ရထားပို့ဆောင်ရေးလုပ်ငန်းနည်းဥပဒေများ

DOWNLOAD

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
(ရထားပို့ဆောင်ရေးလုပ်ငန်းနည်းဥပဒေများ)
အမိန့်ကြော်ငြာစာအမှတ် (၇၉/၂၀၁၈)

၁၃၈၀ ပြည့်နှစ်၊ ပထမဝါဆိုလပြည့်ကျော် (၆) ရက်
(၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃ ရက်)

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ ပုဒ်မ ၉၉၊ ပုဒ်မခွဲ(က) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဤနည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။

အခန်း (၁)
အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤနည်းဥပဒေကို ရထားပို့ဆောင်ရေးလုပ်ငန်းနည်းဥပဒေများ ဟု ခေါ်တွင်စေရမည်။

၂။ ဤနည်းဥပဒေတွင်ပါရှိသော စကားရပ်များသည် ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေတွင် ပါရှိသည့်အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။ ထို့ပြင် အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည်-

(က) ကုန်စည်အပ်နှံသူ ဆိုသည်မှာ ရထားပို့ဆောင်ရေးလုပ်ငန်းတွင် ရထားဖြင့် ကုန်စည် သယ်ယူပို့ဆောင်ရန် အတွက် ကုန်စည်လက်ခံသူထံသို့ ကုန်စည်အပ်နှံသောသူကို ဆိုသည်၊

(ခ) ကုန်စည်လက်ခံသူ ဆိုသည်မှာ ရထားပို့ဆောင်ရေးလုပ်ငန်းတွင် ရထားဖြင့် ကုန်စည် သယ်ယူပို့ဆောင်ရန်အတွက် ကုန်စည်အပ်နှံသူက ရထားကုန်တင်ပို့လွှာတွင် ဖော်ပြထား သော ကုန်စည်ကို လက်ခံရယူပိုင်ခွင့်ရှိသူကို ဆိုသည်၊

(ဂ) ရင်းနှီးမြှုပ်နှံမှု ဆိုသည်မှာ တည်ဆဲမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေတွင် ဖွင့်ဆိုထားသည့် အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်၊

(ဃ) တည်ဆောက်-လုပ်ကိုင်-လွှဲပြောင်းခြင်း (Build-Operate and Transfer=BOT) ဆိုသည်မှာ နှစ်ရှည်သဘောတူစာချုပ်ပါစီမံကိန်း သို့မဟုတ် လုပ်ငန်းကို လုပ်ငန်းလုပ် ဆောင်သူက တည်ဆောက်ခြင်း၊ လုပ်ငန်း လည်ပတ်ဆောင်ရွက်ခြင်းနှင့် စာချုပ်သက် တမ်းကုန်ဆုံးချိန်တွင် လုပ်ငန်းလုပ်ဆောင်သူတို့က သက်ဆိုင်ရာသို့ လွှဲပြောင်းပေးခြင်းကို ဆိုသည်၊

(င) တည်ဆောက်-ပိုင်ဆိုင်-လုပ်ကိုင်-လွှဲပြောင်းခြင်း (Build- Own- Operate and Transfer=BOOT) ဆိုသည်မှာ အစိုးရဌာန၊ အဖွဲ့အစည်းကဲ့သို့ အများပိုင်အဖွဲ့အစည်းနှင့် ပုဂ္ဂလိကအဖွဲ့အစည်းတို့က အများပြည်သူဆိုင်ရာ ကြီးမားသော အခြေခံအဆောက်အအုံ စီမံကိန်းကို ပုဂ္ဂလိကအဖွဲ့အစည်းက ငွေကြေးအမြောက်အမြား ရင်းနှီးမြှုပ်နှံ၍ စီမံကိန်း ရေးဆွဲခြင်း၊ တည်ဆောက်ခြင်းပြုလုပ်ပြီး အသုံးပြုသူများထံမှ ငွေကြေးကောက်ခံကာ လုပ်ငန်းလည်ပတ်ခွင့်ကို စည်းကမ်းချက်ဖြင့် စာချုပ်ချုပ်ဆိုစေပြီး ဆောင်ရွက်စေကာ ငွေကြေးအရင်းအနှီးများ ကျေပြီးစာချုပ်သက်တမ်းကုန်ဆုံးသည့်အခါ သို့မဟုတ် အရင်းမကျေသေး၍ တိုးမြှင့်ပေးသည့် သက်တမ်း ကုန်ဆုံးသည့်အခါ သက်ဆိုင်ရာသို့ ပိုင်ဆိုင်မှုကို အဖိုးစားနားမပါရှိဘဲဖြစ်စေ၊ အဖိုးစားနားဖြင့် ဖြစ်စေ သဘောတူညီချက် တစ်ရပ်ရပ်ဖြင့် လွှဲပြောင်းပေးခြင်းကိုဆိုသည်၊

(စ) တည်ဆောက်-ပိုင်ဆိုင်-လုပ်ကိုင်ခြင်း (Build - Own and Operate= BOO) ဆိုသည်မှာ သဘောတူစာချုပ်ပါ လုပ်ငန်းစီမံချက်ကို လုပ်ငန်းလုပ်ဆောင်သူက ငွေကြေးအမြောက် အများရင်းနှီးမြှုပ်နှံ၍ တည်ဆောက်ပြီး လုပ်ငန်းစီမံချက်ကို ပိုင်ရှင်အနေဖြင့် ကုန်ကျထား သည့် ငွေကြေးအရင်းအနှီးနှင့် စရိတ်စကများ ပြေကျေစေရန် သုံးစွဲသူများထံမှ အခကြေး ငွေ ဝန်ဆောင်ခရယူလုပ်ကိုင်ဆောင်ရွက်ခြင်းကို ဆိုသည်၊

(ဆ) တည်ဆောက်-ငှားရမ်း-လွှဲပြောင်းခြင်း (Build - Lease and Transfer-BLT) ဆိုသည်မှာ သဘောတူစာချုပ်ပါ လုပ်ငန်းစီမံချက်ကို လုပ်ငန်းဆောင်ရွက်သူက ငွေကြေးစိုက်ထုတ် ကာ လုပ်ငန်းစီမံချက်ပြီးစီးသည် အထိ တည်ဆောက်ပြီးနောက် လုပ်ငန်းစီမံချက်ပိုင်ရှင် အဖြစ် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းသို့ ကာလ သတ်မှတ်၍ ငှားရမ်းခြင်းဖြစ်ပြီး ထိုငှားရမ်းသည့်ကာလ ကုန်ဆုံးသည့်အခါ လုပ်ငန်းနှင့် ပစ္စည်းအားလုံးကို သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းသို့ အဖိုးစားနားမပါရှိဘဲဖြစ်စေ၊ အဖိုးစားနားသတ်မှတ်၍ ဖြစ်စေ သဘောတူညီချက် တစ်ရပ်ရပ်ဖြင့် ပြန်လည်လွှဲပြောင်းပေးခြင်းကို ဆိုသည်၊

(ဇ) ပုံစံထုတ်-တည်ဆောက်-ငွေကြေးပံ့ပိုး-လုပ်ကိုင်ခြင်း (Design - Build – Finance and Operate = DBFO) ဆိုသည်မှာ နှစ်ရှည် သဘောတူစာချုပ်အရ လုပ်ငန်းလုပ်ဆောင်သူ အား လုပ်ငန်းပိုင်ဆိုင်မှုကို လွှဲပြောင်းမပေးဘဲ လုပ်ငန်းစီမံချက်ကိုသာ လွှဲအပ်လုပ်ကိုင် စေခြင်းဖြစ်ပြီး စီမံကိန်းတစ်ခုခုကို ဒီဇိုင်းရေးဆွဲ ခြင်းမှစ၍ ငွေကြေးရင်းနှီးမြှုပ်နှံကာ တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် လုပ်ငန်းလုပ်ကိုင်စေခြင်းကို ဆိုသည်၊

(ဈ) ပုံစံထုတ်-ဆောက်လုပ်-စီမံ-ငွေကြေးထောက်ပံ့ခြင်း (Design-Construct-Manage and Finance= DCMF) ဆိုသည်မှာ သဘောတူစာချုပ်အရ အစိုးရဌာန၊ အဖွဲ့အစည်းတစ်ခုခု၏ လုပ်ငန်းစီမံချက်နှင့် အတိအကျဖော်ပြထားသော အချက်များကို ဖြည့်ဆည်းပေးရန် ပုဂ္ဂလိကလုပ်ငန်းရှင်က ပုံစံထုတ်ခြင်းမှစ၍ အဆောက်အအုံဆောက်လုပ်ခြင်း၊ စီမံ ခန့်ခွဲခြင်းနှင့် ငွေကြေးစိုက်ထုတ်ထောက်ပံ့ခြင်းတို့ပြုရာတွင် ဖြည့်ဆည်းပေးသည့် ပစ္စည်းများအတွက် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းက ဈေးနှုန်းနှင့် အရည်အသွေး တို့အား ကြီးကြပ်ခြင်းကို ဆိုသည်။

အခန်း (၂)
ရထားကုမ္ပဏီ ဖွဲ့စည်းခြင်း

၃။ ရထားကုမ္ပဏီအဖြစ် မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေနှင့်အညီ ဖွဲ့စည်းလိုသူများသည်-

(က) အစုရှယ်ယာဝင်အနည်းဆုံး ၂ ဦးမှ အများဆုံး ၅၀ ဦးထိ ပါဝင်သော အများနှင့် မသက်ဆိုင်သည့်ကုမ္ပဏီ (Private Company) ကို သော်လည်းကောင်း၊ အစုရှယ်ယာဝင် အနည်းဆုံး ၇ ဦးမှ အများဆုံး အကန့်အသတ် မရှိပါဝင်သော အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီ (Public Company) ကို သော်လည်းကောင်း ဖွဲ့စည်းနိုင်သည်၊

(ခ) နည်းဥပဒေခွဲ(က) အရ ဖွဲ့စည်းရာတွင်-

(၁) အစုရှယ်ယာဝင်အားလုံး မြန်မာနိုင်ငံသားများသာပါဝင်ပြီး ကြီးကြပ်စီမံခန့်ခွဲသည့် မြန်မာကုမ္ပဏီအဖြစ် ဖွဲ့စည်းနိုင်သည်၊

(၂) အစုရှယ်ယာဝင် အားလုံးဖြစ်စေ၊ တစ်ဦးဦးဖြစ်စေ နိုင်ငံခြားသားပါဝင်သည့် နိုင်ငံခြားကုမ္ပဏီအဖြစ် သော်လည်းကောင်း၊ ပြည်ပတွင် ဖွဲ့စည်းထားသည့် ကုမ္ပဏီ၏ ရုံးခွဲ သို့မဟုတ် ကိုယ်စားလှယ်ရုံး တည်ထောင် ဖွင့်လှစ်လုပ်ကိုင်သည့် နိုင်ငံခြားကုမ္ပဏီအဖြစ် သော်လည်းကောင်း ဖွဲ့စည်းနိုင်သည်။

(ဂ) နည်းဥပဒေခွဲ(က) နှင့် (ခ)တို့ပါ ကုမ္ပဏီတစ်ခုခုကို သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်း တို့နှင့်အတူ မြန်မာနိုင်ငံကုမ္ပဏီများမှတ်ပုံတင်ရုံးတွင် သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်၍ ဖွဲ့စည်းနိုင်သည်။

၄။ နိုင်ငံတော်အစိုးရ၏ မတည်ရင်းနှီးငွေပါဝင်သော ရထားကုမ္ပဏီကို ဖွဲ့စည်းလိုသူများသည် နိုင်ငံတော်သမ္မတက အတည်ပြုထားသော သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်းတို့နှင့်အတူ ၁၉၅၀ ပြည့်နှစ်၊ အထူးကုမ္ပဏီ အက်ဥပဒေနှင့်အညီ ကုမ္ပဏီများမှတ်ပုံတင်ရုံးတွင် သတ်မှတ် ချက်များနှင့်အညီ မှတ်ပုံတင်၍ ဖွဲ့စည်းနိုင်သည်။

အခန်း (၃)
ရထားပို့ဆောင်ရေးလုပ်ငန်းလိုင်စင်

၅။ နည်းဥပဒေ ၃ နှင့် ၄ ပါ ပြဋ္ဌာန်းချက်နှင့်အညီ မှတ်ပုံတင်လက်မှတ်ရရှိပြီး သက်တမ်းရှိသော ရထားကုမ္ပဏီတစ်ခုခုသည် ရထားပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်လိုပါက လုပ်ငန်းလိုင်စင် မလျှောက်ထားမီ အဆိုပြုရထားလုပ်ငန်းစီမံချက် (Railway Scheme) ကို အောက်ပါလိုအပ်သည့် အချက်အလက်များ ဖော်ပြရေးဆွဲရမည်-

(က) အဆိုပြုရထားလမ်းအမျိုးအစား၊ ရထားအမျိုးအစားနှင့် ရထားပြေးဆွဲပုံစနစ်၊

(ခ) အဆိုပြုရထား ပြေးဆွဲပုံစနစ်၏ ယေဘုယျလမ်းကြောင်း၊ ခရီးလမ်းဆုံနေရာနှင့် ရထားလမ်းကြောင်း အကွာအဝေး အရှည်မိုင်၊

(ဂ) ဖောက်လုပ်ရမည့် ရထားလမ်းသစ်များ၊ တည်ဆောက်ရမည့် ရထားလမ်းမြှောင်များ၊ လမ်းမွှာများနှင့် ရထားယာဒ်ဝင်းများ၊

(ဃ) လက်ရှိပြေးဆွဲနေသော ရထားလိုင်းများနှင့်ဆက်စပ်၍ ဖောက်လုပ်ရမည့်ရထားလိုင်းများ၊

(င) ရထားကို ထိန်းသိမ်းမောင်းနှင်ရာတွင် ထည့်သွင်းတည်ဆောက်ရမည့်နည်းပညာ၊ လျှပ်စစ်ဓာတ်အားသုံး စနစ်နှင့် အချက်ပြစနစ်၊ ဆက်သွယ်ရေးစနစ်၊

(စ) အသစ်ဆောက်လုပ်မည့် ဘူတာစင်္ကြံများ၊ ၎င်းတို့အတွက် မြေအသုံးချမှုအစီအစဉ်၊

(ဆ) အသုံးပြုမည့်ယာဉ်၊ ရထား၊ ကားတို့၏ ဝင်ထွက်ပုံလမ်းကြောင်း၊

(ဇ) ဆက်စပ်နေသော သယ်ယူပို့ဆောင်ရေး ကွန်ယက်စနစ်၊

(ဈ) ရထားလမ်းကြောင်းတွင် မြစ်၊ ချောင်း၊ တူးမြောင်း၊ လိုဏ်ခေါင်းနှင့် တံတား ရှိ မရှိနှင့် ရှိလျှင် ယင်းတို့၏ အခြေအနေ၊

(ည) အဆိုပြုရထားပြေးဆွဲပုံစနစ်၏ ရထားလမ်းဘေးကင်းလုံခြုံမှုအနေအထား၊

(ဋ) အဆိုပြုရထားခ၊ ကုန်စည်သယ်ဆောင်ခနှင့် ကုန်စည်ပို့ဆောင်မှုစနစ်၊

(ဌ) ရထားလမ်းအခြေအနေ၊ ရထားကုမ္ပဏီက တာဝန်ယူဆောက်လုပ်ရမည့် သို့မဟုတ် အဆင့်မြှင့်တင်ပေး ရမည့် ရထားလမ်း၊ ရထားလမ်းအစိတ်အပိုင်းနှင့် တံတား၊

(ဍ) ရထားလမ်းကြောင်းတွင် မြန်မာ့မီးရထားပိုင်မဟုတ်သည့် မြေအမျိုးအစား (အစိုးရက စီမံခန့်ခွဲပိုင်ခွင့် ရှိသောမြေ၊ အစိုးရဌာန၊ အဖွဲ့အစည်းပိုင်မြေ၊ လယ်ယာမြေ၊ မြေလွတ်၊ မြေရိုင်း၊ ပုဂ္ဂလိကပိုင်မြေ သို့မဟုတ် အခြားမြေအမျိုးအစား)နှင့် မြေပိုင်ဆိုင်မှု၊ မြေစီမံခန့်ခွဲမှု အနေအထား၊

(ဎ) မသန်စွမ်းသူများ လွယ်ကူအဆင်ပြေစွာ လိုက်ပါစီးနင်းနိုင်မည့်အစီအမံများ၊

(ဏ) အဆိုပါ ရထားလမ်းကြောင်းနှင့် လက်ရှိရထားလမ်းနှင့်ပေါင်း၍ ပြေးဆွဲမည့်အစီအစဉ် သို့မဟုတ် သီးခြားရထားလမ်း ဖောက်လုပ်မည့်အစီအစဉ်များ၊

(တ) အဆိုပြုရထားဘူတာများနှင့် တည်းခိုဆောင်များ၊ ယာဉ်ပြင်အလုပ်ရုံများ၊ ကုန်လှောင်ရုံ များ၊ စားသောက်ဆိုင်များနှင့် ဝင်းခြံများပါဝင်သည့်ရပ်နားစခန်းများ၊

(ထ) ရထားစက်ခေါင်းများ၊ ရထားတွဲများ၊ ရထားသံလမ်းများနှင့် အခြားဆက်စပ်သည့် ပစ္စည်းများ ထုတ်လုပ်ခြင်း၊ တပ်ဆင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း အစီအစဉ်များ၊

(ဒ) ရင်းနှီးမြှုပ်နှံမှုပြုရာတွင် ပြည်တွင်းအဖွဲ့အစည်း၊ ပြည်ပအဖွဲ့အစည်းတို့၏ ခန့်မှန်း ရင်းနှီးမြှုပ်နှံမည့် ငွေပမာဏ၊

(ဓ) ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက သတ်မှတ်သည့် အခြားလိုအပ်ချက်များ။

၆။ ရထားကုမ္ပဏီသည်-

(က) နည်းဥပဒေ ၅ နှင့်အညီ ရေးဆွဲထားသည့် အဆိုပြုရထားလုပ်ငန်းစီမံချက်ကို အတည်ပြုချက်ရရှိရန် သတ်မှတ်ထားသော စိစစ်ရေးနှင့် ကွင်းဆင်းစစ်ဆေးခပေးသွင်း၍ ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ ပုံစံ(၁) ဖြင့် လျှောက်ထားရမည်။ ထိုပုံစံ(၁)လျှောက်လွှာတွင် ရုံးခွန်အက်ဥပဒေနှင့်အညီ ရုံးခွန်တံဆိပ်ခေါင်းကပ်ရမည်၊

(ခ) နည်းဥပဒေခွဲ(က) အရ လျှောက်ထားရာတွင် အောက်ပါတို့ကို ပူးတွဲတင်ပြရမည်-

(၁) အဆိုပြုရထားလုပ်ငန်းစီမံချက်၊

(၂) အဆိုပြုရထားလမ်းကြောင်းမြေပုံ၊

(၃) ရထားကုမ္ပဏီ၏ ကုမ္ပဏီဖွဲ့စည်းခွင့်မှတ်ပုံတင်ကဒ်ပြား၊ သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်း၊ အစုရှယ်ယာထည့်ဝင်မှု စာရင်းပုံစံ(၆)နှင့် ကုမ္ပဏီဒါရိုက်တာ အဖွဲ့ဝင်စာရင်းပုံစံ (၂၆)တို့၏ ဓာတ်ပုံမိတ္တူများ။

၇။ နည်းဥပဒေ ၆ အရ လျှောက်ထားသည့် ရထားကုမ္ပဏီသည် အဆိုပြုရထားလုပ်ငန်းစီမံချက်ပါ ရထားလမ်းအတွက် မြေအစိတ်အပိုင်းတစ်ခုခုမှာ ပုဂ္ဂလိကပိုင်မြေ သို့မဟုတ် ပုဂ္ဂလိက လက်ရှိ ထားအသုံးပြုသည့်မြေဖြစ်ပြီး ထိုမြေကို အသုံးပြုရန်လိုအပ်ပါက ရထားပို့ဆောင်ရေး လုပ်ငန်းဥပဒေ၊ တည်ဆဲမြေသိမ်းအက်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သိမ်းယူနိုင်ရေးအတွက် အောက်ပါအချက်အလက်များကိုပူးတွဲ၍ ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ တင်ပြရမည်-

(က) မြေအမျိုးအစားနှင့် မြေအကျယ်အဝန်း ခန့်မှန်းဧက၊

(ခ) မြေကွက်အမှတ်၊ ကွင်းအမှတ်၊ မြေတိုင်းအမှတ်နှင့် မြေကွက်တည်နေရာလိပ်စာ၊

(ဂ) မြေပိုင်ရှင်၊ မြေလက်ဝယ်ရှိထားသူအမည်နှင့် နေရပ်လိပ်စာ၊

(ဃ) မြေကွက်ရှိ အပင်၊ သီးနှံပင်များနှင့် ခန့်မှန်းကာလတန်ဖိုး၊

(င) မြေကွက်ရှိ အဆောက်အအုံနှင့် ခန့်မှန်းကာလတန်ဖိုး၊

(စ) မြေကွက် ခန့်မှန်းကာလတန်ဖိုး၊

(ဆ) မြေကွက်ပိုင်ဆိုင်မှု အထောက်အထား၊

(ဇ) မြေပုံ၊ မြေရာဇဝင်နှင့် မြေစာရင်း မှတ်တမ်းမိတ္တူများ။

၈။ ဗဟိုကြီးကြပ်ရေးအဖွဲ့သည် နည်းဥပဒေ ၇ အရ ရထားကုမ္ပဏီတစ်ခုခုက လျှောက်ထားသည့် ရထားလုပ်ငန်းစီမံချက်နှင့်စပ်လျဉ်း၍ -

(က) ရထားပို့ဆောင်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင် မပြုနိုင် စိစစ်ပြီး ထိုလျှောက်ထားချက်ကို အတည်ပြုနိုင်ရန် အသေးစိတ်စုံစမ်းစစ်ဆေးမှုနှင့် စိစစ်မှုများ ပြုလုပ်ရေးအတွက် ပဏာမလက်ခံခြင်း သို့မဟုတ် အတည်ပြုရန် ငြင်းပယ်ခြင်း ပြုနိုင် သည်၊

(ခ) ရထားကုမ္ပဏီတစ်ခုခုက လျှောက်ထားသည့် အဆိုပြုရထားလုပ်ငန်းစီမံချက်ကို အတည်ပြုနိုင်ရန် အသေးစိတ်စုံစမ်းစစ်ဆေးမှုနှင့် စိစစ်မှုများ ပြုလုပ်ရေးအတွက် နည်းဥပဒေခွဲ(က)အရ ပဏာမလက်ခံပါက အဆိုပြုရထားလုပ်ငန်းစီမံချက် အကျဉ်းချုပ် ကို အများပြည်သူသိရှိရန်နှင့် ကန့်ကွက်ရန်ရှိလျှင် ကန့်ကွက် လိုသူက ကြေညာသည့်နေ့မှ ရက်ပေါင်း (၃၀)အတွင်း ခိုင်လုံသော အထောက်အထားဖြင့် ကန့်ကွက်ချက် တင်ပြရန် အများပြည်သူအား အသိပေးသည့်ကြော်ငြာကို အနည်းဆုံး(၃)ကြိမ် သိသာထင်ရှားစွာဖြင့် တရားဝင်နေ့စဉ်ထုတ်သတင်းစာတွင် ထည့်သွင်းကြော်ငြာရမည်။

၉။ နည်းဥပဒေ ၈၊ နည်းဥပဒေခွဲ(ခ)အရ ကြေညာချက်အပေါ် ကန့်ကွက်လိုသူများသည် ရထား လုပ်ငန်းစီမံချက်ပါ မည်သည့်အဆိုပြုချက်အပေါ် မည်သည့်အကြောင်းကြောင့် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ခိုင်လုံသောအထောက်အထားများပူးတွဲ၍ သတ်မှတ်ထားသည့်ရက်အတွင်း ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ ကန့်ကွက်စာတင်သွင်းနိုင်သည်။

၁၀။ ဗဟိုကြီးကြပ်ရေးအဖွဲ့သည် နည်းဥပဒေ ၉ အရ တင်သွင်းသည့် ကန့်ကွက်စာနှင့်စပ်လျဉ်း၍ ခိုင်လုံသောအထောက်အထား ရှိ မရှိ စုံစမ်းစစ်ဆေးပြီး စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာ တင်ပြစေ ရန် စီမံရေးအဖွဲ့အား တာဝန်ပေးရမည်။

၁၁။ စီမံရေးအဖွဲ့သည် နည်းဥပဒေ ၁၀ အရ တာဝန်ပေးသည့်အခါ လိုအပ်သော စုံစမ်းမှုများပြုလုပ်ပြီး ကန့်ကွက်သူနှင့် ၎င်းကတင်ပြသည့် အထောက်အထားများကို လည်းကောင်း၊ ကန့်ကွက်ချက်နှင့် သက်ဆိုင်သူများကိုလည်းကောင်း စစ်ဆေးပြီး စုံစမ်းစစ်ဆေးတွေ့ရှိချက်အစီရင်ခံစာကို ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ တင်ပြရမည်။

၁၂။ ဗဟိုကြီးကြပ်ရေးအဖွဲ့သည်-

(က) စီမံရေးအဖွဲ့က စုံစမ်းစစ်ဆေးပြီးတင်ပြသည့် စစ်ဆေးတွေ့ရှိချက် သဘောထားအရ နည်းဥပဒေ ၉ ပါ ကန့်ကွက်ချက်မှာ ခိုင်လုံသော အထောက်အထားရှိပြီး ပိုင်ဆိုင်မှုအငြင်း ပွားခြင်းဖြစ်ကြောင်းတွေ့ရှိရလျှင် သက်ဆိုင်ရာတရားရုံးတွင် အငြင်းပွားသူတို့ ဖြေရှင်း ဆုံးဖြတ်ချက်ရယူစေရန် ရထားကုမ္ပဏီအား ညွှန်ကြားရမည်။ ထိုသို့ ညွှန်ကြားပြီးနောက် အဆိုပါရထားလုပ်ငန်းစီမံချက်အတည်ပြုရေးကိစ္စကို ဆိုင်းငံ့ထားရမည်၊

(ခ) ကန့်ကွက်ချက်မှာ ပိုင်ဆိုင်မှုအငြင်းပွားခြင်းဖြစ်ပြီး ယင်းအပေါ် တရားရုံးကချမှတ်သည့် အမိန့်ဒီကရီအရ အဆိုပြုရထားလမ်းစီမံချက်ကို အတည်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်၊

(ဂ) ကန့်ကွက်ချက်မှာ ခိုင်လုံသော အထောက်အထားမရှိလျှင် ဖြစ်စေ၊ ခိုင်လုံသော အထောက်အထားရှိသော်လည်း ပိုင်ဆိုင်မှု အငြင်းပွားခြင်း မဟုတ်ဘဲ အခြားကိစ္စ အငြင်းပွားမှုကို သက်ဆိုင်ရာ ရထားကုမ္ပဏီက ဖြေရှင်းဆောင်ရွက်ပြီးလျှင် ဖြစ်စေ အဆိုပြု ရထားလုပ်ငန်းစီမံချက်ကို အတည်ပြုနိုင်သည်၊

(ဃ) စီမံရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာနှင့် ခိုင်လုံသော အဆိုပြု အထောက် အထားဖြင့် ကန့်ကွက်ချက်တို့အရ ရထားကုမ္ပဏီကတင်ပြသည့် ရထားလုပ်ငန်းစီမံချက် တစ်ရပ်ရပ်ကိုဖြစ်စေ၊ အားလုံးကို ဖြစ်စေ အတည်မပြုကြောင်း ဆုံးဖြတ်နိုင်သည်၊

(င) နည်းဥပဒေ ၉ အရ ကန့်ကွက်စာ တင်သွင်းခြင်းမရှိလျှင် ဖြစ်စေ၊ ကန့်ကွက်စာတင်သွင်း သော်လည်း ထိုကန့်ကွက်ချက်မှာ ခိုင်လုံသော အထောက်အထားမရှိကြောင်း တွေ့ရှိလျှင် ဖြစ်စေ တင်ပြထားသည့် ရထားလုပ်ငန်းစီမံချက်နှင့်စပ်လျဉ်း၍ လိုအပ်သော အသေးစိတ် စုံစမ်းမှုနှင့် စိစစ်မှုများပြုလုပ်စေပြီး စုံစမ်းစိစစ်ချက်အစီရင်ခံစာ တင်ပြစေရန် စီမံရေးအဖွဲ့ ကို တာဝန်ပေးရမည်။

၁၃။ စီမံရေးအဖွဲ့သည် နည်းဥပဒေ ၁၀ နှင့် နည်းဥပဒေ ၁၂၊ နည်းဥပဒေခွဲ(င)တို့အရ ဗဟိုကြီးကြပ် ရေးအဖွဲ့က တာဝန်ပေးအပ်သည့်အခါ-

(က) နည်းဥပဒေ ၆ အရ လျှောက်ထားတင်ပြသည့် ရထားလုပ်ငန်းစီမံချက်ပါ အဆိုပြုချက် တစ်ခုချင်းကို အသေးစိတ်ပြည့်စုံစွာစိစစ်ပြီး သိရှိလိုသည့်အချက်များနှင့် လိုအပ်ချက်များ ရှိပါက လျှောက်ထားသည့် ရထား ကုမ္ပဏီအား ထပ်မံတင်ပြစေနိုင်သည်၊

(ခ) အဆိုပြု ရထားလမ်းကြောင်းနှင့် ရထားပြေးဆွဲပုံစနစ်အပါအဝင် အဆိုပြုချက်စနစ်တစ်ခုခု ကို ပြောင်းလဲပြင်ဆင်ရန် လိုအပ်ပါက သက်ဆိုင်ရာ ရထားကုမ္ပဏီနှင့် ညှိနှိုင်း ဆောင်ရွက်နိုင်သည်၊

(ဂ) ရထားလုပ်ငန်းစီမံချက်ပါ လုပ်ငန်းနေရာများ၊ ရထားလမ်းနေရာများ၊ ရထားများ၊ ရထားလမ်းယာဉ်များ၊ ဘူတာရုံနေရာများနှင့် ရထားပို့ဆောင်ရေးလုပ်ငန်းများနှင့် သက်ဆိုင်သော စက်ပစ္စည်းများ၊ ပစ္စည်းကိရိယာများကို ကွင်းဆင်းစစ်ဆေးခြင်း၊ လိုအပ်သော စုံစမ်းစစ်ဆေးခြင်းတို့ပြရမည်၊

