လျှပ်စစ်နည်းဥပဒေများ

DOWNLOAD

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
(လျှပ်စစ်နည်းဥပဒေများ)
အမိန့်ကြော်ငြာစာအမှတ်၊ ၁၉၈/၂၀၁၅
၁၃၇၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၄ ရက်
(၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်)
လျှပ်စစ်နည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများ

အမိန့်ကြော်ငြာစာအမှတ် (၁၂၃/၂၀၂၂) (၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်)
(ပထမအကြိမ် ပြင်ဆင်ပြီး)

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် လျှပ်စစ်ဥပဒေ ပုဒ်မ ၇၂ ပုဒ်မခွဲ (က) အရ အပ်နှင်း ထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အောက်ပါ နည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။

အခန်း(၁)
အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤနည်းဥပဒေများကို လျှပ်စစ်နည်းဥပဒေများဟု ခေါ်တွင်စေရမည်။

၂။ ဤနည်းဥပဒေများတွင်ပါရှိသော စကားရပ်များသည် လျှပ်စစ်ဥပဒေတွင်ပါရှိသည့်အတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည်။ ထို့ပြင်ဤနည်းဥပဒေများတွင် ပါရှိသောအောက်ပါစကားရပ် များသည် ဖော်ပြပါ အတိုင်းအဓိပ္ပာယ် သက်ရောက်စေရမည်-

(က) ခွင့်ပြုမိန့် ရရှိသူ ဆိုသည်မှာ ဤနည်းဥပဒေ ၁၃ ပါ ခွင့်ပြုမိန့်အမျိုးအစား*တစ်ခုခုနှင့် သက်ဆိုင်သည့် လျှပ်စစ်ဆိုင်ရာလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ရန် ခွင့်ပြုမိန့်ထုတ်ပေးခြင်း ခံရသည့် လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကို ဆိုသည်။

(ခ) မဟာဓာတ်အားလိုင်းစနစ်ပို့လွှတ်ခြင်းခွင့်ပြုမိန့် ဆိုသည်မှာ ခွင့်ပြုမိန့်ရရှိသူအား မဟာ ဓာတ်အား လိုင်းကွန်ရက်ကို တည်ဆောက်ခွင့်၊ ဆောင်ရွက်လည်ပတ်ခွင့်နှင့် စီမံခန့်ခွဲခွင့် ပေးထားသည့် ခွင့်ပြုမိန့်ကို ဆိုသည်။

(ဂ) အထူးရည်ရွယ်ချက်ဖြင့်ခွင့်ပြုသော လျှပ်စစ်ဓာတ်အားပို့လွှတ်ခြင်းခွင့်ပြုမိန့် ဆိုသည်မှာ ခွင့်ပြုမိန့်ရရှိသူသည် အများပြည်သူအကျိုးစီးပွားကို မြှင့်တင်ပေးရန်အတွက် သတ်မှတ် ထားသည့် နေရာမှ အထူးရည်ရွယ်ချက်ဖြင့် လုပ်ငန်းဆောင်ရွက်မည့် နေရာသို့  လျှပ်စစ် ဓာတ်အားကို ပို့လွှတ်ရန်အလို့ငှာ မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်သည်ဖြစ်စေ၊ မချိတ်ဆက်သည်ဖြစ်စေ လျှပ်စစ်ဓာတ်အား ပို့လွှတ် ခြင်းဆိုင် ရာအဆောက်အအုံကို တည်ဆောက်ခွင့်၊ ဆောင်ရွက်လည်ပတ်ခွင့်နှင့် စီမံခန့်ခွဲခွင့်ပေးထားသည့် ခွင့်ပြုမိန့် ကိုဆိုသည်။

(ဃ) လျှပ်စစ်ဓာတ်အားလက်ကားရောင်းချခြင်းခွင့်ပြုမိန့် ဆိုသည်မှာခွင့်ပြုမိန့်ရရှိသူအား လျှပ်စစ်ဓာတ်အားလက်လီရောင်းချခြင်း ခွင့်ပြုမိန့်ရရှိသူများထံသို့ လည်းကောင်း၊ အကြီးစားစီးပွားရေးဆိုင်ရာ နှင့် အကြီးစားစက်မှုလုပ်ငန်းဆိုင်ရာ လျှပ်စစ်ဓာတ်အားသုံးစွဲ သူများထံသို့လည်းကောင်း လျှပ်စစ်ဓာတ်အား လက်ကားရောင်းချခွင့်ပြုသည့် ခွင့်ပြုမိန့် ကိုဆိုသည်။

(င) လျှပ်စစ်ဓာတ်အားလက်လီရောင်းချခြင်းခွင့်ပြုမိန့် ဆိုသည်မှာ ခွင့်ပြုမိန့်ရရှိသူအား လျှပ်စစ်ဓာတ်အားလက်လီသုံးစွဲသူများထံ လျှပ်စစ်ဓာတ်အားရောင်းချခွင့်ပေးထားသည့် ခွင့်ပြုမိန့်ကို ဆိုသည်။

(စ) လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းနှင့် လက်လီရောင်းချခြင်း ထပ်ဆင့်ခွင့်ပြုမိန့် ဆိုသည်မှာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းနှင့် လက်လီရောင်းချခြင်း လုပ်ငန်းများအတွက် ခွင့်ပြုမိန့် ရရှိထားသူ၏ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေး အဆောက်အအုံများအား ငှားရမ်း၍ လျှပ်စစ်ဓာတ်အားလက်လီသုံးစွဲသူများထံ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရောင်းချခြင်း ခွင့်ပြုမိန့်ကိုဆိုသည်။

(ဆ) ဝန်ဆောင်မှုနယ်နိမိတ် ဆိုသည်မှာ လျှပ်စစ်ဆိုင်ရာလုပ်ငန်းခွင့်ပြုမိန့်တွင် ဖော်ပြထား သော လျှပ်စစ်ဆိုင်ရာ လုပ်ငန်းများကို ခွင့်ပြုမိန့်ရရှိသူက လုပ်ကိုင်ဆောင်ရွက်ခွင့် ရှိသည့် သတ်မှတ်ထားသော နယ်နိမိတ်ကို ဆိုသည်။

(ဇ) လျှပ်စစ်ဓာတ်အားဝန်ဆောင်မှု ဆိုသည်မှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူး ခြင်းနှင့်ရောင်းချခြင်းစသည့် လျှပ်စစ်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာလုပ်ငန်းများ အလိုက် သတ်မှတ်ထားသောတာဝန်များကို ကျေပွန်အောင် ဆောင်ရွက်ပေးခြင်းကိုဆိုသည်။

(ဈ) လျှပ်စစ်ဓာတ်အားအပြည့်အဝဝယ်ယူသူ ဆိုသည်မှာ လျှပ်စစ်ဓာတ်အားသုံးစွဲသူများ ထံရောင်းချ မည့်လျှပ်စစ်ဓာတ်အားလိုအပ်ချက်များအားလုံးကို တစ်ခုတည်းသောလျှပ်စစ် ဓာတ်အားအရင်းအမြစ်ထံမှ ဝယ်ယူဖြည့်တင်းသည့် လျှပ်စစ်ဓာတ်အား လက်လီရောင်းချ ခြင်းခွင့်ပြုမိန့် ရရှိသူကိုဆိုသည်။

(ည) လျှပ်စစ်ဓာတ်အားတစ်စိတ်တစ်ဒေသဝယ်ယူသူ ဆိုသည်မှာ လျှပ်စစ်ဓာတ်အားသုံးစွဲသူ များထံ ရောင်းချမည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်များအားလုံးကို လျှပ်စစ်ဓာတ်အား အရင်းအမြစ်ပေါင်းစုံထံမှ ဝယ်ယူဖြည့်တင်းသည့်  လျှပ်စစ်ဓာတ်အားလက်လီရောင်းချ ခြင်းခွင့်ပြုမိန့် ရရှိသူကိုဆိုသည်။

(ဋ) လျှပ်စစ်ဓာတ်အားခနှုန်းထား ဆိုသည်မှာ ခွင့်ပြုမိန့်ရရှိသူက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းများအတွက် တောင်းခံသည့် အဖိုးစားနားကို ဆိုသည်။

(ဌ) လျှပ်စစ်ဓာတ်အားကွပ်ကဲရေးဌာနများ ဆိုသည်မှာ လျှပ်စစ်ဥပဒေ ပုဒ်မ ၃၅ ပုဒ်မခွဲ (က) နှင့်အညီ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန* မှ ဖွဲ့စည်းထားသည့် လျှပ်စစ်ဓာတ်အား ကွပ်ကဲရေးဌာနများကို ဆိုသည်။


* ၂၈.၂.၂၀၂၂ ရက်နေ့တွင် ပထမအကြိမ် ပြင်ဆင်သည်။

အခန်း(၂)
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန*၏ တာဝန်များ

၃။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန*၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန*သည် လျှပ်စစ်ဆိုင်ရာလုပ်ငန်းများနှင့် လျှပ်စစ်ဓာတ်အား ဝန်ဆောင်မှုပေးခြင်းတို့ကို နည်းဥပဒေများနှင့်အညီ ထိန်းသိမ်းကြီးကြပ်ရန်တာဝန် ရှိသည်။

(ခ) လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန*သည်-

(၁) ပြည်ပသို့လျှပ်စစ်ဓာတ်အား တင်ပို့ခြင်း/ပြည်ပမှ လျှပ်စစ်ဓာတ်အားတင်သွင်းခြင်း ခွင့်ပြုမိန့် လျှောက်ထားချက်များကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီ ချက်ဖြင့်အတည်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုလုပ်ရမည်။

(၂) လျှပ်စစ်ဥပဒေပုဒ်မ ၅ ပုဒ်မခွဲ (ည) နှင့်ပုဒ်မ ၃၇ တို့တွင် ဖော်ပြထားသည့် အတိုင်းခွင့်ပြုမိန့်အမျိုး အစားအလိုက် ခွင့်ပြုမိန့်ရရှိသူများက လိုက်နာဆောင်ရွက် ရမည့် လျှပ်စစ်ဓာတ်အားကွန်ရက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (Grid Code)၊ နည်းပညာပိုင်းနှင့်လုပ်ငန်းပိုင်းဆိုင်ရာ စံသတ်မှတ်ချက်များ (Technical and Industrial Standards)၊ ကျင့်ဝတ်စည်းကမ်းများ (Code of Conduct)၊ စစ်ဆေးမှု နည်းစနစ်များ (Inspection Methods) အားထုတ်ပြန်ကြေငြာရမည်။

(၃) အခြားဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းတိုင်ပင်၍ လျှပ်စစ်ဓာတ်အားလိုအပ် ချက် ခန့်မှန်းခြင်းနှင့် ကုန်ကျစရိတ်အနည်းဆုံး အရင်းအမြစ်များနှင့် ရင်းနှီးမြှုပ်နှံမှု စီမံချက်များရေးဆွဲရန်  နည်းစနစ်များပြုစုခြင်းနှင့်  ခွင့်ပြုမိန့် ရရှိသူများကို ယင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လမ်းညွှန်ချက်များ ပေးခြင်း တို့ကို ဆောင်ရွက်ရမည်။

(၄) ခွင့်ပြုမိန့်ရရှိသူများ ရေးဆွဲတင်ပြလာသည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက် ခန့်မှန်းခြင်းနှင့် ကုန်ကျစရိတ်အနည်းဆုံး အရင်းအမြစ်များနှင့် ရင်းနှီးမြှုပ်နှံမှု စီမံချက်များကို သုံးသပ်ခြင်း၊ စိစစ်ခြင်း၊ အတည် ပြုခြင်းများ ဆောင်ရွက်ရမည်။

(၅) ခွင့်ပြုမိန့်ရရှိထားသူများ အဆိုပြုသည့် ရင်းနှီးမြှုပ်နှံမှုနှင့် လျှပ်စစ်ဓာတ်အား ဝယ်ယူမှုဆိုင်ရာ အစီအစဉ်များသည် ကုန်ကျစရိတ်အနည်းဆုံးအရင်းအမြစ်များနှင့် ရင်းနှီးမြှုပ်နှံမှုအပေါ် အခြေခံထား ခြင်းဖြစ်မဖြစ်၊ “အမျိုးသားလျှပ်စစ်ဓာတ်အား ဖွံ့ဖြိုးတိုးတက်မှုစီမံချက် (National Electric Power Development Plan)” နှင့်ကိုက်ညီခြင်းရှိ မရှိ၊ လျှပ်စစ်ဆိုင်ရာလုပ်ငန်းနှင့်ဆိုင်သော အလေ့အကျင့် ကောင်းများ (Prudent Utility Practices)ကို ဖြည့်ဆည်းနိုင်ခြင်း ရှိ မရှိ တို့နှင့် စပ်လျဉ်း၍ သုံးသပ်ခြင်း၊ စိစစ်ခြင်း၊ အတည်ပြုခြင်းများကို ဆောင်ရွက်ရမည်။

(၆) ခွင့်ပြုမိန့်ရရှိသူများအားလုံး လိုက်နာဆောင်ရွက်ရန် နိုင်ငံတကာ အဆင့်ရှိသော စာရင်းအင်းဆိုင် ရာ စံချိန်စံညွှန်းများ(International Accounting Standards) နှင့် လိုက်လျောညီထွေဖြစ်သည့် ငွေစာ ရင်းစနစ် (Uniform System of Account) နှင့်လိုအပ်ချက်များကို သတ်မှတ်ပေးရမည်။

(၇) ခွင့်ပြုမိန့်ပါ စည်းကမ်းချက် သို့မဟုတ် သက်ဆိုင်ရာက ထုတ်ပြန်သော အမိန့် သို့မဟုတ် ညွှန်ကြားချက်များနှင့် သဘောတူစာချုပ်များပါ သတ်မှတ်ချက်များကို ခွင့်ပြုမိန့်ရရှိသူများ လိုက်နာစေရန် ကြပ်မတ်ဆောင်ရွက်ရမည်။

(၈) လျှပ်စစ်ဓာတ်အား ကဏ္ဍပြုပြင်ပြောင်းလဲရေး ဆောင်ရွက်သည့်အခါ ခွင့်ပြုမိန့်ပါ သတ်မှတ်ချက်များအားပြင်ဆင်ရန် လိုအပ်ပါက ပြည်ထောင်စုအစိုးရအဖွဲ့ထံမှ သဘောတူညီချက်ရရှိရန် အဆိုပြုတင်ပြ ရမည်။

(၉) လျှပ်စစ်ဓာတ်အားသုံးစွဲသူများအားအကျိုးရှိထိရောက်စွာ သုံးစွဲရေးနှင့် ခြိုးခြံ ချွေတာရေးဆိုင်ရာ အသိပညာပေးသည့်လုပ်ငန်းများနှင့် အကောင်အထည်ဖော် သည့်လုပ်ငန်းများကို ဆောင်ရွက်ရမည်။ (Energy Efficiency and Energy Saving)

(၁၀) “အမျိုးသားလျှပ်စစ်ဓာတ်အားဖွံ့ဖြိုးတိုးတက်မှု စီမံချက်(National Electric Power Development Plan)” ကိုနှစ်ရှည်ရည်မှန်းချက်ထား ရေးဆွဲကာ ပြည်ထောင်စုအစိုးရအဖွဲ့ထံတင်ပြ၍ သဘောတူညီချက်ရယူရမည်။ ယင်းစီမံချက် ကို နှစ်စဉ်မွမ်းမံရေးဆွဲ၍ ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြ သဘောတူညီ ချက်ရယူရမည်။

(၁၁) ယင်းလုပ်ငန်းစဉ်များတွင် လျှပ်စစ်ဓာတ်အားကဏ္ဍနှင့် သက်ဆိုင်သူများ၊ ပြည်သူများ ပါဝင်သော ဆွေးနွေးပွဲများကို စီစဉ်ကျင်းပရမည်။

(၁၂) အမျိုးသားလျှပ်စစ်ဓာတ်အားဖွံ့ဖြိုးတိုးတက်ရေး စီမံချက်သည် အားထားရသည့် လျှပ်စစ်ဓာတ် အားပံ့ပိုးမှုနှင့် သုံးစွဲမှုပမာဏတို့အကြား ရေရှည်ဟန်ချက် ညီမျှမှုရှိပြီး၊ ကျေးလက်ဒေသလျှပ်စစ်မီးရရှိ ရေးကို အထောက်အကူပြုသည့် ရင်းနှီးမြှုပ်နှံမှုများဖြစ်စေရန် အလေးပေးဆောင်ရွက်ရမည်။

(၁၃) ခွင့်ပြုမိန့်ရရှိသူများက တင်သွင်းလာသည့်တိုးချဲ့ရင်းနှီးမြှုပ်နှံမှုနှင့် လျှပ်စစ်ဓာတ် အားတိုးမြှင့်ရယူခြင်း အစီအစဉ်များကို စုစည်း၍ ပြည်ထောင်စုအစိုးရ အဖွဲ့သို့တင်ပြအတည်ပြုချက်ရယူရမည်။

(၁၄) ခွင့်ပြုမိန့်ရရှိသူများက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ခွင့်ပြုထားခြင်းမရှိ သည့်မိမိ၏ ကုန်ကျစရိတ် ကာမိစေရန် ပြုလုပ်သောတိုးချဲ့ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များကို တားမြစ်ရမည်။

(၁၅) လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူညီချက်များသည် သင့်တင့်လျောက်ပတ် သည့် အနိမ့်ဆုံး ကုန်ကျစရိတ်ဖြင့် ကိုက်ညီမှုရှိ မရှိစိစစ်ခွင့်ပြုရမည်။

(၁၆) ခေတ်မီနည်းပညာများ မြှင့်တင်ရန်နှင့် ပညာရှင်များ၊ ကျွမ်းကျင်သူများ မွေးထုတ်ပေးရန်အတွက် သင်တန်းကျောင်းများဖွင့်လှစ်၍ လေ့ကျင့်ပညာပေးခြင်း များဆောင်ရွက်နိုင်သည်။ ယင်းသို့ဆောင်ရွက် ရန်အတွက်အခြားမည်သည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကိုမဆို ခွင့်ပြုနိုင်သည်။

၄။ နည်းဥပဒေ ၃ နှင့်အညီ ဆောင်ရွက်သည့်* စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ ဆုံးဖြတ်ချက်များနှင့်အမိန့်များသည် ဥပဒေနှင့်အကျိုးအကြောင်း အပြည့်အစုံအပေါ် အခြေခံ ဖော်ပြထားသည့်စာဖြင့် ရေးသားထားသော ဆုံးဖြတ်ချက်နှင့် အမိန့်များဖြစ်ရမည်။

လုပ်ငန်းဆောင်ရွက်မှု စံသတ်မှတ်ချက်များ (Performance Standards)

၅။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန*သည် လျှပ်စစ်ဓာတ်အားကို ယုံကြည်အားထားရစွာ၊ ဘေးကင်း လုံခြုံစွာနှင့် ထိရောက်အကျိုးရှိစွာပေးပို့ရန်အလို့ငှာ ခွင့်ပြုမိန့်အမျိုးအစား အသီးသီးအတွက် ခွင့်ပြုမိန့်ရရှိသူများ လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းဆောင်ရွက်မှုစံသတ်မှတ်ချက်များ (Performance Standards) ကို ထုတ်ပြန်ရမည်။

၆။ ခွင့်ပြုမိန့်ရရှိသူများသည် လုပ်ငန်းဆောင်ရွက်မှုစံသတ်မှတ်ချက်များ (Performance Standards) ကို ပြည့်မီအောင်မဆောင်ရွက်နိုင်သေးမီ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန*သည် လျှပ်စစ်ဆိုင်ရာလုပ်ငန်း တစ်ခုချင်းစီအလိုက် ဖြေလျော့ပေးထားသော စံသတ်မှတ်ချက်များ (tailor laxer standards specific) ကိုအချိန်ကာလတစ်ခု သတ်မှတ်၍ အသုံးပြုစေနိုင်သည်။

၇။ ခွင့်ပြုမိန့်ရရှိသူများသည် သတ်မှတ်ထားသည့် အချိန်ကာလအတွင်း လုပ်ငန်းဆောင်ရွက်မှုစံသတ် မှတ်ချက်များ (Performance Standards) ကို ပြည့်မီအောင်ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန*သည် အဆိုပါလုပ်ငန်းများ၏ ဆောင်ရွက်မှုတိုးတက် ကောင်းမွန် လာသည့်အခြေအနေများကို စိစစ်သုံးသပ်လျက် မူလဖြေလျော့ထားသော လုပ်ငန်းဆောင်ရွက်မှု စံသတ်မှတ်ချက်များကို ပြင်ဆင်ခြင်း ပြုနိုင်သည်။


နည်းပညာဆိုင်ရာ စံသတ်မှတ်ချက်များနှင့်ကျင့်ဝတ်စည်းကမ်းများ

၈။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန*သည် အောက်ပါတို့ကို ပြဋ္ဌာန်းပေးခြင်းဖြင့် နည်းပညာဆိုင်ရာ စံသတ်မှတ်ချက်များ (Technical Standards) တိုးတက်ကောင်းမွန်မှုနှင့် တစ်ပြေးညီ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများ (Code of Conducts) ကိုအားပေးမြှင့်တင်ရမည်-

(က) လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်းနှင့်ဖြန့်ဖြူးခြင်းဆိုင်ရာ အဆောက်အအုံများ ၏ ဘေးကင်းလုံခြုံမှု၊ အားထားရမှုနှင့်ကုန်ကျစရိတ်အလျောက် အကျိုးဖြစ်ထွန်းမှုများနှင့် စပ်လျဉ်းသည့် စံနှုန်းများ။

(ခ) လျှပ်စစ်ပစ္စည်းများတပ်ဆင်ခြင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများဆိုင်ရာ စံသတ်မှတ် ချက်များ (Electrical Installation and Construction Standards)။

(ဂ) လုပ်ငန်းလည်ပတ်ခြင်းဆိုင်ရာ စံသတ်မှတ်ချက်များ(Operating Standards) နှင့်လုပ်ငန်း စဉ်များ (Processes)။

(ဃ) ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ငန်းဇယားများ တစ်ခုနှင့်တစ်ခု ဟန်ချက်ညီချိတ်ဆက် မှုရှိစေခြင်း (Coordination of Maintenance Schedules)။

(င) လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် လုံလောက်သော အရန်လျှပ်စစ် ဓာတ်အားနှင့် အစီအမံများ။

(စ) လျှပ်စစ်ဆိုင်ရာပစ္စည်းကိရိယာများ၏ အရည်အသွေးနှင့်စံချိန်စံညွှန်းဆိုင်ရာ သတ်မှတ် ချက်များ (Quality and Norm Specifications)။

၉။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန*သည် စံချိန်စံညွှန်းများ၊ လမ်းညွှန်ချက်များနှင့် စပ်လျဉ်း၍ မွမ်းမံခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းများကို မည်သည့်အချိန်တွင်မဆို ပြုလုပ်နိုင် သည်။ ယင်းမွမ်းမံ ခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းများသည် ဆောင်ရွက်ဆဲဖြစ်သော ဆောင်ရွက်ချက်များအ ပေါ်နောက်ကြောင်းပြန် အကျိုးသက်ရောက်မှု မရှိစေရ။

၁၀။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန*သည် အထက်ပါတာဝန်များကို ဆောင်ရွက်ရာတွင် လျှပ်စစ် ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကော်မရှင်၏ အကြံပြုချက်ကို ရယူနိုင်သည်။


ကုန်ကျစရိတ်အခြေပြုထားခြင်းမရှိသည့် လျှပ်စစ်ဓာတ်အားခနှုန်းထားများ

၁၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန*သည် ယှဉ်ပြိုင်မှုစနစ်ဖြင့် ဆောင်ရွက်ထားသည့် လျှပ်စစ်ဓာတ် အားခနှုန်းထားများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီ ချက်ရယူ၍ ခွင့်ပြုပေးနိုင် သည်။*


လျှပ်စစ်ဓာတ်အားခနှုန်းထားများနှင့်စပ်လျဉ်း၍ ကော်မရှင်သဘောထားရယူခြင်း

၁၂။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန*သည် လျှပ်စစ်ဓာတ်အားခနှုန်းထားသတ်မှတ်ခြင်း၊ ပြင်ဆင် ပြောင်းလဲခြင်း ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကော်မရှင်၏ အကြံပြုချက်ကို ရယူပြီးပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြရမည်။


* ၂၈.၂.၂၀၂၂ ရက်နေ့တွင် ပထမအကြိမ် ပြင်ဆင်သည်။

အခန်း(၃)
ထုတ်ပေးနိုင်သောခွင့်ပြုမိန့်အမျိုးအစားများ

ခွင့်ပြုမိန့်အမျိုးအစားများ

၁၃။ လျှပ်စစ်ဥပဒေ ပုဒ်မ ၈ ပုဒ်မခွဲ (ခ)တွင် ပြည်ထောင်စုက စီမံခန့်ခွဲခွင့်ရှိသည့် အကြီးစားလျှပ်စစ် ဓာတ်အားစူးစမ်းရှာဖွေခြင်း၊ တည်ဆောက်ခြင်း၊ ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းဝယ် ခြင်းနှင့် ဖလှယ်ခြင်းစသည့် လျှပ်စစ်ဆိုင်ရာလုပ်ငန်းများ လုပ်ကိုင်ခွင့်ရှိသည့် ခွင့်ပြုမိန့်များထုတ်ပေးနိုင် ခွင့်ကို လျှပ်စစ်စွမ်းအားဝန်ကြီးထံ အပ်နှင်းထားပါသည်။ ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ထုတ်ပေးနိုင်သောခွင့်ပြုမိန့်များတွင် အောက်ပါတို့ပါဝင်ရမည်-

(က) လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း ခွင့်ပြုမိန့်။

(ခ) မဟာဓာတ်အားလိုင်းစနစ် ပို့လွှတ်ခြင်းခွင့်ပြုမိန့်။

(ဂ) အထူးရည်ရွယ်ချက်ဖြင့်ခွင့်ပြုသော လျှပ်စစ်ဓာတ်အား ပို့လွှတ်ခြင်းခွင့်ပြုမိန့်။

(ဃ) လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း ခွင့်ပြုမိန့်။

(င) လျှပ်စစ်ဓာတ်အားလက်ကားရောင်းချခြင်းခွင့်ပြုမိန့် (Wholesale Power Supply License)။

(စ) လျှပ်စစ်ဓာတ်အားလက်လီရောင်းချခြင်း ခွင့်ပြုမိန့်(Retail Power Supply License)။

(ဆ) လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းနှင့် လက်လီရောင်းချခြင်းထပ်ဆင့်ခွင့်ပြုမိန့်။

(ဇ) ပြည်ပသို့လျှပ်စစ်ဓာတ်အား တင်ပို့ခြင်း/ ပြည်ပမှလျှပ်စစ်ဓာတ်အားတင်သွင်းခြင်း ခွင့်ပြုမိန့်။


လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း ခွင့်ပြုမိန့်

၁၄။ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းခွင့်ပြုမိန့် ရရှိသူသည် အသေးစိတ်ဖော်ပြထားသည့် လျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်းဆိုင်ရာ အဆောက်အအုံများ(generation facilities)ကို တည်ဆောက်ခွင့်၊ ဆောင်ရွက်လည်ပတ်ခွင့်၊ စီမံခန့်ခွဲခွင့်နှင့် လျှပ်စစ်ဓာတ်အားကို ဥပဒေနှင့်အညီ ထုတ်လုပ်၊ ရောင်းချခွင့်ရှိသည်။

၁၄-က။ ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ပြည်တွင်းပြည်ပမှ ရင်းနှီး မြှုပ်နှံလုပ်ကိုင်ဆောင်ရွက်လိုသူကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း ခွင့်ပြုမိန့် လျှောက်ထား ခြင်းမပြုမီ ဆောင်ရွက်ရန်လိုအပ်သော အကြီးစားလျှပ်စစ်ဓာတ်အား စူးစမ်းရှာဖွေခြင်းနှင့် ဖြစ်မြောက်နိုင်စွမ်းလေ့လာမှု ပြုလုပ်ရန် ခွင့်ပြုနိုင်သည်။

၁၅။ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းခွင့်ပြုမိန့် လျှောက်ထားချက်များတွင် လျှပ်စစ်ဓာတ်အားထုတ် လုပ်မှု အမျိုးအစား၊ ထုတ်လုပ်မည့်ဝန်အား၊ တည်နေရာ၊ ဓာတ်အားချိတ်ဆက်မှုအစီအမံများ၊ နည်းပညာ ပိုင်းဆိုင်ရာ ကန့်သတ်ချက်များ (technical limitations)၊ နည်းပညာနှင့် လုပ်ငန်းပိုင်းဆိုင်ရာ အသေး စိတ်ဖော်ပြချက်များ(technical and functional specifications) နှင့်လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး ဆိုင်ရာပစ္စည်းများ၏ စီးပွားဖြစ်လည်ပတ်နိုင်မည့် မျှော်မှန်း သက်တမ်းစသည်တို့ပါဝင်ရမည်။

၁၆။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန*သည် အောက်ပါအချက်အားလုံးနှင့် ကိုက်ညီပါက လျှပ်စစ်ဓာတ် အား ထုတ်လုပ်ခြင်း ခွင့်ပြုမိန့်ကို ထုတ်ပေးရမည်-

(က) မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က သဘောတူခွင့်ပြုခြင်း။

(ခ) လျှပ်စစ်ဓာတ်အားဝယ်ယူမှုသဘောတူညီချက် ချုပ်ဆိုမှုကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူ ညီချက်ဖြင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန*မှ ခွင့်ပြုခြင်း။

(ဂ) သက်ဆိုင်ရာလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းသည် တစ်ယူနစ်ထုတ်လုပ်မှု ကုန်ကျစရိတ် အနည်းဆုံးဖြစ်ကြောင်း စိစစ်အတည်ပြုခြင်း။

၁၇။ အောက်ပါအခြေအနေတစ်ရပ်ရပ်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန*သည် ခွင့်ပြုမိန့်ထုတ်ပေး ရန် ငြင်းပယ်နိုင်သည်-

(က) ခွင့်ပြုမိန့်လျှောက်ထားသူသည် အရည်အချင်းသတ်မှတ်ချက်စံနှုန်းနှင့် မပြည့်မီခြင်း။

(ခ) လုပ်ငန်းခွင် တည်နေရာ၊ နည်းပညာ၊ ဒီဇိုင်းပုံစံ၊ လောင်စာအမျိုးအစားနှင့် အခြားဆက်စပ် သည့် အချက်အလက်များသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေနှင့် ကိုက်ညီမှုမရှိခြင်း။

(ဂ) ဓာတ်အားခနှုန်းထားသည် အနည်းဆုံး ကုန်ကျစရိတ်အပေါ်အခြေခံ၍ တွက်ချက်ထားမှု မရှိခြင်း။

၁၈။ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း ခွင့်ပြုမိန့်ရရှိသူသည် လျှပ်စစ်ဓာတ်အားဝယ်ယူသူများနှင့် သဘောတူချုပ်ဆိုထားသည့် စာချုပ်ပါဝန်ဆောင်မှုဆိုင်ရာ တာဝန်များ၊ လုပ်ငန်းပိုင်းဆိုင်ရာ လုပ်ထုံးလုပ် နည်းများ၊ လုပ်ငန်းဆောင်ရွက်ချက်စံသတ်မှတ်ချက်များအား လိုက်နာရမည်*

၁၉။ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း ခွင့်ပြုမိန့်ရရှိသူက အောက်ပါအချက်များကို လိုက်နာ ဆောင်ရွက်ရမည်-

(က) သက်ဆိုင်ရာဥပဒေ၊ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ သတ်မှတ်ချက်များ၊

(ခ) သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတ်မှတ်ချက်များ၊

(ဂ) မဟာဓာတ်အားလိုင်းစနစ်နှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးစနစ်များကို ဘေးကင်းလုံခြုံ စိတ်ချသေချာ စွာဖြင့် စီးပွားရေးအရ တွက်ခြေကိုက်စွာ လည်ပတ်အသုံးပြုခြင်း၊

(ဃ) နည်းဥပဒေခွဲ (က)၊ (ခ) နှင့် (ဂ) တို့ပါ အချက်များကို လိုက်နာရန် ပျက်ကွက်မှုကြောင့် မဟာဓာတ်အား လိုင်းစနစ်နှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးစနစ်တို့တွင် ထိခိုက်မှုများ ဖြစ်ပေါ်ပါက လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနက သဘောတူခွင့်ပြုသည့် လျော်ကြေးကို နစ်နာသူထံ ပေးအပ်ခြင်း။

၂၀။ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းခွင့်ပြုမိန့် သက်တမ်းမှာ တည်ဆဲဥပဒေများနှင့်အညီ ချုပ်ဆို ထားသောစာချုပ်ပါသက်တမ်းအတိုင်း ခွင့်ပြုနိုင်သည်။


လျှပ်စစ်ဓာတ်အားပို့လွှတ်ခြင်း

၂၁။ လျှပ်စစ်ဓာတ်အားပို့လွှတ်ရာတွင် မဟာဓာတ်အားလိုင်းစနစ်ပို့လွှတ်ခြင်းခွင့်ပြုမိန့်နှင့် အထူးရည် ရွယ်ချက်ဖြင့် ခွင့်ပြုသော လျှပ်စစ်ဓာတ်အား ပို့လွှတ်ခြင်းခွင့်ပြုမိန့်ဟူ၍ အမျိုးအစားနှစ်မျိုး ရှိရမည်။

၂၂။ လျှပ်စစ်ဓာတ်အားပို့လွှတ်ခြင်းတွင် ၁၃၂ ကေဗွီနှင့်အထက် ဗို့အားဖြင့် လျှပ်စစ်ဓာတ်အား ပို့လွှတ်ခြင်းများအတွက် လျှပ်စစ်ဓာတ်အားပို့လွှတ်ခြင်းဆိုင်ရာ အဆောက်အအုံများကို တည်ဆောက်ခွင့်၊ ဆောင်ရွက်လည်ပတ်ခွင့်၊ စီမံခန့်ခွဲခွင့်များ ပါရှိစေရမည်။


မဟာဓာတ်အားလိုင်းစနစ် ပို့လွှတ်ခြင်းခွင့်ပြုမိန့်

၂၃။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တစ်ဝှမ်းတွင် မဟာဓာတ်အားလိုင်း ပို့လွှတ်ကွန်ရက်ကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန*ကသာ တစ်ဦးတည်းသီးသန့်ပိုင်ဆိုင်ရန်၊ တည်ဆောက်ရန်၊ ဆောင်ရွက်လည်ပတ်ရန်နှင့် စီမံခန့်ခွဲရန် လုပ်ပိုင်ခွင့်ရှိပြီး မဟာဓာတ်အားလိုင်းစနစ် ပို့လွှတ်ခြင်း ခွင့်ပြုမိန့်ကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန*အောက်ရှိ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲ ရေးလုပ်ငန်းကို တာဝန်ယူဆောင်ရွက်သည့် အဖွဲ့အစည်းနှင့် ၎င်းကို ဆက်ခံသူမည်သူ မဆိုအတွက် ထုတ်ပေးရမည်။

၂၄။ မဟာဓာတ်အားလိုင်းစနစ်ပို့လွှတ်ခြင်း ခွင့်ပြုမိန့်တွင် ခွင့်ပြုမိန့်ရရှိသူ၏ ဝန်ဆောင်မှုဆိုင်ရာ တာဝန်များကို ဖော်ပြရမည်။

၂၅။ မဟာဓာတ်အားလိုင်းစနစ်ပို့လွှတ်ခြင်း ခွင့်ပြုမိန့်ရရှိသူက အောက်ပါအချက်များကို လိုက်နာဆောင်ရွက် ရမည်*-

(က) သက်ဆိုင်သောဥပဒေနှင့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ သတ်မှတ်ချက်များအားလုံးနှင့် အညီ မဟာဓာတ်အားလိုင်းစနစ် ပို့လွှတ်ခြင်းကို ဆောင်ရွက်လည်ပတ်ခြင်း၊ ပြုပြင် ထိန်းသိမ်းခြင်းနှင့် တိုးချဲ့ ခြင်း။

(ခ) လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန*မှ သဘောတူထုတ်ပြန်သည့် လျှပ်စစ်ဓာတ်အား ကွန်ယက်ဆိုင်ရာ လုပ်ထုံးလုပ်နည်း (grid code)၊ သက်ဆိုင်သော လုပ်ငန်းဆောင်ရွက်မှု စံသတ်မှတ်ချက်များ (Performance Standards) အားလုံးနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာသတ်မှတ်ချက်များအားလုံးကို လိုက်နာခြင်း။

(ဂ) မဟာဓာတ်အားလိုင်းစနစ်နှင့် ယင်းနှင့် ချိတ်ဆက်ထားသည့် လျှပ်စစ်ဓာတ်အားပေး စက်ရုံများ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးကွန်ရက်များသည် ဘေးကင်းလုံခြုံမှုရှိခြင်း၊ စီးပွားရေးအရ တွက်ခြေ ကိုက်ပြီး ယုံကြည်အားထားနိုင်စွာလည်ပတ်နိုင်ခြင်း။

၂၆။ မဟာဓာတ်အားလိုင်းစနစ် ပို့လွှတ်ခြင်းခွင့်ပြုမိန့်ရရှိသူသည် အောက်ပါတို့အတွက်တာဝန်ရှိသည်-

(က) မဟာဓာတ်အားလိုင်းစနစ်နှင့် တိုက်ရိုက်ချိတ်ဆက်ထားသည့် သို့မဟုတ် ချိတ်ဆက်လာ နိုင်သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း ခွင့်ပြုမိန့်ရဓါတ်အားပေးစက်ရုံများမှ ထုတ်လုပ်သည့်လျှပ်စစ်ဓာတ် အားကိုလက်ခံခြင်း။

(ခ) ယင်းလျှပ်စစ်ဓာတ်အားကို မဟာဓာတ်အားလိုင်းစနစ်အတွင်းရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်း ခွင့်ပြုမိန့်ရ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကွန်ရက်များသို့ ပို့လွှတ်ခြင်း။

(ဂ) လျှပ်စစ်ဓာတ်အားပမာဏ အများအပြားသုံးစွဲရန် အလားအလာရှိသော အကြီးစား စီးပွားရေးလုပ် ငန်းများထံ ပို့လွှတ်ရန် စီမံဆောင်ရွက်ခြင်း။

၂၇။ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း ခွင့်ပြုမိန့်ရရှိသူများအား ယင်းတို့နှင့်တိုက်ရိုက် ချိတ်ဆက် ထားခြင်း မရှိသော လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းခွင့်ပြုမိန့်ရရှိသူ မည်သူ့ထံမှမဆို လျှပ်စစ် ဓာတ်အားဝယ်ယူရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန*မှ ခွင့်ပြုသည့်အခါ မဟာဓာတ်အား လိုင်းစနစ်ပို့လွှတ်ခြင်းခွင့်ပြုမိန့်ရရှိသူသည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းခွင့်ပြုမိန့် ရရှိ သူများ၏ ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားကို မဟာဓာတ်အား လိုင်းစနစ်မှတစ်ဆင့် ယင်းလျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း ခွင့်ပြုမိန့်ရရှိသူများထံ ပို့လွှတ်ရန် တာဝန်ရှိသည်။

၂၈။ မဟာဓာတ်အားလိုင်းစနစ် ပို့လွှတ်ခြင်းခွင့်ပြုမိန့်ရရှိသူသည် နိုင်ငံတော်အတွက် တစ်ဦးတည်း သော လျှပ်စစ်ဓာတ်အားပို့လွှတ်သူအနေဖြင့် ရပ်တည်နေသမျှ ကာလပတ်လုံး လျှပ်စစ်ဝန်အား တိုးတက်လာမှုအပေါ်ဖြည့်ဆည်းပံ့ပိုးပေးရန်အတွက် မဟာဓာတ်အားလိုင်း စနစ်တိုးချဲ့မှုနှင့် အဆင့်မြှင့်တင်မှု တို့ကို အလေးပေးဆောင်ရွက်ရမည်။

၂၉။ မဟာဓာတ်အားလိုင်းစနစ် ပို့လွှတ်ခြင်းခွင့်ပြုမိန့် ရရှိသူသည် လုပ်ငန်းတိုးချဲ့ရင်းနှီးမြှုပ်နှံမှုနှင့် လျှပ်စစ်ဓာတ်အားတိုးမြှင့်ရယူခြင်း အစီအစဉ်အသီးသီးကို နှစ်စဉ်ပြုစုရေးဆွဲပြီး ဝန်ကြီးဌာနသို့ တင်ပြ ရမည်။

၃၀။ မဟာဓာတ်အားလိုင်းစနစ် ပို့လွှတ်ခြင်းခွင့်ပြုမိန့် ရရှိသူသည် ၎င်းတို့၏ တိုးချဲ့ရင်းနှီးမြှုပ်နှံမှုအစီ အစဉ်များကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန*က သဘောတူခွင့်ပြုပြီးနောက် သဘောတူခွင့်ပြု သည့်တိုးချဲ့ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များတွင် ဖော်ပြထားသည့် အဆောက်အအုံများ၊ ပစ္စည်း ကိရိယာများနှင့် ရင်းမြစ်များကို ရရှိရန်ဆောင်ရွက်ခွင့်ရှိသည်။

၃၁။ မဟာဓာတ်အားလိုင်းစနစ် ပို့လွှတ်ခြင်းခွင့်ပြုမိန့်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန*မှ သဘောတူခွင့် ပြုထားခြင်းမရှိသည့် အောက်ပါအချက်များကို တားမြစ်ရမည်-

(က) ဓာတ်အားခနှုန်းထားများ၊ ဝန်ဆောင်ခများကို သတ်မှတ်ခြင်း။

(ခ) ဓာတ်အားပို့လွှတ်ခြင်းဆိုင်ရာ စည်းကမ်းချက်များ သတ်မှတ်ခြင်း။

အထူးရည်ရွယ်ချက်ဖြင့်ခွင့်ပြုသော လျှပ်စစ်ဓာတ်အားပို့လွှတ်ခြင်းခွင့်ပြုမိန့်

၃၂။ အထူးရည်ရွယ်ချက်ဖြင့်ခွင့်ပြုသော လျှပ်စစ်ဓာတ်အားပို့လွှတ်ခြင်းခွင့်ပြုမိန့်အား အများပြည်သူ အကျိုးစီးပွားကို မြှင့်တင်ပေးမည့် အထူးစီမံကိန်းများဆိုင်ရာ လုပ်ငန်းများအတွက် ခွင့်ပြုနိုင် သည်။

၃၃။ အထူးရည်ရွယ်ချက်ဖြင့်ခွင့်ပြုသော လျှပ်စစ်ဓာတ်အားပို့လွှတ်ခြင်းခွင့်ပြုမိန့်တွင် လျှပ်စစ်ဓာတ် အား ပို့လွှတ်ရေးဆိုင်ရာ အဆောက်အအုံများ (transmission facilities) ကို တည်ဆောက်ခွင့်၊ ဆောင်ရွက် လည်ပတ်ခွင့်နှင့်စီမံခန့်ခွဲခွင့်များ ပါဝင်ရမည်။ ထိုသို့တည်ဆောက်ဆောင်ရွက် လည်ပတ်ရာတွင်လျှပ်စစ် ဓာတ်အားကွန်ရက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (Grid Code)နှင့် လုပ်ငန်းဆောင်ရွက်မှု စံသတ်မှတ် ချက်များကို လိုက်နာဆောင်ရွက်ရမည်။

၃၄။ အထူးရည်ရွယ်ချက်ဖြင့်ခွင့်ပြုသော လျှပ်စစ်ဓာတ်အားပို့လွှတ်ခြင်းခွင့်ပြုမိန့်များ ထုတ်ပေးခြင်း ဆိုင်ရာစည်းမျဉ်းများနှင့် စည်းကမ်းသတ်မှတ်ချက်များကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘော တူညီချက်ရယူပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန*မှ ထုတ်ပြန်ကြေညာရမည်။

၃၅။ အထူးရည်ရွယ်ချက်ဖြင့် ခွင့်ပြုသော လျှပ်စစ်ဓာတ်အားပို့လွှတ်ခြင်း ခွင့်ပြုမိန့်များလျှောက်ထား ရာတွင် ဆောက်လုပ်ရန် သတ်မှတ်ထားသော လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးဆိုင်ရာ အဆောက် အအုံများ၊ ဆောင်ရွက်မည့်ရည်ရွယ်ချက်နှင့် တည်နေရာစသည်တို့ပါဝင်ရမည်။ ခွင့်ပြုထားသော လုပ်ငန်းမှတစ်ပါး အခြားလုပ်ငန်းများဆောင်ရွက်ခြင်းမပြုရ။

၃၆။ အထူးရည်ရွယ်ချက်ဖြင့်ခွင့်ပြုသော လျှပ်စစ်ဓာတ်အားပို့လွှတ်ခြင်း ခွင့်ပြုမိန့်များကို တည်ဆဲ ဥပဒေများနှင့်အညီ ချုပ်ဆိုထားသော စာချုပ်ပါ သက်တမ်းအတိုင်းခွင့်ပြု နိုင်သည်။

၃၇။ အထူးရည်ရွယ်ချက်ဖြင့်ခွင့်ပြုသော လျှပ်စစ်ဓာတ်အားပို့လွှတ်ခြင်းခွင့်ပြုမိန့်ပါ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးဆိုင်ရာ အဆောက်အအုံများသည် မဟာဓာတ်အားလိုင်းစနစ်နှင့် ချိတ်ဆက်ပြီး၎င်း၏ တစ်စိတ်တစ်ဒေသအဖြစ် အသုံးပြုနိုင်ရန် မဟာဓာတ်အားလိုင်းစနစ်ပို့လွှတ်ခြင်းခွင့်ပြုမိန့် ရရှိသူသည် ယင်းလျှပ်စစ်ဓာတ်အားပို့လွှတ်ရေးဆိုင်ရာ အဆောက်အအုံများ (transmission facilities) ၏ စာရင်းရှိတန်ဖိုးအားပေးချေခြင်းဖြင့်ဖြစ်စေ၊ သဘောတူညီချက်တစ်ရပ်ရပ်အရ ဖြစ်စေ ပိုင်ဆိုင်မှုကို ရယူနိုင်သည်။


လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းခွင့်ပြုမိန့်

၃၈။ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း ခွင့်ပြုမိန့်ရရှိသူသည် သတ်မှတ်ထားသော နယ်နိမိတ်အတွင်း လျှပ်စစ်ဓာတ်အား သုံးစွဲသူများထံ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းကို ဆောင်ရွက်ရန်အလို့ငှာ ယင်းသတ် မှတ်နယ်နိမိတ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဆိုင်ရာ အဆောက်အအုံများ (distribution facilities) ကို တည်ဆောက်ခွင့်၊ ဆောင်ရွက်လည်ပတ်ခွင့်နှင့် စီမံခန့်ခွဲခွင့်ရှိသည်။

၃၉။ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း ခွင့်ပြုမိန့်လျှောက်ထားရာတွင် အသုံးပြုမည့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဆိုင်ရာ အဆောက်အအုံများနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး နယ်နိမိတ်တို့ကို တိကျစွာဖော်ပြ ပါရှိရမည်။

၄၀။ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း ခွင့်ပြုမိန့်တွင် ဝန်ဆောင်မှုဆိုင်ရာ တာဝန်များကို ဖော်ပြရမည်။

၄၁။ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း ခွင့်ပြုမိန့်ရရှိသူသည် အောက်ပါတို့အတွက် တာဝန်ရှိသည်-

(က) ခွင့်ပြုမိန့်ပါလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးနယ်နိမိတ်အတွင်း တစ်ဦးတည်းသော လျှပ်စစ် ဓာတ်အားရောင်းချသူဖြစ်နေသမျှ ကာလပတ်လုံး လက်လီလျှပ်စစ်ဓာတ်အား သုံးစွဲသူများ အား လျှပ်စစ်ဓာတ် အားပံ့ပိုးပေးခြင်း။

(ခ) လျှပ်စစ်ဝန်အားတိုးလာမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ရာတွင် သက်ဆိုင်သော လုပ်ငန်း ပိုင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းဆောင်ရွက်မှု စံသတ်မှတ်ချက်များနှင့် ဘေးကင်းလုံခြုံမှုစံသတ်မှတ် ချက်များ (Safety Standards) ကို လိုက်နာ ဆောင်ရွက်ခြင်း။

(ဂ) လျှပ်စစ်ဓာတ်အားလုံလောက်စွာ ပံ့ပိုးပေးနိုင်ရန်အတွက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု စနစ်တိုးချဲ့ ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းတို့ကို အလေးပေးဆောင်ရွက်ခြင်း။

(ဃ) ထပ်တိုးတောင်းခံသည့် လျှပ်စစ်ဓာတ်အားပမာဏကို လျှပ်စစ်ဓာတ်အားလက်ကား ရောင်းချခြင်း ခွင့်ပြုမိန့်ရရှိသူထံမှ ပြည့်မီအောင်မရရှိခဲ့ပါက လျှပ်စစ်ဓာတ်အား လိုအပ်ချက်နှင့် ပေးပို့မှုနှစ်ရပ်အကြား ဟန်ချက်ညီမျှမှုရှိစေရန်အလို့ငှာ လိုအပ်သော လျှပ်စစ်ဓာတ်အားကို အခြားအရင်းအမြစ်တစ်ခုခုထံမှ ရယူခြင်း သို့မဟုတ် လျှပ်စစ် ဓာတ်အားသုံးစွဲမှုဝန်အားကို စနစ်တကျ လျှော့ချခြင်း။

၄၂။ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း ခွင့်ပြုမိန့်ရရှိသူက အောက်ပါအချက်များကို လိုက်နာ ဆောင်ရွက်ရမည်*-

(က) သက်ဆိုင်သောဥပဒေနှင့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ သတ်မှတ်ချက်များအားလုံးနှင့် အညီ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးစနစ်များကို ဆောင်ရွက်လည်ပတ်ခြင်း၊ ပြုပြင်ထိန်း သိမ်းခြင်းနှင့် တိုးချဲ့ ခြင်း။

(ခ) လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန*မှ သဘောတူထုတ်ပြန်သည့် ဖြန့်ဖြူးရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (Distribution Code) နှင့် လုပ်ငန်းဆောင်ရွက်မှုစံသတ်မှတ်ချက် များအားလုံးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတ်မှတ်ချက်များအားလုံးကို လိုက်နာ ခြင်း။

(ဂ) လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးစနစ်များသည် စီးပွားရေးအရ တွက်ခြေကိုက်ပြီး ယုံကြည်အားထား မှုရရှိခြင်း၊ ဘေးကင်းလုံခြုံမှုရှိခြင်းနှင့် စိတ်ချသေချာစေခြင်း။

၄၃။ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း ခွင့်ပြုမိန့်ရရှိသူသည် လုပ်ငန်းတိုးချဲ့ရင်းနှီးမြှုပ်နှံမှုနှင့် လျှပ်စစ် ဓာတ်အားတိုးမြှင့်ရယူခြင်းအစီအစဉ် အသီးသီးကို နှစ်စဉ်ပြုစုရေးဆွဲပြီး လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန*သို့ တင်ပြရမည်။

၄၄။ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း ခွင့်ပြုမိန့်ရရှိသူသည် ၎င်းတို့၏ တိုးချဲ့ရင်းနှီးမြှုပ်နှံမှုနှင့် လျှပ်စစ် ဓာတ်အား တိုးမြှင့်ရယူခြင်းအစီအစဉ်အသီးသီးကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန*က သဘောတူခွင့်ပြုပြီး နောက်သဘောတူခွင့်ပြုသည့် တိုးချဲ့ရင်းနှီးမြှုပ်နှံမှုနှင့် လျှပ်စစ်ဓာတ်အား တိုးမြှင့်ရယူခြင်းအစီအစဉ် အသီးသီးတွင်ဖော်ပြထားသည့် အဆောက်အအုံများ၊ ပစ္စည်းကိရိယာ များ၊ ရင်းမြစ်များနှင့် လျှပ်စစ်ဓာတ် အားပံ့ပိုးမှုတို့ကို ရယူရန် နှစ်ရှည်စာချုပ်များ ချုပ်ဆိုခွင့် ရှိသည်။

၄၅။ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းခွင့်ပြုမိန့်ရရှိသူသည် ခွင့်ပြုမိန့်ရရှိပြီး ရက်ပေါင်း ခြောက်ဆယ်အ တွင်းလျှပ်စစ်ဓာတ်အားသုံးစွဲသူ ဝန်ဆောင်မှုလက်စွဲ (consumer’s service manual) ကို ပြုစုပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန*၏ သဘောတူညီချက်ရရှိရန် တင်သွင်းရမည်။

၄၆။ လျှပ်စစ်ဓာတ်အားသုံးစွဲသူ ဝန်ဆောင်မှုလက်စွဲတွင် အောက်ပါအချက်များ ဖော်ပြပါရှိရမည်-

(က) လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကွန်ရက်နှင့် ချိတ်ဆက်ရန်နှင့် လျှပ်စစ်ဓာတ်အားပံ့ပိုးမှုကို ရရှိရန်တို့ အတွက် လျှပ်စစ်ဓာတ်အားသုံးစွဲသူများ လျှောက်ထားရမည့် ပုံစံနှင့် နည်းလမ်း။

(ခ) ခွင့်ပြုမိန့်ရရှိသူတောင်းခံထားသည့်အတိုင်း ချိတ်ဆက်ပေးရန်လိုအပ်သည့် အချိန်ကာလ။

(ဂ) ဘေးကင်းလုံခြုံမှုနှင့် စိတ်ချသေချာမှု။

(ဃ) လျှပ်စစ်ဓာတ်အားသုံးစွဲသူများ၏ တိုင်ကြားချက်များကို ကိုင်တွယ်ဖြေရှင်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ။

(င) ဓာတ်အားခကျသင့်ငွေပေးချေခြင်း မရှိသောကြောင့် လျှပ်စစ်ဓာတ်အားဖြတ်တောက်ခြင်း ဆိုင်ရာ လုပ်ငန်းစဉ်များ။

(စ) မီတာတပ်ဆင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ။

၄၇။ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းခွင့်ပြုမိန့်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန*မှ သဘောတူခွင့်ပြု ထားခြင်းမရှိသည့် အောက်ပါအချက်များကို တားမြစ်ရမည်-

(က) လျှပ်စစ်ဓာတ်အားခနှုန်းထားများ၊ ဝန်ဆောင်ခများ သတ်မှတ်ခြင်း။

(ခ) လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းဆိုင်ရာ စည်းကမ်းချက်များ သတ်မှတ်ခြင်း။


လျှပ်စစ်ဓာတ်အားလက်ကားရောင်းချခြင်းခွင့်ပြုမိန့်

၄၈။ လျှပ်စစ်ဓာတ်အားလက်ကားရောင်းချခြင်း ခွင့်ပြုမိန့်ရရှိသူသည် အောက်ပါတို့ကို ဆောင်ရွက်ခွင့် ရှိသည်-

(က) စွမ်းအင်အရင်းအမြစ် တစ်မျိုးမျိုးမှ ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားကို ဝယ်ယူခွင့်။

(ခ) လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း ခွင့်ပြုမိန့်ရယူပြီး မိမိဆောင်ရွက်လည်ပတ်နေသော လျှပ်စစ်ဓာတ် အားထုတ်လုပ်ရေးဆိုင်ရာ အဆောက်အအုံများမှ လျှပ်စစ်ဓာတ်အား ရယူခွင့်။

(ဂ) လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း ခွင့်ပြုမိန့်ရရှိသူများထံသို့လည်းကောင်း၊ အကြီးစားစီးပွား ရေးလုပ်ငန်းဆိုင်ရာနှင့် အကြီးစားစက်မှုလုပ်ငန်းဆိုင်ရာ လျှပ်စစ်ဓာတ်အားသုံးစွဲသူများ ထံသို့ လည်းကောင်း လျှပ်စစ်ဓာတ်အားလက်ကားရောင်းချ ခွင့်။

၄၉။ လျှပ်စစ်ဓာတ်အားလက်ကားရောင်းချခြင်း ခွင့်ပြုမိန့်တွင်အောက်ပါဝန်ဆောင်မှုဆိုင်ရာ တာဝန် များကို ဖော်ပြရမည်-

(က) လျှပ်စစ်ဓာတ်အားအပြည့်အဝဝယ်ယူသည့် လက်လီရောင်းချခြင်းခွင့်ပြုမိန့် ရရှိထားသူ၊ အကြီးစား စီးပွားရေးလုပ်ငန်းဆိုင်ရာနှင့် အကြီးစားစက်မှုလုပ်ငန်းဆိုင်ရာ လျှပ်စစ် ဓာတ်အားသုံးစွဲသူများ၏ သုံးစွဲဝန်အားတိုးလာမှုကို ခန့်မှန်းရန်နှင့် ယင်းဝန်အား တိုးလာမှုကို ဖြည့်ဆည်းရန်အတွက် အချိန်မီပံ့ပိုး ပေးခြင်းငှာ စီမံဆောင်ရွက်ခြင်း။

(ခ) လျှပ်စစ်ဓာတ်အားလက်လီရောင်းချခြင်း ခွင့်ပြုမိန့်ရရှိသူသည် လျှပ်စစ်ဓာတ်အား တစ်စိတ်တစ်ဒေသဝယ်ယူသူအဖြစ်ဝယ်ယူခဲ့ပါကလျှပ်စစ်ဓာတ်အားလက်ကားရောင်းချသူသည် ပေးပို့မည့်လျှပ်စစ်ဓာတ် အားပမာဏ ပုံသေသတ်မှတ်ခြင်း၊ လျှပ်စစ်ဓာတ်အား အရည်အသွေး ကန့်သတ်ခြင်းတို့ကို လျှပ်စစ်ဓာတ် အားရောင်းချမှု သဘောတူညီချက်တွင် ဖော်ပြဆောင်ရွက်ခြင်း။

(ဂ) ယင်းတစ်စိတ်တစ်ဒေသ ဝယ်ယူသည့် လျှပ်စစ်ဓာတ်အားလက်လီရောင်းချခြင်း ခွင့်ပြုမိန့် ရရှိသူသည် ဓာတ်အားရောင်းချမှုသဘောတူညီချက်တွင် ဖော်ပြထားသည့် ပမာဏထက် ပို၍ရရှိလိုကြောင်း လျှပ်စစ်ဓာတ်အားလက်ကားရောင်းချခြင်းခွင့်ပြုမိန့် ရရှိသူထံသို့ တောင်းခံလာပါက လျှပ်စစ်ဓာတ်အား လက်ကားရောင်းချခြင်း ခွင့်ပြုမိန့်ရရှိသူသည် မိမိတွင်ရရှိနိုင်သလောက် လျှပ်စစ်ဓာတ်အားကို ရောင်းချ ပေးခြင်း။

၅၀။ လျှပ်စစ်ဓာတ်အား လက်ကားရောင်းချခွင့်ပြုမိန့်ရရှိသူ၏ လုပ်ငန်းဆောင်ရွက်ချက်များသည် သက်ဆိုင်သော ဥပဒေနှင့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ သတ်မှတ်ချက်များ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန*က ထုတ်ပြန်ထားသည့် လုပ်ငန်းပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်း ဆောင်ရွက်မှုစံသတ်မှတ်ချက်များ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတ်မှတ်ချက်များ အားလုံးနှင့် ကိုက်ညီရမည်*။

၅၁။ လျှပ်စစ်ဓာတ်အားလက်ကားရောင်းချခြင်း ခွင့်ပြုမိန့်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန*မှ သဘော တူခွင့်ပြုထားခြင်းမရှိသည့် အောက်ပါအချက်များကို တားမြစ်ရမည်-

(က) လျှပ်စစ်ဓာတ်အားခနှုန်းထားများ၊ ဝန်ဆောင်ခများသတ်မှတ်ခြင်း။

(ခ) လျှပ်စစ်ဓာတ်အားလက်ကားရောင်းချခြင်းဆိုင်ရာ စည်းကမ်းချက်များသတ်မှတ်ခြင်း။

၅၂။ လျှပ်စစ်ဓာတ်အားလက်ကားရောင်းချခြင်း ခွင့်ပြုမိန့်များတွင် လုပ်ကိုင်ခွင့်သက်တမ်းကို သတ်မှတ်ဖော်ပြရမည်။


လျှပ်စစ်ဓာတ်အားလက်လီရောင်းချခြင်းခွင့်ပြုမိန့်

၅၃။ လျှပ်စစ်ဓာတ်အားလက်လီရောင်းချခြင်း ခွင့်ပြုမိန့်ရရှိသူသည် သတ်မှတ်ထားသောနယ်နိမိတ် အတွင်း တစ်ဦးတည်းသော လျှပ်စစ်ဓာတ်အား လက်လီရောင်းချသူအဖြစ် လျှပ်စစ်ဓာတ်အား သုံးစွဲသူ များထံ လျှပ်စစ်ဓာတ်အားရောင်းချခြင်းကို ဆောင်ရွက်ခွင့်ရှိသည်။

၅၄။ လျှပ်စစ်ဓာတ်အားလက်လီရောင်းချခြင်း ခွင့်ပြုမိန့်ရရှိသူများ လိုက်နာဆောင်ရွက်ရမည့် ဝန်ဆောင်မှုဆိုင်ရာ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) လက်လီဓာတ်အားသုံးစွဲသူ အသီးသီးအတွက် လျှပ်စစ်ဓာတ်အား ပံ့ပိုးပေးရန်အလို့ငှာ လျှပ်စစ်ဓာတ်အားလက်ကားရောင်းချခြင်း ခွင့်ပြုမိန့်ရရှိသူထံမှ လိုအပ်သော လျှပ်စစ် ဓာတ်အားကို ဝယ်ယူခြင်း။

(ခ) လျှပ်စစ်ဓာတ်အားလက်လီရောင်းချရာတွင် အကန့်အသတ်ဖြစ်ပေါ်နေပါက ယင်းအခြေ အနေအား လျှပ်စစ်ဝန်အားတိုးတက်မှု ကြိုတင်ခန့်မှန်းခြင်းနှင့် အခြားအချက်အလက်များ နှင့်အတူ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန*နှင့် လျှပ်စစ်ဓာတ်အားလက်ကားရောင်းချခြင်း ခွင့်ပြုမိန့်ရရှိသူတို့ထံ တင်ပြခြင်း။

(ဂ) ထိုသို့ အကန့်အသတ်ဖြစ်ပေါ်နေသည့် အခြေအနေတွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်အရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန*က ပြင်ဆင်သတ်မှတ်ပေးသည့် အတိုင်းလျှပ်စစ်ဓာတ်အားဝယ်ယူခွင့် သို့မဟုတ် စီစဉ်ဆောင်ရွက်ခွင့်ကို လိုက်နာ ဆောင်ရွက်ခြင်း။

(ဃ) လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန*က နည်းဥပဒေခွဲ (ဂ)* နှင့်အညီ ပြင်ဆင်သတ်မှတ်ခြင်း ပြုပြီးနောက် လျှပ်စစ်ဓာတ်အားသုံးစွဲသူများ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကိုစရိတ် အနည်းဆုံးဖြင့် ဖြည့်ဆည်းပေးရန်နှင့် အချိန်မီအလုံအလောက်ပံ့ပိုးပေးနိုင်ရန်အတွက် စီမံဆောင်ရွက်ခြင်း။

(င) လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးနယ်နိမိတ်အတွင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန*မှ ထုတ်ပြန်သော စည်းမျဉ်းများနှင့် ကိုက်ညီသည့်မည်သည့်လျှပ်စစ်ဓာတ်အား သုံးစွဲသူကို မဆို ခွဲခြားခြင်းမပြုဘဲ တန်းတူ ရည်တူစနစ်ဖြင့် လျှပ်စစ်ဓာတ်အားရောင်းချခြင်း။

(စ) သက်ဆိုင်သောဥပဒေနှင့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ သတ်မှတ်ချက်များ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန*မှ ထုတ်ပြန်သည့်လုပ်ငန်းပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းဆောင်ရွက်မှုစံသတ်မှတ်ချက်များ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတ်မှတ် ချက်များ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းခွင့်ပြုမိန့်ရရှိသူ ထုတ်ပြန်ထားသော လျှပ်စစ် ဓာတ်အားသုံးစွဲသူဝန်ဆောင်မှုလက်စွဲတို့ကို လိုက်နာဆောင်ရွက်ခြင်း။

၅၅။ လျှပ်စစ်ဓာတ်အားလက်လီရောင်းချခြင်း ခွင့်ပြုမိန့်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန*မှ သဘောတူခွင့်ပြုထားခြင်း မရှိသည့် အောက်ပါအချက်များကို တားမြစ်ရမည်-

(က) လျှပ်စစ်ဓာတ်အားခနှုန်းထားများ၊ ဝန်ဆောင်ခများသတ်မှတ်ခြင်း။

(ခ) လျှပ်စစ်ဓာတ်အားလက်လီရောင်းချရေးဆိုင်ရာ စည်းကမ်းချက်များသတ်မှတ်ခြင်း။

၅၆။ လျှပ်စစ်ဓာတ်အားလက်လီရောင်းချခြင်းခွင့်ပြုမိန့်များတွင် လုပ်ကိုင်ခွင့်သက်တမ်းကို သတ်မှတ် ဖော်ပြရမည်။


လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းနှင့် လက်လီရောင်းချခြင်းထပ်ဆင့်ခွင့်ပြုမိန့်

၅၇။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန*သည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် မည်သူ့ကို မဆိုလျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း ခွင့်ပြုမိန့်နှင့် လျှပ်စစ်ဓာတ်အားလက်လီ ရောင်းချခြင်း ခွင့်ပြုမိန့်ရရှိထားသူ၏ ခွင့်ပြုမိန့်ပါနယ်နိမိတ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းနှင့် လျှပ်စစ်ဓာတ်အား လက်လီရောင်းချခြင်း လုပ်ငန်းအား ထပ်ဆင့်ဆောင်ရွက် ခွင့်ပြုနိုင်သည်။

၅၈။ ထိုသို့ဆောင်ရွက်ခွင့်ပြုရာတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းခွင့်ပြုမိန့်နှင့် လက်လီရောင်းချခြင်း ခွင့်ပြုမိန့်များ ရရှိထားသူနှင့် ထပ်ဆင့်ခွင့်ပြုမိန့်ရရှိသူတို့သည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန* က သဘောတူခွင့်ပြုသည့် စည်းကမ်းချက်များနှင့် လုပ်ကိုင်ခွင့်သက်တမ်းများ ပါရှိသော စာချုပ် ချုပ်ဆိုဆောင်ရွက်စေရမည်။

၅၉။ ထပ်ဆင့်ခွင့်ပြုမိန့်ရရှိသူသည် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းခွင့်ပြုမိန့်နှင့် လက်လီရောင်းချခြင်း ခွင့်ပြုမိန့်များရရှိထားသူ၏ လုပ်ငန်းအဆောက်အအုံများနှင့် ဝန်ထမ်းများကို တည်ဆဲဥပဒေများ နှင့်အညီ ငှားရမ်းဆောင်ရွက်ခွင့်ရှိပြီး အခြားသူတစ်ဦးထံ ထပ်ဆင့်ငှားရမ်းလွှဲပြောင်း ဆောင်ရွက်ခြင်း မပြုရ။

၆၀။ ထပ်ဆင့်ခွင့်ပြုမိန့်ရရှိသူသည် သတ်မှတ်နယ်နိမိတ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းနှင့် လက်လီရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်းသည့် တာဝန်များအားလိုက်နာရန်တာဝန်ရှိသည့် အပြင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန*က ထုတ်ပြန်သော နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ကြော်ငြာ စာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာရမည်။

၆၁။ ထပ်ဆင့်ခွင့်ပြုမိန့်ရရှိသူသည် ဓာတ်အားစနစ်တိုးတက် ကောင်းမွန်မှုအစီအမံ (System Improvement Plan)၊ ဓာတ်အားစနစ်ဖွံ့ဖြိုးမှုအစီအမံ (System Development Plan)နှင့် ဓာတ်အား ပျောက်ဆုံးမှုလျော့ကျရေးအစီအမံများ ရေးဆွဲပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန*သို့ တင်ပြရမည်။ ယင်းအစီအမံများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရမည်။

၆၂။ ထပ်ဆင့်ခွင့်ပြုမိန့်ရရှိသူသည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန*မှ သတ်မှတ်ထားသော ဓာတ်အားခနှုန်း ထားများအတိုင်း ရောင်းချရမည်။


ပြည်ပသို့ လျှပ်စစ်ဓာတ်အားတင်ပို့ခြင်း/ ပြည်ပမှလျှပ်စစ်ဓာတ်အားတင်သွင်းခြင်း ခွင့်ပြုမိန့်

၆၃။ လျှပ်စစ်ဆိုင်ရာလုပ်ငန်းခွင့်ပြုမိန့် ရရှိထားပြီးသူများသည် လျှပ်စစ်ဓာတ်အားအရောင်းအဝယ် တစ်ခုချင်းစီအလိုက် ပြည်ပသို့လျှပ်စစ်ဓာတ်အားတင်ပို့ခြင်း/ ပြည်ပမှ လျှပ်စစ်ဓာတ်အား တင်သွင်းခြင်းခွင့်ပြုမိန့်ကို ထပ်မံရယူကာ ယင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်သည်။

၆၄။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန*သည် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားပြီးနောက် လျှပ်စစ် ဓာတ်အားတင်ပို့ခြင်း/ တင်သွင်းခြင်း တို့ကိုခွင့်ပြုနိုင်သည်-

(က) အဆိုပြုလျှောက်ထားလာသည့် လျှပ်စစ်ဓာတ်အားတင်ပို့မှု သို့မဟုတ် တင်သွင်းမှုသည် နိုင်ငံတော် ၏လျှပ်စစ်ဓာတ်အားစနစ် လုံခြုံစိတ်ချမှု၊ အားထားရမှု၊ ဖူလုံမှုနှင့် တည်ငြိမ်မှု တို့အပေါ် အကျိုးသက် ရောက်နိုင်မှု။

(ခ) အဆိုပြုလျှောက်ထားလာသည့် လျှပ်စစ်ဓာတ်အားတင်ပို့မှု သို့မဟုတ် တင်သွင်းမှုသည် သုံးစွဲသူများအတွက် လျှပ်စစ်ဓာတ်အားရရှိနိုင်မှုနှင့် ကုန်ကျစရိတ်တို့အပေါ် အကျိုး သက်ရောက်နိုင်မှု။

(ဂ) နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားကဏ္ဍလုံခြုံမှု။

(ဃ) လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန*မှ အများပြည်သူအကျိုးစီးပွားအလို့ငှာ လိုအပ်သည်ဟု ထင်မြင်ယူဆသော အခြားအကြောင်းအချက်များ။

၆၅။ ပြည်ပသို့ လျှပ်စစ်ဓာတ်အားတင်ပို့ခြင်း/ ပြည်ပမှ လျှပ်စစ်ဓာတ်အားတင်သွင်းခြင်း ခွင့်ပြုမိန့်များ တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန*မှ သတ်မှတ်သည့် စည်းကမ်းချက်များနှင့် လုပ်ကိုင်ခွင့် သက်တမ်းများ ပါဝင်စေရမည်။


လျှပ်စစ်ဝန်အားပမာဏခန့်မှန်းခြင်း

၆၆။ လျှပ်စစ်ဆိုင်ရာလုပ်ငန်းခွင့်ပြုမိန့်များတွင် ခွင့်ပြုမိန့်ရရှိသူများသည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန* မှ ချမှတ်ပေးမည့် လမ်းညွှန်ချက်များ၊ နည်းစနစ်တို့နှင့် အညီလျှပ်စစ်ဝန်အား တိုးလာမှုနှင့် လျှပ်စစ်ဓာတ် အားလိုအပ်ချက်ပမာဏ ခန့်မှန်းရေးဆွဲမည့် တာဝန်ရှိကြောင်း ဖော်ပြပါရှိရမည်။


စုံစမ်းစစ်ဆေးမှုတွင်ပူးပေါင်းဆောင်ရွက်ခြင်း

၆၇။ ဤနည်းဥပဒေ ၉၈ အရ* စုံစမ်းစစ်ဆေးမှုများပြုလုပ်ရာတွင် ခွင့်ပြုမိန့်ရရှိသူများသည် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန*နှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန*က တောင်းခံသောမည်သည့်သတင်းအချက်အလက်များကိုမဆို ထုတ်ဖော်တင်ပြရန် တာဝန်ရှိ ကြောင်း ခွင့်ပြုမိန့် အားလုံးတွင် ဖော်ပြပါရှိရမည်။

ဝန်ကြီးဌာနလက်အောက်ရှိ လုပ်ငန်းဌာနများ၊ အဖွဲ့အစည်းများ

၆၈။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန* လက်အောက်ရှိလုပ်ငန်းဌာနများ၊ အဖွဲ့အစည်းများနှင့် လျှပ်စစ် ဥပဒေ ပုဒ်မ ၈ ပုဒ်မခွဲ (ဂ) အရ ဖွဲ့စည်းထားသော လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ သို့မဟုတ် လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်းများသည်-

(က) လျှပ်စစ်ဥပဒေပါ ပြဋ္ဌာန်းချက်များအရ ခွင့်ပြုမိန့်ရရှိသူများအဖြစ် မှတ်ယူရမည်ဖြစ်ပြီး လုပ်ငန်း များကို ဆက်လက်ဆောင်ရွက်နိုင်သည်။

(ခ) ဤနည်းဥပဒေကို ထုတ်ပြန်ပြီး ခြောက်လအတွင်း နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီသက် ဆိုင်သည့် ခွင့်ပြုမိန့်များကို လျှောက်ထားရမည်။

(ဂ) ခွင့်ပြုမိန့်ပါ လျှပ်စစ်ဆိုင်ရာလုပ်ငန်းနှင့် စပ်လျဉ်းသည့် ဝန်ဆောင်မှုများအတွက် ခွင့်ပြုမိန့်ရရှိသူများ လိုက်နာရမည့် စည်းကမ်းချက်များအတိုင်း တန်းတူရည်တူ လိုက်နာ ရမည်။


* ၂၈.၂.၂၀၂၂ ရက်နေ့တွင် ပထမအကြိမ် ပြင်ဆင်သည်။

အခန်း(၄)
ခွင့်ပြုမိန့်ထုတ်ပေးခြင်း

ခွင့်ပြုမိန့်ရယူရန်သတ်မှတ်ချက်

၆၉။ ပြည်ထောင်စုက စီမံခန့်ခွဲခွင့်ရှိသည့် အကြီးစားလျှပ်စစ်ဓာတ်အားနှင့် စပ်လျဉ်းသည့် လျှပ်စစ်ဆိုင် ရာလုပ်ငန်းခွင့်ပြုမိန့်များကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန*သို့ လျှောက်ထားရမည်။

၇၀။ ပြည်ထောင်စုက စီမံခန့်ခွဲခွင့်ရှိသည့် အကြီးစားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးမှအပ မဟာဓာတ်အားလိုင်းစနစ်နှင့် ဆက်သွယ်ခြင်းမရှိသော အလတ်စားနှင့် အသေးစားလျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းများနှင့် စပ်လျဉ်းသည့် ခွင့်ပြုမိန့်များကို သက်ဆိုင်ရာတိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များထံမှ လျှောက်ထားရယူရမည်။

၇၁။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နှင့်ကျေးရွာများ အတွက် လျှပ်စစ်ဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်းသည့် ခွင့်ပြုမိန့်များကို သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့များထံမှ လျှောက်ထားရယူရမည်။


ခွင့်ပြုမိန့်ကင်းလွတ်ခွင့်များ

၇၂။ မိမိကိုယ်ပိုင်သုံးစွဲရန်သက်သက်အလို့ငှာ မိမိပိုင်မြေပေါ်တွင် တည်ဆောက်ထားပြီး မဟာ ဓာတ်အားလိုင်းစနစ်နှင့် ချိတ်ဆက်ထားခြင်းမရှိသော ဓာတ်အားထုတ်လုပ်သူများသည် အခြားသူ များအား လျှပ်စစ်ဓာတ်အားကို လွှဲပြောင်းရောင်းချခြင်းမရှိလျှင် ထိုသို့လျှပ်စစ်ဓာတ်အား ထုတ်လုပ်သူသည် ခွင့်ပြုမိန့် ရယူရန်မလိုအပ်ပါ။ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် စစ်ဆေးမှုခံယူရမည်။

၇၃။ ခွင့်ပြုမိန့်ရယူရန်မလိုအပ်သည့် ကင်းလွတ်ခွင့်များနှင့် ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများကို ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန*မှ ထုတ်ပြန် ရမည်။


ခွင့်ပြုမိန့်ထုတ်ပေးရန်သတ်မှတ်ချက်များ

၇၄။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန*သည်-

(က) ခွင့်ပြုမိန့်လျှောက်ထားသူက မိမိလျှောက်ထားသည့် လျှပ်စစ်ဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်နိုင်စွမ်းရှိကြောင်းနှင့် သက်ဆိုင်ရာဥပဒေရေးရာ၊ စည်းကမ်းထိန်းသိမ်းရေး ဆိုင်ရာနှင့် ခွင့်ပြုမိန့်ပါစည်းကမ်းချက်များကို လိုက်နာရန် တာဝန်ခံနိုင်ကြောင်း ခိုင်လုံစွာ တင်ပြနိုင်မှသာ ခွင့်ပြုမိန့်များကို ထုတ်ပေးရမည်။

(ခ) ခွင့်ပြုမိန့်ထုတ်ပေးရာတွင် အောက်ဖော်ပြပါအချက်များကို ထည့်သွင်းစဉ်းစားရမည်-

(၁) စီးပွားရေးလုပ်ငန်းအတွေ့အကြုံ။

(၂) သက်ဆိုင်ရာလျှပ်စစ်လုပ်ငန်းအတွေ့အကြုံ။

(၃) ဘဏ္ဍာငွေတောင့်တင်းခိုင်မာမှု။

(၄) နည်းပညာနှင့်လုပ်ငန်းပိုင်းဆိုင်ရာ အသေးစိတ်သတ်မှတ်ချက်များ၊ စံပြပုံစံ၊ ဒီဇိုင်းပုံစံ၊ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ဝိသေသလက္ခဏာများ(Operational Characteristics)။

(၅) နည်းပညာပိုင်းဆိုင်ရာနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ဆောင်ရွက်နိုင်စွမ်းရှိမှု။

(၆) ခွင့်ပြုမိန့်ပါ စည်းကမ်းချက်များ၊ သက်ဆိုင်သောဥပဒေရေးရာနှင့် စည်းကမ်းထိန်း သိမ်းရေးဆိုင်ရာသတ်မှတ်ချက်များကို လိုက်နာနိုင်စွမ်းရှိမှု။

(၇) လျှပ်စစ်ဆိုင်ရာလုပ်ငန်းနှင့်ဆိုင်သော အလေ့အကျင့်ကောင်းများ (Prudent Utility Practices)၊ လျှပ်စစ်ဓာတ်အားကွန်ရက်ဆိုင် ရာလုပ်ထုံးလုပ်နည်းများ၊ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းပိုင်းဆိုင်ရာ စံသတ်မှတ်ချက်များနှင့် ကျင့်ဝတ်စည်းကမ်းများကို လိုက်နာ နိုင်စွမ်းရှိမှု။

(၈) ဝန်ကြီးဌာနက လက်ခံအတည်ပြုထားသော ဖြစ်မြောက်နိုင်စွမ်းလေ့လာမှု အစီရင်ခံစာ*။

(ဂ) ခွင့်ပြုမိန့်အသီးသီးတွင် ဖော်ပြထားသည့် ဝန်ဆောင်မှုများအား အပြည့်အဝဆောင်ရွက် ပေးရန်အ တွက်ခွင့်ပြုမိန့်လျှောက်ထားသူများ၏ ဘဏ္ဍာရေးဆိုင်ရာဆောင်ရွက်ချက်များ (financial activities) နှင့် အဖွဲ့အစည်းပိုင်းဆိုင်ရာများ(organizational affairs) တောင့်တင်းခိုင်မာမှုရှိ မရှိကို သုံးသပ်၍ အတည်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းတို့ကို ပြုလုပ်ရမည်။

(ဃ) နည်းဥပဒေခွဲ (က) နှင့် (ခ)ပါ* အချက်များနှင့် ကိုက်ညီသော်လည်း အဆိုပြု လျှောက်ထား သည့် လျှပ်စစ်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သည့် ပစ္စည်းကိရိယာများ၊ အဆောက်အအုံများ၊ နည်းစနစ်များသည် လျှပ်စစ်ဓာတ်အားကဏ္ဍအတွက် အထောက် အကူမပေးနိုင်ခြင်း၊ အသုံးမပြုနိုင်ခြင်းများ စိစစ် တွေ့ရှိရပါက ခွင့်ပြုမိန့်ထုတ်ပေးရန် ငြင်းဆိုနိုင်သည်။


ဘဏ္ဍာရေးဆိုင်ရာအာမခံချက်

၇၅။ ခွင့်ပြုမိန့်ထုတ်ပေးခြင်းမပြုမီ သို့မဟုတ် ဆိုင်းငံ့ထားသောခွင့်ပြုမိန့်ကို ပြန်လည်ခွင့်ပြုခြင်းမပြုမီ ခွင့်ပြုမိန့်လျှောက်ထားသူသည် ခွင့်ပြုမိန့်ကြေးပေးသွင်းရမည့်အပြင် ဤနည်းဥပဒေနှင့် ခွင့်ပြုမိန့်ပါစည်း ကမ်းချက်များနှင့်အညီ ဖော်ပြထားသည့်ဝန်ဆောင်မှုဆိုင်ရာ တာဝန်များကို ဖြည့်ဆည်းပေးခြင်းနှင့် ယင်းခွင့်ပြုမိန့်ပါ စည်းကမ်းချက်များကို အမှန်တကယ် လိုက်နာမှု ရှိစေရန်အတွက် နိုင်ငံတော်အစိုးရမှ အသိအမှတ်ပြုသည့် အာမခံစာချုပ် (Bond) သို့မဟုတ် ဘဏ္ဍာရေးအာမခံပုံစံ တစ်မျိုးမျိုးကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန*သို့ တင်သွင်းရမည်။


လုပ်ငန်းဆောင်ရွက်ခြင်းဆိုင်ရာ လက်စွဲစာစောင် (Operating Procedures Manual)

၇၆။ ခွင့်ပြုမိန့်ရရှိသူသည် ခွင့်ပြုမိန့်ရရှိပြီး ရက်ပေါင်း၉၀ အတွင်းလုပ်ငန်းဆောင်ရွက်ခြင်းဆိုင်ရာ လက်စွဲစာစောင် (Operating Procedures Manual) ကိုရေးသားပြုစု၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန* ၏အတည်ပြုချက်ရရှိရန်တင်သွင်းရမည်။ ယင်းအတည်ပြုချက်ရရှိပြီးပါက ခွင့်ပြုမိန့်ရရှိသူသည် လုပ်ငန်းဆောင်ရွက်ခြင်းဆိုင်ရာ လက်စွဲစာစောင်ပါ လုပ်ငန်းစဉ်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရမည်။


ဝန်ဆောင်မှုများ ကန့်သတ်ခြင်း

၇၇။ ခွင့်ပြုမိန့်ရရှိသူများသည် နိုင်ငံတော်မှ ကူညီထောက်ပံ့မှု (Subsidies) ပေးထားသော လျှပ်စစ်ဆိုင် ရာလုပ်ငန်းများ နှင့်စပ်လျဉ်း၍ သဘောတူထားပြီးဖြစ်ပါက ပြည်ထောင်စုအစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန* မှ သတ်မှတ်ထားသည့် လျှပ်စစ် ဓာတ်အားခနှုန်းထားများအတိုင်း လက်ခံဆောင်ရွက်ပေးရမည်။


လျှပ်စစ်ဓာတ်အားဝယ်ယူခြင်းနှင့် ရယူခြင်း

၇၈။ ခွင့်ပြုမိန့်ရရှိသူများသည် အောက်ပါတို့ကို ဆောင်ရွက်ခြင်းမပြုရ-

(က) လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန*မှ သဘောတူထားသည့် ယှဉ်ပြိုင်မှုရှိသောလျှပ်စစ် ဓာတ်အားဝယ်ယူမှု အစီအစဉ်ဖြင့် မဟုတ်ဘဲ လျှပ်စစ်ဓာတ်အားကိုယ်တိုင်ထုတ်လုပ်သူ (IPP)အသစ်များထံမှ လျှပ်စစ်ဓာတ် အားဝယ်ယူခြင်း။

(ခ) လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန*မှ သဘောတူထားခြင်းမရှိသော လျှပ်စစ်ဓာတ်အား ဝယ်ယူရေးသဘော တူညီချက်များအရ ကုန်ကျထားသည့် လျှပ်စစ်ဓာတ်အားရယူရေး ကုန်ကျစရိတ်ကို ပြန်လည်ကာမိစေရန် ပြုလုပ်ခြင်း။


ခွင့်ပြုမိန့်ကို ကာလအကန့်အသတ်ဖြင့်ရပ်ဆိုင်းခြင်းနှင့် ပယ်ဖျက်ခြင်း

၇၉။ (က) မည်သည့်ခွင့်ပြုမိန့်ကိုမဆို ခွင့်ပြုမိန့်ထုတ်ပေးသူက အောက်ပါအခြေအနေများတွင် ကာလ အကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုနိုင်သည်-

(၁) ခွင့်ပြုမိန့်အသီးသီးတွင် ဖော်ပြပါရှိသည့်စည်းကမ်းချက်များကို လိုက်နာရန် ပျက်ကွက်ခြင်း။

(၂) အချိန်စေ့ရောက်သည့်နေ့တွင် ခွင့်ပြုမိန့်အတွက် သတ်မှတ်ကြေးပေးဆောင်ရန် ပျက်ကွက်ခြင်း။

(၃) ခွင့်ပြုမိန့်ရရှိသူသည် ပြဋ္ဌာန်းထားသည့် လုပ်ထုံးလုပ်နည်း တစ်ရပ်ရပ်ကိုဖြစ်စေ၊ အစီအစဉ်များ သို့မဟုတ် လက်စွဲများကိုဖြစ်စေ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်းကြောင့် ၎င်း၏ခွင့်ပြုမိန့်ပါ ဝန်ဆောင်မှုဆိုင်ရာတာဝန်များကို ဆောင်ရွက်ရာတွင်တစ်ပါးသူအပေါ် ကြီးမားစွာထိခိုက်နစ်နာမှုဖြစ်ပေါ် စေခြင်း။

(၄) မိမိနှင့်သက်ဆိုင်သော ဥပဒေရေးရာနှင့် စည်းမျဉ်းစည်းကမ်းများ၊ စာချုပ်ပါ သတ်မှတ်ချက်များကို အလေးမထားခြင်း။

(၅) ခွင့်ပြုမိန့်ကိုဖြစ်စေ၊ ခွင့်ပြုမိန့်ပါလုပ်ငန်းတစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ် ဒေသကိုဖြစ်စေ ခွင့်ပြုမိန့်ထုတ်ပေးခဲ့သည့် သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများ၏ ခွင့်ပြုချက်မရှိဘဲရောင်းချ ခြင်း၊ ပေါင်နှံခြင်း၊ အငှားချထားခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းပေး ခြင်း။

(၆) ခွင့်ပြုမိန့်ပါစာရွက်စာတမ်း၊ အချက်အလက်များကို သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း များ၏ ခွင့်ပြုချက်မရှိဘဲ ပြင်ဆင်ရေးသားခြင်း။

(ခ) ခွင့်ပြုမိန့်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်းနှင့် ပယ်ဖျက်ခြင်း ပြုလုပ်ပြီး နောက်ခွင့်ပြုမိန့် ထုတ်ပေးခဲ့သည့် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများသည် ခွင့်ပြုမိန့်ပါလုပ်ငန်းနှင့် သက်ဆိုင်သော ပစ္စည်းကိရိယာများနှင့် အဆောက်အအုံများ စဉ်ဆက်မပြတ် လည်ပတ်ဆောင်ရွက်နိုင်စေရန် အောက်ဖော်ပြပါ လုပ်ဆောင်ချက် အားလုံးကိုဖြစ်စေ၊ တစ်ရပ်ရပ်ကိုဖြစ်စေ ဆောင်ရွက်နိုင်သည်-

(၁) ခွင့်ပြုမိန့်ရရှိသူကိုယ်စား စီမံအုပ်ချုပ်သူတစ်ဦးဦးကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန* က ပစ္စည်းကိရိယာများနှင့် အဆောက်အအုံများကို လွှဲပြောင်းရယူပြီး လုပ်ငန်းဆောင်ရွက်စေခြင်း။

(၂) ခွင့်ပြုမိန့်ရရှိသူနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန*မှ သဘောတူသည့်အခြား ပုဂ္ဂိုလ်တစ်ဦးဦးအကြား ထပ်ဆင့်စာချုပ်တစ်ရပ်ချုပ်ဆိုစေ၍ အဆိုပါပုဂ္ဂိုလ်အား ခွင့်ပြုမိန့်ပါ ပစ္စည်းကိရိယာများ၊ အဆောက် အအုံများနှင့် လုပ်ငန်းတာဝန်များကို ချက်ချင်းလွှဲပြောင်းရယူဆောင်ရွက်စေခြင်း။

(ဂ) ခွင့်ပြုမိန့်ပယ်ဖျက်ခြင်းခံရသူ၏ လျှပ်စစ်ဆိုင်ရာလုပ်ငန်းအဆောက်အအုံတွင် တပ်ဆင် ထားသည့် စက်ရုံ၊ စက်ယန္တရားများနှင့် အခြားပစ္စည်းကိရိယာများအတွက် အဖိုးစားနားအပြည့်အဝပေးအပ်ပြီး သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ခွင့်ပြုမိန့်ပါတာဝန်ကို ဆက်ခံမည့်သူတစ်ဦးဦးက လွှဲပြောင်းရယူခြင်းမပြုမီအချိန်ထိ နည်းဥပဒေခွဲ (ခ) ပါ အတိုင်း* ဆက်လက်ဆောင်ရွက်စေနိုင်သည်။

(ဃ) ပြည်ထောင်စုအစိုးရအဖွဲ့က နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံတော်လုံခြုံရေး အခြေအနေ တစ်ရပ်ရပ်ကြောင့် ဆောင်ရွက်ဆဲ လျှပ်စစ်ဆိုင်ရာလုပ်ငန်းအား ရပ်ဆိုင်းရန် ဆုံးဖြတ်ပါက ဝန်ကြီးဌာနသည် ခွင့်ပြုမိန့်ကို ရုပ်သိမ်းပယ်ဖျက်ရမည်။*


မဟာဓာတ်အားလိုင်းစနစ်နှင့်ချိတ်ဆက်ဆောင်ရွက်ခြင်း

၈၀။ (က) သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၊ သက်ဆိုင်ရာ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့များမှ ထုတ်ပေးသောခွင့်ပြုမိန့်ရရှိထားသူများသည် ခွင့်ပြုမိန့်ပါနယ်နိမိတ်အတွင်းလျှပ်စစ် ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးခြင်း ဆောင်ရွက်ရန် အတွက်မဟာဓာတ်အားလိုင်းစနစ်နှင့် တိုက်ရိုက်ဖြစ်စေ၊ တစ်ဆင့်ခံဖြစ်စေ ချိတ်ဆက်လိုပါက ခွင့်ပြုမိန့် ထုတ်ပေးခဲ့သည့် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများ၏ သဘောတူညီချက်ရယူရမည်။

(ခ) သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများ၏ သဘောတူညီချက်ရရှိပါက မဟာဓာတ်အား လိုင်းစနစ်နှင့် တိုက်ရိုက်ဖြစ်စေ၊ တစ်ဆင့်ခံဖြစ်စေချိတ်ဆက်ရန်အတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန*မှ ခွင့်ပြုချက်ကို ရယူရမည်။

(ဂ) လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန*သည် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားပြီး နောက်လျှပ်စစ် ဓာတ်အား ချိတ်ဆက်ဆောင်ရွက်ခြင်းကို ခွင့်ပြုနိုင်သည်-

(၁) မဟာဓာတ်အားလိုင်းစနစ်၏ တည်ငြိမ်မှုအပေါ် အကျိုးသက်ရောက်နိုင်မှု။

(၂) ဒေသခံပြည်သူတို့၏ လျှပ်စစ်ဓာတ်အားခကုန်ကျစရိတ်အပေါ် အကျိုးသက်ရောက် နိုင်မှု။

(၃) သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ သက်ဆိုင်ရာကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း လျှပ်စစ် ဓာတ်အားကဏ္ဍဖွံ့ဖြိုးတိုးတက်လာနိုင်မှု။

(၄) အများပြည်သူအကျိုးစီးပွားအလို့ငှာ လိုအပ်သည်ဟု ထင်မြင်ယူဆသော အခြား အကြောင်းအချက်များ။

(ဃ) ထိုသို့ချိတ်ဆက်ရန် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းများအပါအဝင် သီးခြား လျှပ်စစ်ဓာတ်အားကွန်ရက်စနစ်ရှိပြီး ဖြစ်ရမည်။

(င) မဟာဓာတ်အားလိုင်းစနစ်နှင့် တိုက်ရိုက်ဖြစ်စေ၊ တစ်ဆင့်ခံဖြစ်စေ ချိတ်ဆက်ဆောင်ရွက် ခွင့်ရရှိသူများသည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန*က လျှပ်စစ်ဥပဒေနှင့်အညီ ထုတ်ပြန် သော နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများအား လိုက်နာဆောင်ရွက်ရမည်။


ခွင့်ပြုမိန့်ထုတ်ပေးခြင်းဆိုင်ရာစည်းမျဉ်းများ

၈၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန*သည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ခွင့်ပြုမိန့်လျှောက်ထားခြင်း၊ ထုတ်ပေးခြင်း၊ ပြင်ဆင်တည်းဖြတ်ခြင်း၊ မွမ်းမံပြင်ဆင်ခြင်း၊ ဆိုင်းငံ့ခြင်း၊ ရုပ်သိမ်း ခြင်းတို့နှင့် စပ်လျဉ်းသည့် စည်းမျဉ်းများကို ချမှတ်ရမည်။ ယင်းစည်းမျဉ်း များတွင်ခွင့်ပြုမိန့်လျှောက်ထားရာတွင် ပါဝင်ရမည့် ပုံစံများ၊ အကြောင်းအရာများ၊ သတ်မှတ်ချက် များ၊ အထောက်အထားစာရွက် စာတမ်းများနှင့် ခွင့်ပြုမိန့်ထုတ်ပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ စသည်တို့ ဖော်ပြပါရှိရမည်။

၈၂။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန* က ထုတ်ပြန်မည့် ခွင့်ပြုမိန့်ထုတ်ပေးရေးဆိုင်ရာ စည်းမျဉ်းများ တွင်-

(က) လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူညီချက်များ(Power Purchase Agreements) နှင့်စပ် လျဉ်း၍လည်းကောင်း၊ ယှဉ်ပြိုင်မှုရှိသော လျှပ်စစ်ဓာတ်အားဝယ်ယူမှုအစီအစဉ် များနှင့် စပ်လျဉ်း၍ လည်းကောင်းသတ်မှတ်ချက်များကို ဖော်ပြရမည်။

(ခ) လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူညီချက်ပဋိညာဉ်စာချုပ် စံပြုပုံစံများကို သတ်မှတ်ပေးရမည်။

၈၃။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန*သည် ခွင့်ပြုမိန့်ရရှိသူများ ဆောင်ရွက်နေသော လုပ်ငန်းများတွင် နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော ဆက်စပ်နေသည့် လျှပ်စစ်ဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်း၍ လိုအပ်သည့် ခွင့်ပြုမိန့်များကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပေးနိုင်သည်။


* ၂၈.၂.၂၀၂၂ ရက်နေ့တွင် ပထမအကြိမ် ပြင်ဆင်သည်။

အခန်း(၅)
လျှပ်စစ်ဓာတ်အားခနှုန်းထား

လျှပ်စစ်ဓာတ်အားခနှုန်းထားများ အဆိုတင်သွင်းခြင်း

၈၄။ (က) ခွင့်ပြုမိန့်ရရှိသူများသည် လျှပ်စစ်ဓာတ်အားခနှုန်းထားများအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန* သို့ အဆိုပြုတင်သွင်းရမည်။

(ခ) အဆိုပါ အဆိုပြုချက်တွင် သတ်မှတ်လိုသည့် လျှပ်စစ်ဓာတ်အားခနှုန်းထား၊ ပဋိညာဉ် စာချုပ်ပါ စာရင်းဇယားများနှင့် အခြားစာရွက်စာတမ်းများကို ရှင်းလင်းပီသသော ပုံနှိပ် စာလုံးဖြင့် မူရင်းနှင့် မူပွား များပြုလုပ်တင်သွင်းရမည်။

(ဂ) အဆိုပြု စာရင်းဇယားတွင် ဈေးနှုန်း သို့မဟုတ် သုံးစွဲယူနစ်ကို အခြေခံသည့် လျှပ်စစ်ဓာတ်အားခနှုန်းထားကို ဖော်ပြရမည့်အပြင် လျှပ်စစ်ဓာတ်အားခနှုန်းထားတွင် ပါရှိသည့် အခြားအဖိုးအခများကို သုံးစွဲသူများ အလုံးစုံသဘောပေါက်နားလည် စေရန်အတွက် မီတာငှားရမ်းသုံးစွဲခ၊ တပ်ဆင်ခ၊ အခြေခံဝယ်ယူလိုသည့် ဓာတ်အား ပမာဏ သတ်မှတ်ချက်၊ ဈေးလျှော့ပေးခြင်းနှင့် အခြားအသေးစိတ်အချက်များကိုလည်း ဖော်ပြရမည်။

၈၅။ (က) ခွင့်ပြုမိန့်ရရှိသူတိုင်းသည် ခွင့်ပြုမိန့်ပါ လျှပ်စစ်ဆိုင်ရာ လုပ်ငန်းနှင့်စပ်လျဉ်းသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန*က သဘောတူထားသော လျှပ်စစ်ဓာတ်အားခနှုန်းထား များကို ကော်မရှင်ရုံး၏ အများပြည်သူဆိုင်ရာ မှတ်တမ်းခန်းတွင်ထားရှိနိုင်ရန် ကော်မရှင် ရုံးသို့ ပေးပို့ရမည်။

(ခ) လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန*သည် သဘောတူညီချက်မရရှိသေးသော သို့မဟုတ် အဆိုပြု တင်သွင်းထားခြင်းမရှိသေးသော လျှပ်စစ်ဓာတ်အားခနှုန်းထားများနှင့် စပ်လျဉ်း ၍ အဆိုပြုတင်သွင်းရန် ခွင့်ပြုမိန့် ရရှိသူများကို ညွှန်ကြားရမည်။


လျှပ်စစ်ဓာတ်အားခနှုန်းထား သတ်မှတ်သည့် အခြေခံမူများ

၈၆။ လျှပ်စစ်ဓာတ်အားခနှုန်းထားများသည် အောက်ပါအချက်များအပေါ် အခြေခံရမည်-

(က) လျှပ်စစ်ဓာတ်အားသုံးစွဲသူများ၏ လိုအပ်ချက်ကို အလေးထားဖြည့်ဆည်းဆောင်ရွက်ခြင်း ဖြင့် ခွင့်ပြုမိန့်ရရှိသူများက ကျခံထားရသော ကုန်ကျစရိတ်အားလုံးကို ကာမိစေခြင်း။

(ခ) လျှပ်စစ်ကဏ္ဍတွင် ငွေလုံးငွေရင်းရင်းနှီးမြှုပ်နှံမှုများမှ အကျိုးအမြတ်ရရှိနှုန်းသည် ယင်းနှင့်အလား တူစွန့်စားရင်းနှီးမြှုပ်နှံမှုများကဲ့သို့ အကျိုးဖြစ်ထွန်းစေခြင်း။

(ဂ) ရေတိုနှင့် ရေရှည်ကာလများအတွက်ကာမိစေသောအနီးစပ်ဆုံး ခန့်မှန်းကုန်ကျစရိတ် (short run and long run marginal costs)၊ မှန်ကန်တိကျသောဈေးနှုန်းဆိုင်ရာ သတင်းအချက်အလက်များ၊ လျှပ်စစ်ဓာတ်အားလိုအပ်မှုနှင့် ဖြည့်ဆည်းပေးနိုင်မှု အခြေအနေများကို ပွင့်လင်းမြင်သာစွာ ဖော်ပြခြင်း။

(ဃ) သုံးစွဲသူအမျိုးအစားအသီးသီးထံ ပို့လွှတ်သော လျှပ်စစ်ဓာတ်အားအရည်အသွေး နှင့်အခြားလျှပ်စစ် ဆိုင်ရာ ဝန်ဆောင်မှုပေးခြင်းတို့နှင့် ထိုက်တန်သည့် ဓာတ်အားခနှုန်း ထားဖြစ်ခြင်း။

(င) ဝန်အားအသုံးအများဆုံးအချိန်၊ ပုံမှန်အသုံးပြုသည့် အချိန်စသည့်အချိန်အမျိုးမျိုး အလိုက်ဖြစ်စေ၊ လျှပ်စစ်ဓာတ်အားသုံးစွဲမှုပမာဏ အလိုက်ဖြစ်စေ ဝန်ဆောင်မှုပေးခြင်း။

(စ) ပြည်ထောင်စုအစိုးရ၏ ချမှတ်ထားသောမူဝါဒများနှင့်အညီ ကျေးလက်ဒေသလျှပ်စစ်မီး ရရှိရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် အစိုးရက အထောက်အပံ့ပြုရန် လိုအပ်ခြင်း။


လျှပ်စစ်ဓာတ်အားခနှုန်းထားပြောင်းလဲရန် လျှောက်ထားခြင်း

၈၇။ (က) ခွင့်ပြုမိန့်ရရှိသူများသည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန* မှ သဘောတူခွင့်ပြုထားပြီး သော လျှပ်စစ်ဓာတ်အားခနှုန်းထားများကို ပြင်ဆင်တည်းဖြတ်ရန် သို့မဟုတ် မွမ်းမံ ပြင်ဆင်ရန်လိုအပ်လာပါက ဝန်ကြီးဌာနသို့ တင်ပြလျှောက်ထားနိုင်သည်။

(ခ) ပြင်ဆင်တည်းဖြတ်ရန် သို့မဟုတ် မွမ်းမံပြင်ဆင်ရန် တင်ပြလျှောက်ထားချက်တွင် လျှပ်စစ်ဓာတ်အားခနှုန်းထား မွမ်းမံပြင်ဆင်ခြင်းကြောင့် လျှပ်စစ်ဓာတ်အား သုံးစွဲသူများ အပေါ် သက်ရောက်မှုရှိနိုင် သည့် အကျိုးအပြစ်နှိုင်းယှဉ်ချက်များ ပါဝင်ရမည်။


* ၂၈.၂.၂၀၂၂ ရက်နေ့တွင် ပထမအကြိမ် ပြင်ဆင်သည်။

အခန်း(၆)
အခြားစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ တာဝန်များ

ဘဏ္ဍာငွေအစီအမံများ

၈၈။ ခွင့်ပြုမိန့်ရရှိသူအားလုံးသည် ၎င်းတို့၏ ဘဏ္ဍာငွေထောက်ပံ့ပေးရေးအစီအမံများအား စီးပွားရေး အရတွက်ခြေကိုက်ပြီး ကျိုးကြောင်းခိုင်လုံသော စည်းကမ်းသတ်မှတ်ချက်များဖြင့် သေချာစွာ ဆောင်ရွက် ထားရမည်။


လုပ်ငန်းပေါင်းစည်းခြင်း၊ ပြန်လည်ဖွဲ့စည်းခြင်းနှင့် ချဲ့ထွင်ခြင်း

၈၉။ ခွင့်ပြုမိန့်ရရှိသူများသည် မိတ်ဖက်ကုမ္ပဏီများနှင့် လုပ်ငန်းပူးပေါင်းဆောင်ရွက်ခြင်းအတွက် လည်းကောင်း၊ လုပ်ငန်းပေါင်းစည်းခြင်း သို့မဟုတ် အဓိကအဆောက်အအုံများကို ရောင်းဝယ်ခြင်းအတွက်လည်းကောင်း၊ စီးပွားရေးလုပ်ငန်းများချဲ့ထွင်ခြင်းအတွက်လည်းကောင်း သက်ဆိုင်ရာခွင့်ပြုမိန့် ထုတ်ပေးသူထံ သဘောတူညီချက် တောင်းခံရမည်။


လျှပ်စစ်ဓာတ်အားကွပ်ကဲရေးဌာနများ

၉၀။ (က) လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန*  သည် လျှပ်စစ်ဓာတ်အားစနစ်တည်တံ့ခိုင်မြဲမှု၊ အားထား ရမှု၊ လုံခြုံစိတ်ချရမှုနှင့် ထိရောက်အကျိုးရှိမှုတို့ရှိစေရန်အတွက် လျှပ်စစ်ဓာတ်အားစနစ် ထိန်းညှိကွပ်ကဲခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်ရမည်။ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန* က ဖွဲ့စည်းထားသော လျှပ်စစ်ဓာတ်အားကွပ်ကဲရေးဌာနများနှင့် လျှပ်စစ် ဆိုင်ရာလုပ်ငန်း ခွင့်ပြုမိန့်ရရှိသူများက ယင်းလုပ်ထုံး လုပ်နည်းများကို တိကျစွာလိုက်နာ ရမည်။

(ခ) လျှပ်စစ်ဓာတ်အားကွပ်ကဲရေးဌာနများသည် လျှပ်စစ်ဓာတ်အားလိုအပ်မှုကို ထိရောက် အကျိုးရှိစွာ ဖြည့်ဆည်းပေးနိုင်ရန် မဟာဓာတ်အားလိုင်းစနစ်နှင့် ချိတ်ဆက်ထားသည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ် ရေးဆိုင်ရာအဆောက်အအုံများအားလုံးမှ ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားကို စီမံခန့်ခွဲရမည်။

(ဂ) လျှပ်စစ်ဓာတ်အားလက်လီရောင်းချသူသည် လျှပ်စစ်ဓာတ်အား လက်ကားရောင်းချသူ တစ်ဦးထက် ပိုသူထံမှ လျှပ်စစ်ဓာတ်အားဝယ်ယူနိုင်သည့်အခါ လျှပ်စစ်ဓာတ်အား ကွပ်ကဲရေးဌာနများသည် အဆိုပါ လက်ကားရောင်းချသူများ၏ ဓာတ်အားထုတ်လုပ်ရေး အဆောက်အအုံများကို ခွဲခြားခြင်းမပြုဘဲ တန်းတူရည်တူစနစ်ဖြင့် ကွပ်ကဲ (dispatch) ဆောင်ရွက်ပေးရမည်။


*၂၈.၂.၂၀၂၂ ရက်နေ့တွင် ပထမအကြိမ် ပြင်ဆင်သည်။

အခန်း(၇)
အရည်အသွေးနှင့်စံချိန်စံညွှန်းသတ်မှတ်ချက်များ


၉၁။ (က) စက်မှုဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် လျှပ်စစ် ဆိုင်ရာ ပစ္စည်းကိရိယာများ၏အရည်အသွေးနှင့် စံချိန်စံညွှန်းဆိုင်ရာသတ်မှတ်ချက်များကို သတ်မှတ်ထုတ်ပြန်ရမည်။

(ခ) နည်းဥပဒေခွဲ (က) အရ* ဆောင်ရွက်ရာတွင် နည်းပညာနယ်ပယ်အသီးသီးအလိုက် သက်ဆိုင်သောဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးဆောင်ရွက်ရမည်။

အခန်း(၈)
လျှပ်စစ်ဆိုင်ရာလုပ်ငန်းနှင့် လျှပ်စစ်ဆိုင်ရာပစ္စည်းကိရိယာများစစ်ဆေးခြင်း


၉၁-က။ ဝန်ကြီးဌာနသည် လျှပ်စစ်ဆိုင်ရာလုပ်ငန်းနှင့် လျှပ်စစ်ဆိုင်ရာပစ္စည်းကိရိယာများ စစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ရန် စစ်ဆေးရေးမှူးချုပ်တစ်ဦးကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီ ချက်ဖြင့် ခန့်အပ်တာဝန်ပေးရမည်။*

၉၂။ စစ်ဆေးရေးမှူးချုပ်သည် လျှပ်စစ်ဥပဒေပုဒ်မ ၃၂ နှင့် ၃၃ ပါပြဋ္ဌာန်းချက်များနှင့်အညီ အောက် ဖော်ပြပါလုပ်ငန်းများကို ဆောင်ရွက်ရမည်-

(က) ခွင့်ပြုမိန့်ရရှိပြီးဖြစ်သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်းနှင့် ဖြန့်ဖြူးခြင်း များကို သတ်မှတ်ချက်များနှင့်အညီ စစ်ဆေးပြီး လျှပ်စစ်အန္တရာယ်ကင်းရှင်း ကြောင်းလက်မှတ်ထုတ်ပေးခြင်း။

(ခ) လျှပ်စစ်ဓာတ်အားအသုံးပြုသည့် ဓာတ်လှေကား၊ စက်လှေကား၊ လျှပ်စစ်ရထား၊ အထူးစီးပွားရေး စက်မှုဇုန်မှ စက်ရုံများ၊ အသေးစား၊ အလတ်စား၊ အကြီးစားစက်ရုံများ၊ အများပြည်သူသက်ဆိုင်စုဝေး ရာ အဆောက်အအုံများ စသည်တို့ကို စစ်ဆေးပြီး လျှပ်စစ်အန္တရာယ်ကင်းရှင်းကြောင်းလက်မှတ်ထုတ် ပေးခြင်း။

(ဂ) လျှပ်စစ်ဆိုင်ရာပစ္စည်းကိရိယာများကို သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ စစ်ဆေးပြီးအရည်အသွေးစစ်ဆေးချက်လက်မှတ် ထုတ်ပေးခြင်း။

(ဃ) လျှပ်စစ်ဥပဒေပုဒ်မ ၃၄ အရ တည်ထောင်ဖွင့်လှစ်ထားသည့်ဓာတ်ခွဲခန်းမှ သတ်မှတ်စံချိန် စံညွှန်းများဖြင့် စစ်ဆေးပြီး အတည်ပြုချက်ရသော ပြည်တွင်းပြည်ပမှ ထုတ်လုပ်သည့် လျှပ်စစ်ပစ္စည်းကိရိယာ များကို အရည်အသွေးစစ်ဆေးချက်လက်မှတ် ထုတ်ပေးခြင်း။

(င) လျှပ်စစ်တပ်ဆင်ရေးလုပ်ငန်းလုပ်ကိုင်ရန် သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူများအား လျှပ်စစ် ကျွမ်းကျင်မှုဆိုင်ရာ လက်မှတ်ထုတ်ပေးခြင်း။

(စ) လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းများအတွက် လုပ်ငန်းမှတ်ပုံ တင်ခြင်းနှင့် သတ်မှတ်ချက်များနှင့်အညီ ထုတ်ပေးခြင်း။

(ဆ) လျှပ်စစ်အန္တရာယ်ကြောင့် လူနှင့်တိရစ္ဆာန်တို့ ထိခိုက်နာကျင်စေခြင်း၊ အသက်ဆုံးရှုံးခြင်း၊ ပစ္စည်း ဥစ္စာနှင့်အဆောက်အအုံများပျက်စီးဆုံးရှုံးခြင်းစသည့် အန္တရာယ်ဖြစ်ပေါ်မှုများနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများနှင့် လိုအပ်သောသက်သေများကို စစ်ဆေး၍ မည်သူ့တွင် တာဝန်ရှိကြောင်းကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန* သို့ သဘောထားမှတ်ချက် ပေးပို့ခြင်း၊

၉၃။ လျှပ်စစ်ဆိုင်ရာလုပ်ငန်းခွင့်ပြုမိန့်ရရှိသူသည် မိမိ၏ လုပ်ငန်းလည်ပတ်ခြင်းမပြုမီ လျှပ်စစ် အန္တရာယ်ကင်းရှင်းကြောင်းနှင့် လျှပ်စစ်ပစ္စည်းအရည်အသွေးတို့အတွက် စစ်ဆေးခြင်းခံရမည့် အပြင် လုပ်ငန်းဆောင်ရွက်လည်ပတ်နေသည့် ကာလအတွင်းနှစ်စဉ်စစ်ဆေးခြင်းခံရမည်။

၉၄။ စစ်ဆေးရေးမှူးချုပ်သည် အထက်နည်းဥပဒေ ၉၃အရ စစ်ဆေးရာတွင် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုမရှိကြောင်း စစ်ဆေးတွေ့ရှိပါက လုပ်ငန်းများရပ်ဆိုင်းနိုင်ရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန* နှင့် ခွင့်ပြုမိန့်ရရှိသူတို့ထံသို့ အကြောင်းကြားရမည်။

၉၅။ ခွင့်ပြုမိန့်ရရှိသူသည် လျှပ်စစ်အန္တရာယ်ဖြစ်ပွားခြင်းနှင့် စပ်လျဉ်း၍ စစ်ဆေးရေးမှူးချုပ်၏ သဘော ထားမှတ်ချက်အပေါ်တွင် မည်သို့အရေးယူဆောင်ရွက်ထားကြောင်း စစ်ဆေးရေးမှူးချုပ် ထံသို့ အမြန်ဆုံး အကြောင်းပြန်ကြားရမည်။

၉၆။ စစ်ဆေးရေးမှူးချုပ်သည် လျှပ်စစ်ဥပဒေပုဒ်မ ၃၄ နှင့်အညီ စက်မှုဝန်ကြီးဌာနကဆောင်ရွက်ရမည့် နိုင်ငံတကာအဆင့်မီဓာတ်ခွဲခန်းများ တည်ထောင်ဖွင့်လှစ်နိုင်ရေးကိစ္စကို တာဝန်ယူဆောင်ရွက် ရမည်။

၉၇။ စစ်ဆေးရေးမှူးချုပ်သည် လျှပ်စစ်ဆိုင်ရာလုပ်ငန်းစစ်ဆေးခြင်းနှင့် လျှပ်စစ်ပစ္စည်းကိရိယာများ စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လိုအပ်သော လုပ်ထုံးလုပ်နည်းများကို ရေးဆွဲ၍ စက်မှုဝန် ကြီးဌာနသို့ တင်ပြရမည်။


* ၂၈.၂.၂၀၂၂ ရက်နေ့တွင် ပထမအကြိမ် ပြင်ဆင်သည်။

အခန်း(၉)
စည်းကမ်းထိန်းသိမ်းရေး၊ ပြစ်ဒဏ်များနှင့် အရေးယူမှုများ

စုံစမ်းစစ်ဆေးမှုများ

၉၈။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန* သည် ဥပဒေ၊ အမိန့်၊ နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် ခွင့်ပြုမိန့်ပါ စည်းကမ်းချက်တို့ကို ခွင့်ပြုမိန့်ရရှိသူတစ်ဦးဦးက ဖောက်ဖျက်ကြောင်းမိမိထံ စာဖြင့် တိုင်ကြားလာခြင်းကြောင့်ဖြစ်စေ၊ မိမိ ကိုယ်တိုင်သံသယရှိခြင်းကြောင့်ဖြစ်စေ လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်ရန်သင့်လျော်သော လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများကို တာဝန်ပေးနိုင်သည်။


စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများ

၉၉။ (က) ခွင့်ပြုမိန့်ရရှိသူတစ်ဦးဦးအား စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အရေးယူခြင်းပြုရန် အကြောင်းပေါ်ပေါက်လာပါက အရေးယူခြင်းမပြုမီ ယင်းအရေးယူမှုသည် မည်သည့် အတွက်ကြောင့် လျော်ကန်မှုမရှိကြောင်းကို သတ်မှတ်ကာလအတွင်း ဖြေရှင်းချက်ပေးရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန* သည် ခွင့်ပြုမိန့်ရရှိသူထံစာဖြင့် အကြောင်းကြားရမည်။

(ခ) လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန* သည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက် ဖြင့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် စပ်လျဉ်း၍ စည်းမျဉ်းများ ထုတ်ပြန်ရမည်။ ယင်း စည်းမျဉ်းများတွင်အောက်ပါအချက်များပါဝင်ရမည်-

(၁) စည်းကမ်းဖောက်ဖျက်ခြင်းအတွက် ဖြေရှင်းချက်ပေးရန် အခွင့်အရေးပေးခြင်း။

(၂) ဖြေရှင်းချက်သည်ခိုင်လုံပြည့်စုံမှုမရှိပါက စည်းကမ်းဖောက်ဖျက်ခြင်းကို ပြန်လည် ကုစားရန် အတွက် သင့်တော်သည့် အချိန်အတိုင်းအတာတစ်ရပ်ပေးခြင်း။

(၃) သင့်တော်သည့် အချိန်အတိုင်းအတာအတွင်း ပြန်လည်ကုစားနိုင်ခြင်းမရှိပါက အရေးယူရမည့် လုပ်ထုံးလုပ်နည်းများနှင့် ချမှတ်နိုင်သည့် ဒဏ်ကြေးငွေပမာဏ။


အရေးယူမှုများ

၁၀၀။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန*  သည် သတ်မှတ်စည်းကမ်းချက်တို့ကို ဖောက်ဖျက်ကြောင်း တွေ့ရှိရသည့် သက်ဆိုင်ရာခွင့်ပြုမိန့်ရရှိသူကို အောက်ပါအရေးယူမှုတစ်ရပ်ရပ်ကို ဖြစ်စေ၊ တစ်ရပ် ထက်ပို၍ဖြစ် စေ အရေးယူဆောင်ရွက်နိုင်သည်-

(က) စည်းကမ်းဖောက်ဖျက်မှု ထပ်မံကျူးလွန်ခြင်း မပြုနိုင်ရန်အတွက် ဘဏ္ဍာရေးအာမခံ ထားရှိရန် သတ်မှတ်ခြင်း။

(ခ) ဘဏ္ဍာရေးဆိုင်ရာပြစ်ဒဏ်များချမှတ်ခြင်း။

(ဂ) ခွင့်ပြုမိန့်ကို ရပ်ဆိုင်းခြင်း သို့မဟုတ် ရုပ်သိမ်းခြင်း။

(ဃ) တရားမကြောင်းအရဖြစ်စေ၊ ပြစ်မှုကြောင်းအရဖြစ်စေ တရားစွဲဆိုခြင်း သို့မဟုတ် တရားစွဲဆိုရန် လွှဲပြောင်းပေးခြင်း။


* ၂၈.၂.၂၀၂၂ ရက်နေ့တွင် ပထမအကြိမ် ပြင်ဆင်သည်။

အခန်း(၁၀)
အထွေထွေ

လုံခြုံမှုအဆင့်အတန်းထားရှိမှု

၁၀၁။ စာရွက်စာတမ်းတွင်ပါရှိသော သတင်းအချက်အလက်အချို့ သို့မဟုတ် အားလုံးကိုမဖြစ်မနေ ထုတ်ဖော်ပြသရန် သို့မဟုတ် ပြောဆိုရန်အခြေအနေတစ်ရပ် ဖြစ်ပေါ်သည့်အခါ ထိုကိစ္စရပ်များနှင့် ပတ်သက် သည့်ပုဂ္ဂိုလ်သည် အဆိုပါ စာရွက်စာတမ်းတွင်ပါရှိသော သတင်းအချက်အလက် များမှာ လုံခြုံမှုအဆင့်အတန်းသတ်မှတ်ချက်အရ ထိုသို့ထုတ်ဖော်ပြောဆိုခြင်းမှ ကင်းလွတ်ခွင့် ပြုရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန* သို့တင်ပြလျှောက်ထားနိုင်သည်။ ထိုသို့လျှောက်ထားရာ တွင်လျှို့ဝှက်ထားရှိမှုအဖြစ် သတ်မှတ်ရန် မိမိလျှောက်ထားမှုအကျိုးအကြောင်းခိုင်လုံကြောင်း လုံလောက်သည့် အသေးစိတ်အထောက်အထားများကို လျှောက်ထားတင်သွင်းရမည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန* သည် လျှို့ဝှက်ထားရှိမှုအဖြစ် သတ်မှတ်ရန် မည်သည့်တောင်းဆိုမှုမျိုး ကိုမဆို ဆုံးဖြတ်သတ် မှတ်ပိုင်ခွင့်ရှိသည်။


သတင်းအချက်အလက်များ

၁၀၂။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန* သည် လျှပ်စစ်ဥပဒေနှင့် နည်းဥပဒေပါလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုအပ်ပါက လျှပ်စစ်ဆိုင်ရာလုပ်ငန်းခွင့်ပြုမိန့် ရရှိသူထံမှ မည်သည့်သတင်းအချက်အလက်ကိုမဆို တောင်းဆိုနိုင်သည်။ ယင်းသို့တောင်းဆို ခံရသည့်ပုဂ္ဂိုလ်သည် တောင်းဆိုလာသည့်အချက်အလက်များကို ပံ့ပိုးပေးရမည်ဖြစ်ပြီး ပျက်ကွက် ပါက အခါအားလျော်စွာ သတ်မှတ်သည့် ဒဏ်ငွေ သို့မဟုတ် အခြားပြစ်ဒဏ်များအတွက် တာဝန်ရှိစေရမည်။

(ပုံ) ခင်မောင်စိုး
ပြည်ထောင်စုဝန်ကြီး
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန


* ၈.၂.၂၀၂၂ ရက်နေ့တွင် ပထမအကြိမ် ပြင်ဆင်သည်။