားကုမ္ပဏီဖြစ်သော ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူအတွက် မှတ်ပုံတင်လက်မှတ် သက်တမ်းမှာ ၅ နှစ် ဖြစ်စေရမည်။

(ခ) နည်းဥပဒေ ၉ နှင့် ၁၀ တို့ပါ ပြဋ္ဌာန်းချက်နှင့်ကိုက်ညီသော အသိအမှတ်ပြု ဘက်စုံ ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူအတွက် သို့မဟုတ် အသိအမှတ်ပြု ဘက်စုံပို့ဆောင်ရေး လုပ်ငန်း လုပ်ကိုင်သူ၏ ကိုယ်စားလှယ်အတွက် မှတ်ပုံတင်လက်မှတ် သက်တမ်းမှာ ပြည်ပတွင် ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူအဖြစ် မှတ်ပုံတင်သည့် သက်တမ်း ကာလအထိ သို့မဟုတ် နိုင်ငံတော်ရှိ မှတ်ပုံတင်ရုံးမှ မှတ်ပုံတင်လက်မှတ် ထုတ်ပေးသည့် နေ့မှ ၃ နှစ် အထိ၊ ထိုသက် တမ်းကာလ နှစ်ခုအနက် စောရာနေ့အထိသာ ဖြစ်သည်။

(ဂ) နည်းဥပဒေခွဲ (က) နှင့် (ခ) တို့အရ သတ်မှတ်ထားသော သက်တမ်းကုန်ဆုံးသည့်အခါ ဤ နည်းဥပဒေများနှင့်အညီ သက်တမ်းထပ်မံ တိုးမြှင့်ခွင့်ရှိသည်။

၁၅။ မှတ်ပုံတင်အရာရှိသည် သတ်မှတ်ထားသော မှတ်ပုံတင်ကြေးကို လျှောက်ထားသူက ပေးသွင်း သည့်အခါ ဗဟိုအဖွဲ့က နောက်ဆက်တွဲ(ခ) ဖြင့် သတ်မှတ်ပေးသည့် စည်းကမ်းချက်များနှင့်အတူ အောက်ဖော်ပြပါ မှတ်ပုံတင်လက်မှတ်ပုံစံဖြင့် လျှောက်ထားသူအား ထုတ်ပေးရမည် -

(က) ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူ မှတ်ပုံတင်လက်မှတ် ပုံစံ (၃)၊

(ခ) အသိအမှတ်ပြု ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူ မှတ်ပုံတင်လက်မှတ် ပုံစံ (၄)၊

(ဂ) အသိအမှတ်ပြု ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူ၏ ကိုယ်စားလှယ်မှတ်ပုံတင် လက်မှတ် ပုံစံ (၄)၊

၁၆။ မှတ်ပုံတင်လက်မှတ် ကိုင်ဆောင်သူသည် -

(က) မှတ်ပုံတင်လက်မှတ် သက်တမ်းကုန်ဆုံးသည့်အခါ ဘက်စုံပို့ဆောင်ရေးလုပ်ငန်းကို ဆက်လက် လုပ်ကိုင်ဆောင်ရွက်လိုပါက သက်တမ်းမကုန်ဆုံးမီ အနည်းဆုံး ရက်ပေါင်း ၆၀ ကြိုတင်၍ သက်ဆိုင်ရာမှတ်ပုံတင်ရုံးသို့ ကိုယ်တိုင်ဖြစ်စေ၊ အခွင့်ရကိုယ်စားလှယ်ဖြင့် ဖြစ်စေ၊ စာတိုက်မှ မှတ်ပုံတင်၍ဖြစ်စေ နည်းဥပဒေ ၈ သို့မဟုတ် ၉ နှင့် ၁၀ တို့အရ လိုအပ်သော အချက်အလက်နှင့် အထောက်အထားများ ပူးတွဲ၍ သက်တမ်းတိုးမြှင့်ပေးရန် လျှောက်လွှာပုံစံ (၅) ဖြင့် လျှောက်ထားရမည်။

(ခ) နောက်ဆက်တွဲ (က) ဖြင့် သတ်မှတ်ထားသော မှတ်ပုံတင်လက်မှတ် သက်တမ်းတိုးမြှင့် ပေးရန် လျှောက်လွှာခကို သက်ဆိုင်ရာမှတ်ပုံတင်ရုံး၏ ငွေစာရင်းသို့ပေးသွင်းပြီးကြောင်း ငွေသွင်းချလံ သို့မဟုတ် ငွေပေးသွင်းရန် ချက်လက်မှတ် ပူးတွဲပါရှိရမည်။

(ဂ) နည်းဥပဒေခွဲ (က) နှင့်အညီ လျှောက်ထားပြီးနောက် မှတ်ပုံတင်ရုံးနှင့် ဗဟိုအဖွဲ့တို့က စိစစ် ဆောင်ရွက်ပြီး သက်တမ်းထပ်မံ၍ တိုးမြှင့်ခွင့်မပြုဟူသော အမိန့်မချမချင်း ဘက်စုံ ပို့ဆောင်ရေးလုပ်ငန်း ကို ဆက်လက်ဆောင်ရွက်ပိုင်ခွင့်ရှိသည်။

၁၇။ သက်ဆိုင်ရာ မှတ်ပုံတင်အရာရှိသည် နည်းဥပဒေ ၁၆ အရ မှတ်ပုံတင်လက်မှတ် သက်တမ်း တိုးမြှင့်ပေးရန် လျှောက်ထားချက်ကို စိစစ်ခြင်း၊ အထောက်အထားများ ပြည့်စုံမှုမရှိပါက လျှောက်ထားသူအား အသိပေးအကြောင်းကြားခြင်းနှင့် ပြည့်စုံပါက ဗဟိုအဖွဲ့သို့ သဘောထား မှတ်ချက်ဖြင့် တင်ပြခြင်းတို့ကို နည်းဥပဒေ ၁၁ ပါ ပြဋ္ဌာန်းချက်များအတိုင်း ဆီလျော်သမျှ လိုက်နာ ဆောင်ရွက်ရမည်။

၁၈။ ဗဟိုအဖွဲ့သည် နည်းဥပဒေ ၁၆ အရ မှတ်ပုံတင်လက်မှတ် သက်တမ်းတိုးမြှင့်ပေးရန် လျှောက်ထား ချက်နှင့်စပ်လျဉ်း၍ နည်းဥပဒေ ၁၇ အရ တင်ပြချက်အပေါ် နောက်ဆက်တွဲ (ခ) ပါ သတ်မှတ်ထားသော စည်းကမ်းချက်များဖြင့် သက်တမ်းတိုးမြှင့်ပေးရန်ခွင့်ပြုခြင်း၊ သက်တမ်းတိုး မြှင့်ပေးရန်ငြင်းပယ်ခြင်း၊ သက်ဆိုင်ရာမှတ်ပုံတင်အရာရှိနှင့် လျှောက်ထားသူတို့ထံ အကြောင်း ကြားခြင်း တို့နှင့်စပ်လျဉ်း၍ နည်းဥပဒေ ၁၂ ပါ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်ရမည်။

၁၉။ မှတ်ပုံတင်လက်မှတ် သက်တမ်းတိုးမြှင့်ပေးရန် အကြောင်းကြားခြင်းခံရသူသည် နောက်ဆက် တွဲ (က) ဖြင့် သတ်မှတ်ထားသည့် မှတ်ပုံတင်သက်တမ်းတိုးမြှင့်ခကို နည်းဥပဒေ ၁၃ တွင် ပြဋ္ဌာန်း ထားသည့်အတိုင်း ပေးသွင်းရမည်။

၂၀။ မှတ်ပုံတင်အရာရှိသည် မှတ်ပုံတင်သက်တမ်းတိုးမြှင့်ခကို လျှောက်ထားသူကပေးသွင်းသည့်အခါ နောက်ဆက်တွဲ (ခ) ဖြင့် သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အတူ မူလထုတ်ပေးခဲ့သည့် ဘက်စုံပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူ မှတ်ပုံတင်လက်မှတ်ကို ပုံစံ (၃) တွင်လည်းကောင်း၊ အသိအမှတ်ပြု ဘက်စုံပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူနှင့် အသိအမှတ်ပြု ဘက်စုံပို့ဆောင်ရေး လုပ်ငန်း လုပ်ကိုင်သူ၏ ကိုယ်စားလှယ်မှတ်ပုံတင်လက်မှတ်ကို ပုံစံ (၄) တွင်လည်းကောင်း သက်တမ်းတိုးမြှင့်ပေးသည့်ကာလနှင့် တိုးမြှင့်ပေးသည့် ရက်စွဲတို့ကိုဖော်ပြ၍ လျှောက်ထားသူ အား ထုတ်ပေးရမည်။

၂၁။ မှတ်ပုံတင်လက်မှတ် ကိုင်ဆောင်သူသည် မိမိကိုင်ဆောင်ထားသော မှတ်ပုံတင်လက်မှတ်မှာ ပျက်စီးယိုယွင်းခြင်း သို့မဟုတ် ပျောက်ဆုံးခြင်းဖြစ်ပါက မှန်ကန်ကြောင်း သက်သေခံလက်မှတ် ရေးထိုး ထားသော မှတ်ပုံတင်လက်မှတ် မိတ္တူထုတ်ပေးရန် ထိုသို့ဖြစ်ပွားသည့်နေ့မှ ရက် ၃၀ အတွင်း အောက်ဖော်ပြပါ အထောက်အထားပူးတွဲ၍ သက်ဆိုင်ရာ မှတ်ပုံတင်ရုံးသို့ လျှောက်ထား ရမည် -

(က) မှတ်ပုံတင်လက်မှတ်တစ်ခုလုံး သို့မဟုတ် အရေးကြီးသည့်အစိတ်အပိုင်း ပျက်စီးယိုယွင်း ခြင်းဖြစ်ပါက မည်သည့်နေ့ရက်တွင် မည့်သည့်အကြောင်းကြောင့် ပျက်စီးယိုယွင်းခြင်း ဖြစ်ကြောင်း သက်ဆိုင်ရာတရားရုံးတွင် ပြုလုပ်သည့်ကျမ်းကျိန်လွှာ၊

(ခ) ပျောက်ဆုံးသွားခြင်းဖြစ်ပါက မည်သည့်နေ့ရက်တွင် မည်သို့ပျောက်ဆုံးသွားကြောင်းကို သက်ဆိုင်ရာရဲစခန်း၏ နေ့စဉ်အရပ်ရပ်မှတ်တမ်းတွင် ဖော်ပြထားကြောင်း ထောက်ခံ ချက်။

၂၂။ မှတ်ပုံတင်အရာရှိသည် နည်းဥပဒေ ၂၁ အရ လျှောက်ထားချက်ကိုစိစစ်ပြီး တင်ပြသည့် အထောက် အထားခိုင်လုံ၍ မိတ္တူထုတ်ပေးရန် ခွင့်ပြုပါက နောက်ဆက်တွဲ (က) ဖြင့် သတ်မှတ်ထားသော မိတ္တူကူးခကိုပေးသွင်းစေပြီး မှန်ကန်ကြောင်းသက်သေခံလက်မှတ် ရေးထိုးထားသော မှတ်ပုံတင် လက်မှတ် မိတ္တူကို ထုတ်ပေးရမည်။

အခန်း (၄)
မှတ်ပုံတင် အရာရှိ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ

၂၃။ မှတ်ပုံတင်အရာရှိသည် ဘက်စုံပို့ဆောင်ရေးဥပဒေနှင့် ဤနည်းဥပဒေများပါ မိမိ၏လုပ်ငန်း တာဝန်များကို အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အလို့ငှာ မှတ်ပုံတင်ရုံးများ တွင် ဝန်ကြီးဌာန၏ အတည်ပြုချက်ဖြင့် သင့်လျော်သောအရာရှိများကို အခွင့်ရအရာရှိအဖြစ် ခန့်အပ် တာဝန်ပေးနိုင်သည်။

၂၄။ မှတ်ပုံတင်အရာရှိနှင့် နည်းဥပဒေ ၂၃ အရ ခန့်အပ်တာဝန်ပေးခြင်းခံရသည့် အခွင့်ရအရာရှိတို့ သည်-

(က) ဘက်စုံပို့ဆောင်ရေးလုပ်ငန်းကို ဘက်စုံပို့ဆောင်ရေးဥပဒေနှင့် ဤနည်းဥပဒေများနှင့်အညီ မှတ်ပုံတင်လက်မှတ်ရရှိသူတို့က လုပ်ကိုင်ခြင်း ရှိမရှိနှင့် မှတ်ပုံတင်လက်မှတ် မရှိဘဲ လုပ်ကိုင်နေခြင်း ရှိမရှိတို့နှင့်စပ်လျဉ်း၍ လိုအပ်သောလုပ်ငန်းနေရာများတွင် ဝင်ရောက် ကြည့်ရှုခွင့်၊ စစ်ဆေးခွင့်နှင့် လိုအပ်သောပုဂ္ဂိုလ်များကို ဆင့်ခေါ်စစ်ဆေးခွင့်၊ ထွက်ချက်များ ရယူခွင့်၊ သက်သေခံအထောက်အထား စာရွက်စာတမ်းများအား စစ်ဆေးခွင့်၊ တင်ပြရန် အမိန့်ထုတ် ဆင့်ခွင့်နှင့်မိတ္တူများ ရယူခွင့်တို့ရှိသည်။

(ခ) ဘက်စုံပို့ဆောင်ရေးဥပဒေနှင့် ဤနည်းဥပဒေများပါ တားမြစ်ချက်များကိုလည်းကောင်း၊ ဘက်စုံပို့ဆောင်ရေးဥပဒေအရထုတ်ပြန်သည့် အမိန့်ကြော်ငြာစာနှင့် အမိန့်တို့ပါ တားမြစ် ချက်များကိုလည်းကောင်း၊ နောက်ဆက်တွဲ(ခ) ဖြင့် သတ်မှတ်ထားသော မှတ်ပုံတင် စည်းကမ်းချက်များကိုလည်းကောင်း မှတ်ပုံတင်လက်မှတ် ကိုင်ဆောင်သူတို့က ဖောက်ဖျက်ကျူးလွန်ခြင်း ရှိမရှိ သို့မဟုတ် လိုက်နာရန် ပျက်ကွက်ခြင်းရှိမရှိနှင့် စပ်လျဉ်း ၍ ဘက်စုံပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူများနှင့် ၎င်းတို့၏ မန်နေဂျာများ၊ ဝန်ထမ်းများ အပြင် အခြားသက်ဆိုင်သူများကို ဆင့်ခေါ်စစ်ဆေးခွင့်၊ ထွက်ချက်များရယူခွင့်၊ သက်သေခံ အထောက်အထား စာရွက်စာတမ်းများအားစစ်ဆေးခွင့်၊ တင်ပြရန် အမိန့်ထုတ်ခွင့်နှင့် မိတ္တူ များရယူခွင့်ရှိသည်။

၂၅။ နည်းဥပဒေ ၂၄ အရ စုံစမ်းစစ်ဆေးရန် ဆင့်ဆိုခြင်းနှင့် သက်သေခံစာရွက်စာတမ်း အထောက် အထားများအားတင်ပြစေရန် အမိန့်ထုတ်ဆင့်ခြင်း ခံရသူတို့သည် -

(က) မှတ်ပုံတင်အရာရှိနှင့် တာဝန်ပေးအပ်ခြင်းခံရသည့် အခွင့်ရအရာရှိတို့က ဆင့်ဆိုသည့် နေ့ရက်၊ အချိန်တွင် ဆင့်ဆိုသည့်နေရာသို့ မပျက်မကွက် သွားရောက်ရမည်။

(ခ) ထိုမှတ်ပုံတင်အရာရှိနှင့် အခွင့်ရအရာရှိများက ညွှန်ကြားသည့်အတိုင်း လိုက်နာ ဆောင်ရွက်ပြီး စစ်ဆေးမှုအတွက် လိုအပ်သည့် အကူအညီများပေးရမည်။

အခန်း (၅)
ထောက်ပံ့ဖြည့်ဆည်း စီမံဆောင်ရွက်မှုလုပ်ငန်းများ၊ အပြည်ပြည်ဆိုင်ရာ ပို့ဆောင်ရေလုပ်ငန်းများနှင့် သင်တန်းများအတွက် လိုင်စင် သို့မဟုတ် ခွင့်ပြုချက်

၂၆။ ဗဟိုအဖွဲ့သည် ဘက်စုံပို့ဆောင်ရေးဥပဒေ ပုဒ်မ ၈ ပုဒ်မခွဲ(စ) အရ လိုင်စင် သို့မဟုတ် ခွင့်ပြုချက် ထုတ်ပေးနိုင်သည့် ဘက်စုံပို့ဆောင်ရေးလုပ်ငန်းနှင့် ဆက်နွယ်သော ထောက်ပံ့ဖြည့်ဆည်း စီမံ ဆောင်ရွက်မှုလုပ်ငန်းများ၊ တစ်ဆင့်ဖြတ်သန်း ကုန်စည်သယ်ယူပို့ဆောင်မှုအပါအဝင် အပြည် ပြည်ဆိုင်ရာ ပို့ဆောင်ရေးလုပ်ငန်းများနှင့်သင်တန်းများ၊ နယ်စပ်ဖြတ်ကျော်၍ဖြစ်စေ၊ နိုင်ငံမှ ဖြတ်သန်း၍ဖြစ်စေ ကုန်စည်သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများကိုလည်းကောင်း၊ ယင်းလုပ်ငန်း အသီးသီးအတွက် လိုင်စင်နှင့်ခွင့်ပြုချက်များ ထုတ်ပေးခြင်းနှင့် စည်းကမ်းချက်များကိုလည်း ကောင်း၊ လုပ်ငန်းတစ်ခုချင်းအလိုက် လိုင်စင်ကြေး၊ ဝန်ဆောင်ခနှင့်အခကြေးငွေများ ကိုလည်း ကောင်း ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်ထားရမည်။

၂၇။ နည်းဥပဒေ ၂၆ အရ သတ်မှတ်ထားသောလုပ်ငန်းတစ်ခုခုကို လုပ်ကိုင်လိုသူသည် ကိုယ်တိုင် ဖြစ်စေ၊ အသိအမှတ်ပြု ကိုယ်စားလှယ်ဖြင့်ဖြစ်စေ၊ စာတိုက်မှမှတ်ပုံတင်၍ဖြစ်စေ လုပ်ငန်းလိုင်စင် သို့မဟုတ် ခွင့်ပြုချက်ရရှိရန် သက်ဆိုင်ရာလျှောက်လွှာပုံစံဖြင့် နေပြည်တော်ရှိ ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှတဆင့် ဗဟိုအဖွဲ့သို့ လျှောက်ထားရမည်။

(ပြင်ဆင် ၂၂.၃.၂၀၁၆)

၂၈။ (က) ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် နည်းဥပဒေ ၂၇ အရ လျှောက်ထား ချက်များတွင် သတ်မှတ်ထားသော လိုအပ်ချက်များနှင့်ကိုက်ညီမှု ရှိ မရှိစိစစ်ပြီး လုပ်ငန်း လိုင်စင် သို့မဟုတ် ခွင့်ပြုချက်ထုတ်ပေးသင့် မသင့် သဘောထားမှတ်ချက်ဖြင့် ဗဟိုအဖွဲ့သို့ တင်ပြ ရမည်။

(ခ) ဗဟိုအဖွဲ့သည် နည်းဥပဒေခွဲ (က) အရ တင်ပြချက်များကိုစိစစ်ပြီး လုပ်ငန်းလိုင်စင် သို့မဟုတ် ခွင့်ပြုချက်ထုတ်ပေးရန် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။

(ဂ) ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသည် နည်းဥပဒေခွဲ (ခ) အရ လုပ်ငန်း လိုင်စင်ထုတ်ပေးရန် ခွင့်ပြုပါက သတ်မှတ်ထားသော လုပ်ငန်းလိုင်စင်ကြေး၊ ဝန်ဆောင်ခ နှင့် အခြားအခကြေးငွေကို ပေးသွင်းစေပြီး လိုအပ်သောစည်းကမ်းချက်များသတ်မှတ်၍ လျှောက်ထားသူအား သက်ဆိုင်ရာလုပ်ငန်းလိုင်စင် ထုတ်ပေးရမည်။

(ပြင်ဆင် ၂၂.၃.၂၀၁၆)

အခန်း (၆)
ပဋိညာဉ်နှင့် ဘက်စုံပို့ဆောင်ရေး ကုန်စည်တင်ဆောင်သည့် သက်သေခံအထောက်အထား လက်မှတ်

၂၉။ ကုန်စည်များကိုပို့ဆောင်ရန် ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူက လက်ခံတာဝန်ယူသည့် အခါ ထိုသူက ဘက်စုံပို့ဆောင်ရေး ကုန်စည်တင်ဆောင်သည့် သက်သေခံအထောက်အထား လက်မှတ်မှာ လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းဖြစ်သည် သို့မဟုတ် လွှဲပြောင်းခြင်းမပြုနိုင်သော စာချုပ်စာတမ်းဖြစ်သည်ကို ကုန်စည်အပ်နှံသူက ရွေးချယ်လက်ခံသည့်အတိုင်းဖော်ပြ၍ ဘက်စုံ ပို့ဆောင်ရေးကုန်စည် တင်ဆောင်သည့် သက်သေခံအထောက်အထားလက်မှတ် မူရင်းသုံးစောင် ကို ကုန်စည်အပ်နှံသူအား ထုတ်ပေးရမည်။

၃၀။ ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူသည် -

(က) ကုန်စည်ကို လက်ခံကာ တာဝန်ယူ၍ ဘက်စုံပို့ဆောင်ရေးအတွက် ဝန်ဆောင်ခအပါအဝင် ကုန်စည်သယ်ယူပို့ဆောင်ခရယူပြီး ကုန်စည်အပ်နှံသူနှင့် ပဋိညာဉ်စာချုပ်ကို ချုပ်ဆို ရမည်။

(ခ) ဘက်စုံပို့ဆောင်ရေးလုပ်ငန်းအတွက် လုံလောက်သည့် အာမခံထားပြီးဖြစ်ရမည်။ ထိုသို့ ပိုမိုထိ ရောက်စေရန် အာမခံထားပြီးလျှင် နည်းဥပဒေခွဲ (က) အရ ကုန်စည်ကို တာဝန်ယူပို့ဆောင်ရေးအတွက် လက်ခံ၍ စာချုပ်ချုပ်ဆိုပြီးနောက် ဘက်စုံပို့ဆောင်ရေး ကုန်စည်တင်ဆောင်သည့် သက်သေခံအထောက်အထားလက်မှတ်ကို ကုန်စည်အပ်နှံသူ အား မူရင်းသုံးစောင် ထုတ်ပေးရမည်။

(ဂ) နည်းဥပဒေခွဲ (ခ) အရ ထုတ်ပေးရာတွင် ကုန်စည်အပ်နှံသူ၏ဆန္ဒအတိုင်း လွှဲပြောင်း နိုင်သော ဘက်စုံပို့ဆောင်ရေး ကုန်စည်တင်ဆောင်သည့် သက်သေခံအထောက်အထား လက်မှတ်အဖြစ်သော်လည်းကောင်း၊ လွှဲပြောင်းခြင်းမပြုနိုင်သော ဘက်စုံပို့ဆောင်ရေး ကုန်စည်တင်ဆောင်သည့် သက်သေခံအထောက်အထားလက်မှတ် အဖြစ်သော်လည်း ကောင်းပြုလုပ်၍ ထုတ်ပေးရမည်။

၃၁။ ဘက်စုံပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူသည် နည်းဥပဒေ ၃၀၊ နည်းဥပဒေခွဲ (ခ) နှင့် (ဂ) တို့ အရ ထုတ်ပေးသည့် ဘက်စုံပို့ဆောင်ရေးကုန်စည်တင်ဆောင်သည့် သက်သေခံအထောက်အထား လက်မှတ်တွင် ကိုယ်တိုင်ဖြစ်စေ၊ ၎င်း၏ အခွင့်အာဏာရပုဂ္ဂိုလ်တစ်ဦးကဖြစ်စေ လက်မှတ် ရေးထိုးရမည်။ ထိုသို့ရေးထိုးသည့်လက်မှတ်ကို ဘက်စုံပို့ဆောင်ရေးကုန်စည်တင်ဆောင်သည့် သက်သေခံအထောက်အထားလက်မှတ်တွင် လက်မှတ်ရေးထိုးထားသည့် စာဖြင့်ဖြစ်စေ၊ အီလက် ထရောနစ်နည်းဖြင့်ဖြစ်စေ၊ တံဆိပ် သို့မဟုတ် အခြားအမှတ်အသား တစ်ခုခုဖြင့်ဖြစ်စေ ပြုလုပ်နိုင်သည်။

၃၂။ ပဋိညာဉ်နှင့် ဘက်စုံပို့ဆောင်ရေးကုန်စည်တင်ဆောင်သည့် သက်သေခံအထောက်အထား လက်မှတ်တို့ပါ အချက်များသည် -

(က) ဘက်စုံပို့ဆောင်ရေးဥပဒေနှင့် ဤနည်းဥပဒေများပါ ပြဋ္ဌာန်းသတ်မှတ်ချက်များကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထိခိုက်စေခြင်းမရှိစေရ။

(ခ) ဘက်စုံပို့ဆောင်ရေးဥပဒေ၊ ပုဒ်မ ၂၆ မှ ပုဒ်မ ၃၂ အထိ ပြဋ္ဌာန်းသတ်မှတ်ထားသော ဘက်စုံပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူ၏ တာဝန်များ၊ ပေးရန်တာဝန်များနှင့်စပ်လျဉ်း၍ ပြဋ္ဌာန်း သတ်မှတ်ချက်များနှင့် ဆန့်ကျင်ကွဲလွဲသည့်အပြင် ကုန်စည်အပ်နှံသူကိုဖြစ်စေ၊ ကုန်စည်လက်ခံသူကိုဖြစ်စေ ထိခိုက်နစ်နာစေပါက ပျက်ပြယ်စေရမည့်အပြင် အကျိုး သက်ရောက်စေရန် တင်ပြခွင့်မရှိစေရ။

၃၃။ (က) ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူသည် ဘက်စုံပို့ဆောင်ရေးဥပဒေ အခန်း (၇) နှင့် (၈) တို့ပါ မိမိ၏တာဝန်များနှင့် ပေးရန်တာဝန်ရှိမှုများထက်ပို၍ ပဋိညာဉ်တွင်တိုးမြှင့် သတ်မှတ်ပေးနိုင်သည်။

(ခ) ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူနှင့် ကုန်စည်အပ်နှံသူတို့သည် ပဋိညာဉ်တွင် စည်းကမ်းချက်အနေဖြင့် ကုန်စည်ဆုံးရှုံးမှု သို့မဟုတ် ပျက်စီးမှုအတွက် မျှဝေကျခံရသည့် ပျမ်းမျှထည့်ဝင်ကြေး (general average) ကို ပဋိညာဉ်တွင် ထည့်သွင်းသတ်မှတ်၍ ချုပ်ဆိုရန် သဘောတူလျှင် ထိုစည်းကမ်း ချက်ကို ထည့်သွင်းသတ်မှတ်၍ ချုပ်ဆိုနိုင်သည်။

၃၄။ (က) ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူသည် ဘက်စုံပို့ဆောင်ရေးဥပဒေ ပုဒ်မ ၁၃ ၌ ပါရှိ သော အချက်အလက်အပြည့်အစုံကို ဘက်စုံပို့ဆောင်ရေးကုန်စည်တင်ဆောင်သည့် သက်သေခံအထောက်အထားလက်မှတ်တွင် ရှင်းလင်းပီသစွာ ရေးသားဖော်ပြရမည်။

(ခ) ဘက်စုံပို့ဆောင်ရေးဥပဒေ ပုဒ်မ ၁၃ ၌ ပါရှိသော အချက်အလက်တစ်ရပ်ဖြစ်စေ၊ တစ်ရပ် ထက်ပို၍ဖြစ်စေ ဘက်စုံပို့ဆောင်ရေးကုန်စည်တင်ဆောင်သည့် သက်သေခံအထောက် အထားလက်မှတ်တွင် မပါရှိသော်လည်း ထိုဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ (ဇ) ၌ အဓိပ္ပာယ်ဖွင့် ဆိုထားသည့်အတိုင်း ဘက်စုံပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်သူက ကုန်စည်များကို ပဋိညာဉ်ပါ စည်းကမ်းချက်များနှင့်အညီ ကုန်စည်များကို တာဝန်ယူလက်ခံ၍ ဘက်စုံ ပို့ဆောင်ရေးနည်းလမ်းဖြင့် လွှဲပြောင်းပေးပို့ရန် တာဝန်ယူကြောင်းပါရှိလျှင် ထိုဘက်စုံ ပို့ဆောင်ရေး ကုန်စည်တင်ဆောင်သည့် သက်သေခံအထောက်အထားလက်မှတ်၏ တရားဝင်မှုကို ထိခိုက်ခြင်းမရှိစေရ။

(ဂ) ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူက လက်ခံတာဝန်ယူခဲ့သည့် ကုန်စည်များနှင့် စပ်လျဉ်း၍ ဘက်စုံပို့ဆောင်ရေး ကုန်စည်တင်ဆောင်သည့် သက်သေခံအထောက်အထား လက်မှတ်ပေါ်တွင် ပုံနှိပ်ထားသော သို့မဟုတ် ထပ်၍ရိုက်နှိပ်ထားသော ကုန်အလေးချိန်၊ ဝန်နှင့် ရေတွက်ပုံ၊ ကုန်စည်တင်သူ ထည့်သွင်းသည့် ကုန်သေတ္တာ သို့မဟုတ် အခြားအလားတူ စကားရပ်များကဲ့သို့သော ဖော်ပြချက်များသည် ဆန့်ကျင်ကွဲလွဲမှု မရှိပါက အဆိုပါဘက်စုံပို့ဆောင်ရေးကုန်စည်တင်ဆောင်သည့် သက်သေခံ အထောက် အထားလက်မှတ်သည် မြင်သာသော သက်သေခံအထောက်အထား ဖြစ်စေရမည်။

(ဃ) ဘက်စုံပို့ဆောင်ရေး ကုန်စည်တင်ဆောင်သည့် သက်သေခံအထောက်အထား လက်မှတ် ကို ကုန်စည်လက်ခံသူသို့ လွှဲပြောင်းပေး၍ဖြစ်စေ၊ အလားတူ အီလက်ထရောနစ် အချက်အလက်ဖြင့် အပြန်အလှန်ပို့လွှတ်၍ဖြစ်စေ ပေးပို့သည်ကို ကုန်စည်လက်ခံသူက သဘောရိုးဖြင့် လက်ခံရရှိပြီးဖြစ်ကြောင်း အသိအမှတ်ပြုပြီးဖြစ်လျှင် ထိုကုန်စည် တင်ဆောင်သည့် သက်သေခံအထောက်အထားလက်မှတ်နှင့် စပ်လျဉ်း၍ ဆန့်ကျင် ကွဲလွဲ၍ တင်ပြသည့်သက်သေခံချက်များကို လက်ခံခြင်းမပြုရ။

(င) ဘက်စုံပို့ဆောင်ရေး ကုန်စည်တင်ဆောင်သည့် သက်သေခံအထောက်အထားလက်မှတ် ကို ထုတ်ပေးပြီးသည့်အခါ ဘက်စုံပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူနှင့် ကုန်စည်အပ်နှံသူ တို့သည် ထိုသက်သေခံ အထောက်အထားလက်မှတ်တွင် ဖော်ပြထားသည့် ကုန်စည်ကို သယ်ယူပို့ဆောင်ခြင်းနှင့် စပ်လျဉ်းသည့် ကိစ္စအားလုံးကို ထိုသက်သေခံအထောက် အထားလက်မှတ်တွင်ပါရှိသည့် စည်းကမ်းချက်များအတိုင်း လိုက်နာ ဆောင်ရွက်ရမည်။

၃၅။ ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူသည် -

(က) ကုန်စည်များကို တာဝန်ယူလက်ခံပြီးနောက် ဘက်စုံပို့ဆောင်ရေးအတွက် ကုန်စည် သယ်ယူပို့ဆောင်သူနှင့်ဖြစ်စေ၊ အခြားပုဂ္ဂိုလ်တစ်ဦးဦးနှင့်ဖြစ်စေ ပဋိညာဉ်ကို ထပ်ဆင့် ချုပ်ဆိုနိုင်သည်။

(ခ) နည်းဥပဒေခွဲ (က) အရ ချုပ်ဆိုရာတွင် -

(၁) မူလကုန်စည်အပ်နှံသူနှင့် ချုပ်ဆိုခဲ့သောပဋိညာဉ်နှင့် ထုတ်ပေးခဲ့သော ဘက်စုံ ပို့ဆောင်ရေးကုန်စည်တင်ဆောင်သည့် သက်သေခံအထောက်အထား လက်မှတ်တို့ ပါ စည်းကမ်းချက်တစ်ရပ်ရပ်ကို ထိခိုက်စေခြင်းမပြုရ။

(၂) မိမိ၏ တာဝန်နှင့် ပေးရန်တာဝန်များကို ချန်လှပ်ခြင်း သို့မဟုတ် ခြွင်းချက်ပေး ခြင်းမပြုရ။

၃၆။ ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူသည် ကုန်စည်လွှဲပြောင်းပေးပို့ခြင်းကို သေချာစေရန် အလို့ငှာ အောက်ဖော်ပြပါ လိုအပ်သော ပြုလုပ်မှုများကို ဆောင်ရွက်ရာတွင် -

(က) ဘက်စုံပို့ဆောင်ရေး ကုန်စည်တင်ဆောင်သည့် သက်သေခံအထောက်အထားလက်မှတ် ကို လွှဲပြောင်းနိုင်သော ပုံစံဖြင့် ထုတ်ပေးပြီးသည့်အခါ -

(၁) “လက်ဝယ်ကိုင်ဆောင်သူသို့ လွှဲပြောင်းပေးပို့ရန်" ဟု ဖော်ပြပါက အဆိုပါ ကုန်စည်တင်ဆောင်သည့် သက်သေခံအထောက်အထားလက်မှတ် မူရင်းတစ်စောင် ပေးအပ်သူအား ကုန်စည်ကို လွှဲပြောင်းပေးပို့ရမည်။

(၂) “အမိန့်ရသူသို့ လွှဲပြောင်းပေးပို့ရန်” ဟု ဖော်ပြပါက မှန်ကန်ကြောင်း ထပ်ဆင့် အတည်ပြုထောက်ခံသည့် အဆိုပါကုန်စည်တင်ဆောင်သည့် သက်သေခံအထောက် အထားလက်မှတ်မူရင်းတစ်စောင် ပေးအပ်သူအား ကုန်စည်ကို လွှဲပြောင်းပေးပို့ရ မည်။

(၃) လွှဲပြောင်းပေးပို့ရမည့်သူ၏ အမည်မပါရှိဘဲ ကွက်လပ်ဖြင့် "------- သို့ လွှဲပြောင်းပေးပို့ရန်" ဟု ဖော်ပြပါက ပုဒ်မခွဲငယ် (၂) ပါ ပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက်ရမည်။

ရှင်းလင်းချက်။ ။ ဤသို့ ဖော်ပြသည့် ကွက်လပ်တွင် ထပ်ဆင့်ထောက်ခံချက်ဖြင့် လွှဲအပ်ခြင်းခံရသူ အမည်ကို ဖော်ပြနိုင်သည်။

(ခ) ဘက်စုံပို့ဆောင်ရေးကုန်စည်တင်ဆောင်သည့် သက်သေခံအထောက်အထားလက်မှတ်ကို လွှဲပြောင်းခြင်း မပြုနိုင်သောပုံစံဖြင့် ထုတ်ပေးပြီးသည့်အခါ -

(၁) “အမည်ဖော်ပြထားသူသို့ လွှဲပြောင်းပေးပို့ရန်" ဟု ဖော်ပြရမည်။ ထိုသို့ဖော်ပြပါက ထိုသူ မှန်ကန်ကြောင်း သက်သေခံအထောက်အထားပြသနိုင်လျှင် အဆိုပါ ကုန်စည် တင်ဆောင်သည့် သက်သေခံအထောက်အထား လက်မှတ်မူရင်းတစ်စောင် ပေးအပ်သူအား ကုန်စည်ကို လွှဲပြောင်းပေးပို့ရမည်။

(၂) အဆိုပါ သက်သေခံအထောက်အထား လက်မှတ်တွင် ကုန်စည်လက်ခံသူအဖြစ် အမည်ဖော်ပြထားသူ မှန်ကန်ကြောင်း သက်သေခံအထောက်အထားပြသပါက ထိုသူ အား ထုတ်ပေးရမည်။

(ဂ) အဆိုပါ ကုန်စည်တင်ဆောင်သည့် သက်သေခံအထောက်အထားလက်မှတ်ကို ထုတ်ပေး ခဲ့ခြင်းမရှိသည့်အခါ ပဋိညာဉ်အရ ကုန်စည်အပ်နှံသူက ညွှန်ကြားသည့်ပုဂ္ဂိုလ်ထံ သို့ဖြစ်စေ၊ ကုန်စည်အပ်နှံသူ သို့မဟုတ် ကုန်စည်လက်ခံသူ၏ အခွင့်အရေးရရှိသူက ညွှန်ကြားသည့် ပုဂ္ဂိုလ်ထံသို့ဖြစ်စေ ကုန်စည်ကို လွှဲပြောင်းပေးပို့ရမည်။

၃၇။ ဘက်စုံပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်သူသည် -

(က) လက်ခံသည့် ကုန်ပစ္စည်းများ၏ ကုန်အမှတ်တံဆိပ်၊ ထုပ်ပိုးပစ္စည်းအရေအတွက်နှင့် အလေးချိန်၊ ဘေးအန္တရာယ်ဖြစ်စေတတ်သော ကုန်စည် ဟုတ်မဟုတ်၊ ပုပ်သိုးပျက်စီးစေ သောကုန်စည် ဟုတ် မဟုတ် တို့နှင့်စပ်လျဉ်း၍ သံသယရှိသည့်အခါတွင်သော်လည်း ကောင်း၊ ထုပ်ပိုးပစ္စည်းနှင့် ကွန်တိန်နာတို့တွင် ပေါက်ပြဲမှု၊ မလုံခြုံမှု၊ ချိပ်တံဆိပ် ပျက်စီးမှုတို့ကို တွေ့ရှိသည့်အခါတွင်သော်လည်းကောင်း ကုန်စည်အပ်နှံသူအား တိကျစွာ ရှင်းလင်းရေးအတွက် ဖြေရှင်းစေရမည်။ ထိုသို့ ဖြေရှင်းစေသော်လည်း ကျေနပ်အောင် တိကျစွာရှင်းလင်းဖြေရှင်းစေနိုင်ခြင်းမရှိလျှင် ထုတ်ပေးသည့် ဘက်စုံပို့ဆောင်ရေး ကုန်စည်တင်ဆောင်သည့် သက်သေခံအထောက်အထား လက်မှတ်တွင် ထိုသံသယ ရှိသည့် ကုန်စည်နှင့် ပေါက်ပြဲပျက်စီးသည့် ထုပ်ပိုးပစ္စည်းနှင့် ကွန်တိန်နာတို့အတွက် တာဝန်မယူနိုင်ကြောင်း ဖော်ပြပေးနိုင်သည်။

(ခ) နည်းဥပဒေခွဲ (က) အရ တာဝန်မယူနိုင်ကြောင်းဖော်ပြသည့် ပစ္စည်းများမှအပ ဘက်စုံပို့ဆောင်ရေး ကုန်စည်တင်ဆောင်သည့် သက်သေခံအထောက်အထားလက်မှတ် တွင်ပါရှိသည့် သံသယမရှိသော ကုန်စည်များ သို့မဟုတ် ထုပ်ပိုးပစ္စည်းပေါက်ပြဲ ပျက်စီးခြင်းမရှိသော အခြားကုန်စည်များအတွက် တရားဝင်အတည်ဖြစ်စေပြီး တာဝန်ယူ ရမည်။

၃၈။ ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူသည် နည်းဥပဒေ ၃၇၊ နည်းဥပဒေခွဲ (က) အရ တာဝန် မယူနိုင်ကြောင်း ဖော်ပြထားခြင်း မရှိလျှင် -

(က) မိမိအား ဘက်စုံပို့ဆောင်ရေးအတွက် အပ်နှံသည့်ကုန်စည်များမှာ ကောင်းမွန်သည့် အခြေအနေ ရှိသည်ဟု မှတ်ယူရမည်။

(ခ) ထိုပြင် ထိုကုန်စည်များ ပျောက်ဆုံးမှု၊ ပျက်စီးမှုနှင့် နှောင့်နှေးကြန့်ကြာမှုများအတွက် ဘက်စုံပို့ဆောင်ရေးဥပဒေနှင့် ဤနည်းဥပဒေများအရ ပေးရန်တာဝန်အတွက် ကင်းလွတ် ခွင့်မရလျှင် ထို ကုန်စည်အတွက် ပေးလျော်ရန် တာဝန်ရှိစေရမည်။

အခန်း (၇)
ကုန်စည် လွှဲပြောင်း ပေးပို့ခြင်း

၃၉။ ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူသည် ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြင့်ဖြစ်စေ လွှဲပြောင်းနိုင်သော ဘက်စုံပို့ဆောင်ရေး ကုန်စည်တင်ဆောင်သည့် သက်သေခံအထောက်အထား လက်မှတ်ကို နည်းဥပဒေ ၃၆၊ နည်းဥပဒေခွဲ (က) ၌ ပါရှိသော ပုံစံတစ်မျိုးမျိုးဖြင့် ထုတ်ပေး သည့်အခါ -

(က) “လက်ဝယ်ကိုင်ဆောင်သူသို့ လွှဲပြောင်းပေးပို့ရန်” ဟု ဖော်ပြပါက အဆိုပါ ကုန်စည် တင်ဆောင်သည့် သက်သေခံအထောက်အထားလက်မှတ် မူရင်းတစ်စောင် ပေးအပ်သူ အား ကုန်စည်ကို လွှဲပြောင်း ပေးပို့ရမည်။

(ခ) “အမိန့်ရသူသို့ လွှဲပြောင်းပေးပို့ရန်” ဟု ဖော်ပြပါက မှန်ကန်ကြောင်း ထပ်ဆင့်အတည်ပြု ထောက်ခံသည့် အဆိုပါ ကုန်စည်တင်ဆောင်သည့် သက်သေခံအထောက်အထား လက်မှတ်မူရင်းတစ်စောင် ပေးအပ်သူအား ကုန်စည်ကိုလွှဲပြောင်း ပေးပို့ရမည်။

(ဂ) လွှဲပြောင်းပေးပို့ ရမည့်သူ၏ အမည်မပါရှိဘဲ ကွက်လပ်ဖြင့် "------- သို့ လွှဲပြောင်းပေးပို့ရန် " ဟု ဖော်ပြပါက နည်းဥပဒေခွဲ (ခ) ပါ ပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက်ရမည်။

၄၀။ ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူသည် ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြင့်ဖြစ်စေ လွှဲပြောင်းခြင်းမပြုနိုင်သော ဘက်စုံပို့ဆောင်ရေး ကုန်စည်တင်ဆောင်သည့် သက်သေခံ အထောက်အထား လက်မှတ်ကို ထုတ်ပေးသည့်အခါ -

(က) “အမည်ဖော်ပြထားသူသို့ လွှဲပြောင်းပေးပို့ရန်” ဟု ဖော်ပြပါက ထိုအမည် ဖော်ပြထားသူ သို့မဟုတ် ထိုသူနှင့် ထိုသူ၏ ကိုယ်စားလှယ် မှန်ကန်ကြောင်း နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ဝန်ထမ်းကတ်ပြား သို့မဟုတ် နိုင်ငံခြားသားအတွက် နိုင်ငံခြားသားမှတ်ပုံတင် လက်မှတ် ဖြစ်စေ၊ နိုင်ငံကူးလက်မှတ်ဖြစ်စေ တင်ပြနိုင်သူအား ကုန်စည်ကို လွှဲပြောင်းပေး ပို့ရမည်။

(ခ) အဆိုပါ သက်သေခံအထောက်အထားလက်မှတ်တွင် ကုန်စည်လက်ခံသူအဖြစ် အမည် ဖော်ပြထားသူ မှန်ကန်ကြောင်း သက်သေခံအထောက်အထားပြသပါက ထိုသူအား ထုတ်ပေးရမည်။

၄၁။ ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူနှင့် ကုန်စည်အပ်နှံသူတို့သည် ကုန်စည်ကို မည်သို့မည်ပုံ၊ မည်သည့်နည်းဖြင့် ကုန်စည်လက်ခံသူအား လွှဲပြောင်းပေးပို့ရမည်ကို ပဋိညာဉ်တွင် အသေးစိတ်ဖော်ပြ၍ ချုပ်ဆိုနိုင်သည်။ ထိုသို့ ချုပ်ဆိုထားခြင်းမရှိလျှင် ကုန်စည်ကိုလက်ခံခဲ့စဉ်က အနေအထားအတိုင်း ကုန်စည် လက်ခံသူအား လွှဲပြောင်းပေးပို့ရမည်။

၄၂။ ဘက်စုံပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်သူသည် -

(က) ဘက်စုံပို့ဆောင်ရေးဖြင့် ခရီးစဉ်အဆုံးသို့ရောက်ရှိပြီးနောက် ကုန်စည်ကို လွှဲပြောင်း ပေးအပ်ရေးအတွက် ကုန်စည်လက်ခံသူကို ရှာ၍မတွေ့လျှင်ဖြစ်စေ၊ ကုန်စည်လက်ခံသူက ကုန်စည်ကို လွှဲပြောင်းလက်ခံရန် ငြင်းဆိုလျှင်ဖြစ်စေ ကုန်စည်အပ်နှံသူထံသို့ မည်သို့ ဆောင်ရွက်ရမည်ကို ညွှန်ကြားရန် ချက်ခြင်း အကြောင်းကြားရမည်။

(ခ) ထိုကုန်စည်ကို အကောက်ခွန်ဌာနက အကောက်ခွန်ဆိုင်ရာဥပဒေအရ စစ်ဆေးခြင်းနှင့် အကောက်ခွန်ရှင်းလင်းခြင်းတို့ ပြုပြီးသည့်အခါ နည်းဥပဒေခွဲ(က) အရ အကြောင်းကြား သော်လည်း ကုန်စည်အပ်နှံသူက လျော်ကန်သင့်မြတ်သည့်အချိန်အတွင်း ညွှန်ကြားချက် တစ်စုံတစ်ရာ မပေးလျှင်သော်လည်းကောင်း၊ ထိုအကြောင်းကြားချက်ကို လက်မခံ လျစ်လျူရှုလျှင်သော်လည်းကောင်း၊ ညွှန်ကြားချက် ပေးသော်လည်း မည်သူကို လွှဲပြောင်း ပေးအပ်ရမည်ဟု တိတိကျကျညွှန်ကြာထားခြင်း မရှိလျှင်သော်လည်းကောင်း ထိုကုန်စည် ကို ရောင်းချခြင်း၊ ဖျက်ဆီးခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် စီမံထုခွဲခြင်း ပြုနိုင်သည်။

(ဂ) နည်းဥပဒေခွဲ (ခ) အရ မလွှဲမရှောင်သာ စီမံထုခွဲရန်လိုသည့်ကိစ္စတွင် ထိုသို့ မဆောင်ရွက်မှီ စီမံထုခွဲမည့်အကြောင်း ကုန်စည်အပ်နှံသူထံ ချက်ချင်းအကြောင်းကြားပြီးမှ စီမံထုခွဲ ရမည်။ ထိုသို့ အကြောင်းကြားရန်ပျက်ကွက်ပါက ထိုကုန်စည်၏ ပျက်စီးဆုံးရှုံးမှုအတွက် နစ်နာကြေးပေးရမည်။

(ဃ) နည်းဥပဒေခွဲ (ခ) အရ စီမံဆောင်ရွက်ပြီးနောက် မိမိကရရန်ရှိသည့် ကုန်စည်တန်ဆာခနှင့် ထိုသို့ စီမံဆောင်ရွက်ရသည့်အတွက် ကုန်ကျစရိတ်များကို ခုနှိမ်ပြီးနောက် ကျန်ငွေရှိလျှင် ထိုကျန်ငွေကို ကုန်စည်အပ်နှံသူ သို့မဟုတ် ရပိုင်ခွင့်ရှိသူအား ပြန်ပေးရမည်။

(င) အကယ်၍ နည်းဥပဒေခွဲ (ဃ) အရ စီမံထုခွဲခြင်းပြုပါက မိမိကရရန်ရှိသည့် ကုန်စည်သယ်ယူ ပို့ဆောင်ခရှိလျှင် ထိုသယ်ယူပို့ဆောင်ခနှင့် ထိုသို့စီမံထုခွဲရသည့်အတွက် ကုန်ကျစရိတ်များနှင့်စပ်လျဉ်း၍ ကုန်စည်အပ်နှံသူထံ တောင်းဆိုနိုင်သည်။ ထိုသို့ တောင်းဆို၍ ရရန်ရှိသည့်ငွေများကို ရရှိပြီးဖြစ်ပါက စီမံထုခွဲရောင်းချ၍ရငွေကို ကုန်စည် အပ်နှံသူအား ပေးအပ်ရမည်။

(စ) ကုန်စည်လက်ခံသူသည် ၎င်း၏လက်ဝယ်ရှိ ဘက်စုံပို့ဆောင်ရေး ကုန်စည်တင်ဆောင် သည့် သက်သေခံအထောက်အထားလက်မှတ် ပျောက်ဆုံးပါက ဘက်စုံပို့ဆောင်ရေး လုပ်ငန်း လုပ်ကိုင်သူထံမှ ဘက်စုံပို့ဆောင်ရေး ကုန်စည်တင်ဆောင်သည့် သက်သေခံ အထောက်အထား လက်မှတ်ကို ဒုတိယမူရင်း အနေဖြင့် တောင်းဆိုပိုင်ခွင့်ရှိသည်။

၄၃။ ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူက ကုန်စည်ကို အတိအလင်းသဘောတူညီခဲ့သည့် အချိန်အတွင်းဖြစ်စေ၊ ထိုသို့သော သဘောတူညီချက်မျိုးမရှိသည့်ကိစ္စတွင် ဂရုပြုလုံ့လစိုက်သော ဘက်စုံ ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူအနေဖြင့် လျော်ကန်သင့်မြတ်သော နေ့ရက်အတွင်း ဖြစ်စေ ကုန်စည်လက်ခံသူအား လွှဲပြောင်းပေးပို့ခြင်းမရှိလျှင် ကုန်စည်လက်ခံသူသည် အောက်ပါ အခွင့် အရေးတစ်ခုခုကို ဆောင်ရွက်ပိုင်ခွင့်ရှိသည် -

(က) ကုန်စည်ကို လက်ခံရယူခွင့်၊

(ခ) ကုန်စည်ကို လက်ခံရယူပြီး ကုန်စည်လွှဲပြောင်းပေးပို့မှု နှောင့်နှေးကြန့်ကြာသည့်အတွက် နစ်နာကြေး ရယူပိုင်ခွင့်၊

(ဂ) ကုန်စည်ကို လက်ခံရယူခြင်းမပြုဘဲ ကုန်စည်လွှဲပြောင်းပေးပို့မှု နှောင့်နှေးကြန့်ကြာသည့် အတွက် နစ်နာကြေး တောင်းဆိုပိုင်ခွင့်။

၄၄။ (က) ကုန်စည်ကို လက်ခံသူအား လွှဲပြောင်းပေးပို့ရန် သတ်မှတ်ထားသည့်နေ့ရက် သို့မဟုတ် လွှဲပြောင်းပေးပို့သင့်သည့် နေ့ရက်မှ ရက်ပေါင်း ၉၀ ကျော်လွန်သွားသည့်တိုင် လွှဲပြောင်း ပေးပို့နိုင်ခြင်း မရှိလျှင် ထိုကုန်စည်မှာ လုံးဝပျောက်ဆုံးသည်ဟု မှတ်ယူရမည်။

(ခ) ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူသည် လုံးဝပျောက်ဆုံးသော ကုန်စည်နှင့် စပ်လျဉ်း၍ ဘက်စုံပို့ဆောင်ရေးဥပဒေ ပုဒ်မ ၂၂ နှင့် ပုဒ်မ ၂၃ တို့ပါ ကင်းလွတ်ချက် တစ်ရပ်ရပ်အရ ပေးလျော်ရန် တာဝန်မရှိကြောင်း သက်သေခံထင်ရှားမပြသနိုင်လျှင် ထိုပျောက်ဆုံးမှုအတွက် နစ်နာကြေးကို ဤနည်းဥပဒေများနှင့်အညီ ပေးလျော်ရန် တာဝန်ရှိစေရမည်။

၄၅။ ကုန်စည်ကို လွှဲပြောင်းပေးပို့ရာတွင် နှောင့်နှေးကြန့်ကြာမှုကြောင့် ဆုံးရှုံးမှု သို့မဟုတ် နောက်ဆက်တွဲပေါ်ပေါက်လာသည့် ဆုံးရှုံးနစ်နာမှုအတွက် ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူ၌ ပေးလျော်ရန်တာဝန်ရှိလျှင် ထိုသူ၏တာဝန်ရှိမှုသည် ကန့်သတ်ချက်အရ ပဋိညာဉ် ပါ ကုန်စည် သယ်ယူပို့ဆောင်ခထက် မပိုစေရ။

၄၆။ ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူသည် ကုန်စည်လွှဲပြောင်းပေးပို့ရာတွင် နှောင့်နှေး ကြန့်ကြာစေရန်ရည်ရွယ်၍ တမင်အလေးမထားဂရုမစိုက်ဘဲ ပြုလုပ်ကြောင်း သို့မဟုတ် နှောင့်နှေးကြန့်ကြာမှုမရှိစေရန် ဆောင်ရွက်ရမည့်ကိစ္စများကို ဆောင်ရွက်ရန် တမင်ပျက်ကွက် ကြောင်း သက်သေထင်ရှားပေါ်ပေါက်လျှင် နည်းဥပဒေ ၄၅ ပါ ပေးလျော်ရန်တာဝန် ကန့်သတ်ချက် အကျိုးကျေးဇူးကို ခံစားခွင့် မရှိစေရ။

၄၇။ ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူသည် ပဋိညာဉ်ကို ချုပ်ဆိုပြီးသည့်အခါ ဘက်စုံပို့ဆောင် ရေးကုန်စည်တင်ဆောင်သည့် သက်သေခံအထောက်အထားလက်မှတ်ကို ထုတ်ပေးရမည်ဖြစ် သော်လည်း ထုတ်မပေးဖြစ်သည့်အခါ ဘက်စုံပို့ဆောင်ရေး ပဋိညာဉ်အရ ကုန်စည်အပ်နှံသူက ညွှန်ကြားသည့် ပုဂ္ဂိုလ်ထံသို့ဖြစ်စေ၊ ကုန်စည်အပ်နှံသူ သို့မဟုတ် ကုန်စည်လက်ခံသူ၏ အခွင့်အရေးရရှိသူက ညွှန်ကြားသည့် ပုဂ္ဂိုလ်ထံသို့ဖြစ်စေ ကုန်စည်ကို လွှဲပြောင်းပေးပို့ရမည်။

၄၈။ ကုန်စည်လက်ခံသူသည် ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူက လွှဲပြောင်းပေးပို့သော ကုန်စည်ကို လက်ခံပြီးနောက် ကုန်စည်ပျက်စီးဆုံးရှုံးမှုနှင့် ပျောက်ဆုံးမှု အခြေအနေသဘာဝကို ဘက်စုံ ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူထံသို့စာဖြင့် အကြောင်းကြားရမည်။ ဤသို့ အကြောင်းကြားရာတွင် ပျက်စီး၊ ပျောက်ဆုံးကြောင်း အလွယ်တကူမြင်သာသည့် အခြေအနေ၌ ၃ ရက်အတွင်း သို့မဟုတ် ထိုသို့အလွယ်တကူမြင်သာသည့် အခြေအနေမရှိသည့်အပြင် ချက်ချင်း ဖွင့်၍ စစ်ဆေးခြင်းမပြုနိုင်သည့် အခြေအနေ၌ ၆ ရက်အတွင်း အကြောင်းကြားရမည်။ ဤသို့ အကြောင်းကြားခြင်းမရှိလျှင် ထိုလွှဲပြောင်းပေးပို့သည့်ကုန်စည်မှာ ကောင်းမွန်သည့် အခြေအနေ ရှိသည်ဟု မှတ်ယူရမည်။

အခန်း (၈)
ကုန်စည်အပ်နှံသူ၏ တာဝန်နှင့် ပေးရန် တာဝန်ရှိမှုများ

၄၉။ ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူက ဘက်စုံပို့ဆောင်ရေးကို စတင်တာဝန်ယူလက်ခံသည့် အချိန်တွင် ဘက်စုံပို့ဆောင်ရေး ကုန်စည်တင်ဆောင်သည့် သက်သေခံအထောက်အထား လက်မှတ်တွင် ထည့်သွင်းဖော်ပြရန် ကုန်စည်နှင့်စပ်လျဉ်း၍ သဘောသဘာဝ၊ အမှတ်တံဆိပ်၊ ကိန်းဂဏန်းနံပါတ်၊ အလေးချိန်၊ ပမာဏနှင့်အရေအတွက်၊ ဘေးအန္တရာယ်ဖြစ်စေတတ်သော ကုန်စည်ဖြစ်ပါက ထိုသို့ဖြစ် ကြောင်း ဖော်ပြချက်တို့ကို ကုန်စည်အပ်နှံသူကိုယ်တိုင် သို့မဟုတ် ၎င်း၏ကိုယ်စား ဆောင်ရွက်သူက ဖော်ပြသည့်အတိုင်း တိကျမှန်ကန်ကြောင်း ၎င်းက အာမခံပြီးဖြစ်သည်ဟု မှတ်ယူရမည်။

၅၀။ ကုန်စည်အပ်နှံသူသည် ဘေးအန္တရာယ်ဖြစ်စေတတ်သော ကုန်စည်ဖြစ်သည့် ကုန်စည်ပေါ်တွင် သတ်မှတ်ချက်များနှင့်အညီ အမှတ်တံဆိပ်ကိုဖြစ်စေ၊ ချိတ်ဆွဲတံဆိပ်၊ ကတ်ပြားတံဆိပ်ကိုဖြစ်စေ ပြုလုပ်တပ်ဆင်ပေးရမည်။

၅၁။ ကုန်စည်အပ်နှံသူသည် ဘေးအန္တရာယ်ဖြစ်စေတတ်သော ကုန်စည်ဖြစ်သည့်ကုန်စည်ကို ဘက်စုံ ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူအားဖြစ်စေ၊ ထိုသူ၏ကိုယ်စား ဆောင်ရွက်သူတစ်ဦးဦး အားဖြစ်စေ လွှဲပြောင်းပေးအပ်သည့်အခါ ကုန်စည်အပ်နှံသူသည် ဘေးအန္တရာယ်ဖြစ်စေတတ် သော ကုန်စည်ဖြစ်သည့် ကုန်စည်၏လက္ခဏာနှင့်လိုအပ်လျှင် ကြိုတင်သတိထား ဆောင်ရွက် ရမည့်အချက်များကို ထိုသူအား အသိပေးအကြောင်းကြားရမည်။ အကယ်၍ ကုန်စည်အပ်နှံသူက ထိုသို့ဆောင်ရွက်ရန်ပျက်ကွက်သည့်ပြင် ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူကလည်း လွှဲပြောင်းပေးအပ်သည့်ကုန်စည်မှာ ဘေးအန္တရာယ်ဖြစ်စေနိုင်သော လက္ခဏာရှိကြောင်း အခြား နည်းဖြင့် သိရှိမထားလျှင် -

(က) ထိုကုန်စည်များ ပို့ဆောင်ခြင်းဖြင့် ဖြစ်ပေါ်လာသောဆုံးရှုံးမှုအားလုံးအတွက် ဘက်စုံ ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူအား ကုန်စည်အပ်နှံသူက ပေးရန်တာဝန်ရှိစေရမည်။

(ခ) ဖြစ်ပေါ်လာသော အခြေအနေလိုအပ်ချက်အရ မည်သည့်အချိန်အခါတွင်မဆို လွှဲပြောင်း ပေးအပ်ထားသည့် ကုန်စည်များအတွက် လျော်ကြေးပေးရန်မလိုဘဲ ဘေးအန္တရာယ် မဖြစ်စေရန် ယင်းကုန်စည်ကို ဘက်စုံပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူ သို့မဟုတ် ယင်း၏ ကိုယ်စားဆောင်ရွက်သူက ချထားခြင်း၊ ဖျက်ဆီးခြင်း သို့မဟုတ် ပေးအပ်ခြင်း ပြုနိုင်သည်။

၅၂။ ဘက်စုံပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူက ၎င်းတာဝန်ယူ ဆောင်ရွက်နေစဉ်အတွင်း ကုန်စည် များ၏ ဘေးအန္တရာယ်ရှိသည့် လက္ခဏာကို သိရှိထားပြီးဖြစ်လျှင် မည်သူမျှ နည်းဥပဒေ ၅၁ ပါ ပြဋ္ဌာန်းချက်များကို မှီငြမ်းကိုးကား၍ ဆောင်ရွက်ခြင်းမပြုနိုင်။

၅၃။ အကယ်၍ နည်းဥပဒေ ၅၁၊ နည်းဥပဒေခွဲ (ခ) ပါ ပြဋ္ဌာန်းချက်နှင့် မသက်ဆိုင်သည့်အခါတွင် သော်လည်းကောင်း၊ နည်းဥပဒေ ၅၂ အရ ကိုးကားခြင်းမပြုနိုင်သည့်အခါတွင်သော်လည်းကောင်း ဘေးအန္တရာယ်ဖြစ်စေတတ်သော ကုန်စည်ဖြစ်သည့် ကုန်စည်သည် လူ့အသက်ကိုဖြစ်စေ၊ ပစ္စည်းဥစ္စာကို ဖြစ်စေ အမှန်တကယ် ဘေးအန္တရာယ်ပြုလာလျှင် ဖြစ်ပေါ်လာသောအခြေအနေ လိုအပ်ချက်အရ ကုန်စည်ဆုံးရှုံးမှု သို့မဟုတ် ပျက်စီးမှုကို မျှဝေကျခံရသည့် ပျမ်းမျှထည့်ဝင်ကြေး သို့မဟုတ် ဘက်စုံ ပို့ဆောင်ရေးဥပဒေပုဒ်မ ၁၉၊ ၂၀ နှင့် ၂၁ တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူ၏ တာဝန်ရှိမှုများမှအပ လျော်ကြေးပေးရန်မလိုဘဲ ကုန်စည်များကို ဘေးအန္တရာယ်မဖြစ်စေရန် ချထားခြင်း၊ ဖျက်ဆီးခြင်း သို့မဟုတ် ပေးအပ်ခြင်း ပြုနိုင်သည်။

၅၄။ နည်းဥပဒေ ၄၉၊ ၅၀၊ ၅၁၊ ၅၂ နှင့် ၅၃ တို့တွင် ရည်ညွှန်းထားသည့် အချက်များမှာ တိကျ မှန်ကန်ခြင်းမရှိမှု သို့မဟုတ် မလုံလောက်မှုတစ်ခုခုကြောင့် ဖြစ်ပေါ်လာသည့် ဆုံးရှုံးမှုတစ်ရပ်ရပ် အတွက် ကုန်စည်အပ်နှံသူသည် ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူအား နစ်နာကြေးပေး ရန် တာဝန်ရှိသည်။

၅၅။ ကုန်စည်အပ်နှံသူသည် ဘက်စုံပို့ဆောင်ရေးကုန်စည်တင်ဆောင်သည့် သက်သေခံအထောက် အထားလက်မှတ်ကို ၎င်းကလွှဲပြောင်းပေးပြီးသည့်တိုင် ပေးရန်တာဝန်ရှိမှုသည် ဆက်လက်၍ တည်ရှိစေရမည်။

၅၆။ နည်းဥပဒေ ၅၄ နှင့် ၅၅ တို့ပါ ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူ၏ နစ်နာကြေးဆိုင်ရာ အခွင့်အရေးကို ကုန်စည်အပ်နှံသူမှအပ အခြားပုဂ္ဂိုလ်တစ်ဦးဦးသို့ ပဋိညာဉ်အရ ဘက်စုံ ပို့ဆောင်ရေး လုပ်ငန်း လုပ်ကိုင်သူ၏ ပေးရန်တာဝန်ရှိမှုအား ကန့်သတ်ခြင်းမရှိစေရ။

အခန်း (၉)
ဘက်စုံပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူက သတင်းပို့ရန်တာဝန်နှင့် မှတ်ပုံတင်လက်မှတ်ဆိုင်ရာ တာဝန်များ

၅၇။ ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူသည် ၎င်း၏ဘက်စုံပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက် ချက်အစီရင်ခံစာကို အစီရင်ခံသည့်ကာလအတွင်း အောက်ပါအချက်အလက်များ ဖော်ပြပြီး ၄လ တစ်ကြိမ်ဖြစ်စေ၊ ဗဟိုအဖွဲ့နှင့် မှတ်ပုံတင်အရာရှိတို့က အခါအားလျော်စွာ ညွှန်ကြားသည့်ကာလ တွင်ဖြစ်စေ သက်ဆိုင်ရာ မှတ်ပုံတင်ရုံးသို့ အစီရင်ခံရမည် -

(က) ချုပ်ဆိုခဲ့သည့် ပဋိညာဉ်များ၊

(ခ) ထုတ်ပေးခဲ့သည့် ဘက်စုံပို့ဆောင်ရေး ကုန်စည်တင်ဆောင်သည့် သက်သေခံအထောက် အထား လက်မှတ်များ၊

(ဂ) ပို့ဆောင်သည့် ကုန်စည်များနှင့် ဘက်စုံပို့ဆောင်သည့် နည်းလမ်းများနှင့်ခရီးစဉ်၊

(ဃ) သယ်ယူပို့ဆောင်သူ၊ ကုန်စည်အပ်နှံသူနှင့် ကုန်စည်လက်ခံသူတို့၏ အမည်နှင့် နေရပ်လိပ်စာများ၊

(င) ဘက်စုံပို့ဆောင်ရေးဥပဒေနှင့် ဤနည်းဥပဒေများအရ ဘက်စုံပို့ဆောင်ရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ လိုက်နာ ဆောင်ရွက်ခဲ့သည့်တာဝန်များ၊

(စ) ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူအား တောင်းဆိုသည့်ပေးရန်တာဝန်များနှင့် ပေးလျော်ရသည်များ (ရှိလျှင်)၊

(ဆ) ကုန်စည်အပ်နှံသူ၏ တာဝန်ပျက်ကွက်မှုနှင့် ပေးရန်တာဝန်များ (ရှိလျှင်)၊

(ဇ) ကုန်စည်လက်ခံသူ၏ တာဝန်ပျက်ကွက်မှု (ရှိလျှင်)၊

(ဈ) ပေးလျော်ရန်တာဝန်အတွက် အထူးငွေကြေးထုတ်ယူပိုင်ခွင့်ယူနစ် ၈၀,၀၀၀ ထက်မနည်း ရှိသည့် အာမခံအထောက်အထားများ၊ (ထိုသတ်မှတ်ယူနစ် ပမာဏထက် လျော့နည်းသွား ပါက ပြည့်မီရန်ဖြည့်ဆည်း၍ ထပ်မံတင်ပြသည့်အာမခံအထောက်အထားများ၊ ထိုသို့ဖြည့် ဆည်း၍ အာမခံအထောက်အထား မတင်ပြနိုင်လျှင် မတင်ပြနိုင်သည့် အကျိုးအကြောင်း နှင့် အခြေအနေများ)၊

(ည) ဘက်စုံပို့ဆောင်ရေးနှင့် စပ်လျဉ်း၍ အငြင်းပွားမှုများ၊ အနုညာတခုံသမာဓိရုံးနှင့် တရားရုံး တို့တွင် ဖြေရှင်းရမှုများ (ရှိလျှင်)၊

(ဋ) ဗဟိုအဖွဲ့၏ စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်များနှင့် လိုက်နာဆောင်ရွက်မှုများ (ရှိလျှင်)၊

(ဌ) အခြား ထူးခြားသည့်အချက်များ (ရှိလျှင်)။

၅၈။ ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူသည် -

(က) မှတ်ပုံတင်လက်မှတ်ကို မိမိ၏ပင်မရုံး၌လည်းကောင်း၊ ပြည်ပနိုင်ငံကုမ္ပဏီ၏ရုံးခွဲ၌ လည်းကောင်း မြင်သာသည့်နေရာ၌ ချိတ်ဆွဲပြသထားရမည်။

(ခ) ဘက်စုံပို့ဆောင်ရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ လိုအပ်သောရုံးလုပ်ငန်းဆိုင်ရာ စာရွက် စာတမ်းများ၊ မှတ်တမ်းများနှင့် ငွေရေးကြေးရေးဆိုင်ရာ စာရင်းအင်းမှတ်တမ်းများကို မှန်ကန်စွာ ပြုစုထားရှိရမည်။

(ဂ) မှတ်ပုံတင်အရာရှိကဖြစ်စေ၊ မှတ်ပုံတင်အရာရှိကတာဝန်ပေးသော အခွင့်ရအရာရှိက ဖြစ်စေ၊ ဘက်စုံပို့ဆောင်ရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ လာရောက်ကြည့်ရှုစစ်ဆေးမှုကို လက်ခံပြီး တောင်းခံသောစာရွက်စာတမ်းနှင့် စာရင်းအင်းများကိုပြသရမည့်ပြင် စစ်ဆေးမှု အတွက် လိုအပ်သောအကူအညီများ ပေးရမည်။

(ဃ) ပင်မရုံးနေရာလိပ်စာ သို့မဟုတ် ပြည်ပနိုင်ငံကုမ္ပဏီ၏ ရုံးခွဲနေရာလိပ်စာနှင့် ဆက်သွယ် ရန် လိပ်စာပြောင်းလဲမှုရှိလျှင်သော်လည်းကောင်း၊ မှတ်ပုံတင်လက်မှတ်ပါ အချက်အလက် တစ်ရပ်ရပ် ပြောင်းလဲမှု ရှိလျှင်သော်လည်းကောင်း ပြောင်းလဲသည့်နေ့မှ တစ်ပတ်အတွင်း မှတ်ပုံတင်အရာရှိထံ သတင်းပို့ရမည်။

၅၉။ မှတ်ပုံတင်လက်မှတ် ထုတ်ပေးရာတွင်လည်းကောင်း၊ မှတ်ပုံတင်သက်တမ်းတိုးမြှင့်ပေးသည့်အခါ တွင်လည်းကောင်း ဘက်စုံပို့ဆောင်ရေးဥပဒေနှင့် နည်းဥပဒေများပါ တာဝန်များအပြင် ဘက်စုံပို့ဆောင်ရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ နောက်ဆက်တွဲ (ခ) ဖြင့်သတ်မှတ်ပေးသည့် စည်းကမ်းချက်များကိုလည်း ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူသည် လိုက်နာဆောင်ရွက် ရမည်။

၆၀။ ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူသည် မှတ်ပုံတင်လက်မှတ်ထုတ်ပေးရန် သို့မဟုတ် မှတ်ပုံတင်လက်မှတ် သက်တမ်းတိုးမြှင့်ပေးရန် လျှောက်ထားစဉ်ကတင်ပြခဲ့သော ပေးလျော်ရန် တာဝန်အတွက် အာမခံအဖြစ်တင်ပြခဲ့သော အထူးငွေကြေးထုတ်ယူပိုင်ခွင့်ယူနစ် အနည်းဆုံး ၈၀,၀၀၀ ရှိသည့် ငွေချေးသက်သေခံလက်မှတ်အထောက်အထား သို့မဟုတ် ပစ္စည်းပိုင်ဆိုင်ခွင့် အာမခံအထောက်အထားများ အမြဲရှိနေစေရမည်ဖြစ်ပြီး လျော့နည်းသွားခြင်း မရှိစေရ။ အကယ်၍ အာမခံအထောက်အထားမှာ ထိုသတ်မှတ် ယူနစ်ပမာဏထက် လျော့နည်းသွားပါက ပြည့်မီရန်ဖြည့်ဆည်း၍ အာမခံအထောက်အထားကို ထပ်မံတင်ပြရမည်။ ထိုသို့ဖြည့်ဆည်း၍ အာမခံအထောက်အထား မတင်ပြနိုင်လျှင် လျော့နည်းသွားသည့်နေ့မှ တစ်ပတ်အတွင်း မှတ်ပုံတင်အရာရှိထံ ထိုအကျိုးအကြောင်း နှင့်အခြေအနေကို တင်ပြရမည်။

အခန်း (၁၀)
ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူ၏တာဝန်နှင့် ပေးရန်တာဝန်ရှိမှုများ

၆၁။ ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူသည် ကုန်စည်ကို ၎င်းကတာဝန်ယူ၍ ပို့ဆောင်ရန် လက်ခံသည့်အချိန်မှစ၍ သဘောတူညီချက်အရ ကုန်စည်ကို လွှဲပြောင်းပေးပို့သည့်အချိန်အထိ ထိုကုန်စည်အတွက် တာဝန်ရှိသည်။

၆၂။ ဘက်စုံပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူသည် မိမိ၏လုပ်ငန်းတာဝန်များ ဆောင်ရွက်နေစဉ် အတွင်း မိမိ၏ဝန်ထမ်း သို့မဟုတ် ကိုယ်စားလှယ်၏ ပြုလုပ်မှုနှင့် ပျက်ကွက်မှုများအတွက် သော်လည်းကောင်း၊ ထပ်ဆင့်ချုပ်ဆိုသည့် ပဋိညာဉ်အရဆောင်ရွက်ရာတွင် ထိုထပ်ဆင့်စာချုပ် ချုပ်ဆိုသူတစ်ဦးဦး၏ ပြုလုပ်မှုနှင့် ပျက်ကွက်မှုများအတွက် သော်လည်းကောင်း မိမိကိုယ်တိုင် ပြုလုပ်မှုနှင့် ပျက်ကွက်မှု ဖြစ်သကဲ့သို့ တာဝန်ရှိစေရမည်။

၆၃။ ကုန်စည်များ လွှဲပြောင်းပေးပို့ခြင်းကို သေချာစေရန်အလို့ငှာ အောက်ဖော်ပြပါလိုအပ်သော ပြုလုပ်မှုများကို ဆောင်ရွက်ခြင်း သို့မဟုတ် ဆောင်ရွက်မှုများရယူခြင်းပြုရာတွင် ဘက်စုံ ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူသည် -

(က) ဘက်စုံပို့ဆောင်ရေး ကုန်စည်တင်ဆောင်သည့် သက်သေခံအထောက်အထားလက်မှတ် ကို လွှဲပြောင်းနိုင်သောပုံစံဖြင့် ထုတ်ပေးသည့်အခါ နည်းဥပဒေ ၃၉ နှင့်အညီ ဆောင်ရွက် ရမည်။

(ခ) ဘက်စုံပို့ဆောင်ရေး ကုန်စည်တင်ဆောင်သည့် သက်သေခံအထောက်အထားလက်မှတ် ကို လွှဲပြောင်းခြင်း မပြုနိုင်ဟူသောပုံစံဖြင့် ထုတ်ပေးသည့်အခါ နည်းဥပဒေ ၄၀ နှင့်အညီ ဆောင်ရွက်ရမည်။

(ဂ) အဆိုပါ ကုန်စည်တင်ဆောင်သည့် သက်သေခံအထောက်အထားလက်မှတ်ကို ထုတ်ပေး ခဲ့ခြင်းမရှိသည့်အခါ ပဋိညာဉ်အရ ကုန်စည်အပ်နှံသူက ညွှန်ကြားသည့် ပုဂ္ဂိုလ်ထံသို့ ဖြစ်စေ၊ ကုန်စည်အပ်နှံသူ သို့မဟုတ် ကုန်စည်လက်ခံသူ၏ အခွင့်အရေးရရှိသူက ညွှန်ကြားသည့် ပုဂ္ဂိုလ်ထံသို့ဖြစ်စေ ကုန်စည်ကို လွှဲပြောင်းပေးပို့ရမည်။

၆၄။ (က) ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူသည် ပဋိညာဉ်အရ တာဝန်ယူပို့ဆောင်ရန် ကုန်စည်ကို စတင်လက်ခံသည့်အချိန်မှစ၍ ကိုယ်တိုင်တာဝန်ယူ ဆောင်ရွက်ရာတွင်ဖြစ် စေ၊ နည်းဥပဒေ ၆၂ ပါ မိမိ၏ဝန်ထမ်း၊ ကိုယ်စားလှယ် သို့မဟုတ် ထိုထပ်ဆင့် စာချုပ်ချုပ်ဆိုသူ တစ်ဦးဦးက ဆောင်ရွက်ရာတွင် ဖြစ်စေ ကုန်စည်များ ဆုံးရှုံးမှု၊ ပျက်စီးမှု၊ ကုန်စည်လွှဲပြောင်းပေးပို့ရန် နှောင့်နှေးကြန့်ကြာမှုကြောင့် ဆုံးရှုံးမှုအတွက် မိမိကိုယ်တိုင် တွင်သော်လည်းကောင်း၊ မိမိ၏ဝန်ထမ်း၊ ကိုယ်စားလှယ် သို့မဟုတ် အခြားပုဂ္ဂိုလ် တစ်ဦးဦးတွင်သော်လည်းကောင်း တာဝန်မရှိကြောင်း သက်သေခံချက်အထောက် အထား မတင်ပြနိုင်လျှင် ယင်းဆုံးရှုံးမှုအတွက် တာဝန်ရှိစေရမည်။

(ခ) ကုန်စည်လွှဲပြောင်းပေးပို့ရမည့် အချိန်ကာလနှင့်စပ်လျဉ်း၍ ကုန်စည်အပ်နှံသူက ကြေညာခြင်းမပြုလုပ်ခဲ့ဘဲ ဘက်စုံပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူက ကုန်စည်ကိုလက်ခံ ခဲ့ခြင်းဖြစ်လျှင် ကုန်စည်လွှဲပြောင်းပေးပို့ရန် နှောင့်နှေးကြန့်ကြာမှုကြောင့်ဖြစ်ပေါ်လာ သည့် ဆုံးရှုံးမှုအတွက် ဘက်စုံပို့ဆောင်ရေး လုပ်ငန်း လုပ်ကိုင်သူတွင် တာဝန်မရှိစေရ။

၆၅။ အတိအလင်း သဘောတူညီခဲ့သည့် အချိန်အတွင်း ကုန်စည်ကို လွှဲပြောင်းပေးပို့ခြင်းမပြုလျှင် သော်လည်းကောင်း၊ ထိုသို့သော သဘောတူညီချက်မျိုးမရှိသည့်ကိစ္စတွင် ဂရုပြုလုံ့လစိုက်သော ဘက်စုံပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူအနေဖြင့် ကိစ္စရပ်အခြေအနေပေါ်မူတည်၍ လျော်ကန် သင့်မြတ်သောအချိန်အတွင်း လွှဲပြောင်းပေးပို့ခြင်းမပြုလျှင်သော်လည်းကောင်း ကုန်စည်လွှဲ ပြောင်း ပေးပို့ရန်နှောင့်နှေး ကြန့်ကြာမှု ပေါ်ပေါက်သည်ဟု သတ်မှတ်သည်။

၆၆။ နည်းဥပဒေ ၆၅ အရ ကုန်စည်ကို လွှဲပြောင်းပေးပို့ရန် နှောင့်နှေးကြန့်ကြာမှု ပေါ်ပေါက်ကြောင်း သတ်မှတ်သည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း ကုန်စည်ကို လွှဲပြောင်းပေးပို့ခြင်းမပြုနိုင်လျှင် ကုန်စည်ကိုတောင်းဆိုပိုင်ခွင့်ရှိသူတစ်ဦးဦးသည် အခြားဆန့်ကျင်ကွဲလွဲသည့် သက်သေခံ အထောက်အထားမရှိပါက ပျောက်ဆုံးသည့် ကုန်စည်အဖြစ်မှတ်ယူ၍ ဆောင်ရွက်နိုင်သည်။

၆၇။ နည်းဥပဒေ ၆၄ တွင် မည်သို့ပင် ပြဋ္ဌာန်းပါရှိစေကာမူ ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူ သည် ကုန်စည်နှင့်စပ်လျဉ်း၍ သယ်ယူပို့ဆောင်သည့်ကာလအတွင်း အောက်ပါအခြေအနေ တစ်ရပ်ဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ ပေါ်ပေါက်ကြောင်း သက်သေထင်ရှား ပြသနိုင်ပါက အဆိုပါကုန်စည်ဆုံးရှုံးမှု၊ ပျက်စီးမှု သို့မဟုတ် ကုန်စည်လွှဲပြောင်းပေးပို့ရန် နှောင့်နှေးကြန့်ကြာမှု အတွက် တာဝန်မရှိစေရ -

(က) ကုန်စည်အပ်နှံသူ၊ ကုန်စည်လက်ခံသူ၊ ၎င်း၏ကိုယ်စားဆောင်ရွက်သူ သို့မဟုတ် ကိုယ်စားလှယ် ၏ ပြုလုပ်မှု သို့မဟုတ် ပေါ့ဆမှု၊

(ခ) ကုန်စည်ထုပ်ပိုးခြင်း၊ အမှတ်တံဆိပ်ပြုလုပ်ခြင်း သို့မဟုတ် ကုန်စည်နံပါတ်တပ်ခြင်း ပြုလုပ်ရာတွင် မလုံလောက်မှု သို့မဟုတ် အားနည်းချို့ယွင်းမှု၊

(ဂ) ကုန်စည်အပ်နှံသူ၊ ကုန်စည်လက်ခံသူ သို့မဟုတ် ၎င်း၏ကိုယ်စားဆောင်ရွက်သူ သို့မဟုတ် ကိုယ်စားလှယ်က ကုန်စည်ကိုင်တွယ် ထိန်းသိမ်းခြင်း၊ ကုန်စည်တင်ခြင်း၊ ကုန်စည်ချခြင်း သို့မဟုတ် သိုလှောင်ထိန်းသိမ်းခြင်းပြုရာတွင် မလုံလောက်မှု သို့မဟုတ် အားနည်းချို့ ယွင်းမှု၊

(ဃ) ကုန်စည်၏ ပင်ကိုယ်သဘာဝ ချို့ယွင်းမှု သို့မဟုတ် မမြင်သာသော ချို့ယွင်းမှု၊

(င) ဆန္ဒပြသပိတ်မှောက်မှု၊ အလုပ်ပိတ်မှု၊ အလုပ်ရပ်နားထားမှု၊ အလုပ်ကိုလုံးဝဖြစ်စေ၊ တစ်စိတ် တစ်ဒေသဖြစ်စေ မလုပ်စေရန် တားဆီးမှု၊

(စ) သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်မှု သို့မဟုတ် မလွန်ဆန်နိုင်သောဖြစ်ရပ်များ ပေါ်ပေါက်မှု။

၆၈။ ဘက်စုံပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူသည် နည်းဥပဒေ ၆၆ ပါ အခြေအနေများအပြင် ပင်လယ်ရေကြောင်းနှင့် ပြည်တွင်းရေကြောင်းတို့ဖြင့် ကုန်စည်များပို့ဆောင်ရာ၌ ဆုံးရှုံးမှု၊ ပျက်စီးမှု သို့မဟုတ် ကုန်စည်လွှဲပြောင်းပေးပို့ရန်နှောင့်နှေးကြန့်ကြာမှုအတွက် အောက်ပါအခြေ အနေ တစ်ရပ်ရပ် ပေါ်ပေါက်ပါကလည်း တာဝန်မရှိစေရ -

(က) ရေယာဉ်မှူး၊ သင်္ဘောသား၊ ရေကြောင်းပြအရာရှိ သို့မဟုတ် သယ်ယူပို့ဆောင်သူ၏ ဝန်ထမ်း၏ တမင်ပြုလုပ်မှု၊ ပေါ့ဆမှု သို့မဟုတ် ပျက်ကွက်မှု၊

(ခ) သယ်ယူပို့ဆောင်သူ၏ အပြစ်ကြောင့်မဟုတ်ဘဲ မီးလောင်မှု သို့မဟုတ် ၎င်းပါဝင် ဆက်စပ်ခြင်း၊ သိရှိခြင်းမရှိဘဲ မီးလောင်မှု၊

(ဂ) သတ်မှတ်ရေကြောင်းခရီးစဉ် စတင်ချိန်၌ အသုံးပြုသည့်သင်္ဘောမှာ သွားလာရေးအတွက် ကြံ့ခိုင်၍ လိုအပ်ချက်များ ပြည့်စုံမှုရှိကြောင်း ဘက်စုံပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူက သက်သေထင်ရှားပြသ နိုင်ပြီး သတ်မှတ်ရေကြောင်းခရီးစဉ်အတွင်းတွင် သင်္ဘောမှာ ကြံ့ခိုင်ခြင်း၊ လိုအပ်ချက်များပြည့်စုံခြင်း မရှိဖြစ်လာမှု။

၆၉။ ကုန်စည်ဆုံးရှုံးခြင်း သို့မဟုတ် ပျက်စီးခြင်းအတွက် လျော်ကြေးကို စည်းကြပ်ရာ၌ ကုန်စည်လက်ခံသူသို့ ကုန်စည်လွှဲပြောင်းပေးပို့သည့် နေရာနှင့်ကာလတို့တွင်တည်ရှိသော ကုန်စည်တန်ဖိုးကိုသော်လည်းကောင်း၊ ပဋိညာဉ်နှင့်အညီ ကုန်စည်လွှဲပြောင်းပေးပို့ရမည့် နေရာနှင့် ကာလတို့တွင် တည်ရှိသော ကုန်စည်တန်ဖိုးကို သော်လည်းကောင်း အခြေခံရမည်။

၇၀။ (က) နည်းဥပဒေ ၆၉ ပါ ကုန်စည်တန်ဖိုးနှင့် စပ်လျဉ်း၍ လက်ရှိဖြစ်ပေါ်နေသည့် ကုန်စည်ချင်း ဖလှယ်သည့်ကုန်စည်ဒိုင်ဈေးနှုန်းကိုသော်လည်းကောင်း၊ အဆိုပါဈေးနှုန်းမရှိလျှင် ကာလ ပေါက်ဈေးနှုန်းကိုသော်လည်းကောင်း၊ အဆိုပါ ကုန်ပစ္စည်းချင်းဖလှယ်သည့်ဈေးနှုန်းနှင့် ကာလပေါက်ဈေးနှုန်းတို့မရှိလျှင် အဆိုပါကုန်စည်အမျိုးအစားနှင့် အရည်အသွေးတူ ကုန်စည်၏ ပုံမှန်တန်ဖိုးကိုသော်လည်းကောင်း အခြေခံ၍တွက်ချက်ပြီး ဆုံးဖြတ်ရမည်။

(ခ) နည်းဥပဒေခွဲ (က) အရတွက်ချက်ပြီး ဆုံးဖြတ်ရရှိသည့် ကုန်စည်တန်ဖိုးသည် ဘက်စုံ ပို့ဆောင်ရေးကုန်စည်တင်ဆောင်သည့် သက်သေခံအထောက်အထားလက်မှတ်၌ ပါရှိ သော တန်ဖိုးထက်နည်းလျှင် ထိုနည်းသောတန်ဖိုးကိုသာ ပေးလျော်ရန်တာဝန်ရှိပြီး များနေလျှင် အဆိုပါသက်သေခံ အထောက်အထား လက်မှတ်၌ပါရှိသော တန်ဖိုးကိုသာ လျှင် ပေးလျော်ရန်တာဝန်ရှိစေရမည်။

အခန်း (၁၁)
ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူ၏ ပေးရန်တာဝန်ရှိမှု ကန့်သတ်ချက်

၇၁။ ကုန်စည်ကို ဘက်စုံပို့ဆောင်ရေးဖြင့် သယ်ယူပို့ဆောင်ရာ၌ မည်သည့်လမ်းခရီးတစ်ခုတွင် ကုန်စည်ဆုံးရှုံးကြောင်း သို့မဟုတ် ပျက်စီးကြောင်း အတိအကျခွဲခြား၍မရနိုင်သည့်ကိစ္စတွင် ဘက်စုံပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူ၏ ပေးရန်တာဝန်ရှိမှုသည် ၎င်းက ဘက်စုံပို့ဆောင်ရေး ဖြင့် ပို့ဆောင်ရန်တာဝန်မယူမီ ကုန်စည်အပ်နှံသူက ကုန်စည်၏သဘာဝနှင့် တန်ဖိုးကို ကြေညာ ခြင်းမပြုခဲ့သည့်အပြင် ဘက်စုံပို့ဆောင်ရေး ကုန်စည်တင်ဆောင်သည့် သက်သေခံ အထောက် အထားလက်မှတ်တွင်လည်း ထည့်သွင်းဖော်ပြခဲ့ခြင်းမရှိခဲ့လျှင် အောက်ဖော်ပြပါ ငွေပမာဏ နှစ်ရပ်အနက်များရာ ငွေပမာဏအထိသာ ဘက်စုံပို့ဆောင်ရေးဥပဒေ ပုဒ်မ ၂၆ အရ ပေးလျော်ရန် တာဝန်ရှိစေရမည်-

(က) ဆုံးရှုံးသည့် သို့မဟုတ် ပျက်စီးသည့် ကုန်စည်ထုပ်ပိုးပစ္စည်းတစ်ခု သို့မဟုတ် တစ်ယူနစ် အတွက် အထူးငွေကြေးထုတ်ယူပိုင်ခွင့်ယူနစ် ၆၆၆.၆၇ ယူနစ်နှင့် ညီမျှသောငွေ ထက်မပို သော ငွေပမာဏ၊ သို့မဟုတ်

(ခ) ဆုံးရှုံးသည့် သို့မဟုတ် ပျက်စီးသည့် ကုန်စည်၏ စုစုပေါင်းအလေးချိန် ၁ ကီလိုဂရမ် အတွက် အထူးငွေကြေး ထုတ်ယူပိုင်ခွင့်ယူနစ် ၂ ယူနစ်နှင့်ညီမျှသော ငွေထက်မပိုသော ငွေပမာဏ။

၇၂။ နည်းဥပဒေ ၇၁ ပါ ပေးရန်တာဝန်ရှိမှု ကန့်သတ်ချက် မည်သို့ပင် ပြဋ္ဌာန်းပါရှိစေကာမူ ဘက်စုံ ပို့ဆောင်ရေးတွင် ပဋိညာဉ်အရ ပင်လယ်ရေကြောင်း သို့မဟုတ် ပြည်တွင်းရေကြောင်းခရီးဖြင့် ကုန်စည်ပို့ဆောင်ခြင်းမပါဝင်ပါက ဘက်စုံပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူ၏ ပေးလျော်ရန် တာဝန်သည် ဆုံးရှုံးသော သို့မဟုတ် ပျက်စီးသောကုန်စည်၏ စုစုပေါင်းအလေးချိန် ၁ ကီလိုဂရမ် အတွက် အထူးငွေကြေး ထုတ် ယူပိုင်ခွင့် ယူနစ် ၈.၃၃ ယူနစ်ထက် မပိုစေရ။

၇၃။ ပို့ဆောင်ရေးကုန်သေတ္တာ သို့မဟုတ် ကုန်စည်တင်အခင်းပြားကို ထုပ်ပိုးပစ္စည်းတစ်ခု သို့မဟုတ် တစ်ယူနစ်ထက်ပို၍ ကုန်စည်တင်သည့်အခါ ဘက်စုံပို့ဆောင်ရေး ကုန်စည်တင်ဆောင်သည့် သက်သေခံအထောက်အထားလက်မှတ်တွင် တစ်ခုချင်းစီသီးခြားဖော်ပြ၍ စာရင်းသွင်းထား သော ထုပ်ပိုးပစ္စည်း သို့မဟုတ် အခြားသင်္ဘောတင်ပစ္စည်း ယူနစ်များသည် ထုပ်ပိုးပစ္စည်း သို့မဟုတ် သင်္ဘောတင်ပစ္စည်းများဖြစ်သည်ဟု မှတ်ယူရမည်။ ထိုသို့ ဘက်စုံပို့ဆောင်ရေး ကုန်စည်တင်ဆောင်သည့် သက်သေခံအထောက်အထားလက်မှတ်တွင် တစ်ခုချင်းစီသီးခြား ဖော်ပြ၍ စာရင်းသွင်းမထားဘဲ ကုန်စည်များကို ကွန်တိန်နာတစ်ခု၊ အိတ်တစ်အိတ်၊ အထုပ်တစ်ထုပ် သို့မဟုတ် အလားတူထုပ်ပိုးပစ္စည်းတစ်ခုတည်းတွင် စုပေါင်း၍ ထည့်သွင်းထား သော ပစ္စည်းကို သင်္ဘောတင်ပစ္စည်း တစ်ယူနစ်ဖြစ်သည်ဟု မှတ်ယူရမည်။

၇၄။ ဘက်စုံပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူသည် ကုန်စည်ဆုံးရှုံးမှုနှင့် ပျက်စီးမှုမှအပ ကုန်စည် ထုတ်ပေးရာတွင် နှောင့်နှေးကြန့်ကြာမှုကြောင့် ဆုံးရှုံးမှု သို့မဟုတ် နောက်ဆက်တွဲဖြစ်ပေါ် လာသည့် ဆုံးရှုံးနစ်နာမှုအတွက် ပေးလျော်ရန်တာဝန်ရှိလျှင် ထိုသူ၏ တာဝန်ရှိမှုသည် ပဋိညာဉ် အရ ကုန်စည် သယ်ယူပို့ဆောင်ခနှင့်ညီမျှသော ငွေပမာဏထက် မပိုစေရ။

၇၅။ ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူ၏ စုစုပေါင်းပေးလျော်ရန် တာဝန်ရှိမှုသည် ကုန်စည် အားလုံးဆုံးရှုံးမှုအတွက် ပေးလျော်ရန် တာဝန်ထက် မပိုစေရ။

၇၆။ ကုန်စည်ဆုံးရှုံးမှု၊ ပျက်စီးမှု သို့မဟုတ် ကုန်စည် လွှဲပြောင်းပေးပို့ရန် နှောင့်နှေးကြန့်ကြာမှုသည် ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူက ထိုသို့ဆုံးရှုံးစေရန်၊ ပျက်စီးစေရန် သို့မဟုတ် နှောင့်နှေးကြန့်ကြာစေရန် ရည်ရွယ်၍ အလေးမထား ဂရုမစိုက်ဘဲသိလျက်နှင့် ပုဂ္ဂိုလ်ရေးအရ ပြုလုပ်ကြောင်း သို့မဟုတ် ပျက်ကွက်ကြောင်း သက်သေထင်ရှားပြသနိုင်လျှင် ဘက်စုံပို့ဆောင် ရေးလုပ်ငန်း လုပ်ကိုင်သူသည် ပေးလျော်ရန်တာဝန် ကန့်သတ်ချက် အကျိုးကျေးဇူးကို ခံစားခွင့် မရှိစေရ။

၇၇။ ကုန်စည်ဆုံးရှုံးမှု သို့မဟုတ် ပျက်စီးမှုသည် ဘက်စုံပို့ဆောင်ရေး၏ သီးခြားပို့ဆောင်ရေး နည်းလမ်းတစ်လမ်းဖြင့် ပို့ဆောင်သည့်ကာလအတွင်း ပေါ်ပေါက်သည့်အခါ အဆိုပါဆုံးရှုံးမှု သို့မဟုတ် ပျက်စီးမှုအတွက် ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူ၏ ပေးလျော်ရန်တာဝန် ကန့်သတ်ချက်နှင့် စပ်လျဉ်း၍ -

(က) သီးခြားသယ်ယူပို့ဆောင်ရေး နည်းလမ်းအတွက် ပဋိညာဉ်ကိုလည်း သီးခြားချုပ်ဆို ထားပြီး အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း သို့မဟုတ် ဒေသဆိုင်ရာသဘောတူစာချုပ်တွင် အခြားပေးရန်တာဝန်ကန့်သတ်ချက်နှင့်လည်းကောင်း၊ ဘက်စုံပို့ဆောင်ရေးဥပဒေနှင့် ဤနည်းဥပဒေများနှင့်လည်းကောင်း မဆန့်ကျင်လျှင် အဆိုပါပဋိညာဉ်အတိုင်း ပေးလျော် ရန် တာဝန်ရှိစေရမည်။

(ခ) နည်းဥပဒေခွဲ (က) ပါ သီးခြား သယ်ယူပို့ဆောင်ရေးနည်းလမ်းတစ်ခုခုအတွက် ပဋိညာဉ်ကို သီးခြားချုပ်ဆိုထားခြင်းမရှိလျှင် ဗဟိုအဖွဲ့က ဤနည်းဥပဒေများပါ ပြဋ္ဌာန်းသတ်မှတ်ချက် များကို အခြေခံ၍ သတ်မှတ်သည့်အတိုင်း ဖြစ်စေရမည်။

အခန်း (၁၂)
ဘေးအန္တရာယ် ဖြစ်စေတတ်သောကုန်စည်ကို ဘက်စုံသယ်ယူပို့ဆောင်ခြင်း

၇၈။ ကုန်စည်အပ်နှံသူ၊ ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူနှင့် သယ်ယူပို့ဆောင်သူတို့သည် ဘေး အန္တရာယ် ဖြစ်စေတတ်သော ကုန်စည်များကို ထုပ်ပိုးခြင်း၊ သိုလှောင်ထားရှိခြင်း၊ ကုန်တင်ကုန်ချ ပြုလုပ်ခြင်း၊ ကုန်စည်၏အမျိုးအစားနှင့် သဘောသဘာဝတို့ကို တိကျမှန်ကန်စွာဖော်ပြခြင်း၊ တံဆိပ်အမှတ်အသားများကပ်ခြင်း၊ ချိတ်ဆွဲခြင်း၊ ကြိုတင်၍သတိထားဆောင်ရွက်ရမည့် အချက်များကို ကြိုတင်အကြောင်းကြားခြင်း၊ စည်းမျဉ်းစည်းကမ်းနှင့်အညီထားသို၍ သယ်ယူ ပို့ဆောင်ခြင်းတို့နှင့်စပ်လျဉ်း၍ တည်ဆဲဥပဒေများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေနှင့် စည်းမျဉ်း စည်းကမ်းများကိုလည်းကောင်း၊ ဖြတ်သန်း၍ သယ်ယူပို့ဆောင်မည့်နိုင်ငံနှင့် ခရီးလမ်းဆုံးနိုင်ငံ တို့၏ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကိုလည်းကောင်း သိရှိနားလည်ကြပြီး အထူးဂရုပြု၍ လိုက်နာဆောင်ရွက်ကြရမည်။

၇၉။ ကုန်စည်အပ်နှံသူသည် ဘက်စုံပို့ဆောင်ရေးဥပဒေ အခန်း (၉) ပါ မိမိ၏တာဝန်နှင့်ပေးအပ်ရန် တာဝန်များကိုမထိခိုက်စေဘဲ ဘက်စုံသယ်ယူပို့ဆောင်မည့် ဘေးအန္တရာယ်ဖြစ်စေတတ်သော ကုန်စည်နှင့် စပ်လျဉ်း၍ တည်ဆဲဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အောက်ပါအတိုင်းဆောင်ရွက်ပြီး ဘက်စုံပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူအား အသိပေး အကြောင်းကြားထားရမည် -

(က) ကုန်စည်၏ဘေးအန္တရာယ်ဖြစ်စေနိုင်မှု အတန်းအစားအမှတ်နှင့် ဖြစ်ပေါ်လာနိုင်သည့်ဘေး အန္တရာယ် သဘာဝဖော်ပြရမည်။

(ခ) ကုန်းလမ်း၊ ရထားလမ်းနှင့် ရေကြောင်း၊ လေကြောင်းခရီးအလိုက်ရော၍ထားနိုင်သည့် ကုန်စည်နှင့် သီးခြားခွဲ၍ ထားရမည့်ကုန်စည်အမျိုးအမည်နှင့် သယ်ဆောင်ရာတွင် ထားသိုရမည့်နည်းလမ်း ဖော်ပြရ မည်။

(ဂ) ကုန်စည်သည် မည်သို့သော ဘေးအန္တရာယ်ရှိသည်ကို သိမြင်နိုင်ရန် ထုပ်ပိုးပစ္စည်းနှင့် ကွန်တိန်နာ အပြင်ဘက်တွင် သတ်မှတ်ထားသော အရောင်၊ အမှတ်အသား၊ သင်္ကေတဖြင့် အမှတ်တံဆိပ်ဖြစ်စေ၊ ချိတ်ဆွဲတံဆိပ်ဖြစ်စေ၊ ကတ်ပြားတံဆိပ် အမှတ်အသားဖြစ်စေ ပြုလုပ်တပ်ဆင်ထားရမည်။

(ဃ) ကုန်စည်ကို သယ်ဆောင်သည့် ယာဉ်အမည်နှင့် အမျိုးအစားကို ဖော်ပြရမည်။

(င) ဘေးအန္တရာယ် ဖြစ်စေတတ်သော ကုန်စည်ဖြစ်သည့် ကုန်စည်နှင့်စပ်လျဉ်း၍ ကုန်စည်၏ သဘာဝ၊ ကုန်အမှတ်တံဆိပ်၊ ကိန်းဂဏန်းနံပါတ်၊ အလေးချိန်၊ ပမာဏနှင့် အရေအတွက်တို့ကိုလည်းကောင်း၊ အခြားလိုအပ်သော အချက်အလက်များကို လည်းကောင်း သက်ဆိုင်ရာပုဂ္ဂိုလ်၊ အကောက်ခွန်ဌာနနှင့် ပို့ဆောင်ရေးကဏ္ဍအလိုက် စီမံခန့်ခွဲကြီးကြပ်ရသည့်ဌာနနှင့် အဖွဲ့အစည်းများသို့တင်ပြ၍ ခွင့်ပြုချက် ရယူနိုင်ရန် လိုအပ်သည့် စာရွက်စာတမ်း အထောက်အထား ပြည့်စုံစွာဖြင့်ပြုစုဖော်ပြရမည်။

(စ) ဘေးအန္တရာယ်ဖြစ်စေတတ်သော ကုန်စည်ဖြစ်သည့် ကုန်စည်အမျိုးအစား၊ အတန်းအစား၊ အရည်နှင့်ဝတ္ထုပစ္စည်းအလိုက် အရေအတွက်နှင့် အလေးချိန်ကန့်သတ်ချက်နှင့် ခိုင်ခန့် လုံခြုံမှု စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးရမည်။ ကုန်စည်အထုပ်များ၊ ပုံးများကို စုပေါင်းပြီးထုပ်ပါက အတွင်း၌ထုပ်ပိုးပြီး နောက် အပြင်၌လည်း ထပ်မံထုပ်ပိုးရမည်။

(ဆ) အကောက်ခွန်က ထုပ်ပိုးပစ္စည်းနှင့် ကွန်တိန်နာတို့တွင် စစ်ဆေးပြီးလျှင် ချိတ်တံဆိပ်ဖြင့် ပိတ်ရမည်။ ထုပ်ပိုးပစ္စည်းနှင့် ကွန်တိန်နာ၏ ချိတ်တံဆိပ် နဂိုလက်ရာ မပျက်စေရ။

၈၀။ ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူသည် ဘေးအန္တရာယ်ဖြစ်စေတတ်သော ကုန်စည်ကို တာဝန်ယူလက်ခံပြီးနောက် နည်းဥပဒေ ၇၉ ပါ အချက်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာပုဂ္ဂိုလ်၊ အကောက်ခွန်ဌာနနှင့် ပို့ဆောင်ရေးကဏ္ဍအလိုက် စီမံခန့်ခွဲကြီးကြပ်ရသည့် ဌာနနှင့်အဖွဲ့အစည်း များသို့ လိုအပ်သည့်စာရွက်စာတမ်း အထောက်အထားပြည့်စုံစွာဖြင့် တင်ပြ၍ခွင့်ပြုမိန့် တောင်းခံ ရမည်။

အခန်း (၁၃)
ဗဟိုအဖွဲ့က စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်ချမှတ်ခြင်း

၈၁။ ဘက်စုံပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူ မည်သူမျှ -

(က) ဤနည်းဥပဒေများပါ တားမြစ်ချက်တစ်ရပ်ရပ်ကိုဖြစ်စေ၊ ဘက်စုံပို့ဆောင်ရေးဥပဒေအရ ထုတ်ပြန် သည့် အမိန့်ကြော်ငြာစာနှင့်အမိန့်တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကိုဖြစ်စေ၊ မှတ်ပုံတင်စည်းကမ်းချက် တစ်ခုခုကိုဖြစ်စေ ဖောက်ဖျက်ကျူးလွန်ခြင်း မပြုရ။

(ခ) မှတ်ပုံတင်လက်မှတ်မရှိဘဲ ဘက်စုံပို့ဆောင်ရေးလုပ်ငန်းအတွက် ပဋိညာဉ်ချုပ်ဆိုခြင်း သို့မဟုတ် ဘက်စုံပို့ဆောင်ရေးကုန်စည်တင်ဆောင်သည့် သက်သေခံအထောက်အထား လက်မှတ်ကို လက်မှတ်ရေးထိုး၍ ထုတ်ပေးခြင်း မပြုရ။

၈၂။ ဗဟိုအဖွဲ့သည် နည်းဥပဒေ ၈၁ ပါ တားမြစ်ချက်ကို ပုဂ္ဂိုလ်တစ်ဦးဦးက ဖောက်ဖျက်ကျူးလွန် ကြောင်းတွေ့ရှိလျှင် သို့မဟုတ် သတင်းရရှိလျှင် ထိုဖောက်ဖျက်ကျူးလွန်သူအား စီမံခန့်ခွဲရေး ဆိုင်ရာ အမိန့်ချမှတ်နိုင်ရေးအတွက် စုံစမ်းစစ်ဆေးပြီး သဘောထားမှတ်ချက်ဖြင့် တင်ပြစေရန် မှတ်ပုံတင်အရာရှိအား တာဝန်ပေးအပ်ရမည်။

၈၃။ မှတ်ပုံတင်အရာရှိသည် -

(က) နည်းဥပဒေ ၈၂ အရ ဗဟိုအဖွဲ့က တာဝန်ပေးအပ်သည့်အခါ အမှုတွဲဖွင့်လှစ်ပြီး အောက်ပါ အတိုင်း ဆောင်ရွက်ရမည် -

(၁) ထိုကျူးလွန်ဖောက်ဖျက်သူအား ဆင့်ဆို၍ ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြင့် ဖြစ်စေ ထုချေ ဖြေရှင်းခွင့် ပေးရမည်။

(၂) ဖောက်ဖျက်ကျူးလွန်သည်ဟု စွပ်စွဲခြင်းခံရသူအား နည်းဥပဒေ ၈၁ ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း ရှိမရှိ မေးမြန်းရမည်။ ဖောက်ဖျက်ကျူးလွန် ကြောင်း ဝန်ခံပါက ထိုသို့ ဝန်ခံကြောင်းဖော်ပြပြီး အမှုတွဲနှင့်တကွ စုံစမ်းတွေ့ရှိချက်၊ သုံးသပ်ချက်နှင့် သဘောထားမှတ်ချက်တို့ကို ဗဟိုအဖွဲ့သို့ တင်ပြရမည်။

(၃) ထိုသူက ဖောက်ဖျက်ကျူးလွန်ခြင်းမရှိကြောင်း ငြင်းဆိုပါက ဖောက်ဖျက်ကျူးလွန် ခြင်းနှင့်စပ်လျဉ်း၍ လိုအပ်သည့်သက်သေများအားဆင့်ဆို၍ စစ်ဆေးပြီး ထွက်ချက် အကျဉ်းများရယူခြင်း၊ သက်သေအထောက်အထားများ၊ စာရွက်စာတမ်းများ တင်ပြ စေခြင်းတို့ ပြုရမည်။

(၄) လိုအပ်ပါက ဖောက်ဖျက်ကျူးလွန်ခြင်းနှင့် စပ်လျဉ်း၍ အချင်းဖြစ်နေရာသို့သွား ရောက်စုံစမ်းခြင်း နှင့် ကြည့်ရှုစစ်ဆေးခြင်း ပြုနိုင်သည်။

(၅) အထက်ပါ နည်းဥပဒေခွဲငယ် (၃) နှင့် (၄) တို့အရ လိုအပ်သလိုဆောင်ရွက်ပြီး စစ်ဆေးသည့် အမှုတွဲနှင့်တကွ စုံစမ်းတွေ့ရှိချက်၊ သုံးသပ်ချက်နှင့် သဘောထား မှတ်ချက်တို့ကို ဗဟိုအဖွဲ့သို့တင်ပြရ မည်။

(ခ) အထက်ပါ နည်းဥပဒေခွဲ (က) အရ ထိုဖောက်ဖျက်ကျူးလွန်သူအား ဆင့်ဆိုရာတွင် -

(၁) ဆင့်စာအတည်ဖြစ်သော်လည်း တမင်လာရောက် ထုချေဖြေရှင်းခြင်းမရှိလျှင် ၎င်း၏ မျက်ကွယ်၌ အထက်ပါ နည်းဥပဒေခွဲ (က)၊ နည်းဥပဒေခွဲငယ် (၃) (၄) နှင့် (၅) တို့ပါအတိုင်း သက်သေများအား စစ်ဆေးခြင်း၊ စုံစမ်းခြင်းများပြုလုပ်ပြီး စစ်ဆေး သည့်အမှုတွဲနှင့်တကွ စုံစမ်းတွေ့ရှိချက်၊ သုံးသပ်ချက် နှင့် သဘောထားမှတ်ချက် တို့ကို ဗဟိုအဖွဲ့သို့ တင်ပြရမည်။

(၂) ထိုသူမှာ ဆက်သွယ်ရန်လိပ်စာ၌ မရှိသည့်အတွက် ဆင့်စာအတည်မဖြစ်လျှင် ၎င်း၏ မျက်ကွယ်တွင် သက်သေများအား စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း မြန်မာသတင်းစာ မှလည်းကောင်း၊ ဘက်စုံပို့ဆောင်ရေးလုပ်ကိုင်သူမှာ နိုင်ငံခြားသားဖြစ်လျှင် အင်္ဂလိပ် စာဖြင့်ထုတ်ဝေသည့် သတင်းစာမှလည်းကောင်း ကြေညာပြီး ချိန်းဆိုသည့် နေ့ရက် တွင်လာရောက်ပါက နည်းဥပဒေခွဲ (ခ) နှင့်အညီ စုံစမ်းစစ်ဆေး ပြီးတင်ပြရမည်။ အကယ်၍ မလာရောက်ပါက ၎င်း၏မျက်ကွယ်တွင် စုံစမ်းစစ်ဆေးပြီး တင်ပြ ရမည်။

၈၄။ ဗဟိုအဖွဲ့သည် နည်းဥပဒေ ၈၃ အရ တင်ပြချက်ကို စိစစ်ပြီး နည်းဥပဒေ ၈၁ ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း သက်သေအထောက်အထားများ အထင်အရှား တွေ့ရှိလျှင် ထိုသူအား အောက်ပါစီမံခန့်ခွဲရေးဆိုင်ရာ အမိန့်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်-

(က) နောင်ထပ်မံ၍ ထိုတာဝန်ကို လိုက်နာရန်ပျက်ကွက်ခြင်းမရှိစေရပါ ဟူသောဝန်ခံချက် သို့မဟုတ် နောင်ထပ်မံ၍ ထိုစည်းကမ်းချက်ကို ဖောက်ဖျက်ခြင်းမပြုပါ ဟူသောဝန်ခံချက် ပြုလုပ်စေပြီး သတိပေး ခြင်း၊

(ခ) ထိုသို့သတိပေးပြီး ဒဏ်ကြေးငွေ အနည်းဆုံးကျပ် ၅ သိန်းမှ အများဆုံးကျပ် ၂၅ သိန်းအထိ ပေးဆောင်စေခြင်း၊ အကယ်၍ နိုင်ငံခြားကုမ္ပဏီဖြစ်ပါက ထိုဒဏ်ကြေးငွေနှင့်ညီမျှသော နိုင်ငံခြားငွေဖြင့် ဒဏ်ကြေးငွေပေးဆောင်စေခြင်း၊ အကယ်၍ နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားကုမ္ပဏီ၏ကိုယ်စားလှယ် ဖြစ်ပါက အဆိုပါကျပ်ငွေနှင့် ညီမျှသောနိုင်ငံခြားငွေဖြင့် ချမှတ်ခြင်း၊

(ဂ) မှတ်ပုံတင်လက်မှတ်ကို ကာလသတ်မှတ်၍ ရပ်ဆိုင်းခြင်း၊

(ဃ) မှတ်ပုံတင်လက်မှတ်ကို ပယ်ဖျက်ခြင်း။

၈၅။ ဗဟိုအဖွဲ့သည် -

(က) နည်းဥပဒေ ၈၄ အရ ချမှတ်သည့် ဒဏ်ကြေးကို သက်ဆိုင်ရာ မှတ်ပုံတင်ရုံး၏ ငွေစာရင်း သို့ ၁၅ ရက်အတွင်း ပေးသွင်းစေရန် ဒဏ်ကြေးချမှတ်ခြင်းခံရသူထံသို့ ချက်ချင်း အကြောင်းကြားစာပေးပို့ပြီး သက်ဆိုင်ရာမှတ်ပုံတင်ရုံးသို့ အမှုတွဲနှင့်အတူ ထိုအကြောင်း ကြားစာ မိတ္တူပေးပို့ရမည်။

(ခ) နည်းဥပဒေ ၈၃အရ တင်ပြချက်ကို စိစစ်သုံးသပ်ပြီး နည်းဥပဒေ ၈၁ ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်းမရှိကြောင်း ဆုံးဖြတ်ပါက ထိုသို့ဆုံးဖြတ်ကြောင်း ကို ဖောက်ဖျက်ကျူးလွန်သည်ဟု စွပ်စွဲခြင်းခံရသူထံ ချက်ချင်းအကြောင်းကြားစာ ပေးပို့ ပြီး သက်ဆိုင်ရာမှတ်ပုံတင်ရုံးသို့ အမှုတွဲနှင့်အတူ ထိုအကြောင်းကြားစာမိတ္တူကို ပေးပို့ရ မည်။

၈၆။ မှတ်ပုံတင်အရာရှိသည် -

(က) နည်းဥပဒေ ၈၄ အရ ဗဟိုအဖွဲ့က ဒဏ်ကြေးချမှတ်ခြင်းခံရသူအား မှတ်ပုံတင်ရုံး၏ ငွေစာရင်းထိန်းသိမ်းရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာငွေစာရင်းခေါင်းစဉ် သို့ ပေးသွင်းစေရမည်။

(ခ) နည်းဥပဒေ ၈၄ အရ ဒဏ်ကြေးချမှတ်ခြင်းခံရသူက ဒဏ်ကြေးပေးဆောင်ခြင်းမပြုလျှင် ဘက်စုံ ပို့ဆောင်ရေးဥပဒေ ပုဒ်မ ၅၆ အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်အရ ထိုသို့ ပေးဆောင်ရန် ပျက်ကွက်သည့်ဒဏ်ကြေးများကို ကော်လက်တာအရာရှိ၏ အခွင့်အာဏာ ကိုကျင့်သုံး၍ ဝင်ငွေခွန်မပြေကျန်ငွေကို အရကောက်ခံသကဲ့သို့ ဒဏ်ကြေးချမှတ်ခြင်း ခံရသူပိုင် ရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် မရွှေ့ပြောင်းနိုင် သောပစ္စည်းများကို တည်ဆဲ ဥပဒေများကို အထောက်အထားပြုပြီး ဝရမ်းကပ်၍ ထုခွဲရောင်းချပြီး အရယူနိုင်သည်။

၈၇။ မှတ်ပုံတင်လက်မှတ် ကိုင်ဆောင်သူသည် -

(က) နည်းဥပဒေ ၈၄၊ နည်းဥပဒေခွဲ (ဂ) အရ မှတ်ပုံတင်လက်မှတ်ကို ကာလသတ်မှတ်၍ ရပ်ဆိုင်းသည့် စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်ချမှတ်ခြင်းခံရသည့်အခါ နည်းဥပဒေ ၈၈ အရ အယူခံခြင်းမရှိလျှင် ထိုအမိန့်ချမှတ်သည့်နေ့မှ ရက်သတ္တပတ် တစ်ပတ်အတွင်း ထိုသို့ ရပ်ဆိုင်းထားသည့်ကာလအထိ သက်ဆိုင်ရာ မှတ်ပုံတင်ရုံးသို့ ပြန်လည်အပ်နှံရမည်။

(ခ) နည်းဥပဒေ ၈၄၊ နည်းဥပဒေခွဲ (ဃ) အရ မှတ်ပုံတင်လက်မှတ်ကို ပယ်ဖျက်သည့် စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်ချမှတ်ခြင်းခံရသည့်အခါ နည်းဥပဒေ ၈၈ အရ အယူခံခြင်းမရှိ လျှင် ထိုအမိန့်ချမှတ်သည့်နေ့မှ ရက်သတ္တတစ်ပတ်အတွင်း သက်ဆိုင်ရာမှတ်ပုံတင်ရုံးသို့ ပြန်လည်အပ်နှံရမည်။

အခန်း (၁၄)
အယူခံခြင်း

၈၈။ နည်းဥပဒေ ၈၁ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း သက်သေ အထောက်အထားများ အထင်အရှားတွေ့ရှိသဖြင့် ဗဟိုအဖွဲ့ကချမှတ်သော စီမံခန့်ခွဲရေးဆိုင်ရာ အမိန့် တစ်ရပ်ရပ်ကို မကျေနပ်သူသည် -

(က) ထိုအမိန့်ချမှတ်သည်ကို သိရှိသည့်နေ့မှ ရက်ပေါင်း၆၀ အတွင်း အောက်ပါအချက်အလက် များပါဝင်သည့် အယူခံလွှာကို ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြင့်ဖြစ်စေ၊ စာတိုက်မှ မှတ်ပုံတင်၍ဖြစ်စေ ဝန်ကြီးဌာနသို့ သတ်မှတ်ထားသော အခကြေးငွေပေးသွင်း၍ အယူခံနိုင်သည် -

(၁) နည်းဥပဒေ ၈၄ အရ ချမှတ်သော အမိန့်အကျဉ်းနှင့် ထိုအမိန့်ချမှတ်သည့် ရက်စွဲ၊

(၂) အယူခံရသည့် အကြောင်းပြချက်၊

(၃) တောင်းဆိုသည့် သက်သာခွင့်၊

(၄) အယူခံသူအမည်၊ ရာထူးတာဝန်နှင့် နေရပ်လိပ်စာ ဖော်ပြချက်၊

(ခ) အယူခံလွှာတွင် ကုမ္ပဏီ၏ ရုံးတံဆိပ်ရိုက်နှိပ်ပြီး တာဝန်ရှိသူဒါရိုက်တာအဖွဲ့ဝင် သို့မဟုတ် ဒါရိုက်တာအဖွဲ့က နည်းလမ်းတကျ လွှဲအပ်သည့် ပုဂ္ဂိုလ်က လက်မှတ်ရေးထိုးရမည်။

(ဂ) အယူခံရာတွင် အောက်ပါစာရွက်စာတမ်း အထောက်အထားများ ပူးတွဲပါရှိရမည် -

(၁) နည်းဥပဒေ ၈၄ အရ ချမှတ်သော အမိန့်တစ်ရပ်ရပ်၏မိတ္တူ၊

(၂) ဘက်စုံပို့ဆောင်ရေး မှတ်ပုံတင်လက်မှတ် မိတ္တူ၊

(၃) လျှောက်ထားသူ ကုမ္ပဏီ၏ မှတ်ပုံတင်လက်မှတ် မိတ္တူ၊

(၄) နောက်ဆက်တွဲ (က) ဖြင့် သတ်မှတ်ထားသော အယူခံလျှောက်ထားခကို ပို့ဆောင်ရေး ဝန်ကြီးဌာန ၏ ငွေစာရင်းသို့ ပေးသွင်းပြီးကြောင်း ငွေသွင်းချလံမိတ္တူ သို့မဟုတ် ငွေပေးသွင်းရန် မျဉ်းသားချက် လက်မှတ်။

(၅) အယူခံလွှာ အပိုမိတ္တူ ၂ စောင်။

၈၉။ ဝန်ကြီးဌာနသည် နည်းဥပဒေ ၈၈ အရ အယူခံလျှောက်ထားသည့်ကိစ္စကိုစိစစ်၍ လျှောက်ထား သူအား ဖြေရှင်းခွင့်ပေးပြီး အယူခံလျှောက်လွှာကိုလက်ခံရရှိသည့်နေ့မှ ၄၅ ရက်အတွင်း အောက်ပါ အတိုင်း အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ချမှတ်ခြင်း ပြုနိုင်သည် -

(က) ဗဟိုအဖွဲ့ကချမှတ်သော စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်တစ်ရပ်ရပ်ကို သက်သေခံချက် အထောက်အထားများအရ ပြင်ဆင်ရန် သို့မဟုတ် ပယ်ဖျက်ရန် အကြောင်းမရှိလျှင် အယူခံလွှာကို ပလပ်နိုင်သည်။

(ခ) သက်သေခံချက် အထောက်အထားများအရ မှတ်ပုံတင်လက်မှတ် ပယ်ဖျက်သည့် အမိန့်အား မှတ်ပုံတင်လက်မှတ်ကို ကာလသတ်မှတ်၍ ယာယီရပ်ဆိုင်းသည့်အမိန့်သို့ ပြောင်းလဲပြင်ဆင်၍ နည်းဥပဒေ ၈၄၊ နည်းဥပဒေခွဲ(ခ) အရ သတ်မှတ်ထားသော ဒဏ်ကြေးငွေ ချမှတ်နိုင်သည်။

(ဂ) မှတ်ပုံတင်လက်မှတ်ကို ကာလသတ်မှတ်၍ ယာယီရပ်ဆိုင်းသည့်အမိန့်အား ဝန်ခံချက် ပြုလုပ်၍ သတိပေးသည့်အမိန့် သို့မဟုတ် ထိုသို့သတိပေးပြီး နည်းဥပဒေ ၈၄၊ နည်းဥပဒေခွဲ (ခ) အရ သတ်မှတ်ထားသော ဒဏ်ကြေးငွေပေးဆောင်စေရန် ပြောင်းလဲ ပြင်ဆင်၍ အမိန့်ချမှတ်နိုင်သည်။

(ဃ) စီမံခန်ခွဲရေးဆိုင်ရာ အမိန့်တစ်ရပ်ရပ်ကိုချမှတ်နိုင်ရန် ခိုင်လုံသောသက်သေခံချက် အထောက်အထား မတွေ့ရှိရလျှင် အယူခံလျှောက်ထားချက်ကိုလက်ခံပြီး ဗဟိုအဖွဲ့၏ အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို ပယ်ဖျက်နိုင်သည်။

(င) စုံစမ်းစစ်ဆေးချက်များနှင့် သက်သေခံအထောက်အထားများပြည့်စုံမှုမရှိသဖြင့် ထပ်မံ၍ မှတ်ပုံတင်အရာရှိက စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီး ဗဟိုအဖွဲ့က စီမံခန့်ခွဲရေးဆိုင်ရာ အမိန့် ပြန်လည်ချမှတ်ရန် ညွှန်ကြားခြင်း ပြုနိုင်သည်။

(စ) ရရှိသောသတင်းအချက်အလက်များအရ နောက်ထပ်အမိန့်တစ်စုံတစ်ရာမရမချင်း အယူခံ မှုအတောအတွင်း ဗဟိုအဖွဲ့ကချမှတ်သော အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို ဆိုင်းငံ့သည့် အမိန့်ချမှတ် နိုင်သည်။

၉၀။ အယူခံလျှောက်ထားသူသည် ဗဟိုအဖွဲ့က နည်းဥပဒေ ၈၄၊ နည်းဥပဒေခွဲ (ဂ) အရ ချမှတ်သည့် မှတ်ပုံတင်လက်မှတ်အား ကာလသတ်မှတ်၍ ယာယီရပ်ဆိုင်းသည့် အမိန့်ကိုဖြစ်စေ၊ နည်းဥပဒေ ၈၄၊ နည်းဥပဒေခွဲ (ဃ) အရ ချမှတ်သည့် မှတ်ပုံတင်လက်မှတ်အား ပယ်ဖျက်သည့်အမိန့် ကိုဖြစ်စေ ကျေနပ်မှုမရှိ၍ အယူခံရာတွင် -

(က) မှတ်ပုံတင်လက်မှတ်ကို အယူခံမှုအတောအတွင်း သက်ဆိုင်ရာမှတ်ပုံတင်ရုံးသို့ပြန်လည် ပေးအပ်ရန်မလို။

(ခ) နည်းဥပဒေ ၈၄၊ နည်းဥပဒေခွဲ (ဂ) သို့မဟုတ် (ဃ) အရ ချမှတ်သည့် မှတ်ပုံတင် လက်မှတ် ကို ကာလသတ်မှတ်၍ ယာယီရပ်ဆိုင်းသည့် အမိန့်ကိုဖြစ်စေ၊ ပယ်ဖျက်သည့် အမိန့်ကို ဖြစ်စေ အယူခံမှုတွင်အတည်ပြုသည့်အခါ မှတ်ပုံတင်လက်မှတ်ကို မှတ်ပုံတင်ရုံး သို့ ပြန်လည်ပေးအပ်ရမည်။

(ဂ) ဝန်ကြီးဌာနက နည်းဥပဒေ ၈၉၊ နည်းဥပဒေခွဲ (စ) အရ အယူခံမှုကို ဆိုင်းငံ့သည့် အမိန့် ချမှတ်ခြင်း မရှိလျှင် ဘက်စုံပို့ဆောင်ရေးလုပ်ငန်းကို ရပ်ဆိုင်းထားရမည်။

အခန်း (၁၅)
တောင်းဆိုမှုများအတွက် ကာလစည်းကမ်းသတ်

၉၁။ ဘက်စုံပို့ဆောင်ရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ ပဋိညာဉ်အရဖြစ်စေ၊ တရားမနစ်နာမှုဥပဒေအရ ဖြစ်စေ သက်သာခွင့်တောင်းဆိုလိုသူသည် သက်ဆိုင်ရာ စီရင်ပိုင်ခွင့်ရှိသော တရားရုံး သို့မဟုတ် အနုညာတ ခုံသမာဓိရုံးသို့ အောက်ဖော်ပြပါ နေ့ရက်အသီးသီးမှ ၁ နှစ် အတွင်း အမှုစွဲဆိုရမည်။ ထိုကာလအတွင်း အမှုစွဲဆိုခြင်းမပြုလျှင် အဆိုပါသက်သာခွင့်အတွက် အမှုစွဲဆိုခွင့်မရှိစေရ -

(က) ကုန်စည်လက်ခံသူထံသို့ ကုန်စည်ကို လွှဲပြောင်းပေးပို့ ပြီးသည့်နေ့ရက်၊

(ခ) ကုန်စည်ကို လွှဲပြောင်းပေးပို့ပြီး မဟုတ်လျှင် ကုန်စည်ကို လွှဲပြောင်းပေးပို့သင့်သော နေ့ ရက်။

၉၂။ ဘက်စုံပို့ဆောင်ရေးလုပ်ငန်းမှ ပေါ်ပေါက်သော အငြင်းပွားမှုအတွက် ပဋိညာဉ်အရဖြစ်စေ၊ တရားမနစ်နာမှုဥပဒေအရဖြစ်စေ တောင်းဆိုသည့် သက်သာခွင့်အတွက် ကာလစည်းကမ်းသတ် နှင့် စပ်လျဉ်း၍-

(က) စီရင်ပိုင်ခွင့်ရှိသော တရားရုံးသို့ဖြစ်စေ၊ အနုညာတခုံသမာဓိရုံးသို့ဖြစ်စေ စွဲဆိုသည့်အမှု အတွက် ကာလစည်းကမ်းသတ်သည် နည်းဥပဒေ ၉၁ တွင် သတ်မှတ်ထားသည့်အတိုင်း ၁ နှစ်အတွင်းစွဲဆိုရမည်။

(ခ) အကယ်၍ အနုညာတခုံသမာဓိရုံးသို့ ဦးစွာစွဲဆိုလျှောက်ထားပြီးနောက် ထိုအမှုအတော အတွင်းဖြစ်စေ၊ အနုညာတခုံသမာဓိရုံးက ဆုံးဖြတ်ချက်ချမှတ်ပြီးနောက်ဖြစ်စေ စီရင်ပိုင်ခွင့်ရှိသော တရားရုံးသို့ ဆက်လက်၍စွဲဆိုလိုလျှင် နည်းဥပဒေ ၉၁ ပါ ကာလ စည်းကမ်းသတ် စတင်ရေတွက်ရမည့်နေ့မှ ၂ နှစ်အတွင်း စွဲဆိုရမည်။

၉၃။ နည်းဥပဒေ ၉၁ နှင့် ၉၂ တို့ပါ ကာလစည်းကမ်းသတ်အတွင်း အမှုစွဲဆိုခြင်းမပြုလျှင် အဆိုပါ သက်သာခွင့်အတွက် အမှုစွဲဆိုခွင့် မရှိစေရ။

၉၄။ တည်ဆဲကာလ စည်းကမ်းသတ်အက်ဥပဒေ၏ ပထမဇယား၌ပါရှိသော ပထမအပိုင်းရှိ တရားမမှု များနှင့်စပ်လျဉ်းသည့် ကာလစည်းကမ်းသတ်ဆိုင်ရာ ပြဋ္ဌာန်းချက်များမှအပ ကျန်ပြဋ္ဌာန်းချက်များ သည် ဘက်စုံပို့ဆောင်ရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ ပဋိညာဉ်အရဖြစ်စေ၊ တရားမနစ်နာမှုဥပဒေ အရဖြစ်စေ စွဲဆိုမှုများနှင့် သက်ဆိုင်နိုင်သမျှ သက်ဆိုင်စေရမည်။

အခန်း (၁၆)
စီရင်ပိုင်ခွင့်အာဏာ

၉၅။ ဘက်စုံပို့ဆောင်ရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ ပဋိညာဉ်အရဖြစ်စေ၊ တရားမနစ်နာမှုဥပဒေအရ ဖြစ်စေ-

(က) ဘက်စုံပို့ဆောင်ရေးဥပဒေနှင့် ဤနည်းဥပဒေများပါ ပေးရန်တာဝန်နှင့် ရပိုင်ခွင့်များ အတွက် တောင်းဆိုမှုများကို နိုင်ငံတော်၏နယ်နိမိတ်အတွင်း အောက်ဖော်ပြပါနေရာ တစ်ခုခုရှိ စီရင်ပိုင်ခွင့်ရှိသောတရားရုံးတွင် တရားလို၏ဆန္ဒအတိုင်း တရားစွဲဆိုခြင်း သို့မဟုတ် အနုညာတခုံသမာဓိဖြင့် ဖြေရှင်းခြင်း ပြုနိုင်သည် -

(၁) တရားပြိုင်၏ ပင်မစီးပွားရေးလုပ်ငန်းတည်ရှိရာ နေရာဒေသ သို့မဟုတ် အမြဲတမ်း နေထိုင်ရာ နေရာ ဒေသ၊

(၂) ပဋိညာဉ်ချုပ်ဆိုသည့်နေရာဖြစ်ပြီး တရားပြိုင်၏စီးပွားရေးလုပ်ငန်း၊ ရုံးခွဲသို့မဟုတ် ကိုယ်စားလှယ် ရှိရာ နေရာဒေသ၊

(၃) ဘက်စုံပို့ဆောင်ရေးအတွက် ကုန်စည်ကို တာဝန်ယူလက်ခံသည့်နေရာ သို့မဟုတ် ကုန်စည် လွှဲပြောင်းပေးပို့သည့် နေရာဒေသ၊

(၄) ဤကိစ္စအလို့ငှာ ပဋိညာဉ်တွင်ဖော်ပြသည့် အခြားနေရာဒေသတစ်ခုခုနှင့် ဘက်စုံ ပို့ဆောင်ရေး ကုန်စည်တင်ဆောင်သည့် သက်သေခံအထောက်အထားလက်မှတ် တွင် သက်သေခံအဖြစ် ဖော်ပြသည့် အခြားနေရာ ဒေသတစ်ခုခု။

(ခ) ပြည်ပနိုင်ငံ၏ ဘက်စုံပို့ဆောင်ရေးဆိုင်ရာဥပဒေအရ ပြည်ပနိုင်ငံ၏ စီရင်ပိုင်ခွင့်ရှိသော တရားရုံးတွင် တရားစွဲဆိုခြင်း သို့မဟုတ် အနုညာတခုံသမာဓိဖြင့် ဖြေရှင်းခြင်းပြုနိုင်သည်။

၉၆။ ဘက်စုံပို့ဆောင်ရေးလုပ်ငန်းမှ ပေါ်ပေါက်လာသော အငြင်းပွားမှုနှင့်စပ်လျဉ်း၍ ပဋိညာဉ်အရ ဖြစ်စေ၊ တရားမနစ်နာမှုဥပဒေအရဖြစ်စေ စာချုပ်ဝင်တစ်ဦးက ရပိုင်ခွင့်တောင်းဆိုပြီးနောက် စာချုပ်ဝင်တို့ နှစ်ဖက်သဘောတူညီချက်ဖြင့် သတ်မှတ်သောနေရာရှိ စီရင်ပိုင်ခွင့်ရှိသော တရားရုံး တွင် ဘက်စုံပို့ဆောင်ရေးဥပဒေနှင့် ဤနည်းဥပဒေများအရ တရားစွဲဆိုနိုင်သည်။

အခန်း (၁၇)
ထောက်ပံ့ဖြည့်ဆည်း စီမံဆောင်ရွက်မှုနှင့် ပို့ဆောင်ရေးဆိုင်ရာ လုပ်ငန်းများ၊ အဖွဲ့အစည်းများနှင့် သင်တန်းများ

၉၇။ (က) ဘက်စုံပို့ဆောင်ရေးလုပ်ငန်းနှင့် ဆက်နွယ်သော ထောက်ပံ့ဖြည့်ဆည်း စီမံဆောင်ရွက်မှု (Logistics) နှင့် ပို့ဆောင်ရေးဆိုင်ရာအဖွဲ့အစည်းများ၊ ထောက်ပံ့ဖြည့်ဆည်းမှု ကွင်းဆက် (Supply chain) ဝန်ဆောင်မှုအသင်းများနှင့် အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များ အသင်းတို့ကို ဖွဲ့စည်းလိုသူသည် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန လက်အောက်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် တည်ဆဲဥပဒေနှင့်အညီ အကျိုးအမြတ် မရည်ရွယ်သော အသင်း အဖြစ်မှတ်ပုံတင်၍ ဖွဲ့စည်းခြင်းမပြုမီ ဗဟိုအဖွဲ့၏ ကြိုတင်သဘော တူညီချက်ကို သတ်မှတ်ချက်များနှင့်အညီ ဦးစွာရယူရမည်။

(ခ) နည်းဥပဒေခွဲ (က) နှင့်အညီဖွဲ့စည်းသော အဖွဲ့အစည်းများသည် အသင်းအဖွဲ့နှင့် စပ်လျဉ်း၍ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနကချမှတ် ပေးသောစည်းကမ်းချက်များကိုလည်းကောင်း၊ လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ ဗဟို အဖွဲ့နှင့်သက်ဆိုင်ရာဝန်ကြီးဌာန၊ ဦးစီးဌာနတို့က အခါအားလျော်စွာ သတ်မှတ်ပေးသော လုပ်ငန်းဆိုင်ရာ စည်းကမ်းချက်များကို လည်းကောင်း လိုက်နာရမည်။

၉၈။ (က) ဘက်စုံပို့ဆောင်ရေးလုပ်ငန်းဆိုင်ရာသင်တန်း၊ ယင်းလုပ်ငန်းနှင့်ဆက်နွယ်သော ထောက်ပံ့ဖြည့်ဆည်း စီမံဆောင်ရွက်မှု (Logistics) သင်တန်းနှင့် ပို့ဆောင်ရေးဆိုင်ရာ သင်တန်းများ၊ ထောက်ပံ့ဖြည့်ဆည်းမှုကွင်းဆက် (Supply chain) ဝန်ဆောင်မှု သင်တန်းများ၊ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ သင်တန်းများနှင့် အခြားအလားတူသင်တန်းများကို ဖွင့်လှစ်လိုပါက ဗဟိုအဖွဲ့သို့ ခွင့်ပြုချက်ရရှိရန် သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားရမည်။

(ခ) ဗဟိုအဖွဲ့သည် နည်းဥပဒေခွဲ (က) အရ လျှောက်ထားချက်ကိုစိစစ်ပြီး စည်းကမ်းချက်များ သတ်မှတ်၍ ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။

၉၉။ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသည် နည်းဥပဒေ ၉၈၊ နည်းဥပဒေခွဲ(ခ) အရ အဆိုပါ သင်တန်းတစ်ရပ်ရပ်ကိုဖွင့်လှစ်ရန် စည်းကမ်းချက်များသတ်မှတ်၍ ခွင့်ပြုသည့်အခါ နောက်ဆက်တွဲ (က) ဖြင့် သတ်မှတ်ထားသော အခကြေးငွေကိုပေးသွင်းစေပြီး သင်တန်းဖွင့်လှစ် ရန် ခွင့်ပြုချက် လက်မှတ်ကို လျှောက်ထားသူအား ထုတ်ပေးရမည်။

(ပြင်ဆင် ၂၂.၃.၂၀၁၆)

၁၀၀။ ဗဟိုအဖွဲ့နှင့် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့သည် နည်းဥပဒေ ၉၉ အရ ခွင့်ပြုချက်လက်မှတ်ထုတ်ပေးသော အဖွဲ့အစည်းများ၊ လုပ်ငန်းများနှင့် သင်တန်းများကို ဘက်စုံ ပို့ဆောင်ရေးဥပဒေပါ ရည်ရွယ်ချက်များနှင့် ဤနည်းဥပဒေများပါလုပ်ငန်းတာဝန်များ အောင်မြင် စွာဆောင်ရွက်နိုင်ရန်အလို့ငှာ လိုအပ်သလို စစ်ဆေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ ပြုရမည်။

(ပြင်ဆင် ၂၂.၃.၂၀၁၆)

အခန်း (၁၈)
တစ်ဆင့်ဖြတ်သန်းခြင်းနှင့် အကောက်ခွန်ဦးစီးဌာန၏ တာဝန်များ

၁၀၁။ အကောက်ခွန်ဦးစီးဌာနသည် ဘက်စုံပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူက ကုန်စည်များကို နိုင်ငံတော်မှတစ်ဆင့်ဖြစ်စေ၊ နိုင်ငံတော်ကိုဖြတ်သန်း၍ဖြစ်စေ ဘက်စုံပို့ဆောင်သည့်အခါ ကုန်စည်များ ကို တစ်ဆင့်ဖြတ်သန်း၍ ဘက်စုံပို့ဆောင်ခြင်းနှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ဒေသဆိုင်ရာ သဘောတူညီချက်များပါ စည်းမျဉ်း စည်းကမ်းများနှင့် အညီ -

(က) ကုန်စည်များကို သယ်ယူပို့ဆောင်ရာတွင် တစ်ဆင့်ဖြတ်သန်းခြင်းဆိုင်ရာ အကောက်ခွန် လုပ်ထုံး လုပ်နည်းများအရ အကောက်ခွန်ရုံးတစ်ခုမှ အခြားအကောက်ခွန်ရုံးတစ်ခုသို့ အကောက်ခွန်ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် သယ်ယူပို့ဆောင်ရမည်။

(ခ) ကုန်စည်များကို တစ်ဆင့်ဖြတ်သန်း၍ သယ်ယူပို့ဆောင်ရာတွင် နိုင်ငံတော်၏လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူကျန်းမာရေး၊ ကိုယ်ကျင့်သိက္ခာတို့ကို မထိခိုက် စေရန်ကြီးကြပ်ရမည်။ ထိုသို့ ထိခိုက်နိုင်ဖွယ်ရာမရှိပါက ကုန်စည်များကို လွတ်လပ်စွာ တစ်ဆင့်ဖြတ်သန်း၍ သယ်ယူပို့ဆောင် ခွင့်ပြုရမည်။

(ဂ) ကုန်စည်များကို တစ်ဆင့်ဖြတ်သန်း၍ သယ်ယူပို့ဆောင်ရာတွင် လမ်းခရီး၌ ခိုင်လုံသော အကြောင်း မရှိဘဲ ရပ်တန့်စစ်ဆေးခြင်း သို့မဟုတ် ဖွင့်ဖောက်စစ်ဆေးခြင်း မပြုရ။

(ဃ) တစ်ဆင့်ဖြတ်သန်း၍ သင်္ဘောတင်ခြင်းဖြစ်ပါက ဖြစ်နိုင်သမျှ လိုအပ်သောသတင်း အချက် အလက်များကို ပြည့်စုံတိကျစွာရယူ၍ ဆောင်ရွက်ရမည်။

(င) ခရီးလမ်းဆုံးဖြစ်ပါက အကောက်ခွန်ရှင်းလင်းရေးအတွက် လိုအပ်သည့်ကိစ္စများကို အကောက်ခွန်ရုံးတွင် တစ်နေရာတည်း၌ တစ်ကြိမ်တည်းပြည့်စုံစွာ ဆောင်ရွက်ရမည်။

(စ) ပို့ကုန်၊ သွင်းကုန်အတွက် အကောက်ခွန်နှင့် အခြားအခကြေးငွေများကို လုပ်ထုံးလုပ်နည်း များနှင့်အညီ ကောက်ခံရမည်။ လိုအပ်ပါက အကောက်ခွန် အာမခံကြေးများကို ပေးသွင်း ရန်တောင်းခံနိုင်သည်။ အာမခံကြေးများပေးသွင်းသည့်စနစ် လွယ်ကူပြီး ရှင်းလင်းစေရ မည်။

(ဆ) အပြည်ပြည်ဆိုင်ရာ ဘက်စုံပို့ဆောင်ရေး စည်းမျဉ်းများ၊ စည်းကမ်းများကို မထိခိုက်စေဘဲ ဘက်စုံပို့ဆောင်ရေး ကုန်စည်တင်ဆောင်သည့် သက်သေခံအထောက်အထားလက်မှတ်ကို အကောက်ခွန် တစ်ဆင့်ဖြတ်သန်းခြင်း စာတမ်းအမှတ်အသား၏ တစ်စိတ်တစ်ဒေသအဖြစ် လက်ခံ၍ဆောင်ရွက်ရမည်။

အခန်း (၁၉)
အထွေထွေ

၁၀၂။ ဝန်ကြီးဌာနသည် ဘက်စုံပို့ဆောင်ရေးဥပဒေနှင့် ဤနည်းဥပဒေများပါ ပေးရန်တာဝန်အတွက် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၏ တန်ဖိုးတွက်ချက်နည်းများနှင့်အညီ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်က သတ်မှတ်သည့်အထူးငွေကြေး ထုတ်ယူပိုင်ခွင့် ယူနစ်ပမာဏနှင့်ညီမျှသော မြန်မာကျပ်ငွေ ပမာဏနှင့် ငွေလဲလှယ်နှုန်းကို အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်ကြေညာ ထားရမည်။

၁၀၃။ ဤနည်းဥပဒေများပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနနှင့် ဗဟိုအဖွဲ့တို့သည် လိုအပ်သောလုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များနှင့် ညွှန်ကြားချက်များကိုလည်းကောင်း၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသည် လိုအပ်သောအမိန့်နှင့် ညွှန်ကြားချက်များကိုလည်းကောင်း ထုတ်ပြန်နိုင်သည်။

(ပြင်ဆင် ၂၂.၃.၂၀၁၆)


(ပုံ)

ပြည်ထောင်စုဝန်ကြီး

ပို့ဆောင်ရေးဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