(ဃ) ရထားလုပ်ငန်းစီမံချက်နှင့်စပ်လျဉ်း၍ လိုအပ်သောအထောက်အထားများကို လျှောက် ထားသည့် ရထားကုမ္ပဏီထံမှဖြစ်စေ၊ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ် ထံမှဖြစ်စေ တောင်းခံ၍ စိစစ်ခြင်းနှင့် သက်ဆိုင်သည့်ပုဂ္ဂိုလ်များကို ဆင့်ဆို၍ စစ်ဆေး မေးမြန်းခြင်း ပြုနိုင်သည်၊

(င) လျှောက်ထားသည့်ရထားကုမ္ပဏီမှာ အဆိုပြုရထားလုပ်ငန်းစီမံချက်အတိုင်းအကောင် အထည်ဖော်နိုင်စွမ်း ရှိ မရှိ၊ ငွေကြေးခိုင်မာမှု ရှိ မရှိ စိစစ်ရန်အတွက် သက်ဆိုင်ရာဘဏ်၏ ထောက်ခံချက် သို့မဟုတ် လျှောက်ထား သည့် ရထားကုမ္ပဏီ၏ လွန်ခဲ့သော သုံးနှစ်က စာရင်းစစ်ဆေးပြီးသည့် နှစ်ချုပ်စာရင်း အစီရင်ခံစာကို တောင်းခံခြင်း၊ စိစစ်ခြင်းပြုရမည်၊

(စ) ရထားလမ်းများ၊ ရထားလမ်းယာဉ်များ၊ ရထားစက်ခေါင်းများ၊ ရထားတွဲများနှင့် အချက်ပြစနစ်၊ ဆက်သွယ်ရေးစနစ်များမှာ အရည်အသွေးပြည့်မီခြင်း ရှိ မရှိ ကျွမ်းကျင် သည့် ပညာရှင်များ၊ အင်ဂျင်နီယာများ၏ အကူအညီဖြင့် စစ်ဆေးရမည်၊

(ဆ) လျှောက်ထားသည့် ရထားကုမ္ပဏီက အဆိုပြုရထားလုပ်ငန်းစီမံချက်ပါ ရထားလမ်း အတွက် မြေအစိတ် အပိုင်းတစ်ခုခုမှာ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်း တစ်ခုခုက စီမံခန့်ခွဲသောမြေဖြစ်လျှင် ထိုမြေကို လွှဲပြောင်း၍ အသုံးချနိုင်ရေးအတွက် သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းထံမှ သဘောထားရယူ ရမည်၊

(ဇ) အဆိုပါ ရထားလမ်းအတွက် မြေအစိတ်အပိုင်းတစ်ခုခုမှာ ပုဂ္ဂလိကပိုင်မြေဖြစ်လျှင် ထိုမြေကို လွှဲပြောင်း ဝယ်ယူခြင်း သို့မဟုတ် နှစ်ရှည်ငှားရမ်းခြင်းအတွက် မြေပိုင်ရှင်နှင့် မြေအသုံးပြုခွင့်ရသူတို့ထံမှ သဘောထား ရယူရမည်၊

(ဈ) အဆိုပြု ရထားလမ်းကြောင်းတွင် လိုဏ်ခေါင်း၊ မြစ်၊ ချောင်းနှင့် တူးမြောင်းရှိပြီး တံတား အသစ်တည်ဆောက်ရန် လို မလို သို့မဟုတ် ရှိနေသော တံတားအား အကြီးစား ပြင်ဆင်ရန် လို မလိုကို ကျွမ်းကျင်သူ အင်ဂျင်နီယာများ၏ သဘောထားရယူရမည်၊

(ည) ရထားလမ်းသစ်ဖောက်လုပ်ရာတွင် တွေ့ကြုံလာရမည့် ရေလမ်းနှင့် ကုန်းလမ်းကြောင်း များ အပြောင်းအလဲဖြစ်နိုင်မည့်ကိစ္စများ၊ ရထားလမ်းနှင့် ကားလမ်းဆုံရာနေရာများတွင် အန္တရာယ်ကင်းရှင်းရေးကိစ္စများ စိစစ်ရမည်၊

(ဋ) ရထားလမ်းသစ် ဖောက်လုပ်မည့်လမ်းကြောင်းနှင့် ရထားလမ်း ဝဲယာတစ်လျှောက် ရှင်းလင်းရာတွင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်မှု ရှိ မရှိနှင့် ဒေသခံပြည်သူများ အတွက် အကျိုးသက်ရောက်မှု ရှိ မရှိတို့ကို ဒေသခံပြည်သူများ၊ လူမှုအဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာအုပ်ချုပ်ရေးဌာန၊ အဖွဲ့အစည်းများ၏ သဘောထား ကို ရယူရမည်၊

(ဌ) လျှောက်ထားသည့်ရထားကုမ္ပဏီ၏ ရထားစက်ခေါင်းမောင်း၊ ရထားထိန်း၊ အင်ဂျင်နီယာ များနှင့် ရထား ပြေးဆွဲရေးနှင့်ဆိုင်သည့် ရထားဝန်ထမ်းများတွင် ကျွမ်းကျင်မှုရှိကြောင်း အသိအမှတ်ပြုလက်မှတ် ရှိ မရှိ စိစစ်ရမည်၊

(ဍ) ရထားပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်သည့်အခါ ဘေးအန္တရာယ်ကင်းရှင်းမှုရှိကြောင်း အသိအမှတ်ပြု လက်မှတ် ရှိ မရှိ စစ်ဆေးရမည်။

၁၄။ စီမံရေးအဖွဲ့သည် ရထားကုမ္ပဏီက အတည်ပြုရန်လျှောက်ထားသည့် ရထားလုပ်ငန်းစီမံချက်နှင့် စပ်လျဉ်း၍ နည်းဥပဒေ ၁၃ အရ လိုအပ်သော စိစစ်မှုနှင့် စုံစမ်းစစ်ဆေးမှုများ ပြည့်စုံစွာ ပြုလုပ်ပြီးနောက် ရထားလုပ်ငန်းစီမံချက်ကို အတည်ပြုရန် သင့် မသင့် ခိုင်လုံသော အကြောင်းပြ ချက်ဖြင့် သဘောထားမှတ်ချက် နှင့်အတူ စုံစမ်းစိစစ်ချက်အစီရင်ခံစာကို ဗဟိုကြီးကြပ်ရေး အဖွဲ့သို့ တင်ပြရမည်။

၁၅။ ဗဟိုကြီးကြပ်ရေးအဖွဲ့သည် နည်းဥပဒေ ၆ အရ ရထားကုမ္ပဏီက တင်ပြသည့် အဆိုပြု ရထားလုပ်ငန်း စီမံချက်နှင့် နည်းဥပဒေ ၁၄ အရ စီမံရေးအဖွဲ့က တင်ပြသည့် စုံစမ်းစိစစ်ချက် အစီရင်ခံစာကိုရရှိပါက ရထား ကုမ္ပဏီက တင်ပြသည့် အဆိုပြုရထားလမ်းလုပ်ငန်းစီမံချက်အား အတည်ပြုရန် သင့် မသင့် စိစစ်ဆုံးဖြတ် ရာတွင် အောက်ပါအခြေခံအချက်များကိုပါ ထည့်သွင်း စဉ်းစားရမည်-

(က) လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အကဲဖြတ်သုံးသပ်ချက် (Operational Assessment)နှင့် စပ်လျဉ်း၍-

(၁) အသေးစိတ်တင်ပြသည့် စီးပွားရေးလုပ်ဆောင်မှု အစီအစဉ်အတိုင်း လုပ်ငန်း ဖြစ်မြောက်နိုင်စွမ်း ရှိ မရှိ၊

(၂) ဆောင်ရွက်မည့် အောက်ပါလုပ်ငန်းဒီဇိုင်းများမှာ သင့်လျော်မှု ရှိ မရှိ-

(ကက) ရထားလမ်းအသစ်များ၊ ရထားလမ်းခွဲနှင့် ရထားယာဒ်ဝင်းများ တည်ဆောက်ခြင်း၊

(ခခ) လက်ရှိပြေးဆွဲနေသော ရထားလမ်းများနှင့် ဆက်စပ်ဆောက်လုပ်ခြင်း၊

(ဂဂ) ရထားကို မောင်းနှင်ထိန်းသိမ်းရာတွင် ထည့်သွင်းတည်ဆောက်ရမည့် နည်းပညာ၊ လျှပ်စစ်ဓာတ်အား သုံးစနစ်နှင့် အချက်ပြစနစ်၊ ဆက်သွယ်ရေးစနစ်၊

(ဃဃ) အသစ်ဆောက်လုပ်မည့် ဘူတာနှင့် စင်္ကြံ၊ ထပ်မံတိုးချဲ့မည့်ဘူတာနှင့် စင်္ကြံများနှင့် ၎င်းတို့အတွက် မြေအသုံးချမှုအစီအစဉ်၊

(ငင) အသုံးပြုမည့်ယာဉ်၊ ရထား၊ ကားတို့၏ ဝင်ထွက်ပုံလမ်းကြောင်း။

(၃) လုပ်ကိုင်မည့် ရထားလမ်းစနစ်နှင့် လည်ပတ်မှုအစီအစဉ်၊

(၄) ဆက်စပ်နေသော သယ်ယူပို့ဆောင်ရေးကွန်ယက်။

(ခ) စီးပွားရေးဆိုင်ရာ အကဲဖြတ် သုံးသပ်ချက်နှင့်စပ်လျဉ်း၍-

(၁) ရထားအဖွဲ့အစည်းအနေဖြင့် ရထားလုပ်ငန်းဆိုင်ရာ ပစ္စည်းများကို ထိရောက်စွာ ခွဲဝေနေရာချထားခြင်း ရှိ မရှိ၊

(၂) ရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်မည့်နေရာ၊ ပတ်ဝန်းကျင်ဒေသနှင့် နိုင်ငံတော်၏ အကျိုး စီးပွားအပေါ် သက်ရောက်နိုင်မှုများ၊

(၃) ကျေးလက်ဒေသထုတ်ကုန်များ သယ်ယူပို့ဆောင်နိုင်မှုနှင့် မြို့ပြနှင့် ကျေးလက် အကြား ကွာဟချက်ကို လျှော့ချနိုင်မှု၊

(၄) ရင်းနှီးမြှုပ်နှံမည့်ဒေသအပေါ် စီမံကိန်းမပြုလုပ်မီနှင့် စီမံကိန်းပြုလုပ်ပြီးအကြား နှိုင်းယှဉ်အကျိုး သက်ရောက်နိုင်မှု၊

(၅) ရထားပို့ဆောင်ရေးလုပ်ငန်းကို အခြားသော ပို့ဆောင်ရေးနည်းလမ်းများနှင့် နှိုင်းယှဉ်ကာ ပိုမိုအကျိုး အမြတ်ရရှိနိုင်မှု၊

(၆) အဆိုပြုတင်ပြထားသည့် လုပ်ငန်းစီမံကိန်းများသည် စီးပွားရေးအရ တွက်ခြေ ကိုက်နိုင်မည့် ရင်းနှီးမြှုပ်နှံမှုအပေါ် ပြန်လည်ရရှိနိုင်သည့် အနာဂတ်ငွေစီးဆင်းမှုကို လက်ရှိအချိန်တွင်ရှိသည့် လျှော့နှုန်းဖြင့် တွက်ချက်ဖော်ပြထားသော အတိုးနှုန်း (Economic Internal Rate of Return – EIRR)၊ စီးပွားရေးအရ အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်မည့်ဝင်ငွေနှင့် အသုံးစရိတ်တို့၏ ခြားနားချက်ကို ခန့်မှန်း တွက်ချက်ထားသည့် လက်ရှိကာလ၏ အသားတင်တန်ဖိုး (Economic Net Present Value-ENPV) နှင့် အနာဂတ်ကာလတွင် ရရှိလာနိုင်မည့် အကျိုးအမြတ် နှင့် ကုန်ကျစရိတ်အားလုံးကို လျှော့နှုန်းဖြင့် တွက်ချက်ဖော်ပြထားသော အမြတ် ရရှိနိုင်မှု အညွှန်းကိန်း(Benefit Cost Ratio-BCR)နှင့် စသည့် စီးပွားရေးဆိုင်ရာ ဆန်းစစ်ရမည့် နည်းလမ်းများ အသုံးပြု၍ နှိုင်းယှဉ်ခြင်း၊

(၇) စီမံကိန်းကြောင့် ပေါ်ပေါက်လာမည့်အလုပ်အကိုင်အခွင့်အလမ်းနှင့် စီမံကိန်းပြီးစီး ပြီးနောက် ရရှိလာနိုင်သည့် အလုပ်အကိုင်အနေအထားနှင့် ပြည်တွင်းလုပ်သားများ အလုပ်အကိုင်ရရှိနိုင်မည့်အချိုး။

(ဂ) ဘဏ္ဍာရေးဆိုင်ရာ အကဲဖြတ်သုံးသပ်ချက်နှင့် စပ်လျဉ်း၍ -

(၁) ရထားလုပ်ငန်းစီမံကိန်း၏ ဝင်ငွေရနိုင်မှုသည် သက်မှတ်ထားသော ဘဏ္ဍာရေး ရည်မှန်းချက် ပြည့်မီနိုင်ရန် လုံလောက်စွာ စွမ်းဆောင်နိုင်မှု ရှိ မရှိ၊

(၂) စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံသူများအတွက် မက်လုံးပေးနိုင်ခြင်း ရှိ မရှိ၊

(၃) စီမံကိန်းတွင် အဆိုပြုထားသည့် ဘဏ္ဍာငွေအရင်းအမြစ်နှင့် ကောက်ခံမည့်နှုန်း ထားများသည် ရထားပို့ဆောင်ရေး ဈေးကွက်၏ ဝယ်လိုအားနှင့် လုပ်ငန်းမှ ဖြည့်ဆည်းပေးနိုင်မည့်ရောင်းလိုအား ခန့်မှန်းချက်များနှင့် လိုက်လျောညီထွေမှု ရှိ မရှိ၊

(၄) အဆိုပြုထားသည့် ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာရေးအရင်းအမြစ်၊ ခန့်မှန်းထား သည့်လုပ်ငန်းလည်ပတ်မှု စရိတ်နှင့် ဝင်ငွေလျာထားချက်များကို အခြေခံ၍ ဘဏ္ဍာရေးအရ ရင်းနှီးမြှုပ်နှံမှုအပေါ် ပြန်လည်ရရှိနိုင်မည့် အနာဂတ်ကာလ ငွေစီးဆင်းမှုအား လက်ရှိကာလ၏လျှော့နှုန်းဖြင့် တွက်ချက်ဖော်ပြထားသော အတိုးနှုန်း (Financial Internal Rate of Return-FIRR) တွက်ချက်ခြင်းနှင့် ဘဏ္ဍာရေးအရ ရေရှည်ရပ်တည်နိုင်မှု (Financial Sustainability)ရှိနိုင် မရှိနိုင်၊

(၅) စီမံကိန်းလုပ်ဆောင်မည့် အစီအစဉ်အလိုက် ငွေကြေးပြတ်လပ်မှုမရှိစေရန် ရင်းနှီးမြှုပ်နှံမည့် အရင်းအနှီးများ၏ အချိန်ဇယား၊ ငွေလုံးငွေရင်းရနိုင်မည့် အရင်းအမြစ်၊

(၆) လုပ်ငန်းလည်ပတ်ရာမှ ရရှိလာမည့်အသားတင်ဝင်ငွေသည် ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ်ကို ကာမိခြင်း ရှိ မရှိနှင့် ပြန်လည်ပေးဆပ်ရမည့်ကာလ၊

(၇) ရင်းနှီးမြှုပ်နှံသူမှ ထပ်မံရင်းနှီးမြှုပ်နှံမည့် ရထားလုပ်ငန်းဆိုင်ရာ ပစ္စည်းများ အတွက် လုံလောက်သော ပြန်လည်ရရှိနိုင်မည့် ရရှိချက်များ ရှိနိုင် မရှိနိုင်၊

(၈) ဆက်စပ်နေသော ဆောက်လုပ်မည့် စီမံကိန်းအသေးစိတ်၊

(၉) ခရီးသည်နှင့် ကုန်စည်များကို သယ်ဆောင်နိုင်မည့် စွမ်းအား၊ ပြေးဆွဲမည့် ခေါက်ရေ၊ ခရီးသည်နှင့် ကုန်စည်ရရှိနိုင်မှု၊

(၁၀) ဝန်ထမ်းများအား လေ့ကျင့်သင်ကြားပေးမည့်အစီအစဉ်၊

(၁၁) အခြားသယ်ယူပို့ဆောင်ရေးစနစ်များနှင့် ချိတ်ဆက်မှု အနေအထား၊

(၁၂) ရထားလမ်းနှင့် ခရီးသည်များ ဘေးကင်းလုံခြုံမှုအတွက် စီမံထားရှိမှု၊

(၁၃) ရထားစီးခရီးသည်များနှင့် ကုန်စည်များအတွက် ဝန်ဆောင်မှုပေးမည့်အစီအစဉ်၊

(၁၄) ရထားစက်ခေါင်းနှင့် ရထားတွဲများ၊ ရထားလမ်းနှင့် အခြားဆက်စပ်သည့် ပစ္စည်းများ ပြုပြင်ထိန်းသိမ်း ရေး အစီအစဉ်၊

(၁၅) ရထားပို့ဆောင်ရေးနှင့် ဆက်စပ်သည့်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု အစီအမံများ၊ ပြန်လည်ငှားရမ်း မည့်အစီအစဉ်၊ ဆောက်လုပ်ပြီး အသုံးချမည့်အနေအထား၊

(၁၆) အကျိုးတူ ပူးပေါင်းဆောင်ရွက်မည့်အဖွဲ့ကြီး၏ အကြောင်းအရာနှင့် လုပ်ငန်းများ အလိုက် ဆောင်ရွက် မည့်အစီအစဉ်၊

(၁၇) အကောင်အထည်ဖော်မည့် စီမံကိန်း၏ အစီအစဉ်နှင့် အချိန်ဇယား၊

(၁၈) ရထားအဖွဲ့အစည်း၏ ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်မည့်အစီအစဉ်နှင့် ရထား လမ်းဖောက်လုပ်မှုကြောင့် ဖယ်ရှားခံရသည့် အိမ်ရာများအတွက် ပြန်လည်နေရာ ချထားရေးအစီအစဉ်၊

(၁၉) ရင်းနှီးမြှုပ်နှံရန်အဆိုပြုသူ၏ လုပ်ငန်းတစ်ခုလုံး ဆောင်ရွက်နိုင်မည့် ဘဏ္ဍာရေး အရင်းအမြစ်နှင့် လုပ်ငန်းအတွေ့အကြုံ၊ မှတ်ပုံတင်ထားသော စာရင်းစစ် လုပ်ငန်းအဖွဲ့ (Registered Audit Firm)၏ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်မှ စစ်ဆေးအတည်ပြုပြီးဖြစ်သည့် ကုမ္ပဏီ၏ ၃ နှစ်စာ အရောင်းအဝယ် အရှုံးအမြတ် စာရင်း၊ လက်ကျန်ရှင်းတမ်းနှင့် ငွေကြေးစီးဆင်းမှုမှတ်တမ်းကို စိစစ်ရန်၊

(၂၀) ကိုယ်ပိုင်အရင်းအနှီးသာမက ဘဏ်ချေးငွေဖြင့် ဆောင်ရွက်ပါက ချေးငွေရရှိနိုင် မည့်အရင်း အနှီးနှင့် ရင်းနှီးမြှုပ်နှံမှု အချိန်ဇယား၊

(၂၁) ရထားပို့ဆောင်ရေးလုပ်ငန်းအတွက် အခြေခံအဆောက်အဦးများ တည်ဆောက်ရန် ကြာမြင့်ချိန်နှင့် ရင်းနှီးမြှုပ်နှံရမည့် အချိန်ကာလ၊

(၂၂) ရထားလမ်းခင်းကျောက်၊ အသုံးပြုမည့်လျှပ်စစ်ဓာတ်အား၊ ဆက်သွယ်ရေးစနစ်နှင့် အချက်ပြ စနစ်တို့၏ အသုံးပြုနိုင်မှု နှစ်ကာလများနှင့် အစားထိုးလဲလှယ်မှု၊ အပိုပစ္စည်းများရရှိနိုင်မှု အခြေအနေ။

(ဃ) ရထားပို့ဆောင်ရေး ဈေးကွက်ဝယ်လိုအား ခန့်မှန်းချက်နှင့် စပ်လျဉ်း၍ -

(၁) ရင်းနှီးမြှုပ်နှံရန် အဆိုပြုထားသည့်နေရာဒေသနှင့် လိုက်ဖက်ညီသည့် ခရီးသည်နှင့် ကုန်စည်များ သယ်ယူပို့ဆောင်ရေးဝယ်လိုအားကို ခန့်မှန်းတင်ပြခြင်း ရှိ မရှိ၊

(၂) ခန့်မှန်းထားသည့် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးအတွက် ကောက်ယူထား သည့် ဈေးကွက် သုတေသန ပြုလုပ်ချက်၊

(၃) ခန့်မှန်းထားသည့် စီမံကိန်းကုန်ကျငွေနှင့် အမြတ်တို့မှာ အဆိုပြုထား သည့်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းနှင့် ကိုက်ညီမှု ရှိ မရှိ၊

(၄) အဆိုပါ ရထားလမ်းစီမံကိန်း၊ လမ်းကြောင်းစီးဆင်းမှုနှင့် အဆင့်အတန်းခွဲခြား ထားပုံ၊ ကားလမ်းနှင့် အခြားသယ်ယူပို့ဆောင်ရေး နည်းလမ်းများနှင့် ချိတ်ဆက် ရမည့်စီမံကိန်းများ၊ အခြားဆက်စပ်သော စီမံကိန်းများကိုပါ ခန့်မှန်းတွက်ချက် ထားသည့် အထွေထွေကုန်ကျ စရိတ်များ၊

(၅) ကောက်ခံသွားလိုသည့် ခရီးသည်ရထားခနှင့် ကုန်စည်သယ်ယူပို့ဆောင်ခ နှုန်းထားများ။

(င) ပတ်ဝန်းကျင်ဆိုင်ရာ အကဲဖြတ်သုံးသပ်ချက်နှင့် စပ်လျဉ်း၍ -

(၁) အဆိုပြုထားသည့် စီမံကိန်းဧရိယာ ရထားလမ်းပတ်ဝန်းကျင်ရှိ အောက်ပါလူမှု အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် သဘာပတ်ဝန်းကျင်များအပေါ် သက်ရောက်နိုင်သည့် လေ့လာဆန်းစစ်ချက်များ -

(ကက) တည်ဆောက်ရေးကာလအတွင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်ကြောင့် ပတ်ဝန်းကျင်လေထု အတွင်းသို့ အကျိုးသက်ရောက်နိုင်မှု၊

(ခခ) ရထားလမ်းဖြတ်သန်းမှုကြောင့် ထိခိုက်နိုင်သည့်အမြဲတမ်းနှင့် ရာသီ အလိုက်ရေရရှိနိုင်မှု အခြေအနေ၊ မြေအောက်ရေများ ထိခိုက်နိုင်မှု ရှိ မရှိ၊

(ဂဂ) ရထားလမ်းတစ်လျှောက်နှင့် ရထားလမ်းကို ဆက်သွယ်မည့်လမ်းများ တည်ဆောက်မှုကြောင့် ထိခိုက် နိုင်သည့် မြေဆီလွှာအနေအထား၊

(ဃဃ) မြို့ရွာနှင့် ရထားလမ်းအနီး အခြေချနေထိုင်သူများအပေါ် သက်ရောက်မည့် ဆူညံမှုနှင့် တုန်ခါမှု၊

(ငင) ဆောက်လုပ်ရေးလုပ်ငန်းခွင့်နှင့် ရထားလမ်းတည်ဆောက်မှုကြောင့် ထိခိုက်နိုင်သည့်ဒေသ မျိုးရင်းပင်များနှင့် ဒေသရှိတိရစ္ဆာန်နှင့် သဘာဝ ပေါက်ပင်များ၊

(စစ) ရထားလမ်းတစ်လျှောက်နှင့် ရထားလမ်းကို ဆက်သွယ်မည့် ပြည်သူတို့ အသုံးပြုသောလမ်းများ တည်ဆောက်မှုကြောင့် ဖောက်လုပ်မည့် ရထား လမ်းအူကြောင်းတွင်ရှိသော မြစ်ချောင်းများ၏ ရေစီးကြောင်း ပြောင်းလဲမှု များနှင့် ရေလွှမ်းမိုးမှုများမဖြစ်ပေါ်ရေး ဆောင်ရွက်ထားရှိမှု၊

(၂) အသစ်ဖောက်လုပ်မည့် ရထားလမ်းတစ်လျှောက်ရှိ ထိတွေ့ကိုင်တွယ်နိုင်သော ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များနှင့် ထိတွေ့ကိုင်တွယ်၍ မရသော ယဉ်ကျေးမှုအမွေအနှစ်များ၊

(၃) ရထားလမ်းစီမံကိန်းအတွက် မြေနေရာအသုံးချမှုနှင့် ပတ်သက်၍ လူမှုစီးပွားရေး အပေါ် သက်ရောက်နိုင်မှု အခြေအနေများ ဆန်းစစ်ချက်။

(စ) လူမှုရေးဆိုင်ရာ အကဲဖြတ်သုံးသပ်ချက်နှင့်စပ်လျဉ်း၍ -

(၁) ရထားလမ်းစီမံကိန်းတည်ဆောက်ခြင်းဖြင့် စဉ်ဆက်မပြတ် စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူ ပြုနိုင်ခြင်း၊ ရေရှည်ကာလ ဆင်းရဲနွမ်းပါးမှုကို တဖြည်းဖြည်း လျှော့ချလာနိုင်ကာ လူနေမှုအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်လာနိုင်မှု ရှိ မရှိ၊

(၂) တည်ဆောက်မည့် ရထားပို့ဆောင်ရေးလုပ်ငန်းများ ရေရှည်ရပ်တည်နိုင်မှု ရှိ မရှိနှင့် ရင်းနှီးမြှုပ်နှံရာ ဒေသ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်ကို ပြည့်မီအောင်ဝန်ဆောင်မှု ပေးနိုင်ခြင်း ရှိ မရှိ၊

(၃) စီမံကိန်းတည်ဆောက်စဉ်ကာလနှင့် ရထားသယ်ယူပို့ဆောင်ရေးလုပ်ငန်းသည် ဒေသတွင်းဖွံ့ဖြိုးမှု ရည်မှန်းချက်နှင့်ကိုက်ညီမှု၊ ဒေသတွင်းလူမှုရေးအခြေအနေနှင့် လိုက်လျောညီထွေရှိမှုနှင့် ဒေသနေပြည်သူများ အတွက် ထိရောက်စွာအကျိုး ပြုနိုင်မှု ရှိ မရှိ၊

(၄) ဒေသတွင်းရှိ ပြည်သူများနှင့် လူမှုရေးအဖွဲ့အစည်းများ၏ စီမံကိန်းအပေါ် လက်ခံနိုင်မှု၊ အုပ်စုနှစ်ခုအကြား အပြန်အလှန် လိုက်လျောညီထွေမှုရှိမှုနှင့် အပေါင်းလက္ခဏာဆောင်သည့် အကျိုးသက်ရောက်မှုများကို အကဲဖြတ်ရန်၊

(၅) ရထားလမ်းတိုးချဲ့ခြင်းနှင့် အသစ်တည်ဆောက်ရေး စီမံကိန်းမြေနေရာဖယ်ရှား ခံရမှုအတွက် ပြန်လည် တည်ဆောက်ပေးနိုင်မှု ရှိ မရှိ။

၁၆။ ဗဟိုကြီးကြပ်ရေးအဖွဲ့သည် ရထားကုမ္ပဏီက အတည်ပြုရန် လျှောက်ထားသည့် အဆိုပြုရထား လုပ်ငန်း စီမံချက်နှင့် စပ်လျဉ်း၍ -

(က) တင်ပြသည့်ရထားလုပ်ငန်းစီမံချက်ကို ပြင်ဆင်၍ တင်ပြစေခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်၊

(ခ) အဆိုပြုရထားလုပ်ငန်းစီမံချက်ကို အတည်ပြုပါက လျှောက်ထားသည့် ရထားကုမ္ပဏီအား စည်းကမ်းချက်များသတ်မှတ်၍ အတည်ပြုလက်မှတ်ကို ပုံစံ(၂)ဖြင့် ထုတ်ပေးရမည်၊

(ဂ) နည်းဥပဒေခွဲ(ခ)အရ အတည်ပြုလက်မှတ်ထုတ်ပေးပြီးနောက် စီမံရေးအဖွဲ့၏ တင်ပြချက် အရဖြစ်စေ၊ လျှောက်ထားသည့်ရထားကုမ္ပဏီ၏ တင်ပြချက်အရဖြစ်စေ အတည်ပြုထား သော လုပ်ငန်းစီမံချက်ကို ပြင်ဆင်ပြောင်းလဲရန် သို့မဟုတ် တိုးချဲ့ရန်လိုအပ်ပါက သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များနှင့် ညှိနှိုင်းပြီး ပြင်ဆင်ခြင်း သို့မဟုတ် တိုးချဲ့ခြင်းပြုလုပ်ထားသော ရထားလုပ်ငန်းစီမံချက်ကို ပြန်လည်အတည်ပြုလက်မှတ် ထုတ်ပေးရမည်။

၁၇။ ဗဟိုကြီးကြပ်ရေးအဖွဲ့သည် အတည်ပြုထားသည့် ရထားလုပ်ငန်းစီမံချက်ပါ ရထားလမ်းအတွက် ပုဂ္ဂလိကပိုင်မြေကို အများပြည်သူအကျိုးငှာ အသုံးပြုရန် လိုအပ်ပါက ရထားလမ်းအတွက် လိုအပ်သောမြေ၏ ပိုင်ရှင်နှင့် ညှိနှိုင်းဆောင်ရွက်ရန်တင်ပြသည့် ရထားကုမ္ပဏီအား တာဝန်ပေး သည့်အကြောင်းကြားစာကို ထိုရထားကုမ္ပဏီသို့ ပေးပို့ပြီး အကြောင်းကြားစာ မိတ္တူကို သက်ဆိုင် ရာမြေပိုင်ရှင် သို့မဟုတ် မြေအသုံးပြုခွင့်ရသူသို့ ပေးပို့ရမည်။

၁၈။ သက်ဆိုင်ရာ ရထားကုမ္ပဏီသည် နည်းဥပဒေ ၁၇ အရ ပေးပို့သည့် အကြောင်းကြားစာ လက်ခံ ရရှိသော အခါ -

(က) သက်ဆိုင်ရာမြေပိုင်ရှင်နှင့် တွေ့ဆုံ၍ ထိုမြေကွက်ကို ရထားကုမ္ပဏီ၏ အမည်ဖြင့် ကာလတန်ဖိုးပေး၍ ဝယ်ယူခြင်း သို့မဟုတ် သတ်မှတ်ငှားရမ်းခပေး၍ နှစ်ရှည်ငှားရမ်းခြင်း တို့အတွက် ညှိနှိုင်းပြီး နှစ်ဖက်သဘောတူ ပြုလုပ်သည့် မြေအရောင်းအဝယ်စာချုပ် သို့မဟုတ် နှစ်ရှည်အငှားစာချုပ်ကို သတ်မှတ်ထားသည့်အခွန် တံဆိပ်ခေါင်းကပ်၍ သက်ဆိုင်ရာမြို့နယ် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနတွင် မှတ်ပုံတင်ရမည်။ ထိုသို့ မှတ်ပုံတင်ထားသည့် သဘောတူစာချုပ်မိတ္တူကို ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ တင်ပြရမည်။

(ခ) နည်းဥပဒေခွဲ(က)နှင့်အညီ ကာလတန်ဖိုးပေး၍ ဝယ်ယူခြင်း သို့မဟုတ် ကာလပေါက်ဈေး ငှားရမ်းခပေး၍ နှစ်ရှည်ငှားရမ်းခြင်းပြုသော်လည်း မြေပိုင်ရှင် သို့မဟုတ် မြေအသုံးပြုခွင့် ရသူက ထိုမြေကွက်ကို ရောင်းချရန် သို့မဟုတ် နှစ်ရှည်ငှားရမ်းရန် သဘောမတူ ငြင်းဆိုပါက ရထားလမ်း အတွက်လိုအပ်သည့် ထိုမြေကွက်ကို ရထားပို့ဆောင်ရေး လုပ်ငန်းဥပဒေနှင့် တည်ဆဲမြေသိမ်းအက်ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ အရ မြေသိမ်းယူနိုင်ရန် ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ တင်ပြရမည်။

၁၉။ ဗဟိုကြီးကြပ်ရေးအဖွဲ့သည် -

(က) ရထားကုမ္ပဏီက နည်းဥပဒေ ၁၈၊ နည်းဥပဒေခွဲ(ခ)အရ တင်ပြချက်ကို စိစစ်ပြီး ရထားလမ်းအတွက် အများပြည်သူအကျိုးငှာ မြေသိမ်းရန်လိုအပ်လျှင် ရထားပို့ဆောင်ရေး လုပ်ငန်းဥပဒေနှင့် တည်ဆဲမြေသိမ်း အက်ဥပဒေနှင့် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ သိမ်းယူနိုင်ရေးအတွက် သက်ဆိုင်ရာမြေကို စီမံခန့်ခွဲသော ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ရမည်၊

(ခ) နည်းဥပဒေခွဲ(က)အရ ရထားလမ်းအတွက် သိမ်းယူခြင်းခံရသည့် မြေပိုင်ရှင် သို့မဟုတ် မြေအသုံးပြုခွင့်ရသူအား သင့်လျော်သည့်မြေနေရာ သို့မဟုတ် အခန်းတွင် နေရာပြန်လည် ချထားနိုင်ရေးအတွက် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာန၊ အစိုးရဌာန၊ အဖွဲ့အစည်း နှင့်လည်းကောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နှင့် လည်းကောင်း ညှိနှိုင်း၍ ဆောင်ရွက်ပေးရမည်။

၂၀။ မြေသိမ်းအက်ဥပဒေနှင့် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများအရ သိမ်းယူသည့်မြေအတွက် လျော်ကြေးသတ်မှတ်ရာတွင် နည်းဥပဒေ ၁၉၊ နည်းဥပဒေခွဲ(ခ)အရ ညှိနှိုင်း၍ နေရာပြန်လည် ချထားသည့်အခါ သင့်လျော်သော လျော်ကြေးတစ်စိတ်တစ်ဒေသကိုသော်လည်းကောင်း၊ နေရာ ပြန်လည်ချထားပေးနိုင်ခြင်းမရှိသည့်အခါ လျော်ကြေးအပြည့်အဝကိုသော်လည်းကောင်း အတည်ပြုချက်ရရှိသည့် ရထားကုမ္ပဏီကပေးစေရန် ထိုကုမ္ပဏီသို့ အကြောင်းကြားစာ ပေးပို့ရမည်။ ထို့ပြင် ထိုအကြောင်းကြားစာမိတ္တူကို သက်ဆိုင်ရာ မြေပိုင်ရှင် သို့မဟုတ် မြေအသုံးပြုခွင့်ရသူထံသို့ ပေးပို့ရမည်။

၂၁။ သက်ဆိုင်ရာ ရထားကုမ္ပဏီသည် -

(က) နည်းဥပဒေ ၂၀ အရ အကြောင်းကြားလာသည့်အခါ သတ်မှတ်ထားသည့်လျော်ကြေးကို မြေသိမ်းယူခြင်း ခံရသည့် မြေပိုင်ရှင် သို့မဟုတ် မြေအသုံးပြုခွင့်ရသူအားပေးပြီး ထိုသို့ ပေးပြီးဖြစ်ကြောင်း အထောက်အထားကို ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ တင်ပြရမည်၊

(ခ) ရထားလမ်းသစ်ဖောက်လုပ်ရေးအတွက် တာပေါင်တိုင်းတာခြင်း၊ မြေဖို့ခြင်း၊ မြေတူးခြင်း နှင့် မြေသယ်ခြင်းတို့ပြုရာတွင် ရထားလမ်းသစ်ဖောက်လုပ်နေသည့်မြေနှင့် သက်ဆိုင်သူ များ၊ အနီးဝန်းကျင်မှပြည်သူများအား အဆင်မပြေမှုနှင့် ထိခိုက်နစ်နာမှုများ မဖြစ်စေရန် နှင့် အပျက်အစီးနည်းနိုင် သမျှ နည်းစေရန် ဆောင်ရွက် ရမည်၊

(ဂ) ရထားလမ်းသစ် ဖောက်လုပ်ရာတွင်ဖြစ်စေ၊ ရထားလမ်းများတပ်ဆင်ရာတွင်ဖြစ်စေ၊ ရထားလမ်းထိန်း အဆောက်အအုံများ ဆောက်လုပ်ရာတွင်ဖြစ်စေ ပေါ်ပေါက်လာသည့် ထိခိုက်နစ်နာမှု၊ ပျက်စီးချို့ယွင်းမှုများ အတွက် နစ်နာသူများအား နစ်နာကြေးပေးရမည်။

၂၂။ ရထားလုပ်ငန်းစီမံချက်ကို အတည်ပြုလက်မှတ်ရရှိသော ရထားကုမ္ပဏီသည် အောက်ပါအချက် တစ်ရပ်ရပ်နှင့် ငြိစွန်းခြင်းမရှိလျှင် ရထားပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်ရေးအတွက် လုပ်ငန်း လိုင်စင် ရရှိရန် ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ ပုံစံ(၃)ဖြင့် လျှောက်ထားရမည် -

(က) တည်ဆဲလူမွဲအဖြစ်ခံယူခြင်း အက်ဥပဒေအရ လူမွဲအဖြစ် သက်ဆိုင်ရာတရားရုံး၏ ကြေညာ ထားခြင်းမှ လွတ်မြောက်ခွင့်မရသေးသော ရထားကုမ္ပဏီ သို့မဟုတ် ပုဂ္ဂိုလ်၊

(ခ) ရထားကုမ္ပဏီကိုဖြစ်စေ၊ ရထားကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဦးကိုဖြစ်စေ နာမည် ပျက်စာရင်း တင်သွင်းထားခြင်းခံရသူ၊

(ဂ) ရထားကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင် တစ်ဦးဦးအား -

(၁) ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေ သို့မဟုတ် ၁၉၆၃ ခုနှစ်၊ အများနှင့် သက်ဆိုင်သောပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေအရ ပြစ်မှုထင်ရှားစီရင် ခြင်းခံခဲ့ဖူးသူ သို့မဟုတ် ခံနေရသူ၊

(၂) ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု၊ လိမ်လည်မှု စသည့်ကိုယ်ကျင့်တရားနှင့် ပတ်သက်သော ပြစ်မှုတစ်ခုခုဖြင့် ပြစ်မှုထင်ရှား စီရင်ခြင်းခံခဲ့ဖူးသူ သို့မဟုတ် ခံနေရသူ။

၂၃။ ရထားကုမ္ပဏီသည် ရထားပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိရန် နည်းဥပဒေ ၂၂ အရ ပုံစံ(၃)ဖြင့် လုပ်ငန်းလိုင်စင် လျှောက်ထားရာတွင် -

(က) ရထားမတော်တဆမှုဖြစ်ပွားခြင်းကြောင့် သူတစ်ဦးဦး ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှု အတွက် လျော်ကြေးပေးနိုင်ရန် တည်ဆဲဥပဒေနှင့်အညီ သူတစ်ပါးထိခိုက်မှု အာမခံ ထားရှိပြီးဖြစ်ကြောင်း အထောက်အထား မိတ္တူပူးတွဲတင်ရမည်၊

(ခ) လုပ်ငန်းလိုင်စင်လျှောက်လွှာ၌ ရုံးခွန်အက်ဥပဒေနှင့်အညီ ရုံးခွန်တံဆိပ်ခေါင်းကပ်ရမည်၊

(ဂ) ဗဟိုကြီးကြပ်ရေးအဖွဲ့က အတည်ပြုထားသော ရထားလုပ်ငန်းစီမံချက်နှင့်အတူ ထုတ်ပေး ထားသော အတည်ပြုလက်မှတ် ပုံစံ(၂)မိတ္တူ ပူးတွဲတင်ပြရမည်၊

(ဃ) အဆိုပြုရထားလမ်းတွင် ပုဂ္ဂလိကပိုင်မြေကို အသုံးပြုရန် လိုအပ်သည့်ကိစ္စတွင် ထိုမြေကို ကာလတန်ဖိုးပေး၍ ဝယ်ယူခြင်း သို့မဟုတ် နှစ်ရှည်ငှားရမ်းခြင်းပြုသည့်ကိစ္စတွင် မြေအရောင်းအဝယ် မှတ်ပုံတင်စာချုပ် သို့မဟုတ် နှစ်ရှည်မြေငှားရမ်းခြင်း မှတ်ပုံတင် စာချုပ်မိတ္တူ ပူးတွဲတင်ပြရမည်။

၂၄။ ဗဟိုကြီးကြပ်ရေးအဖွဲ့သည် နည်းဥပဒေ ၂၂ နှင့် ၂၃ တို့အရ လုပ်ငန်းလိုင်စင်လျှောက်ထားချက်ကို စိစစ်ပြီး ရထားပို့ဆောင်ရေးလုပ်ငန်းအတွက် သတ်မှတ်ထားသော လိုအပ်ချက်များ ပြည့်စုံမှုရှိ မရှိ၊ ရထားလုပ်ငန်း စီမံချက်ပါ စည်းကမ်းချက်များနှင့် ညီညွှတ်မှု ရှိ မရှိနှင့် လျှောက်ထားသည့်ရထား ကုမ္ပဏီအား လုပ်ငန်းလိုင်စင် ထုတ်ပေးရန် သင့် မသင့် သဘောထားမှတ်ချက် တင်ပြစေရန် လုပ်ငန်းလိုင်စင်ထုတ်ပေးရန် လျှောက်လွှာ လက်ခံရရှိသည့်နေ့မှ ရက်သတ္တနှစ်ပတ်အတွင်း စီမံရေးအဖွဲ့အား တာဝန်ပေးအပ်ရမည်။

၂၅။ စီမံရေးအဖွဲ့သည် -

(က) ရထားကုမ္ပဏီက နည်းဥပဒေ ၂၂ နှင့် ၂၃ တို့အရ လုပ်ငန်းလိုင်စင် လျှောက်လွှာနှင့် ပူးတွဲတင်ပြသော အထောက်အထားများ ပြည့်စုံမှု ရှိ မရှိ စိစစ်ရမည်။ လိုအပ်သည့် အချက်အလက်နှင့် အထောက်အထားများ ရှိပါက ရထားကုမ္ပဏီကို ထပ်မံတင်ပြ စေရမည်၊

(ခ) ဗဟိုကြီးကြပ်ရေးအဖွဲ့က အတည်ပြုထားသော ရထားလုပ်ငန်းစီမံချက်နှင့် လျှောက်လွှာ ကို အတူပူးတွဲ တင်ပြသော ရထားလုပ်ငန်းစီမံချက်တို့ ကိုက်ညီမှု ရှိ မရှိ စိစစ်ရမည်၊

(ဂ) လျှောက်လွှာနှင့် ရထားလုပ်ငန်းစီမံချက်တို့ကို စိစစ်ရာတွင် ကွင်းဆင်း၍ စစ်ဆေးရန် လိုအပ်သော ကိစ္စအတွက် ပညာရှင်များ၊ ကျွမ်းကျင်သူအင်ဂျင်နီယာများနှင့်အတူ လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရမည်၊

(ဃ) ရထားကုမ္ပဏီ၏ ရထားစက်ခေါင်းမှူး၊ ရထားထိန်း၊ အင်ဂျင်နီယာများနှင့် ရထားပြေးဆွဲ ရေးနှင့်ဆိုင်သည့် ရထားဝန်ထမ်းများအား ကျွမ်းကျင်မှု ရှိ မရှိ လိုအပ်ပါက လက်တွေ့စစ် ဆေးမှုများ ပြုလုပ်ရ မည်၊

(င) လိုအပ်သောစိစစ်မှု၊ စုံစမ်းစစ်ဆေးမှုနှင့် လက်တွေ့စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် အဆိုပြုရထား လုပ်ငန်းစီမံချက်တင်ပြသည့် ရထားကုမ္ပဏီအား လုပ်ငန်းလိုင်စင် ထုတ်ပေးရန် သင့် မသင့် တွေ့ရှိချက်နှင့် နည်းဥပဒေ ၂၄ အရ တာဝန်ပေးအပ်သည့် နေ့မှသဘောထားမှတ်ချက်တို့ကို ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ သတ်မှတ်ထားသော ရက်အတွင်း တင်ပြရမည်။

၂၆။ ဗဟိုကြီးကြပ်ရေးအဖွဲ့သည် -

(က) နည်းဥပဒေ ၂၂ နှင့် ၂၃ တို့အရ လုပ်ငန်းလိုင်စင်ထုတ်ပေးရန် လျှောက်ထားချက်နှင့် နည်းဥပဒေ ၂၅ အရ စီမံရေးအဖွဲ့က တင်ပြသည့်တွေ့ရှိချက်နှင့် သဘောထားမှတ်ချက် တို့ကို စိစစ်ပြီး လုပ်ငန်းလိုင်စင် ထုတ်ပေးရန် လျှောက်လွှာလက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း လုပ်ငန်းလိုင်စင် ထုတ်ပေးရန် ခွင့်ပြုခြင်း၊ ငြင်းပယ်ခြင်း သို့မဟုတ် လိုအပ်ချက်များ ပြန်လည်ပြုလုပ်၍ တင်ပြစေခြင်းတို့ ပြုရမည်၊

(ခ) နည်းဥပဒေခွဲ(က)အရ လုပ်ငန်းလိုင်စင်ထုတ်ပေးရန် ငြင်းပယ်ကြောင်း သို့မဟုတ် လိုအပ်ချက်များ ပြန်လည်ပြုလုပ်၍ တင်ပြစေရန် ဆုံးဖြတ်ပါက ထိုဆုံးဖြတ်ချက်ကို သက်ဆိုင်ရာ ရထားကုမ္ပဏီသို့ ဆောလျင်စွာ အကြောင်းပြန်ကြားရမည်၊

(ဂ) နည်းဥပဒေခွဲ(က)အရ လုပ်ငန်းလိုင်စင်ထုတ်ပေးရန် ခွင့်ပြုပါက သတ်မှတ်ထားသော လုပ်ငန်း လိုင်စင်ခပေးသွင်းစေပြီး စည်းကမ်းချက်များနှင့် လုပ်ငန်းလိုင်စင်သက်တမ်း သတ်မှတ်၍ သက်ဆိုင်ရာ ရထားကုမ္ပဏီအားလုပ်ငန်းလိုင်စင်ကို ပုံစံ(၄)ဖြင့် ထုတ်ပေး ရမည်။

၂၇။ နည်းဥပဒေ ၂၆ အရ လုပ်ငန်းလိုင်စင်ရရှိသူသည် -

(က) သတ်မှတ်ထားသော လုပ်ငန်းလိုင်စင် စည်းကမ်းချက်များကို လိုက်နာရမည်၊

(ခ) လုပ်ငန်းလိုင်စင်ကို ဗဟိုကြီးကြပ်ရေးအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ လွှဲပြောင်းခြင်းမပြုရ၊

(ဂ) အတည်ပြုထားသော ရထားလုပ်ငန်းစီမံချက်နှင့်အညီ ဆောင်ရွက်ခွင့်ရှိသည်၊

(ဃ) ရထားလမ်းများ အသစ်ဖွင့်လှစ်ခြင်း၊ ပိတ်ခြင်း၊ ပြောင်းလဲပြေးဆွဲခြင်းနှင့် တိုးချဲ့ခြင်းတို့နှင့် စပ်လျဉ်း၍ ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရ မည်။

၂၈။ လုပ်ငန်းလိုင်စင်ရရှိသော ရထားကုမ္ပဏီသည် -

(က) လုပ်ငန်းလိုင်စင်သက်တမ်းကုန်ဆုံးပြီးနောက် မိမိ၏ လုပ်ငန်းကို ဆက်လက်လုပ်ကိုင် လိုပါက လုပ်ငန်းလိုင်စင်သက်တမ်းမကုန်ဆုံးမီ အနည်းဆုံးရက်ပေါင်း ၆၀ ကြိုတင်၍ လိုင်စင်သက်တမ်း တိုးမြှင့်ပေးရန် ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ ပုံစံ(၅)ဖြင့် လျှောက်ထား ရမည်။

(ခ) နည်းဥပဒေခွဲ(က)အရ လုပ်ငန်းလိုင်စင်သက်တမ်းတိုးမြှင့်ပေးရန် လျှောက်ထားရာတွင် နည်းဥပဒေ ၂၃၊ နည်းဥပဒေခွဲ(က)၊ (ခ)နှင့် (ဂ) တို့ပါ လိုအပ်ချက်များကို လိုက်နာ ဆောင်ရွက်ရမည်။

၂၉။ ဗဟိုကြီးကြပ်ရေးအဖွဲ့သည် နည်းဥပဒေ ၂၈ အရ လုပ်ငန်းလိုင်စင် သက်တမ်းတိုးမြှင့်ပေးရန် လျှောက်ထားချက်ကို စိစစ်ပြီး -

(က) လိုအပ်ပါက စီမံရေးအဖွဲ့ကို စုံစမ်းစစ်ဆေးစေပြီး တွေ့ရှိချက်နှင့် သဘောထားကို တင်ပြစေနိုင်သည်၊

(ခ) စိစစ်ချက်နှင့် စီမံရေးအဖွဲ့က တင်ပြသည့် တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်တို့အရ လုပ်ငန်းလိုင်စင် သက်တမ်းတိုးမြှင့်ပေးရန် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်၊

(ဂ) နည်းဥပဒေခွဲ(ခ)အရ ငြင်းပယ်ပါက ထိုသို့ငြင်းပယ်ကြောင်း ဆုံးဖြတ်ချက်ကို လျှောက်ထားသူထံသို့ ဆောလျင်စွာ အကြောင်းကြားရမည်၊

(ဃ) နည်းဥပဒေခွဲ(ခ)အရ ခွင့်ပြုပါက လိုင်စင်သက်တမ်းမကုန်ဆုံးမီ သတ်မှတ်ထားသော လုပ်ငန်းလိုင်စင်သက်တမ်းတိုးမြှင့်ခ ပေးသွင်းစေပြီး စည်းကမ်းချက်များနှင့် လုပ်ငန်း လိုင်စင်သက်တမ်း သတ်မှတ်၍ ပုံစံ(၄)တွင် လုပ်ငန်းလိုင်စင်သက်တမ်း တိုးမြှင့်ပေးရမည်။

အခန်း(၄)
ရပ်နားစခန်း လုပ်ငန်းလိုင်စင်

၃၀။ ရပ်နားစခန်းလုပ်ကိုင်လိုသည့်ပုဂ္ဂိုလ် သို့မဟုတ် ရထားကုမ္ပဏီတို့သည် ရထားလမ်းကြောင်း တစ်ကြောင်းတည်း ပြေးဆွဲသည့်ရထားဘူတာ အနီးအနားတွင်ဖြစ်စေ၊ ရထားလမ်းဆုံ သို့မဟုတ် ရထားလမ်းနှင့် အဝေးပြေး ခရီးသည်တင်မော်တော်ယာဉ်ဆုံရာ ဘူတာအနီးအနားတွင်ဖြစ်စေ၊ အဝေးပြေးခရီးသည်တင်မော်တော် ယာဉ်များရပ်နားရာ နေရာတွင်ဖြစ်စေ ခေတ္တရပ်နားခြင်း၊ တည်းခိုခြင်း၊ စားသောက်ခြင်း၊ မော်တော်ယာဉ် ပြင်ဆင်ခြင်း၊ ရထားပြင်ဆင်ခြင်း သို့မဟုတ် ကုန်းလမ်းပို့ဆောင်ရေးလုပ်ငန်းတစ်ခုခုအတွက် ဝန်ဆောင်မှုပေး သည့်လုပ်ငန်းတစ်ခုခုကို ဆောင်ရွက်ရန် ရပ်နားစခန်းဖွင့်လှစ်လိုလျှင် လုပ်ငန်းလိုင်စင်ရရှိရန် ဗဟိုကြီးကြပ်ရေး အဖွဲ့သို့ ပုံစံ(၆)ဖြင့် လျှောက်ထားရမည်။

၃၁။ ရပ်နားစခန်း လုပ်ကိုင်လိုသည့်ပုဂ္ဂိုလ် သို့မဟုတ် ရထားကုမ္ပဏီတို့သည် နည်းဥပဒေ ၃၀ အရ ပုံစံ(၆)ဖြင့် ရပ်နားစခန်းလုပ်ငန်းလိုင်စင် လျှောက်ထားရာတွင် -

(က) ရပ်နားစခန်းလုပ်ငန်း တည်ထောင်ဖွင့်လှစ်မည့်တည်နေရာနှင့် လျှောက်ထားသူ၏ လိပ်စာ၊ ဆက်သွယ် ရန် ဖုန်း၊ ဖက်စ်အမှတ်နှင့် အီးမေးလ်လိပ်စာ ဖော်ပြရမည်၊

(ခ) ရပ်နားစခန်းတွင် ဝန်ဆောင်မှုပေးမည့်လုပ်ငန်းများ အသေးစိတ်ဖော်ပြရမည်၊

(ဂ) ဝန်ဆောင်မှုပေးမည့် လုပ်ငန်းတစ်ခုချင်းအလိုက် ဝန်ဆောင်မှုပေးမည့် ဝန်ထမ်းနှင့် အလုပ်သမားများ၏ ဦးရေနှင့် ၎င်းတို့၏ ကျွမ်းကျင်မှုအခြေအနေ ဖော်ပြရမည်၊

(ဃ) လုပ်ငန်းလိုင်စင်လျှောက်လွှာ၌ ရုံးခွန်အက်ဥပဒေနှင့်အညီ ရုံးခွန်တံဆိပ်ခေါင်းကပ်ရမည်၊

(င) ဗဟိုကြီးကြပ်ရေးအဖွဲ့က သတ်မှတ်ထားသော လုပ်ငန်းလိုင်စင်လျှောက်လွှာစိစစ်ခနှင့် ကွင်းဆင်း စစ်ဆေး ခကို ပေးသွင်းရမည်။

၃၂။ ဗဟိုကြီးကြပ်ရေးအဖွဲ့သည် -

(က) နည်းဥပဒေ ၃၀ နှင့် ၃၁ တို့အရ ရပ်နားစခန်းလုပ်ငန်းလိုင်စင် လျှောက်ထားချက် နှင့်စပ်လျဉ်း၍ ကွင်းဆင်းစိစစ်ရန် လိုအပ်ပါက မိမိအဖွဲ့ကိုယ်တိုင် ကွင်းဆင်းစိစစ်ခြင်း သို့မဟုတ် ဗဟိုကြီးကြပ်ရေးအဖွဲ့ဝင် တစ်ဦးဦးကို ကွင်းဆင်းစိစစ်စေခြင်း ပြုနိုင်သည်။ ထို့ပြင် လိုအပ်သော အချက်အလက်အထောက်အထားများ တင်ပြစေခြင်း၊ သက်ဆိုင်သူ များကို ဆင့်ဆို၍မေးမြန်းစိစစ်ခြင်း ပြုနိုင်သည်၊

(ခ) လုပ်ငန်းလိုင်စင်လျှောက်လွှာ စိစစ်ချက်နှင့် ကွင်းဆင်းစစ်ဆေးတွေရှိချက်တို့အရ လုပ်ငန်း လိုင်စင်လျှောက်ထားချက်ကို ခွင့်ပြုခြင်း၊ လိုအပ်ချက်များပြန်လည်ပြုလုပ်၍ တင်ပြစေ ခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်၊

(ဂ) နည်းဥပဒေခွဲ (ခ)အရ လုပ်ငန်းလိုင်စင်ထုတ်ပေးရန် ငြင်းပယ်ခြင်း သို့မဟုတ် လိုအပ်ချက်ကို ပြန်လည်ပြုလုပ်၍ တင်ပြစေခြင်းပြုကြောင်း ဆုံးဖြတ်ပါက ထိုဆုံးဖြတ် ချက်ကို လျှောက်ထားသူထံသို့ ဆောလျင်စွာ အကြောင်းပြန်ကြားရမည်၊

(ဃ) နည်းဥပဒေခွဲ (ခ)အရ လုပ်ငန်းလိုင်စင်ထုတ်ပေးရန်ခွင့်ပြုပါက သတ်မှတ်ထားသော လုပ်ငန်းလိုင်စင်ခပေးသွင်းစေပြီး စည်းကမ်းချက်များနှင့် လုပ်ငန်းလိုင်စင်သက်တမ်း သတ်မှတ်၍ လျှောက်ထားသူအား လုပ်ငန်း လိုင်စင်ကို ပုံစံ(၇)ဖြင့် ထုတ်ပေးရမည်။

၃၃။ နည်းဥပဒေ ၃၂အရ လုပ်ငန်းလိုင်စင်ရသူသည်-

(က) သတ်မှတ်ထားသော လုပ်ငန်းလိုင်စင် စည်းကမ်းချက်များကို လိုက်နာရမည်၊

(ခ) လုပ်ငန်းလိုင်စင်ကို ဗဟိုကြီးကြပ်ရေးအဖွဲ့၏ခွင့်ပြုချက်မရှိဘဲ လွှဲပြောင်းခြင်းမပြုရ၊

(ဂ) ခွင့်ပြုထားသည့် လုပ်ငန်းလိုင်စင်ပါ ရပ်နားစခန်းလုပ်ငန်းများကို လုပ်ကိုင်ခွင့်ရှိသည်။

၃၄။ ရပ်နားစခန်း လုပ်ငန်းလိုင်စင်ရသူသည်-

(က) လုပ်ငန်းလိုင်စင် သက်တမ်းကုန်ဆုံးပြီးနောက် မိမိ၏လုပ်ငန်းကို ဆက်လက်လုပ်ကိုင် လိုပါက လုပ်ငန်း လိုင်စင်သက်တမ်းမကုန်ဆုံးမီ အနည်းဆုံးရက်ပေါင်း(၆၀) ကြိုတင်၍ လိုင်စင်သက်တမ်း တိုးမြှင့်ပေးရန် ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ ပုံစံ(၈)ဖြင့် လျှောက်ထား ရမည်၊

(ခ) နည်းဥပဒေခွဲ (က) အရ လုပ်ငန်းလိုင်စင် သက်တမ်းတိုးမြှင့်ပေးရန် လျှောက်ထားရာတွင် နည်းဥပဒေ ၃၁ နှင့်အညီ ဆောင်ရွက်ရမည်။

၃၅။ ဗဟိုကြီးကြပ်ရေးအဖွဲ့သည်-

(က) နည်းဥပဒေ၃၄ အရ လုပ်ငန်းလိုင်စင်သက်တမ်းတိုးမြှင့်ပေးရန် လျှောက်ထားချက်ကို စိစစ်ပြီး ကွင်းဆင်းစိစစ်ရန်လိုအပ်ပါက နည်းဥပဒေ ၃၂၊ နည်းဥပဒေခွဲ (က)အရ ကွင်းဆင်းစိစစ်ပြီး လိုအပ်သော အချက်အလက်အထောက်အထားများ တင်ပြစေခြင်းနှင့် သက်ဆိုင်သူများကို ဆင့်ဆို၍ မေးမြန်းစိစစ်ခြင်း ပြုနိုင်သည်၊

(ခ) လျှောက်ထားချက်ကို စိစစ်ချက်နှင့် ကွင်းဆင်းစိစစ်တွေ့ရှိချက်များအရ လုပ်ငန်းလိုင်စင် သက်တမ်း တိုးမြှင့်ပေးရန် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်၊

(ဂ) နည်းဥပဒေခွဲ(ခ)အရ ခွင့်ပြုပါက သတ်မှတ်ထားသော လုပ်ငန်းလိုင်စင်သက်တမ်း တိုးမြှင့်ခ ပေးသွင်း စေပြီး စည်းကမ်းချက်များနှင့် လုပ်ငန်းလိုင်စင်သက်တမ်း သတ်မှတ်၍ ပုံစံ(၇) တွင် လုပ်ငန်းလိုင်စင် သက်တမ်းတိုးမြှင့်ပေးရမည်၊

(ဃ) နည်းဥပဒေခွဲ(ခ)အရ ငြင်းပယ်ပါက ထိုသို့ငြင်းပယ်ကြောင်း ဆုံးဖြတ်ချက်ကို လျှောက်ထားသူထံသို့ ဆောလျင်စွာ အကြောင်းကြားရမည်။

အခန်း(၅)
စီမံခန့်ခွဲရေးဆိုင်ရာပြစ်ဒဏ်ချမှတ်ခြင်း

၃၆။ ဗဟိုကြီးကြပ်ရေးအဖွဲ့သည် ရရှိသော သတင်းအချက်အလက်အရဖြစ်စေ၊ စီမံရေးအဖွဲ့၏ စစ်ဆေး တွေ့ရှိချက်အရ ဖြစ်စေ၊ မိမိအဖွဲ့ကခန့်အပ်သော စစ်ဆေးရေးအရာရှိ သို့မဟုတ် ဖွဲ့စည်းပေးသော စစ်ဆေးရေး အရာရှိ၏စစ်ဆေးတွေ့ရှိချက်အရ ဖြစ်စေ ရထားပို့ဆောင်ရေးလုပ်ငန်း လိုင်စင်ရရှိသော ရထားကုမ္ပဏီက သော်လည်းကောင်း၊ ရပ်နားစခန်း လုပ်ငန်းလိုင်စင်ရရှိသည့် ပုဂ္ဂိုလ် သို့မဟုတ် ရထားကုမ္ပဏီက သော်လည်းကောင်း သက်ဆိုင်ရာလုပ်ငန်းလိုင်စင် စည်းကမ်း ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ခိုင်လုံသောသက်သေခံချက် အထောက်အထား တွေ့ရှိရ လျှင် ထိုလုပ်ငန်းလိုင်စင်ရရှိသူအား အောက်ပါစီမံ ခန့်ခွဲရေး ပြစ်ဒဏ်တစ်ရပ်ရပ်ကို ချမှတ်နိုင် သည်-

(က) ရထားပို့ဆောင်ရေးလုပ်ငန်းဖြစ်ပါက ဒဏ်ကြေး အနည်းဆုံးကျပ်သန်း ၂၀ မှ အများဆုံး ကျပ်သန်း ၁၀၀ အထိ ပေးဆောင်စေခြင်း၊

(ခ) ရပ်နားစခန်းလုပ်ငန်းဖြစ်ပါက ဒဏ်ကြေးအနည်းဆုံး ကျပ် ၁၀ သန်းမှ အများဆုံး ကျပ်သန်း ၅၀ အထိ ပေးဆောင်စေခြင်း၊

(ဂ) လုပ်ငန်းလိုင်စင်ကို ကာလသတ်မှတ်၍ ယာယီရပ်ဆိုင်းခြင်း၊

(ဃ) လုပ်ငန်းလိုင်စင်ကို ပယ်ဖျက်ခြင်း။

အခန်း(၆)
ရထားပို့ဆောင်ရေးလုပ်ငန်းနှင့် ဆက်စပ်သည့်စီးပွားရေးလုပ်ငန်းများကို ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ဆောင်ရွက်ခြင်း

၃၇။ မြန်မာ့မီးရထားသည် အများပြည်သူသွားလာရေး ပိုမိုလွယ်ကူချောမွေ့စွာ အဆင်ပြေစေရန်နှင့် နိုင်ငံတော်၏ စီးပွားရေးကိုအထောက်အကူပြုရန်အလို့ငှာ ရထားပို့ဆောင်ရေးလုပ်ငန်းကို သော်လည်းကောင်း၊ ရထားပို့ဆောင်ရေးနှင့် ဆက်စပ်သည့်စီးပွားရေးလုပ်ငန်း တစ်ခုခုကို သော်လည်းကောင်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများ၊ ရထားကုမ္ပဏီများနှင့် အောက်ဖော်ပြ ပါ စီးပွားရေးလုပ်ငန်းပုံစံတစ်မျိုးမျိုးကို ဗဟိုကြီးကြပ်ရေးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် လုပ်ကိုင် ဆောင်ရွက်နိုင်သည်-

(က) နှစ်ဖက်သဘောတူထားသည့် မတည်ရင်းနှီးငွေထည့်ဝင်ပြီး ရင်းနှီးမြှပ်နှံမှု အချိုးကျ အကျိုးအမြတ် ခွဲဝေယူသည့် ဖက်စပ်စနစ်ဖြင့် အများနှင့်မသက်ဆိုင်သော ဖက်စပ်ကုမ္ပဏီ (Private Joint-Venture Company) ဖွဲ့စည်းတည်ထောင်၍ ပူးပေါင်းလုပ်ကိုင်ခြင်း၊

(ခ) မြန်မာ့မီးရထားပိုင် ရထားလုပ်ငန်းဆိုင်ရာ ပစ္စည်းများကို တန်ဖိုးသင့်၍ မတည်ရင်းနှီးငွေ ထည့်ဝင်ပြီး အများပြည်သူ၏ အစုရှယ်ယာမတည်ရင်းနှီးငွေများကို ဖိတ်ခေါ်ကာအများနှင့် သက်ဆိုင်သောကုမ္ပဏီ (Public Company) ဖွဲ့စည်းတည်ထောင်၍ လုပ်ကိုင် ဆောင်ရွက် ခြင်း၊

(ဂ) တည်ဆောက်-လုပ်ကိုင်-လွှဲပြောင်း (BOT) စနစ်၊ တည်ဆောက်-ပိုင်ဆိုင်-လုပ်ကိုင်-လွှဲပြောင်း (BOOT) စနစ်၊ တည်ဆောက်-ငှားရမ်း-လွှဲပြောင်း (BLT)စနစ်၊ ပုံစံထုတ်-တည်ဆောက်-ငွေကြေးပံ့ပိုး-လုပ်ကိုင် (DBFO)စနစ်၊ ပုံစံထုတ်-ဆောက်လုပ်-စီမံ-ငွေကြေးထောက်ပံ့ (DCMF) စနစ်စသည့်နှစ်ဖက်သဘောတူသော အခြားစနစ်တစ်မျိုးမျိုး ဖြင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ခြင်း။

၃၈။ ပုဂ္ဂလိကလုပ်ငန်းရှင်နှင့် ရထားကုမ္ပဏီတစ်ခုခုသည် မြန်မာ့မီးရထားနှင့် နည်းဥပဒေ ၃၇ ပါလုပ်ငန်း တစ်ခုခုကို ဖက်စပ်စနစ်ဖြင့် လုပ်ကိုင်လိုပါက အောက်ပါအချက်အလက်များ ပါဝင်သော အဆိုပြုချက်ပုံစံကို ဖြည့်စွက်၍ ခွင့်ပြုချက်ရရှိရန် ဗဟိုကြီးကြပ်ရေးအဖွဲ့ သို့လျှောက် ထားရမည်-

(က) ရင်းနှီးမြှုပ်နှံလိုသည့် ရထားလုပ်ငန်းစီမံကိန်းခေါင်းစဉ်၊ လုပ်ငန်းအမျိုးအစား၊

(ခ) အဆိုပြုလျှောက်ထားသူ၏ အမည်၊ နိုင်ငံသား၊ နိုင်ငံခြားသား၊ ရထားလုပ်ငန်းစီမံကိန်း တည်ရှိရာ လိပ်စာ၊

(ဂ) အဆိုပြုသူ၏ ရုံးခန်းတည်ရှိရာ နေရာလိပ်စာ၊ ဆက်သွယ်ရန် ဖုန်း၊ ဖက်စ်အမှတ်နှင့် အီးမေးလ် လိပ်စာ၊

(ဃ) ရင်းနှီးမြှုပ်နှံလိုသူ၏ ငွေရေးကြေးရေး အထောက်အထား၊ ပြည်တွင်းကျပ်ငွေ၊ နိုင်ငံခြားငွေ၊ ဘဏ်ချေးငွေ ပါဝင်ပါက ချေးငွေရရှိနိုင်မည့် အထောက်အထေား၊

(င) ရထားလုပ်ငန်း စီမံကိန်းစတင်မည့်အချိန်နှင့် တည်ဆောက်မှုကာလအချိန်ဇယား၊ ပြီးစီးမည့် အချိန်ကာလ၊

(စ) ရင်းနှီးမြှုပ်နှံမည့် သက်တမ်းနှင့် စုစုပေါင်းစီမံကိန်း ကုန်ကျစရိတ်၊

(ဆ) လိုအပ်သည့် မြေနေရာအကျယ်အဝန်း၊ မြေငှားရမ်းခနှုန်းထား၊ ငှားရမ်းအသုံးပြုလိုသည့် အဆောက်အအုံ၊ ရထားတွဲ၊ စက်ခေါင်း၊ ရထားလမ်းယာဉ်၊ ဆက်သွယ်ရေးကေဘယ် လိုင်းများ၊ လိုင်းကြိုးများ၊ စက်ရုံ၊ အလုပ်ရုံ၊ စက်ကိရိယာ၊

(ဇ) ရထားလုပ်ငန်း စီမံကိန်းတွင် အသုံးပြုမည့်နည်းပညာနှင့် စနစ်များ၊

(ဈ) သုံးစွဲမည့်စွမ်းအင်အမျိုးအစားနှင့် ပမာဏ၊ စွမ်းအင်ရရှိနိုင်မည့်ရင်းမြစ်၊

(ည) တည်ဆောက်ရေးကာလတွင် အသုံးပြုမည့် စက်ကိရိယာနှင့် လုပ်ငန်းသုံးပစ္စည်းများ၏ အရေအတွက်နှင့် တန်ဖိုး၊

(ဋ) ပြည်တွင်းတွင် ဝယ်ယူမည့်ပစ္စည်းနှင့် ပြည်ပမှ တင်သွင်းမည့်ပစ္စည်းစာရင်း၊

(ဌ) ရထားလုပ်ငန်းစီမံကိန်းတွင် ပေါ်ထွက်လာမည့် အလုပ်အကိုင်၊ ပြည်တွင်းမှလုပ်သားဦးရေ၊ ပြည်ပမှ ကျွမ်းကျင်သူဝန်ထမ်းဦးရေနှင့် အချိုးအစား၊

(ဍ) ရထားလုပ်ငန်းစီမံကိန်းမှ ရရှိနိုင်မည့် စီးပွားရေးအကျိုးအမြတ်နှင့် ရရှိနိုင်သည့် အချိန်ကာလ၊

(ဎ) ဖက်စပ်ကုမ္ပဏီ ဖွဲ့စည်းလုပ်ကိုင်မည်ဆိုပါက ဖက်စပ်စာချုပ် မူကြမ်းနှင့် ရင်းနှီးမြှပ်နှံမှု အချိုးအစား၊ အကျိုးအမြတ်ခွဲဝေမည့် အချိုးအစား၊ ဖက်စပ်ပါဝင်သူတို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊

(ဏ) မြန်မာ့မီးရထားနှင့် ဖက်စပ်ဆောင်ရွက်မည့်ကုမ္ပဏီသည် လီမိတက်ကုမ္ပဏီဖြစ်ပါက သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်းမူကြမ်း၊ ကုမ္ပဏီ၏ခွင့်ပြုမတည်ငွေရင်း၊ အစုရှယ်ယာအမျိုးအစား၊ အစုရှယ်ယာဝင်များက ထည့်ဝင်မည့် အစုရှယ်ယာပမာဏ၊

(တ) မြန်မာ့မီးရထားနှင့် ဖက်စပ်ဆောင်ရွက်မည့် ကုမ္ပဏီသည် ပြည်တွင်းနှင့်ပြည်ပ ဖက်စပ် ကုမ္ပဏီဖြစ်ပါက ပြည်တွင်းနှင့်ပြည်ပမှ ထည့်ဝင်မည့် မတည်ငွေရင်းအချိုးအစား၊ နိုင်ငံတွင်းသို့ ယူဆောင်လာမည့် နိုင်ငံခြားမတည်ငွေရင်းတို့နှင့် စပ်လျဉ်း၍ စုစုပေါင်း တန်ဖိုး၊ အမျိုးအစား အသီးသီးတို့၏ တန်ဖိုးများနှင့် ယူဆောင်လာမည့်ကာလ၊

(ထ) အဆိုပြု ရထားစီမံကိန်း၏ သဘာဝအရ သီးသန့်လိုအပ်သော အချက်များ။

၃၉။ ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ ပုဒ်မ ၂၅ ပါ ရထားပို့ဆောင်ရေးလုပ်ငန်းနှင့် ဆက်စပ်သည့် လုပ်ငန်းတစ်ရပ်ရပ်ကို ဆောင်ရွက်ရာတွင် ကုမ္ပဏီများပူးပေါင်းထားသည့်လုပ်ငန်းစုနှင့် မြန်မာ့ မီးရထားတို့ ပူးပေါင်း၍သော်လည်းကောင်း၊ ကုမ္ပဏီတစ်ခုချင်းနှင့် မြန်မာ့မီးရထားတို့ ပူးပေါင်း၍ သော်လည်းကောင်း၊ ကုမ္ပဏီများအချင်းချင်းပူးပေါင်း၍သော်လည်းကောင်း အကျိုးတူပူးပေါင်း ဆောင်ရွက်နိုင်သည်။ ထိုသို့လုပ်ကိုင်ဆောင်ရွက် နိုင်ရေးအတွက် ခွင့်ပြုချက်ရရှိရန် အောက်ပါ အချက်များကို ဖော်ပြပြီး ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ လျှောက်ထားနိုင်သည်-

(က) အဆိုပြုလျှောက်ထားမည့် စုစည်းထားသော လုပ်ငန်းစု၏အမည်၊

(ခ) လုပ်ငန်းစု အဖွဲ့ဝင်အရေအတွက်နှင့် ခွဲဝေလုပ်ကိုင်မည့် လုပ်ငန်းအမျိုးအစား၊

(ဂ) အဆိုပြုထားသည့် အဖွဲ့ဝင်များ၏ လုပ်ငန်းစုတွင် ပါဝင်မည့် အစုရှယ်ယာပိုင်ဆိုင်မှု အချိုးအစား၊

(ဃ) လုပ်ငန်းစုတစ်ခုလုံး၏ နှစ်အလိုက်ထည့်ဝင်မည့် မတည်အရင်းအနှီးနှင့် စုစုပေါင်းတန်ဖိုး၊

(င) လုပ်ငန်းစုအဖွဲ့ဝင်တစ်ဦးချင်းနှင့် လုပ်ငန်းတစ်ခုချင်း၏ မတည်ငွေရင်းနှင့် နှစ်အလိုက် ထည့်ဝင်မည့် မတည်ငွေရင်း စုစုပေါင်းတန်ဖိုး၊

(စ) လုပ်ငန်းစုကို ဦးဆောင်မည့်သူအမည်၊ နိုင်ငံသား၊ နိုင်ငံခြားသား ရထားလုပ်ငန်း စီမံကိန်း ကို စီမံခန့်ခွဲမည့် ဌာနချုပ်၊

(ဆ) လုပ်ငန်းစုတွင် ရင်းနှီးမြှုပ်နှံမည့် ငွေရေးကြေးရေးအထောက်အထား (ပြည်တွင်းကျပ်ငွေ၊ နိုင်ငံခြားငွေ)၊ နိုင်ငံခြားချေးငွေ ပါဝင်ပါက ချေးငွေရနိုင်မည့် အထောက်အထား၊

(ဇ) လုပ်ငန်းစုရထားလုပ်ငန်းစီမံကိန်း စတင်မည့်အချိန်နှင့် တည်ဆောက်မည့်ကာလ၊ ပြီးစီးမည့်အချိန်၊

(ဈ) ရင်းနှီးမြှုပ်နှံမည့် သက်တမ်းနှင့် လုပ်ငန်းစုရထားလုပ်ငန်း စီမံကိန်းအတွက် ကုန်ကျစရိတ်၊ ပြည်တွင်း ကျပ်ငွေနှင့် ပြည်ပငွေကြေးထည့်ဝင်မည့် မတည်ငွေရင်း အချိုးအစား၊ နိုင်ငံတွင်းသို့ ယူဆောင်လာမည့် နိုင်ငံခြားမတည်ငွေရင်းတို့နှင့် စပ်လျဉ်း၍ စုစုပေါင်း တန်ဖိုး၊ အမျိုးအစားအသီးသီး၏ တန်ဖိုးများနှင့် ယူဆောင်လာမည့်ကာလ၊

(ည) လုပ်ငန်းစု ရထားလုပ်ငန်းစီမံကိန်းအတွက် လိုအပ်မည့် မြေနေရာများနှင့် အကျယ်အဝန်း များ (မြန်မာ့မီရထားထံမှ ငှားရမ်းယူလိုက တည်နေရာနှင့် အကျယ်အဝန်း)၊

(ဋ) စီမံကိန်းတွင် အသုံးပြုမည့် နည်းပညာနှင့် စနစ်များ၊

(ဌ) သုံးစွဲမည့် စွမ်းအင်အမျိုးအစားနှင့် ပမာဏ၊ စွမ်းအင်ရရှိနိုင်မည့် အရင်းအမြစ်၊

(ဍ) တည်ဆောက်ရေးကာလတွင် အသုံးပြုမည့် စက်ကိရိယာနှင့် လုပ်ငန်းသုံးပစ္စည်းများ၏ အရေအတွက်နှင့် တန်ဖိုး (မြန်မာ့မီးရထား၏ ရထားလမ်းနှင့် အဆောက်အအုံ၊ စက်ရုံ၊ ရထားတွဲနှင့် စက်ခေါင်း၊ သံလမ်းယာဉ်၊ ဆက်သွယ်ရေးလိုင်းကြိုးများ၊ စက်ကိရိယာများကို ငှားရမ်းလိုပါက ခွဲခြားဖော်ပြရန်)၊

(ဎ) လုပ်ငန်းစုစီမံကိန်းအတွက် ပြည်တွင်းတွင် ဝယ်ယူမည့်ပစ္စည်းနှင့် ပြည်ပမှတင်သွင်းမည့် ပစ္စည်းစာရင်း၊

(ဏ) စီမံကိန်းက ပေါ်ထွက်လာမည့် အလုပ်အကိုင်၊ ပြည်တွင်းလုပ်သားနှင့် ပြည်ပလုပ်သား အချိုး၊

(တ) စီမံကိန်းမှရရှိနိုင်မည့် စီးပွားရေးအကျိုးအမြတ်နှင့် ရရှိနိုင်သည့် အချိန်ကာလ၊

(ထ) လုပ်ငန်းစု ဦးဆောင်သူနှင့် လုပ်ငန်းစုအဖွဲ့ဝင်များသည် လီမိတက်ကုမ္ပဏီဖြစ်ပါက သက်ဆိုင်ရာ ပဋိညာဉ် စာချုပ်မူကြမ်း၊ သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်းမူကြမ်း၊ ကုမ္ပဏီ၏ခွင့်ပြု မတည်ငွေရင်း၊ အစုရှယ်ယာအမျိုးအစား၊ အစုရှယ်ယာဝင်များက ထည့်ဝင်သည့် အစုရှယ်ယာပမာဏ၊

(ဒ) လုပ်ငန်းစီမံကိန်း၏ သဘာဝအရ သီးသန့်လိုအပ်သော အချက်များ။

၄၀။ ပုဂ္ဂလိကလုပ်ငန်းရှင်နှင့် ရထားကုမ္ပဏီတို့သည် နည်းဥပဒေ ၃၈ နှင့် ၃၉ တို့အရ လျှောက်ထားရာတွင် ရထားလုပ်ငန်းစီမံကိန်းအရ မြေအသုံးချပရီမီယံကြေး (Land Used Premium) နှင့် လုပ်ငန်းဆောင်ရွက်မှု အာမခံကြေးငွေ (Performance Bank Guarantee) နှင့် သီးသန့်လိုအပ်သောအချက်များကို တင်ပြရမည်။

၄၁။ ဗဟိုကြီးကြပ်ရေးအဖွဲ့သည် နည်းဥပဒေ ၃၇ပါ ရထားပို့ဆောင်ရေးလုပ်ငန်း တစ်ရပ်ရပ်အတွက် မြန်မာ့ မီးရထားနှင့် ဖက်စပ်စနစ်ဖြင့် အများနှင့်မသက်ဆိုင်သော ဖက်စပ်ကုမ္ပဏီ (Private Joint-Venture Company) ဖွဲ့စည်းတည်ထောင်၍ ပူးပေါင်းလုပ်ကိုင်သည့် စီးပွားရေး လုပ်ငန်းဖြစ်စေ၊ အများနှင့် သက်ဆိုင် သောကုမ္ပဏီ (Public Company)  ဖွဲ့စည်းတည်ထောင်၍ လုပ်ကိုင်ဆောင်ရွက်သည့် စီးပွားရေးလုပ်ငန်း ဖြစ်စေ၊ နည်းဥပဒေ ၂၊ နည်းဥပဒေခွဲ (ဃ) မှ (ဈ) အထိ ဖော်ပြထားသောစနစ် တစ်မျိုးမျိုးဖြင့် သဘောတူ စာချုပ်ချုပ်ဆို၍ စီးပွားရေးလုပ်ငန်း တစ်မျိုးမျိုးဖြစ်စေ ပုဂ္ဂလိကလုပ်ငန်းရှင်နှင့် ရထားကုမ္ပဏီအား လုပ်ကိုင်ရန် ခွင့်ပြုချက်ပေးသင့် မပေးသင့် စိစစ်သုံးသပ်ရာတွင် အောက်ဖော်ပြပါ အခြေခံအချက်များကိုလည်း ထည့်သွင်း စဉ်းစားရမည်-

(က) စီးပွားရေးလုပ်ငန်းဆန်ဆန် ရေရှည်ရပ်တည်လုပ်ကိုင်နိုင်ရေးအတွက် ခရီးသည်နှင့် ကုန်စည် ပို့ဆောင်ရေးမှ ရသော တိုက်ရိုက်ဝင်ငွေအပြင်၊ အခြားသော ဆက်စပ်လုပ်ငန်း များမှလည်း သွယ်ဝိုက်သော ဝင်ငွေများရရှိနိုင်ခြင်း ရှိ မရှိ၊

(ခ) ခရီးသည်များ သက်သောင့်သက်သာဖြင့် လုံခြုံစိတ်ချစွာ စီးနင်းသွားလာနိုင်ရေးနှင့် ကုန်စည်များ တိကျလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ရေးအတွက် လိုအပ်သည့်အရင်းအနှီး၊ နည်းပညာလုပ်ငန်းအတွေ့အကြုံ၊ အရည်အသွေးမြင့် လုပ်ငန်းသုံးပစ္စည်းများ ပြည့်မီစွာ ရင်းနှီးမြှုပ်နှံနိုင်ခြင်းရှိ မရှိ၊

(ဂ) ရထားလမ်းတလျှောက်ရှိ မြို့ရွာများ၊ ဘူတာနှင့်ဆက်စပ်နေသည့်နေရာများ ဖွံ့ဖြိုးတိုး တက်လာစေခြင်းဖြင့် ကားလမ်းအခြေပြု စီးပွားရေးစုပြုံလုပ်ကိုင်နေမှုများမှ ရထားလမ်း အခြေပြု စီးပွားရေးလုပ်ငန်းများသို့ ဟန်ချက်ညီစွာ ကူးပြောင်းသွားနိုင်ခြင်း ရှိ မရှိ၊

(ဃ) ရထားပို့ဆောင်ရေးလုပ်ငန်းကို အရေအတွက်ပိုင်းဆိုင်ရာ တိုးတက်စေခြင်း၊ အရည်အသွေး ပိုင်းဆိုင်ရာ ထိန်းသိမ်းထားနိုင်ခြင်းဖြင့် သယ်ယူပို့ဆောင်ရေး ဈေးကွက်တစ်ခုလုံးမှ ရထားလုပ်ငန်း ဈေးကွက်ဝေစုကို ထိန်းသိမ်းထားနိုင်ရန် တစ်နည်းအားဖြင့် ရေရှည် ပြိုင်ဆိုင်နိုင်မှုကို ပြန်လည်ထုတ်လုပ်ပေးနိုင်မည့် စွမ်းဆောင် ရည်ကို ထိန်းသိမ်းထားနိုင် ခြင်း ရှိ မရှိ (Reproduction of Competitiveness)။

၄၂။ မြန်မာ့မီးရထားစီမံခန့်ခွဲရေးအဖွဲ့သည် မြန်မာ့မီးရထားက စီမံခန့်ခွဲပိုင်ခွင့်ရှိသော သို့မဟုတ် ပိုင်ဆိုင်သောမြေ၊ အဆောက်အအုံနှင့် ရထားလုပ်ငန်းဆိုင်ရာ ပစ္စည်းများကို အကျိုးရှိစွာ အသုံးပြု၍ ဝင်ငွေတိုးတက်ရရှိနိုင်ရန် ရထားလုပ်ငန်းနှင့်ဆက်စပ်သည့် အောက်ဖော်ပြပါ စီးပွားရေးလုပ်ငန်းများကို ဗဟိုကြီးကြပ်ရေးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်သည်-

(က) ကာလသတ်မှတ်၍ မြေငှားရမ်းခြင်း၊

(ခ) မြန်မာ့မီးရထားပိုင် မြေလွတ်မြေလပ်တွင် အဆောက်အအုံဆောက်လုပ်ခြင်း၊ မြေနှင့်အဆောက်အအုံ ငှားရမ်းခြင်း၊

(ဂ) ရထားတွဲ၊ တွဲဆိုင်း၊ စက်ခေါင်း၊ ရထားလမ်းယာဉ်များကို စက်မှုနှင့်လျှပ်စစ်အင်ဂျင် နီယာဌာန၊ မြို့ပြအင်ဂျင်နီယာဌာန၊ သွားလာပို့ဆောင်ရေးဌာနတို့နှင့် ညှိနှိုင်း၍ ငှားရမ်းခြင်း၊

(ဃ) မြန်မာ့မီးရထားပိုင် ဆက်သွယ်ရေးလိုင်းကြိုးများ (Optical Fiber Cable) အားလုံးကို ဖြစ်စေ၊ လိုင်းအချို့ကိုဖြစ်စေ သွားလာပို့ဆောင်ရေးဌာန၊ ဆက်သွယ်ရေးဌာနခွဲနှင့် ညှိနှိုင်း၍ငှားရမ်းခြင်း၊

(င) စက်ရုံအလုပ်ရုံ၊ စက်ကိရိယာ၊ ယန္တရားနှင့်ပစ္စည်းများကို စက်မှုနှင့် လျှပ်စစ်အင်ဂျင်နီယ ာဌာန၊ မြို့ပြ အင်ဂျင်နီယာဌာန၊ ဆက်သွယ်ရေးဌာနခွဲ၊ သွားလာပို့ဆောင်ရေးဌာနတို့နှင့် ညှိနှိုင်း၍ငှားရမ်းခြင်း၊

(စ) ဆောက်လုပ်ထားသော တံတားများတွင် တံတားဖြတ်သန်းခ ကောက်ခံခြင်းကို ကာလသတ်မှတ်၍ ငှားရမ်းခြင်း၊

(ဆ) ဘဏ်လုပ်ငန်း၊ ဟိုတယ်မိုတယ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ငွေလဲလှယ်ခြင်းလုပ်ငန်း၊ သုတေသနလုပ်ငန်း၊ အကြံပေးလုပ်ငန်း၊ ရထားနည်းပညာဆိုင်ရာ ကျွမ်းကျင်မှုနှင့် အင်ဂျင်နီယာလုပ်ငန်း၊ တည်ဆောက်ရေးလုပ်ငန်း၊ ကျွမ်းကျင်သူများ၊ လူ့စွမ်းအား အရင်းအမြစ်များကို အခြားအစိုးရဌာနများသို့ လည်းကောင်း၊ ပုဂ္ဂလိကလုပ်ငန်း များသို့ လည်းကောင်း၊ နိုင်ငံခြားကုမ္ပဏီများသို့လည်းကောင်း လိုအပ်သည့် လုပ်ငန်းအစိတ် အပိုင်းအလိုက် ဝန်ဆောင်မှုများပေးခြင်း၊ သင်တန်းပေးခြင်း၊ အကြံပေးခြင်း စသည့် ဝန်ဆောင်မှုလုပ်ငန်းများ၊ ကွန်တိန်နာစခန်းနှင့် ကုန်းတွင်းဆိပ်များ တည်ဆောက်ရေး လုပ်ငန်း၊ အငှားယာဉ်လုပ်ငန်း၊ ကူးတို့လုပ်ငန်းနှင့် ပစ္စည်း ထုတ်လုပ်ခြင်းလုပ်ငန်းများ လုပ်ကိုင်ခြင်း၊

(ဇ) ရထားတွဲ၊ စက်ခေါင်း၊ တံတားဘောင်နှင့် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်း၊

(ဈ) မြန်မာ့မီးရထားပိုင်မြေ၊ အဆောက်အဦများ၊ ပစ္စည်းများကို အကျိုးအရှိဆုံး ထိရောက်စွာ အသုံးချ၍ အထွေထွေဝင်ငွေ တိုးတက်ရရှိရေးအတွက် စီမံကိန်းများ ရေးဆွဲဆောင် ရွက်ခြင်း၊ ဖြစ်နိုင်ဖွယ်ရှိသည့် အခြား စီးပွားရေးလုပ်ငန်းများ၊ ရထားလုပ်ငန်းနှင့် ဆက်စပ် လုပ်ကိုင်နိုင်သော လုပ်ငန်းများကို လေ့လာ၍ စီမံကိန်းများ ရေးဆွဲဆောင်ရွက်ခြင်း၊

(ည) မြန်မာ့မီးရထားပိုင်မြေကိုဖြစ်စေ၊ အဆောက်အဦကိုဖြစ်စေ ရထားလုပ်ငန်းနှင့် ဆက်စပ် သည့်လုပ်ငန်း တစ်ရပ်ရပ်ကို လုပ်ကိုင်ဆောင်ရွက်ခြင်း၊

(ဋ) မြန်မာ့မီးရထားအတွက် ဝင်ငွေမြင့်မားစွာရရှိနိုင်သော လုပ်ငန်းမျိုးကိုလည်းကောင်း၊ ခရီးသွားလုပ်သားပြည်သူများနှင့် ကုန်တင်ပို့သူများ အဆင်ပြေချောမွေ့စေရေး ဦးတည် သော လုပ်ငန်းမျိုးကို လည်းကောင်း လုပ်ကိုင်ဆောင်ရွက်ခြင်း၊

(ဌ) ရထားဖြင့်ခရီးသွားသူများ ခရီးစဉ်အတွင်း ဈေးနှုန်းချိုသာပြီး သန့်ရှင်းလတ်ဆတ်သော စားသောက်ဖွယ်ရာများကို အလွယ်တကူ ဝယ်ယူစားသုံးနိုင်ရန်အတွက် ရထားလမ်းပိုင်း အသီးသီးတွင် ပြေးဆွဲလျက်ရှိသည့် အမြန် ရထားများတွင် စားသောက်တွဲချိတ်ဆက်ပြီး ဝန်ဆောင်မှုပေးသည့်လုပ်ငန်းနှင့် ဘူတာရုံအတွင်း၊ ဘူတာစင်္ကြံ အတွင်းတို့၌ စားသောက် ဆိုင်များဖွင့်လှစ်ဆောင်ရွက်ခြင်း၊

(ဍ) အထွေထွေဝင်ငွေတိုးတက်ရရှိရေးအတွက် ရထားပိုင်မြေများ၊ ဘူတာရုံများ၊ လူစီးတွဲဆိုင်း များတွင် ကြော်ငြာလုပ်ငန်းအတွက် ကြော်ငြာပိုစတာတိုင် (Pole, Banner stand) ၊ ကြော်ငြာဆိုင်းဘုတ်ကြီး (Billboard)၊ လျှပ်စစ်ကြော်ငြာဘုတ် (Light Box)၊ နီယွန်ဆိုင်းဘုတ် (Neon Sign Board)၊ LED ကြော်ငြာဘုတ်(LED)၊ ဗီနိုင်းပိုစတာ (Vinyl)၊ စတစ်ကာကြော်ငြာ (Sticker) စသည်များကို စိုက်ထူ၊ ချိတ်ဆွဲ၊ တပ်ဆင်ခြင်းနှင့် ကြော်ငြာလုပ်ငန်း ဆောင်ရွက်ခြင်း။

၄၃။ မြန်မာ့မီးရထားစီမံခန့်ခွဲရေးအဖွဲ့သည် နည်းဥပဒေ ၄၂ ပါ စီးပွားရေးလုပ်ငန်းတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍-

(က) ဗဟိုကြီးကြပ်ရေးအဖွဲ့၏ ခွင့်ပြုချက်ရယူ၍ ကိုယ်တိုင်ရင်းနှီးမြှုပ်နှံလုပ်ကိုင် ဆောင်ရွက် နိုင်သည်၊

(ခ) အများနှင့် မသက်ဆိုင်သော ဖက်စပ်ကုမ္ပဏီ (Private Joint- Venture Company) ကိုလည်းကောင်း၊ အများနှင့် သက်ဆိုင်သောကုမ္ပဏီ (Public Company) ကို လည်းကောင်း ဖွဲ့စည်းတည်ထောင်၍ ဗဟိုကြီးကြပ် ရေးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် လုပ်ကိုင် ဆောင်ရွက်နိုင်သည်၊

(ဂ) ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ရထားကုမ္ပဏီတို့အား တင်ဒါစနစ်ဖြင့် ဖိတ်ခေါ်၍ စိစစ် ရွေးချယ်လိုပါက ဗဟိုကြီးကြပ်ရေးအဖွဲ့၏ ခွင့်ပြုချက်ကို ကြိုတင်ရယူပြီး သတ်မှတ် ထားသော တင်ဒါစည်းကမ်း များနှင့်အညီ ဖိတ်ခေါ်၍ စိစစ်ရွေးချယ်ပြီး လုပ်ကိုင် ဆောင်ရွက်နိုင်သည်၊

(ဃ) နည်းဥပဒေ ၃၇၊ နည်းဥပဒေခွဲ (ဂ) နှင့်အညီ ဖက်စပ်စနစ်ဖြင့်ဖြစ်စေ၊ တည်ဆောက်-လုပ်ကိုင်-လွှဲပြောင်း (BOT) စနစ် စသည့်စနစ်တစ်မျိုးမျိုးဖြင့်ဖြစ်စေ လုပ်ကိုင်ဆောင်ရွက် လိုပါက နှစ်ဖက်သဘောတူ စာချုပ်မူကြမ်းနှင့်အတူ လုပ်ငန်းစီမံချက်အစီအစဉ်ကို ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ တင်ပြ၍ ခွင့်ပြုချက် တောင်းခံပြီး လုပ်ကိုင်ဆောင်ရွက်နိုင်သည်။

၄၄။ မြန်မာ့မီးရထား စီမံခန့်ခွဲရေးအဖွဲ့သည် အများပြည်သူ အကျိုးအတွက် ရထားလမ်းဖောက် လုပ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ ရထားပို့ဆောင်ရေးလုပ်ငန်းနှင့် ဆက်စပ်သော အခြေခံ အဆောက်အအုံများ ဆောက်လုပ်ခြင်းတို့နှင့်စပ်လျဉ်း၍ ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ ပုဒ်မ ၂၈ ပါ လုပ်ငန်းတစ်ရပ်ရပ်ကို နည်းဥပဒေ ၄၃ ပါ နည်းလမ်းတစ်ရပ်ရပ်နှင့်အညီ ဗဟို ကြီးကြပ်ရေးအဖွဲ့၏ ခွင့်ပြုချက်ရယူ၍ လုပ်ကိုင်ဆောင်ရွက်နိုင်သည်။

၄၅။ ရထားပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်ရန်လုပ်ငန်းလိုင်စင်ရရှိထားသည့် ရထားကုမ္ပဏီသည် မိမိစီမံ ခန့်ခွဲခွင့်ရှိသော သို့မဟုတ် ပိုင်ဆိုင်သောမြေ၊ အဆောက်အအုံနှင့် ရထားလုပ်ငန်းဆိုင်ရာ ပစ္စည်းများကိုအသုံးပြု၍ ဝင်ငွေတိုးတက်ရရှိရေးအတွက် ရထားပို့ဆောင်ရေးလုပ်ငန်းနှင့် ဆက်စပ်သည့် ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ ၂၅ ပါ စီးပွားရေးလုပ်ငန်းတစ်ရပ်ရပ်ကို လုပ်ကိုင်ဆောင်ရွက်လိုပါက ခွင့်ပြုချက်ရရှိရန် ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ ပုံစံ (၉) ဖြင့် လျှောက်ထားရမည်။

၄၆။ ရထားပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်ရန် လုပ်ငန်းလိုင်စင်ရရှိထားသည့် ရထားကုမ္ပဏီသည် အများပြည်သူအကျိုးအတွက် ရထားလမ်းဖောက်လုပ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ ရထား ပို့ဆောင်ရေးလုပ်ငန်းနှင့် ဆက်စပ်သော အခြေခံအဆောက်အဦများ ဆောက်လုပ်ခြင်းတို့နှင့် စပ်လျဉ်း၍ ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ ၂၈ ပါ လုပ်ငန်းတစ်ရပ်ရပ်ကို လုပ်ကိုင် ဆောင်ရွက်လိုပါက ခွင့်ပြုချက်ရရှိရန် ဗဟိုကြီးကြပ်ရေး အဖွဲ့သို့ ပုံစံ (၁၀) ဖြင့် လျှောက်ထား ရမည်။

၄၇။ ရထားကုမ္ပဏီသည် နည်းဥပဒေ ၄၅ နှင့် ၄၆ တို့အရ ခွင့်ပြုချက်လျှောက်ထားရာတွင်-

(က) လုပ်ငန်းအစီအစဉ်ပူးတွဲတင်ပြရမည်၊

(ခ) လုပ်ငန်းလုပ်ကိုင်မည့် တည်နေရာလိပ်စာနှင့် ဆက်သွယ်ရန် ဖုန်း၊ဖက်စ် အမှတ်နှင့် အီးမေးလ်လိပ်စာ ဖော်ပြရမည်၊

(ဂ) လုပ်ငန်းတည်ဆောက်မည့် အချိန်ဇယားနှင့် ပြီးစီးမည့် အချိန်ကာလဖော်ပြရမည်၊

(ဃ) ခွင့်ပြုချက်လျှောက်လွှာ၌ ရုံးခွန်အက်ဥပဒေနှင့်အညီ ရုံးခွန်တံဆိပ်ခေါင်းကပ်ရမည်၊

(င) သတ်မှတ်ထားသော ခွင့်ပြုချက် လျှောက်လွှာစိစစ်ခနှင့် ကွင်းဆင်းစစ်ဆေးခ ပေးသွင်းရ မည်။

၄၈။ ဗဟိုကြီးကြပ်ရေးအဖွဲ့သည်-

(က) နည်းဥပဒေ ၄၅၊ ၄၆ နှင့် ၄၇ တို့အရ ခွင့်ပြုချက် လျှောက်ထားချက်နှင့် စပ်လျဉ်း၍ စိစစ်ပြီး ကွင်းဆင်းစစ်ဆေးရန် လိုအပ်ပါက မိမိအဖွဲ့ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးခြင်း သို့မဟုတ် ဗဟိုကြီးကြပ်ရေး အဖွဲ့ဝင်တစ်ဦးဦးကို ကွင်းဆင်းစစ်ဆေးခြင်းပြုနိုင်သည်။ ထို့ပြင် လိုအပ်သော အချက်အလက်အထောက် အထားများ တင်ပြစေခြင်း၊ သက်ဆိုင်သူများကို ဆင့်ဆို၍ စိစစ်ခြင်းပြုနိုင်သည်၊

(ခ) လျှောက်လွှာစိစစ်ချက်နှင့် ကွင်းဆင်းစိစစ်တွေ့ရှိချက်တို့အရ ခွင့်ပြုချက်လျှောက်ထား ချက်ကို ခွင့်ပြုခြင်း၊ လိုအပ်ချက်များ ပြန်လည်ပြုလုပ်၍ တင်ပြစေခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်၊

(ဂ) နည်းဥပဒေခွဲ (ခ) အရ ခွင့်ပြုချက်ထုတ်ပေးရန် ငြင်းပယ်ခြင်း သို့မဟုတ် လိုအပ်ချက်ကို ပြန်လည်ပြုလုပ်၍ တင်ပြစေခြင်းပြုကြောင်းဆုံးဖြတ်ပါက ထိုဆုံးဖြတ်ချက်ကို လျှောက် ထားသူထံသို့ ဆောလျင်စွာ အကြောင်း ပြန်ကြားရမည်၊

(ဃ) နည်းဥပဒေခွဲ (ခ) အရ လုပ်ကိုင်ရန်ခွင့်ပြုချက် ထုတ်ပေးရန် ခွင့်ပြုပါက သတ်မှတ်ထား သော ဝန်ဆောင်ခ ပေးသွင်းစေပြီး စည်းကမ်းချက်များ သတ်မှတ်၍ လျှောက်ထား သူအား-

(၁) နည်းဥပဒေ ၄၅ အရ လုပ်ကိုင်ရန် ခွင့်ပြုချက်ကို ပုံစံ (၁၁) ဖြင့် ထုတ်ပေးရမည်၊

(၂) နည်းဥပဒေ ၄၆ အရ လုပ်ကိုင်ရန် ခွင့်ပြုချက်ကို ပုံစံ (၁၂) ဖြင့် ထုတ်ပေးရမည်။

၄၉။ မြန်မာ့မီးရထား စီမံခန့်ခွဲရေးအဖွဲ့နှင့် ရထားကုမ္ပဏီဒါရိုက်တာအဖွဲ့တို့သည် ရထားပို့ဆောင်ရေး လုပ်ငန်း ဥပဒေပုဒ်မ ၂၈ ပါ လုပ်ငန်းတစ်ရပ်ရပ်ကို လုပ်ကိုင်ရန် ခွင့်ပြုချက်ရရှိပြီးနောက် လုပ်ငန်း လုပ်ကိုင်ဆောင်ရွက် ခြင်းမပြုမီ ဆောင်ရွက်မည့် ရည်ရွယ်ချက်နှင့် အကြောင်းကိစ္စကို ဖော်ပြ၍ ကန့်ကွက်ရန်ရှိပါက ကန့်ကွက်စာတင်ပြနိုင်ရန် မြေအသုံးပြုခွင့်ရသူ သို့မဟုတ် ထိုမြေပေါ် တွင်နေထိုင်သူထံသို့ အောက်ပါတို့ကို တိကျပြည့်စုံစွာ ဖော်ပြ၍ အကြောင်းကြားစာပေးပို့ရမည်-

(က) လုပ်ငန်းဆောင်ရွက်မည့် မြေတည်နေရာ လိပ်စာ၊ အကျယ်အဝန်း အတိုင်းအတာ၊

(ခ) မြေပိုင်ရှင်၊ မြေလက်ရှိအသုံးချသူ သို့မဟုတ် မြေပေါ်တွင်နေထိုင်သူအမည်၊

(ဂ) လုပ်ငန်းဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်နှင့် လုပ်ငန်းသဘာဝ၊

(ဃ) လုပ်ငန်းအစီအစဉ် စတင်ဆောင်ရွက်မည့် အချိန်ကာလနှင့် ပြီးစီးမည့် အချိန်ကာလ။

၅၀။ နည်းဥပဒေ ၄၉ အရ ပေးပို့သော အကြောင်းကြားစာရရှိသည့် အစိုးရဌာန၊ အဖွဲ့အစည်း၊ ဒေသဆိုင်ရာ အဖွဲ့အစည်း၊ ရထားကုမ္ပဏီ သို့မဟုတ် ပုဂ္ဂိုလ်သည် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ကန့်ကွက်ရန်၊ ညှိနှိုင်းဖြေရှင်းရန် သို့မဟုတ် ပူးပေါင်း၍ ကြီးကြပ်ဆောင်ရွက်ရန်အတွက် ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြင့်ဖြစ်စေ တင်ပြဆောင်ရွက်နိုင်သည်။

၅၁။ သက်ဆိုင်ရာ မြန်မာ့မီးရထားစီမံခန့်ခွဲရေးအဖွဲ့ သို့မဟုတ် ရထားကုမ္ပဏီဒါရိုက်တာအဖွဲ့သည် လုပ်ငန်းအစီအစဉ်နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်၏ ကန့်ကွက်ချက်ကို ညှိနှိုင်းဖြေရှင်း မရရှိဘဲ အငြင်းပွားမှုဖြစ်ပါက ထိုကိစ္စကို ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ တင်ပြရမည်။

၅၂။ ဗဟိုကြီးကြပ်ရေးအဖွဲ့သည်-

(က) ကန့်ကွက်ချက်နှင့်စပ်လျဉ်း၍ စီမံရေးအဖွဲ့အား စုံစမ်းစစ်ဆေးပြီး အစီရင်ခံစာတင်ပြစေရန် တာဝန် ပေးရမည်၊

(ခ) စီမံရေးအဖွဲ့၏ တင်ပြချက်အစီရင်ခံစာအရ ပိုင်ဆိုင်မှုအငြင်းပွားခြင်းဖြစ်လျှင် သက်ဆိုင်ရာ တရားရုံးတွင် အငြင်းပွားမှုကို ဖြေရှင်းစေပြီး တရားရုံး၏ အမိန့်ဒီကရီနှင့်အညီ ဆောင်ရွက် ရမည်၊

(ဂ) ပိုင်ဆိုင်မှုအငြင်းပွားခြင်းမဟုတ်လျှင်ဖြစ်စေ၊ ကန့်ကွက်ချက်မှာ ခိုင်လုံသော အထောက် အထားမရှိလျှင်ဖြစ်စေ သက်ဆိုင်ရာ ရထားအဖွဲ့အစည်းအား ညှိနှိုင်းဆောင်ရွက်ရန် တာဝန်ပေးရမည်။

၅၃။ နည်းဥပဒေ ၄၈ အရ ရထားလုပ်ငန်းတစ်ခုခုကိုလုပ်ကိုင်ရန် ခွင့်ပြုသောမြေမှာ ပုဂ္ဂလိကပိုင်မြေ ဖြစ်ပါက ထိုမြေပိုင်ရှင် သို့မဟုတ် မြေအသုံးပြုခွင့်ရသူနှင့် ရထားအဖွဲ့အစည်းတို့က ညှိနှိုင်း၍ ဝယ်ယူရေး သို့မဟုတ် နှစ်ရှည်ငှားရမ်းရေးကိစ္စ၊ ထိုသို့ ညှိနှိုင်း၍မရလျှင် ရထားပို့ဆောင်ရေး လုပ်ငန်းဥပဒေနှင့် တည်ဆဲမြေသိမ်း အက်ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေသိမ်းယူရေးကိစ္စ၊ သက်ဆိုင်ရာမြေပိုင်ရှင် သို့မဟုတ် မြေအသုံးပြုခွင့်ရသူအား သင့်လျော်သော လျော်ကြေးပေးရေးကိစ္စနှင့် သင့်လျော်သောနေရာ သို့မဟုတ် အခန်းတွင် ပြန်လည်နေရာချထား ရေးကိစ္စတို့ကို နည်းဥပဒေ ၁၇၊ ၁၈၊ ၁၉၊ ၂၀ နှင့် ၂၁ တို့နှင့်အညီ ဆီလျော်သလို လိုက်နာ ဆောင်ရွက်ရမည်။

အခန်း(၇)
ရထားပို့ဆောင်ရေးလုပ်ငန်းများကိုစစ်ဆေးခြင်း

၅၄။ မြန်မာ့မီးရထားစီမံခန့်ခွဲရေးအဖွဲ့နှင့် လုပ်ငန်းလိုင်စင်ရရှိသည့် ရထားကုမ္ပဏီဒါရိုက်တာအဖွဲ့တို့ သည်-

(က) ရထားပို့ဆောင်ရေးလုပ်ငန်း လုံခြုံချောမွေ့စေရေးအတွက် ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ ၂၆ အရ ခန့်အပ်တာဝန်ပေးထားသည့် စစ်ဆေးရေးအရာရှိများနှင့် စစ်ဆေး ရေးမှူးများ၏ အမည်စာရင်းကို လည်းကောင်း၊ စစ်ဆေးရေးအရာရှိ သို့မဟုတ် စစ်ဆေးရေးမှူးများဖြင့်ဖွဲ့စည်းသည့် စစ်ဆေးရေးအဖွဲ့များ၏ အမည်စာရင်းကိုလည်း ကောင်း ခန့်အပ်သည့်နေ့ သို့မဟုတ် ဖွဲ့စည်းသည့်နေ့မှ ၇ ရက်အတွင်း ဗဟိုကြီးကြပ်ရေး အဖွဲ့နှင့် စီမံရေးအဖွဲ့သို့ပေးပို့ရမည်။ ထို့ပြင် အဆိုပါစစ်ဆေးရေးအရာရှိများ၊ စစ်ဆေး ရေးမှူးများနှင့် စစ်ဆေးရေးအဖွဲ့များ ပြင်ဆင်ပြောင်းလဲခြင်း၊ နှုတ်ထွက်ခြင်း၊ ထုတ်ပယ်ခြင်းနှင့် အသစ်ခန့်အပ်ခြင်းများ ရှိသည့်အခါတိုင်း ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ အထက်ပါအတိုင်း အမည်စာရင်း ပေးပို့ရမည်။

(ခ) ခန့်အပ်တာဝန်ပေးထားသည့် စစ်ဆေးရေးအရာရှိများ၊ စစ်ဆေးရေးမှူးများနှင့် စစ်ဆေး ရေးအဖွဲ့များအား ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေအရ ထုတ်ပြန်ထားသည့် နည်းဥပဒေ များ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာ ရထားဝန်ထမ်းများနှင့် ခရီးသည်များ၊ ကုန်စည်တင်ပို့သူများက လိုက်နာခြင်း ရှိ မရှိနှင့် စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာကို အနည်းဆုံးတစ်လလျှင် တစ်ကြိမ် စစ်ဆေး ရန်နှင့် မတော်တဆမှုစသည့် အထူးကိစ္စပေါ်ပေါက်သည့်အခါ တိုင်း ချက်ချင်းစုံစမ်း စစ်ဆေးရန်နှင့် စုံစမ်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို ဆောလျင်စွာတင်ပြရန် တာဝန်များသတ်မှတ်ပေးရမည်။

၅၅။ မြန်မာ့မီးရထားနှင့် လုပ်ငန်းလိုင်စင်ရရှိသော ရထားကုမ္ပဏီတို့က ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ ၂၆ အရ ခန့်အပ်သော စစ်ဆေးရေးအရာရှိ၊ စစ်ဆေးရေးမှူးနှင့် စစ်ဆေးရေး အဖွဲ့တို့သည် သက်ဆိုင်ရာ ရထားပို့ဆောင်ရေးလုပ်ငန်းနှင့်စပ်လျဉ်း၍-

(က) ရထား၊ ရထားလမ်းနယ်မြေနှင့်ရထားလမ်းယာဉ်များအပါအဝင် ရထားလုပ်ငန်းဆိုင်ရာ ပစ္စည်းများပေါ်သို့ ဝင်ရောက်စစ်ဆေးခြင်း၊ သက်ဆိုင်သူများအား လိုအပ်သည့် အထောက်အထား စာရွက်စာတမ်းများကို တင်ပြစေပြီး ကြည့်ရှုစစ်ဆေးခြင်းနှင့် လိုအပ်ပါက သက်သေခံအထောက်အထားအဖြစ် သိမ်းဆည်းခြင်း ပြုနိုင်သည်၊

(ခ) ရထားလမ်းများနှင့် ရထားလမ်းယာဉ်များမှာ သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့် ညီညွတ်ခြင်း ရှိ မရှိနှင့် လုံခြုံချောမွေ့မှု ရှိ မရှိ တို့ကို အနည်းဆုံး ရက်သတ္တပတ်လျှင် တစ်ကြိမ် ကွင်းဆင်းစစ်ဆေးခြင်းနှင့် ရှောင်တခင်စစ်ဆေးခြင်းပြုရမည်၊

(ဂ) ဗဟိုကြီးကြပ်ရေးအဖွဲ့ကဖြစ်စေ၊ စီမံရေးအဖွဲ့ကဖြစ်စေ သီးသန့်တာဝန်ပေးအပ်သော စစ်ဆေးရန် လိုအပ်ချက်များကို သတ်မှတ်ပေးထားသည့် အချိန်ကာလအတွင်း စစ်ဆေး၍ စစ်ဆေးချက် တွေ့ရှိချက် အစီရင်ခံစာကို တာဝန်ပေးသည့် ဗဟိုကြီးကြပ်ရေးအဖွဲ့ သို့မဟုတ် စီမံရေးအဖွဲ့ထံသို့ တိုက်ရိုက်ပြန်လည် တင်ပြရမည်၊

(ဃ) ရထားအဖွဲ့အစည်း၏ ဆောင်ရွက်ချက်များ၊ ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ အချက် အလက် အထောက်အထားဖြင့် မိမိတို့ထံသို့ တိုက်ရိုက်တိုင်ကြားလာသည့် တိုင်ကြားစာ များကို စစ်ဆေးခွင့်ရှိသည်။ စစ်ဆေး တွေ့ရှိချက် အစီရင်ခံစာကို စီမံရေးအဖွဲ့၊ သက်ဆိုင်ရာမြန်မာ့မီးရထား စီမံခန့်ခွဲရေးအဖွဲ့နှင့် ရထားကုမ္ပဏီ ဒါရိုက်တာအဖွဲ့ထံသို့ တင်ပြရမည်။

(င) ရထားလမ်း၊ ရထားလမ်းယာဉ်နှင့် ရထားပို့ဆောင်ရေးလုပ်ငန်းတို့ကို စစ်ဆေးရာတွင် ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေအရ ထုတ်ပြန်သည့် လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်များနှင့် အညီ စစ်ဆေးရမည်၊

(စ) ရထားလမ်းများ၊ တံတားများစသည့် မြို့ပြအင်ဂျင်နီယာလုပ်ငန်းရပ်များကို စစ်ဆေးရာ တွင် မြန်မာ့မီးရထား၊ မြို့ပြအင်ဂျင်နီယာဆိုင်ရာ အထွေထွေနည်းဥပဒေများ၊ နောက်ဆက်တွဲ နည်းဥပဒေများနှင့် ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေအရ ထုတ်ပြန်သည့် အထွေထွေနည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြား ချက်များနှင့်အညီ စစ်ဆေးရမည်၊

(ဆ) ရထားသွားလာရေးဆိုင်ရာ အချက်ပြနှင့် ဆက်သွယ်ရေးလုပ်ငန်းများ စစ်ဆေးရာတွင် မြန်မာ့ မီးရထားလုပ်ငန်း လမ်းညွှန်ချက်များ၊ တစ်စင်းတည်းသွား လမ်းပိုင်းစနစ်အတွက် ရထားအချက်ပြ လမ်းညွှန် ချက်များ၊ အချက်ပြနှင့် ဆက်သွယ်ရေးဆိုင်ရာ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များနှင့်အညီ စစ်ဆေးရမည်၊

(ဇ) ရထားလမ်းယာဉ်များ၊ စက်ခေါင်းများ၊ လူစီးတွဲနှင့် ကုန်တွဲများ စစ်ဆေးရာတွင် မြန်မာ့မီးရထားလုပ်ငန်း လမ်းညွှန်ချက်များ၊ ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေအရ ထုတ်ပြန်သည့် အထွေထွေနည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ စစ်ဆေးရမည်၊

(ဈ) ရထားဘူတာရုံများရှိ ငွေစာရင်းများထားရှိပုံနှင့် ငွေစာရင်း မှတ်တမ်းများကို စစ်ဆေးရာတွင် ဘူတာရုံ ငွေစာရင်းများ စစ်ဆေးခြင်းဆိုင်ရာ ညွှန်ကြားချက်များ လုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးရမည်။

အခန်း (၈)
ရထားဝန်ထမ်းများဆိုင်ရာ အလုပ်ချိန်သတ်မှတ်ချက်များ

၅၆။ မြန်မာ့မီးရထားနှင့် လုပ်ငန်းလိုင်စင်ရရှိသော ရထားကုမ္ပဏီတို့၏ ရထားဝန်ထမ်းများ၏ အလုပ်ချိန် နှင့်စပ်လျဉ်း၍-

(က) ရုံးချိန်အတွင်း တာဝန်ထမ်းဆောင်ရသော ရုံးဝန်ထမ်း၏ အလုပ်ချိန်သည် နိုင်ငံ့ ဝန်ထမ်းများအတွက် သတ်မှတ်ထားသည့် ရုံးချိန်အတိုင်းဖြစ်သည်။

(ခ) စက်ရုံနှင့် အလုပ်ရုံရထားဝန်ထမ်းများ၏ အလုပ်ချိန်သည်-

(၁) ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေအရ လူကြီး အလုပ်သမားများအတွက် ရက်သတ္တပတ်လျှင် ၄၄ နာရီထက်မပိုစေရ။ သို့ရာတွင် အလုပ်ရုံ၌ အလုပ်လုပ် နည်းနှင့်စပ်လျဉ်းသည့် အကြောင်းထူးများကြောင့် တစ်ရက်ပတ်လုံး အဆက် မပြတ်လုပ်ရသည့်အလုပ်တွင် ရက်သတ္တပတ်လျှင် ၄၈ နာရီမျှ အလုပ်လုပ်နိုင် သည်၊

(၂) မည်သည့်ရက်တွင်မဆို တစ်ရက်လျှင် ၈ နာရီထက်မပိုစေရ၊

(၃) တစ်ဆက်တည်း ၅ နာရီထက် မပိုစေရ။ ထို့ပြင် အနည်းဆုံး နာရီဝက်နားစေရန် အားလပ်ချိန် မပေးဘဲ ၅ နာရီထက် တစ်ဆက်တည်း အလုပ်မလုပ်စေရ။ ထိုသို့ အလုပ်လုပ်ချိန်နှင့် အားလပ်ချိန် စုစုပေါင်း ၁၀ နာရီထက် မပိုစေရ။

(၄) အထက်ဖော်ပြပါ အလုပ်ချိန်နှင့်စပ်လျဉ်း၍ ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေ အရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်သည့် အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဖြစ်စေရမည်၊

(ဂ) ရထားခရီးစဉ်ဇယားအလိုက် တာဝန်ထမ်းဆောင်ရသော ရထားဝန်ထမ်းများ၏ အလုပ်ချိန် နှင့် နားချိန်တို့သည် ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ ပုဒ်မ ၄၈၊ ပုဒ်မခွဲ (ခ) ပါ ပြဋ္ဌာန်းချက်နှင့်အညီ ဖြစ်စေရမည်၊

(ဃ) လုပ်ငန်းသဘာဝအရ တာဝန်ထမ်းဆောင်ရသော ရထားဝန်ထမ်းများနှင့် ထူးခြားသော အခြေအနေဖြစ်ပေါ်သည့်ကိစ္စများတွင် ရထားဝန်ထမ်းများ၏ အလုပ်ချိန်သည် ရထားပို့ ဆောင်ရေးလုပ်ငန်းဥပဒေ ပုဒ်မ ၄၉၊ ၅၀ နှင့် ၅၁ တို့အတိုင်း ဖြစ်သည်။

အခန်း (၉)
ကုန်စည်သယ်ယူပို့ဆောင်ခြင်း

၅၇။ ကုန်စည်အပ်နှံသူသည်-

(က) မိမိ၏ ကုန်စည်အမျိုးအမည်စာရင်းကို စာဖြင့်ရေးသား၍ သက်ဆိုင်ရာဘူတာသို့ ပေးအပ်သည့် ကုန်စည် စာရင်းမိတ္တူကို လက်ဝယ်တွင်ထားရှိရမည်၊

(ခ) ရထားဖြင့် သယ်ဆောင်ရောက်ရှိလာသည့် ကုန်စည်များကို စိစစ်ရန်လိုအပ်၍ သက်ဆိုင်ရာရထားဝန်ထမ်းက ကုန်စည်အမျိုးအမည်စာရင်းကိုတောင်းခံလျှင် ကုန်စည် စာရင်းကို လက်မှတ်ရေးထိုး၍ ပေးအပ်ရမည်၊

(ဂ) ဘေးအန္တရာယ်ဖြစ်စေတတ်သည့် ကုန်စည်များကိုသော်လည်းကောင်း၊ မသတီဖွယ်ရာ ကုန်စည်များကိုသော်လည်းကောင်း မိမိနှင့်အတူဖြစ်စေ၊ မိမိမပါဝင်ဘဲ ကုန်စည် သက်သက်ကို ဖြစ်စေ ရထားဖြင့် တင်ပို့ခြင်း မပြုရ၊

(ဃ) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ တားမြစ်ထားသည့် ကုန်စည်များနှင့် သက်ဆိုင်ရာ အစိုးရ ဌာန၊ အစိုးရအဖွဲ့အစည်းကဖြစ်စေ၊ ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းကဖြစ်စေ ရထားဖြင့်သယ်ယူပို့ဆောင် ခြင်းမပြုရန် တားမြစ်ထားသည့် ကုန်စည်များကို တင်ပို့ခြင်း မပြုရ။

၅၈။ သက်ဆိုင်ရာ ရထားဝန်ထမ်းသည်-

(က) ရထားဖြင့် သယ်ဆောင်ပေးပို့ရန် ယူဆောင်လာသည့် ကုန်စည်များနှင့် ရောက်ရှိလာသည့် ကုန်စည်များ၏ အမျိုးအမည်စာရင်းကို ပြုစုဖော်ပြရာ၌ ကုန်စည်အမျိုးအမည်နှင့် စပ်လျဉ်း၍ ရထားဝန်ထမ်းနှင့် ကုန်စည်အပ်နှံသူတို့အကြား သဘောထားကွဲလွဲခဲ့လျှင် ကုန်စည်များ ထုတ်ပေးခြင်းကို ခေတ္တဆိုင်းငံ့ထားပြီး ကုန်စည်အပ်နှံသူ၏ ရှေ့မှောက်တွင် စစ်ဆေးခွင့်ရှိသည်၊

(ခ) နည်းဥပဒေခွဲ (က) အရ စစ်ဆေးရာတွင် ကုန်စည်အမျိုးအမည်စာရင်းပါအချက်များနှင့် ကုန်စည်တို့ ကွဲလွဲမှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ထိုကုန်စည်များကို ခေတ္တဆိုင်းငံ့၍ ထိန်းသိမ်းပြီး စစ်ဆေးရသဖြင့် ကုန်ကျစရိတ်ငွေကို ကုန်စည်အပ်နှံသူထံမှ ကောက်ခံ ရမည်၊

(ဂ) ကုန်စည်ပါရှိသည့် အထုပ်အပိုးအပြင်ဘက်၌ ကုန်စည်အမျိုးအမည်၊ အမှတ်အသား သို့မဟုတ် ကုန်စည်၏ သဘောသဘာဝကို ထင်ရှားစွာ ရေးသားဖော်ပြ၍ သက်ဆိုင်ရာ ရထားဝန်ထမ်းထံ အသိပေးခြင်းမပြုဘဲ သယ်ဆောင်ရန် အားထုတ်သည်ဟု ရထားဝန်ထမ်းက ယုံကြည်ရန်အကြောင်းရှိလျှင်မည်သည့် ကုန်စည်မျိုး ပါရှိကြောင်း ဖွင့်ဖောက်၍ စစ်ဆေးနိုင်သည်၊

(ဃ) နည်းဥပဒေခွဲ (ဂ) အရ စစ်ဆေးတွေ့ရှိသော ကုန်စည်ကိုသော်လည်းကောင်း၊ ကုန်စည်ကိုလက်ခံပြီးမှ ရထားဝန်ထမ်းထံ အသိပေးခြင်းမပြုဘဲ သယ်ဆောင်လာခြင်း ဖြစ်သည်ကိုတွေ့ရှိလျှင်သော်လည်းကောင်း အဆိုပါကုန်စည်များကိုသယ်ဆောင်ရန် ငြင်းပယ်ခြင်းနှင့် လမ်းခုလပ်၌ ဆိုင်းငံ့ထားခြင်း ပြုနိုင်သည်၊

(င) ရထားပေါ်ရှိ ပိုင်ရှင်မဲ့ကုန်စည်နှင့် တိရစ္ဆာန်တို့ကို သက်ဆိုင်ရာစစ်ဆေးရေးအရာရှိ သို့မဟုတ် စစ်ဆေးရေးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် သင့်လျော်သလို စီမံခန့်ခွဲနိုင်သည်။

၅၉။ ကုန်စည်အပ်နှံသူက ကုန်စည်စာရင်းကို ပေးအပ်ရန်ငြင်းဆန်လျှင် သို့မဟုတ် ပျက်ကွက်လျှင် သက်ဆိုင်ရာ ရထားဝန်ထမ်းသည်-

(က) မိမိထံမှ ပို့ပေးရမည့် ကုန်စည်များဖြစ်လျှင် ကုန်စည်အမျိုးအစားအလိုက် ခွဲခြားသတ်မှတ် ထားသည့် ကောက်ခံဆဲဖြစ်သော အမြင့်ဆုံးနှုန်းထားခကို ကောက်ခံရမည်၊

(ခ) နည်းဥပဒေခွဲ (က) အရ ကောက်ခံခြင်းကို ပေးဆောင်ရန်ပျက်ကွက်ပါက ကုန်စည်ကို သယ်ဆောင် ပေးပို့ခြင်းမပြုရ၊

(ဂ) မိမိထံပေးပို့ခြင်းဖြစ်၍ ကုန်စည်များရောက်ရှိပြီးဖြစ်လျှင် ကုန်စည်အမျိုးအစားအလိုက် ခွဲခြား သတ်မှတ်ထားသည့် ကောက်ခံဆဲဖြစ်သော အမြင့်ဆုံးနှုန်းထားခကို ကောက်ခံရမည်။

၆၁။ ရထားအဖွဲ့အစည်းများသည်-

(က) ဗဟိုကြီးကြပ်ရေးအဖွဲ့ကဖြစ်စေ၊ မြန်မာ့မီးရထားနှင့် လုပ်ငန်းလိုင်စင်ရရှိသည့် ရထားကုမ္ပဏီကဖြစ်စေ သတ်မှတ်ထားသော ယာဉ်မြိတ်စွန်းနှင့် အများဆုံးခွင့်ပြုဝန်ချိန် ထက်မပိုစေဘဲ ရထားပေါ် ကုန်တင်ဆောင် ရမည်။ ထို့ပြင်အများဆုံးတင်ဆောင်နိုင်သည့် ခွင့်ပြုဝန်ချိန်ကို ကုန်တင်တွဲ၏ မြင်သာသောနေရာ၌ ရေးသား ဖော်ပြထားရမည်။

(ခ) ကုန်စည်များကို ဘူတာတစ်ခုမှတစ်ခုသို့ ပို့ဆောင်ပေးရာတွင် ရထားဝန်ထမ်းတစ်ဦးက အကိုးအကားပြုကောက်ခံသည့် မြန်မာ့မီးရထားနှင့် လုပ်ငန်းလိုင်စင်ရရှိသည့် ရထား ကုမ္ပဏီက သတ်မှတ်ပေးထားသော နှုန်းထားခစာရင်းစာအုပ်များကိုဖြစ်စေ၊ ကုန်စည်ပို့ ဆောင်ခနှုန်းထားစာရင်း အထောက်အထားများကိုဖြစ်စေ ကြည့်ရှုလိုသူမည်သူ့ကိုမဆို ရထားဝန်ထမ်းထံမှ အခမဲ့ကြည့်ရှုခွင့် ပြုရမည်။

၆၁။ (က) ရထားဖြင့် ကုန်စည်သယ်ဆောင်ရသည့်အတွက် ကျသင့်သည့်အခကြေးငွေကို မြန်မာ့ မီးရထား နှင့်လုပ်ငန်းလိုင်စင်ရရှိသည့် ရထားကုမ္ပဏီက ကောက်ခံ၍ ပေးချေပြီးနောက် ငွေပေးရသူကဖြစ်စေ၊ ၎င်း၏ကိုယ်စားလှယ်ကဖြစ်စေတောင်းခံသည့် ငွေစာရင်းကို တောင်းဆို လာပါက အောက်ပါခေါင်းစဉ် များပါဝင်သော စာရင်းတစ်ခုပြုလုပ်ပေးရမည်-

(၁) ရထားကုန်တင် တန်ဆာခ၊

(၂) ကုန်လှောင်ရုံခ၊

(၃) ဝန်ဆောင်ခ၊

(၄) ရထားရပ်ဆိုင်းနေရသည့် ဒဏ်ငွေ သို့မဟုတ် ကြန့်ကြာဒဏ်ငွေ (တွဲလုံးပြည့် တင်ဆောင်မှုအတွက် တွဲဒဏ်၊ အစိတ်အပိုင်းအလိုက် တင်ဆောင်မှုအတွက် ကုန်ဒဏ်)၊

(၅) ကုန်စည်စုစည်းပေးခြင်းနှင့်ထုတ်ပေးခြင်းတို့အတွက် ကုန်ကျစရိတ်မှစ၍ အခြား စရိတ်များ။

(ခ) နည်းဥပဒေခွဲ (က) အရ အသေးစိတ်ငွေစာရင်း တောင်းဆိုလိုပါက ငွေပေးချေပြီးနောက် တစ်လအတွင်း သက်ဆိုင်ရာ မြန်မာ့မီးရထားနှင့် လုပ်ငန်းလိုင်စင်ရရှိသည့် ရထားကုမ္ပဏီ ထံ စာဖြင့်ရေးသားတောင်းဆိုရမည်။ သက်ဆိုင်ရာ မြန်မာ့မီးရထားနှင့် လုပ်ငန်းလိုင်စင် ရရှိသည့် ရထားကုမ္ပဏီက ငွေပေးချေသူ၏ အသေးစိတ် စာရင်းတောင်းဆိုချက် ရရှိပြီး နောက် ၂ လအတွင်း ပြုစုပေးအပ်ရမည်။

၆၂။ ရထားအဖွဲ့အစည်း အချင်းချင်းသော်လည်းကောင်း၊ အခြားပို့ဆောင်ရေးအဖွဲ့အစည်းများနှင့် ပေါင်းစပ်၍ ကုန်စည်ပို့ဆောင်ခြင်းလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရာတွင် မူဘောင်အရ သဘောတူညီချက်များ၊ အဖွဲ့အစည်းနှစ်ခုအတွင်း နှစ်ဘက်သဘောတူညီချက်များပါဝင်သော ပိဋိညာဉ်များအဖြစ် ရေးဆွဲချုပ်ဆို၍ ဆောင်ရွက်ရမည်။ သဘောတူညီချက်များနှင့်ပတ်သက်၍ ဗဟိုကြီးကြပ်ရေးအဖွဲ့၏ သဘောတူခွင့်ပြုချက်များ ရရှိထားပြီးဖြစ်ရမည်။

၆၃။ အိမ်နီးချင်းနိုင်ငံများသို့ နယ်စပ်ဖြတ်ကျော်၍ ကုန်စည်များသယ်ယူပို့ဆောင်ခြင်း၊ ကုန်ရထားများ ပြေးဆွဲခြင်းတို့ကို ဆောင်ရွက်ရာတွင် နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်း များနှင့် နိုင်ငံတော်ကချမှတ်ထားသော မူဝါဒများစသည့် တည်ဆဲဥပဒေများ၊ သဘောတူညီချက် များနှင့် ကိုက်ညီအောင် ဆောင်ရွက်ရမည်။

၆၄။ မြန်မာ့မီးရထားသည် ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို ကုန်စည်ပို့ဆောင်လိုသူ၏ လိုအပ်သည့် ကုန်စည်ပမာဏကို လိုအပ်သည့်နေရာသို့ လိုအပ်သည့် အချိန်ကာလအတွင်း သယ်ယူပို့ဆောင်ပေးရန်အတွက် သတ်မှတ်စည်းကမ်းချက်များနှင့် နှစ်ဦးနှစ်ဖက်သဘောတူ ပဋိညာဉ်စာချုပ်ချုပ်ဆို၍ ဆောင်ရွက်ရာတွင် စီးပွားရေးဌာနက ကုန်စည်ပို့ဆောင်လိုသူများ၊ ကုမ္ပဏီအဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ စာချုပ်ချုပ်ဆိုရေး လုပ်ငန်းဆောင်ရွက်ရမည်။

၆၅။ နည်းဥပဒေ ၆၄ အရ စီးပွားရေးဌာနက ကုန်စည်သယ်ယူပို့ဆောင်ရေးအတွက် စာချုပ်များကို လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရာတွင် စာချုပ်ပါစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကုန်စည်သယ်ယူပို့ဆာင်နိုင်ရေးသွားလာပို့ဆောင်ရေးဌာနက ခရီးအစ ဘူတာရုံ၏ ကုန်လှောင်ရုံမှ ကုန်စည်လက်ခံခြင်း၊ သယ်ယူ ပို့ဆောင်ခြင်း၊ အနီးဆုံးဘူတာတွင် ကုန်စည်သယ်ယူပို့ဆောင်သည့် အဖွဲ့အစည်းသို့ လွှဲပြောင်းပေးအပ်သည်အထိ ကိစ္စအရပ်ရပ်ကို တာဝန်ယူဆောင်ရွက်ရမည်။

၆၆။ မြန်မာ့မီးရထား၊ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွင် နေ့စဉ် ကုန်တင်ပို့လိုသူများ၏ တောင်းခံ စာနှင့် မှတ်ပုံတင်၍ သက်ဆိုင်ရာ ဘူတာရုံ၊ ကုန်ရုံများက ကုန်တင်ပို့မှုအတွက် တိုင်းပို့ဆောင်ရေး မန်နေဂျာများက ကြီးကြပ်ကွပ်ကဲဆောင်ရွက်ရမည်။

၆၇။ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း၊ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတို့နှင့် ပတ်သက်ခြင်းမရှိသော အခြားစီးပွားရေးလုပ်ငန်းများဖြစ်ပြီး ဗဟိုကြီးကြပ်ရေးအဖွဲ့၏ ခွင့်ပြုချက်ဖြင့်ဆောင်ရွက်သော မြေငှားရမ်းခ၊ ဆိုင်ငှားရမ်းခ၊ ကြော်ငြာခ၊ တံတားဖြတ်သန်းခ စသည့်အထွေထွေဝင်ငွေများကို ကောက်ခံရာတွင် ရထားအဖွဲ့အစည်းများ၏ အတည်ပြုချက်အရ တာဝန်အပ်နှင်းခြင်းခံရသည့် ပုဂ္ဂိုလ်များက သက်ဆိုင်ရာ နယ်နိမိတ် အတွင်း ကြီးကြပ်ကောက်ခံကြရမည်။

၆၈။ လုပ်ငန်းလိုင်စင်ရရှိထားသည့် ရထားကုမ္ပဏီများသည် နည်းဥပဒေ ၆၄ နှင့် ၆၅ တို့တွင် ဖော်ပြ ထားသည့်အတိုင်း ကုန်စည်ပို့ဆောင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်သည်။

အခန်း (၁၀)
ခရီးသည် သယ်ယူပို့ဆောင်ခြင်း

၆၉။ ရထားအဖွဲ့အစည်းများသည်-

(က) ဗဟိုကြီးကြပ်ရေးအဖွဲ့၏ သဘောတူညီချက်ဖြင့် လူစီးရထားတွဲ တစ်တွဲပေါ်ပါ အခန်း သို့မဟုတ် တွဲအတန်းအစားနှင့် ထိုင်ခုံအမှတ်များကို ထင်ရှားစွာ ရေးသားထားရမည်၊

(ခ) လူစီးရထားတွဲ တစ်တွဲပေါ်ပါ ခရီးသည်အများဆုံးဦးရေကို ထင်ရှားစွာရေးသားထားရမည်၊

(ဂ) လူစီးရထားတွဲတိုင်းတွင် ဗဟိုကြီးကြပ်ရေးအဖွဲ့က အတည်ပြုထားသည့် အနေအထား အတိုင်း လိုအပ်သည့်အချိန်တွင် ကောင်းစွာအသုံးပြုနိုင်သည့် လျှပ်စစ်မီး တပ်ဆင်ထား ရှိရမည်၊

(ဃ) မြို့ပတ်ဆင်ဖြေဖုံး ရထားတွဲများမှအပ ခရီးဝေးပြေးဆွဲသည့် လူစီးရထားတွဲတိုင်းတွင် သန့်ရှင်းသော ရေအိမ်သာနှင့် လက်ဆေးကန် အနည်းဆုံးတစ်ခုစီပါရှိရမည့်အပြင် ရေကောင်း၊ ရေသန့်လုံလောက်စွာ စီစဉ် ထားရှိပေးရမည်၊

(င) လူစီးရထားအားလုံး၌ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ် ရေးဥပဒေ (အမှတ် ၅/၂၀၀၆) အရ သတ်မှတ်ထားသော အမိန့်၊ ညွှန်ကြားချက်နှင့်အညီ ဆိုင်းဘုတ်နှင့် စာတမ်း အမှတ်အသားများ တပ်ဆင်ချိတ်ဆွဲထားရမည်၊

(စ) ဘူတာတိုင်းတွင် လက်မှတ်ရုံနှင့် မြင်သာသောနေရာများ၌ မြန်မာဘာသာဖြင့် တည်ဆဲ ရထားအချိန်စာရင်းနှင့် ထိုဘူတာမှ အခြားဘူတာအသီးသီးသို့ ကျသင့်သည့် ရထားလက်မှတ်ခ သတ်မှတ်ချက်များကို မြန်မာဘာသာဖြင့် ထင်ရှားစွာရေးသားချိတ်ဆွဲ ထားရန်စီစဉ်ရမည်။ လိုအပ်ပါက အပြည်ပြည်ဆိုင်ရာ သုံးသည့် ဘာသာတစ်မျိုးမျိုးဖြင့် ရေးသားနိုင်သည်၊

(ဆ) ဘူတာတိုင်းတွင် ထိုဘူတာသို့ ရထားများဝင်ထွက်မည့် အချိန်များကို ကြော်ငြာသင်ပုန်း တွင်ရေးသားခြင်းဖြင့်ဖြစ်စေ၊ အသံချဲ့စက်၊ ရုပ်မြင်သံကြားတို့ဖြင့် ကြေညာပေးခြင်းဖြင့် ဖြစ်စေ ခရီးသည်များ ကြိုတင်သိရှိရန် ဆောင်ရွက်ရမည်၊

(ဇ) ခရီးသွားရထားလက်မှတ်ဝယ်သူထံ တွဲအတန်းအစား၊ ခရီးအစနှင့် ခရီးဆုံးဘူတာအထိ ကျသင့်သည့် ခရီးသွားရထား လက်မှတ်ခများဖော်ပြပါရှိသည့် ရထားလက်မှတ်များကိုသာ ရောင်းချရမည်။ လိုအပ်ချက်အရ မြန်မာ့မီးရထားနှင့် လုပ်ငန်းလိုင်စင်ရရှိသည့် ရထား ကုမ္ပဏီက ရထားအမျိုးအစား အလိုက်သတ်မှတ်ထား သည့် ရထားလက်မှတ် စောင်ရေ အရ ထိုင်ခုံမဲ့ရထား လက်မှတ်များအဖြစ် ရောင်းချခွင့်ရှိသည်၊

(ဈ) ဘူတာများတွင်သန့်ရှင်းသော ရေအိမ်သာများထားရှိရေး၊ ကူးစက်တတ်သည့် ရောဂါရှိ သော ခရီးသည်များအား သီးသန့်တွဲတွင် စီစဉ်ထားရှိရေးနှင့် ခရီးသည်များ ထိခိုက်ဒဏ်ရာ ရမှု၊ သေဆုံးမှုတို့အတွက် တည်ဆဲ ဥပဒေနှင့်အညီ သူတစ်ပါး ထိခိုက်မှုအာမခံထားရှိရေး တို့နှင့်စပ်လျဉ်း၍ ရထား ပို့ဆောင်ရေးလုပ်ငန်းဥပဒေပုဒ်မ ၆၀ ပါပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်၊

(ည) ခရီးသည် သယ်ယူပို့ဆောင်ခြင်းနှင့်စပ်လျဉ်း၍ ဗဟိုကြီးကြပ်ရေးအဖွဲ့က အခါအားလျှော် စွာ သတ်မှတ်ပေးသော အခြားလုပ်ငန်းတာဝန်များကို ဆောင်ရွက်ရမည်။

၇၀။ ရထားစီးခရီးသည်များသည်-

(က) သွားရောက်လိုသော ဘူတာအတွက် သတ်မှတ်ထားသော ရထားလက်မှတ်ဝယ်ယူရမည်၊

(ခ) တာဝန်ရှိရထားဝန်ထမ်းက ဘူတာတွင်လည်းကောင်း၊ လမ်းခရီးတွင်လည်းကောင်း ရထားလက်မှတ် ပြသရန် တောင်းဆိုလျှင် ရထားလက်မှတ်ကို ပြသရမည်၊

(ဂ) ခရီးဆုံးဘူတာ၌ဖြစ်စေ၊ ဆင်းမည့်ဘူတာသို့ ရောက်သည့်အခါဖြစ်စေ ရထားဝန်ထမ်းက ရထား လက်မှတ်ကို တောင်းခံခဲ့လျှင် အောက်ပါအတိုင်း ဆောင်ရွက်ရမည်-

(၁) ဝယ်ယူထားသည့် ရထားလက်မှတ်ဖြစ်ပါက ထိုရထားလက်မှတ်ကို ပေးအပ်ခဲ့ ရမည်၊

(၂) အခမဲ့ရထားလက်မှတ်ဖြစ်ပါက သက်ဆိုင်ရာ အပိုင်းကို ပေးအပ်ခဲ့ရမည်၊

(၃) လသုံးရထားလက်မှတ်ဖြစ်ပါက ရထားဝန်ထမ်းအားပြသ၍ သတ်မှတ်ကာလ စေ့ရောက်ခြင်းမရှိလျှင် ပေးအပ်ရန်မလိုအပ်ဘဲ သတ်မှတ်ကာလစေ့ရောက်ပါက သက်ဆိုင်ရာသို့ ပြန်လည်ပေးအပ်ခဲ့ရမည်။

(ဃ) ရထားလက်မှတ် လက်ဝယ်ထားရှိသူသာ သတ်မှတ်ထားသည့် ခရီးလမ်းပိုင်းအတွင်း သတ်မှတ်ချက်များနှင့်အညီ ရထားဖြင့် ခရီးသွားလာခွင့်ရှိသည်။

(င) ရထားလက်မှတ်ဝယ်ယူမှုစနစ်၊ အသုံးပြုမှုပုံစံတို့နှင့် စပ်လျဉ်း၍ စီမံရေးအဖွဲ့၊ သက်ဆိုင် ရာမြန်မာ့မီးရထားနှင့်လုပ်ငန်းလိုင်စင်ရရှိသည့် ရထားကုမ္ပဏီတို့က သတ်မှတ်ထားသော စည်းကမ်းချက်များကိုလည်း လိုက်နာရမည်။

၇၁။ မြန်မာ့မီးရထားသည် ခရီးသည်သယ်ယူပို့ဆောင်ရေး ဆောင်ရွက်ရန်အတွက် ခရီးသည် သယ်ယူ ပို့ဆောင်လိုသည့် ကုမ္ပဏီအဖွဲ့အစည်းများဖြင့် အထူးရထားများ၊ အထူးခရီးစဉ်များ၊ အခြားလိုအပ် ချက်များ၊ လိုအပ်သည့်အချိန်ကာလ စသည်တို့အတွက် နှစ်ဦးနှစ်ဖက် စည်းကမ်းသတ်မှတ် ချက်များဖြင့် ပို့ဆောင်ပေးနိုင်ရန် သဘောတူပဋိညာဉ်စာချုပ်များ ချုပ်ဆိုခြင်းကို စီးပွားရေး ဌာနက ညှိနှိုင်းစာချုပ် ချုပ်ဆိုဆောင်ရွက်ရမည်။

၇၂။ စီးပွားရေးဌာနက ခရီးသည်ပို့ဆောင်ရေးအတွက် စာချုပ်ချုပ်ဆိုထားချက်များကို စာချုပ်ပါ စည်းကမ်းချက်များနှင့်အညီ ခရီးသည်သယ်ယူပို့ဆောင်ပေးနိုင်ရေးအတွက် သွားလာပို့ဆောင်ရေး ဌာနက ဆောင်ရွက်ရမည်။

၇၃။ ရထားအဖွဲ့အစည်းသည် ရထားအဖွဲ့အစည်းအချင်းချင်း သော်လည်းကောင်း၊ အခြားပို့ဆောင်ရေး အဖွဲ့အစည်းများဖြင့် ဆက်စပ်လျက်သော်လည်းကောင်း၊ ခရီးသည်ပို့ဆောင်ရေး လွယ်ကူချောမွေ့ စေရေး အဆင်ပြေစေရေးညှိနှိုင်းဆောင်ရွက်ရမည်။ လိုအပ်ပါက ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ တင်ပြ ဆောင်ရွက်ရမည်။

၇၄။ အိမ်နီးချင်းနိုင်ငံများသို့ နယ်စပ်ဖြတ်ကျော်၍ နိုင်ငံရပ်ခြားသို့ဖြစ်စေ နိုင်ငံခြားရထားအဖွဲ့အစည်း များနှင့်ဖြစ်စေ ခရီးသည်ပို့ဆောင်ခြင်း၊ ခရီးသည် ရထားပေးဆွဲခြင်းတို့ကို နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ နှစ်နိုင်ငံသဘောတူညီချက်များနှင့် နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒများ၊ တည်ဆဲ ဥပဒေများ၊ သဘောတူညီချက်များနှင့် အညီဆောင်ရွက် ရမည်။

၇၅။ လုပ်ငန်းလိုင်စင်ရရှိထားသည့် ရထားကုမ္ပဏီများသည် နည်းဥပဒေ ၇၁ နှင့် ၇၂ တို့တွင် ဖော်ပြထားသည့်အတိုင်း ခရီးသည် ပို့ဆောင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်သည်။

အခန်း (၁၁)
ရထားအဖွဲ့အစည်းများ၏ ပို့ဆောင်ရေးဆိုင်ရာ တာဝန်များ

၇၆။ ရထားဖြင့်ပို့ဆောင်ပေးရန် မြန်မာ့မီးရထားနှင့် လုပ်ငန်းလိုင်စင်ရရှိသည့် ရထားကုမ္ပဏီအား အပ်နှံ ထားသော ကုန်စည်များပျောက်ဆုံးခြင်း၊ တိရစ္ဆာန်ထိခိုက်ဒဏ်ရာရရှိခြင်း၊ ယို့ယွင်းပျက်စီး ယုတ်ညံ့ခြင်းများရှိခဲ့လျှင် မြန်မာ့မီးရထားနှင့် သက်ဆိုင်ရာလုပ်ငန်းလိုင်စင်ရရှိသည့် ရထား ကုမ္ပဏီသည် ဤဥပဒေပါ အခြားသောပြဋ္ဌာန်းချက်များကို အထောက်အထားပြု၍ အောက်ဖော်ပြ ပါ ပဋိညာဉ်အက်ဥပဒေပုဒ်မ ၁၅၁၊ ၁၅၂ နှင့် ၁၆၁ ပါပြဋ္ဌာန်းချက်များအရ ကုန်စည် ခေတ္တ အပ်နှံခြင်းခံရသူ၏ တာဝန်များအတိုင်း ဆောင်ရွက်ရမည်-

(က) ပုဒ်မ ၁၅၁။ ခေတ္တအပ်နှံခြင်းကိစ္စများတွင် သာမန်သတိသမ္ဗဇဉ်ရှိသူ တစ်ဦးအနေဖြင့် ခေတ္တအပ်နှံသည့် ပစ္စည်း၏အရွယ်အစား၊ အမျိုးအစားနှင့် တန်ဖိုးတူညီသော မိမိပိုင် ပစ္စည်းကို အလားတူအခြေအနေတွင် စောင့်ရှောက်ဘိသကဲ့သို့ ခေတ္တအပ်နှံခံရသူသည် ခေတ္တအပ်နှံထားသောပစ္စည်းကို စောင့်ရှောက်ရန် တာဝန်ရှိ သည်။

(ခ) ပုဒ်မ ၁၅၂။ အထူးပဋိညာဉ်များမရှိလျှင် ခေတ္တအပ်နှံခံရသူသည် ပုဒ်မ ၁၅၁ တွင် ဖော်ပြထားသည့်အတိုင်း စောင့်ရှောက်ခဲ့ပါက ခေတ္တအပ်နှံထားသည့် ကုန်ပစ္စည်း ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်း သို့မဟုတ် ယုတ်ညံ့ ဆုတ်ယုတ်ခြင်းအတွက် တာဝန်မရှိ။

(ဂ) ပုဒ်မ ၁၆၁။ ခေတ္တအပ်နှံခံရသူ၏ ပျက်ကွက်မှုကြောင့် ကုန်ပစ္စည်းကို သင့်လျော်သည့် အချိန်အတွင်း ပြန်မပေးလျှင်ဖြစ်စေ၊ မလွှဲအပ်လျှင်ဖြစ်စေ၊ လက်ခံရန်မကမ်းလှမ်း လျှင်ဖြစ်စေ ထိုအချိန်မှစ၍ ၎င်းကုန် ပစ္စည်းများ ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်း သို့မဟုတ် ယုတ်ညံ့ခြင်းအတွက် ၎င်းသည် ခေတ္တအပ်နှံသူ အပေါ် တာဝန်ရှိသည်။

၇၇။ သက်ဆိုင်ရာ မြန်မာမီးရထားနှင့် လုပ်ငန်းလိုင်စင်ရရှိသည့် ရထားကုမ္ပဏီသို့ ရထားဖြင့် သယ်ဆောင်ပေးရန် တိရစ္ဆာန်ကို လာရောက်အပ်နှံခြင်းနှင့်စပ်လျဉ်း၍-

(က) အပ်နှံချိန်တွင် တိရစ္ဆာန်၏တန်ဖိုး အတိအလင်းအသိပေးဖော်ပြရမည်။ ထိုသို့ဖော်ပြခြင်း မရှိလျှင် ယင်းတိရစ္ဆာန်များပျောက်ဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ သေကြေခြင်းများ အတွက် မြန်မာ့မီးရထားနှင့် လုပ်ငန်းလိုင်စင်ရရှိသည့် ရထားကုမ္ပဏီက အခါအားလျှော်စွာ တိရစ္ဆာန်အမျိုးအစားအလိုက် ကြေငြာ သတ်မှတ်ထားသော တန်ဖိုးများထက်မပိုသော လျှော်ကြေးငွေကို ပေးလျော်ရမည်၊

(ခ) ထိုက်သင့်သော တန်ဖိုးများထက်ပို၍ အသိပေးဖော်ပြခဲ့လျှင် ပိုလွန်သော တန်ဖိုးအတွက် တာဝန်တိုး၍ ယူခဲ့ရသဖြင့် မြန်မာ့မီးရထားနှင့် လုပ်ငန်းလိုင်စင်ရရှိသည့် ရထားကုမ္ပဏီက ယင်းသို့ အသိပေးဖော်ပြသည့် တန်ဖိုးအပေါ် သင့်လျော်သော ရာခိုင်နှုန်းဖြင့် တွက်ချက်၍ တန်ဆာခကို ကောက်ခံနိုင်သည်။

၇၈။ မြန်မာ့မီးရထားနှင့် သက်ဆိုင်ရာလုပ်ငန်းလိုင်စင်ရရှိသည့် ရထားကုမ္ပဏီအား ရထားဖြင့် ပို့ဆောင်ပေးရန်အပ်နှံသော တိရစ္ဆာန်များပျောက်ဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ သေကြေခြင်း တို့အတွက် လျှော်ကြေးတောင်းခံသည့်ကိစ္စတိုင်းတွင် တိရစ္ဆာန်များရရှိသော ဒဏ်ရာနှင့် အင်္ဂါအစိတ်အပိုင်း ဆုံးရှုံးတန်ဖိုးအတွက် အထောက်အထားခိုင်လုံစွာဖြင့် တင်ပြရန်မှာ လျော်ကြေးတောင်းခံသူ၏ တာဝန်သာဖြစ်သည်။

၇၉။ မြန်မာ့မီးရထားနှင့်သက်ဆိုင်ရာ လုပ်ငန်းလိုင်စင်ရရှိသည့် ရထားကုမ္ပဏီတို့သည် အောက်ပါ ကုန်စည်များ ပျောက်ဆုံးခြင်း၊ ထိခိုက်ပျက်စီးခြင်း၊ ယိုယွင်းပျက်စီးခြင်း သို့မဟုတ် ကုန်စည်များထုတ်ပေးရာတွင် နှောင့်နှေး ခြင်းကြောင့် ဆုံးရှုံးနစ်နာမှုအတွက် လျော်ကြေးပေးရန် တာဝန်မရှိစေရ-

(က) ကုန်စည်အမျိုးအမည်စာရင်းကို တမင် မမှန်မကန် ဖော်ပြပေးအပ်ခဲ့သည့် ကုန်စည်များ၊

(ခ) တရားဝင်တန်ဆာပြုလုပ်ထားခြင်းမရှိသော ခရီးသည်ပိုင် သို့မဟုတ် ၎င်းတို့နှင့်အတူ သယ်ဆောင် လာသောလက်ဆွဲပစ္စည်းများ၊

(ဂ) ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေပုဒ်မ ၆၉ ပါ အခြေအနေတစ်ရပ်ရပ်နှင့် အကျုံးဝင်သော ကုန်စည်များ။

၈၀။ မြန်မာ့မီးရထားနှင့် သက်ဆိုင်ရာ လုပ်ငန်းလိုင်စင်ရရှိသည့် ရထားကုမ္ပဏီတို့သည် နည်းဥပဒေ ၇၉ ပါ လျော်ကြေးပေးရန်တာဝန်မရှိသော ကုန်စည်များမှအပ ကုန်စည်များလက်ခံသည့် အချိန်မှစ၍ ခရီးလမ်းဆုံးတွင် ကုန်စည်များလွှဲပြောင်းပေးအပ်သည့်အချိန်အထိ ပျောက်ဆုံးခြင်း၊ ထိခိုက် ပျက်စီးခြင်း၊ ယို့ယွင်းပျက်စီးခြင်း သို့မဟုတ် ကုန်စည်များထုတ်ပေးရာတွင် နှောင့်နှေးခြင်းကြောင့် ဆုံးရှုံးနစ်နာမှုအတွက် လျော်ကြေး ပေးရန် တာဝန်ရှိသည်။

၈၁။ (က) တရားဝင်အသိပေးဖော်ပြ၍ အာမခံထားရမည့် အဖိုးတန် ပစ္စည်းများအဖြစ် ထည့်ထားသည့်ပါဆယ် သို့မဟုတ် အထုပ်များကို သက်ဆိုင်ရာမြန်မာ့မီးရထားနှင့် လုပ်ငန်းလိုင်စင်ရရှိသည့် ရထားကုမ္ပဏီသို့ ရထားဖြင့် ပို့ဆောင်ရန် အပ်နှံသည့်အခါ ယင်းပစ္စည်းသည် ငွေကျပ်တစ်သိန်းထက်ပို၍ တန်ဖိုးရှိပါက ကုန်စည် အပ်နှံသူက အတွင်း၌ပါရှိသော ပစ္စည်းအမျိုးအမည်နှင့် တန်ဖိုးကို အတိအလင်း အသိပေးဖော်ပြရန် ပျက်ကွက်ခဲ့လျှင်ဖြစ်စေ၊ မြန်မာ့မီးရထားနှင့် သက်ဆိုင်ရာလုပ်ငန်းလိုင်စင်ရရှိသည့် ရထားကုမ္ပဏီက ကျပ်တစ်သိန်းထက် ပိုမိုသော တန်ဖိုးအတွက် တာဝန်တိုး၍ ယူခဲ့ရခြင်း ကြောင့် တိုးမြှင့်ကောက်ခံသည့် အာမခံကြေးပေးဆောင်ရန် ပျက်ကွက်လျှင်ဖြစ်စေ ယင်းပါဆယ်နှင့် အထုပ်များပျောက်ဆုံးခြင်း၊ ထိခိုက်ပျက်စီးခြင်းနှင့် ယိုယွင်းပျက်စီး ခြင်းတို့အတွက် မြန်မာ့မီးရထားနှင့် သက်ဆိုင်ရာ လုပ်ငန်းလိုင်စင်ရရှိသည့် ရထားကုမ္ပဏီ က ပေးလျော်ရန် တာဝန်မရှိစေရ၊

(ခ) မြန်မာ့မီးရထားနှင့် သက်ဆိုင်ရာလုပ်ငန်းလိုင်စင်ရရှိသည့် ရထားကုမ္ပဏီတို့သည် ငွေကျပ် တစ်သိန်း ထက်ပို၍ တန်ဖိုးရှိသောကုန်စည်အတွက် တာဝန်တိုး၍ယူရခြင်းကြောင့် တန်ဆာခအပြင် တိုးမြှင့်ကောက်ခံရ မည့်အာမခံကြေးနှုန်းထားကို ဗဟို ကြီးကြပ်ရေးအဖွဲ့ ၏ သဘောတူညီချက်ဖြင့် သတ်မှတ်ထားရမည်။

၈၂။ မြန်မာ့မီးရထားနှင့် သက်ဆိုင်ရာ လုပ်ငန်းလိုင်စင်ရရှိသည့် ရထားကုမ္ပဏီတို့သည်-

(က) အဖိုးတန်ကုန်စည်များပါရှိသည့် ပါဆယ် သို့မဟုတ် အထုပ်ပျောက်ဆုံးခြင်း၊ ထိခိုက် ပျက်စီးခြင်း၊ ယို့ယွင်းပျက်စီးခြင်းများရှိ၍ လျော်ကြေးပေးရန် တာဝန်ရှိသည့်ကိစ္စတွင် အများဆုံးပေးလျော်ရမည့် တန်ဖိုးကို ဗဟိုကြီးကြပ်ရေးအဖွဲ့၏ အတည်ပြုချက်ဖြင့် သတ်မှတ်နိုင်သည်၊

(ခ) နည်းဥပဒေ ၈၀ အရ အဖိုးတန် ကုန်စည်များပါရှိသည့် ပါဆယ် သို့မဟုတ် အထုပ်ပျောက်ဆုံးခြင်း၊ ထိခိုက်ပျက်စီးခြင်း၊ ယိုယွင်းပျက်စီးခြင်းများရှိ၍ လျော်ကြေး ပေးရလျှင် ထုတ်ဖော်အသိပေးဖော်ပြသည့် တန်ဖိုးသည် နည်းဥပဒေခွဲ (က) အရ သတ်မှတ်သည့် အများဆုံး ပေးလျော်ရမည့် တန်ဖိုးထက် မကျော်လွန် ပါက ထိုသို့ အသိပေးဖော်ပြထားသည့် တန်ဖိုးအတိုင်းသာ ပေးလျော်ရမည်၊

(ဂ) အဖိုးတန်ကုန်စည်များပျောက်ဆုံးခြင်း၊ ထိခိုက်ပျက်စီးခြင်းနှင့် ယိုယွင်းပျက်စီးခြင်းများ မှအပ ကုန်စည်ထုတ်ပေးရာတွင် နှောင့်နှေးကြန့်ကြာမှုကြောင့် ဆုံးရှုံးနစ်နာမှုအတွက် လျော်ကြေးပေးရန် တာဝန်ရှိသည့်ကိစ္စတွင် ကုန်စည်တန်ဆာခနှင့် ညီမျှသော ငွေပမာဏ ထက်မပိုစေရ။

၈၃။ နည်းဥပဒေ ၈၁ အရ ပေးလျော်ရမည့် တန်ဖိုးသည် အသိပေးဖော်ပြပြီး အပ်နှံသည့်ပါဆယ် သို့မဟုတ် အထုပ်အတွင်းရှိ ပစ္စည်း၏တန်ဖိုး အမှန်ဖြစ်ကြောင်း ခိုင်လုံသော အထောက်အထား တင်ပြရန်မှာ လျော်ကြေးတောင်းခံသူ၏ တာဝန်သာဖြစ်သည်။

၈၄။ မြန်မာ့မီးရထားနှင့် သက်ဆိုင်ရာလုပ်ငန်းလိုင်စင်ရရှိသည့် ရထားကုမ္ပဏီတို့သည် အသိပေးဖော်ပြ ၍ အာမခံထားရမည့် အဖိုးတန်ပစ္စည်းများ ထည့်ထားကြောင်းဖော်ပြပြီး အပ်နှံသည့်အထုပ်ကို ပို့ဆောင်ပေးရန် ရထားဝန်ထမ်းကစစ်ဆေး၍ မှန်ကန်ကြောင်း ကျေနပ်မှုရှိမှသာ ပို့ဆောင်ပေးရမည်။

အခန်း (၁၂)
မတော်တဆ ဖြစ်ပွားမှုများ

၈၅။ ရထားပို့ဆောင်ရေးလုပ်ငန်းများတွင် အောက်ပါမတော်တဆမှုတစ်ခုခုဖြစ်ပွားလျှင် လူထိခိုက် ဒဏ်ရာ ရသည်ဖြစ်စေ၊ မရသည့်ဖြစ်စေ ရထားမှတာဝန်ရှိသူသည် အနီးဆုံးရှိ ဘူတာရုံပိုင်ထံသို့ ချက်ချင်းသတင်းပေးပို့ရမည်။ ထို့ပြင် သက်ဆိုင်ရာ ရဲစခန်းမှူးနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လည်းကောင်း၊ သက်ဆိုင်ရာမြန်မာ့မီးရထားနှင့် လုပ်ငန်းလိုင်စင်ရရှိသည့် ရထားကုမ္ပဏီ၏ စစ်ဆေးရေးအရာရှိ၊ စစ်ဆေးရေးမှူးနှင့် စစ်ဆေးရေး အဖွဲ့သို့လည်းကောင်း၊ မြန်မာ့မီးရထား စီမံခန့်ခွဲရေးအဖွဲ့ သို့မဟုတ် သက်ဆိုင်ရာ ရထားကုမ္ပဏီ ၏ အုပ်ချုပ်မှုဒါရိုက်တာအဖွဲ့သို့လည်းကောင်း နှောင့်နှေးကြန့်ကြာခြင်းမရှိဘဲ သတင်းပေးပို့ အစီရင်ခံရမည်-

(က) လူ့အသက်ဆုံးရှုံးခြင်း သို့မဟုတ် ရာဇသတ်ကြီးတွင် အဓိပ္ပာယ် ဖွင့်ဆိုထားသည့် အပြင်းအထန်ဒဏ်ရာရရှိခြင်း သို့မဟုတ် ပစ္စည်းအများအပြား ကြီးမားသော ပျက်စီး ဆုံးရှုံးခြင်းဖြစ်စေသည့် မတော်တဆ မှုများ၊

(ခ) ရထားချင်းတိုက်မိမှုများ၊

(ဂ) ခရီးသည်များသယ်ဆောင်သည့် ရထားတစ်စင်းလုံး သို့မဟုတ် ၎င်းရထား၏ ရထားတွဲ တစ်ခုခုလမ်းချော် ကျမှုများ၊

(ဃ) ဝန်ကြီးဌာနနှင့် ဗဟိုကြီးကြပ်ရေးအဖွဲ့က မြန်မာနိုင်ငံပြန်တမ်းတွင် ထည့်သွင်းကြေညာ သည့် အခြား မတော်တဆမှုများ။

၈၆။ မတော်တဆမှု ဖြစ်ပွားသည့်အခါ-

(က) ဘူတာရုံပိုင်သည် နည်းဥပဒေ ၈၅ အရ သတင်းပို့ချက်ရရှိသည့်အခါ ရထားမတော်တဆ ဖြစ်ပွားမှု အခြေအနေများကို မြန်မာ့မီးရထားစီမံခန့်ခွဲရေးအဖွဲ့ သို့မဟုတ် သက်ဆိုင်ရာ ရထားကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာအဖွဲ့သို့ ချက်ချင်း ဆက်လက်၍ သတင်းပေးပို့ အစီရင်ခံရမည်၊

(ခ) မြန်မာ့မီးရထားစီမံခန့်ခွဲရေးအဖွဲ့ သို့မဟုတ် သက်ဆိုင်ရာ ရထားကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာအဖွဲ့သည် နည်းဥပဒေ ၈၆၊ နည်းဥပဒေခွဲ(က) အရ သတင်းပေးပို့ချက် ရရှိသည့်အခါ ရထားမတော်တဆဖြစ်ပွားမှု အခြေအနေများကို ဝန်ကြီးဌာနနှင့် ဗဟို ကြီးကြပ်ရေးအဖွဲ့သို့ ချက်ချင်းသတင်းပေးပို့ အစီရင်ခံရမည်။

၈၇။ မြန်မာ့မီးရထားနှင့် သက်ဆိုင်ရာလုပ်ငန်းလိုင်စင်ရရှိသည့် ရထားကုမ္ပဏီတို့သည် မတော်တဆမှု ဖြစ်ခြင်း၊ ရာသီဥတုဆိုးရွားခြင်း သို့မဟုတ် သဘာဝဘေးအန္တရာယ်ဖြစ်ပွားခြင်းတို့ကြောင့် ရထားလမ်းခေတ္တပိတ်ခြင်းနှင့် ရထားလမ်းပြုပြင်ပြီး ပြန်လည်ပြေးဆွဲခြင်းကိုသော်လည်းကောင်း၊ ရထားလမ်းတို့ချဲ့ခြင်း၊ လမ်းကြောင်း ပြောင်းလဲခြင်း၊ ရထားအချိန်စာရင်း၊ ခရီးစဉ်နှင့်စနစ် မတူသော ရထားလမ်းယာဉ်များ ပြောင်းလဲပြေးဆွဲခြင်းကို သော်လည်းကောင်း ဗဟိုကြီးကြပ်ရေး အဖွဲ့၏ ခွင့်ပြုချက်ဖြင့်သာဆောင်ရွက်ရမည်။

၈၈။ စီမံရေးအဖွဲ့သည်-

(က) ဗဟိုကြီးကြပ်ရေးအဖွဲ့က တာဝန်ပေးအပ်သည့်အခါ သင့်လျော်သော စီမံရေးအဖွဲ့ဝင်များ၊ စစ်ဆေးရေး အရာရှိ၊ စစ်ဆေးရေးမှူးနှင့် ကျွမ်းကျင်သည့် အင်ဂျင်နီယာများပါဝင်သည့် မတော်တဆမှု စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်း၍ ချက်ချင်းစုံစမ်းစစ်ဆေးမှုပြုပြီး စုံစမ်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို ဆောလျင်စွာ တင်ပြန်ရန် တာဝန်ပေးအပ်ရမည်၊

(ခ) မတော်တဆမှု စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စုံစမ်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာရရှိသည့် အခါ တွေ့ရှိချက်၊ သဘောထားနှင့် အကြံပြုချက်များကို ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ တင်ပြရ မည်။

၈၉။ မတော်တဆမှု စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စုံစမ်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာတွင် အောက်ပါ အချက်များပါဝင်ရမည်-

(က) မတော်တဆမှု ဖြစ်စဉ်အကျဉ်းချုပ်၊

(ခ) ရထားဝန်ထမ်းများ၊ ခရီးသည်များနှင့် သူတစ်ပါးထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုဦးရေနှင့် အခြေအနေ၊

(ဂ) ဆေးရုံ၊ ဆေးခန်းတွင် တက်ရောက်ကုသလျက်ရှိသည့် ပြင်ပလူနာနှင့် အတွင်းလူနာဦးရေနှင့် အခြေအနေ၊

(ဃ) ထိခိုက်ပျက်စီးသော ရထားတွဲများနှင့် ရထားလမ်းအခြေအနေနှင့် ပျက်စီးဆုံးရှုံးမှု ခန့်မှန်းတန်ဖိုး၊

(င) ခရီးသည်များနှင့် သူတစ်ပါးတို့၏ ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု အခြေအနေနှင့် ပျက်စီး ဆုံးရှုံးမှုစာရင်းနှင့် ပျက်စီးဆုံးရှုံးမှု ခန့်မှန်းတန်ဖိုး၊

(စ) စုံစမ်းစစ်ဆေးတွေ့ရှိချက်အကျဉ်း၊

(ဆ) မတော်တဆ ဖြစ်ပွားမှုအကြောင်းအရင်း၊

(ဇ) မည်သူ၏ ပေါ့ဆမှုကြောင့်ဖြစ်သည်၊ မတော်တဆမှုတွင် မည်သူ၌ တာဝန်ရှိသည် ဖော်ပြချက်၊

(ဈ) တွေ့ရှိချက်၊ သဘောထားနှင့် အကြံပြုတင်ပြချက်။

၉၀။ ဗဟိုကြီးကြပ်ရေးအဖွဲ့သည်-

(က) မြန်မာ့မီးရထားနှင့် လုပ်ငန်းလိုင်စင်ရရှိသည့် ရထားကုမ္ပဏီ တစ်ခုခု၏ မတော်တဆမှု ကြောင့် အခြားဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်ပိုင်ပစ္စည်းများပျက်စီးဆုံးရှုံးလျှင် ယင်းပျက်စီးဆုံးရှုံးမှုနှင့် စပ်လျဉ်း၍ တာဝန်ရှိသော မြန်မာ့မီးရထားနှင့် သက်ဆိုင်ရာ လုပ်ငန်းလိုင်စင်ရရှိသည့် ရထားကုမ္ပဏီက ပျက်စီးဆုံးရှုံးမှု တန်ဖိုးအတိုင်း ပေးလျော် စေရမည်၊

(ခ) နည်းဥပဒေခွဲ(က)အရ ပေးလျော်စေရမည့် ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုတန်ဖိုးနှင့် စပ်လျဉ်း၍ မြန်မာ့မီးရထား သို့မဟုတ် သက်ဆိုင်ရာ လုပ်ငန်းလိုင်စင်ရရှိသည့် ရထားကုမ္ပဏီနှင့် အငြင်းပွားမှုဖြစ်ပွားလျှင် ထိုအငြင်းပွားမှုကို စုံစမ်းစစ်ဆေးပြီး ပေးလျော်စေရမည့်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို ဆုံးဖြတ်စေရန် စီမံရေးအဖွဲ့အား တာဝန်ပေးရမည်၊

(ဂ) နည်းဥပဒေခွဲ (ခ) အရ စီမံရေးအဖွဲ့၏ ဆုံးဖြတ်ချက်အပေါ် ကျေနပ်မှုမရှိလျှင် ထိုကျေနပ်မှုမရှိသူ၏ တင်ပြချက်ကို စိစစ်ပြီး သင့်လျော်သည့် ပစ္စည်းများပျက်စီးဆုံးရှုံးမှု တန်ဖိုးကို ဆုံးဖြတ်ပေးရမည်။

၉၁။ ဗဟိုကြီးကြပ်ရေးအဖွဲ့သည်-

(က) ရထားပို့ဆောင်ရေးတွင် မတော်တဆမှု ဖြစ်ပွားခြင်းကြောင့် ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှုအတွက် လျော်ကြေးတောင်းဆိုသည့်ကိစ္စများကို လွယ်ကူအဆင်ပြေစေရန်နှင့် ၎င်းတို့အတွက် ထိုက်သင့်သော လျော်ကြေးများ ရရှိစေရန် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ပေးရမည်၊

(ခ) မတော်တဆမှု စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စုံစမ်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအရ မတော်တဆမှု ဖြစ်စဉ်အကျဉ်းနှင့် စုံစမ်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအကျဉ်းချုပ်ကို အများပြည်သူသိရှိရန် ထုတ်ပြန် ကြေညာရမည်။

အခန်း (၁၃)
မြန်မာ့မီးရထားစီမံခန့်ခွဲရေးအဖွဲ့၏ တာဝန်များ

၉၂။ မြန်မာ့မီးရထား စီမံခန့်ခွဲရေးအဖွဲ့သည် ဝန်ကြီးဌာန၏လမ်းညွှန်ချက်၊ ဗဟိုကြီးကြပ်ရေးအဖွဲ့၏ အနီးကပ် ကြီးကြပ်ကွပ်ကဲမှုများအရ အောက်ပါလုပ်ပိုင်ခွင့်များကို စီမံဆောင်ရွက်ခွင့်ရှိသည်-

(က) နိုင်ငံပိုင်ပစ္စည်းများနှင့် ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုမဖြစ်စေရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ နှင့်ပတ်သက်၍ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော ဘဏ္ဍာရေး စည်းမျဉ်း လုပ်ထုံးလုပ်နည်း များနှင့် ညွှန်ကြားချက်များကို လိုက်နာ ဆောင်ရွက်ရမည်ဖြစ်ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စစ်ဆေး ချက်များကို လည်းခံယူရမည်၊

(ခ) ဝန်ဆောင်မှုလုပ်ငန်းနှင့်ပတ်သက်၍ နှစ်စဉ်ဝင်ငွေနှင့် ကုန်စည်ဆိုင်ရာ လျာထားသတ်မှတ် ချက်များနှင့်အညီ ဆောင်ရွက်၍ အခမဲ့လက်မှတ်များ၊ ခရီးသွားလက်မှတ်များအတွက် လွယ်ကူမှုရှိစေရန် လိုအပ်သော အစီအမံများချမှတ်ဆောင်ရွက်ရမည်၊

(ဂ) မြန်မာ့မီးရထား၏ ခရီးသည်ပို့ဆောင်ရေး၊ ကုန်စည်ပို့ဆောင်ရေးတို့တွင် အခြားသော သယ်ယူပို့ဆောင်ရေးအဖွဲ့အစည်းများနှင့် ယှဉ်ပြိုင်ဆောင်ရွက်ခြင်း၊ ဈေးကွက်မြှင့်တင်မှု လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ အတွက် နှုန်းထားများပြင်ဆင်ခြင်း အထူးနှုန်းထားများ သတ်မှတ်ခြင်းတို့ ဆောင်ရွက်ရမည်၊

(ဃ) မြန်မာ့မီးရထားတွင် တွဲဖက်တာဝန်ထမ်းဆောင်နေသည့် ဆရာဝန်များအပါအဝင် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ခရီးသည်များနှင့် ပတ်သက်၍လည်းကောင်း၊ ရထားဝန်ထမ်း မိသားစုများနှင့် ပတ်သက်၍ လည်းကောင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းနှင့် အရေးပေါ်အခြေအနေများ ပေါ်ပေါက်ပါက မြန်မာ့မီးရထား၊ ဆေးဌာန လုပ်ထုံးလုပ်နည်းများနှင့် အညီ အပြည့်အဝကူညီ ဆောင်ရွက်ရန် ကြီးကြပ် ကွပ်ကဲ လမ်းညွှန်ဆောင်ရွက်ရမည်၊

(င) မြန်မာ့မီးရထားတွင် တွဲဘက်တာဝန်ထမ်းဆောင်နေသည့် ရထားရဲတပ်ဖွဲ့ဝင်များအနေဖြင့် ရထားစီးခရီးသည်များ၏ လုံခြုံရေး၊ မှုခင်းများကြိုတင်ကာကွယ်ရေး၊ မှုခင်းများ ဖော်ထုတ်စုံစမ်းရေးနှင့် ရထားဝန်ထမ်း ရပ်ကွက်များ၏ အထွေထွေလုံခြုံမှု ကာကွယ်ရေး နှင့် အခြားဆက်စပ်သော လုပ်ငန်းများတွင် အထောက်အကူ ပြုစေရေးအတွက် ရဲလက်စွဲ တာဝန်ဝတ္တရားများနှင့်အညီ အပြည့်အဝပါဝင်ကူညီဆောင်ရွက်ရန် ကြီးကြပ် ကွပ်ကဲ လမ်းညွှန်ခြင်းများဖြင့် ဆောင်ရွက်ရမည်၊

(စ) မြန်မာ့မီးရထား ရထားနယ်နိမိတ်၏ အဆောက်အအုံ၊ ပရဝဏ်အပါအဝင် ရထား လုပ်ငန်းဆိုင်ရာ ပစ္စည်း များကို ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်း။

၉၃။ မြန်မာ့မီးရထားနှင့် သက်ဆိုင်သော အဆောက်အအုံများဆောက်လုပ်ခြင်း၊ ပြင်ဆင်မွမ်းမံ ထိန်းသိမ်းခြင်း တို့အတွက် စနစ်တကျရှိရေးနှင့် ဘဏ္ဍာငွေများ အလွဲသုံးစားမှု မဖြစ်ပေါ်စေရေး တို့အတွက် အဆောက်အအုံများ လက်ခံအသုံးပြုသည့် စီမံခန့်ခွဲမှုအဖွဲ့များဖွဲ့စည်း၍ စိစစ် အတည်ပြုချက်များဖြင့် တိုင်းအလိုက်ဖြစ်စေ၊ လုပ်ငန်းအလိုက်ဖြစ်စေ ဆောင်ရွက်စေရန် မြန်မာ့မီးရထား စီမံခန့်ခွဲရေးအဖွဲ့က စီစဉ်ညွှန်ကြားရမည်။

အခန်း (၁၄)
ရထားလမ်းလုပ်ငန်းဆိုင်ရာ ပစ္စည်းများနှင့် ရထားလမ်းတစ်လျှောက် ရထားနယ်နိမိတ် ပရဝဏ်အတွင်းကျူးကျော်သူများအား ဖယ်ရှားနှင်ထုတ်ခြင်းနှင့် အရေးယူခြင်း

၉၄။ ဗဟိုကြီးကြပ်ရေးအဖွဲ့သည်-

(က) ရထားအဖွဲ့အစည်းများ၏ ရထားလုပ်ငန်းဆိုင်ရာ ပစ္စည်းများကို ထိန်းသိမ်းရာတွင် လည်းကောင်း၊ ရထားနယ်နိမိတ် ပရဝဏ်အတွင်းတွင်လည်းကောင်း၊ ရထားပို့ဆောင်ရေး လုပ်ငန်းတွင်လည်းကောင်း တာဝန်ထမ်းဆောင်သည့် ရထားဝန်ထမ်းများနှင့် ရထား ဝန်ထမ်းအိမ်ရာများတွင် နေထိုင်သည့် ရထားဝန်ထမ်းမိသားစု များနှင့်စပ်လျဉ်း၍ စည်းကမ်းတကျနေထိုင်လုပ်ကိုင်ရန် စည်းကမ်းချက်များ၊ လိုအပ်သည့်အမိန့်နှင့် ညွှန်ကြား ချက်များ ထုတ်ပြန်ခြင်းနှင့် စီမံခန့်ခွဲခြင်း ပြုရမည်၊

(ခ) ရထားအဖွဲ့အစည်းများ၏ ရထားလုပ်ငန်းဆိုင်ရာပစ္စည်းများနှင့် ရထားနယ်နိမိတ်အတွင်း ခွင့်ပြုချက်မရှိဘဲ ကျူးကျော်သူများ၊ ကျူးကျော်နေထိုင်သူများနှင့် ဈေးရောင်းသူများ မရှိစေရန် လိုအပ်သော အမိန့်နှင့် ညွှန်ကြားချက်များထုတ်ပြန်ထားရမည်၊

(ဂ) နည်းဥပဒေခွဲ (က) နှင့် (ခ) တို့အရ ထုတ်ပြန်သည့် အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာခြင်းရှိ မရှိ အမြဲတမ်းစုံစမ်းမှု၊ စိစစ်မှုနှင့် စစ်ဆေးမှုများ ပြုလုပ်ရန် စီမံရေး အဖွဲ့အားလည်းကောင်း၊ မြန်မာ့မီးရထားနှင့် လုပ်ငန်းလိုင်စင်ရရှိသည့် ရထားကုမ္ပဏီအား လည်းကောင်း တာဝန်ပေးအပ်ရမည်။

၉၅။ မြန်မာ့မီးရထား စီမံခန့်ခွဲရေးအဖွဲ့နှင့် လုပ်ငန်းလိုင်စင်ရရှိသည့် ရထားကုမ္ပဏီတို့သည် ၎င်းတို့၏ ရထားလုပ်ငန်းဆိုင်ရာ ပစ္စည်းများတွင် လည်းကောင်း၊ ရထားနယ်နိမိတ်အတွင်းတွင် လည်းကောင်း ခွင့်ပြုချက်မရှိဘဲ ကျူးကျော်သူများ၊ ကျူးကျော်နေထိုင်သူများနှင့် ဈေးရောင်းသူ များ၏ အဆောက်အအုံများကို ဖျက်သိမ်းခြင်း၊ ဖယ်ရှားခြင်းနှင့် ကျူးကျော်နေထိုင်သူများကို အရေးယူရန် မြန်မာ့မီးရထား၏ တိုင်းဒေသကြီးနှင့် ပြည်နယ် အရာရှိများကို လည်းကောင်း၊ ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ ၂၆ အရ ခန့်အပ်တာဝန်ပေးသည့် စစ်ဆေးရေးမှူးကို လည်းကောင်း၊ ဖွဲ့စည်းပေးသည့် စစ်ဆေးရေးအဖွဲ့များကိုလည်းကောင်း တာဝန်နှင့် လုပ်ပိုင်ခွင့် များသတ်မှတ်ပေးရမည်။

၉၆။ ဗဟိုကြီးကြပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြန်မာ့မီးရထား စီမံခန့်ခွဲရေးအဖွဲ့သည်-

(က) ရထားနယ်နိမိတ်အတွင်း အခြေအနေအမျိုးမျိုးဖြင့် ကျူးကျော်ဝင်ရောက်နေမှုများနှင့် ပတ်သက်၍သိရှိလျှင် ရထားသွားလာရေး လုံခြုံမှုရှိစေရန်အလို့ငှာ ကျူးကျော်မှုများတို့ပွား လာခြင်းမရှိစေရေးအတွက် ဘူတာနယ်နိမိတ်တွင် သက်ဆိုင်ရာ ရုံပိုင်များက မန်နေဂျာ (သွားလာရေး/တိုင်း) များသို့ လည်းကောင်း၊ ရထား လမ်းပိုင်းနယ်နိမိတ်တွင် သက်ဆိုင်ရာ အငယ်တန်းအင်ဂျင်နီယာများက အင်ဂျင်နီယာမှူး (မြို့ပြ/တိုင်း) များသို့ လည်းကောင်း၊ သီးခြားတာဝန်ခံထားရှိသည့် စက်ရုံ၊ အလုပ်ရုံ၊ ဆေးရုံ၊ မြန်မာ့ မီးရထားရဲတပ်ဖွဲ့ စခန်းဝင်း၊ ယာဒ်ဝင်းကြီးများနှင့် အခြားရထားနယ်နိမိတ်များတွင် သတ်မှတ်ထားသည့် တာဝန်ခံများက သက်ဆိုင်ရာ တာဝန်ခံအရာရှိသို့ လည်းကောင်း အချိန်နှင့်တပြေးညီ တင်ပြကြရမည်။ လိုအပ်လျှင် အဆိုပါ ကျူးကျော်မှုကို နို့တစ်စာပေးရန်မလိုဘဲ ချက်ခြင်းလက်ငင်း အလျင်အမြန် ဖယ်ရှားနိုင်ရန်ဆောင်ရွက်ရမည်၊

(ခ) မြန်မာ့မီးရထား တိုင်းအရာရှိများသည် မိမိနှင့်သက်ဆိုင်ရာတိုင်း ရထားနယ်နိမိတ်အတွင်း သို့ ကျူးကျော်ဝင်ရောက်ကြောင်း၊ ဆောက်လုပ်နေထိုင်ကြောင်း သတင်းရရှိပါက ရထား ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိရထား ဝန်ထမ်းများ ပူးပေါင်းညှိနှိုင်း၍ ဆောင်ရွက်ရန် လိုအပ်ပါက အောက်ပါအတိုင်း ဆောင်ရွက်ရမည်-

(၁) ရထားနယ်နိမိတ်အတွင်း ကျူးကျော်ဝင်ရောက်နေသူများ၏ အိမ်ထောင်စု လူဦးရေ စာရင်းများကောက်ယူပြီး ရထားနယ်နိမိတ်အတွင်းကျူးကျော်ဝင်ရောက်ပါက ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေအရအရေးယူခံရမည့် ဥပဒေပါအချက်များကို ချပြရှင်းလင်းရမည်၊

(၂) ရထားအဖွဲ့အစည်းသည် အဆိုပါ ကျူးကျော်နေထိုင်သူများကို ဖယ်ရှားရှင်းလင်း မည့်အစီအမံကို သက်ဆိုင်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာ့ မီးရထားမှ တာဝန်ရှိသူများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရမည်၊

(၃) အဆိုပါ ကျူးကျော်ဝင်ရောက်သူများကို ရထားပို့ဆောင်ရေး လုပ်ငန်းဥပဒေနှင့် အညီဖျက်သိမ်းခြင်း၊ ဖယ်ရှားခြင်း၊ တရားစွဲဆိုခြင်းများဆောင်ရွက်မည့် အစီအမံကို လိုအပ်ပါက သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းများထံသို့ အကြောင်းကြား ခြင်းနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များထံသို့ တင်ပြခြင်းများ ဆောင်ရွက်ရမည်၊

(၄) ရထားနယ်နိမိတ်အတွင်း ကျူးကျော်သူများထံချပြ ရှင်းလင်းဆောင်ရွက်ရေးနှင့် ပတ်သတ်၍ ရထားရဲတပ်ဖွဲ့အနေဖြင့် စာရင်းဇယားကောက်ယူခြင်း၊ ဝရမ်းကပ် ခြင်းများဆောင်ရွက်ရန် သက်ဆိုင်ရာ ရထားအဖွဲ့အစည်းက အကြောင်းကြား လာပါက ပြည့်စုံလုံလောက်သော အင်အားအသုံးပြု၍ ပါဝင်ပူးပေါင်း တာဝန်ယူ ဆောင်ရွက်ရန်နှင့် လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းဆိုင်ရာ လုံခြုံရေးများကိုပါ လိုက်ပါ ဆောင်ရွက်ရမည်။

(ဂ) မြန်မာ့မီးရထားပိုင် ရထားနယ်နိမိတ်များတွင် ကျူးကျော်ဆောက်လုပ်သော အဆောက် အအုံများကို ဥပဒေနှင့်အညီ ဖျက်သိမ်းခြင်း၊ ဖယ်ရှားခြင်းနှင့် ကျူးကျော်သူများကို တရားစွဲဆိုအရေးယူခြင်း ဆောင်ရွက် ရမည်။

၉၇။ နည်းဥပဒေ ၉၅ အရ တာဝန်ပေးအပ်ခြင်းခံရသည့် မြန်မာ့မီးရထားနှင့် လုပ်ငန်းလိုင်စင်ရရှိသည့် ရထားကုမ္ပဏီတို့မှ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အရာရှိ၊ စစ်ဆေးရေးမှူးနှင့် စစ်ဆေး ရေးအဖွဲ့တို့သည် မိမိတို့နှင့်သက်ဆိုင်သော ရထားလုပ်ငန်းဆိုင်ရာ ပစ္စည်းများနှင့် ရထားနယ် နိမိတ်အတွင်း ကျူးကျော်ဆောက်လုပ်ထားသည့် အဆောက်အအုံ၊ ဈေးဆိုင်၊ တဲ၊ အဖီ စသည်တို့တွင် ကျူးကျော်နေထိုင်သူနှင့် ခွင့်ပြုချက်မရှိဘဲ နေထိုင်သူများ၏ စာရင်းကို ကောက်ယူပြီး ၎င်းတို့အား ဤနည်းဥပဒေများနှင့်အညီ ဖယ်ရှား နှင်ထုတ်ပြီး အရေးယူနိုင်ရေး အတွက် ခွင့်ပြုနိုင်ရန် သက်ဆိုင်ရာ မြန်မာ့မီးရထားစီမံခန့်ခွဲရေးအဖွဲ့သို့ လည်းကောင်း၊ ရထား ကုမ္ပဏီဒါရိုက်တာအဖွဲ့သို့ လည်းကောင်း တင်ပြရမည်။

၉၈။ မြန်မာ့မီးရထား စီမံခန့်ခွဲရေးအဖွဲ့ သို့မဟုတ် ရထားကုမ္ပဏီ ဒါရိုက်တာအဖွဲ့သည် နည်းဥပဒေ ၉၇ အရ တင်ပြချက်ကိုစိစစ်ပြီး ကျူးကျော်သူ၊ ခွင့်ပြုချက်မရှိသူ သို့မဟုတ် စည်းကမ်းဖောက်ဖျက် သူအား ဖယ်ရှားနှင်ထုတ်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အရာရှိကိုဖြစ်စေ၊ စစ်ဆေးရေးမှူး သို့မဟုတ် စစ်ဆေးရေးအဖွဲ့ကိုဖြစ်စေ ခွင့်ပြုချက်ပေးပြီး တာဝန်နှင့် လုပ်ပိုင်ခွင့် များအပ်နှင်းနိုင်သည်။ ထိုသို့ တာဝန်နှင့် လုပ်ပိုင်ခွင့်များအပ်နှင်းခြင်းကို ဗဟိုကြီးကြပ်ရေး အဖွဲ့သို့တင်ပြရမည်။

၉၉။ ဗဟိုကြီးကြပ်ရေးအဖွဲ့သည် နည်းဥပဒေ ၉၇ အရ တင်ပြချက်ပါကျူးကျော်သူ၊ ခွင့်ပြုချက်မရှိသူ သို့မဟုတ် စည်းကမ်းဖောက်ဖျက်သူအား ဖယ်ရှားနှင်ထုတ်မည့် ကိစ္စကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့သို့ အသိပေးအကြောင်းကြားရမည်။

၁၀၀။ ဗဟိုကြီးကြပ်ရေးအဖွဲ့သည် မြန်မာ့မီးရထားပိုင် အဆောက်အအုံမှ ကျူးကျော်သူ၊ ခွင့်ပြုချက် မရှိသူနှင့် စည်းကမ်းဖောက်ဖျက်သူများအား ဖယ်ရှားရာတွင် အောင်မြင်စွာဆောင်ရွက်နိုင်ရန် လိုအပ်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့အား လုံခြုံရေးနှင့် အခြားလိုအပ်သည့် အကူအညီများပေးနိုင် ရန် အကူအညီတောင်းခံနိုင်သည်။

၁၀၁။ နည်းဥပဒေ ၁၀၀ အရ အကူအညီတောင်းခံသည့်အခါ မြန်မာ့မီးရထားမှ တာဝန်ပေးအပ်ခြင်း ခံရသူများက မြန်မာ့မီးရထားပိုင် အဆောက်အအုံမှ ကျူးကျော်သူ၊ ခွင့်ပြုချက်မရှိသူနှင့် စည်းကမ်းဖောက်ဖျက်သူများအား ဖယ်ရှားရာတွင် အောင်မြင်စွာဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့သည် လုံခြုံရေးဝန်ကြီးအား တာဝန်ပေးပြီး ၁၉၅၅ခုနှစ်၊ အစိုးရအိမ်ဥပစာ(နှင်ထုတ်ခြင်း) အက်ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (၃) အရ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်များနှင့် အခြားလိုအပ်သည့်အကူအညီ များပေးစေရမည်။

၁၀၂။ နည်းဥပဒေ ၉၈ အရ ခွင့်ပြုချက်ရရှိပြီး တာဝန်နှင့် လုပ်ပိုင်ခွင့်များ အပ်နှင်းခြင်းခံရသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အရာရှိ၊ စစ်ဆေးရေးမှူးနှင့် စစ်ဆေးရေးအဖွဲ့တို့သည်-

(က) မိမိတို့နှင့် သက်ဆိုင်သည့် ရထားလုပ်ငန်းဆိုင်ရာ ပစ္စည်းများတွင်ဖြစ်စေ၊ ရထားနယ်နိမိတ် အတွင်းတွင်ဖြစ်စေ ခွင့်ပြုချက်မရှိဘဲ ကျူးကျော်သူများ၊ ကျူးကျော်နေထိုင်သူများနှင့် ဈေးရောင်းသူများအား နို့တစ်စာ ပေးရန်မလိုဘဲ တစ်နည်းနည်းဖြင့် အကြောင်းကြားပြီး ချက်ချင်းထွက်ခွာသွားရန် ညွှန်ကြားရမည်၊

(ခ) နည်းဥပဒေခွဲ (က) အရ ညွှန်ကြားရာတွင် ထွက်ခွာခြင်းမပြုပါက-

(၁) ကျူးကျော်သူများအား ရာဇသတ်ကြီးအရ ကျူးကျော်မှုဖြင့် သက်ဆိုင်ရာရဲစခန်း တွင် တိုင်ချက်ဖွင့်၍ အရေးယူနိုင်သည်၊

(၂) သီးခြား တာဝန်ပေးအပ်ခြင်းခံရသည့် ရထားဝန်ထမ်းများနှင့် ရထားရဲတပ်ဖွဲ့ဝင် တို့က မည်သည့်အချိန်တွင်မဆို ၎င်းတို့အား အနည်းဆုံး အသိသက်သေ ၂ ဦးရှေ့ တွင် အတင်းအကြပ် ဖယ်ရှားနှင်ထုတ်ရမည်၊

(၃) နည်းဥပဒေခွဲငယ် (၂) အရ ဖယ်ရှားနှင်ထုတ်ရာတွင် ကျူးကျော်သူ အမျိုးသမီးများ အား ဖယ်ရှားနှင်ထုတ်ရန်ဖြစ်လျှင် အမျိုးသမီး ရထားဝန်ထမ်းများဖြင့်ဖြစ်စေ၊ ရထားရဲတပ်ဖွဲ့မှ ရဲမေများဖြင့်ဖြစ်စေ၊ လိုအပ်ပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမေများ ဖြင့်ဖြစ်စေ ဖယ်ရှားနှင်ထုတ်ရမည်၊

(၄) မည်သူမဆို ဖယ်ရှားနှင်ထုတ်သည့် ဝန်ထမ်းများအား ဟန့်တားနှောင့်ယှက်ခြင်း၊ အနိုင်အထက်ပြုခြင်းပြုပါက ရာဇသတ်ကြီးအရ ပြည်သူ့ဝန်ထမ်းအား ဝတ္တရား နှောင့်ယှက်မှုဖြင့် သက်ဆိုင်ရာ ရဲစခန်းတွင် တိုင်ချက်ဖွင့်၍ အရေးယူနိုင်သည်။

(ဂ) နည်းဥပဒေခွဲ (ခ) အရဖယ်ရှားနှင်ထုတ်ရာတွင်-

(၁) ရာဇသတ်ကြီးအရ ကျူးကျော်မှု ကျူးလွန်သူများနှင့် ဝတ္တရားနှောင့်ယှက်သူများ အားဖမ်းဆီးရမိအောင် လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်များက ရာဇဝတ်ကျင့်ထုံး ဥပဒေနှင့်အညီ လိုအပ်သည့် နည်းလမ်းမှန်သမျှကို ကျင့်သုံးနိုင်သည်၊

(၂) နေအိမ်၊ အဆောက်အအုံ သို့မဟုတ် အခန်းအတွင်းသို့ ဝင်ခွင့်မရအောင် ပိတ်ဆို့ထားလျှင် ပိတ်ထားသည့် တံခါးနှင့် အကာအရံများကို ရာဇဝတ်ကျင့်ထုံး ဥပဒေနှင့်အညီ လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်များက ဖျက်စီး၍ ဝင်ရောက်ပြီး ဖယ်ရှားနှင်ထုတ်နိုင်သည်။

(ဃ) ဤနည်းဥပဒေအရ ဖယ်ရှားနှင်ထုတ်မှုနှင့် အရေးယူဆောင်ရွက်မှု အခြေအနေများကို သက်ဆိုင်ရာ မြန်မာ့မီးရထား စီမံခန့်ခွဲရေးအဖွဲ့ သို့မဟုတ် ရထားကုမ္ပဏီဒါရိုက်တာ အဖွဲ့သို့လည်းကောင်း၊ စီမံခန့်ခွဲရေး အဖွဲ့နှင့် ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ လည်းကောင်း အခါအားလျော်စွာအစီရင်ခံရမည်။

၁၀၃။ နည်းဥပဒေ ၁၀၂ ပါ ပြဋ္ဌာန်းချက်များသည် ဤနည်းဥပဒေများ အာဏာမတည်မီက မြန်မာ့ မီးရထား၏ ရထားလုပ်ငန်းဆိုင်ရာ ပစ္စည်းများနှင့် ရထားလမ်းနယ်နိမိတ်အတွင်း ကျူးကျော်သူများ၊ ခွင့်ပြုချက်မရှိသူများ၊ အဆိုပါပရဝဏ်တွင် စည်းကမ်းဖောက်ဖျက်သူများနှင့် လည်း သက်ဆိုင်စေရမည့်အပြင် ၎င်းတို့အား ဖယ်ရှား နှင်ထုတ်ပိုင်ခွင့်ရှိစေရမည်။

၁၀၄။ မြန်မာ့မီးရထားမှ ရထားဝန်ထမ်းတစ်ဦးဦးသည်-

(က) မြန်မာ့မီးရထားမှ နေထိုင်ခွင့်ပြုထားသော နေအိမ်၊ အဆောက်အအုံ သို့မဟုတ် အခန်းနှင့် စပ်လျဉ်း၍ မူလအသွင်သဏ္ဌာန်ကို ခွင့်ပြုချက်မရှိဘဲ ပြောင်းလဲပြင်ဆင်ခြင်း၊ မွမ်းမံခြင်း မပြုရ၊

(ခ) အဆိုပါ အဆောက်အအုံ သို့မဟုတ် အခန်းတွင် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ပြစ်မှုမြောက်သော ပြုလုပ်မှုကို မပြုရ၊

(ဂ) အဆိုပါ အဆောက်အအုံ သို့မဟုတ် အခန်းကို ခွင့်ပြုချက်မရှိဘဲ-

(၁) တစ်ဆင့်ငှားရမ်းခြင်း သို့မဟုတ် ရောင်းချခြင်းမပြုရ၊

(၂) အဖိုးစားနားဖြင့်ဖြစ်စေ၊ အဖိုးစားနားမပါဘဲဖြစ်စေ လွှဲပြောင်းခြင်းမပြုရ၊

(ဃ) အဆိုပါ အဆောက်အအုံမှ ထွက်ခွာရန်ရှိသည့်အခါ မြန်မာ့မီးရထား စီမံခန့်ခွဲရေးအဖွဲ့မှ တာဝန်အပ်နှင်းထားသော သက်ဆိုင်ရာအဖွဲ့သို့  ကြိုတင်အကြောင်းမကြားဘဲ ထွက်ခွာ သွားခြင်းမပြုရ၊

(င) ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခံရခြင်း၊ ရာထူးမှထုတ်ပယ်ခံရခြင်း၊ ထွက်ပြေးတိမ်းရှောင် နေခြင်း၊ သေဆုံးခြင်း၊ အငြိမ်းစားယူခြင်း သို့မဟုတ် နှုတ်ထွက်ခြင်းပြုသည့်အခါ နေထိုင်ခွင့်ပြုထားသော နေအိမ်၊ အဆောက်အအုံ၊ အခန်းကို မြန်မာ့မီးရထားစီမံခန့်ခွဲရေး အဖွဲ့မှ ထုတ်ပြန်ထားသည့် ဝန်ထမ်းများ အိမ်ရာ ချထားပေးရေး စည်းမျဉ်းနှင့် လိုက်နာရမည့် စည်းကမ်းများပါ အချက်များအတိုင်း လိုက်နာအပ်နှံရမည်၊

(စ) မြန်မာ့မီးရထား စီမံခန့်ခွဲရေးအဖွဲ့က သတ်မှတ်ထားသော အခြားစည်းကမ်းချက်များကို လိုက်နာရမည်။

၁၀၅။ မြန်မာ့မီးရထားစီမံခန့်ခွဲရေးအဖွဲ့သည် နည်းဥပဒေ ၁၀၄၊ နည်းဥပဒေခွဲ (င) အရ အဆိုပါ ပရဝဏ်မှ ဖယ်ရှားထွက်ခွာရန် တာဝန်ရှိသော မြန်မာ့မီးထား ဝန်ထမ်းနှင့် မိသားစုတို့ကို ဖယ်ရှားထွက်ခွာရန် ပျက်ကွက် ပါက ၎င်းတို့အား နည်းဥပဒေ ၁၀၂ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖယ်ရှားနှင်ထုတ်ရန် မြန်မာ့မီးရထားမှ သက်ဆိုင်ရာ အရာရှိကိုဖြစ်စေ၊ စစ်ဆေးရေးမှူးကိုဖြစ်စေ၊ စစ်ဆေးရေးအဖွဲ့ကိုဖြစ်စေ တာဝန်ပေးအပ်ရမည်။

၁၀၆။ နည်းဥပဒေ ၁၀၅ ပါ ပြဋ္ဌာန်းချက်များသည် ဤနည်းဥပဒေများ အာဏာမတည်မီက မြန်မာ့မီးရထားက ၎င်း၏ နေအိမ်၊ အဆောက်အအုံနှင့် အခန်းတို့တွင် နေထိုင်ခွင့်ပြုခဲ့သော ရထားဝန်ထမ်းနှင့် မိသားစုများနှင့် လည်းကောင်း၊ အဆိုပါ ပရဝဏ်တွင် တစ်ဆင့်ငှားရမ်းခြင်း၊ လွှဲပြောင်းခြင်းဖြင့် နေထိုင်သူများ၊ ခွင့်ပြုချက် မရှိသူများ၊ ကျူးကျော်သူများနှင့် လည်ကောင်း သက်ဆိုင်စေရမည့်အပြင် ၎င်းတို့အား ဖယ်ရှားနှင်ထုတ်ပိုင်ခွင့် ရှိစေရမည်။

၁၀၇။ နည်းဥပဒေ ၁၀၅ အရ တာဝန်ပေးအပ်ခြင်းခံရသည့် သက်ဆိုင်ရာအရာရှိသည်၊ စစ်ဆေးရေးမှူး သို့မဟုတ် စစ်ဆေးရေးအဖွဲ့သည် မြန်မာ့မီးရထား စီမံခန့်ခွဲရေးအဖွဲ့၏ ခွင့်ပြုချက်ဖြင့်-

(က) မြန်မာ့မီးရထား၏ ရထားလုပ်ငန်းဆိုင်ရာ ပစ္စည်းတွင်ဖြစ်စေ၊ ရထားလမ်းနယ်နိမိတ် အတွင်းဖြစ်စေ ကျူးကျော်ဝင်ရောက်ခြင်း၊ ခွင့်ပြုချက်မရှိဘဲ အသုံးပြုခြင်းအတွက် အောက်ပါအချက်များကို ထည့်သွင်း စဉ်းစား၍ သင့်လျော်သော လျော်ကြေးပမာဏကို ဆုံးဖြတ်ပြီးပေးစေရန် ထိုသူများထံ တောင်းဆိုနိုင်သည်-

(၁) အဆိုပါ ပရဝဏ်တွင် ခွင့်ပြုချက်မရှိဘဲမည်သည့်ကိစ္စအတွက် ကျူးကျော်ကြောင်း နှင့် ထိုသို့ကျူးကျော် သည့် ကာလအပိုင်းအခြား၊

(၂) အဆိုပါ ပရဝဏ်အတွင်းရှိ ကျူးကျော်ထားသည့် အနေအထားနှင့်အမျိုးအစား၊

(၃) အခြားသူတစ်ဦးဦးအား ခွင့်ပြုချက်မရှိဘဲ အခဖြင့် ငှားရမ်းခဲ့လျှင် ငှားရမ်းသည့် ကာလနှင့် ရသင့် ရထိုက်သည့် ငှားရမ်းခ၊

(၄) ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဝင်ရောက်သည့် ကာလအပိုင်းအခြားအတွင်း ထိုပရဝဏ်၏ ပျက်စီးဆုံးရှုံးမှု၊

(၅) လျော်ကြေးကိစ္စအလို့ငှာ အခွင့်ရအာဏာပိုင်က သင့်သည်ဟု ထင်မြင်သည့် အခြားအချက်များ။

(ခ) နည်းဥပဒေခွဲ (က) အရ တောင်းဆိုသော်လည်း ထိုသူများကလျော်ကြေးပေးရန်ငြင်းဆို ပါက အခွန်အရာရှိ၏လုပ်ပိုင်ခွင့်အာဏာများကိုကျင့်သုံး၍ ဝင်ငွေခွန်မပြေကျန်ငွေအရ ကောက်ခံသည့် နည်းအတိုင်း လျော်ကြေးပေးရန် ပျက်ကွက်သူများ၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို လေလံတင်ရောင်းချပြီး လျော်ကြေးငွေကို အရကောက်ခံနိုင်သည်။

အခန်း(၁၅)
အထွေထွေ

၁၀၈။ မြန်မာ့မီးရထားက တာဝန်ပေးအပ်သည့် လက်မှတ်စစ်အဖွဲ့သည် ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေ ပုဒ်မ ၇၅ အရ တပ်ရိုက်သည့် ဒဏ်ငွေနှင့်စပ်လျဉ်း၍-

(က) ကျူးလွန်သည့် ကိစ္စရပ်အလိုက် ကောက်ခံထားသော ဒဏ်ငွေစာရင်းကို မြန်မာ့မီးရထား စီမံခန့်ခွဲရေး အဖွဲ့သို့ သတ်မှတ်ထားသော ပုံစံနှင့်အတူ ဆောလျင်စွာ အစီရင်ခံရမည်၊

(ခ) မြန်မာ့မီးရထားက ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း များနှင့်အညီ ဒဏ်ငွေများကို စနစ်တကျကောက်ခံပြီး သတ်မှတ်ထား သော ငွေစာရင်းသို့ ပေးသွင်းရမည်။

၁၀၉။ လုပ်ငန်းလိုင်စင်ရရှိသည့် ရထားကုမ္ပဏီက တာဝန်ပေးသည့် လက်မှတ်စစ်အဖွဲ့သည် ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေ ပုဒ်မ ၇၅ အရ တပ်ရိုက်သည့် ဒဏ်ငွေနှင့်စပ်လျဉ်း၍-

(က) ကျူးလွန်သည့် ကိစ္စရပ်အလိုက် ကောက်ခံထားသော ဒဏ်ငွေစာရင်းကို သက်ဆိုင်ရာ ရထားကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့သို့ သတ်မှတ်ထားသော ပုံစံနှင့်အတူ ဆောလျင်စွာ အစီရင်ခံရမည်၊

(ခ) ရထားကုမ္ပဏီ ဒါရိုက်တာအဖွဲ့၏ ဆုံးဖြတ်ချက်နှင့်အညီ ဒဏ်ငွေများကို သတ်မှတ်ထား သော ငွေစာရင်းသို့ ပေးသွင်းရမည်။

၁၁၀။ လက်မှတ်မဲ့၊ တန်ဆာမဲ့ အပေါ် တပ်ရိုက်သည့် ဒဏ်ငွေများနှင့်စပ်လျဉ်း၍-

(က) မြန်မာ့မီးရထား လက်မှတ်စစ်အဖွဲ့သည် ကောက်ခံရရှိသော ဒဏ်ငွေများအပေါ် မြန်မာ့ မီးရထား စီမံခန့်ခွဲရေးအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် သတ်မှတ်ထားသော ရာခိုင်နှုန်းအတိုင်း ဆုကြေးများ တောင်းခံ နိုင်သည်။

(ခ) ရထားကုမ္ပဏီ လက်မှတ်စစ်အဖွဲ့သည် ကောက်ခံရရှိသော ဒဏ်ငွေများအပေါ် ရထား ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့က သတ်မှတ်ဆုံးဖြတ်သော ရာခိုင်နှုန်းအတိုင်း ဆုကြေးများ တောင်းခံနိုင်သည်။

၁၁၁။ ရထားပို့ဆောင်ရေး လုပ်ငန်းဥပဒေဖြင့် ရုပ်သိမ်းလိုက်သည့် The Railway Act (India Act No.IX of 1890) အရ ထုတ်ပြန်ခဲ့သည့် အောက်ပါနည်းဥပဒေများ၊ အမိန့်များ၊ ညွှန်ကြားချက်များနှင့် လက်စွဲပါ ပြဋ္ဌာန်းချက်များသည် ရထားပို့ဆောင်ရေးလုပ်ငန်းနှင့် လည်းကောင်း၊ ဤနည်းဥပဒေ များနှင့် လည်းကောင်း မဆန့်ကျင်သမျှ ဆက်လက်၍ ကျင့်သုံးနိုင်သည်-

(က) ၁၉၉၅ ခုနှစ်၊ မြန်မာ့မီးရထား အထွေထွေ နည်းဥပဒေများ အပိုင်း ၁၊ အပိုင်း ၂ နှင့် နောက်ဆက်တွဲ နည်းဥပဒေများ၊

(ခ) ကြေးနန်းဆက်သွယ်ရေးလက်စွဲနည်းဥပဒေများ၊

(ဂ) ၁၉၉၆ ခုနှစ်၊ မြန်မာ့မီးရထား မတော်တဆမှုများ စုံစမ်းစစ်ဆေးခြင်းနှင့် အစီရင်ခံခြင်းဆိုင်ရာ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများ၊

(ဃ) မြန်မာ့မီးရထား စီးပွားရေးဘက်ဆိုင်ရာ ညွှန်ကြားချက်များ၊

(င) မြန်မာ့မီးရထား ခရီးသည်ဘက်ဆိုင်ရာညွှန်ကြားချက်များ၊

(စ) မြန်မာ့မီးရထား ကုန်စည်ဘက်ဆိုင်ရာညွှန်ကြားချက်များ၊

(ဆ) ၁၉၉၅ ခုနှစ်၊ မြန်မာ့မီးရထားလုပ်ငန်း လမ်းညွှန်ချက်များ၊

(ဇ) ၁၉၉၅ ခုနှစ်၊ မြန်မာ့မီးရထား မြို့ပြအင်ဂျင်နီယာလက်စွဲ အခန်း (၁)မှ (၄)၊

(ဈ) ၁၉၉၅ ခုနှစ်၊ မြန်မာ့မီးရထား မြို့ပြအင်ဂျင်နီယာ လက်စွဲ အခန်း (၅)မှ (၇)၊

(ည) ၁၉၉၆ ခုနှစ်၊ မြန်မာ့မီးရထား မြို့ပြအင်ဂျင်နီယာ လက်စွဲ အခန်း (၉)မှ (၁၂)၊

(ဋ) Myanmar Railway Train Signaling Instruction Absolute Block System, 1948

(ဌ) ၁၉၉၆ ခုနှစ်၊ မြန်မာ့မီးရထား အချက်ပြနှင့် ဆက်သွယ်ရေးလက်စွဲ၊

(ဍ) ၁၉၉၅ ခုနှစ်၊ မြန်မာ့မီးရထားတစ်စင်းတည်းသွား လမ်းပိုင်းစနစ်အတွက် ရထားအချက်ပြ လမ်းညွှန် ချက်များ၊

(ဎ) ၁၉၉၂ ခုနှစ်၊ မြန်မာ့မီးရထား အချက်ပြနည်းသစ် အပိုင်း (၁) လမ်းခွဲများနှင့် အပိုင်း(၂) လမ်းမကြီးများ၊

(ဏ) Traffic Manual

(တ) ၁၉၉၆ ခုနှစ်၊ မြန်မာ့မီးရထား သွားလာရေးလက်စွဲ၊

(ထ) Myanmar Railway Goods Tariff

(ဒ) Myanmar Railway Red Tariff

(ဓ) Myanmar Railway Coaching Tariff

(န) လူစီးနှင့် ကုန်နှုန်းထားများ (Goods & Coaching Tariff)

(ပ) Myanmar Railway စက်ခေါင်းများ M1 to M5 စစ်ဆေးမှုဆိုင်ရာ လမ်းညွှန်ချက်များ၊

(ဖ) စက်ခေါင်းအင်အား အသုံးချခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများလက်စွဲ၊

(ဗ) လူစီးတွဲနှင့် ကုန်တွဲညွှန်ကြားလွှာများ၊

(ဘ) Manual of Instruction Guidance of Travelling Inspector of Station Accounts

(မ) Manual of Instruction for the Guidance of the Cash Office

(ယ) Manual of Instruction for the Guidance of the Pay Office Staff

(ရ) Manual of Instruction for the Guidance of the Stores Section

(လ) Manual of Instruction for the Guidance of the Booking & Budget Section

(ဝ) Manual of the Establishment Section

(သ) Myanmar Railways Medical Manual, 1941

(ဟ) မြန်မာနိုင်ငံ ရဲလက်စွဲ(တတိယတွဲ)၊

(ဠ) India Railway Code for the Stores Department

(အ) ၁၉၆၀ ခုနှစ်၊ မီးရထားအခမဲ့စီးနင်းခွင့်လက်မှတ် ထုတ်ပေးရေးနည်းဥပဒေ။


(ပုံ) သန့်စင်မောင်
ပြည်ထောင်စုဝန်ကြီး
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန