ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများဆိုင်ရာ နည်းဥပဒေများ

DOWNLOAD

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန

(ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများဆိုင်ရာ နည်းဥပဒေများ)
အမိန့်ကြော်ငြာစာအမှတ် (၇၀/ ၂၀၁၈)

၁၃၈၀ ပြည့်နှစ်၊ နယုန်လပြည့်ကျော် (၇) ရက်

(၂၀၁၈ ခုနှစ်၊ ဇွန်လ ၅ ရက်)

[ ပြင်ဆင် : 29.10.2019 ]


ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း များ ဥပဒေပုဒ်မ ၈၆၊ ပုဒ်မခွဲ (က)ပါ လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘော တူညီချက် ဖြင့် အောက်ပါနည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။

အခန်း (၁)
အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။  ဤနည်းဥပဒေများကို ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများဆိုင်ရာ နည်းဥပဒေများ ဟု ခေါ်တွင်စေရမည်။

၂။  ဤနည်းဥပဒေများတွင်ပါရှိသော စကားရပ်များသည် ကုန်းလမ်းသယ်ယူပို့ဆောင်ရေး လုပ်ငန်း များ ဥပဒေတွင်ပါရှိသည့်အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။ ထို့ပြင်အောက်ပါ စကားရပ် များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-

(က)  ဥပဒေ ဆိုသည်မှာ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများဥပဒေကိုဆိုသည်။

(ခ)  အစိုးရအဖွဲ့ ဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့ကို ဆိုသည်။

(ဂ)  လျှောက်လွှာ ဆိုသည်မှာ လုပ်ငန်းလိုင်စင်လျှောက်ထားသည့် လျှောက်လွှာကို ဆိုသည်။ ယင်းစကားရပ်တွင်လိုင်စင်သက်တမ်းတိုးရန်၊ ပြင်ဆင်ရန်၊ ပြောင်းလဲရန်၊ ယာယီခွင့်ပြု လက်မှတ်ထုတ်ပေးရန်၊ ယာယီရပ်ဆိုင်းရန် သို့မဟုတ် ဖျက်သိမ်းရန် လျှောက်ထားသည့် လျှောက်လွှာလည်းပါဝင်သည်။

(ဃ)  ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်း ဆိုသည်မှာ အခကြေးငွေရယူ၍သော်လည်း ကောင်း၊ အကျိုးကျေးဇူးတစ်ခုခုအတွက်သော်လည်းကောင်း ကုန်ပစ္စည်းများကို မော် တော်ယာဉ်ဖြင့် သယ်ယူ ပို့ဆောင်သည့်လုပ်ငန်းကို ဆိုသည်။ ယင်းစကားရပ်တွင် ကုန်တင်ယာဉ်၊ ချိတ်ဆွဲယာဉ်၊ နောက်တွဲယာဉ်၊ ကုန်သေတ္တာ သို့မဟုတ် သစ်တင်ယာဉ် နှင့်စီးပွားရေးလုပ်ငန်းသုံး ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းသုံး အခြားယာဉ်များဖြင့် သယ်ယူ ပို့ဆောင်သည့် လုပ်ငန်းလည်း ပါဝင်သည်။

(င)  ခရီးစဉ်ခရီးသည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းဆိုသည်မှာ အခကြေးငွေရယူ၍ သော် လည်းကောင်း၊ အကျိုးကျေးဇူးတစ်ခုခုအတွက်သော်လည်းကောင်း သတ်မှတ်ခရီးစဉ် အတိုင်း မော်တော်ယာဉ်ဖြင့် ခရီးသည်များ သယ်ယူပို့ဆောင်သည့် လုပ်ငန်းကိုဆိုသည်။

(စ)  စင်းလုံးငှား ခရီးသည်သယ်ယူပို့ဆောင်ရေးလုပ်ငန်း ဆိုသည်မှာအခကြေးငွေရယူ၍ သော်လည်းကောင်း၊ အကျိုးကျေးဇူးတစ်ခုခုအတွက်သော်လည်းကောင်း ခရီးစဉ် သတ်မှတ်ချက်မရှိဘဲ မော်တော်ယာဉ်ကိုတစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသည့် ခရီး သည်အား အငှားသယ်ယူပို့ဆောင်သည့် အငှားယာဉ်လုပ်ငန်းကိုဆိုသည်။

(ဆ)  ပဋိညာဉ်အရ သယ်ယူပို့ဆောင်ရေးလုပ်ငန်း ဆိုသည်မှာ သယ်ယူပို့ဆောင်ရေး မော်တော် ယာဉ်ကိုငှားသူအသီးသီးအား အဆက်မပြတ် အချိန်ကာလ အပိုင်းအခြားအတွက်တစ်ဦး တည်းအသုံးပြုရန် ပေးအပ်ခြင်းအားဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက် ရန်အတွက်သော်လည်းကောင်း၊ ငှားသူအသီးသီး၏ သီးခြားလိုအပ်ချက်အတိုင်း ပြည့်စုံစေ ရန်ရည်ရွယ်၍ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် သော်လည်း ကောင်း၊ လူတစ်ဦးနှင့်ဖြစ်စေ၊ လူအချို့နှင့်ဖြစ်စေ အဆက်မပြတ် ပြုလုပ်သော ပဋိညာဉ် များအရ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးကို ဆောင်ရွက်ပေးသည့်လုပ်ငန်းကို ဆိုသည်။

(ဇ)  ကိုယ်ပိုင်စီးပွားရေးအတွက် သယ်ယူပို့ဆောင်ရေးလုပ်ငန်း ဆိုသည်မှာ တင်အားနှစ်တန် (၂၀၀၀ ကီလိုဂရမ်) နှင့်အောက် တင်ဆောင်နိုင်သောယာဉ်ဖြင့် လုပ်ငန်းလုပ်ကိုင်သူ၏ ကိုယ်ပိုင်အရောင်းအဝယ် သို့မဟုတ် စီးပွားရေးတစ်ခုခုနှင့် ဆက်စပ်သည့် ကုန်စည်များကို သယ်ယူပို့ဆောင်သည့် လုပ်ငန်းကိုဆိုသည်။

အခန်း (၂)
အမျိုးသားကော်မတီ၊ လုပ်ငန်းကော်မတီနှင့်  ဒေသဆိုင်ရာကြီးကြပ်ကွပ်ကဲရေးအဖွဲ့များ ဖွဲ့စည်းခြင်းနှင့်သက်တမ်း

၃။  ဝန်ကြီးဌာနသည် ဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁၂) နှင့် (၁၃) တို့ပါအဖွဲ့ဝင်များကို အစိုးရအဖွဲ့က အမျိုးသားကော်မတီတွင် ထည့်သွင်းဖွဲ့စည်းနိုင်ရေးအတွက်-

(က)  ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဆိုင်ရာ အဖွဲ့အစည်းများထံမှ ကိုယ်စားလှယ် အမည် စာရင်း တောင်းခံပြုစုရမည်။

(ခ)  ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ ကျွမ်းကျင်သူပညာရှင်များ၏ အမည်စာရင်းကို ပြုစုရမည်။

(ဂ)  နည်းဥပဒေခွဲ (က) နှင့် (ခ) အရ ပြုစုထားသော အမည်စာရင်းနှင့် ယင်းအမည် စာရင်းပါပုဂ္ဂိုလ်များ၏ ကိုယ်ရေးအချက်အလက်အပြည့်အစုံကို အစိုးရအဖွဲ့သို့တင်ပြ ရမည်။

၄။  အစိုးရအဖွဲ့သည် ဝန်ကြီးဌာနကတင်ပြသော ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဆိုင်ရာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်နှင့် ကျွမ်းကျင်သူပညာရှင်တို့၏ အမည်စာရင်းပါ ပုဂ္ဂိုလ် များအနက်မှ သင့်လျော်သည့် ပုဂ္ဂိုလ်များကို ရွေးချယ်ပြီး ဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ (က) အရ ဖွဲ့စည်းသော အမျိုးသားကော်မတီတွင် အဖွဲ့ဝင်များအဖြစ် ထည့်သွင်းဖွဲ့စည်းရမည်။

၅။  ဝန်ကြီးဌာနသည် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ကြီးကြပ်ကွပ်ကဲရေးလုပ်ငန်း ကော်မတီနှင့် နယ်စပ်ဖြတ်ကျော်ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ကြီးကြပ်ကွပ်ကဲ ရေး လုပ်ငန်းကော်မတီတို့တွင် အဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်နိုင်ရေးအတွက် အမည်စာရင်း ပြုစုတင်ပြရန် ဦးစီးဌာနအားတာဝန်ပေးအပ်နိုင်သည်။

၆။  ဦးစီးဌာနသည်-

(က)  သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာန၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ လည်းကောင်း၊ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းနှင့် သက်ဆိုင်သည့် အစိုးရမဟုတ် သော အဖွဲ့အစည်းများမှ လည်းကောင်း ကိုယ်စားလှယ်အမည်စာရင်းကို တောင်းခံပြုစု ရမည်။

(ခ)  ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း ကျွမ်းကျင်သောပုဂ္ဂိုလ်များ၏ အမည်စာရင်းကို ပြုစုရမည်။

(ဂ)  နည်းဥပဒေခွဲ (က) နှင့် (ခ) တို့အရ ပြုစုထားသည့် အမည်စာရင်းနှင့် ယင်းအမည် စာရင်းပါပုဂ္ဂိုလ်များ၏ ကိုယ်ရေးအချက်အလက် အပြည့်အစုံကို ဝန်ကြီးဌာနသို့ တင်ပြရ မည်။

၇။  ဝန်ကြီးဌာနသည် ဦးစီးဌာနကတင်ပြသော ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဆိုင်ရာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်နှင့်ကျွမ်းကျင်သူများ၏ အမည်စာရင်းပါ ပုဂ္ဂိုလ်များ အနက်မှ သင့်လျော်သည့် ပုဂ္ဂိုလ်များကို ရွေးချယ်ပါဝင်စေလျက် ဥပဒေ ပုဒ်မ ၇ နှင့် ပုဒ်မ ၉ တို့အရ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ကြီးကြပ်ကွပ်ကဲရေးလုပ်ငန်း ကော်မတီနှင့် နယ်စပ်ဖြတ်ကျော် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ကြီးကြပ်ကွပ်ကဲ ရေးလုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်းရမည်။

၈။  အမျိုးသားကော်မတီသည် သက်ဆိုင်ရာဒေသအလိုက် ဒေသဆိုင်ရာကြီးကြပ်ကွပ်ကဲရေးအဖွဲ့များ ဖွဲ့စည်းရာတွင် သင့်လျော်သော ပုဂ္ဂိုလ်များကို တာဝန်ပေးအပ်ဖွဲ့စည်းနိုင်ရေးအတွက် သက်ဆိုင် ရာဒေသရှိအုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ပြည်ထောင်စုနယ်မြေဦးစီးဌာန၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ ဦးစီးဌာနတာဝန်ခံအရာရှိအား တာဝန်ပေးအပ်နိုင်သည်။

၉။  သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ပြည်ထောင်စုနယ်မြေဦးစီးဌာန၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဌာန တာဝန်ခံအရာရှိသည်-

(က)  ဒေသဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ ဖွဲ့စည်းနိုင်ရန် သင့်လျော်သော ပုဂ္ဂိုလ်များ၏ အမည်စာရင်း ရရှိရေးအတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက် ရမည်။

(ခ)  သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များနှင့် ညှိနှိုင်းရရှိသည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းနှင့် အမည်စာရင်းပါ ပုဂ္ဂိုလ်များ၏ ကိုယ်ရေးအချက်အလက်အပြည့်အစုံကို ဒေသဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့တွင် ထည့်သွင်းဖွဲ့စည်းနိုင်ရေးအတွက် အမျိုးသားကော်မတီသို့ တင်ပြရမည်။

၁၀။  အမျိုးသားကော်မတီသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ပြည်ထောင်စု နယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဌာန တာဝန်ခံအရာရှိကတင်ပြသော အမည်စာရင်းပါ ပုဂ္ဂိုလ်များအနက်မှ သင့်လျော်သည့် ပုဂ္ဂိုလ်များ ကို ဥက္ကဋ္ဌနှင့်အဖွဲ့ဝင် များအဖြစ်လည်းကောင်း၊ သက်ဆိုင်ရာဒေသရှိ ဦးစီးဌာနမှ တာဝန်ခံ အရာရှိကို အတွင်းရေးမှူးအဖြစ် လည်းကောင်း ပါဝင်စေလျက် ဒေသဆိုင်ရာကြီးကြပ် ကွပ်ကဲရေးအဖွဲ့ကို ဖွဲ့စည်းရမည်။

၁၁။  နိုင်ငံ့ဝန်ထမ်း မဟုတ်သော အမျိုးသားကော်မတီဝင်၊ လုပ်ငန်းကော်မတီဝင်နှင့် ဒေသဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ဝင်များ၏ သက်တမ်းသည်သုံးနှစ်ဖြစ်သည်။

အခန်း (၃)
ကော်မတီဝင် သို့မဟုတ် အဖွဲ့ဝင်အဖြစ်မှ ရပ်စဲခြင်း၊ လစ်လပ်နေရာဖြည့်စွက်ခန့်ထားခြင်း

၁၂။  အစိုးရအဖွဲ့၊ အမျိုးသား ကော်မတီ သို့မဟုတ် ဝန်ကြီးဌာနကပေးအပ်သည့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်စွမ်းမရှိသော အမျိုးသားကော်မတီဝင်၊ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ကြီးကြပ်ကွပ်ကဲရေးလုပ်ငန်းကော်မတီဝင်၊ နယ်စပ်ဖြတ်ကျော်ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများ ကြီးကြပ်ကွပ်ကဲရေးလုပ်ငန်းကော်မတီဝင် သို့မဟုတ် ဒေသဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ဝင်တစ်ဦးဦးကို ယင်းအားတာဝန်ပေးအပ်သည့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းက ကော်မတီဝင်၊ လုပ်ငန်း ကော်မတီဝင် သို့မဟုတ် အဖွဲ့ဝင်အဖြစ်မှ ရပ်စဲနိုင်သည်။

၁၃။  (က)  နိုင်ငံ့ဝန်ထမ်းမဟုတ်သော အမျိုးသားကော်မတီဝင်၊ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ကြီးကြပ်ကွပ်ကဲရေးလုပ်ငန်းကော်မတီဝင်၊ နယ်စပ်ဖြတ်ကျော်ကုန်းလမ်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ကြီးကြပ်ကွပ်ကဲရေးလုပ်ငန်းကော်မတီဝင် သို့မဟုတ် ဒေသဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေး အဖွဲ့ဝင် တစ်ဦးဦးသည် သက်တမ်းမကုန်ဆုံးမီ ၎င်း၏ သဘောဆန္ဒအလျောက် ကော်မတီဝင် သို့မဟုတ် အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်လိုလျှင် ထိုသို့နှုတ်ထွက်လိုကြောင်း အမျိုးသားကော်မတီဝင်ဖြစ်ပါက အစိုးရ အဖွဲ့သို့လည်း ကောင်း၊ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ကြီးကြပ်ကွပ်ကဲရေးလုပ်ငန်း ကော်မတီဝင်နှင့် နယ်စပ်ဖြတ်ကျော် ကုန်းလမ်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ကြီးကြပ်ကွပ်ကဲရေး လုပ်ငန်းကော်မတီဝင်ဖြစ်ပါက ဝန်ကြီးဌာနသို့ လည်းကောင်း၊ ဒေသဆိုင်ရာကြီးကြပ်ကွပ်ကဲရေးအဖွဲ့ဝင်ဖြစ်ပါက အမျိုးသား ကော်မတီသို့လည်းကောင်း စာဖြင့်တင်ပြရမည်။

(ခ)  နှုတ်ထွက်ခြင်းကြောင့်ဖြစ်စေ၊ ကွယ်လွန်ခြင်းကြောင့်ဖြစ်စေ၊ အခြားအကြောင်းတစ်ရပ်ရပ် ကြောင့်ဖြစ်စေ နိုင်ငံ့ဝန်ထမ်းမဟုတ်သော အမျိုးသားကော်မတီဝင်၊ ကုန်းလမ်းသယ်ယူပို့ ဆောင်ရေးလုပ်ငန်းများ ကြီးကြပ်ကွပ်ကဲရေးလုပ်ငန်းကော်မတီဝင်၊ နယ်စပ်ဖြတ်ကျော် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း များ ကြီးကြပ်ကွပ်ကဲရေး လုပ်ငန်းကော်မတီဝင် သို့မဟုတ် ဒေသဆိုင်ရာကြီးကြပ်ကွပ်ကဲရေးအဖွဲ့ အဖွဲ့ဝင် တစ်ဦးဦး၏နေရာလစ်လပ် သည့်အခါ အမျိုးသားကော်မတီဝင်ဖြစ်ပါက ကော်မတီဝင်အသစ်ကို အစိုးရအဖွဲ့ကလည်း ကောင်း၊ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ကြီးကြပ်ကွပ်ကဲရေးလုပ်ငန်း ကော်မတီဝင်နှင့် နယ်စပ်ဖြတ်ကျော်ကုန်းလမ်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ကြီးကြပ်ကွပ်ကဲရေးလုပ်ငန်းကော်မတီဝင်ဖြစ်လျှင် ကော်မတီဝင်အသစ်ကို ဝန်ကြီးဌာနက လည်းကောင်း၊ ဒေသဆိုင်ရာကြီးကြပ်ကွပ်ကဲရေးအဖွဲ့ဝင်ဖြစ်ပါက အဖွဲ့ဝင်အသစ်ကို အမျိုးသားကော်မတီက လည်း ကောင်း ဖြည့်စွက်ခန့်အပ်ရမည်။

(ဂ)  နည်းဥပဒေခွဲ (ခ) အရအစားထိုးခန့်အပ်ခြင်းခံရသော ကော်မတီဝင် သို့မဟုတ် အဖွဲ့ဝင်၏ သက်တမ်းသည် သက်ဆိုင်ရာနိုင်ငံ့ဝန်ထမ်းမဟုတ်သော ကော်မတီဝင် သို့မဟုတ် အဖွဲ့ဝင် ၏ ကျန်ရှိသည့် သက်တမ်းကုန်ဆုံးသည်အထိသာ ဖြစ်သည်။

၁၄။  နိုင်ငံ့ဝန်ထမ်းမဟုတ်သော ကော်မတီဝင် သို့မဟုတ် အဖွဲ့ဝင်များသည် သက်တမ်းကုန်ဆုံး သော်လည်း ကော်မတီဝင် သို့မဟုတ် အဖွဲ့ဝင်အသစ်များခန့်အပ်ပြီးသည့် အချိန်ထိ၎င်း၏ တာဝန်များကို ဆက်လက်ထမ်းဆောင်ရမည်။

၁၅။  နိုင်ငံ့ဝန်ထမ်းမဟုတ်သော ကော်မတီဝင် သို့မဟုတ် အဖွဲ့ဝင်များ ခံစားခွင့်ရှိသည့် ချီးမြှင့်ငွေနှင့် စရိတ်တို့ကို ဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ်မှတ်ပေးရမည်။

အခန်း (၄)
အမျိုးသားကော်မတီ အစည်းအဝေးများ

၁၆။  အမျိုးသားကော်မတီသည် ပုံမှန်အစည်းအဝေးကို သုံးလလျှင် အနည်းဆုံးတစ်ကြိမ်ကျင်းပရမည်။ လိုအပ်ပါက အထူးအစည်းအဝေးခေါ်ယူကျင်းပနိုင်သည်။

၁၇။  အမျိုးသားကော်မတီသည်-

(က)  ပုံမှန်အစည်းအဝေးမကျင်းပမီ သက်ဆိုင်ရာ ကော်မတီဝင်များကို အနည်းဆုံးသုံးရက် ကြိုတင်၍ အစည်းအဝေးအစီအစဉ်နှင့် အတူဖိတ်ကြားရမည်။

(ခ)  အထူးအစည်းအဝေးဖြစ်ပါက အစည်းအဝေးတွင် ဆွေးနွေးမည့်အကြောင်းအရာကို ဖော်ပြ၍ ၂၄ နာရီ ကြိုတင်ဖိတ်ကြားရမည်။

၁၈။  အစည်းအဝေးကို-

(က)  အမျိုးသားကော်မတီဝင်ဦးရေ ထက်ဝက်ကျော်တက်ရောက်လျှင် အစည်းအဝေး အထ မြောက်သည်။

(ခ)  အထမြောက်ရန် လိုအပ်သောအမျိုးသားကော်မတီဝင်ဦးရေ ပြည့်မီစွာ မတက်ရောက်လျှင် ယင်းအစည်းအဝေးကို သင့်လျော်သည့် နေ့ရက်သို့ ရွှေ့ဆိုင်းကျင်းပရမည်။

(ဂ)  နည်းဥပဒေခွဲ (ခ) အရ ရွှေ့ဆိုင်းလျှင် ယင်းရွှေ့ဆိုင်းသည့် နေ့ရက်ကို အမျိုးသား ကော်မတီဝင်များ ထံစာဖြင့် အကြောင်းကြားရမည်။

၁၉။  အမျိုးသားကော်မတီ၏ အစည်းအဝေးတွင်-

(က)  အမျိုးသားကော်မတီ ဥက္ကဋ္ဌက သဘာပတိအဖြစ်ဆောင်ရွက်ရမည်။

(ခ)  ဥက္ကဋ္ဌမတက်ရောက်နိုင်လျှင် အမျိုးသားကော်မတီဝင် တစ်ဦးဦးက သဘာပတိ အဖြစ်ဆောင်ရွက်ရမည်။

၂၀။  အမျိုးသားကော်မတီအစည်းအဝေး ဆွေးနွေးဆုံးဖြတ်ချက်များကို အစည်းအဝေးတက်ရောက် သော အမျိုးသားကော်မတီဝင်တို့၏ များရာဆန္ဒမဲဖြင့်ဆုံးဖြတ်ရမည်။ သဘာပတိသည် ဆန္ဒမဲ မပေးရ။ သို့ရာတွင် ဆန္ဒမဲအရေအတွက်တူညီနေလျှင် သဘာပတိ၏ ဆန္ဒမဲသည် အဆုံးအဖြတ် ဖြစ်စေရမည်။

၂၁။  အမျိုးသားကော်မတီဝင်သည် ၎င်း၏ ဆန္ဒမဲပေးပိုင်ခွင့်ကို အခြားသူအားလွှဲအပ်ခြင်း သို့မဟုတ် ကိုယ်စားလှယ်ဖြင့် မဲပေးခြင်းမပြုရ။

၂၂။  (က)  အမျိုးသားကော်မတီသည် လုပ်ငန်းဆောင်ရွက်ရာ၌ ကျွမ်းကျင်သူပညာရှင်တစ်ဦး၏ အကူအညီကိုဖြစ်စေ၊ အကြံဉာဏ်ကိုဖြစ်စေရယူရန်လိုအပ်လျှင် ယင်းပုဂ္ဂိုလ်အား အစည်း အဝေးသို့ တက်ရောက်ရန်ဖိတ်ကြားနိုင်သည်။

(ခ)  နည်းဥပဒေခွဲ (က) အရ ဖိတ်ကြားခြင်းခံရသူသည် အမျိုးသားကော်မတီက ဆွေးနွေးသည့် ကိစ္စများ တွင်ပါဝင်ဆွေးနွေးခွင့်ရှိသော်လည်း ဆန္ဒမဲပေးခွင့်မရှိစေရ။

အခန်း (၅)
ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ကြီးကြပ်ကွပ်ကဲရေးလုပ်ငန်း ကော်မတီ၏ လုပ်ငန်းတာဝန်များ

၂၃။  ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ကြီးကြပ်ကွပ်ကဲရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်း တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က)  အမျိုးသားကော်မတီကချမှတ်သော မူဝါဒနှင့် စီမံချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရန် ညှိနှိုင်းခြင်း၊ လမ်းညွှန်ခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း၊

(ခ)  ဒေသဆိုင်ရာကြီးကြပ်ကွပ်ကဲရေးအဖွဲ့တို့၏ စီမံချက်များနှင့် လုပ်ငန်းဆောင်ရွက်ချက် များကို ကြီးကြပ်ကွပ်ကဲခြင်း၊

(ဂ)  လိုအပ်ပါက ဒေသဆိုင်ရာကြီးကြပ်ကွပ်ကဲရေးအဖွဲ့များကို တစ်ဖွဲ့နှင့်တစ်ဖွဲ့ ညှိနှိုင်းပေါင်း စပ်ခြင်းနှင့် ယင်းတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း၊

(ဃ)  ဒေသဆိုင်ရာကြီးကြပ်ကွပ်ကဲရေးအဖွဲ့များကတင်ပြသည့် အခက်အခဲ၊ ပြဿနာများကို ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခြင်း၊

(င)  ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်မှုနှင့် လုပ်ငန်းဆောင်ရွက်သည့် ယာဉ်တို့၏ သွားလာမှုနှင့်စပ်လျဉ်း၍ စည်းကမ်းသတ်မှတ်ခြင်း၊

(စ)  ယာဉ်စာရင်း၊ ကုန်စည်နှင့် ခရီးသည်စာရင်းများအပြင် ပို့ဆောင်ရေးနှင့်ပတ်သက်သည့် အခြားစာရင်းဇယားများကိုဒေသဆိုင်ရာကြီးကြပ်ကွပ်ကဲရေးအဖွဲ့၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများထံမှ တောင်းခံခြင်းနှင့် စာရင်းပြုစုခြင်း။

အခန်း (၆)
နယ်စပ်ဖြတ်ကျော်ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများကြီးကြပ်ကွပ်ကဲရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များ

၂၄။  နယ်စပ်ဖြတ်ကျော် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ကြီးကြပ်ကွပ်ကဲရေးလုပ်ငန်း ကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က)  အမျိုးသားကော်မတီကချမှတ်သော မူဝါဒနှင့် စီမံချက်များအကောင်အထည်ဖော် ဆောင်ရွက်နိုင် ရန်ညှိနှိုင်းခြင်း၊ လမ်းညွှန်ခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း၊

(ခ)  အခြားစာချုပ်ဝင်နိုင်ငံမှ ပြည်တွင်းသို့ မော်တော်ယာဉ်ဖြင့် ခရီးသည်နှင့် ကုန်စည်များ ယာယီဝင်ရောက်ပို့ဆောင်ခြင်း၊ တစ်ဆင့်ဖြတ်သန်းပို့ဆောင်ခြင်းများအတွက် လျှောက် ထားမှုကို စိစစ်ခြင်းနှင့် ခွင့်ပြုခြင်း၊

(ဂ)  စာချုပ်ဝင်နိုင်ငံတစ်ခုအတွက် ခရီးသည်နှင့်ကုန်စည်ပို့ဆောင်နိုင်ရန် ခွဲတမ်းခေါက်ရေကို ကာလသတ်မှတ်ချက်ဖြင့် ခွင့်ပြုခြင်း၊

(ဃ)  အခြားစာချုပ်ဝင်နိုင်ငံတစ်ခုခုမှ သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူအား တရားဝင် ထုတ်ပေးထားသောလုပ်ငန်းလိုင်စင်ကို အသိအမှတ်ပြုပြီးခွင့်ပြုထားသည့် သတ်မှတ် လမ်းကြောင်းများ အတိုင်း ပြည်တွင်းသို့ ဝင်ရောက်ခွင့်ပြုခြင်း၊

(င)  နိုင်ငံတော်မှ တစ်ဆင့်ဖြတ်သန်း၍ အခြားစာချုပ်ဝင်နိုင်ငံသို့ သယ်ယူပို့ဆောင်သည့် ကုန်စည်များအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ဆိုင်ရာကိစ္စရပ်များ ဆုံးဖြတ်ခြင်း၊

(စ)  အခြားစာချုပ်ဝင်နိုင်ငံတစ်ခုမှ နယ်စပ်ဖြတ်ကျော်၍ ပြည်တွင်းသို့ဝင်ရောက်သည့် ကုန်စည်များ အတွက်အကောက်ခွန်နှင့် အခြားအခွန်အခများကို သတ်မှတ်ချက်များနှင့် အညီ ကောက်ခံခြင်း၊

(ဆ)  နယ်စပ်ဖြတ်ကျော်၍ ပြည်တွင်းသို့ဝင်ရောက်သည့် ယာဉ်မောင်းနှင့် ယာဉ်အကူများ အတွက် ယာယီ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်း၊

(ဇ)  စာချုပ်ဝင်နိုင်ငံများ၏ မူဘောင်သဘောတူညီချက်အရ အကောင်အထည်ဖော် ဆောင်ရွက် မည့်ကိစ္စရပ်များအား သက်ဆိုင်ရာဌာနများနှင့် ကြီးကြပ်ညှိနှိုင်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်း။

အခန်း (၇)
ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းအမျိုးအစားသတ်မှတ်ခြင်း

၂၅။  ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းကို အောက်ပါအတိုင်း အမျိုးအစားခွဲခြားသတ်မှတ်သည်-

(က)  ပြည်တွင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း၊

(၁)  အများပြည်သူအတွက် သယ်ယူပို့ဆောင်ရေးလုပ်ငန်း

(ကက) ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊

(ခခ)  ခရီးစဉ်ခရီးသည်သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊

(ဂဂ)  စင်းလုံးငှား ခရီးသည်သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊

(၂)  ပဋိညာဉ်အရသယ်ယူပို့ဆောင်ရေးလုပ်ငန်း၊

(၃)  ကိုယ်ပိုင်စီးပွားရေးအတွက် သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊

(ခ)  နယ်စပ်ဖြတ်ကျော် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း။

၂၆။  ဝန်ကြီးဌာနသည် နည်းဥပဒေ ၂၅ ပါလုပ်ငန်းအမျိုးအစားများအပြင်အခြားလုပ်ငန်း အမျိုးအစား များကို အခါအားလျော်စွာသတ်မှတ်နိုင်သည်။

အခန်း (၈)
ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် လိုအပ်ချက်များ

၂၇။  ပြည်တွင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် လိုအပ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်-

(က)  မော်တော်ယာဉ်တစ်စီးဖြင့်အသုံးပြုသည့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းဖြစ်လျှင်-

(၁)  လူပုဂ္ဂိုလ်အမည်ဖြင့် ဆောင်ရွက်ခြင်းဖြစ်လျှင် နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူကဆောင်ရွက်ခြင်း ဖြစ်ရမည်။

(၂)  အသင်းအဖွဲ့အမည်ဖြင့် ဆောင်ရွက်ခြင်းဖြစ်လျှင် နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံ သား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူများဖြင့် ဖွဲ့စည်းထားသော အသင်းအဖွဲ့ဖြစ် ရမည်။

(၃)  ကုမ္ပဏီအမည်ဖြင့် ဆောင်ရွက်ခြင်းဖြစ်လျှင် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ မှတ်ပုံတင်အရာရှိကထုတ်ပေးသည့် ကုမ္ပဏီဖွဲ့စည်းတည်ထောင်မှု သက်သေခံ လက်မှတ်ရရှိပြီးသော ကုမ္ပဏီ သို့မဟုတ် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့်ရရှိပြီးသော ရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီ ဖြစ်ရမည်။

(၄)  လျှောက်ထားသူသည် နိုင်ငံတော်၏ တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်မှုကြောင့် ပြစ်ဒဏ်ကျခံနေရသူ မဖြစ်စေရ။

(၅)  ကုန်းလမ်းသယ်ယူပို့ဆောင်ရေးနယ်ပယ်၏ စည်းမျဉ်း၊ စည်းကမ်းများကို ဖောက်ဖျက်ခြင်းကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခြင်းမပြုနိုင် စေရန် တားမြစ်ခံထားရသူ မဖြစ်စေရ။

(၆)  ယခင်က ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခဲ့ဖူးလျှင် ယင်းလုပ်ငန်း နှင့် စပ်လျဉ်း၍ စည်းမျဉ်းစည်းကမ်း ဖောက်ဖျက်သော နာမည်ပျက်စာရင်းတွင် ပါဝင်သူမဖြစ်စေရ။

<ပြင်ဆင် 29.10.2019>

(ခ)  မော်တော်ယာဉ်တစ်စီးထက်ပို၍ အသုံးပြုသည့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းဖြစ်လျှင်-

(၁)  နည်းဥပဒေခွဲ (က) ပါလိုအပ်ချက်များနှင့် ပြည့်စုံရမည်။

(၂)  လျှောက်ထားသောလုပ်ငန်းနှင့်သင့်လျော်သည့် ယာဉ်အမျိုးအစားနှင့် ယာဉ်အရေ အတွက်ရှိရမည်။

(၃)  အရည်အသွေးပြည့်မီသော လုပ်ငန်းဝန်ဆောင်မှုပေးနိုင်ခြင်း၊ လွတ်လပ်မျှတစွာ ယှဉ်ပြိုင်နိုင်စွမ်းရှိခြင်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို လုံခြုံစိတ်ချစွာ ဆောင်ရွက်နိုင်ခြင်းစသည့် လုပ်ငန်းကျွမ်းကျင်မှု ဆိုင်ရာအရည်အချင်း ပြည့်ဝမှုရှိရ မည်။

(၄)  သယ်ယူပို့ဆောင်ရေးဆောင်ရွက်ရာတွင် စီမံခန့်ခွဲမှုနှင့် အာမခံချက်ပေးနိုင်ရေး အတွက် ဘဏ္ဍာရေးခိုင်မာတောင့်တင်းမှုရှိရမည်။

(ဂ)  မြန်မာအထူးစီးပွားရေးဇုန်လုပ်ငန်းသုံးယာဉ်များအသုံးပြုသည့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းဖြစ်လျှင်-

  (၁) မြန်မာအထူးစီးပွားရေးဇုန်ဥပဒေအရ သက်ဆိုင်ရာအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီများက ဆောင်ရွက်ခွင့်ပြုထားသော ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် တည်ထောင်သူဖြစ်ကြောင်း ထောက်ခံချက်ပါရှိသည့် ကုမ္ပဏီဖြစ်ရမည်၊

(၂)  သက်ဆိုင်ရာအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီမှ ထုတ်ပေးသည့် စီးပွားရေး လုပ်ငန်း စတင်ဆောင်ရွက်သည့်နေ့ အသိအမှတ်ပြုလက်မှတ်ပါရှိရမည်၊

(၃)  လျှောက်ထားသည့်ကုမ္ပဏီမှ အဆိုပြုတင်ပြသူ၏ လိုင်စင်ဓာတ်ပုံ(၂)ပုံ ပါရှိရမည်၊

(၄)  သက်တမ်းရှိသယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်မှတ်ပုံတင်စာအုပ်မူရင်းနှင့် မိတ္တူပါရှိရမည်၊

(၅)  သယ်ယူပို့ဆောင်ရေးမော်တော်ယာဉ် ဓာတ်ပုံ(၃)ပုံ(ရှေ့၊ နောက်၊ စတီယာရင် ဘက်ဘေး)ပါရှိရမည်၊

(၆)  သက်တမ်းရှိ ကုမ္ပဏီမှတ်ပုံတင် မူရင်းနှင့်မိတ္တူ ပါရှိရမည်။

<ပြင်ဆင် 29.10.2019>                  

၂၈။  နယ်စပ်ဖြတ်ကျော် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် လိုအပ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က)  မှတ်ပုံတင်ထားသော ကုမ္ပဏီအနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ရမည်။

(ခ)  နိုင်ငံတော်၏ တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို ချိုးဖောက်၍ ပြစ်ဒဏ်ကျ ခံနေရသူ မဖြစ်စေရ။

(ဂ)  ကုန်းလမ်းသယ်ယူပို့ဆောင်ရေးနယ်ပယ်၏ စည်းမျဉ်း၊ စည်းကမ်းများကို ဖောက်ဖျက်ခြင်း ကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခြင်းမပြုနိုင်စေရန် တားမြစ်ခံထားရသူ မဖြစ်စေရ။

(ဃ)  ယခင်က ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်ခဲ့ဖူးလျှင် ယင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ စည်းမျဉ်းစည်းကမ်းဖောက်ဖျက်သော နာမည်ပျက်စာရင်းတွင် ပါဝင်သူမဖြစ် စေရ။

(င)  တစ်စီးထက်ပိုမိုသော မော်တော်ယာဉ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ရမည့်ပြင် လျှောက်ထား သော လုပ်ငန်းနှင့် သင့်လျော်သည့် ယာဉ်အမျိုးအစား၊ အဆင့်အတန်းရှိရမည်။

(စ)  အရည်အသွေးပြည့်မီသော လုပ်ငန်းဝန်ဆောင်မှုပေးနိုင်ခြင်း၊ လွတ်လပ်မျှတစွာ ယှဉ်ပြိုင်နိုင်စွမ်းရှိခြင်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို လုံခြုံစိတ်ချစွာဆောင်ရွက်နိုင် ခြင်း စသည့်လုပ်ငန်းကျွမ်းကျင်မှု ဆိုင်ရာအရည်အချင်း ပြည့်ဝမှုရှိရမည်။

(ဆ)  သယ်ယူပို့ဆောင်ရေးဆောင်ရွက်ရာတွင် စီမံခန့်ခွဲမှုနှင့် အာမခံချက်ပေးနိုင်ရေးအတွက် ဘဏ္ဍာရေး ခိုင်မာတောင့်တင်းမှုရှိရမည်။

<ပြင်ဆင် 29.10.2019>

အခန်း (၉)
ပြည်တွင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းလိုင်စင်အမျိုးအစားများ၊ လျှောက်ထားခြင်း၊ စိစစ်ခြင်းနှင့် ထုတ်ပေးခြင်း

၂၉။  ပြည်တွင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် လုပ်ငန်းလိုင်စင်ကို အောက်ပါအတိုင်း အမျိုးအစား ခွဲခြားသတ်မှတ်ပါသည်-

(က)  ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် “က” လုပ်ငန်းလိုင်စင်၊

(ခ)  ခရီးစဉ် ခရီးသည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် “ခ” လုပ်ငန်းလိုင်စင်၊

(ဂ)  စင်းလုံးငှား ခရီးသည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် “ဂ” လုပ်ငန်းလိုင်စင်၊

(ဃ)  ပဋိညာဉ်အရ သယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် “ဃ”လုပ်ငန်းလိုင်စင်၊

(င)  ကိုယ်ပိုင်စီးပွားရေးအတွက် သယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် “င”လုပ်ငန်းလိုင်စင်။

၃၀။  နည်းဥပဒေ ၃၉ နည်းဥပဒေခွဲ (ခ) အရ ထုတ်ပေးသည့် လုပ်ငန်းလိုင်စင်များတွင် ခရီးစဉ်များအား အောက်ပါအတိုင်း သတ်မှတ်ရမည်-

(က)  “က” လုပ်ငန်းလိုင်စင်ဖြစ်ပါက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အားလုံး သို့မဟုတ် ပိုင်ရှင်ဆန္ဒဖြင့် လျှောက်ထားသောခရီးစဉ်၊

(ခ)  “ခ” လုပ်ငန်းလိုင်စင်ဖြစ်ပါက သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဒေသ ဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့မှ သဘောတူခွင့်ပြုထားသည့် ခရီးစဉ်၊

(ဂ)  “ဂ” လုပ်ငန်းလိုင်စင်ဖြစ်ပါက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း သို့မဟုတ် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဒေသဆိုင်ရာကြီးကြပ်ကွပ်ကဲရေးအဖွဲ့မှ ခွင့်ပြုသည့် နယ်မြေဒေသ သို့မဟုတ် ပိုင်ရှင်ဆန္ဒဖြင့် လျှောက်ထားသော ခရီးစဉ်၊

(ဃ)  “ဃ” လုပ်ငန်းလိုင်စင်ဖြစ်ပါက ပဋိညာဉ်အရ ဆောင်ရွက်သောလုပ်ငန်းနှင့် အကျုံးဝင် သည့် ခရီးစဉ်၊

(င)  “င” လုပ်ငန်းလိုင်စင်ဖြစ်ပါက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း သို့မဟုတ် ပိုင်ရှင်ဆန္ဒဖြင့် လျှောက်ထားသောခရီးစဉ်။

၃၁။  ပြည်တွင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းလိုင်စင်ရရှိရန် သတ်မှတ်ပုံစံဖြင့် လျှောက်ထား ရမည်။ ယင်းသို့လျှောက်ထားရာတွင် အောက်ပါအထောက်အထား၊ စာရွက်စာတမ်းများ ပူးတွဲ တင်ပြရမည်-

(က)  သက်တမ်းရှိသယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်မှတ်ပုံတင်စာအုပ် မူရင်းနှင့် မိတ္တူ၊

(ခ)  သယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်ဓါတ်ပုံသုံးပုံ (ရှေ့၊ နောက်၊ စတီယာရင်ဘက်ဘေး)၊

(ဂ)  ပြစ်မှု၊ ပြစ်ဒဏ် ကင်းရှင်းမှုအထောက်အထား၊

(ဃ)  ပဋိညာဉ်အရ သယ်ယူပို့ဆောင်ရေးလုပ်ငန်းလိုင်စင်လျှောက်ထားခြင်းဖြစ်လျှင် တစ်ဦး တည်း သို့မဟုတ် ငှားသူအသီးသီးနှင့် သဘောတူညီချက်ရယူထားသည့် အထောက် အထားစာရွက်စာတမ်း မိတ္တူ၊

(င)  ကိုယ်ပိုင်စီးပွားရေးအတွက် သယ်ယူပို့ဆောင်ရေးလုပ်ငန်းလိုင်စင် လျှောက်ထားခြင်း ဖြစ်လျှင် လုပ်ငန်းလုပ်ကိုင်လိုသူ၏ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအတွက် သယ်ယူပို့ဆောင် မည်ဖြစ်ကြောင်း လျှောက်ထားသူ၏ ဝန်ခံချက်၊

(စ)  လူပုဂ္ဂိုလ်၏အမည်ဖြင့် လျှောက်ထားခြင်းဖြစ်ပါက လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) တို့၏မူရင်းနှင့်မိတ္တူ၊

(ဆ)  ကုမ္ပဏီအမည်ဖြင့် လျှောက်ထားခြင်းဖြစ်ပါက သက်တမ်းရှိကုမ္ပဏီမှတ်ပုံတင် လက်မှတ် မူရင်းနှင့်မိတ္တူ၊ အသင်းအဖွဲ့အမည်ဖြင့် လျှောက်ထားခြင်းဖြစ်ပါက အသင်းအဖွဲ့မှန်ကန် ကြောင်း ထောက်ခံချက်မူရင်းနှင့် မိတ္တူ သို့မဟုတ် အဖွဲ့ဝင်များ၏ သဘောတူကြောင်း ထောက်ခံချက်မူရင်းနှင့် မိတ္တူ၊

(ဇ)  ပြည်တွင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် လုပ်ငန်းလိုင်စင် လျှောက်ထားသူ ၏ လိုင်စင်ဓါတ်ပုံ (၂) ပုံ၊

(ဈ)  ကုမ္ပဏီ သို့မဟုတ် အသင်းအဖွဲ့အမည်ဖြင့် လျှောက်ထားခြင်းဖြစ်ပါက ကုမ္ပဏီ သို့မဟုတ် အသင်းအဖွဲ့မှ အဆိုပြုတင်ပြသူ၏ လိုင်စင်ဓါတ်ပုံ (၂) ပုံ၊

(ည)  ခရီးစဉ် ခရီးသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းလိုင်စင် လျှောက်ထားခြင်းဖြစ်ပါက အောက်ပါအချက်များပါရှိသော ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်မည့် လုပ်ငန်းစီမံချက်-

(၁)  ယာဉ်အသင်း သို့မဟုတ် အဖွဲ့အမည်၊

(၂)  အသင်း သို့မဟုတ် အဖွဲ့၏ အုပ်ချုပ်မှု အဖွဲ့ဖွဲ့စည်းပုံ၊

(၃)  ပြေးဆွဲမည့် ခရီးစဉ်ဒေသ၊

(၄)  ပြေးဆွဲမည့်သယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်အမျိုးအစားနှင့် အရေအတွက် (မော်တော်ယာဉ် တစ်စီးချင်း၏ အသေးစိတ်စာရင်းအား တင်ပြရန်)

(၅)  နေ့စဉ်ပြေးဆွဲမည့် သယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်စီးရေ (ထွက်ခွာချိန် အချိန်ဇယား ဖော်ပြရန်)၊

(၆)  သက်ဆိုင်ရာအဝေးပြေးယာဉ်ရပ်နားစခန်းတွင် ဂိတ်ဖွင့်လှစ်ဆောင်ရွက်မှု အခြေ အနေနှင့် ဂိတ်ဖွင့် လှစ်ရန် ဂိတ်ခန်းရှိကြောင်း သက်ဆိုင်ရာအဖွဲ့၏ ထောက်ခံချက် သို့မဟုတ် စိစစ်တွေ့ရှိချက်၊

(၇)  ကောက်ခံမည့် အခနှုန်းထား၊ တန်ဆာခနှင့် အခမဲ့တင်ဆောင်ခွင့်ပြုမည့် ကုန် ပစ္စည်းပမာဏနှင့် အရေအတွက်၊

(၈)  ခရီးမိုင်အကွာအဝေးအလိုက် ခရီးစဉ်လမ်းကြောင်းပြမြေပုံ၊

(၉)  သယ်ယူပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်သူက ကြီးကြပ်မည့်အစီအမံများ၊

(၁၀)  ပယ်ဖျက်

(ဋ)  စင်းလုံးငှားခရီးသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်း လိုင်စင်လျှောက်ထားခြင်းဖြစ်ပါက ယာဉ်တစ်စီးချင်းပိုင်ရှင်များမှ ကုမ္ပဏီစုဖွဲ့ဆောင်ရွက်ခြင်းဖြစ်စေ၊ တစ်ဦးချင်းပိုင်ယာဉ် များမှ ကုမ္ပဏီ သို့မဟုတ် အသင်းအဖွဲ့တစ်ခုခုသို့ ပူးပေါင်းဝင်ရောက်၍ ဖြစ်စေ၊ ကုမ္ပဏီ သို့မဟုတ် အသင်းအဖွဲ့ပိုင် သီးခြားရင်းနှီးမြှုပ်နှံထားသော ယာဉ်အုပ်စုဖြင့်ဖြစ်စေ အောက်ပါအချက်များပါရှိသော ကုန်းလမ်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်မည့် လုပ်ငန်းစီမံချက်-

(၁)  ယာဉ်အသင်း သို့မဟုတ် အဖွဲ့အမည်၊

(၂)  အသင်း သို့မဟုတ် အဖွဲ့၏ အုပ်ချုပ်မှုအဖွဲ့ ဖွဲ့စည်းပုံ၊

(၃)  ပြေးဆွဲမည့်ခရီးစဉ်ဒေသ၊

(၄)  ပြေးဆွဲမည့် သယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်အမျိုးအစားနှင့် အရေအတွက် (မော်တော်ယာဉ် တစ်စီးချင်း၏ အသေးစိတ်စာရင်းအား တင်ပြရန်)၊

(၅)  နေ့စဉ်ပြေးဆွဲမည့် သယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်စီးရေ၊

(၆)  ကုမ္ပဏီ သို့မဟုတ် အသင်းအဖွဲ့အဖြစ် တက္ကစီလုပ်ငန်းဆောင်ရွက်ခြင်းဖြစ်ပါက ယာဉ်များထားရှိ မည့် ဂိတ်၊ နေရာ၊ မှတ်တိုင်များ (Taxi Depot၊ Taxi Terminal၊ Taxi Stand) သတ်မှတ်ခွင့်ပြုချက် ရယူထားရှိမှု အခြေအနေ၊

(၇)  ကုမ္ပဏီ သို့မဟုတ် အသင်းအဖွဲ့အဖြစ် တက္ကစီလုပ်ငန်း ဆောင်ရွက်ခြင်းဖြစ်ပါက ယာဉ်များအတွက် သတ်မှတ်ထားသည့်အရောင်၊

(၈)  ကောက်ခံမည့် အခနှုန်းထားများ၊

(၉)  သယ်ယူပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်သူက ကြီးကြပ်မည့် အစီအမံများ၊

(၁၀)  ပယ်ဖျက်

(ဌ)  ကိုယ်စားလှယ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါက တရားဝင် ကိုယ်စားလှယ် လွှဲအပ်စာနှင့် အဆိုပါကိုယ်စားလှယ်၏ ဓါတ်ပုံပါရှိသော နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့် မိတ္တူ၊

(ဍ)  ဦးစီးဌာနက အခါအားလျော်စွာသတ်မှတ်သော အခြားအထောက်အထားများ။

<ပြင်ဆင် 29.10.2019>

၃၂။  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် သို့မဟုတ် ပြည်ထောင်စုနယ်မြေအတွင်း ပြေးဆွဲဆောင်ရွက် မည့်လျှောက်ထားချက်ကို လက်ခံရရှိပါက မိမိဒေသတွင် အခြေစိုက်ဆောင်ရွက်သည့် လုပ်ငန်းမဟုတ်လျှင် လုပ်ငန်းအခြေစိုက်ရာ ဒေသရှိတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဦးစီးဌာန သို့မဟုတ် ပြည်ထောင်စု နယ်မြေဦးစီးဌာန သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ ဦးစီးဌာန သို့မဟုတ် ဦးစီးဌာနက လွှဲအပ်တာဝန်ပေးထားသည့် ခရိုင် သို့မဟုတ် မြို့နယ်ဦးစီးဌာနကစိစစ်ရန် လျှောက်လွှာကို လွှဲပြောင်းပေးရမည်။

၃၃။  နည်းဥပဒေ ၃၁ အရ လျှောက်ထားချက်ကို လက်ခံရရှိလျှင်ဖြစ်စေ၊ နည်းဥပဒေ ၃၂ အရ လွှဲပြောင်း ပေးအပ်သဖြင့် လျှောက်လွှာကို လက်ခံရရှိလျှင်ဖြစ်စေ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဦးစီးဌာန သို့မဟုတ် ပြည်ထောင်စုနယ်မြေဦးစီးဌာန သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဌာန သို့မဟုတ် ဦးစီးဌာနက လွှဲအပ်တာဝန် ပေးထားသည့် ခရိုင် သို့မဟုတ် မြို့နယ်ဦးစီးဌာနသည် လျှောက်လွှာပုံစံတွင် ပြည့်စုံမှန်ကန်စွာ ရေးသွင်းထားခြင်း ရှိ မရှိ၊ ပူးတွဲတင်ပြရ မည့် အထောက်အထားများ ပြည့်စုံမှန်ကန်မှု ရှိ မရှိ စိစစ်ဆောင်ရွက်ရမည်။

၃၄။ ခရီးစဉ် ခရီးသည် ပို့ဆောင်ရေးလုပ်ငန်းလိုင်စင် လျှောက်ထားခြင်းဖြစ်ပါက သက်ဆိုင်ရာ ဒေသဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ သဘောတူခွင့်ပြုချက်ရယူရမည်။

၃၅။  စင်းလုံးငှားခရီးသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းလိုင်စင်လျှောက်ထားခြင်းဖြစ်ပါက မော်တော် ယာဉ် တစ်စီးဖြင့် ဖြစ်စေ၊ မော်တော်ယာဉ်တစ်စီးထက်ပို၍ဖြစ်စေ အသုံးပြု၍ ဆောင်ရွက်မည့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဒေသ ဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့မှ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် အညီ ဆောင်ရွက်ရမည်။

၃၆။  ဦးစီးဌာနကဖြစ်စေ၊ လုပ်ငန်းအခြေစိုက်ရာဒေသရှိ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဦးစီးဌာန သို့မဟုတ် ပြည်ထောင်စုနယ်မြေဦးစီးဌာန သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဌာန သို့မဟုတ် ဦးစီးဌာနက လွှဲအပ်တာဝန်ပေးထားသည့် ခရိုင် သို့မဟုတ် မြို့နယ်ဦးစီးဌာနကဖြစ်စေ ပြည်တွင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ရန် လျှောက်ထားချက်ကို စိစစ်ရာတွင် အောက်ပါတို့ကို ထည့်သွင်းစဉ်းစားရမည်-

(က)  ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ရာတွင် တောင်းခံရန် ရည်ရွယ်သည့် အခနှုန်းထား ဖော်ပြချက်များသည် သင့်လျော်မျှတခြင်း ရှိမရှိ၊

(ခ)  လျှောက်ထားချက်ကို ခွင့်ပြုခြင်းဖြင့် တည်ဆဲကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း အားလုံး သို့မဟုတ် တစ်ခုခုအပေါ် ဆိုးကျိုးသက်ရောက်နိုင်မှု ရှိ မရှိ၊

(ဂ)  လျှောက်ထားသူသည် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းကို ကျေနပ်လောက်အောင် ဆောင်ရွက်နိုင်စွမ်းရှိ မရှိ၊

(ဃ)  ယေဘုယျအားဖြင့် အများပြည်သူအတွက် အကျိုးရှိသောလုပ်ငန်း ဟုတ် မဟုတ်၊

(င)  အခါအားလျော်စွာလိုအပ်သည့် အချက်အလက်များနှင့် ကိုက်ညီခြင်းရှိ မရှိ။

၃၇။  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဦးစီးဌာန သို့မဟုတ် ပြည်ထောင်စုနယ်မြေဦးစီးဌာန သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဌာန သို့မဟုတ် ဦးစီးဌာနက လွှဲအပ်တာဝန်ပေးထားသည့် ခရိုင် သို့မဟုတ် မြို့နယ်ဦးစီးဌာနသည် နည်းဥပဒေ ၃၃ နှင့် အညီစိစစ်ပြီး နည်းဥပဒေ ၃၆ ပါအချက်များကို စဉ်းစားသုံးသပ်၍ ဦးစီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆုံးဖြတ်ရမည်။

၃၈။  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် သို့မဟုတ် ပြည်ထောင်စုနယ်မြေ ကျော်လွန်၍ ပြေးဆွဲဆောင်ရွက်မည့် လျှောက်ထားချက်ကို လက်ခံရရှိသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် သို့မဟုတ် ပြည်ထောင်စုနယ်မြေ ဦးစီးဌာနသည်-

(က)  လျှောက်လွှာပုံစံတွင် ပြည့်စုံမှန်ကန်စွာ ရေးသွင်းထားခြင်း ရှိ မရှိ၊ ပူးတွဲတင်ပြရမည့် အထောက် အထားများ ပြည့်စုံမှန်ကန်မှု ရှိ မရှိ စိစစ်ရမည်။

(ခ)  နည်းဥပဒေ ၃၆ ပါအချက်များကို ထည့်သွင်းစဉ်းစားရမည်။

(ဂ)  ခရိုင် သို့မဟုတ် မြို့နယ်နှင့်သက်ဆိုင်သော အချက်များကို စိစစ်ရန်လိုအပ်ပါက အထောက်အထား နှင့် အချက်အလက်များတင်ပြရန် သက်ဆိုင်ရာ ခရိုင် သို့မဟုတ် မြို့နယ်ဦးစီးဌာနကို တာဝန်ပေးအပ် နိုင်သည်။

(ဃ)  ခရီးစဉ် ခရီးသည် ပို့ဆောင်ရေးလုပ်ငန်းလိုင်စင်လျှောက်ထားခြင်းဖြစ်ပါက သက်ဆိုင်ရာ ခရီးစဉ် ရှိဒေသဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ သဘောတူခွင့်ပြုချက်ရယူရမည်။

(င)  နည်းဥပဒေ ၃၅ နှင့် အညီဆောင်ရွက်ရမည်။

(စ)  နည်းဥပဒေခွဲ (က)၊ (ခ) နှင့် (ဂ) တို့နှင့် အညီစိစစ်ပြီး ပြည့်စုံပါက သဘောထားမှတ်ချက်နှင့်အတူ အမှုတွဲအား ဦးစီးဌာနသို့ တင်ပြရမည်။

၃၉။  ဦးစီးဌာနကဖြစ်စေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဦးစီးဌာနကဖြစ်စေ၊ ပြည်ထောင်စု နယ်မြေ ဦးစီးဌာနကဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဌာနကဖြစ်စေ၊ ဦးစီးဌာနက လွှဲအပ်တာဝန်ပေးထားသည့် ခရိုင် သို့မဟုတ် မြို့နယ်ဦးစီးဌာန ကဖြစ်စေ ပြည်တွင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေးအတွက် လုပ်ငန်းလိုင်စင် ထုတ်ပေးရန် ဆုံးဖြတ်ပါက-

(က)  ပြည်တွင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း၏ လုပ်ငန်းလိုင်စင်အတွက် သတ်မှတ် သည့် အခကြေးငွေကိုပေးသွင်းရန် လျှောက်ထားသူအား အကြောင်းကြားရမည်။

(ခ)  လျှောက်ထားသူက နည်းဥပဒေခွဲ (က) အရ အကြောင်းကြားချက်နှင့်အညီ အခကြေးငွေ ပေးသွင်းပြီးကြောင်း အထောက်အထားတင်ပြလျှင် စည်းကမ်းချက်များ သတ်မှတ်၍ ပြည်တွင်းကုန်းလမ်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းလိုင်စင်ထုတ်ပေးရမည်။ ယင်း လုပ်ငန်းလိုင်စင်တွင် လိုင်စင်သက်တမ်းကို သတ်မှတ်ဖော်ပြရမည်။

၄၀။  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း သယ်ယူပို့ဆောင်ခြင်းအတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဦးစီးဌာနကဖြစ်စေ၊ ပြည်ထောင်စုနယ်မြေဦးစီးဌာနကဖြစ်စေ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဌာနကဖြစ်စေ၊ ဦးစီးဌာနက လွှဲအပ်တာဝန်ပေးထားသည့် ခရိုင် သို့မဟုတ် မြို့နယ်ဦးစီးဌာနကဖြစ်စေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကျော်လွန်၍ သယ်ယူပို့ဆောင်ခြင်းအတွက် ဦးစီးဌာနကဖြစ်စေ လုပ်ငန်း လိုင်စင် လျှောက်ထားချက်နှင့် စပ်လျဉ်း၍ အောက်ပါအတိုင်း ဆောင်ရွက်ရမည်-

(က)  နည်းဥပဒေ ၃၁ အရ လျှောက်ထားချက်ကို စိစစ်ရာတွင် အထောက်အထားနှင့် အချက် အလက်များ ပြည့်စုံမှန်ကန်ခြင်းမရှိကြောင်းတွေ့ရှိရလျှင် လိုအပ်ချက်များကို ပြည့်စုံစွာ ဆောင်ရွက်နိုင်ရန်ဖြစ်စေ၊ အချက်အလက်များမှန်ကန်စွာတင်ပြနိုင်ရန်ဖြစ်စေ လျှောက်ထားသူအား ညွှန်ကြား၍ လျှောက်လွှာကို ပြန်လည်ပေးအပ်ရမည်၊

(ခ)  လျှောက်ထားသူက ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ပြီးပြန်လည်တင်ပြသည့်အခါ အထောက်အထားနှင့် အချက်အလက်များ ပြည့်စုံမှန်ကန်ကြောင်း တွေ့ရှိပါက နည်းဥပဒေ ၃၉ နည်းဥပဒေခွဲ (ခ) နှင့် အညီဆောင်ရွက်ရမည်၊

(ဂ)  နည်းဥပဒေ ၃၁ ပါအထောက်အထား၊ စာရွက်စာတမ်းများ တင်ပြနိုင်ခြင်း မရှိလျှင် လုပ်ငန်းလိုင်စင် ထုတ်ပေးရန် ငြင်းပယ်နိုင်သည်၊

(ဃ)  နည်းဥပဒေခွဲ (ဂ) အရ လုပ်ငန်းလိုင်စင်ထုတ်ပေးရန် ငြင်းပယ်ကြောင်းဆုံးဖြတ်လျှင်-

(၁)  မည်သည့် အကြောင်းကြောင့်ငြင်းပယ်ကြောင်း လျှောက်ထားသူအား စာဖြင့် အကြောင်းကြားရမည်၊

(၂)  နည်းဥပဒေခွဲ (ဃ) နည်းဥပဒေခွဲငယ် (၁) အရ အကြောင်းကြားစာတွင် သက်ဆိုင်ရာ ဦးစီးဌာန၏ ဆုံးဖြတ်ချက်ကို မကျေနပ်ပါက ဥပဒေ ပုဒ်မ ၅၄ နှင့် ပုဒ်မ ၅၈ တို့နှင့် အညီရက်ပေါင်း ၃၀ အတွင်း ဝန်ကြီးဌာနသို့ အယူခံဝင်နိုင် ကြောင်း ဖော်ပြရမည်။

၄၁။  ဦးစီးဌာန၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးဌာန၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဌာန၊ ဦးစီးဌာနက လွှဲအပ်တာဝန်ပေးထားသည့် ခရိုင် သို့မဟုတ် မြို့နယ် ဦးစီးဌာနသည် ပြည်တွင်းကုန်းလမ်း သယ်ယူပို့ဆောင်ရေး လုပ်ငန်း လိုင်စင်အတွက် အောက်ပါစာရွက်စာတမ်းများထုတ်ပေးရမည်-

(က)  ပြည်တွင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်ခွင့် အသိအမှတ်ပြုလက်မှတ် တစ်စောင်၊

(ခ)  လုပ်ငန်းလိုင်စင် အပိုင်း (၁) တစ်အုပ်၊

(ဂ)  လိုင်စင်အရ အသုံးပြုမည့် ယာဉ်တစ်စီးချင်းအတွက် လုပ်ငန်းလိုင်စင်အပိုင်း (၂) တစ်စောင်စီ၊

(ဃ)  လိုင်စင်အရအသုံးပြုမည့် ယာဉ်တစ်စီးချင်းအတွက် တြိဂံကတ်ပြား တစ်စောင်စီ။

၄၂။  ပြည်တွင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းလိုင်စင်ရရှိသူသည်-

(က)  လုပ်ငန်းလိုင်စင် အပိုင်း (၂) ကို အများမြင်သာစေရန် သက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်တွင် ပြသထားရမည်။

(ခ)  တြိဂံကတ်ပြားကိုသယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်၏ ရှေ့လေကာမှန်အတွင်းဝဲဖက် အပေါ်ထောင့်တွင်ကပ်ထားရမည်။

၄၃။  အစိုးရအဖွဲ့က အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်ထားသည့် လုပ်ငန်းလိုင်စင်ရယူရန် မလိုအပ်သည့် သယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်များကို ပြည်တွင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်လုပ်ငန်းလိုင်စင် ထုတ်ပေးခြင်းမပြုရ။

၄၄။  ဦးစီးဌာနသည် ပြည်တွင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်လုပ်ငန်း လိုင်စင် တွင်ထည့်သွင်းဖော်ပြရန်လိုအပ်သည့် အခြားအချက်အလက်များကို အခါအားလျော်စွာ သတ်မှတ် နိုင်သည်။

၄၅။  ဦးစီးဌာန၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးဌာန၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဌာန၊ ဦးစီးဌာနက လွှဲအပ် တာဝန်ပေးထားသည့် ခရိုင် သို့မဟုတ် မြို့နယ်ဦးစီးဌာနသည် ထုတ်ပေးသော ပြည်တွင်း ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်ခွင့်လုပ်ငန်းလိုင်စင်နှင့် အောက်ပါအကြောင်း အရာများကို မှတ်တမ်းထားရှိရမည်-

(က)  လုပ်ငန်းလိုင်စင်ထုတ်ပေးခြင်း၊

(ခ)  လုပ်ငန်းလိုင်စင်သက်တမ်းတိုးခြင်း၊

(ဂ)  လုပ်ငန်းလိုင်စင်ပြင်ဆင်ခြင်း၊ ယာယီရပ်ဆိုင်းခြင်းနှင့် ပယ်ဖျက်ခြင်း၊

(ဃ)  လုပ်ငန်းလိုင်စင်ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်းနှင့် လုပ်ငန်းလိုင်စင်ပါ ဖော်ပြချက်များ မထင်ရှားခြင်းကြောင့် လုပ်ငန်းလိုင်စင် မိတ္တူထုတ်ပေးခြင်း၊

(င)  ယာယီခွင့်ပြုလက်မှတ် ထုတ်ပေးခြင်း၊

(စ)  အခါအားလျော်စွာ မှတ်တမ်းထားရှိရမည့် အခြားကိစ္စရပ်များ။

၄၆။  ဦးစီးဌာန၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးဌာန၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဌာန၊ ဦးစီးဌာနက လွှဲအပ်တာဝန်ပေးထားသည့် ခရိုင် သို့မဟုတ် မြို့နယ်ဦးစီးဌာနသည် ထုတ်ပေးထားသော ပြည်တွင်းကုန်းလမ်းသယ်ယူပို့ ဆောင်ရေးလုပ်ငန်းလိုင်စင် အမျိုးအစားအတိုင်း လုပ်ငန်းလိုင်စင် ရရှိသူများက ဆောင်ရွက်ခြင်း ရှိ မရှိ ကိုလည်းကောင်း၊ လုပ်ငန်းလိုင်စင်ပါ စည်းကမ်းသတ်မှတ် ချက်များကို လိုက်နာခြင်းရှိ မရှိ ကို လည်းကောင်း စစ်ဆေးခြင်း၊ ကြီးကြပ်ခြင်း ပြုရမည်။

အခန်း (၁၀)
နယ်စပ်ဖြတ်ကျော်ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းလိုင်စင်အမျိုးအစားများ၊ လျှောက်ထားခြင်း၊ စိစစ်ခြင်း၊ ထုတ်ပေးခြင်းနှင့် ပြောင်းလဲပြင်ဆင်ခြင်း

၄၇။  နယ်စပ်ဖြတ်ကျော် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် လုပ်ငန်းလိုင်စင်ကို အောက်ပါအတိုင်း အမျိုးအစားခွဲခြားသတ်မှတ်သည်-

(က)  ကုန်စည်ပို့ဆောင်ခွင့် လုပ်ငန်းလိုင်စင်၊

(ခ)  ခရီးသည်ပို့ဆောင်ခွင့် လုပ်ငန်းလိုင်စင် (ခရီးစဉ်ရှိ)၊

(ဂ)  ခရီးသည်ပို့ဆောင်ခွင့် လုပ်ငန်းလိုင်စင် (ခရီးစဉ် မရှိ)။

၄၈။  နယ်စပ်ဖြတ်ကျော် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် လျှောက်ထားသည့် ခရီးစဉ် သည် စာချုပ်ဝင်နိုင်ငံများ၏ မူဘောင်သဘောတူညီချက်အရ ခွင့်ပြုထားသော ခရီးစဉ် ဖြစ်ရမည်။

၄၉။  နယ်စပ်ဖြတ်ကျော် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းလိုင်စင်ရရှိရန် လျှောက်ထားသူသည် ဦးစီးဌာနသို့တိုက်ရိုက်ဖြစ်စေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဦးစီးဌာန၊ ပြည်ထောင်စု နယ်မြေဦးစီးဌာန၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဌာ၊ ဦးစီးဌာနက လွှဲအပ်တာဝန်ပေးထားသည့် ခရိုင် သို့မဟုတ် မြို့နယ်ဦးစီးဌာနမှ တစ်ဆင့် ဦးစီးဌာနသို့ဖြစ်စေ လျှောက်ထားရာတွင် အောက်ပါစာရွက်စာတမ်းအထောက်အထားများနှင့် အတူ တင်ပြရမည်-

(က)  ယာဉ်နှင့် သက်ဆိုင်သည့် အချက်အလက်အထောက်အထားများ၊

(ခ)  လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) တို့၏ မူရင်းနှင့် မိတ္တူ၊

(ဂ)  မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ တရားဝင်မှတ်ပုံတင်ထားသော သက်တမ်းရှိ နိုင်ငံသား ပိုင်ကုမ္ပဏီဖြစ်ကြောင်း အထောက်အထား၊

(ဃ) နိုင်ငံခြားသားနှင့် ဖက်စပ်လုပ်ငန်းလုပ်ကိုင်ပါက မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေအရ တရားဝင်မှတ်ပုံတင်ထားသောနိုင်ငံသားနှင့် ဖက်စပ်ပြုလုပ်ထားသော သက်တမ်းရှိ နိုင်ငံသားပိုင်ကုမ္ပဏီ ဖြစ်ကြောင်းအထောက်အထား၊

(င)  နယ်စပ်ဖြတ်ကျော် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်ခွင့် လုပ်ငန်း လိုင်စင်လျှောက် ထားသူ၏ လိုင်စင်ဓါတ်ပုံ (၂) ပုံ၊

(စ)  ဦးစီးဌာနက အခါအားလျော်စွာ ပြင်ဆင်ဖြည့်စွက်သတ်မှတ်သော အခြားအထောက် အထားများ။

၅၀။  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးဌာန၊ ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဌာန၊ ဦးစီးဌာနက လွှဲအပ်တာဝန်ပေးထား သည့် ခရိုင် သို့မဟုတ် မြို့နယ်ဦးစီးဌာနသည် နည်းဥပဒေ ၄၉ အရ လျှောက်ထားချက်ကို လက်ခံ ရရှိလျှင် ဦးစီးဌာနသို့ ဆောလျင်စွာပေးပို့တင်ပြရမည်။

၅၁။  ဦးစီးဌာနသည် နည်းဥပဒေ ၄၉ အရ လျှောက်ထားချက်ကို လက်ခံရရှိလျှင်ဖြစ်စေ၊ နည်းဥပဒေ ၅၀ အရ တင်ပြချက်ကိုလက်ခံရရှိလျှင်ဖြစ်စေ အောက်ပါတို့ကို စိစစ်ရမည်-

(က) ဥပဒေ ပုဒ်မ ၁၃၊ ပုဒ်မ၂၆ နှင့် နည်းဥပဒေ ၂၈ တို့ပါ သတ်မှတ်ချက်များနှင့် ညီညွတ်ခြင်း ရှိ မရှိ၊

(ခ)  ယခင်က ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခဲ့ဖူးခြင်း ရှိ မရှိ နှင့် လုပ်ကိုင် ဖူးခြင်းရှိ ပါကယင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ စည်းမျဉ်းစည်းကမ်းဖောက်ဖျက်သော နာမည်ပျက်စာရင်းတွင် ပါဝင်ခြင်း ရှိ မရှိ၊

(ဂ)  လျှောက်ထားချက်ကို ခွင့်ပြုခြင်းဖြင့် တည်ဆဲကုန်းလမ်းသယ်ယူပို့ဆောင်ရေး လုပ်ငန်း အားလုံး သို့မဟုတ် တစ်ခုခုအပေါ်ဆိုးကျိုးသက်ရောက်နိုင်မှု ရှိမရှိ၊

(ဃ)  အခါအားလျော်စွာ စဉ်းစားရန် လိုအပ်သည်ဟု ယူဆသည့် အခြားအချက်အလက်များနှင့် ကိုက်ညီ ခြင်း ရှိ မရှိ။

၅၂။  ဦးစီးဌာနသည်-

(က)  နယ်စပ်ဖြတ်ကျော် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းလိုင်စင် ထုတ်ပေးရန် ဆုံးဖြတ်ပါက လျှောက်ထားသောသယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်များသည် သတ်မှတ်စံနှုန်းနှင့်ကိုက်ညီခြင်း ရှိ မရှိ၊ နယ်စပ်ဖြတ်ကျော်ကုန်းလမ်းသယ်ယူ ပို့ဆောင် ရေးလုပ်ငန်း ဆောင်ရွက်ရန်သင့်လျော်ခြင်း ရှိ မရှိ မော်တော်ယာဉ် စစ်ဆေးမှုပြုရမည်။

(ခ)  သတ်မှတ်စံနှုန်းကိုက်ညီသော မော်တော်ယာဉ်စာရင်း တင်ပြမှသာလျှင် နယ်စပ်ဖြတ် ကျော်ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း လိုင်စင်အတွက် သတ်မှတ်ထားသည့် အခကြေးငွေကို ပေးသွင်း ရန်လျှောက်ထားသူအားအကြောင်းကြားရမည်။

(ဂ)  နည်းဥပဒေ ၄၉ အရ လျှောက်ထားချက်ကို နည်းဥပဒေ ၅၁ နှင့် အညီ စိစစ်၍ အထောက်အထားများ နှင့်အချက်အလက်များ ပြည့်စုံမှန်ကန်ကြောင်းတွေ့ရှိရပြီး သတ်မှတ်ထားသည့် အခကြေးငွေကို ပေးသွင်းပြီးကြောင်း အထောက်အထားတင်ပြလျှင် စည်းကမ်းချက်များသတ်မှတ်၍ နယ်စပ်ဖြတ်ကျော် ကုန်းလမ်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းလိုင်စင်ထုတ်ပေးရမည်။ ယင်းလုပ်ငန်း လိုင်စင်တွင် လိုင်စင်သက်တမ်း သတ်မှတ်ဖော်ပြရမည်။

(ဃ)  နည်းဥပဒေ ၄၉ အရ လျှောက်ထားချက်တွင် အထောက်အထားနှင့် အချက်အလက်များ ပြည့်စုံမှန်ကန်ခြင်းမရှိကြောင်းတွေ့ရှိရလျှင် လိုအပ်ချက်များကို ပြည့်စုံစွာဆောင်ရွက်နိုင် ရန်ဖြစ်စေ၊ အချက်အလက်များ မှန်ကန်စွာဖြည့်စွက်တင်ပြနိုင်ရန်ဖြစ်စေ လျှောက်ထားသူ အား ညွှန်ကြား၍ လျှောက်လွှာကို ပြန်လည်ပေးအပ်ရမည်။

(င)  လျှောက်ထားသူက လျှောက်လွှာကိုညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ပြီး ပြန်လည် တင်ပြရာတွင် အထောက်အထားနှင့်အချက်အလက်များ ပြည့်စုံမှန်ကန်ပြီး နယ်စပ်ဖြတ် ကျော်ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေးလုပ်ငန်းလိုင်စင် ထုတ်ပေးသင့်ကြောင်းတွေ့ရှိပါက နယ်စပ်ဖြတ်ကျော်ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေး လုပ်ငန်းလိုင်စင်ထုတ်ပေးရန် ဆုံးဖြတ်ရမည်။

(စ)  လျှောက်ထားချက်ပါ အထောက်အထားနှင့် အချက်အလက်များအရ နယ်စပ်ဖြတ်ကျော် ကုန်းလမ်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းလိုင်စင် ထုတ်ပေးရန် မသင့်ကြောင်း တွေ့ရှိရ လျှင် လုပ်ငန်းလိုင်စင် ထုတ်ပေးရန် ငြင်းပယ်နိုင်သည်။

(ဆ)  နည်းဥပဒေခွဲ (စ) အရ လုပ်ငန်းလိုင်စင်ထုတ်ပေးရန် ငြင်းပယ်ကြောင်း ဆုံးဖြတ်လျှင်-

(၁)  မည်သည့်အကြောင်းကြောင့် ငြင်းပယ်ကြောင်းလျှောက်ထားသူအား စာဖြင့် အကြောင်းကြားရမည်။

(၂)  နည်းဥပဒေခွဲ (ဆ) နည်းဥပဒေခွဲငယ် (၁) အရအကြောင်းကြားစာတွင် ဦးစီးဌာန၏ ဆုံးဖြတ်ချက် ကိုမကျေနပ်ပါက ဥပဒေ ပုဒ်မ ၅၈ နှင့် အညီ ရက်ပေါင်း ၃၀ အတွင်း ဝန်ကြီးဌာနသို့ အယူခံဝင်နိုင်ကြောင်းဖော်ပြရမည်။

၅၃။ ဦးစီးဌာနသည် နယ်စပ်ဖြတ်ကျော်ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း လိုင်စင်အတွက် အောက်ပါစာရွက်စာတမ်းများ ထုတ်ပေးရမည်-

(က)  လုပ်ငန်းလိုင်စင် အပိုင်း (၁) တစ်အုပ်၊

(ခ)  လိုင်စင်အရအသုံးပြုမည့် ယာဉ်တစ်စီးချင်းအတွက် လုပ်ငန်းလိုင်စင် အပိုင်း (၂) တစ်စောင်စီ၊

(ဂ)  လိုင်စင်အရ အသုံးပြုမည့် ယာဉ်တစ်စီးချင်းအတွက် ယာဉ်အမှတ်ပါ စတေကာတစ်ခုစီ၊

(ဃ)  လိုင်စင်အရ အသုံးပြုမည့်ယာဉ်တစ်စီးချင်းအတွက် နိုင်ငံအမှတ်အသားပါ စတေကာ တစ်ခုစီ။

၅၄။  နယ်စပ်ဖြတ်ကျော်ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း လိုင်စင်ရရှိသူသည်-

(က)  လုပ်ငန်းလိုင်စင်အပိုင်း (၂) ကို အများမြင်သာစေရန် သက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်တွင်ပြသထားရမည်။

(ခ)  နိုင်ငံအမှတ်အသားပါစတေကာကို သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်၏ နောက်အလယ် တည့်တည့်တွင် ကပ်ထားရမည်။

(ဂ)  လုပ်ငန်းဆောင်ရွက်သည့် သယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်အမှတ်ပါရှိသော စတေကာကို သယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်၏ ရှေ့လေကာမှန်အတွင်း ဝဲဖက် အပေါ်ထောင့်တွင် ကပ်ထားရမည်။

၅၅။  ဦးစီးဌာနသည် ထုတ်ပေးထားသည့် နယ်စပ်ဖြတ်ကျော်ကုန်းလမ်းသယ်ယူပို့ဆောင်ရေး လုပ်ငန်း လိုင်စင်၏ အကြောင်းအရာများကိုလည်ကောင်း၊ လုပ်ငန်းလိုင်စင် အသစ်ထုတ်ပေးခြင်း သို့မဟုတ် ပြင်ဆင်ခြင်းများကိုလည်းကောင်း မှတ်တမ်းတင်ထားရှိရမည်။

၅၆။  လုပ်ငန်းအား ဆက်လက်ဆောင်ရွက်လိုပါက သက်တမ်းမကုန်ဆုံးမီ ရက်ပေါင်း (၃၀) ကြိုတင်၍ အသစ်ပြန်လည်လျှောက်ထားရမည်။

၅၇။  နယ်စပ်ဖြတ်ကျော်ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းလိုင်စင်တွင် ထပ်ဆင့်ရေးသွင်းချက် နှင့် ပြင်ဆင်ချက်များ ဖော်ပြရန်ရှိသည့်အခါ ဦးစီးဌာနသည်-

(က)  လုပ်ငန်းလိုင်စင်ရရှိသူထံမှ လိုင်စင်အပိုင်း (၁) နှင့် (၂) တို့ကို တောင်းယူဖြည့်စွက်၍ ထပ်ဆင့် လက်မှတ်ရေးထိုးပြီး လုပ်ငန်းလိုင်စင်ရရှိသူအား ပြန်လည်ပေးအပ်ရမည်။

(ခ)  ထပ်ဆင့်လက်မှတ်ရေးထိုးရန် နေရာမလုံလောက်လျှင် လုပ်ငန်းလိုင်စင်စာအုပ်အသစ် ထုတ်ပေးနိုင်သည်။

၅၈။  နယ်စပ်ဖြတ်ကျော်ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းလိုင်စင်ရရှိသူသည် လုပ်ငန်းတွင် အသုံးပြုသည့် သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ် အစားထိုးခြင်း၊ အရေအတွက်တိုးမြှင့်ခြင်း သို့မဟုတ် လျှော့ချခြင်းပြုလိုပါက ဦးစီးဌာန၏ခွင့်ပြုချက်ဖြင့်သာ ဆောင်ရွက်ရမည်။

အခန်း (၁၁)
လုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်း

၅၉။  ပြည်တွင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းလိုင်စင်ရရှိသူသည် ပြည်တွင်းကုန်းလမ်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို ဆက်လက်လုပ်ကိုင်လိုပါက-

(က)  ဥပဒေ ပုဒ်မ ၂၀ အရ သက်တမ်းတိုးမြှင့်ပေးရန် လိုင်စင်သက်တမ်းမကုန်ဆုံးမီ ရက်ပေါင်း ၃၀ ကြိုတင်၍ လုပ်ငန်းလိုင်စင်ထုတ်ပေးသည့် သက်ဆိုင်ရာဦးစီးဌာနများသို့ သတ်မှတ် ပုံစံဖြင့် လျှောက်ထားရမည်။

(ခ)  နည်းဥပဒေခွဲ (က) အရ လျှောက်ထားရာတွင် အောက်ပါတို့ကို ပူးတွဲတင်ပြရမည်-

(၁)  အပိုင်း (၁)၊ (၂)၊

(၂)  သက်တမ်းရှိ သယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်မှတ်ပုံတင်စာအုပ် မူရင်းနှင့် မိတ္တူ၊

(၃)  ပြည်တွင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းလိုင်စင်ရရှိသူ၏ လိုင်စင်ဓါတ်ပုံ (၂) ပုံ၊

(၄)  လုပ်ငန်းလိုင်စင်ရရှိသူ၏ ဓါတ်ပုံပါရှိသော နိုင်ငံသားစိစစ်ရေး ကတ်ပြားမူရင်း နှင့်မိတ္တူ၊

(၅)  ကိုယ်စားလှယ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါက တရားဝင်ကိုယ်စားလှယ်လွှဲအပ်စာ နှင့် အဆိုပါ ကိုယ်စားလှယ်၏ ဓါတ်ပုံပါရှိသော နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်းနှင့်မိတ္တူ။

၆၀။  ဦးစီးဌာန၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးဌာန၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဌာန၊ ဦးစီးဌာနက လွှဲအပ်တာဝန်ပေးထားသည့် ခရိုင် သို့မဟုတ် မြို့နယ်ဦးစီးဌာနသည် ပြည်တွင်းကုန်းလမ်း သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်လုပ်ငန်းလိုင်စင် သက်တမ်းတိုးမြှင့်ပေးရန် နည်းလမ်း တကျတင်သွင်းသည့် လျှောက်လွှာကို စိစစ်ရာတွင် လျှောက်လွှာလက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်းခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုရမည်။

၆၁။ ဦးစီးဌာန၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးဌာန၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဌာန၊ ဦးစီးဌာနက လွှဲအပ်တာဝန် ပေးထားသည့် ခရိုင် သို့မဟုတ် မြို့နယ်ဦးစီးဌာနသည်-

(က)  နည်းဥပဒေ ၅၉ နည်းဥပဒေခွဲ (က) အရ လျှောက်ထားချက်ကို လက်ခံရရှိသည့်အခါ လျှောက်လွှာပါအချက်များ မှန်ကန်စွာဖော်ပြခြင်းရှိမရှိနှင့် နည်းဥပဒေ ၂၇ ပါ အချက်များ နှင့်ကိုက်ညီခြင်းရှိမရှိ စိစစ်ရမည့်အပြင် အောက်ပါသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက် ခြင်း ရှိမရှိစဉ်းစားရမည်-

(၁)  သက်ဆိုင်ရာလုပ်ငန်းလိုင်စင်အရ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ရာတွင် ကျေနပ်လောက်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်း ရှိမရှိ၊

(၂)  လုပ်ငန်းကိုဆက်လက်၍ ကျေနပ်ဖွယ်ရာဆောင်ရွက်နိုင်သည့် အခြေအနေရှိမရှိ၊

(၃)  စည်းမျဉ်းစည်းကမ်း ဖောက်ဖျက်သောကြောင့် နာမည်ပျက်စာရင်းတွင် ထည့်သွင်း ခံခဲ့ရခြင်း ရှိမရှိ၊

(၄)  ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း အားလုံးအတွက်ဖြစ်စေ၊ တစ်စိတ်တစ် ဒေသအတွက် ဖြစ်စေ ဆိုးကျိုးသက်ရောက်သော ဆောင်ရွက်ချက်ရှိ မရှိ၊

(၅)  ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းကို သက်ဆိုင်ရာလုပ်ငန်းလိုင်စင်ပါ စည်းကမ်းချက် အတိုင်း လိုက်နာဆောင်ရွက်ခြင်း ရှိမရှိ၊

(၆)  နည်းဥပဒေ ၅၉ နည်းဥပဒေခွဲ (ခ) ပါ စာရွက်စာတမ်းများ ပူးတွဲတင်ပြခြင်း ရှိမရှိ။

(ခ)  နည်းဥပဒေခွဲ (က) အရ စိစစ်ပြီး ဥပဒေပုဒ်မ ၂၁ နှင့် ပုဒ်မ ၂၂ အရ ခွင့်ပြုရာတွင်-

(၁)  လျှောက်လွှာပါအချက်များ မှန်ကန်ကြောင်းတွေ့ရှိပါက သတ်မှတ်အခကြေးငွေ ပေးသွင်းစေပြီး လိုင်စင်သက်တမ်းတိုးပေးရမည်။

(၂)  လျှောက်လွှာပါအချက်များတွင် လိုအပ်ချက်ရှိပါက ပြင်ဆင်ဖြည့်စွက်ရန် လျှောက် ထားသူအားညွှန်ကြားနိုင်သည်။ လျှောက်ထားသူက ညွှန်ကြားချက်နှင့် အညီ ဆောင်ရွက်တင်ပြလျှင် နည်းဥပဒေခွဲ ငယ် (၁) ပါအတိုင်း ဆောင်ရွက်ရမည်။

(ဂ)  သက်ဆိုင်ရာလုပ်ငန်းကို ကျေနပ်ဖွယ်ရာ ဆက်လက်ဆောင်ရွက်နိုင်သည့် အခြေအနေရှိ ကြောင်းတွေ့ရှိရပြီး ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းဆိုင်ရာ အစိုးရ၏ မူဝါဒများ နှင့်သော်လည်းကောင်း၊ စီမံချက်နှင့်သော်လည်းကောင်း မဆန့်ကျင်ပါက ပြည်တွင်းကုန်း လမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်ခွင့်လုပ်ငန်းလိုင်စင်အသစ် လျှောက်ထားသူ ထက် လက်ရှိလုပ်ငန်းလိုင်စင်ရရှိထားသူကို ဦးစားပေးရမည်။

(ဃ)  သက်ဆိုင်ရာလုပ်ငန်းလိုင်စင်ကို သက်တမ်းတိုးရန်ငြင်းပယ်ကြောင်း ဆုံးဖြတ်လျှင်-

(၁)  မည်သည့်အကြောင်းကြောင့်ငြင်းပယ်ကြောင်း လျှောက်ထားသူအား စာဖြင့် အကြောင်းကြားရမည်။

(၂)  နည်းဥပဒေခွဲ (ဃ) နည်းဥပဒေခွဲငယ် (၁) အရ အကြောင်းကြားစာတွင် သက်ဆိုင်ရာဦးစီးဌာန၏ ဆုံးဖြတ်ချက်ကို မကျေနပ်ပါက ဥပဒေ ပုဒ်မ ၅၄ နှင့်ပုဒ်မ ၅၈ တို့နှင့် အညီ ရက်ပေါင်း ၃၀ အတွင်း ဝန်ကြီးဌာနသို့ အယူခံဝင်နိုင်ကြောင်း ဖော်ပြရမည်။

၆၂။  ဦးစီးဌာနက ဖြစ်စေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဦးစီးဌာနကဖြစ်စေ၊ ပြည်ထောင်စု နယ်မြေဦးစီးဌာနကဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဌာနက ဖြစ်စေ၊ ဦးစီးဌာနက လွှဲအပ်တာဝန်ပေးထားသည့် ခရိုင် သို့မဟုတ် မြို့နယ်ဦးစီး ဌာနကဖြစ်စေ သက်ဆိုင်ရာလုပ်ငန်းလိုင်စင်ကို သက်တမ်းတိုးမြှင့်ပေးရန် ဆုံးဖြတ်ပါက-

(က)  သက်ဆိုင်ရာလုပ်ငန်းလိုင်စင်အတွက် သတ်မှတ်သည့် သက်တမ်းတိုးမြှင့်ခကို ဦးစီးဌာနက သတ်မှတ်သည့် နည်းလမ်းအတိုင်း ပေးသွင်းရန် လျှောက်ထားသူအား အကြောင်းကြား ရမည်။

(ခ)  လျှောက်ထားသူက သက်ဆိုင်ရာလုပ်ငန်းလိုင်စင် သက်တမ်းတိုးမြှင့်ခ ပေးသွင်းပြီးပါက လိုင်စင်သက်တမ်းတိုးပေးရမည်။ ယင်းလုပ်ငန်းလိုင်စင်တွင် လိုင်စင်သက်တမ်းကို သတ်မှတ်ဖော်ပြရ မည်။

၆၃။  ပြည်တွင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းလိုင်စင်ရရှိသူသည် သက်ဆိုင်ရာလုပ်ငန်း လိုင်စင်ကို သက်တမ်းကုန်ဆုံးပြီးနောက် သက်တမ်းတိုးမြှင့်ခြင်းမပြုလျှင် ဥပဒေပုဒ်မ ၂၄ ပုဒ်မခွဲ (ခ) နှင့်အညီ လုပ်ငန်းလိုင်စင် ရပ်စဲစေရမည်။

၆၄။  ပြည်တွင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းလိုင်စင်တွင် သက်တမ်းတိုးမြှင့်ခြင်းကို သော် လည်းကောင်း၊ ထပ်ဆင့်ရေးသွင်းချက်နှင့် ပြင်ဆင်ချက်များကို သော်လည်းကောင်း ဖော်ပြရန်ရှိ သည့်အခါ ဦးစီးဌာန၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ ဦးစီးဌာန၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဌာန၊ ဦးစီး ဌာနကလွှဲအပ် တာဝန်ပေးထားသည့် ခရိုင် သို့မဟုတ် မြို့နယ်ဦးစီးဌာနသည်-

(က)  သက်ဆိုင်ရာလုပ်ငန်းလိုင်စင်ရရှိသူထံမှ လိုင်စင် အပိုင်း (၁) နှင့် (၂) တို့ကို တောင်းယူ ဖြည့်စွက်၍ ထပ်ဆင့်လက်မှတ်ရေးထိုးပြီး လိုင်စင်ရရှိသူအား ပြန်လည်ပေးအပ်ရမည်။

(ခ)  နည်းဥပဒေခွဲ (က) အရ ထပ်ဆင့် လက်မှတ်ရေးထိုးရန် နေရာမလုံလောက်လျှင် လုပ်ငန်းလိုင်စင် စာအုပ်အသစ်လဲခြင်းဖြစ်ကြောင်း လုပ်ငန်း လိုင်စင်စာအုပ်အသစ်တွင် သင့်လျော်သလိုဖော်ပြ၍ ထုတ်ပေးနိုင်သည်။

အခန်း (၁၂)
လုပ်ငန်းလိုင်စင်ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်း၊ မထင်ရှားခြင်း

၆၅။  ပြည်တွင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းလိုင်စင် သို့မဟုတ် နယ်စပ်ဖြတ်ကျော် ကုန်းလမ်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းလိုင်စင်ရရှိသူသည် လုပ်ငန်းလိုင်စင် ပျောက်ဆုံးလျှင် ဖြစ်စေ၊ ပျက်စီးလျှင်ဖြစ်စေ၊ လုပ်ငန်းလိုင်စင်ပါဖော်ပြချက်များ မထင်ရှားလျှင်ဖြစ်စေ ဦးစီးဌာန၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးဌာန၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဌာန၊ ဦးစီးဌာနက လွှဲအပ်တာဝန် ပေးထားသည့် ခရိုင် သို့မဟုတ် မြို့နယ်ဦးစီးဌာန သို့ သက်ဆိုင်ရာလုပ်ငန်းလိုင်စင်မိတ္တူရရှိရန် လျှောက်ထားရမည်။

၆၆။  ပြည်တွင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းလိုင်စင် သို့မဟုတ် နယ်စပ်ဖြတ်ကျော် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းလိုင်စင်ရရှိသူသည်-

(က) သက်ဆိုင်ရာလုပ်ငန်းလိုင်စင်ပျောက်ဆုံး၍ လျှောက်ထားရာတွင် အောက်ပါအထောက် အထား စာရွက်စာတမ်းများဖြင့် တင်ပြရမည်-

(၁)  သက်ဆိုင်ရာလုပ်ငန်းလိုင်စင်မိတ္တူထုတ်ပေးရန် လျှောက်လွှာ၊

(၂)  လုပ်ငန်းလိုင်စင်ပျောက်ဆုံးမှုနှင့်စပ်လျဉ်း၍ တိုင်ကြားထားကြောင်း သက်ဆိုင်ရာ ရဲစခန်း၏ ထောက်ခံချက်၊

(၃)  လုပ်ငန်းလိုင်စင်ရရှိသူ၏ ဓါတ်ပုံပါရှိသော နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်းနှင့် မိတ္တူ၊

(၄)  ကိုယ်စားလှယ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါက တရားဝင်ကိုယ်စားလှယ်လွှဲအပ်စာ နှင့် အဆိုပါကိုယ်စားလှယ်၏ ဓါတ်ပုံပါရှိသော နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်းနှင့် မိတ္တူ။

(ခ)  ပြည်တွင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းလိုင်စင် သို့မဟုတ် နယ်စပ်ဖြတ်ကျော် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းလိုင်စင်ပျက်စီး၍ဖြစ်စေ၊ လုပ်ငန်းလိုင်စင်ပါ ဖော်ပြချက်များ မထင်ရှား၍ဖြစ်စေ လျှောက်ထားရာတွင် အောက်ပါအထောက်အထား စာရွက်စာတမ်း များဖြင့် တင်ပြရမည်-

(၁)  သက်ဆိုင်ရာလုပ်ငန်းလိုင်စင်မိတ္တူထုတ်ပေးရန် လျှောက်လွှာ၊

(၂)  ပျက်စီး၊ မထင်ရှားသည့် စာရွက်စာတမ်း အထောက်အထားများ၊

(၃)  လုပ်ငန်းလိုင်စင်ရရှိသူ၏ ဓါတ်ပုံပါရှိသောနိုင်ငံသား စိစစ်ရေးကတ်ပြားမူရင်းနှင့် မိတ္တူ၊

(၄)  ကိုယ်စားလှယ်ဖြင့်ဆောင်ရွက်ခြင်းဖြစ်ပါက တရားဝင်ကိုယ်စားလှယ်လွှဲအပ်စာနှင့် အဆိုပါကိုယ်စားလှယ်၏ ဓါတ်ပုံပါရှိသော နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်းနှင့် မိတ္တူ။

၆၇။  ဦးစီးဌာန၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ ဦးစီးဌာန၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဌာန၊ ဦးစီးဌာနကလွှဲအပ် တာဝန်ပေးထားသည့် ခရိုင် သို့မဟုတ် မြို့နယ်ဦးစီးဌာနသည် နည်းဥပဒေ ၆၅ အရ မိတ္တူထုတ်ပေးရန် လျှောက်ထားချက်ကိုရရှိလျှင် နည်းဥပဒေ ၆၆ ပါအချက်များအရ စိစစ်၍ သတ်မှတ်သည့် အခကြေးငွေ ပေးသွင်းစေပြီး မိတ္တူတစ်စောင်ကို “မိတ္တူ” ဟုမှတ်သား၍ လျှောက်ထားသူအား ထုတ်ပေးရမည်။

အခန်း (၁၃)
လုပ်ငန်းလိုင်စင်ကို ပြင်ဆင်ခြင်း၊ ယာယီရပ်ဆိုင်းခြင်း၊ ဖျက်သိမ်းခြင်းနှင့် ပယ်ဖျက်ခြင်း

၆၈။  ပြည်တွင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းလိုင်စင် သို့မဟုတ် နယ်စပ်ဖြတ်ကျော် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းလိုင်စင်ရရှိသူသည် လုပ်ငန်းလိုင်စင်၌ ဖော်ပြသော သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်ကို-

(က)  ရောင်းချသောကြောင့်ဖြစ်စေ၊ အခြားမော်တော်ယာဉ်တစ်စီးပြောင်းလဲသောကြောင့်ဖြစ်စေ သက်ဆိုင်ရာလုပ်ငန်းလိုင်စင်ပါ သယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်နှင့် သက်ဆိုင်သော အချက်အလက်ကို ပြင်ဆင်ရန်လိုအပ်ပါက ယင်းလုပ်ငန်းလိုင်စင်ကို ထုတ်ပေးသော သက်ဆိုင်ရာဦးစီးဌာနသို့ အောက်ပါ အထောက်အထား စာရွက်စာတမ်းများနှင့်အတူ ပူးတွဲလျှောက်ထားရမည်-

(၁)  လုပ်ငန်းလိုင်စင်၊

(၂)  အစားထိုးခြင်း၊ အရေအတွက်တိုးမြှင့်ခြင်း ဆောင်ရွက်လိုသည့် ယာဉ်များ၏ သက်တမ်းရှိ မော်တော်ယာဉ်မှတ်ပုံတင်စာအုပ်မူရင်းနှင့်မိတ္တူများ၊

(၃)  အစားထိုးခြင်း၊ အရေအတွက်တိုးမြှင့်ခြင်း ဆောင်ရွက်လိုသည့် မော်တော်ယာဉ် များ၏ ဓါတ်ပုံသုံးပုံ၊ (ရှေ့၊ နောက်၊ စတီယာရင်ဘက်ဘေး)၊

(၄)  လုပ်ငန်းလိုင်စင်ရရှိသူ၏ ဓါတ်ပုံပါရှိသော နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့် မိတ္တူ၊

(၅)  ကိုယ်စားလှယ်ဖြင့်ဆောင်ရွက်ခြင်းဖြစ်ပါက တရားဝင်ကိုယ်စားလှယ်လွှဲအပ်စာနှင့် အဆိုပါကိုယ်စားလှယ်၏ ဓါတ်ပုံပါရှိသော နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့် မိတ္တူ။

(ခ)  အကြောင်းတစ်ခုခုကြောင့် လုပ်ငန်းလုပ်ကိုင်လိုခြင်းမရှိတော့လျှင် ပြည်တွင်းကုန်းလမ်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်ခွင့် သို့မဟုတ် နယ်စပ်ဖြတ်ကျော်ကုန်းလမ်း သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်လုပ်ငန်းလိုင်စင်ကို ဖျက်သိမ်းခြင်း ဆောင်ရွက် နိုင်ရန် လုပ်ငန်းလိုင်စင်ထုတ်ပေးသော သက်ဆိုင်ရာဦးစီးဌာနသို့ တင်ပြရမည်။

၆၉။  ပြည်တွင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်ခွင့် သို့မဟုတ် နယ်စပ်ဖြတ်ကျော် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်လုပ်ငန်းလိုင်စင်ထုတ်ပေးသည့် သက်ဆိုင် ရာဦးစီးဌာနသည်-

(က)  နည်းဥပဒေ ၆၈ နည်းဥပဒေခွဲ (က) အရ လျှောက်ထားချက်ကို စိစစ်၍ ပြင်ဆင ်ပေးသင့်ကြောင်းတွေ့ရှိရပါက ယင်းလုပ်ငန်းလိုင်စင်ပါ သယ်ယူပို့ဆောင်ရေးမော်တော် ယာဉ်နှင့် သက်ဆိုင်သောအချက်အလက်ကို မှတ်တမ်းတင်၍ပြင်ဆင်ပေးရမည်။

(ခ)  နည်းဥပဒေ ၆၈ နည်းဥပဒေခွဲ (ခ) အရ သက်ဆိုင်ရာလုပ်ငန်းလိုင်စင်ကို ဖျက်သိမ်းရန် တင်ပြလျှင် ဖျက်သိမ်းခွင့်ပြုရမည်။

၇၀။  ဦးစီးဌာန၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးဌာန၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဌာန၊ ဦးစီးဌာနက လွှဲအပ် တာဝန်ပေးထားသည့် ခရိုင် သို့မဟုတ် မြို့နယ်ဦးစီးဌာနသည်-

(က)  ပြည်တွင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းလိုင်စင် သို့မဟုတ် နယ်စပ်ဖြတ်ကျော် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းလိုင်စင်ရရှိသူက ယင်း၏သက်ဆိုင်ရာ ကုန်းလမ်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို ယာယီရပ်ဆိုင်းရန် လျှောက်ထားလျှင်ခွင့်ပြုနိုင်သည်။

(ခ)  နည်းဥပဒေခွဲ (က) အရ ယာယီရပ်ဆိုင်းရန်ခွင့်ပြုရာ၌ တစ်ကြိမ်လျှင် ရက်ပေါင်း ၃၀ ထက်မပိုစေရ။

၇၁။  ဦးစီးဌာန၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးဌာန၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဌာန၊ ဦးစီးဌာနက လွှဲအပ်တာဝန်ပေးထားသည့် ခရိုင် သို့မဟုတ် မြို့နယ်ဦးစီးဌာနသည် အောက်ပါအကြောင်း တစ်ရပ်ရပ်ကို အရေးယူဆောင်ရွက်သည့်အခါ သက်ဆိုင်ရာလုပ်ငန်းလိုင်စင်ရရှိထားသူအား တိုက်ရိုက်ဖြစ်စေ၊ နောက်ဆုံးပေးထားသည့် နေရပ်လိပ်စာအတိုင်း အကြောင်းကြားစာကို စာတိုက်မှ မှတ်ပုံတင်ပေးပို့၍ဖြစ်စေ အကြောင်းကြားရမည်-

(က)  နည်းဥပဒေ ၆၈ နည်းဥပဒေခွဲ (က) အရ လုပ်ငန်းလိုင်စင်ပါ သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ် နှင့်သက်ဆိုင်သောအချက်အလက်ကို ပြင်ဆင်ခြင်း၊

(ခ)  နည်းဥပဒေ ၆၈ နည်းဥပဒေခွဲ (ခ) အရ လုပ်ငန်းလိုင်စင် ဖျက်သိမ်းခြင်း၊

(ဂ)  နည်းဥပဒေ ၇၀ အရ ယာယီရပ်ဆိုင်းခွင့်ပြုခြင်း၊

(ဃ)  ဥပဒေ ပုဒ်မ ၅၁ ပုဒ်မခွဲ (က) အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဦးစီးဌာနက ဖြစ်စေ၊ ပုဒ်မ ၅၂ ပုဒ်မခွဲ (က) အရ ဦးစီးဌာနကဖြစ်စေ ကာလသတ်မှတ်၍ လုပ်ငန်း လိုင်စင်ကို ယာယီရပ်ဆိုင်းသည့် အမိန့်ချမှတ်ခြင်းနှင့်စပ်လျဉ်း၍ အရေးယူဆောင်ရွက် ခြင်း၊

(င)  ဥပဒေပုဒ်မ ၅၁ ပုဒ်မခွဲ (ခ) အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဦးစီးဌာနကဖြစ်စေ၊ ဥပဒေပုဒ်မ ၅၂ ပုဒ်မခွဲ (ခ) အရ ဦးစီးဌာနကဖြစ်စေ သက်ဆိုင်ရာ လုပ်ငန်းလိုင်စင်ကို ပယ်ဖျက်သည့် အမိန့်ချမှတ်ခြင်းနှင့်စပ်လျဉ်း၍ အရေးယူဆောင်ရွက်ခြင်း။

၇၂။  နည်းဥပဒေ ၇၁ နည်းဥပဒေခွဲ (ဃ) နှင့် (င) အရ အကျုံးဝင်သော လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသူသည် အကြောင်းကြားစာကို လက်ခံရရှိလျှင် လက်ခံရရှိသည့်နေ့မှ ၁၀ ရက်အတွင်းရယူထားသည့် လုပ်ငန်းလိုင်စင်ဆိုင်ရာ စာရွက်စာတမ်းအထောက်အထားများကို လုပ်ငန်းလိုင်စင် ထုတ်ပေးထား သော ဦးစီးဌာန သို့မဟုတ် သက်ဆိုင်ရာဦးစီးဌာနသို့ပေးပို့ရမည်။

အခန်း (၁၄)
သယ်ယူပို့ဆောင်ရေးလုပ်ငန်းလိုင်စင်နှင့် လိုင်စင်ပါယာဉ်များ၏ ပြောင်းလဲချက်လျှောက်ထားခြင်း

၇၃။  လုပ်ငန်းလိုင်စင်ရရှိထားသူသည် လုပ်ငန်းလိုင်စင်ပါအချက်အလက်များကို ပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်း ပြုလုပ်လိုပါက လုပ်ငန်းလိုင်စင်ထုတ်ပေးသည့် သက်ဆိုင်ရာဦးစီးဌာနသို့ သတ်မှတ်ပုံစံဖြင့် လျှောက်ထားရမည်။

၇၄။  လုပ်ငန်းလိုင်စင်အရ အသုံးပြုသည့် မော်တော်ယာဉ်၏ ပိုင်ရှင်အမည်ပြောင်းလဲပေးရန် လျှောက် ထားသည့်အခါ အောက်ပါတို့ကို ပူးတွဲတင်ပြရမည်-

(က)  သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်ခွင့် အသိအမှတ်ပြုလက်မှတ်၊ အပိုင်း (၁)၊ (၂)၊

(ခ)  သက်တမ်းရှိ သယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်မှတ်ပုံတင်စာအုပ် မူရင်းနှင့်မိတ္တူ၊

(ဂ)  လုပ်ငန်းလိုင်စင်ရရှိသူ၏ ဓါတ်ပုံပါရှိသော နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့် မိတ္တူ၊

(ဃ)  ကိုယ်စားလှယ်ဖြင့်ဆောင်ရွက်ခြင်းဖြစ်ပါက တရားဝင်ကိုယ်စားလှယ်လွှဲအပ်စာနှင့် အဆိုပါကိုယ် စားလှယ်၏ ဓါတ်ပုံပါရှိသော နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့် မိတ္တူ။

၇၅။ သယ်ယူပို့ဆောင်ရေးလုပ်ကိုင်သူ နေရပ်လိပ်စာပြောင်းလျှောက်ထားသည့်အခါ အောက်ပါတို့ကို ပူးတွဲတင်ပြရမည်-

(က)  သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်ခွင့် အသိအမှတ်ပြုလက်မှတ်၊ အပိုင်း (၁)၊ (၂)၊

(ခ)  လျှောက်ထားသူ၏ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ ၆၆/၆) သို့မဟုတ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက်၊

(ဂ)  လုပ်ငန်းလိုင်စင်ရရှိသူ၏ ဓါတ်ပုံပါရှိသော နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့် မိတ္တူ၊

(ဃ)  ကိုယ်စားလှယ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါက တရားဝင် ကိုယ်စားလှယ်လွှဲအပ်စာနှင့် အဆိုပါ ကိုယ်စားလှယ်၏ ဓါတ်ပုံပါရှိသော နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်းနှင့် မိတ္တူ။

၇၆။  ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းလိုင်စင် အမျိုးအစား ပြောင်းလဲလျှောက်ထား လိုသူသည် အောက်ပါတို့ကို ပူးတွဲတင်ပြရမည်-

(က)  သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်ခွင့်အသိအမှတ်ပြုလက်မှတ်၊ အပိုင်း (၁)၊ (၂)၊

(ခ)  နည်းဥပဒေ ၃၁ ပါ အထောက်အထားစာရွက်စာတမ်းများ။

အခန်း (၁၅)
ယာယီခွင့်ပြုလက်မှတ်များ

၇၇။  ဦးစီးဌာနကဖြစ်စေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဦးစီးဌာနကဖြစ်စေ၊ ပြည်ထောင်စု နယ်မြေ ဦးစီးဌာနကဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဌာနကဖြစ်စေ၊ ဦးစီးဌာနက လွှဲအပ်တာဝန်ပေးထားသည့် ခရိုင် သို့မဟုတ် မြို့နယ်ဦးစီးဌာနကဖြစ်စေ သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူအား အောက်ပါအကြောင်း ကိစ္စရပ်များအတွက် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်ရန် ယာယီခွင့်ပြု လက်မှတ်ထုတ်ပေးနိုင်သည်-

(က)  ဥပဒေ ပုဒ်မ ၂၃ ပုဒ်မခွဲ (က) အရ သက်ဆိုင်ရာဒေသအတွင်း နိုင်ငံတော်နှင့် ပြည်သူအကျိုးငှာ အရေးတကြီး သို့မဟုတ် အထူးလိုအပ်ချက်များကို ဖြည့်တင်းဆောင် ရွက်ရန်လိုအပ်လျက်ရှိကြောင်း ကိုယ်တိုင်စိစစ်တွေ့ရှိရခြင်း သို့မဟုတ် လျှောက်ထား ချက်အရ တွေ့ရှိရခြင်း၊

(ခ)  ဥပဒေ ပုဒ်မ ၂၃ ပုဒ်မခွဲ (ခ) အရ သက်ဆိုင်ရာလုပ်ငန်းလိုင်စင်ကို သက်တမ်းတိုးမြှင့် ပေးရန် နည်းလမ်းတကျတင်သွင်းသည့် လျှောက်လွှာကို စိစစ်ရာတွင် နည်းဥပဒေ ၆၀ အရ သတ်မှတ်ကာလအတွင်း ဆုံးဖြတ်ရန်အခက်အခဲရှိခြင်းကြောင့် လက်ရှိလုပ်ငန်း လိုင်စင် သက်တမ်းကုန်ဆုံးသည့် နေ့ရက် ထက်ကျော်လွန်၍ အဆိုပါလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခွင့်ပြုရန်။

၇၈။  လုပ်ငန်းလိုင်စင်ရရှိထားသူသည် လုပ်ငန်းလိုင်စင်သက်တမ်းတိုးမြှင့်ပေးရန် လျှောက်ထားဆဲဖြစ် ပြီးလုပ်ငန်းလိုင်စင်သက်တမ်းတိုးမြှင့်ပေးခြင်း မပြုရသေးမီကာလအတွင်း ယာယီခွင့်ပြု လက်မှတ်ထုတ်ပေးရန် ဦးစီးဌာနတွင်ဖြစ်စေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဦးစီး ဌာနတွင်ဖြစ်စေ၊ ပြည်ထောင်စုနယ်မြေဦးစီးဌာနတွင်ဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဌာနတွင်ဖြစ်စေ၊ ဦးစီးဌာနက လွှဲအပ်တာဝန်ပေးထား သည့် ခရိုင် သို့မဟုတ် မြို့နယ်ဦးစီးဌာနတွင်ဖြစ်စေ လျှောက်ထားရမည်။

၇၉။  ခရီးစဉ်ခရီးသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် ခွင့်ပြုခရီးစဉ် မဟုတ်သောဒေသသို့ ယာယီ ပို့ဆောင်ခွင့်ရရှိရန်-

(က)  ယာယီခွင့်ပြုလက်မှတ်ထုတ်ပေးရေးအတွက် သက်ဆိုင်ရာဦးစီးဌာနသို့ လျှောက်ထားရ မည်။

(ခ)  နည်းဥပဒေခွဲ (က) အရ လျှောက်ထားသည့်အခါ သက်တမ်းရှိလုပ်ငန်းလိုင်စင်ကို ပူးတွဲ တင်ပြရမည်။

၈၀။  (က)  ဦးစီးဌာနကဖြစ်စေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဦးစီးဌာနကဖြစ်စေ၊ ပြည်ထောင် စုနယ်မြေဦးစီးဌာနကဖြစ်စေ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသဦးစီးဌာနကဖြစ်စေ၊ ဦးစီးဌာနက လွှဲအပ်တာဝန်ပေးထားသည့် ခရိုင် သို့မဟုတ် မြို့နယ်ဦးစီးဌာနကဖြစ်စေ-

(၁)  ယာယီခွင့်ပြုလက်မှတ်လျှောက်ထားသူ၏ တင်ပြချက်ကို စိစစ်၍ ယာယီခွင့်ပြု လက်မှတ်နှင့် တြိဂံ ကိုထုတ်ပေးနိုင်သည်၊

(၂)  ယာယီခွင့်ပြုလက်မှတ်ကို ပြန်လည်အပ်နှံချိန်တွင် နည်းဥပဒေ ၇၉၊ နည်းဥပဒေခွဲ (ခ) အရ တင်ပြထားသော သက်ဆိုင်ရာလုပ်ငန်းလိုင်စင်ကို လျှောက်ထားသူအား ပြန်လည်ထုတ်ပေးရမည်။

(ခ)  နည်းဥပဒေ ၇၇ အရ ယာယီခွင့်ပြုလက်မှတ်ထုတ်ပေးခြင်းသည်-

(၁)  အမြဲတမ်းလုပ်ငန်းလိုင်စင်ထုတ်ပေးရန် အကြောင်းရင်းတစ်ရပ်ဖြစ်သည်ဟု မှတ်ယူခြင်းမပြုရ။

(၂)  သက်ဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရန် လုပ်ငန်းလိုင်စင်အတွက် တင်သွင်း ထားဆဲလျှောက်လွှာနှင့်စပ်လျဉ်း၍ စဉ်းစားခြင်းကို ထိခိုက်ခြင်းမရှိစေရ။

၈၁။  ဦးစီးဌာန၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးဌာန၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဌာန၊ ဦးစီးဌာနကလွှဲအပ် တာဝန်ပေးထားသည့် ခရိုင် သို့မဟုတ် မြို့နယ်ဦးစီးဌာနတို့သည် လုပ်ငန်းလိုင်စင်သက်တမ်း တိုးမြှင့်ပေးရန် လျှောက်ထားဆဲဖြစ်သူက ယာယီခွင့်ပြုလက်မှတ် ထုတ်ပေးရန် လျှောက်ထား သည့်အခါ-

(က)  သက်တမ်းတိုးမြှင့်ရန် လျှောက်ထားချိန်က တင်ပြထားသော လုပ်ငန်းလိုင်စင်ကို ယာယီခွင့်ပြုလက်မှတ် လျှောက်ထားရာတွင် ပူးတွဲတင်ပြသကဲ့သို့ မှတ်ယူ၍ ယာယီခွင့်ပြု လက်မှတ်နှင့်တြိဂံကို ထုတ်ပေးနိုင်သည်။

(ခ)  လုပ်ငန်းလိုင်စင်သက်တမ်းတိုးလျှောက်ထားဆဲကာလတွင် ယာယီခွင့်ပြုလက်မှတ်ကို တစ်ကြိမ်သာ ထုတ်ပေးရမည်။

၈၂။  ဦးစီးဌာနသည် အရေးတကြီးကိစ္စများတွင် ယာယီခွင့်ပြုလက်မှတ် ထုတ်ပေးနိုင်ရန် ဦးစီးဌာန၏ အရာရှိတစ်ဦးဦးကို တာဝန်ပေးအပ်၍ အာဏာအပ်နှင်းနိုင်သည်။ ယင်းသို့ အာဏာအပ်နှင်းခြင်း ခံရသောအရာရှိသည် ယင်းကိစ္စနှင့်စပ်လျဉ်း၍ လုပ်ငန်းဆောင်ရွက်ချက်များကို ဦးစီးဌာနသို့ တင်ပြရမည်။

အခန်း (၁၆)
အခြားစာချုပ်ဝင်နိုင်ငံများမှ ပြည်တွင်းသို့ဝင်ရောက်မည့် နယ်စပ်ဖြတ်ကျော်ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်မည့်ယာဉ်များအား စိစစ်ခြင်းနှင့်ခွင့်ပြုခြင်း

၈၃။  နယ်စပ်ဖြတ်ကျော် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ကြီးကြပ်ကွပ်ကဲရေး လုပ်ငန်း ကော်မတီသည် ဥပဒေပုဒ်မ ၂၉ အရ လုပ်ငန်းလုပ်ကိုင်ရန် လျှောက်ထားချက်ကို လက်ခံရရှိလျှင် အောက်ပါတို့ကို စိစစ်ရမည်-

(က)  သက်ဆိုင်ရာနိုင်ငံကထုတ်ပေးသော နယ်စပ်ဖြတ်ကျော် ကုန်းလမ်းသယ်ယူပို့ဆောင်ရေး လုပ်ငန်း လုပ်ကိုင်ခွင့်လုပ်ငန်းလိုင်စင်ပါရှိခြင်း ရှိမရှိ၊

(ခ)  နယ်စပ်ဖြတ်ကျော် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း ဆောင်ရွက်သူအမည် စာရင်းတွင်ပါဝင် သူ ဟုတ်မဟုတ်၊

(ဂ)  စာချုပ်ဝင်နိုင်ငံတစ်ခုအတွက် ခွင့်ပြုချက်ထုတ်ပေးနိုင်သည့် ခရီးသည်နှင့်ကုန်စည် သယ်ယူပို့ဆောင် သောခွဲတမ်းခေါက်ရေ ကျော်လွန်ခြင်းရှိမရှိ၊

(ဃ)  စာချုပ်ဝင်နိုင်ငံတွင် မှတ်ပုံတင်ထားသည့် သက်တမ်းရှိသယ်ယူပို့ဆောင်ရေး မော်တော် ယာဉ် ဟုတ်မဟုတ်၊

(င)  အိမ်ရှင်နိုင်ငံ၏ သတ်မှတ်ချက်နှင့်ညီညွတ်သော သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ် ဟုတ် မဟုတ်၊

(စ)  သယ်ယူပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်သူများ၊ ယာဉ်မောင်းနှင့်ယာဉ်အကူများသည်-

(၁)  နှစ်နိုင်ငံဗီဇာကင်းလွတ်ခွင့်သဘောတူစာချုပ်အရ ဗီဇာကင်းလွတ်ခွင့်ရှိသူ မဟုတ် လျှင် လက်ရှိကျင့်သုံးနေသော လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဗီဇာ မူဝါဒနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ မရှိ၊

(၂)  ယာဉ်မောင်းသည် အိမ်ရှင်စာချုပ်ဝင်နိုင်ငံက ထုတ်ပေးထားသည့် သက်တမ်းရှိ ယာဉ်မောင်းလိုင်စင် သို့မဟုတ် အပြည်ပြည်ဆိုင်ရာယာဉ်မောင်းနှင်ခွင့် လက်မှတ် ရရှိထားခြင်း ရှိမရှိ၊

(၃)  ယာဉ်အကူသည် အိမ်ရှင်စာချုပ်ဝင်နိုင်ငံက ထုတ်ပေးထားသော သက်တမ်းရှိ ယာဉ်အကူလက်မှတ် ရရှိထားခြင်းရှိ မရှိ။

(ဆ)  စာချုပ်ဝင်နိုင်ငံများ၏ ထပ်မံဖြည့်စွက်သည့် သဘောတူညီချက်၊ အသစ်ချုပ်ဆိုသည့် စာချုပ်ပါ သဘောတူညီချက်များအရ သတ်မှတ်သည့် အခြားအချက်များနှင့် ညီညွတ်ခြင်း ရှိမရှိ။

၈၄။  နယ်စပ်ဖြတ်ကျော် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ကြီးကြပ်ကွပ်ကဲရေးလုပ်ငန်း ကော်မတီသည် ဥပဒေ ပုဒ်မ ၂၉ အရ လျှောက်ထားချက်ကို စိစစ်ပြီး-

(က)  နည်းဥပဒေ ၈၃ပါ အချက်များနှင့် ညီညွတ်ကြောင်းတွေ့ရှိပါက ခွင့်ပြုချက် ထုတ်ပေးနိုင်သည်။

(ခ)  နည်းဥပဒေ ၈၃ ပါ အချက်များနှင့် ညီညွတ်ခြင်းမရှိကြောင်းတွေ့ရှိပါက လျှောက်ထားသူ အား ပြင်ဆင်ဖြည့်စွက်လျှောက်ထားရန်ညွှန်ကြားနိုင်သည်။

(ဂ)  နည်းဥပဒေခွဲ (ခ) အရ ညွှန်ကြားချက်နှင့် စပ်လျဉ်း၍ လျှောက်ထားသူက ပြည့်စုံစွာ ပြင်ဆင်ဖြည့် စွက်တင်ပြလျှင် နည်းဥပဒေခွဲ (က) ပါအတိုင်းခွင့်ပြုချက်ထုတ်ပေးနိုင်သည်။

(ဃ)  နည်းဥပဒေ ၈၃ ပါအချက်များနှင့်ညီညွတ်ရန် ဆောင်ရွက်နိုင်ခြင်းမရှိဟု ယူဆပါက ခွင့်ပြုချက် ထုတ်ပေးရန် ငြင်းပယ်နိုင်သည်။

(င)  ခွင့်ပြုချက်ထုတ်ပေးရန် ငြင်းပယ်လျှင် ငြင်းပယ်ရသည့် အကြောင်းရင်းကို ဖော်ပြ၍ လျှောက်ထားသူထံစာဖြင့် အကြောင်းကြားရမည်။

(စ)  နည်းဥပဒေခွဲ (က) သို့မဟုတ် (ဂ) အရ ခွင့်ပြုချက်ထုတ်ပေးရန်ဆုံးဖြတ်ပါက ခွင့်ပြု ချက်သက်တမ်း တစ်နှစ်သတ်မှတ်ခြင်း၊ စည်းကမ်းသတ်မှတ်ခြင်းပြုရမည်။

အခန်း (၁၇)
ကုန်ပို့လွှာ

၈၅။  နယ်စပ်ဖြတ်ကျော် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းလိုင်စင်ရရှိသူနှင့် သယ်ယူပို့ဆောင် ရေးမော်တော်ယာဉ်တို့အတွက် ဦးစီးဌာနက နောက်ဆက်တွဲဇယားဖြင့် သတ်မှတ်ထားသည့် ကုန်ပို့လွှာပုံစံကို အသုံးပြုရမည်။

၈၆။  ကုန်ပို့လွှာတွင် အောက်ပါအချက်များ ပါဝင်ရမည်-

(က)  ကုန်ပို့လွှာနေ့စွဲနှင့် ထုတ်ပေးသည့်နေရာ၊

(ခ)  ကုန်တင်ပို့သူ၏ အမည်နှင့် နေရပ်လိပ်စာအပြည့်အစုံ၊

(ဂ)  သယ်ဆောင်သူ၏ အမည်နှင့်နေရပ်လိပ်စာအပြည့်အစုံ၊

(ဃ)  ကုန်ပစ္စည်းကို တာဝန်ယူသည့် နေရာ၊ နေ့စွဲနှင့် ကုန်ပစ္စည်းအားပေးအပ်ရန် သတ်မှတ် သည့်နေရာ၊

(င)  ကုန်လက်ခံသူ၏ အမည်နှင့် နေရပ်လိပ်စာအပြည့်အစုံ၊

(စ)  ကုန်ပစ္စည်း၏ သဘာဝအလျောက်သာမန်အသုံးပြုမှု အမျိုးအစားနှင့် ထုပ်ပိုးပုံနည်းစနစ်၊

(ဆ)  အန္တရာယ်ရှိ ကုန်စည်ဖြစ်လျှင် အန္တရာယ်ရှိကြောင်းဖော်ပြချက်၊

(ဇ)  အထုပ်အရေအတွက်နှင့် ယင်းတို့၏ ထူးခြားသော အမှတ်အသားနှင့် နံပါတ်စဉ်များ၊

(ဈ)  ကုန်ပစ္စည်းများ၏ စုစုပေါင်း အလေးချိန် သို့မဟုတ် အရေအတွက်၊

(ည)  သယ်ဆောင်စရိတ်၊ နောက်ဆက်တွဲ စရိတ်များနှင့်ပဋိညာဉ်ပြုလုပ်သည့် အချိန်မှ စ၍ ပေးအပ်သည့် အချိန်ထိကျခံရန်ပေါ်ပေါက်သော သယ်ဆောင်မှုနှင့် သက်ဆိုင်သည့် ကုန်ကျစရိတ်များ၊

(ဋ)  အကောက်ခွန်အလို့ငှာ ကုန်ပစ္စည်းများ၏တန်ဖိုး၊

(ဌ)  အကောက်ခွန်ကိစ္စနှင့် အခြားသမရိုးကျကိစ္စများအတွက် လိုအပ်သောညွှန်ကြားချက်များ၊

(ဍ)  သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူနှင့် ကုန်လက်ခံသူတို့၏ မှတ်ချက်များ၊

(ဎ)  ကုန်တင်ပို့သူက သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူသို့ပေးသည့် ကုန်စည်အတွက် အာမခံနှင့် သက်ဆိုင်သည့် ညွှန်ကြားချက်များ၊

(ဏ)  နယ်စပ်ဖြတ်ကျော် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် သဘောတူ ထားသည့် သတ်မှတ်ချိန်ကာလ၊

(တ)  သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူသို့ လွှဲအပ်သည့် စာရွက်စာတမ်းများ စာရင်း၊

(ထ)  စာချုပ်ဝင်နိုင်ငံများက အသုံးဝင်မည်ဟု ယူဆသော အခြားအချက်အလက်များ။

၈၇။  ကုန်ပို့လွှာတွင်-

(က)  သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူသည် ကုန်ပစ္စည်းများကို တာဝန်ယူသည့်အခါ ကုန်ပစ္စည်းများ၏ အရေအတွက်၊ အလေးချိန်၊ သိသာထင်ရှားသော အရည်အသွေးနှင့် ယင်းတို့၏ ထုပ်ပိုးမှုများကို စစ်ဆေးပြီး သင့်လျော်သော မှတ်ချက်များကို ဖော်ပြရမည်။

(ခ)  သယ်ဆောင်သူ၏ မှတ်ချက်မပါရှိလျှင် ကုန်ပစ္စည်းများသည် ပြီးပြည့်စုံ၍ ကောင်းမွန်သော အခြေအနေတွင်ရှိသည်ဟု မှတ်ယူရမည်။

၈၈။ ကုန်ပို့လွှာတွင် အခြားသဘောတူညီချက်မရှိပါက ကုန်တင်ပို့သူအနေဖြင့် ကုန်ပစ္စည်းများကို နေရာချထားစီမံခန့်ခွဲခွင့်ရှိသည်။

၈၉။  နည်းဥပဒေ ၈၈ အရ စီမံခန့်ခွဲရာတွင်-

(က)  ကုန်ပစ္စည်းသယ်ဆောင်ရန် လုပ်ငန်းအကူးအပြောင်းကိုရပ်တန့်၍ ဆောင်ရွက်ခွင့်ရှိသည်၊

(ခ)  ကုန်ပစ္စည်းထွက်ခွာလာရာနေရာသို့ ပြန်ပို့ရန် ဆောင်ရွက်ခွင့်ရှိသည်။ အခြားနေရာ သို့မဟုတ် ကုန်လက်ခံယူသူကို ပြောင်းလဲခွင့်ရှိသည်။

၉၀။  အောက်ပါအချက်တစ်ခုခုပေါ်ပေါက်လျှင် ကုန်တင်ပို့သူ၏ကုန်စည်စီမံခန့်ခွဲမှုကို ရပ်စဲပြီး ကုန်လက်ခံယူသူသို့ လွှဲပြောင်းနိုင်သည်-

(က)  ကုန်စည်များကိုလွှဲအပ်ပေးသည့်အခါ၊

(ခ)  သတ်မှတ်ထားသောနေရာသို့ ကုန်စည်များရောက်ရှိပြီး ကုန်လက်ခံရယူသူက လက်ခံရယူ သည့်အခါ၊

(ဂ)  ကုန်ပို့လွှာ၏ မူရင်းခွဲကို ကုန်လက်ခံရယူသူကလက်ခံရရှိသည့်အခါ။

၉၁။  ကုန်တင်ပို့သူက သယ်ဆောင်ရေးအကူးအပြောင်းတွင် ကုန်စည်စီမံခန့်ခွဲခွင့်ကို ကျင့်သုံးခြင်းဖြင့် ပေါ်ပေါက်သော နောက်ထပ်ကုန်ကျစရိတ်များအတွက် သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူ အား ပေးအပ်ရမည်။

၉၂။  ကုန်တင်ပို့သူနှင့်ကုန်လက်ခံသူနှစ်ဦးလုံးက သီးခြားဖြစ်စေ၊ တစ်ပြိုင်နက်တည်းဖြစ်စေ ကုန်ပစ္စည်းပျောက်ဆုံးပျက်စီးမှု သို့မဟုတ် ပေးအပ်ရန် နှောင့်နှေးကြန့်ကြာမှုအတွက် သယ်ယူ ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူအား တရားစွဲဆို၍ လျော်ကြေးတောင်းခံခွင့်ရှိသည်။ သို့ရာတွင် သယ်ဆောင်သူက လျော်ကြေးတစ်ကြိမ်သာလျှင် ပေးရန်တာဝန်ရှိသည်။

၉၃။  သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူနှင့် ကုန်စည်အပ်နှံသူတို့သည် အောက်ပါအချက်များကို လိုက်နာရမည်-

(က)  ကုန်ပစ္စည်းများကို တာဝန်ယူသည့်အခါ သယ်ဆောင်သူက ကုန်ပစ္စည်းများ၏ အရေအတွက်များ (အမှတ်စဉ်နှင့်အလေးချိန်)၊ သိသာထင်ရှားသော အရည်အသွေးနှင့် ၎င်းတို့၏ ထုပ်ပိုးမှုများကို စစ်ဆေး ပြီးကုန်ပို့လွှာတွင် သင့်လျော်သော မှတ်ချက်များကို ရေးရမည်။

(ခ)  သယ်ဆောင်သူက ကုန်ပို့လွှာတွင် ကုန်ပစ္စည်းများအရေအတွက်၊ အရည်အသွေး၊ ထုပ်ပိုးမှုများနှင့် သက်ဆိုင်သည့် ကုန်ပို့လွှာပါရေးသားချက်များကို စစ်ဆေးရန် ခိုင်လုံသောနည်းလမ်းမရှိပါက အခြေခံ သည့်အကြောင်းကိစ္စပေါ်တွင် မူတည်ပြီး ကုန်ပို့လွှာတွင်မှတ်ချက်ကို ဖော်ပြရမည်။

(ဂ)  ကုန်ပစ္စည်းများ၏ သိသာထင်ရှားသော ထုပ်ပိုးမှုအခြေအနေနှင့်စပ်လျဉ်း၍ သီးခြား အကြောင်း ပြချက်များကို အလားတူဖော်ပြရမည်။

၉၄။ နည်းဥပဒေ ၉၃ နည်းဥပဒေခွဲ (ခ) ပါမှတ်ချက်များကို သယ်ဆောင်သူက အတိအလင်း သဘောတူညီမှုမရှိပါက ၎င်းအပေါ်တာဝန်မရှိစေရ။

အခန်း (၁၈)
သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူ၊ ခရီးသည်နှင့်ကုန်စည်အပ်နှံသူတို့ လိုက်နာရမည့်တာဝန်

၉၅။  သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူသည်-

(က)  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း အများပြည်သူဆိုင်ရာလမ်းပေါ်သွားလာ သောသယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်၏ အခြေအနေနှင့်လည်းကောင်း၊ ထိုမော်တော် ယာဉ်သွားလာမှုနှင့် လည်းကောင်း သက်ဆိုင်သည့် တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကိုလိုက် နာရမည်။

(ခ)  ခရီးသည်များသယ်ယူပို့ဆောင်ချိန်တွင် မော်တော်ယာဉ်၏ သန့်ရှင်းမှုကို ထိခိုက်စေသည့် ကုန်စည်များ၊ ခရီးသည်များ၏ သက်သာမှုနှင့် ကျန်းမာသန့်ရှင်းရေးတို့ကို ထိခိုက်စေသည့် သို့မဟုတ် အနှောက်အယှက် ဖြစ်စေသည့် ကုန်စည်များကို တင်ဆောင်ခြင်းမပြုရ။

(ဂ)  လုပ်ငန်းလိုင်စင်တွင်ဖော်ပြသည့် စည်းကမ်းချက်များနှင့်အညီ ကုန်စည်များကို တင်ဆောင်ရမည်။

(ဃ)  ဦးစီးဌာန သို့မဟုတ် သက်ဆိုင်ရာဦးစီးဌာနက သတ်မှတ်သော လုပ်ငန်းလိုင်စင်ပါ အထူးစည်းကမ်းချက်များအရမှတစ်ပါး ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် အသုံးပြုသော မော်တော် ယာဉ်တွင်ပိုင်ရှင် သို့မဟုတ် ငှားရမ်းသူ သို့မဟုတ် ယင်းတို့၏ တရားဝင်အလုပ်သမားစုစု ပေါင်းသုံး ဦးအထိသာ တင်ဆောင်ခွင့်ရှိသည်။

(င)  အပ်နှံသည့် ကုန်စည်ကို ပို့ဆောင်ပေးရမည့်နေရာအရောက် တာဝန်ယူပို့ဆောင်ပေးရမည်။

(စ)  နည်းဥပဒေခွဲ (ဃ) တွင်ပါရှိသည့် ယာဉ်ပေါ်တွင် လိုက်ပါသူများနှင့် ပတ်သက်သည့် စည်းကမ်း ထိန်းသိမ်းရေးကိစ္စများတွင် တာဝန်ရှိသည်။

၉၆။  သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူသည် ကုန်စည်များသယ်ယူပို့ဆောင်ရန် တာဝန်ယူချိန် မှစ၍ ကုန်စည်လွှဲပြောင်းပေးအပ်သည့် အချိန်အထိ ကြားကာလတွင် ကုန်စည်ပျောက်ဆုံးမှု သို့မဟုတ် ပျက်စီးမှု၊ ကုန်စည်ပေးအပ်ရန် နှောင့်နှေးကြန့်ကြာမှုတို့အတွက် ပေးလျော်ရန် တာဝန်ရှိသည်။

၉၇။ ကုန်စည်ပေးအပ်ရန် သဘောတူထားသည့် ကာလကုန်ဆုံးသည့် အချိန်မှ ရက်ပေါင်း ၃၀ အတွင်းကုန်စည်ကိုမပေးအပ်နိုင်လျှင်ဖြစ်စေ၊ ကုန်စည်ပေးအပ်ရန် သဘောတူထားသည့် ကာလမရှိလျှင် သယ်ယူပို့ဆောင်သူက ကုန်စည်ကိုတာဝန်ယူချိန်မှ ရက်ပေါင်း ၆၀ အတွင်း မပေးအပ်နိုင်လျှင်ဖြစ်စေ၊ ကုန်တင်ပို့သူ သို့မဟုတ် ကုန်လက်ခံသူတို့က ကုန်စည်ပျောက်ဆုံးမှု အတွက် လျော်ကြေးတောင်းဆိုခွင့် ရှိသည်။

၉၈။  ကုန်စည်များကို ပြန်လည်တွေ့ရှိလျှင် သယ်ယူပို့ဆောင်သူက ကုန်စည်ကို လွှဲပြောင်းပေးအပ်ရန် ရွေးချယ်ခွင့်ရှိသည်။ ကုန်တင်ပို့သူ သို့မဟုတ် ကုန်လက်ခံယူသူအား ချက်ချင်းအကြောင်းကြား ရမည်။ ကုန်တင်ပို့သူ သို့မဟုတ် ကုန်လက်ခံသူက လျော်ကြေးငွေကိုပြန်အမ်းရမည်။ သို့သော် တစ်စိတ်တစ်ပိုင်းပျောက်ဆုံးမှု၊ ပျက်စီးမှု သို့မဟုတ် နှောင့်နှေးကြန့်ကြာမှုအတွက် မည်သည့် လျော်ကြေး တောင်းဆိုမှုကိုမဆိုမထိခိုက်စေရ။

၉၉။  သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူထံမှ ကုန်စည်များပြန်လည်တွေ့ရှိကြောင်း အကြောင်း ကြားစာကို လက်ခံရသည့်အချိန်မှ ရက်ပေါင်း ၃၀ အတွင်းကုန်တင်ပို့သူ သို့မဟုတ် ကုန်လက် ခံယူသူက ပြန်လည်တွေ့ရှိသော ကုန်စည်များကို လွှဲပြောင်းပေးအပ်ရန် အကြောင်းပြန်ကြားခြင်း မရှိပါက သယ်ယူ ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူသည် ကုန်ပစ္စည်းများတည်ရှိရာနေရာ၏ ဥပဒေအရ ကုန်စည်များကို မိမိ၏ သဘောဆန္ဒဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်သည်။

၁၀၀။  ခရီးစဉ်ခရီးသည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းလိုင်စင်ရရှိသူသည်-

(က)  ခရီးသည်များ လုံခြုံချောမွေ့စွာနှင့် သက်သောင့်သက်သာ စီးနင်းလိုက်ပါနိုင်ရေးကို ဦးစားပေး ဆောင်ရွက်ရမည်။

(ခ)  ခရီးစဉ်အလိုက် ခရီးသည်ပို့ဆောင်ခနှုန်းထားများသည် သက်ဆိုင်ရာဒေသဆိုင်ရာ ကြီးကြပ်ကွပ်ကဲ ရေးအဖွဲ့များမှ သတ်မှတ်သည့်အတိုင်း ဖြစ်ရမည်။

(ဂ)  ခရီးသည်များ ခရီးသွားလက်မှတ်များ ဝယ်ယူရရှိနိုင်ရေးအတွက် သက်ဆိုင်ရာဒေသ အုပ်ချုပ်ရေးအဖွဲ့များမှ သတ်မှတ်ထားသည့်နေရာများတွင် လက်မှတ်အရောင်းဌာနများ ဖွင့်လှစ်ထားရှိရမည်။

(ဃ)  လိုက်ပါမည့်ခရီးသည်များ၏ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ ဆက်သွယ်ရ မည့် ဖုန်းနံပါတ်တို့ကို ထိုင်ခုံနံပါတ်အလိုက် ပြည့်စုံစွာမှတ်တမ်းပြုစုထားရမည်။

(င)  ခရီးစဉ်တစ်လျှောက် ခရီးသည်များမှ မှတ်ပုံတင်၍ အပ်နှံထားသည့် ခရီးဆောင်အိတ်နှင့် လက်ဆွဲ တန်ဆာများ ပျက်စီး၊ ပျောက်ဆုံးမှုအတွက် တာဝန်ရှိစေရမည်။

(စ)  ခရီးသည်များလုံခြုံမှုရှိစေရေးအတွက် လိုင်စင်အရလုပ်ကိုင်မည့် ယာဉ်များသည် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများဥပဒေ၊ နည်းဥပဒေ၊ မော်တော်ယာဉ်ဥပဒေ၊ နည်းဥပဒေများဖြင့် သတ်မှတ် သည့်အတိုင်းလိုက်နာပြီး ဖြစ်သည်ဟု မှတ်ယူရမည်။

(ဆ)  သယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်ပေါ်တွင် တည်ဆဲဥပဒေများအရ ကန့်သတ်ထား သည့်ပစ္စည်းများ၊ ထုပ်ပိုးမှုနည်း သို့မဟုတ် ချည်နှောင်နည်းတို့ကြောင့် ခရီးသည်အနှောက် အယှက်ဖြစ်စေမည့် ပစ္စည်းများနှင့် အခြားတစ်နည်းနည်းဖြင့် ခရီးသည်အားအနှောက် အယှက်ဖြစ်စေမည့်ပစ္စည်းများ (အထူးသဖြင့် ညစ်ပေနံစော်သည့် ပစ္စည်း) တင်ဆောင် ခြင်းမရှိစေရေး ကြီးကြပ်ဆောင်ရွက်ရမည်။

(ဇ)  ခရီးသည်လိုက်ပါစီးနင်းမည့် ယာဉ်လက်မှတ်၊ ခရီးဆောင်အိတ်နှင့် လက်ဆွဲတန်ဆာများ နှင့် စပ်လျဉ်း၍ အငြင်းပွားဖွယ်ကိစ္စရပ်များအား ခရီးစဉ်ခရီးသည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းလိုင်စင်ရရှိ သူက တာဝန်ယူဖြေရှင်းဆောင်ရွက်ရမည်။

(ဈ)  ခရီးစဉ်ခရီးသည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းလိုင်စင်ရရှိသူက ဆောင်ရွက်သော သယ်ယူပို့ဆောင်ရေးယာဉ်တိုင်းသည် သက်ဆိုင်ရာ ဒေသဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေး အဖွဲ့များ၏ အခါအားလျော်စွာ တာဝန်ပေးအပ်သည့် သယ်ယူပို့ဆောင်ရေး ကိစ္စရပ်များကို ကျေပွန်စွာထမ်းဆောင်ရမည်။

၁၀၁။  ခရီးသည်များလိုက်နာရမည့်တာဝန်များ-

(က) ခရီးသည်တင်မော်တော်ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါသည့်အခါ ထိုင်ခုံခါးပတ် ပတ်၍စီးနင်း ရမည်။

(ခ)  သတ်မှတ်ထားသည့် ယာဉ်ရပ်တန့်ရန် နေရာများ၊ မှတ်တိုင်များတွင်သာ အတက်၊ အဆင်းပြုလုပ် ရမည်။

(ဂ)  ယာဉ်လုံးဝရပ်ပြီးမှသာ ယာဉ်ပေါ်မှဆင်းရမည်။ ထွက်နေသည့် ယာဉ်နောက်သို့ ပြေးလိုက်ခြင်း၊ ပြေး တက်ခြင်းမပြုလုပ်ရ။

(ဃ)  ခရီးသည်များသည် ယာဉ်၏အတွင်း၌သာ စီးနင်းလိုက်ပါရမည်။ ယာဉ်၏ရှေ့၊ နောက်၊ ဘေးနှင့် ခေါင်မိုးပေါ်တွင် မစီးရ။

(င)  ခရီးသည်တင်ယာဉ်ပေါ်သို့ တို့ဝှေ့တက်ခြင်း၊ ယာဉ်ပေါ်မှတိုးဝှေ့ဆင်းခြင်းမပြုလုပ်ရ။

(စ)  ခရီးသည်တင်ယာဉ်ပေါ်တွင် စီးနင်းနေစဉ် ယာဉ်၏ပြတင်းပေါက်မှ ခေါင်းပြူထွက်ခြင်း၊ လက်ထုတ်ခြင်း၊ လက်တင်ခြင်းမပြုလုပ်ရ၊ သတ်မှတ်ထားသည့် ခရီးသည်အတက်၊ အဆင်းနေရာမှ အတက်၊ အဆင်းပြုလုပ်ရမည်။

(ဆ)  ခရီးဆုံးသို့ရောက်ရှိပါက မိမိနှင့်အတူ သယ်ဆောင်လာသည့် ပစ္စည်းများအားမှန်မမှန် စိစစ်၍ လက်ခံယူရမည်။

(ဇ)  ခရီးသည်များသည် သက်ဆိုင်ရာယာဉ်အသင်းများမှ သတ်မှတ်ထားသည့် စည်းကမ်းချက် များကို လိုက်နာရမည်။

၁၀၂။  ကုန်စည်အပ်နှံသူများ လိုက်နာရမည့်တာဝန်များ-

(က)  အပ်နှံတင်ပို့သောကုန်ပစ္စည်းအားစနစ်တကျ လုံခြုံခိုင်ခန့်စွာထုပ်ပိုး၍ စနစ်တကျ အပ်နှံရမည်။

(ခ)  အပ်နှံတင်ပို့သောကုန်ပစ္စည်း၏ အရေအတွက်နှင့် အမျိုးအစားအားမှန်ကန် တိကျစွာစိစစ် ၍ အပ်နှံရမည်။

(ဂ)  လိုအပ်ပါက ပစ္စည်းအမျိုးအစားနှင့်တန်ဖိုးကိုဖော်ပြရမည်။

(ဃ)  အပ်နှံတင်ပို့သော ကုန်ပစ္စည်း၏ရေရှည်ထားသိုနိုင်မှု၊ ကြန့်ကြာမှုတို့အား အသိပေးရမည်။

၁၀၃။  နယ်စပ်ဖြတ်ကျော် ကုန်းလမ်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းလိုင်စင်ရရှိသူသည် နယ်စပ်ဖြတ် ကျော်ခရီးသည်နှင့်ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ်ခေါက်ရေ၊ သတ်မှတ်လမ်းကြောင်းနှင့် သတ်မှတ်ကာလအတွင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းအား ဆောင်ရွက်ရမည်။

အခန်း (၁၉)
လုပ်ငန်းလိုင်စင်လွှဲပြောင်းခြင်း

၁၀၄။  လုပ်ငန်း လိုင်စင်ရရှိသူက အခြားသူတစ်ဦးသို့ လုပ်ငန်းလိုင်စင် လွှဲပြောင်းလိုလျှင်-

(က)  လွဲပြောင်းရန်ရည်ရွယ်သည့်ကိစ္စတွင် ပါဝင်သူနှစ်ဦးလုံးက သက်ဆိုင်ရာလုပ်ငန်း လိုင်စင် မူလထုတ်ပေးသည့် ဦးစီးဌာန၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးဌာန၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသဦးစီးဌာန၊ ဦးစီးဌာနက လွှဲအပ်တာဝန်ပေးထားသည့် ခရိုင် သို့မဟုတ် မြို့နယ် ဦးစီးဌာနသို့ လျှောက်ထားရမည်။

(ခ)  လျှောက်လွှာတွင် မည်သည့်အကြောင်းကြောင့် လွှဲပြောင်းခြင်း၊ လွှဲပြောင်းလက်ခံခြင်း ပြုလိုသည်ကို ဖော်ပြရမည်။

(ဂ)  လွှဲပြောင်းခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းလိုင်စင် ထုတ်ပေးသူအရာရှိက လိုအပ်သည်ဟု ထင်မြင်သော အသေးစိတ်အကြောင်းအရာများကို ပေးပို့ရမည်။

၁၀၅။  လုပ်ငန်းလိုင်စင်ထုတ်ပေးသော အရာရှိသည်-

(က)  သင့်လျော်သည်ဟု ထင်မြင်လျှင်လုပ်ငန်းလိုင်စင်လွှဲပြောင်းရန် လျှောက်လွှာကို လုပ်ငန်း လိုင်စင် လျှောက်လွှာ ဖြစ်ဘိသကဲ့သို့မှတ်ယူ၍ အရေးယူဆောင်ရွက်နိုင်သည်။

(ခ)  ယင်းလုပ်ငန်းလိုင်စင်တွင် သက်ဆိုင်ရာပြောင်းလဲချက်များကို ရေးသွင်း၍ သတ်မှတ်ထား သည့် အခကြေးငွေကိုရရှိလျှင် လုပ်ငန်းလိုင်စင်ကိုလည်း လွှဲပြောင်းပေးခြင်း ခံရသူထံ ပေးအပ်ရမည်။

(ဂ)  လုပ်ငန်းလိုင်စင်လွှဲပြောင်းခွင့်ပြုပြီးနောက် လုပ်ငန်းလိုင်စင်လွှဲပြောင်းရန် လျှောက်လွှာ တွင် အရေးပါသောအကြောင်းအရာများ မှန်ကန်ခြင်းမရှိဟု ယုံကြည်လျှင် ထိုလွှဲပြောင်းမှု ကို ပယ်ဖျက်နိုင်သည်။

(ဃ)  နည်းဥပဒေခွဲ (ဂ) အရ ပယ်ဖျက်သည့်အခါ ထိုကိစ္စတွင်ပါဝင်သူတို့အား စီရင်ထိုက်သည့် အခြားပြစ်ဒဏ်တစ်ခုခုကို မထိခိုက်စေဘဲ လုပ်ငန်းလိုင်စင်အတည်ဖြစ်ခြင်းမှ ရပ်စဲရမည်။

၁၀၆။  လုပ်ငန်းလိုင်စင်ထုတ်ပေးသော ဦးစီးဌာနသည် ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းတွင် ခရီးသည်များ အကျိုးအတွက် လုပ်ငန်းအဆက်မပြတ် ဆောင်ရွက်နိုင်စေရန်အလို့ငှာ လိုအပ်သည်ဟုယူဆသော ကိစ္စရပ်များ၌ လုပ်ငန်းလိုင်စင်ရရှိထားသူ သေဆုံးသည့်အခါ ယင်းလုပ်ငန်းကို ယာယီဆက်လက် ဆောင်ရွက် မည့်သူတစ်ဦးဦး၏ အမည်တင်သွင်းရန်တောင်းဆိုနိုင်သည်။ အဆိုပါ အမည် တင်သွင်းခြင်းခံရသူသည် အမည်တင်သွင်းခံရခြင်းကို အကြောင်းပြု၍ လုပ်ငန်းလိုင်စင်တွင် အကျုံးဝင်သည့် အပိုင်ပစ္စည်းများကို အလိုအလျောက်ဆက်ခံပိုင်ခွင့်ရှိသည်ဟု မမှတ်ယူရ။

၁၀၇။  လုပ်ငန်းလိုင်စင်ရရှိသူက အမည်တင်သွင်းခံရသူသည် ပြည်တွင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းဆောင်ရွက်ခြင်းနှင့် သက်ဆိုင်ပါကနည်းဥပဒေ ၂၇ ပါ လိုအပ်ချက်များနှင့် လည်းကောင်း၊ နယ်စပ်ဖြတ်ကျော် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်ခြင်း သက်ဆိုင်ပါက နည်းဥပဒေ ၂၈ ပါလိုအပ်ချက်များနှင့်လည်းကောင်း ကိုက်ညီရမည့်ပြင် လုပ်ငန်းလိုင်စင်ရရှိသော လုပ်ငန်းကို ဆောင် ရွက်ရန်လိုအပ်သည့် အရည်အချင်းနှင့်လည်း ပြည့်စုံသူဖြစ်ရမည်။

၁၀၈။  လိုင်စင်ရရှိသူ သေဆုံးသည့်အခါသက်ဆိုင်သူက သေဆုံးသည့်နေ့မှ ရက်ပေါင်း (၃၀) အတွင်း သက်ဆိုင်ရာဦးစီးဌာနသို့ အကြောင်းကြားရမည်။ သက်ဆိုင်ရာဦးစီးဌာနသည် အကြောင်းကြား စာကိုရရှိသည့်နေ့မှ ရက်ပေါင်း (၆၀) အတွင်းစိစစ်ပြီး အမည်တင်သွင်းထားသူအား လိုင်စင် ထုတ်ပေးရမည်။

အခန်း (၂၀)
လုပ်ငန်းလိုင်စင်ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များ

၁၀၉။ ဦးစီးဌာနသည် ပြည်တွင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းလိုင်စင်၌ဖြစ်စေ၊ သီးခြားအမိန့် ဖြင့်ဖြစ်စေ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းတွင် သယ်ယူခွင့်မပြုသော ကုန်စည်များကို လည်းကောင်း၊ သယ်ယူပို့ဆောင်ခွင့်ပြုသော ကုန်စည်များကိုလည်းကောင်း၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်း ဆောင်ရွက်ရာ၌ လိုက်နာရမည့် စည်းကမ်းများကိုလည်းကောင်း သတ်မှတ်နိုင်သည်။

၁၁၀။  ဦးစီးဌာန သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဦးစီးဌာန သို့မဟုတ် ပြည်ထောင်စုနယ် မြေဦးစီးဌာန သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးဌာန သည်ပြည်တွင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် လုပ်ငန်းလိုင်စင် ထုတ်ပေးရာ၌ လိုအပ်သည်ဟုထင်မြင်လျှင် အောက်ပါအချက်များနှင့်စပ်လျဉ်း၍ အထူးစည်းကမ်း ချက်များ၊ တားမြစ်ချက်များ သို့မဟုတ် ကန့်သတ်ချက်များကို သတ်မှတ်နိုင်သည်-

(က)  လုပ်ကိုင်မည့် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းအရေအတွက် သို့မဟုတ် သွားလာ မည့် ခရီးအခေါက်ရေစုစုပေါင်း၊

(ခ)  အသုံးပြုမည့် သယ်ယူပို့ဆောင်ရေးမော်တော်ယာဉ် အရေအတွက်နှင့်အမျိုးအစား၊

(ဂ)  ခရီးစဉ်ကိုဖြစ်စေ၊ သယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်၏ လုပ်ငန်းများကိုဖြစ်စေ ခွဲခြား သိသာ စေသော အရောင် သို့မဟုတ် အမှတ်အသား၊

(ဃ)  လုပ်ကိုင်မည့် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း အချိန်စာရင်းများ၊ ခရီးစဉ်များနှင့် ဒေသများ သို့မဟုတ် အဆိုပါအချိန်စာရင်း၊ ခရီးစဉ်များနှင့်ဒေသများအတိုင်း လိုက်နာ ဆောင်ရွက်ခြင်းမှ လျှော့ပေါ့ ရန်ခွင့်ပြုချက်၊

(င)  ကုန်စည် သို့မဟုတ် ခရီးသည် အတင်အချပြုလုပ်ရန် နေရာများနှင့်ဒေသများ၊

(စ)  လူစီးခများအပြင် အခမဲ့တင်ဆောင်ခွင့်ပြုသည့် သတ်မှတ်ဝန်စည်ထက်ပိုမို တင်ဆောင် သည့် ကုန်ပစ္စည်းအတွက် ပေးဆောင်ရန်အခနှုန်းများ၊

(ဆ)  ပို့ဆောင်မှုနှင့် သက်ဆိုင်သော စည်းကမ်းချက်များ၊

(ဇ)  ကုန်စည်နှင့်ခရီးသည် အဝင်အထွက်စာရင်းများ၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ကိန်း ဂဏန်းများ၊ အစီရင်ခံစာ တင်သွင်းရန်အချက်များနှင့် သီးခြားစာရင်းအင်းအတွက် လိုအပ်ချက်များ၊

(ဈ)  အခြားသက်ဆိုင်ရာအထူးအချက်အလက်များ။

၁၁၁။  သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူသည် သတ်မှတ်စည်းကမ်းချက်များကို လိုက်နာဆောင် ရွက်ခြင်းမရှိလျှင် ပြည်တွင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း သို့မဟုတ် နယ်စပ်ဖြတ် ကျော်ကုန်းလမ်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းလိုင်စင်ရုပ်သိမ်းခြင်းခံရမည်။

အခန်း (၂၁)
အခကြေးငွေများ သတ်မှတ်ခြင်း

၁၁၂။  ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းလိုင်စင်ဆိုင်ရာ အခကြေးငွေများကို နောက်ဆက်တွဲ ဇယား ပုံစံ (၁)၊ (၂)ပါအတိုင်းသတ်မှတ်သည်။

အခန်း (၂၂)
ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းကြီးကြပ်ခကောက်ခံခြင်း

၁၁၃။  သက်ဆိုင်ရာဦးစီးဌာနသည် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းလိုင်စင်အရ စနစ်တကျ ပြေးဆွဲမှုရှိစေရေး အောက်ဖော်ပြပါအချက်များကို ကြီးကြပ်စစ်ဆေးခြင်းဖြင့် သယ်ယူပို့ဆောင် ရေးယာဉ်များအား ကြီးကြပ်ခကောက်ခံနိုင်သည်-

(က)  စည်းကမ်းချက်များနှင့်အညီ ပြေးဆွဲစေခြင်း၊

(ခ)  သတ်မှတ်ခရီးစဉ်အတိုင်း ပြေးဆွဲစေခြင်း၊

(ဂ)  ခွင့်ပြုခရီးစဉ် အစအဆုံးပြေးဆွဲစေခြင်း၊

(ဃ)  ခွင့်ပြုသတ်မှတ်ထားသည့် ယာဉ်စီးခနှုန်းထားအတိုင်း ကောက်ခံစေခြင်း။

၁၁၄။  သက်ဆိုင်ရာ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းကြီးကြပ်ခ ကောက်ခံသည့်အဖွဲ့သည် ဦးစီးဌာနက အခါအားလျော်စွာသတ်မှတ်သော ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း ကြီးကြပ်ခကို အောက်ပါနေရာများတွင် ကောက်ခံရမည်-

(က)  ခရီးသည်တင်ယာဉ်ရပ်နားစခန်း၊

(ခ)  ကုန်တင်မော်တော်ယာဉ်ရပ်နားစခန်း၊

(ဂ)  ဒေသအုပ်ချုပ်ရေးအဖွဲ့မှ ခွင့်ပြုသတ်မှတ်ပေးသည့် နေရာ၊

(ဃ)  ဒေသအတွင်းမှ ယာဉ်နှင့်ပတ်သက်သည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် နိုင်သည့်နေရာ၊

(င)  ဦးစီးဌာနက အခါအားလျော်စွာ သတ်မှတ်သည့်နေရာ။

၁၁၅။  နည်းဥပဒေ ၁၁၃ အရ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းကြီးကြပ်ခကိုအောက်ပါယာဉ်များ အားကောက်ခံရမည်-

(က)  ခရီးသည် တင်ယာဉ်ရပ်နားစခန်းမှ ထွက်ခွာသော ခရီးသည် တင်မော်တော်ယာဉ်များ၊

(ခ)  ယာဉ်ရပ်နားစခန်းပြင်ပတွင် ဂိတ်ထိုးပြီးထွက်ခွာသည့် ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ယာဉ်များ၊

(ဂ)  ဒေသဆိုင်ရာကြီးကြပ်ကွပ်ကဲရေးအဖွဲ့မှ သဘောတူခွင့်ပြုပါက ကုန်စည်သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သည့် မော်တော်ယာဉ်များ၊

(ဃ)  ဦးစီးဌာနက အခါအားလျော်စွာသတ်မှတ်သော အခြားယာဉ်များ။

၁၁၆။  ကုန်းလမ်းသယ်ယူပို့ဆောင်ရေးယာဉ်များကို ကြီးကြပ်ရာတွင်သွားလာခဲ့သည့် ခေါက်ရေ၊ ခရီးစဉ်၊ တင်ဆောင်သည့် ကုန်ပစ္စည်းအမျိုးအစား၊ တန်ချိန်နှင့် တာဝန်ပေးအပ်သည့်အတိုင်း လိုက်နာမှုရှိ မရှိတို့ကို စိစစ်နိုင်ရန်အတွက် သတင်းပို့မှတ်တမ်းစာအုပ် (Log Book) တစ်အုပ်စီဖြင့် မှတ်တမ်း တင်ထားရှိစေရမည်။ ယင်းစာအုပ်တွင် လိုင်စင်ပါအချက်အလက်များကို မှတ်တမ်းတင် ဖော်ပြ ထားရမည်။

၁၁၇။  နည်းဥပဒေ ၁၁၉ နှင့်အညီ ကိုက်ညီမှု ရှိမရှိ ယာဉ်တစ်စီးချင်းစီကို စစ်ဆေးရာတွင် သတင်းပို့မှတ် တမ်းစာအုပ် (Log Book) ပါမှတ်တမ်းများကို တာဝန်ရှိသူကတောင်းခံသည့်အခါ ပြသရမည်။ သို့ရာတွင် သတင်းပို့မှတ်တမ်းစာအုပ် (Log Book) ကိုလိုင်စင်အဖြစ် မှတ်ယူခြင်းမပြုရ။

အခန်း (၂၃)
အယူခံခြင်း

၁၁၈။  ဥပဒေ ပုဒ်မ ၅၄၊ ၅၅၊ ၅၇၊ ၅၈ နှင့် ၅၉ တို့အရ ဝန်ကြီးဌာနသို့ အယူခံဝင်သူသည် အယူခံလွှာ တင်သွင်းရာ၌ အောက်ပါအချက်များကို ပူးတွဲတင်ပြရမည်-

(က)  သက်ဆိုင်ရာအဆင့် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၏ ဆုံးဖြတ်ချက် မိတ္တူမှန်၊

(ခ)  အယူခံရသည့်အကြောင်းပြချက်များ၊

(ဂ)  အယူခံဝင်ခြင်းသည် သတ်မှတ်ကာလအတွင်း အယူခံဝင်ခြင်း မဟုတ်လျှင် မည်သည့် အကြောင်းကြောင့် သတ်မှတ်ကာလအတွင်း အယူခံဝင်နိုင်ခြင်းမရှိကြောင်း ခိုင်လုံသည့် အကြောင်းပြချက်။

အခန်း (၂၄)
အထွေထွေ

၁၁၉။  ဦးစီးဌာနသည် ကုန်းလမ်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းလိုင်စင်အရ အသုံးပြုသည့်မော်တော် ယာဉ်များအား အောက်ပါတို့နှင့်စပ်လျဉ်း၍ အထူးစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်မှုအနေဖြင့် စစ်ဆေးနိုင်သည်-

(က)  လုပ်ငန်းလိုင်စင် ရှိမရှိ၊

(ခ)  လုပ်ငန်းလိုင်စင်သက်တမ်းကျော်လွန်နေခြင်း ရှိမရှိ၊

(ဂ)  လုပ်ငန်းလိုင်စင်ရယူထားသော်လည်း စစ်ဆေးသည့်အချိန်တွင် သက်ဆိုင်ရာ စာရွက်စာတမ်း အထောက်အထားများ ပြသနိုင်ခြင်း ရှိမရှိ၊

(ဃ)  စည်းကမ်းပျက်ယာဉ်အဖြစ် သတ်မှတ်ချက်များ-

(၁)  လိုင်စင်ပါခရီးစဉ်အတိုင်းပြေးဆွဲမှု ရှိမရှိ၊

(၂)  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကျော်ခွင့်ပြုချက် ရှိမရှိ၊

(၃)  သတ်မှတ်ခရီးသည်/ ကုန်တန်ချိန်ထက်ပိုမိုတင်ဆောင်ခြင်းရှိမရှိ၊

(၄)  ခွင့်ပြုထားသော လုပ်ငန်းလိုင်စင် အမျိုးအစားအတိုင်း ဆောင်ရွက်ခြင်း ရှိမရှိ၊

(၅)  လုပ်ငန်းလိုင်စင်တွင်ဖော်ပြပါရှိသော အချက်အလက်များနှင့်ကိုက်ညီမှု ရှိမရှိ၊

(၆)  တင်ဆောင်သည့်ကုန်ပစ္စည်းသည် မော်တော်ယာဉ်၏ ကိုယ်ထည်အလျားထက် ရှည်လျှားခြင်းမရှိဘဲ နောက်ပိတ်ကိုဖွင့်၍ ၎င်းပေါ်တွင် ကုန်ပစ္စည်းများ တင်ဆောင်ခြင်း ရှိမရှိ၊

(၇)  မော်တော်ယာဉ်၏ မူလကိုယ်ထည်အားပြုပြင်၍ ကုန်ပစ္စည်းများ တင်ဆောင်ခြင်း ရှိမရှိ။

၁၂၀။  လုပ်ငန်းကော်မတီက တာဝန်ပေးအပ်ခြင်းခံရသူသည် သယ်ယူပို့ဆောင်ရေးယာဉ်ကို သွားရောက် စစ်ဆေးရန်နှင့် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများနှင့် သက်ဆိုင်သည့် စာရွက်စာတမ်း နှင့် မှတ်တမ်းများကို စစ်ဆေးကြည့်ရှုရန်လိုအပ်ပါက သက်ဆိုင်ရာ ဥပစာအတွင်းသို့ဖြစ်စေ၊ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးယာဉ်အတွင်းသို့ဖြစ်စေ၊ ယာဉ်အသင်းအဖွဲ့အတွင်းသို့ဖြစ်စေ၊ ဂိတ်အတွင်းသို့ဖြစ်စေ ဝင်ရောက်စစ်ဆေးခြင်းကိုလည်းကောင်း၊ စာရွက်စာတမ်းများကို သိမ်းဆည်းခြင်းကိုလည်းကောင်း ဆောင်ရွက်ခွင့်ရှိသည်။

၁၂၁။  ဤနည်းဥပဒေများ မထုတ်ပြန်မီက ထုတ်ပြန်ထားသော လုပ်ငန်းလိုင်စင်ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ဤနည်း ဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သရွေ့ဆက်လက်ကျင့်သုံးနိုင်သည်။

၁၂၂။  ၁၉၆၄ ခုနှစ်၊ ကုန်းလမ်းနှင့်ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းများဆိုင်ရာ နည်း ဥပဒေများကို ဤနည်းဥပဒေများဖြင့် ရုပ်သိမ်းလိုက်သည်။


(ပုံ) သန့်စင်မောင်
ပြည်ထောင်စုဝန်ကြီး
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန