ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး နည်းဥပဒေများ

DOWNLOAD

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စက်မှုဝန်ကြီးဌာန
(ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး နည်းဥပဒေများ)
အမိန့်ကြော်ငြာစာအမှတ် (၈၅/၂၀၁၅-၂၀၁၆)

၁၃၇၇ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက်
(၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်)

စက်မှုဝန်ကြီးဌာနသည် ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ အန္တရာယ်မှတားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၄၇၊ ပုဒ်မခွဲ (က)အရ အပ်နှင်းသောလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အောက်ပါနည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။

အခန်း (၁)
အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤနည်းဥပဒေများကို ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး နည်းဥပဒေများဟု ခေါ်တွင်စေရမည်။

၂။ ဤနည်းဥပဒေများတွင် ပါရှိသော စကားရပ်များသည် ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေတွင် ပါရှိသည့်အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။ ထို့ပြင် အောက်ပါ စကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-

(က) ဥပဒေဆိုသည်မှာ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေကို ဆိုသည်။

(ခ) သာမန်ဓာတုပစ္စည်း ဆိုသည်မှာ အများပြည်သူများ သာမန်သုံးစွဲရန် သတ်မှတ်ထားသည့် ဓာတုပစ္စည်း နှင့်ဆက်စပ်ပစ္စည်းများကို ဆိုသည်။

(ဂ) ကန့်သတ်ဓာတုပစ္စည်း ဆိုသည်မှာ လူသားများ၏ ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး အတွက် အထူးထိန်းချုပ်ရသော အန္တရာယ်ရှိသည့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကိုဆိုသည်။

(ဃ) တားမြစ်ဓာတုပစ္စည်း ဆိုသည်မှာ သိပ္ပံနည်းကျသုတေသနပြုလုပ်ခြင်း၊ ကူးစက်ရောဂါ ကာကွယ်တိုက်ဖျက်ခြင်း စသည့်ကိစ္စများအတွက် နိုင်ငံတော်ကသာ ထုတ်လုပ်သုံးစွဲ တင်သွင်းခွင့်ရှိသော ဓာတုပစ္စည်း နှင့်ဆက်စပ်ပစ္စည်းများကို ဆိုသည်။

(င) စွန့်ပစ်ပစ္စည်း ဆိုသည်မှာ ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများကို ထုတ်လုပ်သော သို့မဟုတ် အသုံးပြုသော စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်းများမှ စွန့်ထုတ်သော ဓာတုပစ္စည်း နှင့်ဆက်စပ်ပစ္စည်း အကြွင်းအကျန်များ၊ သက်တမ်းလွန်သော ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများနှင့် ယင်းတို့၏ ထုပ်ပိုးပစ္စည်းများစသည့် ပတ်ဝန်းကျင်ကို ညစ်ညမ်း စေပြီး သက်ရှိသတ္တဝါများ၏ ကျန်းမာရေးနှင့် အသက်အန္တရာယ်ကို ထိခိုက်စေ နိုင်သော ပစ္စည်းများကိုဆိုသည်။

(စ) စွန့်ပစ်ခြင်း ဆိုသည်မှာ ဥပဒေ၊ အခြားတည်ဆဲဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအရ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို မထိခိုက်စေရေးနှင့် လူနှင့်တိရစ္ဆာန်တို့၏ ကျန်းမာရေး နှင့်အသက်အန္တရာယ် မထိခိုက်စေရေး အတွက် စွန့်ပစ်ပစ္စည်းများကို သင့်လျော်သော နည်းပညာဖြင့် ပြုပြင်ခြင်းဖြင့်လည်းကောင်း၊ သင့်လျော်သော ထုပ်ပိုးပစ္စည်းများ အသုံးပြုခြင်းဖြင့်လည်းကောင်း သတ်မှတ်ထားသည့် နေရာတွင် စွန့်ပစ်ခြင်းကို ဆိုသည်။

(ဆ) လုပ်ငန်းခွင်လုံခြုံရေးကိရိယာ ဆိုသည်မှာ ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းတွင် အလုပ်လုပ်ကိုင်သူများကို ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အကာအကွယ်ပေးနိုင်သည့် အထောက်အကူပြု ကိရိယာကို ဆိုသည်။

(ဇ) ကိုယ်ခန္ဓာကာကွယ်ရေးကိရိယာနှင့်ဝတ်စုံ ဆိုသည်မှာ ဓာတုပစ္စည်းနှင့်ဆက်စပ် ပစ္စည်းများဆိုင်ရာ လုပ်ငန်းတွင် အလုပ်လုပ်ကိုင်သူများကို ဓာတုပစ္စည်းနှင့်ဆက်စပ် ပစ္စည်းများနှင့် တိုက်ရိုက်မထိတွေ့စေရန် နှင့်ထိတွေ့မှုကို လျော့နည်းစေရန် အသုံးပြု သော ပစ္စည်းများနှင့် အသက်ရှူကိရိယာများကို ဆိုသည်။

(ဈ) လိုင်စင်ရရှိသူ ဆိုသည်မှာ ဓာတုပစ္စည်း သို့မဟုတ် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်း လုပ်ကိုင်နိုင်ရန် ဥပဒေအရ ဗဟိုကြီးကြပ်ရေးအဖွဲ့က ထုတ်ပေးသော ခွင့်ပြုမိန့်ရရှိသူကို ဆိုသည်။

(ည) မှတ်ပုံတင်လျှောက်ထားသူ ဆိုသည်မှာ ဓာတုပစ္စည်း သို့မဟုတ် ဆက်စပ်ပစ္စည်းဆိုင်ရာ လုပ်ငန်းတွင် အသုံးပြုမည့် ဓာတုပစ္စည်း သို့မဟုတ် ဆက်စပ်ပစ္စည်းများ မှတ်ပုံတင်ခြင်း ကိစ္စ လျှောက်ထားသူကို ဆိုသည်။

(ဋ) အကြံပေးအဖွဲ့ ဆိုသည်မှာ ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီး ကာကွယ်ရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းထားသော အကြံပေးအဖွဲ့ကို ဆိုသည်။

(ဌ) ပညာရပ်ဆိုင်ရာအဖွဲ့ ဆိုသည်မှာ ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရန်အလို့ငှာ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ပြင်ပအဖွဲ့အစည်းများမှ ကျွမ်းကျင် သူများဖြင့် ဖွဲ့စည်းထားသော အဖွဲ့ကို ဆိုသည်။

(ဍ) ပုံစံ ဆိုသည်မှာ ဤနည်းဥပဒေတွင်ပါရှိသော ပုံစံများကိုဆိုသည်။

အခန်း (၂)
ဗဟိုဦးစီးအဖွဲ့၏တာဝန်နှင့် လုပ်ပိုင်ခွင့်များ

၃။ ဗဟိုဦးစီးအဖွဲ့သည် ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးနှင့် စပ်လျဉ်း၍ အောက်ပါတို့နှင့်သက်ဆိုင်သည့် မူဝါဒများကို ချမှတ်နိုင်သည်-

(က) လုပ်ငန်းခွင် မတော်တဆထိခိုက်ဒဏ်ရာရရှိမှုနှင့် ကျန်းမာရေးထိခိုက်မှုများကို အနည်းဆုံး ဖြစ်စေရေးအတွက် နိုင်ငံတကာတွင် ကျင့်သုံးသောစနစ် (Globally Harmonized System-GHS) ၏ သတ်မှတ် စံချိန်စံညွှန်းအတိုင်း အန္တရာယ်သတိပေးအမှတ်အသား ကပ်ခြင်းကို ဆောင်ရွက်စေခြင်း၊

(ခ) လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းစေရေး လိုအပ်သောအစီအမံများ ပြုလုပ်ထားခြင်း၊ မတော်တဆ ဖြစ်ပွားမှုများ ကာကွယ်ရေးနှင့် လျော့နည်းစေရေးအတွက် အမိန့်နှင့် ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း၊

(ဂ) စီမံအုပ်ချုပ်သူများ၊ လိုင်စင်ရရှိသူများ၊ ပြည်သူလူထုတစ်ရပ်လုံးနှင့် လုပ်သားများကို ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ အန္တရာယ်ကင်းရှင်းရေး၊ အသိပညာ ဗဟုသုတများ တိုးပွားရေးအစီအစဉ်များ ချမှတ်ခြင်း၊

(ဃ) ဓာတုပစ္စည်းများဘေးအန္တရာယ်ကင်းရှင်းရေးစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ပြည်တွင်းပြည်ပ အစိုးရဌာန၊ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်စေခြင်း။

၄။ ဗဟိုဦးစီးအဖွဲ့သည် လိုင်စင်နှင့်မှတ်ပုံတင်လက်မှတ်တို့၏ သက်တမ်းကို (၂)နှစ်အထိ သတ်မှတ် နိုင်သည်။

၅။ ဗဟိုဦးစီးအဖွဲ့သည် လိုင်စင်လျှောက်ထားသူနှင့် မှတ်ပုံတင်လက်မှတ်လျှောက်ထားသူတို့၏ အရည်အချင်းနှင့်စည်းကမ်းချက်များကို အောက်ပါအတိုင်း သတ်မှတ်နိုင်သည်-

(က) လျှောက်ထားသူသည် လုပ်ဆောင်မည့်လုပ်ငန်းခွင်တွင် အနိမ့်ဆုံးအနေဖြင့် ဓာတုဗေဒ ဆိုင်ရာ ဘွဲ့တစ်ခုခုရရှိထားသူကို တာဝန်ပေးအပ်ထားကြောင်း အထောက်အထားကို ပြသရမည်။

(ခ) လုပ်ငန်းခွင်ကို စီမံခန့်ခွဲမှုအဖွဲ့၊ ကြီးကြပ်သူနှင့် စစ်ဆေးသူတို့ဖြင့် ဖွဲ့စည်းထားရမည်။

(ဂ) ဓာတုပစ္စည်းများကို ကိုင်တွယ်ခြင်း၊ သိုလှောင်ခြင်း၊ သုံးစွဲခြင်းနှင့် စွန့်ပစ်ခြင်းဆိုင်ရာ နည်းလမ်းများ နှင့်စည်းကမ်းများကို သိရှိနားလည်ထားပြီးသူဖြစ်ရမည်။

(ဃ) လုပ်ငန်းခွင်တွင် သက်ဆိုင်ရာ ဝန်ထမ်းများအတွက် ဘေးအန္တရာယ်ကာကွယ်ရေး ကိရိယာများ ထားရှိပြီး မတော်တဆမှုဖြစ်ပွားပါက ဘေးအန္တရာယ်လျော့နည်းစေရေးနှင့် အန္တရာယ်ကင်းရှင်းစေရေး ကြိုတင်စီမံ ထားရှိရမည်။

(င) လုပ်ငန်းခွင်တွင် သန့်ရှင်းရေး သို့မဟုတ် မီးဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ ကြိုတင်ပြင်ဆင်ထား ရှိမှုများ ပြုလုပ်ထားရမည်။

အခန်း (၃)
ဗဟိုကြီးကြပ်ရေးအဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ

၆။ ဗဟိုကြီးကြပ်ရေးအဖွဲ့သည် ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ နည်းပညာအရ ပြုပြင်ခြင်း၊ စီးပွားရေးအလို့ငှာထုတ်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သုတေ သနပြုလုပ်ခြင်း၊ လက်ကားရောင်းဝယ်ဖြန့်ဖြူးခြင်း၊ သိုလှောင်ထိန်းသိမ်းခြင်း၊ လက်လီရောင်း ဝယ်ဖြန့်ဖြူးခြင်း၊ လက်ဝယ်ထားရှိခြင်းနှင့် သုံးစွဲခြင်းကိစ္စရပ်များနှင့် သက်ဆိုင်သည့်လိုင်စင်နှင့် မှတ်ပုံတင်လက်မှတ်ကိစ္စတို့ကို ဆောင်ရွက်ရမည်။

၇။ ဗဟိုကြီးကြပ်ရေးအဖွဲ့သည် မိမိလုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင်-

(က) လိုင်စင်နှင့် မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်းတို့အတွက် လိုအပ်သော အထောက် အထားအချက်အလက်များကို သတ်မှတ်ပေးရမည်။

(ခ) လိုအပ်ပါက သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ရမည်။

(ဂ) ပြင်ပကျွမ်းကျင်သူ ပညာရှင်များထံမှလည်း အကြံဉာဏ် ရယူနိုင်သည်။

(ဃ) ဝန်ကြီးဌာနကသတ်မှတ်သည့် လိုင်စင်ခ၊ မှတ်ပုံတင်ခ၊ သက်တမ်းတိုးမြှင့်ခနှင့် ဓာတ်ခွဲစစ်ဆေးခ တို့ကို ကောက်ခံပြီး စက်မှုညွှန်ကြားရေးဦးစီးဌာန၏ ငွေစာရင်း (Account) မှ တစ်ဆင့်နိုင်ငံတော်သို့ ပေးသွင်းရမည်။

၈။ ဗဟိုကြီးကြပ်ရေးအဖွဲ့သည် ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများနှင့်စပ်လျဉ်း၍ လိုင်စင် သို့မဟုတ် မှတ်ပုံတင်လက်မှတ် ထုတ်ပေးရန် လျှောက်ထားလာသည့်အခါ လူ၊ တိရစ္ဆာန်နှင့် သဘာဝ ပတ်ဝန်းကျင်တို့ အား အန္တရာယ်မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ထားခြင်း ရှိ၊ မရှိကို လက်တွေ့ ကွင်းဆင်းစစ်ဆေးပြီးနောက် သတ်မှတ်ချက်များအရ ပြည့်စုံခြင်းရှိမှသာ လိုင်စင် သို့မဟုတ် မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်းကို ခွင့်ပြုရမည်။

၉။ လိုင်စင်နှင့် မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်းကိစ္စတို့တွင် သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီလျှင် ထုတ်ပေးနိုင်သည်။

၁၀။ ဗဟိုကြီးကြပ်ရေးအဖွဲ့သည် လိုင်စင် သို့မဟုတ် မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ လျှောက်လွှာတွင် ဖော်ပြထားသည့် အချက်အလက်များ ပြည့်စုံခြင်း ရှိ၊ မရှိ စိစစ်ပြီးနောက် အောက်ပါ အမိန့်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်-

(က) အချက်အလက်မပြည့်စုံသော လျှောက်လွှာအား ငြင်းပယ်၍ ပြည့်စုံစေရန် ပြန်လည် ပြင်ဆင်ဆောင်ရွက်စေခြင်း၊

(ခ) လိုင်စင် သို့မဟုတ် မှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်း၊ သက်တမ်းတိုးမြှင့်ပေးခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊

(ဂ) လိုအပ်သည့် အခြားအမိန့်တစ်ရပ်ရပ်အား ချမှတ်ပေးခြင်း။

၁၁။ ဗဟိုကြီးကြပ်ရေးအဖွဲ့သည် ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများစစ်ဆေးသည့် မူလဓာတ်ခွဲခန်း၊ အယူခံ ဓာတ်ခွဲခန်းများနှင့်စပ်လျဉ်း၍ လိုအပ်သည့် သတ်မှတ်ချက်များနှင့် ညွှန်ကြားချက်များကို ဗဟိုဦးစီးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ထုတ်ပြန်နိုင်သည်။

၁၂။ ဗဟိုကြီးကြပ်ရေးအဖွဲ့သည် ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလုပ်ကိုင်ခြင်းနှင့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ သိုလှောင်ခြင်းပြုမည့်နေရာတို့ကို လူနေရပ်ကွက်များ၊ အများပြည်သူ နှင့်သက်ဆိုင်သောနေရာများ၊ သမိုင်းဝင်အထိမ်းအမှတ်နေရာများ၊ ကျော်ကြား သော ရှုမျှော်ခင်းများ၊ ဇီဝ မျိုးကွဲထိန်းသိမ်းသော နေရာများနှင့် ရေပေးဝေသောနေရာများမှ အန္တရာယ်ကင်းသော အကွာအဝေးဖြစ်စေ ရန် တည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းအမျိုးအစား အပေါ်မူတည်၍ သတ်မှတ်နိုင်သည်။

၁၃။ ဗဟိုကြီးကြပ်ရေးအဖွဲ့သည် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်း အမျိုးအစားအလိုက်-

(က) စွန့်ပစ်ပစ္စည်းများ စွန့်ပစ်သောနေရာ သတ်မှတ်ခြင်းနှင့် စည်းကမ်းချက်ထုတ်ပြန်ခြင်း တို့ကို တည်ဆဲ ဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်။

(ခ) စွန့်ပစ်ခြင်း၊ ဖျက်ဆီးခြင်း၊ ဓာတ်ပြယ်စေခြင်း၊ စုပုံခြင်းနည်းလမ်းများကို သင်တန်းများ ပို့ချပေးခြင်း၊ စွန့်ပစ်ရန်နေရာများ သတ်မှတ်ခြင်း သို့မဟုတ် မဖျက်ဆီးဘဲ စနစ်တကျ စုပုံရန်နေရာ သတ်မှတ်ပေးခြင်းတို့ကို အန္တရာယ်ကင်းသော အကွာအဝေးဖြစ်စေရန် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အစိုးရဌာန၊ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ညှိနှိုင်း ဆောင်ရွက်ရမည်။

၁၄။ ဗဟိုကြီးကြပ်ရေးအဖွဲ့သည် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများနှင့် စပ်လျဉ်းသည့် စံချိန် စံညွှန်းများကို ကျွမ်းကျင်သူပညာရှင်များ၏ အကြံဉာဏ်ကိုရယူ၍ သတ်မှတ်ရမည်။ လိုအပ်ပါက ယင်းစံချိန်စံညွှန်းများ ပြင်ဆင်သတ်မှတ်ရေးကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်နိုင်သည်။

၁၅။ ဗဟိုကြီးကြပ်ရေးအဖွဲ့သည် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများနှင့်ထိတွေ့၍ အလုပ်လုပ်ကိုင် နေသူများအား ကျန်းမာရေးစောင့်ရှောက်ရန် ကျန်းမာရေးဝန်ကြီးဌာနသို့ တင်ပြညှိနှိုင်း ဆောင်ရွက်ရမည်။

၁၆။ ဗဟိုကြီးကြပ်ရေးအဖွဲ့သည် လုပ်ငန်းဆောင်ရွက်ချက်များကို ဗဟိုဦးစီးအဖွဲ့ထံ အခါအားလျော်စွာ တင်ပြအစီရင်ခံရမည်။

အခန်း (၄)
လိုင်စင်၊ ထောက်ခံချက် လျှောက်ထားခြင်းနှင့်ထုတ်ပေးခြင်း

၁၇။ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလုပ်ကိုင်ရန် လိုင်စင်လျှောက်ထားလိုသူ သည် ပုံစံ (၁) တွင် ပြည့်စုံစွာဖြည့်သွင်း၍ လိုအပ်သောအချက်အလက်၊ အထောက်အထားများ ဖြင့် ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ လျှောက်ထားရမည်။

၁၈။ ဗဟိုကြီးကြပ်ရေးအဖွဲ့သည် နည်းဥပဒေ ၁၇ အရ လျှောက်ထားလာသည့်ကိစ္စနှင့်စပ်လျဉ်း၍ ပုံစံ (၁)ပါ အချက်များ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ၊ မရှိနှင့် ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ ပြည့်စုံခြင်း ရှိ၊ မရှိ စိစစ်ရမည်။ သတ်မှတ်ချက်များနှင့်ညီညွတ်ခြင်းမရှိသော လျှောက်လွှာအား ငြင်းပယ်၍ အချက်အလက်များ ပြည့်စုံပါက ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလိုင်စင်ကို ပုံစံ (၂)ဖြင့် ထုတ်ပေးရမည်။

၁၉။ ထုတ်ပေးထားသော လိုင်စင်တွင်မပါသော ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်း အတွက် လိုင်စင်ထပ်မံလျှောက်ထားနိုင်သည်။

၂၀။ လိုင်စင်ရရှိသူသည် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ပြည်ပသို့တင်ပို့ခြင်းအတွက် ထောက်ခံချက် ရရှိရန် ပုံစံ (၃)ဖြင့်လည်းကောင်း၊ ပြည်တွင်းသို့တင်သွင်းခြင်းအတွက် ထောက်ခံချက်ရရှိရန် ပုံစံ (၄)ဖြင့် လည်းကောင်း ပြည့်စုံစွာဖြည့်သွင်း၍ ဗဟိုကြီးကြပ်ရေးအဖွဲ့ထံ လျှောက်ထားရမည်။

၂၁။ ဗဟိုကြီးကြပ်ရေးအဖွဲ့သည် နည်းဥပဒေ ၂၀ အရ လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ အချက်အလက် မပြည့်စုံသော လျှောက်လွှာအား ငြင်းပယ်ပြီး အချက်အလက်ပြည့်စုံပါက ထောက်ခံချက်ကို အောက်ပါ အတိုင်းထုတ်ပေးရမည်-

(က) ပြည်ပသို့ တင်ပို့ခြင်းအတွက် ပုံစံ (၅) ဖြင့် ထုတ်ပေးရန်၊

(ခ) ပြည်တွင်းသို့ တင်သွင်းခြင်းအတွက် ပုံစံ (၆) ဖြင့် ထုတ်ပေးရန်။

၂၂။ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းကို နိုင်ငံတွင်းမှတစ်ဆင့် ဖြတ်သန်းကုန်သွယ်လိုသူသည် ပုံစံ (၁၃) တွင် လိုအပ်သောအချက်အလက်များ ပြည့်စုံစွာဖြည့်သွင်း၍ အထောက်အထားများပူးတွဲ လျက် ဗဟိုကြီးကြပ်ရေး အဖွဲ့သို့ လျှောက်ထားရမည်။

၂၃။ ဗဟိုကြီးကြပ်ရေးအဖွဲ့သည် နည်းဥပဒေ ၂၂ အရ လျှောက်ထားလာသည့်ကိစ္စနှင့် စပ်လျဉ်း၍ ပုံစံ (၁၃) ပါအချက်များပြည့်စုံစွာဖော်ပြထားခြင်း ရှိ၊ မရှိနှင့် ပူးတွဲတင်ပြရမည့် အထောက်အထားများ ပြည့်စုံခြင်း ရှိ၊ မရှိ စိစစ်ရမည်။ သတ်မှတ်ချက်များနှင့်ညီညွတ်ခြင်းမရှိသော လျှောက်လွှာများအား ငြင်းပယ်၍ သတ်မှတ် ချက်များနှင့်ညီညွတ်ပါက ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းကို နိုင်ငံတွင်းမှ တစ်ဆင့် ဖြတ်သန်း ကုန်သွယ် ခွင့် ထောက်ခံချက်ကို ပုံစံ (၁၄) ဖြင့် ထုတ်ပေးရမည်။

အခန်း (၅)
လိုင်စင်ရရှိသူက လိုက်နာရမည့်အချက်များ

၂၄။ လိုင်စင်ရရှိသူသည်-

(က) လိုင်စင်တွင် ခွင့်ပြုထားသည့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းကိုသာ လုပ်ကိုင် ဆောင်ရွက်ရမည်။

(ခ) မှတ်ပုံတင်ထားသည့်ပစ္စည်း၏ လိုင်စင်ပါသက်တမ်းနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရမည်။

(ဂ) သတ်မှတ်ထားသော လိုင်စင်သက်တမ်းတိုးမြှင့်ခ ပေးဆောင်ရမည်။

(ဃ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ၏ အာနိသင်၊ အရည်အသွေး၊ စံချိန်စံညွှန်းတို့နှင့် စပ်လျဉ်းပြီး မမှန်မကန်ကြော်ငြာ၍ ရောင်းချခြင်းမပြုရ။

(င) လိုင်စင်ကို မိမိလုပ်ငန်းခွင်၌ အများမြင်သာသောနေရာတွင် ချိတ်ဆွဲထားရှိရမည်။

(စ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလုပ်ကိုင်သူများ၏ ဓာတုပစ္စည်းနှင့် ဆက်စပ် ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်မှုသင်တန်းနှင့် စနစ်တကျ အသုံးပြု ရေးသင်တန်းများ တက်ရောက်ပြီးသည့် အထောက်အထားများကို မြင်သာသော နေရာ တွင် ချိတ်ဆွဲထားရမည်။

(ဆ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ သိုလှောင်သည့်အဆောက်အဦနှင့် သက်ဆိုင်ရာ လုပ်ငန်းခွင်တွင် အန္တရာယ်ရှိသည့် အကြောင်းအရာများ ဖော်ပြထားသော စာတန်း သို့မဟုတ် ရုပ်ပုံအမှတ်အသားတံဆိပ်တို့ကို ထင်ရှားစွာ ချိတ်ဆွဲထားရမည်။

(ဇ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို ဗဟိုကြီးကြပ်ရေးအဖွဲ့က သတ်မှတ်ခွင့်ပြု ထားသောနေရာနှင့် အဆောက်အဦ အမျိုးအစားများတွင်သာ သိုလှောင်ထားရှိရမည်။

(ဈ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ သိုလှောင်သည့်လုပ်ငန်းခွင်နှင့် အဆောက်အဦများ တွင် အန္တရာယ်ကင်းရှင်းရေးအစီအမံများကို ဗဟိုကြီးကြပ်ရေးအဖွဲ့၏ သတ်မှတ်ချက်များ နှင့်အညီ ဆောင်ရွက်ထားရှိရမည်။

(ည) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို လုံခြုံစွာ ထည့်သွင်းထုပ်ပိုးထားရမည့်အပြင် ပစ္စည်းပေါ်တွင် အန္တရာယ်သတိပေး အမှတ်အသားကပ်ခြင်းကို သတ်မှတ်ချက်များနှင့် အညီ ဆောင်ရွက်ရမည်။

(ဋ) လုပ်ငန်းခွင်အတွင်းအသုံးပြုသော ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ၊ အသုံးအဆောင် ပစ္စည်းများနှင့် စက်ကိရိယာများကို အန္တရာယ်ကင်းရှင်းစေရန် ဆောင်ရွက်ထားရှိရမည်။

(ဌ) ထိတွေ့လုပ်ကိုင်နေသူများကို အန္တရာယ်ဖြစ်စေတတ်သော ဓာတုပစ္စည်းနှင့် ဆက်စပ် ပစ္စည်း၏ အမည်၊ ထိတွေ့နိုင်သည့် အများဆုံးပမာဏနှင့် အခြားလိုအပ်သည့် အချက် အလက်များကို အသိပေးညွှန်ကြားခြင်း နှင့် ထူးခြားသောအခြေအနေများအတွက် လေ့ကျင့်မှုများပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ရမည်။

(ဍ) အလုပ်လုပ်ကိုင်နေသူများကို သက်ဆိုင်ရာဆရာဝန်က သတ်မှတ်ပေးသော အချိန်ဇယား အတိုင်း ပုံမှန်ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်စေပြီး ကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းများ ကို ထိန်းသိမ်းထားရှိရမည်။

(ဎ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများနှင့် ထိတွေ့မှုကြောင့် အလုပ်လုပ်ကိုင်နေသူများ အန္တရာယ်ကျ ရောက်ခြင်း၊ ကျန်းမာရေးချို့ယွင်းခြင်းတို့ဖြစ်ပေါ်လာပါက သက်ဆိုင်ရာ ဆရာဝန်နှင့် ကျန်းမာရေးစစ်ဆေး ၍ အထူးကုသပေးမှုများ ပြုလုပ်ရမည်။

(ဏ) သက်ဆိုင်ရာဆရာဝန်အား ကျန်းမာရေးအခြေအနေနှင့်စပ်လျဉ်း၍ လုပ်ငန်းခွင်အတွင်း မည်သည့် နေရာနှင့် မည်သည့်မှတ်တမ်းများကိုမဆို စစ်ဆေးခွင့်ပြုရမည်။ ဆရာဝန်၏ တွေ့ရှိအကြံပြုချက်များအတိုင်း သင့်လျော်သော ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ် ပေးရမည်။

(တ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလုပ်ကိုင်ရာတွင် အလုပ်လုပ်ကိုင် နေသူများ၏ ကျန်းမာရေးနှင့်စပ်လျဉ်း၍ တည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။

(ထ) စစ်ဆေးရေးအဖွဲ့များကို ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းနှင့် သက်ဆိုင်သော မည်သည့်နေရာမဆို ဝင်ရောက်စစ်ဆေးခွင့်ပြုရမည့်အပြင် လိုအပ်သည် များကိုလည်း ကူညီဆောင်ရွက်ပေးရမည်။

(ဒ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ သိုလှောင်ထိန်းသိမ်းရာတွင် မီးသတ်ဦးစီးဌာန၏ မီးဘေးလုံခြုံ ရေးဆိုင်ရာသတ်မှတ်ပြဋ္ဌာန်းချက်များကို တိကျစွာ လိုက်နာဆောင်ရွက် ရမည်။

(ဓ) ဗဟိုကြီးကြပ်ရေးအဖွဲ့မှ အခါအားလျော်စွာ ထုတ်ပြန်သောအမိန့်၊ အမိန့်ကြော်ငြာစာနှင့် ညွှန်ကြားချက်များကို လိုက်နာရမည်။

အခန်း (၆)
မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်းနှင့် ထုတ်ပေးခြင်း

၂၅။ လိုင်စင်ရရှိသူသည် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအတွက် မှတ်ပုံတင်လက်မှတ် လျှောက်ထားပါက ပုံစံ (၇)တွင် ပြည့်စုံစွာဖြည့်သွင်း၍ လိုအပ်သော နည်းပညာဆိုင်ရာ အထောက်အကူပြု အချက် အလက်များပူးတွဲပြီး ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ လျှောက်ထားရမည်။

၂၆။ မှတ်ပုံတင်လက်မှတ်လျှောက်ထားသူသည် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ သိုလှောင်ထား ရှိနိုင်ရေးအတွက် အောက်ပါအချက်အလက်များကို ဗဟိုကြီးကြပ်ရေးအဖွဲ့ထံသို့ ကြိုတင်၍ တင်ပြရမည်-

(က) သိုလှောင်ထားရှိမည့်နေရာ၊ ဒေသနှင့် လိပ်စာအပြည့်အစုံ၊

(ခ) သိုလှောင်ထားရှိမည့် အဆောက်အဦအမျိုးအစား(အမိုး၊ အကာ၊ အခင်း)၊

(ဂ) သိုလှောင်ထားရှိမည့် အဆောက်အဦ၏ အကျယ်အဝန်း (အလျား၊ အနံ၊ အမြင့်)၊

(ဃ) သိုလှောင်ထိန်းသိမ်းမည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ အမည်နှင့် နေရပ်လိပ်စာ အပြည့်အစုံ၊

(င) သိုလှောင်ထိန်းသိမ်းမည့်နေရာ၊ အဆောက်အဦနှင့်ပတ်သက်၍ မီးဘေးလုံခြုံရေးဆိုင်ရာ သတ်မှတ် ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးကြောင်း မီးသတ်ဦးစီးဌာန၏ စစ်ဆေးထောက်ခံချက်၊

(စ) အခြားတင်ပြရန်ရှိသည့် အချက်အလက်များ (ရှိလျှင်)။

၂၇။ ဗဟိုကြီးကြပ်ရေးအဖွဲ့သည် နည်းဥပဒေ ၂၅ အရ လျှောက်ထားလာသည့်ကိစ္စနှင့် စပ်လျဉ်း၍ ပုံစံ (၇) ပါ အချက်များ ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ၊ မရှိနှင့် ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ ပြည့်စုံခြင်း ရှိ၊ မရှိ စိစစ်ရမည်။ သတ်မှတ်ချက်များနှင့် ညီညွတ်ခြင်းမရှိသော လျှောက်လွှာအား ငြင်းပယ်၍ အချက်အလက်များပြည့်စုံပါက ပုံစံ (၈) ဖြင့် မှတ်ပုံတင်လက်မှတ်ထုတ်ပေးရမည်။

၂၈။ မှတ်ပုံတင်လက်မှတ်ရရှိသူသည် မိမိမှတ်ပုံတင်ထားသည့် စာရင်းတွင်မပါရှိသော သို့မဟုတ် အောက်ပါ အကြောင်းတစ်ရပ်ရပ်ပေါ်ပေါက်သော ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို အသုံးပြုရန်ရှိပါက ဗဟို ကြီးကြပ်ရေးအဖွဲ့သို့ မှတ်ပုံတင်လက်မှတ် ထပ်မံလျှောက်ထားရမည်-

(က) မှတ်ပုံတင်ထားသည့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ၏ ကုန်အမှတ်တံဆိပ် သို့မဟုတ် အမျိုး အမည်ပြောင်းလဲခြင်း၊

(ခ) မှတ်ပုံတင်ထားသည့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ၏ ပါဝင်မှုပမာဏ ပြောင်းလဲခြင်း၊

(ဂ) မှတ်ပုံတင်ထားသည့် အရည်အသွေးအာမခံချက်နှင့် စံချိန်စံညွှန်းများ ပြောင်းလဲခြင်း၊

(ဃ) အမျိုးသားအဆင့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများစာရင်းတွင် မပါရှိသော ဓာတု ပစ္စည်းအမျိုး အစားသစ်များ အသုံးပြုခြင်း။

အခန်း (၇)
အကြံပေးအဖွဲ့ဖွဲ့စည်းခြင်း

၂၉။ ဗဟိုဦးစီးအဖွဲ့သည် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များပါဝင်သော အကြံပေးအဖွဲ့ကို လိုအပ်သလို ဖွဲ့စည်းပေးရမည်-

(က) ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ တာဝန်ပေးအပ်သည့် ကိုယ်စားလှယ်တစ်ဦး၊

(ခ) သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ပေးအပ်သည့်ကိုယ်စားလှယ်တစ်ဦးစီ၊

(ဂ) ဓာတုဗေဒဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူပညာရှင်များ၊

(ဃ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းရှင်များမှ ကိုယ်စားလှယ်တစ်ဦး၊

(င) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းများမှ အလုပ်သမား ကိုယ်စားလှယ် တစ်ဦး။

၃၀။ ဗဟိုဦးစီးအဖွဲ့သည် အကြံပေးအဖွဲ့ဖွဲ့စည်းရာတွင် အကြံပေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင်နှင့် ဒုတိယ ခေါင်းဆောင်တို့ကို သတ်မှတ်ပေးရမည်။

၃၁။ အကြံပေးအဖွဲ့သည် ဗဟိုဦးစီးအဖွဲ့က အခါအားလျော်စွာ သတ်မှတ်ပေးသော တာဝန်များကို လည်း ဆောင်ရွက်ရမည်။

အခန်း (၈)
ပညာရပ်ဆိုင်ရာအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ယင်းအဖွဲ့၏ လုပ်ငန်းတာဝန်များ

၃၂။ ဗဟိုဦးစီးအဖွဲ့သည် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကျွမ်းကျင်သူများနှင့် ပြင်ပမှ ကျွမ်းကျင်သူ ပညာရှင်များ ပါဝင်သော ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက် ရန် ပညာရပ်ဆိုင်ရာ အဖွဲ့ကို လိုအပ်သလို ဖွဲ့စည်းပေးရမည်။

၃၃။ ပညာရပ်ဆိုင်ရာအဖွဲ့သည် သာမန်ဓာတုပစ္စည်း၊ ကန့်သတ်ဓာတုပစ္စည်းနှင့် တားမြစ်ဓာတု ပစ္စည်းများကို အမျိုးအစားခွဲခြားပြီး ဗဟိုကြီးကြပ်ရေးအဖွဲ့မှတစ်ဆင့် ဗဟိုဦးစီးအဖွဲ့သို့ တင်ပြ ရမည်။

၃၄။ ပညာရပ်ဆိုင်ရာအဖွဲ့သည် ဗဟိုကြီးကြပ်ရေးအဖွဲ့ကို အထောက်အကူဖြစ်စေရန် အောက်ပါ တာဝန်များကို ဆောင်ရွက်ရမည်-

(က) မူဝါဒချမှတ်ခြင်း၊ လမ်းညွှန်ခြင်း၊ သတိပေးနှိုးဆော်ခြင်းများကို အခါအားလျော်စွာ ထုတ်ပြန်နိုင်ရေး အတွက် လိုအပ်သောအချက်အလက်နှင့် အထောက်အထားများကို စုစည်းရယူတင်ပြခြင်း၊

(ခ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်း၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း၊ ပြည်တွင်းပြည်ပမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ဗဟိုကြီးကြပ်ရေး အဖွဲ့မှ အခါအားလျော်စွာ ပေးအပ်သောတာဝန်များကို ဆောင်ရွက်ခြင်း၊

(ဂ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းဆိုင်ရာ လုပ်ငန်းလုပ်ကိုင်သူများ၏ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးနှင့် လျော့ပါးစေရေးအတွက် စွန့်ပစ်ပစ္စည်းများ စွန့်ပစ်ရန် နေရာသတ်မှတ် နိုင်ရေးနှင့် စွန့်ပစ်မည့် အစီအမံတို့နှင့်စပ်လျဉ်း၍ အကြံပြုတင်ပြခြင်း၊

(ဃ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးသင်တန်းနှင့် စနစ်တကျအသုံး ပြုရေးသင်တန်းများကို ဗဟိုကြီးကြပ်ရေးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ် ပေးခြင်း။

အခန်း (၉)
ကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များ

၃၅။ ဗဟိုကြီးကြပ်ရေးအဖွဲ့သည် ဗဟိုဦးစီးအဖွဲ့၏ သဘောတူညီချက်ဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင် သို့မဟုတ် မြို့နယ် ကြီးကြပ်ရေးအဖွဲ့များကို သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ ဖြင့် ဖွဲ့စည်းနိုင် သည်။

၃၆။ ဗဟိုကြီးကြပ်ရေးအဖွဲ့သည် နည်းဥပဒေ ၃၅ အရ ဖွဲ့စည်းသော သက်ဆိုင်ရာ ကြီးကြပ်ရေး အဖွဲ့များ၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးရမည်။

၃၇။ သက်ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့သည် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများနှင့်စပ်လျဉ်း၍ ဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုအပ်သော စစ်ဆေးရေးအဖွဲ့ များကို ဖွဲ့စည်း ပေးရမည်။

၃၈။ သက်ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့များသည် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းများက အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ထားမှုကို သက်ဆိုင်ရာစစ်ဆေးရေး အဖွဲ့များနှင့်အတူ စစ်ဆေးနိုင်သည်။ ယင်းသို့စစ်ဆေးသည့်အခါ စစ်ဆေးတွေ့ရှိချက်အစီရင် ခံစာကို ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ ပြန်လည်တင်ပြရမည်။

အခန်း (၁၀)
စစ်ဆေးရေးအဖွဲ့၏ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များ

၃၉။ သက်ဆိုင်ရာ စစ်ဆေးရေးအဖွဲ့သည် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို အမျိုးအမည်၊ စံချိန် စံညွှန်းများနှင့် ကိုက်ညီမှုရှိ၊ မရှိ အရည်အသွေး ဓာတ်ခွဲစစ်ဆေးရန် နမူနာရယူရာတွင် ပုံစံ (၁၀)ကို အသုံးပြု ပြီး မှန်ကန်သောနမူနာယူနည်းစနစ်ဖြင့် ရယူရမည်။

၄၀။ သက်ဆိုင်ရာစစ်ဆေးရေးအဖွဲ့သည် နည်းဥပဒေ ၃၉ အရ နမူနာရယူသည့်အခါ အစိုင်အခဲ သို့မဟုတ် အမှုန့်ဖြစ်ပါက အလေးချိန် ၀.၅ ကီလိုဂရမ်၊ အရည်ဖြစ်ပါက ၁ လီတာ ရယူရမည်။

၄၁။ သက်ဆိုင်ရာ စစ်ဆေးရေးအဖွဲ့သည် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အရည်အသွေး စစ်ဆေးရန် ရယူထားသည့် နမူနာကို နမူနာရယူသည့်ပုံစံ (၁၀) မိတ္တူနှင့်အတူ ဗဟိုဦးစီးအဖွဲ့က သတ်မှတ်ထားသော မူလဓာတ်ခွဲခန်းသို့ မူလအခြေအနေအတိုင်း ပေးပို့ရမည်။

၄၂။ သက်ဆိုင်ရာ စစ်ဆေးရေးအဖွဲ့သည် မူလဓာတ်ခွဲခန်းက နမူနာပစ္စည်းကို ဓာတ်ခွဲစစ်ဆေး ပြီးနောက် စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာ ပေးပို့လာသည့်အခါ နမူနာပစ္စည်း၏ ဓာတ်ခွဲစစ်ဆေး တွေ့ရှိချက်ကို သက်ဆိုင်သူထံ အသိပေးအကြောင်းကြားရမည်။ မူလဓာတ်ခွဲခန်း၏ စစ်ဆေး တွေ့ရှိချက်အစီရင်ခံစာအရ နမူနာပစ္စည်းသည် အရည်အသွေး၊ စံချိန်စံညွှန်းနှင့် ကိုက်ညီမှုမရှိကြောင်း တွေ့ရှိရပါက သက်ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့သို့ အမြန်ဆုံးတင်ပြရမည်။

၄၃။ သက်ဆိုင်ရာစစ်ဆေးရေးအဖွဲ့သည် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်း လုပ်ကိုင်သူများအား ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး သင်တန်းနှင့် စနစ်တကျ အသုံးပြုရေးသင်တန်းများကို တက်ရောက်အောင်မြင်ပြီးကြောင်း အထောက်အထားရှိ၊ မရှိကိုစစ်ဆေးရမည်။

၄၄။ သက်ဆိုင်ရာ စစ်ဆေးရေးအဖွဲ့သည် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းခွင်ရှိ ပစ္စည်း များနှင့် စက်ကိရိယာများ၏ လုံခြုံစိတ်ချရမှုနှင့် ခံနိုင်ရည်ရှိမှုတို့ကို စစ်ဆေးရမည်။

၄၅။ သက်ဆိုင်ရာစစ်ဆေးရေးအဖွဲ့သည် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းများတွင် မတော်တဆမှုဖြစ်ပွားခဲ့ပါက အန္တရာယ်လျော့နည်းရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများနှင့် လူနှင့်တိရစ္ဆာန်တို့ကိုလည်းကောင်း၊ ပတ်ဝန်းကျင်ကိုလည်းကောင်း ထိခိုက် ဆုံးရှုံးမှုဖြစ်ပေါ်လာပါက လျော်ကြေးပေးရန် သတ်မှတ်ချက်များနှင့်အညီ အာမခံထားရှိခြင်းများ ရှိ၊ မရှိ စစ်ဆေးရမည်။

၄၆။ သက်ဆိုင်ရာ စစ်ဆေးရေးအဖွဲ့သည် လိုင်စင်နှင့်မှတ်ပုံတင်လက်မှတ်ရရှိသူများက လိုင်စင်နှင့် မှတ်ပုံတင်လက်မှတ်တို့တွင် သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင် ရွက်ခြင်း ရှိ၊ မရှိ စစ်ဆေးရမည်။

၄၇။ သက်ဆိုင်ရာစစ်ဆေးရေးအဖွဲ့သည် ဥပဒေနှင့်နည်းဥပဒေများပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက် ဖျက်ကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိပါက ဥပဒေအရ အရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာ ကြီးကြပ်ရေး အဖွဲ့သို့ တင်ပြရမည်။

၄၈။ သက်ဆိုင်ရာ စစ်ဆေးရေးအဖွဲ့သည် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းများကို ပုံမှန် စစ်ဆေးခြင်း၊ ရှောင်တခင်စစ်ဆေးခြင်းနှင့် သတင်းအရစစ်ဆေးခြင်းတို့ကို ဆောင်ရွက် ရမည်။

၄၉။ သက်ဆိုင်ရာစစ်ဆေးရေးအဖွဲ့သည် စစ်ဆေးနေစဉ်ကာလအတွင်း ထူးခြားသော အခြေအနေများ စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာကြီးကြပ်ရေးအဖွဲ့သို့ ချက်ချင်းတင်ပြရမည့်အပြင် စစ်ဆေးမှု ပြီးဆုံးသည့်နေ့မှ ၇ ရက်အတွင်း မိမိ၏စစ်ဆေးတွေ့ရှိချက်၊ သုံးသပ်ချက်နှင့် အကြံပြုတင်ပြ ချက်များပါဝင်သော စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို သက်ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့သို့ တင်ပြရမည်။

၅၀။ သက်ဆိုင်ရာ စစ်ဆေးရေးအဖွဲ့သည် ဗဟိုကြီးကြပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာကြီးကြပ်ရေးအဖွဲ့က ပေးအပ်သည့် အခြားတာဝန်များကိုလည်းဆောင်ရွက်ရမည်။

အခန်း (၁၁)
အန္တရာယ်ကင်းရှင်းစေရန် ဆောင်ရွက်ခြင်း

၅၁။ ဗဟိုကြီးကြပ်ရေးအဖွဲ့သည် နိုင်ငံတကာကျင့်သုံးသောစနစ် (Globally Harmonized System) ၏ သတ်မှတ်ချက် စံချိန်စံညွှန်းများနှင့်အညီ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ၏ အန္တရာယ်အမျိုးအစားကို နောက်ဆက်တွဲ (က) တွင် ဖော်ပြထားသည့် အန္တရာယ်အမျိုး အစားဖော်ပြချက်နှင့် ပုံပါအမှတ်အသားတံဆိပ် များအရ အောက်ပါအတိုင်း သတ်မှတ်ရမည်-

ရုပ်ပိုင်းဆိုင်ရာအန္တရာယ်များ

(က) ပေါက်ကွဲနိုင်ခြင်း၊

(ခ) မီးလောင်လွယ်ခြင်း (အရည်၊ အခဲ၊ အငွေ့)၊

(ဂ) ကိုယ်တိုင်ဓာတ်ပြုလွယ်ခြင်း၊

(ဃ) လေထဲ၌ အလိုအလျောက် မီးစွဲလောင်ခြင်း (အရည်၊ အခဲ)၊

(င) ကိုယ်တိုင်အပူထွက်ခြင်း၊

(စ) မီးလောင်သော ဓာတ်ငွေ့များ လွှတ်ထုတ်ခြင်း၊

(ဆ) ဖိအားဖြင့် ထည့်သွင်းထားသော ဓာတ်ငွေ့၊

(ဇ) ဩဂဲနစ်ပါအောက်ဆိုဒ်၊

(ဈ) လောင်စားစေနိုင်ခြင်း၊

(ည) ဓာတ်တိုးစေသောပစ္စည်းများ (အခဲ၊ အရည်၊ အငွေ့)၊

(ဋ) ရေနှင့်ထိတွေ့လျှင် မီးလောင်နိုင်သောပစ္စည်း၊

(ဌ) မီးလောင်လွယ်ပြီး ဖိအားဖြင့် ဖိသိပ်ထားသည့် အငွေ့၊ အမှုန်များ။

ကျန်းမာရေးဆိုင်ရာအန္တရာယ်များ

(က) ချက်ချင်းအဆိပ်သင့်မှုဖြစ်ခြင်း၊

(ခ) မျက်စိပြင်းထန်စွာ ပျက်စီးခြင်း၊ ယားယံခြင်း၊

(ဂ) ကင်ဆာဖြစ်စေနိုင်ခြင်း၊

(ဃ) မျိုးရိုးဗီဇပြောင်းလဲစေခြင်း၊

(င) မျိုးပွားမှုအဆိပ်သင့်ခြင်း၊

(စ) ကိုယ်အင်္ဂါ အစိတ်အပိုင်းတစ်ခုခုကို အဆိပ်သင့်ခြင်း (တစ်ကြိမ်/ အကြိမ်ကြိမ်)၊

(ဆ) အသက်ရှူလမ်းကြောင်းကို ထိခိုက်ခြင်း၊

(ဇ) အရေပြားထိခိုက်လွယ်ခြင်း။

ပတ်ဝန်းကျင်ဆိုင်ရာအန္တရာယ်များ

(က) ရေနေသတ္တဝါ (အပင်၊ တိရစ္ဆာန်များ) နှင့် ဂေဟစနစ်ကို ဘေးအန္တရာယ်ကျရောက်ခြင်း (ချက်ချင်း/ ရေရှည်) (Hazardous to the aquatic environment)၊

(ခ) အိုဇုန်းလွှာဘေးအန္တရာယ်ကျရောက်ခြင်း (Hazardous to the Ozone Layer)။

၅၂။ ဗဟိုကြီးကြပ်ရေးအဖွဲ့သည် နိုင်ငံတကာကျင့်သုံးသောစနစ် (GHS) ၏ သတ်မှတ်စံချိန်စံညွှန်းများ နှင့်အညီ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအလိုက် အန္တရာယ်အဆင့်ကို ခွဲခြားသတ်မှတ်ထား သော အန္တရာယ်အဆင့်အချက်ပြစာတန်းပါ အန္တရာယ်အဆင့်များအတိုင်း သတ်မှတ်ရမည်။

၅၃။ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ၏ အန္တရာယ်ကင်းရှင်းမှုအဆင့်မှတ်တမ်းတွင် အောက်ဖော်ပြ ပါ အချက် (၁၆) ချက်ပါဝင်စေရမည်-

(က) အမျိုးအမည်၊

(ခ) ဘေးအန္တရာယ်ဖော်ပြချက်၊

(ဂ) ပါဝင်သောပစ္စည်းများ၊

(ဃ) ရှေးဦးသူနာပြုဆောင်ရွက်ရန် နည်းလမ်းများ၊

(င) မီးငြိမ်းသတ်ရန် နည်းလမ်းများ၊

(စ) မတော်တဆဖြစ်လျှင် ဆောင်ရွက်ရန်နည်းလမ်းများ၊

(ဆ) ကိုင်တွယ်ပုံနှင့် သိမ်းဆည်းနည်းစနစ်၊

(ဇ) ထိတွေ့မှုမရှိစေရန် ထိန်းချုပ်ခြင်းနှင့် ကာကွယ်ခြင်း၊

(ဈ) ရုပ်ဂုဏ်သတ္တိနှင့် ဓာတ်ဂုဏ်သတ္တိများ၊

(ည) တည်ငြိမ်မှုနှင့် ဓာတ်ပြုမှု၊

(ဋ) အဆိပ်အတောက်ဆိုင်ရာ သတင်းအချက်အလက်၊

(ဌ) ဂေဟစနစ်ဆိုင်ရာ သတင်းအချက်အလက်၊

(ဍ) စွန့်ပစ်မှုဆိုင်ရာ နည်းလမ်းများ၊

(ဎ) သယ်ယူပို့ဆောင်ရေးဆိုင်ရာ သတင်းအချက်အလက်၊

(ဏ) စည်းမျဉ်းစည်းကမ်းဆိုင်ရာ သတင်းအချက်အလက်၊

(တ) အခြားသတင်းအချက်အလက်။

လိုင်စင်ရရှိသူများက ဖော်ပြပါအချက်များ ပါဝင်သော အန္တရာယ်ကင်းရှင်းမှု မှတ်တမ်းလွှာကို ဓာတုပစ္စည်း နှင့် ဆက်စပ်ပစ္စည်းများအား မှတ်ပုံတင်ခြင်း၊ လိုင်စင်လျှောက်ထားခြင်း၊ ပြည်ပသို့ တင်ပို့ခြင်း၊ ပြည်တွင်း သို့တင်သွင်းခြင်းစသည့် ကိစ္စရပ်များ ဆောင်ရွက်ရာတွင် ဗဟိုကြီးကြပ် ရေးအဖွဲ့သို့ ပူးတွဲတင်ပြရမည်။ ထို့ပြင် အန္တရာယ်ကင်းရှင်းမှုဆောင်ရွက်ရာတွင် လိုင်စင်ရရှိသူ များက ယင်းမှတ်တမ်းလွှာပါ အချက်များနှင့် အညီ လိုက်နာဆောင်ရွက်ရမည်။

၅၄။ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို အန္တရာယ်သတိပေးအမှတ်အသားကပ်ခြင်း ပြုလုပ်ရာ၌ နိုင်ငံ တကာတွင် ကျင့်သုံးသောစနစ် (GHS) ၏ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ လိုင်စင် ရရှိသူများကို လိုက်နာဆောင်ရွက်စေရမည်။ ၎င်းအန္တရာယ်သတိပေးအမှတ်အသားကပ်ခြင်း ပြုလုပ်ရာတွင် အောက်ပါ အချက်များ ပါဝင်ရမည်-

(က) ထုတ်ကုန်ပစ္စည်းအမျိုးအမည်၊

(ခ) ရုပ်ပုံအမှတ်အသားတံဆိပ် [နောက်ဆက်တွဲ (က)]၊

(ဂ) အချက်ပြစာတန်း၊

(ဃ) အန္တရာယ်အကြောင်းဖော်ပြချက်၊

(င) ကြိုတင်သတိထားရမည့်ဖော်ပြချက်၊

(စ) ပေးသွင်းသူ၏ အချက်အလက်ဖော်ပြချက်၊

(ဆ) ထပ်ဆောင်းသတင်းအချက်အလက်။

နောက်ဆက်တွဲ (ဂ) တွင် နမူနာဖော်ပြထားသည့်အတိုင်း အန္တရာယ်သတိပေး အမှတ်အသား ကပ်ခြင်းကို ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများပါဝင်သော ဘူး၊ ပုလင်းနှင့် ကတ်ပြားဘူးစသည့် ထုပ်ပိုးပစ္စည်းတိုင်းတွင် ကပ်ရမည်။

၅၅။ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို သယ်ယူပို့ဆောင်ခြင်းပြုလုပ်မည်ဆိုပါက ကုလသမဂ္ဂ၏ အန္တရာယ်ရှိ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေးဆိုင်ရာ အကြံပြုချက်များနှင့်အညီ နောက်ဆက် တွဲ (ခ) တွင် ဖော်ပြထားသော ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ၏ အန္တရာယ်အမျိုးအစား အလိုက် အမှတ်တံဆိပ်များကို သယ်ယူပို့ဆောင်သောယာဉ်နှင့် ကုန်သေတ္တာများတွင် အသုံးပြု ဖော်ပြရမည်။

အခန်း (၁၂)
မတော်တဆဖြစ်ပွားမှု ကာကွယ်ရန်နှင့် လျော့ပါးစေရန် လိုက်နာဆောင်ရွက်ရမည့် အချက်များ

၅၆။ လိုင်စင်ရရှိသူသည် လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေသူများအတွက် ဓာတုပစ္စည်းနှင့်ဆက်စပ် ပစ္စည်းများအန္တရာယ်မှ အကာအကွယ်ပေးနိုင်သော အောက်ပါပစ္စည်းကိရိယာများထားရှိရမည့် အပြင် စနစ်တကျ သုံးစွဲတတ်စေရန် သင်တန်းများတက်ရောက်စေရမည်-

(က) ဓာတ်ငွေ့ကာအသက်ရှူကိရိယာ၊

(ခ) မီးဘေးလုံခြုံရေးဆိုင်ရာ ပစ္စည်းကိရိယာ၊

(ဂ) ဓာတ်ခွဲခန်းနှင့် လုပ်ငန်းခွင်သုံးဝတ်စုံများ၊

(ဃ) မျက်လုံးကာများ၊

(င) မျက်နှာဖုံးကာများ၊

(စ) လုံခြုံရေးဖိနပ်များ၊

(ဆ) လက်အိတ်များ၊

(ဇ) လုပ်ငန်းအခြေအနေအရ လိုအပ်သော အခြားအန္တရာယ်ကာကွယ်ရေးပစ္စည်းများ။

၅၇။ လိုင်စင်ရရှိသူသည် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ မီးလောင်ပေါက်ကွဲခြင်း၊ ပတ်ဝန်းကျင် သို့ မလိုလားအပ်သည့် နေအထားဖြင့် ပျံ့နှံ့ခြင်းတို့ မဖြစ်ပေါ်စေရန်နှင့် ဖြစ်ပေါ်လာပါက အန္တရာယ်ကင်းရှင်းစေရေးအတွက် ဆောင်ရွက်ရမည့် အချက်အလက်များကို လိုအပ်သလို ညွှန်ကြား၍ ကြီးကြပ်ဆောင်ရွက်ရမည်။

၅၈။ လိုင်စင်ရရှိသူသည် လုပ်ငန်းခွင်ရှိ အလုပ်လုပ်ကိုင်နေသူများ မတော်တဆဖြစ်ပွားမှုမှ ကာကွယ်ရန်နှင့် လျော့ပါးစေရန် အောက်ပါအတိုင်း စီမံထားရမည်-

(က) အလုပ်လုပ်ကိုင်မည့်သူများ အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးထိခိုက်မှုမှ ကာကွယ် ရေးတို့ အတွက် ထိရောက်သော ထိန်းချုပ်မှုပြု၍ လူဦးရေအနည်းဆုံးဖြင့် အလုပ်လုပ်ကိုင် ဆောင်ရွက်စေရန်၊ မဖြစ် မနေထိတွေ့ဆောင်ရွက်ရန် လိုအပ်သည့်အချိန်နှင့် ထိတွေ့ရမည့် အန္တရာယ်ရှိပစ္စည်းများ၏ အနည်းဆုံးပမာဏ ဖြစ်စေရန် တိကျစွာ သတ်မှတ်ဆောင် ရွက်ခြင်း၊

(ခ) လုပ်ငန်းခွင်တွင် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများသုံးစွဲရာ၌ အန္တရာယ်ကင်းရှင်းစေရေး နှင့်စပ်လျဉ်း၍ အလုပ်လုပ်ကိုင်သူများနှင့် အနီးကပ်ကြီးကြပ်ပူးပေါင်းဆောင်ရွက်ခြင်း၊

(ဂ) မတော်တဆဖြစ်ပွားမှုနှင့် ထူးခြားသော အခြေအနေများတွင် ချက်ချင်းစီမံဆောင်ရွက်နိုင် ရန် လွယ်ကူလျင်မြန်ထိရောက်သော ဆက်သွယ်ရေးစနစ်များနှင့် အစီအမံများကို ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားခြင်း၊

(ဃ) အလုပ်လုပ်ကိုင်သူများ၏ ကိုယ်ခန္ဓာသန့်ရှင်းရေးအတွက် လိုအပ်သောဆပ်ပြာ၊ ဆပ်ပြာ ရည်၊ သန့်စင်ဆေးရည်၊ လေမှုတ်စက်စသည့် အထောက်အပံ့ပစ္စည်းများနှင့် ရှေးဦးသူနာပြု ဆေးသေတ္တာများ ထားရှိခြင်း၊

(င) အလုပ်လုပ်ကိုင်သူများကို ကိုယ်ခန္ဓာကာကွယ်ရေးကိရိယာနှင့် ဝတ်စုံများလုံလောက်စွာ စီစဉ်ပေးပြီး ယင်းတို့ကို သုံးစွဲတတ်စေရန် လေ့ကျင့်မှုများ ပြုလုပ်၍ လုပ်ငန်းခွင်တွင် မှန်ကန်စွာ သုံးစွဲစေခြင်း၊

(စ) လုပ်ငန်းခွင်တွင် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများသုံးစွဲရာ၌ အန္တရာယ်ကင်းရှင်းရေး အတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များကို အလုပ်လုပ်ကိုင်သူများအား သင်ကြား လေ့ကျင့်ပေးရမည့်အပြင် အစဉ်အမြဲသတိပေးခြင်း၊

(ဆ) အန္တရာယ်ရှိပစ္စည်းများ၏ အန္တရာယ်သတိပေးအမှတ်အသားများကို ထင်ရှားသော နေရာများ၌ ချိတ်ဆွဲ ထားရှိခြင်း၊

(ဇ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို အန္တရာယ်ဖြစ်နိုင်သည့် အဆင့်အတိုင်း သီးခြား ခွဲခြားထားရှိ ခြင်း၊

(ဈ) အလုပ်လုပ်ကိုင်နေသူများ လွတ်လပ်စွာ လုပ်ကိုင်နိုင်ရေးအတွက် ဖြတ်သန်းသွားလာရာ တွင် လုံလောက်သောအကျယ်အဝန်းနှင့် အန္တရာယ်ဖြစ်စေသော အရာဝတ္ထုများမှ ကင်းရှင်းသည့် လုပ်ငန်းခွင်ဖြစ် စေရန် စီမံထားရှိခြင်း၊

(ည) မီးဘေးလုံခြုံရေးအတွက် ကြိုတင်ကာကွယ်ရေးစနစ်၊ မီးငြိမ်းသတ်ရေးစနစ်နှင့် ပစ္စည်း ကိရိယာများ လုံလောက်စွာထားရှိခြင်းနှင့် အရေးပေါ်ထွက်ပေါက်များထားရှိခြင်း။

အခန်း (၁၃)
သယ်ယူပို့ဆောင်ရာတွင် လိုက်နာရမည့် အချက်များ

၅၉။ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ သယ်ယူပို့ဆောင်သည့် အဖွဲ့အစည်းနှင့် လိုင်စင်ရရှိသူများ သည် အန္တရာယ်ကင်းရှင်းစေရန်-

(က) ကန့်သတ်ဓာတုပစ္စည်း သို့မဟုတ် ကန့်သတ်ဆက်စပ်ပစ္စည်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်ပါက ကုန်းလမ်းနှင့် ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း များ ဥပဒေအရထုတ်ပေးသည့် သယ်ယူပို့ဆောင်ခွင့်လုပ်ငန်းလိုင်စင်ရှိရမည်။

(ခ) သက်ဆိုင်ရာခရိုင်ကြီးကြပ်ရေးအဖွဲ့က ထုတ်ပေးသော သယ်ယူပို့ဆောင်ခွင့်ထောက်ခံ ချက်ရရှိပြီးမှသာ ကန့်သတ်ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို သယ်ယူပို့ဆောင်ရ မည်။ ယင်းသို့ သယ်ဆောင်သည့်အခါ သယ်ဆောင်ရာ လမ်းကြောင်းတစ်လျှောက်ရှိ ခရိုင်ကြီးကြပ်ရေးအဖွဲ့များသို့ ကြိုတင်အသိပေးတင်ပြရမည်။

(ဂ) ကန့်သတ်ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် သက်ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့၏ ညှိနှိုင်းကြီးကြပ်မှုဖြင့် ဆောင်ရွက်ရမည်။

(ဃ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် အန္တရာယ်ကင်းရှင်းစေရန် ထုပ်ပိုးမှုကို စနစ်တကျဆောင်ရွက်ထားရမည်။ ပစ္စည်းအမျိုးအစားပေါ်မူတည်၍ သတ်မှတ်ထားသော ထုပ်ပိုးမှုစနစ်ဖြင့် ဆောင်ရွက်ရမည်။

(င) သာမန်အပူချိန်နှင့် ဖိအားတွင် အငွေ့အဖြစ်သာတည်ရှိသော ဓာတုပစ္စည်းသို့မဟုတ် ဆက်စပ်ပစ္စည်းကို ဖိအားမြှင့်တင်ပြီး အရည်အဖြစ်ပြောင်းလဲထားပါက သတ်မှတ်ဖိအား များ ခံနိုင်ရည်ရှိသော သိုလှောင်ကန် သို့မဟုတ် ဆလင်ဒါအိုးဖြင့် သယ်ဆောင်ရမည်။

(စ) ပြည်ပမှတင်သွင်းပါက သွင်းကုန်လိုင်စင် သို့မဟုတ် သွင်းကုန်ပါမစ်နှင့် သွင်းကုန်ကြေညာ လွှာတို့ပါရှိရမည်ဖြစ်ပြီး ခွင့်ပြုချက်ပါ စည်းကမ်းများနှင့်အညီ ခွင့်ပြုထားသော နေရာနှင့် ပမာဏတို့ကိုသာ သယ်ယူပို့ ဆောင်ရမည်။

(ဆ) သယ်ယူပို့ဆောင်ရာ၌ မတော်တဆဖြစ်ပွားမှု လျော့နည်းစေရေးနှင့် ကင်းရှင်းစေရေး အတွက် ကြိုတင်ပြင်ဆင်ထားရမည်။

(ဇ) ဗဟိုကြီးကြပ်ရေးအဖွဲ့၏ ခွင့်ပြုချက်ရရှိပြီးမှသာ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို လိုင်စင်ပါ နေရာဒေသတစ်ခုခုမှ အခြားနေရာဒေသတစ်ခုခုသို့ ပြောင်းလဲသယ်ယူပို့ဆောင် ရမည်။

(ဈ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ သယ်ယူပို့ဆောင်မည့်ယာဉ်များကို သတ်မှတ်ထား သော သယ်ယူပို့ဆောင်ရေးဆိုင်ရာနည်းလမ်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ထားရှိရမည်။

(ည) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို ပြည်တွင်း သယ်ယူပို့ဆောင်ရာတွင် အများ ပြည်သူသုံးယာဉ်ဖြင့် သယ်ယူပို့ဆောင်ခြင်းမပြုရ။ လုပ်ငန်းလိုအပ်ချက်အရ ဓာတုပစ္စည်း နှင့် ဆက်စပ်ပစ္စည်းများကို ဘေးအန္တရာယ်ကင်းရှင်းစွာ သယ်ယူနိုင်သော သီးသန့်ယာဉ် များဖြင့်သာ သယ်ယူပို့ဆောင်ရမည်။

(ဋ) ကန့်သတ်ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ သယ်ယူပို့ဆောင်သည့်ယာဉ်ပေါ်တွင် လိုအပ်ပါက အရေးပေါ်သုံးစွဲနိုင်သည့် အသက်ကယ်အထောက်အကူပစ္စည်းများ၊ မီးသတ် ဆေးဘူးများ၊ ကိုယ်ခန္ဓာ ကာကွယ်ရေးကိရိယာနှင့် ဝတ်စုံများပါရှိရမည်။

(ဌ) လိုင်စင်ရသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်သည့် လိုင်စင်ရ ယာဉ်မောင်းသည် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး သင်တန်းတက်ရောက်ပြီးသူဖြစ်ရ မည်။

(ဍ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ထည့်ထားသောဘူး၊ ပုလင်းများနှင့် ယင်းတို့ကို ထည့်သွင်းထုပ်ပိုး ထားသောဘူး၊ ပုံးများပေါ်ရှိ အန္တရာယ်ကင်းရှင်းမှု အဆင့်မှတ်တမ်းလွှာ နှင့် အညွှန်းစာများသည် တူညီမှုရှိရမည်။

၆၀။ လိုင်စင်ရရှိသူ သို့မဟုတ် သယ်ယူပို့ဆောင်သူသည် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ သယ်ယူပို့ဆောင်စဉ် ပတ်ဝန်းကျင်သို့ ညစ်ညမ်းစေသော သို့မဟုတ် သက်ရှိသတ္တဝါတို့၏ ကျန်းမာရေးကို အန္တရာယ်ဖြစ်စေသော မတော်တဆမှုများ မဖြစ်ပွားစေရေးအတွက် ညွှန်ကြား ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။ မတော်တဆမှုဖြစ်ပွားပါက ယင်းကိစ္စအတွက် တာဝန်ယူရမည့်အပြင် အောက်ပါတို့ကိုလည်း ဆောင်ရွက်ရမည်-

(က) ကိုယ်ခန္ဓာကာကွယ်ရေးကိရိယာနှင့်ဝတ်စုံများ ချက်ချင်းအသုံးပြုခြင်း၊

(ခ) ထူးခြားသောအခြေအနေကို စစ်ဆေးရေးအဖွဲ့သို့ ချက်ချင်းအစီရင်ခံခြင်း၊

(ဂ) မတော်တဆမှုဖြစ်ပွားသည့်နေရာကို အန္တရာယ်ကင်းရှင်းစေရန် အလျင်အမြန် သန့်ရှင်း ရေးလုပ်ပြီး စစ်ဆေးရေးအဖွဲ့သို့ အစီရင်ခံစာချက်ချင်းတင်ပြခြင်း။

အခန်း (၁၄)
သိုလှောင်ရာတွင် လိုက်နာရမည့်အချက်များ

၆၁။ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို သိုလှောင်သည့် အဖွဲ့အစည်းများနှင့် လိုင်စင်ရရှိသူများ သည် အန္တရာယ်ကင်းရှင်းစေရန်အတွက် အောက်ပါအချက်များကို လိုက်နာရမည်-

(က) သိုလှောင်မည့် အဆောက်အဦသည် မီးသတ်ဦးစီးဌာန၏ သတ်မှတ်ပြဋ္ဌာန်းချက်များနှင့် အညီ မီးဘေးလုံခြုံရေးစနစ်များထည့်သွင်းတပ်ဆင်ခြင်း၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်း များထားသိုရေးအတွက် ကိုက်ညီစွာ ဆောက်လုပ်ထားသော အဆောက်အဦဖြစ်ခြင်း၊

(ခ) အန္တရာယ်အဆင့်လိုက် သတိပေးအမှတ်အသားကပ်ခြင်းနှင့် လုံခြုံရေးကိရိယာများကို သိုလှောင်သောနေရာများတွင် ထားရှိခြင်း၊

(ဂ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများတင်သွင်းသူ၊ လက်ဝယ်ထားရှိသူများသည် အန္တရာယ် သတိပေး အမှတ်အသား ပြည့်စုံစွာ ထားရှိမှုနှင့် ထုပ်ပိုးမှုစနစ်များကို သေချာစွာ စစ်ဆေး ပြီးမှ သိုလှောင်ခြင်း၊

(ဃ) ထုတ်ပြန်ထားသော အမျိုးသားအဆင့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ စာရင်းတွင် ပါဝင်သော ပစ္စည်းများကိုသာ သိုလှောင်ခြင်း၊

(င) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို အန္တရာယ်အဆင့်အတန်းအလိုက် ထားသိုခြင်း၊

(စ) နီးကပ်စွာထားရှိပါက ဓာတ်ပြုပြီးအန္တရာယ်ရှိနိုင်သော ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်း များကို သီးခြား စီခွဲခြားထားရှိခြင်း၊

(ဆ) သိုလှောင်ထိန်းသိမ်းမည့်နေရာသည် အေး၍ခြောက်သွေ့ပြီး လေဝင်လေထွက်ကောင်းမွန် စေခြင်းနှင့် နေရောင်ခြည်တိုက်ရိုက်ထိတွေ့မှုမရှိစေခြင်း၊

(ဇ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို အပူစွမ်းအင်ထွက်သည့် နေရာအနီးအနားတွင် ထားသိုမှု မပြုခြင်း၊

(ဈ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများထားရှိသော နေရာအနီးအနားတွင် အစားအစာထား သိုမှုနှင့် စားသောက်မှုမပြုခြင်း၊

(ည) ဖိအားပြကိရိယာပါရှိသော ဓာတ်ငွေ့ဆလင်ဒါအိုးများကိုသာ အသုံးပြုခြင်းနှင့် အလွယ် တကူလဲပြိုနိုင်သည့် နေရာတွင် ထားသိုမှုမပြုခြင်း၊

(ဋ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို ထည့်သွင်းထားသည့် ဘူး၊ ပုလင်းနှင့် ထားသိုသည့်စင်များသည် တောင့်တင်းခိုင်ခန့်ပြီး လောင်စားခြင်းခံနိုင်အောင် ပြုလုပ် ထားရှိခြင်း၊

(ဌ) လောင်စားတတ်သော ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို ထားသိုထိန်းသိမ်းရာတွင် ကြမ်းပြင်နှင့် အနီးဆုံးအဆင့်၌ ထားရှိခြင်း၊

(ဍ) မီးဘေးလုံခြုံရေးအတွက် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းအမျိုးအစားများအလိုက် လိုအပ်သော မီးဘေး ကြိုတင်ကာကွယ်ရေးပစ္စည်းများနှင့် မီးငြိမ်းသတ်ရေးပစ္စည်းများကို ဝင်ပေါက်ထွက်ပေါက်လမ်း များနှင့် အနီးဆုံးနေရာတွင် အလွယ်တကူ အသုံးပြုနိုင်ရန် လုံလောက်စွာ ထားရှိခြင်း၊

(ဎ) သိုလှောင်ထိန်းသိမ်းသည့် အဆောက်အဦ သို့မဟုတ် အခန်းကို ကျွမ်းကျင်သူ သို့မဟုတ် သင်တန်း တက်ပြီးသူများက အနီးကပ်ကြီးကြပ်ခြင်း၊

(ဏ) သိုလှောင်ထိန်းသိမ်းသည့် အဆောက်အဦ သို့မဟုတ် အခန်းအတွင်းသို့ တာဝန်ရှိသော ပုဂ္ဂိုလ်များသာ ဝင်ရောက်စေခြင်း၊

(တ) ဓာတ်ငွေ့ကို အသုံးပြုနည်းနှင့် ဓာတ်ငွေ့ကြောင့်ဖြစ်ပေါ်နိုင်သော ဘေးအန္တရာယ်များ အကြောင်း သိရှိ နားလည်ထားပြီးသူများကသာ ယင်းဓာတ်ငွေ့ကို စီးပွားဖြစ် သိုလှောင်ခြင်း၊

(ထ) ဓာတ်ငွေ့ဆလင်ဒါအိုးများကို သိုလှောင်ထားရာတွင် ဓာတ်ငွေ့အမျိုးအစားအလိုက် လည်းကောင်း၊ ဓာတ်ငွေ့အလွတ်ဆလင်ဒါအိုးများနှင့် ဓာတ်ငွေ့အပြည့်ဆလင်ဒါအိုးများ ကိုလည်းကောင်း သီးခြားခွဲခြား ထားရှိခြင်း၊

(ဒ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ သိုလှောင်ရာတွင် တည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက် များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း။

အခန်း (၁၅)
သုံးစွဲရာတွင် လိုက်နာရမည့် အချက်များ

၆၂။ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အသုံးပြုသူသည် အန္တရာယ်ကင်းရှင်းစေရန်-

(က) မှတ်ပုံတင်ထားပြီးသော ကန့်သတ် သို့မဟုတ် သာမန်ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်း များကိုသာ အသုံးပြုရမည်။

(ခ) မှတ်ပုံတင်ထားခြင်းမရှိသော၊ အမှတ်တံဆိပ်မပါရှိသော၊ အမျိုးအမည်မသိရှိသော၊ ပျက်စီး နေသော သို့မဟုတ် သက်တမ်းလွန်နေသော ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို အသုံးမပြုရ။

(ဂ) ကိုင်တွယ်အသုံးပြုရာတွင် သင့်လျော်သည့် ကိုယ်ခန္ဓာကာကွယ်ရေးကိရိယာနှင့် ဝတ်စုံများ ကို ဝတ်ဆင် ရမည်။

(ဃ) အန္တရာယ်မဖြစ်ပွားစေရေးနှင့် ဖြစ်ပွားပါက အန္တရာယ်လျော့ပါးစေရေးတို့အတွက် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရမည်။

(င) အန္တရာယ်ဖြစ်စေတတ်သော ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို သတ်မှတ်ထားသော ပမာဏထက် ကျော်လွန်အသုံးမပြုရ။

(စ) စစ်ဆေးရေးအဖွဲ့က ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ၏ အရည်အသွေးကို စစ်ဆေး နိုင်ရန်အတွက် ပုံစံ (၁၀)ဖြင့် နမူနာရယူရာတွင် သတ်မှတ်ထားသော ပမာဏကို အခမဲ့ ရယူခွင့်ပြုရမည်။

(ဆ) အန္တရာယ်ကာကွယ်ရေးအတွက် ကြိုတင်လေ့ကျင့်မှုတွင် ပါဝင်ဆောင်ရွက်ရမည်။

(ဇ) လုပ်ငန်းခွင်ကို အလင်းရောင်နှင့် လေဝင်လေထွက်လုံလောက်စွာ ရရှိစေရန် ဆောင်ရွက် ထားရမည်။

(ဈ) ထူးခြားသောအခြေအနေဖြစ်ပေါ်လာပါက အသုံးပြုနိုင်ရန် အရေးပေါ်ထွက်ပေါက်၊ ဆက်သွယ်ရန် တယ်လီဖုန်းတို့ကို လုပ်ငန်းခွင်တွင် ထားရှိရမည်။

(ည) လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေသူများကို ဓာတုပစ္စည်းများ သုံးစွဲခြင်းဖြင့် ရရှိလာမည့် ဆိုးကျိုး နှင့် ကျန်းမာရေးထိခိုက်နိုင်မှုတို့ကို ကြိုတင်အသိပေးထားရမည်။

အခန်း (၁၆)
စွန့်ပစ်ရာတွင် လိုက်နာရမည့်အချက်များ

၆၃။ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလုပ်ကိုင်သည့် လိုင်စင်ရရှိသူများ၊ အဖွဲ့ အစည်းများနှင့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းသုံးစွဲသူများသည် စွန့်ပစ်ပစ္စည်းများကို စွန့်ပစ်ရာ တွင် အန္တရာယ် ကင်းရှင်းစေရေးအတွက် အောက်ပါအချက်များကို လိုက်နာရမည်-

(က) စွန့်ပစ်ခြင်းကို ဤနည်းဥပဒေများ၊ စည်ပင်သာယာရေးကော်မတီများမှ ပြဋ္ဌာန်းထားသော ရေပေးဝေ ရေးနှင့်အညစ်အကြေး သန့်ရှင်းရေးဆိုင်ရာ နည်းဥပဒေများနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ခြင်း၊

(ခ) စွန့်ပစ်ပစ္စည်းများနှင့် ရေဆိုးရေညစ်များကို သင့်လျော်သော သန့်စင်မှုပြုလုပ်ပြီးမှသာ စွန့်ပစ်ခြင်း၊

(ဂ) စွန့်ပစ်ပစ္စည်းများကြောင့် သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းမှုမရှိစေရေးနှင့် အိုဇုန်းလွှာ ပျက်စီးခြင်းမှ ကာကွယ်ရန် နည်းလမ်းများနှင့်အညီ ဆောင်ရွက်ခြင်း၊

(ဃ) ဓာတုပစ္စည်းများကို အသုံးပြုခြင်းမှ ထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများ၏ စွန့်ပစ်သည့် ပမာဏအားလျှော့ချခြင်း၊ ပြန်လည်အသုံးပြုခြင်းနှင့် စွမ်းအင်လောင်စာအဖြစ် အသုံးပြု ခြင်း။

၆၄။ လိုင်စင်ရရှိသူသည်-

(က) အန္တရာယ်ကင်းရှင်းရေးအတွက် စွန့်ပစ်ပစ္စည်း သန့်စင်သည့်စနစ်များကို ပုံမှန်စစ်ဆေး ခြင်း၊ ရှောင်တခင်စစ်ဆေးခြင်း၊ သတင်းအရစစ်ဆေးခြင်းတို့ကို ခံယူရမည့်အပြင် ယင်းတို့နှင့်သက်ဆိုင်သည့် မှတ်တမ်း များကို ထိန်းသိမ်းထားရှိရမည်။

(ခ) စွန့်ပစ်ပစ္စည်းများ စွန့်ပစ်ခြင်းနှင့်စပ်လျဉ်း၍ လိုက်နာခြင်းမရှိသည့်အတွက် အန္တရာယ် ဖြစ်ပွားပါက ယင်းဖြစ်ပွားမှုများကို တာဝန်ယူရမည်။

အခန်း (၁၇)
ဓာတ်ခွဲခန်းတွင် လိုက်နာရမည့် အချက်များ

၆၅။ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အသုံးပြုသည့် ဓာတ်ခွဲခန်းများသည် အောက်ပါအချက်များ ကို လိုက်နာရမည်-

(က) ကိုယ်ခန္ဓာကာကွယ်ရေးကိရိယာနှင့် ဝတ်စုံများကို အသုံးပြုဆောင်ရွက်ရမည်။

(ခ) ဓာတ်ခွဲခန်း၌ ဦးစီးဆောင်ရွက်ရန် တာဝန်ရှိသူ၏ ခွင့်ပြုချက်မပါဘဲ ဓာတ်ခွဲခန်းတွင် အန္တရာယ်ရှိ ဓာတု ပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ စမ်းသပ်ခြင်းကို တစ်ဦးတည်း ဆောင်ရွက်ခြင်းမပြုရ။

(ဂ) ဓာတ်ခွဲစမ်းသပ်ခန်းသည် လေဝင်လေထွက် ကောင်းမွန်ရမည့်အပြင် ယင်းအခန်းတွင် အငွေ့စုပ်စက် (Fume Hood)၊ လေစုပ်ပန်ကာ (Exhaust Fan) တို့ကို တပ်ဆင် ထားရမည်။

(ဃ) အရေးပေါ် အသုံးပြုရန် ရေပန်း၊ မျက်လုံးဆေးရည်၊ ရှေးဦးသူနာပြုဆေးသေတ္တာ၊ မီးသတ်ဆေးဘူး၊ မီးဘေးလုံခြုံရေးစနစ်များနှင့် တယ်လီဖုန်းစသည့် အထောက်အကူပြုပစ္စည်းများ ထားရှိရမည်။

(င) မီးလောင်မှုမဖြစ်စေရန် ကြိုတင်ကာကွယ်သည့် အစီအမံများ ဆောင်ရွက်ထားရမည်။

(စ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ၏ ဂုဏ်သတ္တိများအလိုက် ယင်းတို့ကို အုပ်စုများ ခွဲခြားထားရှိရ မည်။

(ဆ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများထည့်ထားသော ဘူး၊ ပုလင်း၊ ပလတ်စတစ်အိတ် အစရှိသည့် ထုပ်ပိုးခွံပစ္စည်းများကို ယိုစိမ့်မှု ရှိ၊ မရှိ သေချာစွာစစ်ဆေးပြီးမှသာ သိမ်းဆည်းရမည်။

(ဇ) ဓာတ်ခွဲခန်းတွင် အသုံးပြုနေသည့် ဓာတုပစ္စည်း သို့မဟုတ် ဆက်စပ်ပစ္စည်းထည့်ထား သော ဘူး၊ ပုလင်း၊ ပလတ်စတစ်အိတ်များပေါ်တွင် ပစ္စည်း၏ အမည် သို့မဟုတ် တည်ဆောက်ပုံဆိုင်ရာ ဖော်မြူလာကို ကပ်ထားရမည်။

(ဈ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများနှင့်စပ်လျဉ်း၍ လက်ခံရရှိသည့်ရက်စွဲ၊ စတင်သုံးစွဲ သည့်ရက်စွဲ၊ သက်တမ်းလွန်သောရက်စွဲတို့ကို သေချာစွာ စာရင်းရေးသွင်းထားရမည်။

(ည) အန္တရာယ်ဖြစ်စေသည့် စွန့်ပစ်ပစ္စည်းများထည့်သွင်းထားရှိသော ဘူး၊ ပုလင်းများကို “အန္တရာယ်ရှိ စွန့်ပစ်ပစ္စည်း”ဆိုသည့် စာတန်းကို ကပ်ထားပြီး သီးခြားခွဲထားရမည်။

(ဋ) အမျိုးအမည်ပျက်နေသော သို့မဟုတ် သက်တမ်းလွန်နေသော ဓာတုပစ္စည်းနှင့် ဆက်စပ် ပစ္စည်းများကို ဆက်လက်သိုလှောင်ထားခြင်းမပြုဘဲ သက်ဆိုင်ရာ တာဝန်ရှိသူထံ အကြောင်းကြားပြီး စနစ်တကျ ဖျက်ဆီးခြင်း သို့မဟုတ် မဖျက်ဆီးဘဲ စနစ်တကျစုပုံထား ခြင်းပြုရမည်။

အခန်း (၁၈)
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများနှင့် သက်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များကို လိုက်နာခြင်း

၆၆။ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို အသုံးပြုခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ စွန့်ပစ်ခြင်းတွင် ဤနည်းဥပဒေများပါ ပြဋ္ဌာန်းချက်များကို လိုက်နာရမည့်အပြင် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်း များနှင့်သက်ဆိုင်သည့် မြန်မာနိုင်ငံက အတည်ပြုလက်ခံထားသော အပြည်ပြည်ဆိုင်ရာ သဘော တူညီချက်များကို လည်း လိုက်နာဆောင်ရွက်ရမည်။

၆၇။ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်အရ တားမြစ်ပိတ်ပင်ထားသော ဓာတုပစ္စည်းနှင့် ဆက်စပ် ပစ္စည်းများနှင့် ယင်းတို့ကို ထည့်သွင်းအသုံးပြုသော စက်ကိရိယာများကို သုံးစွဲခြင်းမပြုရ။

၆၈။ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့ တင်သွင်းခြင်းနှင့် နိုင်ငံ တွင်းမှတစ်ဆင့် ဖြတ်သန်းကုန်သွယ်ခြင်းများပြုလုပ်ပါက အပြည်ပြည်ဆိုင်ရာ သဘောတူညီချက် နှင့်အညီ လိုက်နာဆောင်ရွက်ရမည်။

အခန်း (၁၉)
အထွေထွေ

၆၉။ သုတေသနဌာနများ၊ တက္ကသိုလ်များသည် သုတေသနလုပ်ငန်းများနှင့် သင်ကြားရေးအတွက် လိုအပ်သောတားမြစ်ဓာတုပစ္စည်းများနှင့် ကန့်သတ်ဓာတုပစ္စည်းများအား ခွင့်ပြုသတ်မှတ်ထား သည့် ပမာဏသာလျှင် တရားဝင်ကိုင်ဆောင်သုံးစွဲခွင့်ရှိသည်။

၇၀။ ဝန်ကြီးဌာနသည် ဥပဒေနှင့်အညီ နိုင်ငံခြားအထောက်အပံ့ သို့မဟုတ် အကူအညီများမှ ရရှိသော နိုင်ငံခြားငွေများကို ဘဏ္ဍာရေးဝန်ကြီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံခြားငွေ သုံးစွဲခွင့် ခွင့်ပြုမိန့်ရရှိ ရေး ဆောင်ရွက်ရမည်။

၇၁။ ဝန်ကြီးဌာနသည် နည်းဥပဒေ ၇၀ အရ ရရှိသော နိုင်ငံခြားငွေများကို လက်ခံရယူခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်းတို့နှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးဝန်ကြီးဌာန၏ တည်ဆဲဥပဒေ၊ နည်းဥပဒေ များနှင့်အခါအားလျော်စွာထုတ်ပြန်သည့် အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင် ရွက်ရမည်။

၇၂။ ပြည်ပမှတင်သွင်းလာသော သို့မဟုတ် ပြည်တွင်း၌ ထုတ်လုပ်သော ဓာတုပစ္စည်းနှင့် ဆက်စပ် ပစ္စည်းများကို အရည်အသွေးစစ်ဆေးမှုခံယူလိုပါက ပုံစံ (၉)တွင် ပြည့်စုံစွာဖြည့်စွက်ပြီး သတ်မှတ် ထားသည့် နမူနာအရေအတွက် သို့မဟုတ် အလေးချိန်များနှင့်အတူ ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ လျှောက်ထားရမည်။

၇၃။ နည်းဥပဒေ ၇၂ အရ လျှောက်ထားသူသည် ဝန်ကြီးဌာနက သတ်မှတ်သည့် ဓာတ်ခွဲစစ်ဆေးခကို မြန်မာ ကျပ်ငွေဖြင့် ပေးသွင်းရမည်။

၇၄။ မူလဓာတ်ခွဲခန်းသည် နည်းဥပဒေ ၇၂ အရ ပေးပို့လာသည့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ၏ အရည်အသွေးကို ဓာတ်ခွဲစစ်ဆေးပြီးနောက် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို ပုံစံ (၁၁) ဖြင့် ထုတ်ပေးရ မည်။

၇၅။ နည်းဥပဒေ ၇၂ အရ လျှောက်ထားသူသည် မူလဓာတ်ခွဲခန်း၏ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ကျေနပ်မှုမရှိလျှင် မူလဓာတ်ခွဲခန်း၏ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာလက်ခံ ရရှိသည့်နေ့မှရက်ပေါင်း ၃၀ အတွင်း ဗဟိုဦးစီးအဖွဲ့ထံ အယူခံလျှောက်ထားနိုင်သည်။ ယင်းသို့ လျှောက်ထားသည့်အခါ သတ်မှတ်ထား သော ဓာတ်ခွဲစစ်ဆေးခပေးသွင်းရမည်။

၇၆။ ဗဟိုဦးစီးအဖွဲ့သည် နည်းဥပဒေ ၇၅ အရ အယူခံလျှောက်ထားချက်ကို လက်ခံရရှိသည့်အခါ အယူခံဓာတ်ခွဲခန်းတွင်သတ်မှတ်တာဝန်ပေး ဓာတ်ခွဲစစ်ဆေးစေရမည်။

၇၇။ အယူခံဓာတ်ခွဲခန်းသည် မူလဓာတ်ခွဲခန်းထံမှ အယူခံလျှောက်ထားမှုနှင့်သက်ဆိုင်သော ဓာတု ပစ္စည်းနှင့် ဆက်စပ်ပစ္စည်း နမူနာများကို တောင်းခံပြီး ဓာတ်ခွဲစစ်ဆေး၍ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို ပုံစံ (၁၂) ဖြင့် ထုတ်ပေးရမည်။

၇၈။ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများစစ်ဆေးရန် ဗဟိုဦးစီးအဖွဲ့က သတ်မှတ်ထားသည့် ဓာတ်ခွဲခန်းများသည် ဓာတ်ခွဲသည့်နည်းစနစ်များတူညီရေး၊ ဓာတ်ခွဲတွေ့ရှိချက်ရလဒ်များ မှန်ကန် ရေးတို့အတွက် ဗဟိုဦးစီးအဖွဲ့က သတ်မှတ်ပေးထားသော ဓာတ်ခွဲခန်းနှင့်ပူးပေါင်းလေ့ကျင့်မှု ပြုရမည်။

၇၉။ ဗဟိုကြီးကြပ်ရေးအဖွဲ့သည် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို သုံးစွဲသူများ အန္တရာယ် ကင်းရှင်းစွာ သုံးစွဲနိုင်ရေးအတွက် အခါအားလျော်စွာ ပညာပေးစာစောင်များရိုက်နှိပ်၍ ဖြန့်ဖြူး ပေးရမည်။

၈၀။ ဗဟိုကြီးကြပ်ရေးအဖွဲ့သည် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်အရ တားမြစ်ထားသည့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများနှင့်စပ်လျဉ်း၍ ပြည်တွင်းသို့တင်သွင်းလာခြင်းမရှိစေရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်း၍ဆောင်ရွက်ရမည်။

၈၁။ ဗဟိုကြီးကြပ်ရေးအဖွဲ့သည် ဥပဒေပါတာဝန်နှင့်လုပ်ပိုင်ခွင့်များကို ဆောင်ရွက်နိုင်ရန် အစည်း အဝေးကို တစ်လတစ်ကြိမ်ပြုလုပ်ရမည်။ သို့ရာတွင် ဗဟိုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ လိုအပ်သည် ဟုယူဆလျှင် မည်သည့်အချိန်တွင်မဆို ဗဟိုဦးစီးအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်ဖြင့် အစည်းအဝေး ပြုလုပ်နိုင်သည်။ ယင်းအစည်းအဝေးတွင် လိုအပ်ပါက ပြင်ပကျွမ်းကျင်သူပညာရှင်များ ကိုလည်းကောင်း၊ လိုင်စင်လျှောက် ထားသူများကိုလည်းကောင်း၊ မှတ်ပုံတင်လျှောက်ထားသူများ ကိုလည်းကောင်း တက်ရောက်ရန် ဖိတ်ကြားနိုင်သည်။

၈၂။ အစည်းအဝေးတွင် ဗဟိုကြီးကြပ်ရေးအဖွဲ့၏ ဥက္ကဋ္ဌက သဘာပတိအဖြစ်ဆောင်ရွက်ရမည်။ ဥက္ကဋ္ဌ အစည်းအဝေးမတက်ရောက်နိုင်ပါက ဒုတိယဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌက တာဝန်ပေးအပ်ခြင်း ခံရသူ အဖွဲ့ဝင် သည် သဘာပတိအဖြစ် ဆောင်ရွက်ရမည်။

၈၃။ ဗဟိုကြီးကြပ်ရေးအဖွဲ့ဝင်ဦးရေ ထက်ဝက်ကျော် အစည်းအဝေးတက်ရောက်လျှင် အစည်းအဝေး အထမြောက်သည်။


ဦးမောင်မြင့်
ပြည်ထောင်စုဝန်ကြီး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စက်မှုဝန်ကြီးဌာန