ဆက်သွယ်ရေးနံပါတ်ဆိုင်ရာ နည်းဥပဒေများ

DOWNLOAD

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန

(ဆက်သွယ်ရေးနံပါတ်ဆိုင်ရာ နည်းဥပဒေများ)
အမိန့်ကြော်ငြာစာအမှတ် (၄၉/၂၀၁၅)

၁၃၇၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်

(၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်)


ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနသည် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၈၈၊ ပုဒ်မခွဲ(က) အရအပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဤနည်းဥပဒေများကိုထုတ်ပြန်လိုက်သည်။

အခန်း (၁)
အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤနည်းဥပဒေများကို ဆက်သွယ်ရေးနံပါတ်ဆိုင်ရာ နည်းဥပဒေများ ဟုခေါ်တွင် စေရမည်။

၂။ ဤနည်းဥပဒေများတွင် ပါရှိသောစကားရပ်များသည် ဆက်သွယ်ရေးဥပဒေတွင် ပါရှိသည့်အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။ ထို့ပြင် အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-

(က) ဆက်သွယ်ရေးနံပါတ်ဆိုင်ရာနှစ်စဉ်အစီရင်ခံစာ ဆိုသည်မှာ ဦးစီးဌာနကရေးဆွဲပြုစုသည့် ဆက်သွယ် ရေးနံပါတ်လျာထားသတ်မှတ်ချက် ဖွဲ့စည်းထားရှိပုံနှင့် အသုံးပြုပုံဆိုင်ရာ နှစ်စဉ်အစီရင်ခံစာကို ဆိုသည်။

(ခ) ဆက်သွယ်ရေးနံပါတ်ဆိုင်ရာနှစ်စဉ်ပြန်လည်တင်ပြချက် ဆိုသည်မှာ ဆက်သွယ်ရေး နံပါတ်အရင်းအမြစ် ခွဲဝေသတ်မှတ်မှုကို ရရှိထားသူတစ်ဦးချင်းက မိမိရရှိထားသော ခွဲဝေသတ်မှတ်မှုတစ်ခုချင်း၏အသုံးပြုပုံ၊ အမှန်တကယ်သုံးစွဲသူများအား ခွဲဝေသတ်မှတ် ပေးထားသည့် ဆက်သွယ်ရေးနံပါတ်များနှင့်ရရှိထားသော ခွဲဝေသတ်မှတ်မှုအတွင်း လိုအပ်လာနိုင်သည့် ဆက်သွယ်ရေးနံပါတ် ခန့်မှန်းပမာဏတို့ကိုဖော်ပြလျက် ဦးစီးဌာန သို့တင်ပြသည့် နှစ်စဉ်ပြန်လည်တင်ပြချက်ကို ဆိုသည်။

(ဂ) ဧရိယာသင်္ကေတ ဆိုသည်မှာ ဆက်သွယ်ရေးနံပါတ် လျာထားသတ်မှတ်ချက်ရှိ ပီအက်စ်တီအန် (PSTN) ဆိုင်ရာ ကဏ္ဍပါ ပထဝီဝင်ဒေသတစ်ခုအတွက် သတ်မှတ်ထား သည့် နံပါတ်သင်္ကေတကိုဆိုသည်။

(ဃ) အချိန်တိုအတွင်းခေါ်ဆိုမှုအများအပြားရရှိစေသည့် ဝန်ဆောင်မှု (Burst oriented service) ဆိုသည်မှာ အလွန်တိုတောင်းသော အချိန်ကာလအတွင်း တယ်လီဖုန်းခေါ်ဆိုမှု အများအပြား ရရှိနိုင်စေရန် ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုကို ဆိုသည်။

(င) နေ့ရက် ဆိုသည်မှာ အပြည်ပြည်ဆိုင်ရာပြက္ခဒိန်အရ ရေတွက်သော နေ့ရက်ကို ဆိုသည်။

(စ) အီး.၁၆၄ (E.164) ဆိုသည်မှာ အပြည်ပြည်ဆိုင်ရာအများပြည်သူသုံး ဆက်သွယ်ရေး နံပါတ်လျာထား သတ်မှတ်ချက်အမည်ဖြင့် ဖော်ပြထားသော အိုင်တီယူ-တီ၏ ဆက်သွယ် ရေးနံပါတ်ဆိုင်ရာ အဓိကအကြံပြု စာတမ်းကို ဆိုသည်။

(ဆ) ပထဝီဝင်ဒေသအလိုက် ဆက်သွယ်ရေးနံပါတ် ဆိုသည်မှာ ဆက်သွယ်ရေးနံပါတ် လျာထားသတ်မှတ် ချက်ပါ ပီအက်စ်တီအန်(PSTN) ဝန်ဆောင်မှုအတွက် အသုံးပြုသည့် ဆက်သွယ်ရေးနံပါတ်ကို ဆိုသည်။

(ဇ) အိုင်တီယူ-တီ (ITU-T) ဆိုသည်မှာအပြည်ပြည်ဆိုင်ရာကြေးနန်းဆက်သွယ်ရေးအဖွဲ့ချုပ် [International Telecommunication Union (ITU)] လက်အောက်ရှိ ဆက်သွယ်ရေး ဆိုင်ရာစံချိန်စံညွှန်းများရေး ဆွဲပြုစုသည့်အဖွဲ့ကိုဆိုသည်။ အိုင်တီယူသည် ကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများအတွင်း ဆက်သွယ်ရေးဆိုင်ရာကိစ္စရပ်များအတွက် တာဝန်ယူ ဆောက်ရွက်သော အထူးအဖွဲ့ဖြစ်သည်။

(ဈ) လိုင်စင်ရရှိသူ ဆိုသည်မှာ ဤနည်းဥပဒေများနှင့် ဆက်သွယ်ရေးနံပါတ် လျာထား သတ်မှတ်ချက်တို့နှင့်အညီ ဆက်သွယ်ရေးနံပါတ်များ လျှောက်ထားရယူရန် လိုင်စင် ထုတ်ပေးခြင်းဆိုင်ရာ  နည်းဥပဒေများအ ရ လိုင်စင်ရရှိထားသူကိုဆိုသည်။

(ည) နိုင်ငံရည်ညွှန်းသင်္ကေတ [National Destination Code (NDC)] ဆိုသည်မှာ နိုင်ငံလုံးဆိုင်ရာ သီးသန့်နံပါတ်၏ ပထမကိန်းဂဏန်းများကို ဆိုသည်။ ယင်းသင်္ကေတ သည် ကိန်းဂဏန်း တစ်လုံးမှ လေးလုံးအထိ ရှိနိုင်သည်။

(ဋ) နိုင်ငံလုံးဆိုင်ရာသီးသန့်နံပါတ် (National Significant Number) ဆိုသည်မှာ နိုင်ငံသင်္ကေတ၏ နောက်တွင်ရှိသည့် ဆက်သွယ်ရေးနံပါတ်ကိုဆိုသည်။ ယင်းနံပါတ်တွင် နိုင်ငံရည်ညွှန်းသင်္ကေတ (NDC)နှင့် သုံးစွဲသူနံပါတ်တို့ ပါဝင်သည်။

(ဌ) ပထဝီဝင်ဒေသအလိုက်မဟုတ်သော ဆက်သွယ်ရေးနံပါတ် ဆိုသည်မှာ ပထဝီဝင် ဒေသအလိုက်မဟုတ် ဘဲ မိုဘိုင်းဖုန်းဝန်ဆောင်မှု၊ အခမဲ့ဖုန်း (freephone) ဝန်ဆောင်မှု၊ အထူးနှုန်းထားဖြင့်ဝန်ဆောင်မှု (premium rate service) ကဲ့သို့သော ဝန်ဆောင်မှု လုပ်ငန်းအမျိုးအစားများကိုသတ်မှတ်ရန်အသုံးပြုသည့်ဆက် သွယ်ရေးနံပါတ်ကို ဆို သည်။

(ဍ) ဆက်သွယ်ရေးနံပါတ်အတွဲ (Number Block) ဆိုသည်မှာ အစဉ်လိုက်ရှိနေသော ဆက်သွယ်ရေး နံပါတ်များကို ဆိုသည်။

(ဎ) ဆက်သွယ်ရေးနံပါတ်ဆိုင်ရာကွန်ဗင်းရှင်းများ ဆိုသည်မှာ ဆက်သွယ်ရေးနံပါတ် လျာထားသတ်မှတ် ချက် စီမံခန့်ခွဲမှုနှင့်စပ်လျဉ်းသည့် အသေးစိတ်ပြဋ္ဌာန်းချက်များ၊ ဆက်သွယ်ရေးနံပါတ်လျာထားသတ်မှတ်ချက်ပါ ဆက်သွယ်ရေးနံပါတ်ခွဲဝေ သတ်မှတ်မှု နှင့်စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များနှင့် ခွဲဝေသတ်မှတ်ပေး ထားသော ဆက်သွယ်ရေး နံပါတ်များအသုံးပြုမှုဆိုင်ရာ စည်းကမ်းချက်များကို ဆိုသည်။

(ဏ) ဆက်သွယ်ရေးနံပါတ်အရေအတွက် ဆိုသည်မှာ ဧရိယာသင်္ကေတကဲ့သို့သော နံပါတ် သင်္ကေတတစ်ခု ၏ နောက်တွင်ရှိသည့် နံပါတ်အရေအတွက်ကို ဆိုသည်။

(တ) ပီအက်စ်တီအန် (PSTN) ဆိုသည်မှာ ကြိုးဖုန်းကွန်ရက်ကို ဆိုသည်။

(ထ) ခေါ်ဆိုမှုအစသင်္ကေတ (Prefix) ဆိုသည်မှာ တယ်လီဖုန်းနံပါတ်တစ်ခု၏ ရှေ့တွင်ရှိပြီး ဝန်ဆောင်မှု အမျိုးအစားကို ဖော်ပြရာတွင်လည်းကောင်း၊ အဝေးဆက်သွယ်ခေါ်ဆိုမှု သို့မဟုတ် ပြည်ပဆက်သွယ်ခေါ်ဆို မှုအတွက်လည်းကောင်း အသုံးပြုနိုင်သည့် နံပါတ်တိုကို ဆိုသည်။

(ဒ) အထူးနှုန်းထားဖြင့်ဝန်ဆောင်မှု (Premium Rate Service)  ဆိုသည်မှာ အသံဖြင့် ခေါ်ဆိုဆက်သွယ်ခြင်းဝန်ဆောင်မှု ( voice-based service) သို့မဟုတ် စာသားတို ပေးပို့ခြင်းဝန်ဆောင်မှု (SMS- based service) တို့တွင် သာမန်တယ်လီဖုန်းနံပါတ် သို့မဟုတ် သာမန်သုံးစွဲသူများထံ အသံဖြင့်ခေါ်ဆိုဆက်သွယ်မှု သို့မဟုတ် စာသားတိုပေးပို့ ဆက်သွယ်မှုတို့ထက် ဝန်ဆောင်ခနှုန်းထား ပိုမိုပေးရသည့် ဝန်ဆောင်မှုကိုဆို သည်။

(ဓ) သင်္ကေတတို (short code) ဆိုသည်မှာ သာမန်တယ်လီဖုန်းနံပါတ်များထက် တိုပြီး တိုက်ရိုက်ခေါ်ဆို၍ မရသော နံပါတ်ကိုဆိုသည်။

(န) အထူးချိတ်ဆက်နံပါတ် (Special Access Number) ဆိုသည်မှာ အော်ပရေတာ ဝန်ဆောင်မှု၊ တယ်လီဖုန်းလမ်းညွှန် စုံစမ်းရေးဝန်ဆောင်မှုနှင့် အရေးပေါ်ဝန်ဆောင်မှု ကဲ့သို့သော အထူးဝန်ဆောင်မှုများကို ချိတ်ဆက်ရန်အသုံးပြုသည့် ကိန်းဂဏန်း ၃ လုံး သို့မဟုတ် ၄ လုံးပါဝင်သော နံပါတ်တို ကိုဆိုသည်။

(ပ) သုံးစွဲသူနံပါတ် ဆိုသည်မှာ ကွန်ရက်တစ်ခု သို့မဟုတ် ဆက်သွယ်ရေးနံပါတ် ဧရိယာ တစ်ခုအတွင်းရှိ သုံးစွဲသူတစ်ဦးအတွက် သီးခြားသတ်မှတ်ပေးထားသော ဆက်သွယ်ရေး နံပါတ်ကိုဆိုသည်။

(ဖ) နယ်အဝေးခေါ်ဆိုမှုသင်္ကေတ (Trunk Code) ဆိုသည်မှာ ခေါ်ဆိုမှုအစသင်္ကေတ ‘၀’ ကိုဆိုသည်။ ယင်း၏နောက်တွင် ‘၀’ မဟုတ်သည့် ကိန်းဂဏန်း တစ်ခုခုပါရှိပြီး ယင်းကိန်းဂဏန်းသည် နိုင်ငံလုံး ဆိုင်ရာ သီးသန့်နံပါတ် (National Significant Number) ကို ဖော်ပြရန်အတွက် အသုံးပြုသည်။

အခန်း (၂)
ဆက်သွယ်ရေးနံပါတ် လျာထားသတ်မှတ်ချက် ရေးဆွဲပြုစုခြင်း

၃။ ဝန်ကြီးဌာနသည် ဦးစီးဌာနက ရေးဆွဲပြုစုထားသော ဆက်သွယ်ရေးနံပါတ်လျာထား သတ်မှတ်ချက်ကို အတည်ပြုရမည်ဖြစ်ပြီး ဦးစီးဌာနသည် ယင်းဆက်သွယ်ရေးနံပါတ် လျာထား သတ်မှတ်ချက်ကို စီမံခန့်ခွဲရမည်။

၄။ ယေဘုယျမူများ

ဦးစီးဌာနသည် ဆက်သွယ်ရေးနံပါတ် လျာထားသတ်မှတ်ချက်ရေးဆွဲပြုစုခြင်း၊ စီမံခန့်ခွဲခြင်းပြု လုပ်ရာတွင် အောက်ပါတို့ကို အခြေခံရမည်-

(က) ဆက်သွယ်ရေးနံပါတ်များကို လျင်မြန်ထိရောက်စွာ ခွဲဝေသတ်မှတ်ပေးနိုင်ရန်အလို့ငှာ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ သုံးစွဲမှုတိုးတက်လာနိုင်မည့် အခြေအနေနှင့် စပ်လျဉ်း၍ မျှော်မှန်းသည့်တိုးတက်မှု ကို ထည့်သွင်းစဉ်းစားရန်၊

(ခ) သုံးစွဲသူများအတွက် အဆင်ပြေဆုံးဖြစ်ပြီး လိုင်စင်ရရှိသူများ၏ ဆက်သွယ်ရေးကွန်ရက် အားထိရောက်စွာအသုံးပြုနိုင်မည့် ဆက်သွယ်ရေးနံပါတ်ဖွဲ့စည်းမှုပုံစံ ဖြစ်စေရန်၊

(ဂ) အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များ၊ စံချိန်စံညွှန်းများ၊ ထောက်ခံချက်များနှင့် ကိုက်ညီမှုရှိရန်၊

(ဃ) အမျိုးမျိုးသောဝန်ဆောင်မှုနှင့် ဝန်ဆောင်မှုနှုန်းထားတို့ကို သတ်မှတ်ဆောင်ရွက်နိုင်သည့် ဆက်သွယ် ရေးနံပါတ် အမျိုးအစားများဖြစ်စေရန်၊

(င) ဆက်သွယ်ရေးနံပါတ်လျာထားသတ်မှတ်ချက်အား ပြောင်းလဲရန်လိုအပ်လာသည့်အခါ တွင် ယင်းပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် သုံးစွဲသူနှင့်လိုင်စင်ရရှိသူတို့၏ ကုန်ကျစရိတ်နှင့် အဆင်မပြေမှုများကို အနည်းဆုံးဖြစ်စေမည့် လျာထားသတ်မှတ်ချက် ဖြစ်ရန်၊ ဆက်သွယ်ရေးနံပါတ်လိုအပ်ချက်နှင့် ကိုက်ညီမှုရှိရန်၊ ဆက်သွယ်ရေးနံပါတ် လျာထားသတ်မှတ်ချက်အား ကောင်းစွာစီမံခန့်ခွဲနိုင်ရန်၊

(စ) ဆက်သွယ်ရေးနံပါတ်များနှင့် နံပါတ်သင်္ကေတများသည် အကန့်အသတ်ရှိသောနိုင်ငံပိုင် အရင်းအမြစ်များဖြစ်သဖြင့် ဆက်သွယ်ရေးနံပါတ်လျာထားသတ်မှတ်ချက်အား နိုင်ငံတော် ၏အကျိုးစီးပွားအတွက် ခွဲခြားမှုမရှိဘဲမျှတ၍ ပွင့်လင်းမြင်သာသောနည်းလမ်းဖြင့် စီမံခန့်ခွဲရန်။

၅။ ဆက်သွယ်ရေးနံပါတ်လျာထားသတ်မှတ်ချက်ကိုပြင်ဆင်ခြင်း

(က) ဦးစီးဌာနသည် မိမိကိုယ်တိုင် ကနဦးစတင်၍ဖြစ်စေ၊ လိုင်စင်ရရှိသူ သို့မဟုတ် သုံးစွဲသူ သို့မဟုတ် အခြားစိတ်ပါဝင်စားသူများက စာဖြင့်တင်ပြတောင်းဆိုလျှင် ဖြစ်စေ ဆက်သွယ်ရေးနံပါတ် လျာထားသတ် မှတ်ချက်ကို အခါအားလျော်စွာ စိစစ်နိုင်သည်။

(ခ) ဦးစီးဌာနသည် ထုတ်ပြန်ပြီးသော ဆက်သွယ်ရေးနံပါတ် လျာထားသတ်မှတ်ချက်၏ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ၊ အားလုံးကိုဖြစ်စေ ပြင်ဆင်ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်း သို့မဟုတ် ထပ်မံဖြည့်စွက်ခြင်းတို့ကို အခါအားလျော်စွာ ပြုလုပ်နိုင်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် အများပြည်သူသဘောထားတောင်းခံခြင်း ပြုလုပ်ပြီးမှသာ ဆောင်ရွက် ရမည်။ အများပြည်သူသဘောထားတောင်းခံသည့် ကာလသည် သာမန်အားဖြင့် ရက်ပေါင်း ၉၀ ရှိရမည်ဖြစ်ပြီး ခြွင်းချက်ထားရမည့်ကိစ္စများတွင် ရက်ပေါင်း ၃၀ ထက် မနည်းစေရ။

(ဂ) လိုင်စင်ရရှိသူများသည် နည်းဥပဒေခွဲ (ခ) အရ ပြုလုပ်သည့်ပြောင်းလဲမှုများနှင့်ကိုက်ညီမှု ရှိစေမည့်ပြင်ဆင်မှုများကို ဦးစီးဌာန၏အပြီးသတ်ဆုံးဖြတ်ချက် သို့မဟုတ် ပြောင်းလဲမှု အတွက် အကြောင်းကြားစာ ထုတ်ပြန်သည့်နေ့ရက်မှ ရက်ပေါင်း ၉၀အတွင်း ဆောင်ရွက် ရမည်။

၆။ ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်များခွဲဝေသတ်မှတ်ခြင်းနှင့် အရန်ထားရှိခြင်း

ဦးစီးဌာနသည်-

(က) ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်များကို လိုင်စင်ရရှိသူများအား ဆက်သွယ်ရေးနံပါတ် လျာထား သတ်မှတ်ချက်နှင့်အညီ လိုအပ်သလို ခွဲဝေသတ်မှတ်ပေးရမည်။

(ခ) ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်များ ခွဲဝေသတ်မှတ်ပေးခြင်း သို့မဟုတ် အရန်ထားရှိ ခြင်းတို့ကို သာတူညီမျှပုံစံဖြင့် ဆောင်ရွက်ပေးရမည်။ သာမန်အားဖြင့် ဆက်သွယ်ရေး နံပါတ်အတွဲ သို့မဟုတ် နံပါတ်သင်္ကေတအား ဦးရာလူစနစ်ဖြင့် ခွဲဝေသတ်မှတ်ပေးခြင်း သို့မဟုတ် အရန်ထားရှိပေးခြင်းကို ဆောင်ရွက်ပေးရမည်။

(ဂ) နည်းဥပဒေ ၁၂၊ နည်းဥပဒေခွဲ (ခ) တွင်ဖော်ပြထားသည့် အချက်အလက်များနှင့်အညီ တင်ပြလျှောက်ထားလာပါက ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်များကို ခွဲဝေသတ်မှတ် ပေးခြင်း သို့မဟုတ် အရန်ထားရှိ ပေးခြင်းတို့ကို ပြုလုပ်ရမည်။

(ဃ) ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်များ ခွဲဝေသတ်မှတ်ပေးရာတွင် တိုးတက်ဖြစ်ပေါ်လာ နိုင်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများအတွက် လိုအပ်ချက်၊ ဝန်ဆောင်မှု လုပ်ငန်းများ တီထွင်ဆန်းသစ်နိုင်မှုကို အထောက်အကူပြုနိုင်ရန် လိုအပ်ချက်နှင့် ဆက်သွယ်ရေးနံပါတ် အပိုင်းအခြားအတွင်းရှိ ဆက်သွယ်ရေးနံပါတ် ပမာဏကို ထိန်းသိမ်း ထားရန် လိုအပ်ချက်တို့ကို ထည့်သွင်းစဉ်းစားရမည်။

(င) လိုင်စင်ရရှိသူက ဆက်သွယ်ရေးနံပါတ်အရင်းအမြစ် ခွဲဝေသတ်မှတ်ပေးရန်ထပ်မံ တောင်းဆိုသည့်အခါ ယခင်ခွဲဝေသတ်မှတ်ပေးထားမှုအား အသုံးပြုမှုကိုပါထည့်သွင်း စဉ်းစားရမည်။

(စ) ဆက်သွယ်ရေးနံပါတ်ဆိုင်ရာ နှစ်စဉ်အစီရင်ခံစာကို ပြုစုထားရမည်။

၇။ လိုင်စင်ရရှိသူ၏ တာဝန်များ

(က) လိုင်စင်ရရှိသူများသည် ယင်းတို့အားခွဲဝေသတ်မှတ်ပေးထားသည့် ဆက်သွယ်ရေးနံပါတ် များ သို့မဟုတ် နံပါတ်သင်္ကေတများအတိုင်း ဆက်သွယ်ရေးနံပါတ်ဆိုင်ရာ အစီအစဉ်ကို ပြုစုထုတ်ပြန်ရမည်ဖြစ်ပြီး ယင်းသည် ဦးစီးဌာနမှ ရေးဆွဲပြုစုထားသည့် ဆက်သွယ်ရေး နံပါတ်လျာထားသတ်မှတ်ချက်နှင့် ကိုက်ညီရမည်။

(ခ) လိုင်စင်ရရှိသူများသည် ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်များ ခွဲဝေသတ်မှတ်ပေးစဉ်က တင်ပြခဲ့သည့် ရည်ရွယ်ချက်အတိုင်းသာ ဆက်သွယ်ရေးနံပါတ်များကို အသုံးပြုရ မည်ဖြစ်ပြီး ဆက်သွယ်ရေးနံပါတ် အရင်းအမြစ်များ ခွဲဝေသတ်မှတ်ခြင်းဆိုင်ရာ စည်းကမ်း ချက်များကို လိုက်နာရမည်။ စည်းကမ်းချက်များကို လိုက်နာခြင်းမရှိသည့် လိုင်စင်ရရှိသူ အား ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လိုင်စင်ပါစည်းကမ်းချက်များကို ချိုးဖောက်သူ အဖြစ် သတ်မှတ်မည်။

(ဂ) လိုင်စင်ရရှိသူများသည် ဆက်သွယ်ရေးနံပါတ် အရင်းအမြစ်များကို ထိထိရောက် ရောက်အသုံးပြုရ မည်။

(ဃ) လိုင်စင်ရရှိသူသည် ခိုင်လုံသော အကြောင်းပြချက်ရှိမှသာလျှင် သုံးစွဲသူတစ်ဦး၏ ဆက်သွယ်ရေးနံပါတ်ကို ပြောင်းလဲရမည်ဖြစ်ပြီး အဆိုပါသုံးစွဲသူထံ ပြောင်းလဲရခြင်း၏ အကြောင်းအရင်းနှင့်ပြောင်းလဲရန်ခန့်မှန်းထားသည့်နေ့ရက်ကိုဖော်ပြလျက်ကျိုးကြောင်းခိုင်လုံသော ကြိုတင်အသိပေးစာ ပေးပို့ရမည်ဖြစ်ပြီး အရေးပေါ်ကိစ္စရပ်များတွင် နှုတ်ဖြင့် ကြိုတင်အသိပေးပြီးနောက် စာဖြင့်အတည်ပြုရမည်။

(င) လိုင်စင်ရရှိသူများသည် မိမိခွဲဝေရရှိထားသည့် ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်များ အသုံးပြုမှုနှင့်စပ်လျဉ်း၍ ဦးစီးဌာနကတောင်းဆိုသည့် အချက်အလက်များကို ပေးပို့ရ မည်။

(စ) လိုင်စင်ရရှိသူတစ်ဦးချင်းသည် ဆက်သွယ်ရေးနံပါတ်ဆိုင်ရာ နှစ်စဉ်ပြန်လည်တင်ပြချက် ကို ဦးစီးဌာန သို့ တင်ပြရမည်။

၈။ ကယ်ရီယာရွေးချယ်မှုသင်္ကေတများ (carrier selection codes)

(က) ကယ်ရီယာရွေးချယ်မှုသင်္ကေတသည် ‘၁၆’ ဖြစ်ရမည်ဖြစ်ပြီး ပြည်တွင်းနှင့် ပြည်ပ ဆက်သွယ်ရေး ဝန်ဆောင်မှု နှစ်မျိုးစလုံးအတွက် အသုံးပြုနိုင်သည်။

(ခ) လိုင်စင်ရရှိသူများသည် နည်းဥပဒေ ၁၂အရ ဆက်သွယ်ရေးနံပါတ်အရင်းအမြစ် ခွဲဝေသတ်မှတ်ပေးရန် လျှောက်ထားရာတွင် ကယ်ရီယာရွေးချယ်မှု သတ်မှတ်သင်္ကေတ (carrier selection identifier codes) အတွက် ကိန်းဂဏန်းနှစ်လုံး လျှောက်ထား နိုင်သည်။

(ဂ) ကယ်ရီယာရွေးချယ်မှုအတွက် ဆက်သွယ်ခေါ်ဆိုရမည့်ပုံစံ (dialing format) မှာ ၁၆ XX NNN...N ဖြစ်ပြီး၊ ၁၆ မှာ ကယ်ရီယာရွေးချယ်မှုအစသင်္ကေတ (carrier selection prefix) ဖြစ်သည်။ XX မှာ ကယ်ရီယာရွေးချယ်မှု ဝန်ဆောင်မှုကိုဆောင်ရွက်ပေးမည့် အော်ပရေတာများအတွက် သတ်မှတ်ပေးထားသော ကယ်ရီယာရွေးချယ်မှု သတ်မှတ် သင်္ကေတ (carrier selection identifier codes) ဖြစ်သည်။ NNN...N မှာ သုံးစွဲသူ နံပါတ် ဖြစ်သည်။

(ဃ) ကယ်ရီယာရွေးချယ်မှုဆိုင်ရာ စည်းကမ်းချက်များအား အော်ပရေတာများအကြား သဘောတူညီချက်ဖြင့် ရေးဆွဲပြုစုရမည်။ အော်ပရေတာများအကြား သဘောတူညီမှု မရရှိခဲ့ပါက ဦးစီးဌာနကလိုအပ်သော စည်းကမ်းချက်များကို ပြဋ္ဌာန်းသတ်မှတ် ပေးနိုင်သည်။

၉။ နည်းဥပဒေ ၈ ပါ ပြဋ္ဌာန်းချက်များသည် မိုဘိုင်းကွန်ရက်များနှင့် သက်ဆိုင်ခြင်း မရှိစေရ။

၁၀။ ဦးစီးဌာနသည် ခွဲဝေသတ်မှတ်ပေးထားသော ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်များ အတွက်အခကြေးငွေ ကောက်ခံနိုင်သည်။

အခန်း(၃)
ဆက်သွယ်ရေးနံပါတ်ဆိုင်ရာကွန်ဗင်းရှင်းများ

၁၁။ ဆက်သွယ်ရေးနံပါတ်ဆိုင်ရာ အသေးစိတ်အချက်အလက်များ

(က) လိုင်စင်ရရှိသူများကပြုစုထားသည့် ဆက်သွယ်ရေးနံပါတ်ဆိုင်ရာ အစီအစဉ်တစ်ခုချင်း သည် သက်ဆိုင်ရာ နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိရမည်။ အထူးသဖြင့် အောက်ပါ ဆိုင်တီယူ-တီ အကြံပြု စာတမ်းများနှင့် တတ်နိုင်သမျှ ကိုက်ညီရမည်-

(၁) အီး.၁၂၃ (E.123) - ပြည်တွင်း၊ ပြည်ပ တယ်လီဖုန်းနံပါတ်များအတွက် စံသတ်မှတ်ချက် (Standard Notation)၊

(၂) အီး.၁၆၁ (E.161) - တယ်လီဖုန်းကွန်ရက်အား ချိတ်ဆက် အသုံးပြုနိုင်သည့်တယ်လီဖုန်းနှင့် အခြား ပစ္စည်းကိရိယာများအတွက် သတ်မှတ်ထားသည့်ဂဏန်းများ၊ အက္ခရာများနှင့် သင်္ကေတများ (symbols) ၏ အစီအစဉ်၊

(၃) အီး.၁၆၄ (E.164)- အပြည်ပြည်ဆိုင်ရာ အများပြည်သူသုံး ဆက်သွယ်ရေးနံပါတ် လျာထားသတ်မှတ် ချက်၊

(၄) အီး.၁၆၆ (E.166) - အီး.၁၆၄ (E.164) နှင့် အိပ်စ်. ၁၂၁ (X.121) တို့ အပြန်အလှန် လုပ်ငန်းဆောင် ရွက်ရန်အတွက် ဆက်သွယ်ရေးနံပါတ် လျာထားသတ်မှတ်ချက်၊

(၅) အိပ်စ်. ၁၂၁ (X.121)- အများသုံးအချက်အလက်ကွန်ရက်များနှင့် သက်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးနံပါတ် လျာထားသတ်မှတ်ချက်။

(ခ) ထို့ပြင် အများပြည်သူအကျိုးငှာ နေရာဒေသမရွေး အခြေခံဆက်သွယ်ရေးလိုအပ်ချက်ကို ဖြည့်ဆည်း ခြင်း (universal service) ကို စတင်ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်းသည့် အိုင်တီယူ-တီ၏ အခန်းကဏ္ဍအား အိုင်တီယူ-တီ အကြံပြုစာတမ်းများဖြစ်သည့် အီး. ၁၆၉.၂ (E.169.2)၊ အီး.၁၆၉.၃ (E.169.3)၊ အီး. ၁၇၅ (E.175) ၊ အီး.၁၉၁ (E.191)၊ အီး.၁၉၅ (E.195) တို့တွင်ဖော်ပြထားပါသည်။ အဆိုပါဖြည့်ဆည်းခြင်း များ (ဥပမာ- International Freephone 00800) အတွက် ဆက်သွယ်ရေးနံပါတ်ခွဲဝေသတ်မှတ်ခြင်းသည် အိုင်တီယူ-တီ၏ တာဝန်ဖြစ်သည်။

(ဂ) ဦးစီးဌာနသည် သင့်လျော်သည့် နိုင်ငံတကာစံချိန်စံညွှန်းများမရှိပါက ဆက်သွယ်ရေး နံပါတ်ဆိုင်ရာ အစီအစဉ်များပြုစုရာတွင် လိုင်စင်ရရှိသူများက လိုက်နာရမည့်အချက်များ ကို သတ်မှတ်ထုတ်ပြန်နိုင်သည်။

(ဃ) ဆက်သွယ်ရေးနံပါတ်များသည် အိုင်တီယူ-တီ အကြံပြုစာတမ်းအီး. ၁၆၄ (E.164) နှင့် ကိုက်ညီရမည်။ အများဆုံးထားရှိနိုင်သော ကိန်းဂဏန်းအရေအတွက်မှာ ပြည်ပခေါ်ဆိုမှု အစသင်္ကေတ (International prefix) မပါဝင်ဘဲ ၁၅ လုံးဖြစ်ရမည်။

(င) ခေါ်ဆိုမှုအစသင်္ကေတ ‘၀’ (“0” prefix) သည် အောက်ပါအချက်များနှင့် ကိုက်ညီရမည်-

(၁) မြို့တွင်းခေါ်ဆိုမှုနှင့် အထူးချိတ်ဆက်နံပါတ်များတို့သို့ ခေါ်ဆိုမှုမှတစ်ပါးပြည်တွင်း တယ်လီဖုန်းခေါ်ဆိုမှု အားလုံးအတွက် ခေါ်ဆိုမှုအစသင်္ကေတ ‘၀’ (“0” prefix) ကို အသုံးပြုရမည်။ ပြည်တွင်းခေါ်ဆိုမှု များအတွက် ယင်းသင်္ကေတ၏နောက်တွင် နိုင်ငံလုံးဆိုင်ရာ သီးသန့်နံပါတ်ရှိရမည်။

(၂) တယ်လီဖုန်းခေါ်ဆိုမှုအားလုံးတွင် နိုင်ငံအတွင်း၌ခေါ်ဆိုရန်သတ်မှတ်ထားသည့် တယ်လီဖုန်းခေါ်ဆိုမှု နံပါတ်ပုံစံအတိုင်းဖြစ်စေရန် လိုင်စင်ရရှိသူများက အချိန် ကာလတစ်ခုအတွင်း လိုအပ်သည့် စက်မှုပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များကို ဆောင်ရွက်ရမည်။

(စ) ပြည်ပသို့ ခေါ်ဆိုမှုအတွက် ပြည်ပခေါ်ဆိုမှု အစသင်္ကေတ ‘၀၀’(“00” prefix) ကို အသုံးပြုရမည်။ ယင်းသင်္ကေတ၏နောက်တွင် နိုင်ငံသင်္ကေတနှင့် နိုင်ငံလုံးဆိုင်ရာ သီးသန့် နံပါတ်တို့ ရှိရမည်။

(ဆ) ဦးစီးဌာနသည်သာမန်အားဖြင့် ပထဝီဝင်ဒေသအလိုက် ဆက်သွယ်ရေးနံပါတ်များကို သင့်လျော်သော ဧရိယာသင်္ကေတအပိုင်းအခြားအတွင်း အစဉ်လိုက်ရှိနေသော နံပါတ် ၁၀,၀၀၀ ပါဝင်သည့် ဆက်သွယ်ရေးနံပါတ်အတွဲများ သတ်မှတ်၍ လိုင်စင်ရရှိသူများသို့ ခွဲဝေပေးရမည်။ ထိုသို့ခွဲဝေပေးမည့် ဆက်သွယ်ရေးနံပါတ်အတွဲတွင် ပုံမှန်အားဖြင့် အစဉ်လိုက်ရှိသော နံပါတ် ၁၀,၀၀၀ ပါရှိရမည်ဖြစ်ပြီး အချို့သောကိစ္စရပ်များတွင် ၁၀,၀၀၀ ထက်ပိုများသော သို့မဟုတ် ပိုနည်းသောနံပါတ်အတွဲများလည်း ဖြစ်နိုင်သည်။

(ဇ) ပီအက်စ်တီအန် (PSTN) သုံးစွဲသူနံပါတ်များ၏ ထိပ်စည်းကိန်းဂဏန်းမှာ ၁ မှ ၈ ဖြင့် စရမည်။

(ဈ) ကြိုးဖုန်း ဧရိယာသင်္ကေတများသည် ကိန်းဂဏန်း ၁ မှ ၈ ဖြင့် စရမည်ဖြစ်ပြီး၊ ကြိုးဖုန်း သို့မဟုတ် မိုဘိုင်းဖုန်းသုံးစွဲသူများက ခေါ်ဆိုသည့်အခါ နယ်အဝေးခေါ်ဆိုမှုသင်္ကေတ (Trunk Code) ကို ရှေ့တွင် ထည့်၍ ခေါ်ဆိုရမည်။

(ည) မိုဘိုင်းဖုန်းနံပါတ်များ၏ ထိပ်စည်းကိန်းဂဏန်းမှာ ၉ ဖြစ်ရမည်ဖြစ်ပြီး၊ ကြိုးဖုန်း သို့မဟုတ် မိုဘိုင်း ဖုန်းသုံးစွဲသူများက ခေါ်ဆိုသည့်အခါ နယ်အဝေးခေါ်ဆိုမှုသင်္ကေတ (Trunk Code) ကို ရှေ့တွင်ထည့်၍ ခေါ်ဆိုရမည်။

(ဋ) အထူးချိတ်ဆက်နံပါတ်များကို ကွန်ရက်တစ်ခုချင်းစီအတွက် သီးသန့်သော်လည်းကောင်း၊ ကွန်ရက်အသီးသီးမှ ဝန်ဆောင်မှုအမျိုးအစားတစ်ခုတည်းကို ချိတ်ဆက်ရန်အတွက်သော် လည်းကောင်း အသုံးပြုနိုင်သည်။ ဦးစီးဌာနသည် အထူးချိတ်ဆက် နံပါတ်များ (“၁ XY” / ၁XYZ”) အား ဝန်ဆောင်မှုလုပ်ငန်း ပုံစံကိုလိုက်၍ အမျိုးအစား (၃) မျိုးခွဲခြား သတ်မှတ်ရမည်-

(၁) အမျိုးအစား (က) ချိတ်ဆက်နံပါတ်များသည် အရေးပေါ်ဝန်ဆောင်မှုများအတွက် ခေါ်ဆိုသည့် ၁၉X ကဲ့သို့သော အများပြည်သူနှင့်သက်ဆိုင်သည့် ဝန်ဆောင်မှုနံပါတ် များဖြစ်သည်။ ထိုနံပါတ်များကို လိုင်စင်ရရှိ သူအားလုံးက အသုံးပြုရမည်။ အမျိုးအစား (က) ချိတ်ဆက်နံပါတ်များကို ဦးစီးဌာနက သတ်မှတ်ပေးရ မည် ဖြစ်ပြီး လိုင်စင်ရရှိသူတစ်ဦးတစ်ယောက်အတွက် သီးခြားသတ်မှတ်ပေးခြင်းမျိုး မဖြစ်စေရ။

(၂) အမျိုးအစား (ခ) ချိတ်ဆက်နံပါတ်များသည် ချို့ယွင်းမှုတိုင်ကြားခြင်း (faultreporting) သို့မဟုတ် စံတော်ချိန်ဖြေကြားခြင်း (time reporting) ကဲ့သို့သော ဝန်ဆောင်မှုများအတွက် ခေါ်ဆိုသည့်အများနှင့် သက်ဆိုင်သည့် နံပါတ်များဖြစ်သည်။ လိုင်စင်ရရှိသူများသည် ဖော်ပြပါဝန်ဆောင်မှုများကို ဖြည့်ဆည်းပေး ရန် မလိုအပ်သော်လည်း၊ ဖြည့်ဆည်းပေးလိုပါက ဦးစီးဌာနမှ သတ်မှတ်ပေးသောနံပါတ်များကို အသုံးပြုရ မည်ဖြစ်ပြီး ယင်းနံပါတ်များကို အခြားရည်ရွယ်ချက်များအတွက် အသုံးမပြုရ။

(၃) အမျိုးအစား (ဂ) ချိတ်ဆက်နံပါတ်များသည် ကွန်ရက်သီးသန့်နံပါတ်များ ဖြစ်ပြီးခွင့်ပြုထားသည့် မည်သည့်ဝန်ဆောင်မှုအတွက်မဆို အသုံးပြုနိုင်သည်။ ထိုနံပါတ်များကိုဦးစီးဌာနက လိုင်စင်ရရှိသူတစ်ဦးစီအတွက် သတ်မှတ်ပေးမည်ဖြစ် သော်လည်း သုံးစွဲသူများလွယ်ကူမှုရှိစေရန်အတွက် လိုင်စင်ရရှိသူများသည် ဖြစ်နိုင်ပါက တူညီသောနံပါတ်များ ကိုသာ အသုံးပြုရန်။

(ဌ) သင်္ကေတတိုများ (short codes) ကို စာသားတိုပေးပို့ခြင်း ဝန်ဆောင်မှု (SMS) နှင့် မာလ်တီမီဒီယာ ပေးပို့ခြင်းဝန်ဆောင်မှု (MMS) ကိုဖြစ်စေ၊ မိုဘိုင်းဘဏ်လုပ်ငန်း၊ မိုးလေဝသ ခန့်မှန်းချက်နှင့် မိုးလေဝသ သတင်းများကဲ့သို့သော ဝန်ဆောင်မှုများကိုဖြစ်စေ ချိတ်ဆက်ရာတွင်အသုံးပြုသည်။ သင်္ကေတတိုများကို ကွန်ရက်တစ်ခုချင်းစီအတွက် သီးသန့်သော်လည်းကောင်း၊ ကွန်ရက်အသီးသီးမှ ဝန်ဆောင်မှုအမျိုးအစား တစ်ခုတည်း ကို ချိတ်ဆက်ရန်အတွက်သော်လည်းကောင်း အသုံးပြုနိုင်သည်။

(ဍ) နိုင်ငံရည်ညွှန်းသင်္ကေတ (National Destination Code) ၁၇ XX နှင့် ၁၈ XX သည်ကြိုးဖုန်းနံပါတ်များအတွက် ဧရိယာသင်္ကေတ၊ မိုဘိုင်းဖုန်း နံပါတ်များအတွက် ဝန်ဆောင်မှု သို့မဟုတ် သုံးစွဲသူအမျိုးအစား၊ အခြားသော ဝန်ဆောင်မှုများအတွက် ဝန်ဆောင်မှုအမျိုးအစားကိုဖော်ပြသည်။ အဆိုပါသင်္ကေတ ၁၇ XX နှင့် ၁၈ XX ကို ကြိုးဖုန်းနှင့် မိုဘိုင်းဖုန်းကွန်ရက်များမှ အသံဖြင့်ခေါ်ဆိုဆက်သွယ်ခြင်း ဝန်ဆောင်မှုများ (voice-based services)ကို ချိတ်ဆက်ရန်အတွက် အသုံးပြုသည်။ ထိုဝန်ဆောင်မှုများ ကိုချိတ်ဆက်ရာတွင် နယ်အဝေးခေါ်ဆိုမှုသင်္ကေတကို အသုံးမပြုရ။ ဦးစီးဌာနသည် အဆိုပါအသံဖြင့် ခေါ်ဆိုဆက်သွယ်ခြင်းဝန်ဆောင်မှု[အထူးသဖြင့် အထူးနှုန်းထားဖြင့် ဝန်ဆောင်မှု (Premium Rate Service) နှင့် အချိန်တိုအတွင်း ခေါ်ဆိုမှုအများအပြား ရရှိစေသည့်ဝန်ဆောင်မှု (Burst Oriented Service)များ] ဖြည့်ဆည်းပေးရန်အတွက် သီးခြားတာဝန်များကို သတ်မှတ်နိုင်သည်။

(ဎ) သင့်လျော်သောနံပါတ်ပမာဏ ခွဲဝေသတ်မှတ်ပေးနိုင်ရန်အတွက် ချိတ်ဆက်နံပါတ်ခွဲဝေမှု သည် ယေဘု ယျအားဖြင့် ကိန်းဂဏန်း ၄ လုံး (၁ XXX) သို့မဟုတ် ၅ လုံး(၁ XXXX)  ပါသော နံပါတ်အပေါ်အခြေခံ၍ ဆောင်ရွက်ရမည်။

၁၂။ ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်များ ခွဲဝေသတ်မှတ်ပေးရန်နှင့် အရန်ထားရှိပေးရန်အတွက် လျှောက်ထားခြင်း

(က) လိုင်စင်ရရှိသူများသည် ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်များ ခွဲဝေသတ်မှတ်ပေးရန်နှင့် အရန်ထားရှိပေးရန် လျှောက်ထားခွင့်ရှိသည်။ နံပါတ်အသုံးပြုရန် လိုအပ်သည့် အခြားသူ များအနေဖြင့် လိုင်စင်ရရှိ သူ (eligible licensee) ထံမှ ခွဲဝေရယူရမည်။

(ခ) တင်ပြရမည့်အချက်အလက်များ

လိုင်စင်ရရှိသူများသည် ယင်းသို့ လျှောက်ထားရာတွင် အောက်ပါအချက်အလက်များ ကိုဦးစီးဌာနသို့ တင်ပြရမည်-

(၁) လိုင်စင်ရရှိသူမှခန့်အပ်ထားသော တာဝန်ရှိကိုယ်စားလှယ်၏အမည်နှင့် ဆက်သွယ် ရန်လိပ်စာအပြည့်အစုံ၊ ကိုယ်စားလျှောက်ထားခြင်းဖြစ်ပါက လိုင်စင်ရရှိသူ၏ လက်မှတ်နှင့် ရက်စွဲပါရှိသော ကိုယ်စားလှယ် လွှဲစာ၊

(၂) သက်ဆိုင်ရာဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်၏ အသေးစိတ် အချက် အလက်များ၊

(၃) လျှောက်ထားချက်နှင့် သက်ဆိုင်သည့် အသုံးပြုနေဆဲဖြစ်သော ဆက်သွယ်ရေး နံပါတ်အတွဲများ သို့မ ဟုတ် နံပါတ်အပိုင်းအခြားအသေးစိတ်၊

(၄) ဦးစားပေးရွေးချယ်လိုသည့် နံပါတ်သင်္ကေတ၊ ဆက်သွယ်ရေးနံပါတ်အတွဲ၊ ဖြစ်နိုင် လျှင် ဒုတိယနှင့် တတိယဦးစားပေး နံပါတ်သင်္ကေတနှင့် ဆက်သွယ်ရေး နံပါတ်အတွဲ၊

(၅) ဆက်သွယ်ရေးနံပါတ်အတွဲ သို့မဟုတ် နံပါတ်အပိုင်းအခြားကို အသုံးပြု၍ ဝန်ဆောင်မှုပေးရန် ရည်ရွယ်ထားသည့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း အမျိုးအစား၏ အသေးစိတ်အချက်အလက်များနှင့် လိုအပ်ပါက ယင်းဝန်ဆောင်မှု လုပ်ငန်းအတွက် အဆိုပြုဝန်ဆောင်ခနှုန်းထား၊

(၆) လိုင်စင်ရရှိသူသို့ ယခင်ခွဲဝေသတ်မှတ်ပေးထားသည့် အလားတူဆက်သွယ်ရေး နံပါတ်များအား အသုံးပြုနေမှုနှင့် ကာလတစ်ခုအတွင်း မျှော်မှန်းထားသည့် အသုံးပြုမှု ခန့်မှန်းချက်၊

(၇) လျှောက်ထားချက်အား ဆုံးဖြတ်နိုင်ရန်အတွက် လိုအပ်သည်ဟု သို့မဟုတ် သင့်လျော်သည်ဟု လိုင်စင် ရရှိသူကယူဆသည့် အခြားသောအချက်အလက်များ၊

(၈) လိုင်စင်ရရှိသူသည် လျှောက်ထားချက်နှင့် သက်ဆိုင်သည်ဟု ဦးစီးဌာနက ဆုံးဖြတ်သည့် အခြားအချက်အလက်များကိုလည်း တင်ပြရမည်။ အဆိုပါအချက် အလက်များတွင် လိုင်စင်ရရှိသူအသုံးပြုမည့်နည်း ပညာနှင့် လုပ်ငန်းဆောင်ရွက်မှု စနစ် တည်ဆောက်ထားပုံအကျဉ်းချုပ်တို့ ပါဝင်ရမည်ဖြစ်ပြီး ယင်းသို့တင်ပြ စေခြင်းသည် လျှောက်ထားသူအပေါ် မလိုလားအပ်သော ဝန်ထုပ်ဝန်ပိုးမဖြစ်စေရ။

(ဂ) ဆက်သွယ်ရေးနံပါတ် အရင်းအမြစ်ခွဲဝေသတ်မှတ်ပေးရန် လျှောက်ထားချက်ကို လုပ်ငန်း စတင်ရန်စီစဉ်ထားသည့်နေ့ရက်မတိုင်မီ သုံးလကြိုတင်၍လျှောက်ထားရမည်။ အရေးပေါ် အခြေအနေ သို့မဟုတ် အထူးကိစ္စရပ်ရှိသည့် အခြေအနေတွင် သုံးလထက်နည်းသော ကာလအတွင်း လျှောက်ထားနိုင်ပြီး ယင်းလျှောက်ထားချက်ကို လက်ခံသင့် မသင့် ဦးစီးဌာနက ဆုံးဖြတ်ရမည်။


(ဃ) အရန်ထားရှိခြင်း

(၁) ဦးစီးဌာနသည် ဆက်သွယ်ရေးနံပါတ် အရင်းအမြစ်များ ခွဲဝေသတ်မှတ်ပေးခြင်း အပြင် အရန်ထားရှိပေးခြင်းကိုအောက်ဖော်ပြပါ ကိစ္စရပ်များအတွက် ဆောင်ရွက် ပေးနိုင်သည်-

(ကက)လျှောက်ထားသူက ထုတ်ဖော်ခြင်းမပြုလိုသည့် စီးပွားရေးအရ လျှို့ဝှက်အပ်သည့် ကိစ္စရပ်၊

(ခခ) ဆက်သွယ်ရေးနံပါတ် အရင်းအမြစ် ခွဲဝေသတ်မှတ်ပေးရန် လျှောက်ထား ခြင်းမပြုမီ လျှောက်ထားချက်ကို မပေါက်ကြားစေသင့်သည့် ကိစ္စရပ်၊

(ဂဂ) သုံးစွဲသူ၏ အမှာစာ (customer order) အတည်မဖြစ်သေးသည့် ကိစ္စရပ်။

(၂) ဦးစီးဌာနသည် အောက်ပါအခြေအနေများတွင် ဆက်သွယ်ရေးနံပါတ်အရင်းအမြစ် များကို အရန်ထားရှိပေးနိုင်သည်-

(ကက)လိုင်စင်ရရှိသူများက တင်ပြထားသော သုံးနှစ်တစ်ကြိမ် သုံးစွဲမှုခန့်မှန်း ချက်နှင့်အညီ ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်များ ခွဲဝေသတ်မှတ်ပေး ရန်လျှောက်ထားလာသည့်အခါ၊

(ခခ) လိုင်စင်ရရှိသူတစ်ဦးက လက်ရှိဆောင်ရွက်နေသော ဝန်ဆောင်မှု လုပ်ငန်းများ တိုးတက်လာခြင်း သို့မဟုတ် တိုးချဲ့ခြင်း သို့မဟုတ် လုပ်ငန်း သစ်များဆောင်ရွက်ခြင်း တို့ကဲ့သို့သော အကြောင်းများကြောင့် သီးခြား တင်ပြလျှောက်ထားလာသည့်အခါ။

(၃) ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်များ အရန်ထားရှိပေးရန် ဦးစီးဌာနသို့သတ်မှတ် ချက်များနှင့်အညီ လျှောက်ထားရမည်။

(၄) လျှောက်ထားသူကအခြားနည်းဖြင့် တောင်းဆိုခြင်းမရှိပါက အရန်ထားရှိပေးရန် လျှောက်ထားချက် များကို လျှို့ဝှက်ထားရှိရမည်။

(၅) ဦးစီးဌာနသည် ဖြစ်နိုင်ခြေရှိသည့်အခါတိုင်းတွင် ဆက်သွယ်ရေးနံပါတ်အရင်း အမြစ်များ အရန်ထားရှိခြင်းမှ ခွဲဝေသတ်မှတ်ခြင်းသို့ ရက်ပေါင်း ၃၀ အတွင်း ဆောင်ရွက်ပေးရမည်။ ထိုသို့အရန်ထားရှိခြင်းဖြင့် ဆက်သွယ်ရေးနံပါတ်အရင်း အမြစ်များကို အလိုအလျောက်ရရှိသည်ဟု မမှတ်ယူရ။ ဆက်သွယ်ရေးနံပါတ် အရင်းအမြစ်များကို အရန်ထားရှိခြင်းသည် ယင်းတို့ကို ခွဲဝေသတ်မှတ်ပေးမည်ဟု အာမခံခြင်းမဟုတ်ပါ။

(၆) ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်များအား ပုံမှန်အားဖြင့် သုံးလအရန်ထားရှိနိုင် ပြီးဆက်လက်အရန် ထားရှိပေးရန် ဦးစီးဌာနသို့လျှောက်ထားနိုင်သည်။

(၇) အရန်ထားရှိပြီးဖြစ်သော ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်များကို ခွဲဝေသတ်မှတ် ပေးရာတွင် အရန်ထားရှိပေးရန်လျှောက်ထားစဉ်က တင်ပြခဲ့သည့်ရည်ရွယ်ချက်နှင့် အဖွဲ့အစည်းသို့သာ ခွဲဝေသတ်မှတ်ပေးရမည်။ အောက်ပါကိစ္စတစ်ရပ်ရပ်တွင် အရန်ထားရှိမှုသည် အလိုအလျောက်ပျက်ပြယ်သည်-

(ကက) ကန့်သတ်ကာလ ကျော်လွန်သည့်အခါ၊

(ခခ) လျှောက်ထားသူက ယင်းအရန်ထားရှိမှုကို ရုပ်သိမ်းသည့်အခါ၊

(ဂဂ) လျှောက်ထားသူနှင့် ဦးစီးဌာနတို့က ယင်းအရန်ထားရှိမှု သို့မဟုတ် ခွဲဝေ သတ်မှတ်မှုအား အစားထိုးရန် သဘောတူညီသည့်အခါ။

(င) အရန်ထားရှိပေးရန် ယှဉ်ပြိုင်တောင်းဆိုမှုအား ဆောင်ရွက်ခြင်း

ဆက်သွယ်ရေးနံပါတ်အပိုင်းအခြားများအား အကန့်အသတ်ဖြင့်သာ ရရှိနိုင်သည့်အခြေ အနေတွင် တူညီသော ဆက်သွယ်ရေးနံပါတ်အတွဲကို တစ်ဦးထက်ပိုသော လိုင်စင်ရရှိသူ များကအရန်ထားရှိပေးရန် ယှဉ်ပြိုင်တောင်းဆိုလာပါက ဦးစီးဌာနသည် ဆက်သွယ်ရေး နံပါတ်အတွဲကို တစ်ဦးထက်ပိုသော လိုင်စင်ရရှိသူများအတွက် အရန်ထားပေးနိုင် သော်လည်း သုံးစွဲသူ၏အမှာစာ အထောက်အထားအပြည့်အစုံ ပထမဆုံး တင်ပြနိုင်သည့် လိုင်စင်ရရှိသူကို ဦးစွာခွဲဝေသတ်မှတ်ပေးရမည်။

(စ) လျှောက်ထားချက်ကို စဉ်းစားခြင်း

(၁) ဦးစီးဌာနသည် ဆက်သွယ်ရေးနံပါတ်လျာထား သတ်မှတ်ချက်အရ ဆက်သွယ်ရေး နံပါတ်အရင်းအမြစ်များ ခွဲဝေသတ်မှတ်ပေးခြင်း သို့မဟုတ် အရန်ထားရှိခြင်းများ ပြုလုပ်ရာတွင် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားရမည်-

(ကက) ဆက်သွယ်ရေးနံပါတ် လျာထားသတ်မှတ်ချက်ပါ လမ်းညွှန်မှုများ၊

(ခခ) သက်ဆိုင်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ဆိုင်ရာ စည်းကမ်းချက်များ၊

(ဂဂ) အသုံးပြုရန် အဆိုပြုထားသည့် ဆက်သွယ်ရေးနံပါတ် အပိုင်းအခြားသည် သင့်လျော်မှု ရှိ မရှိ၊

(ဃဃ)လျှောက်ထားသူနှင့် အခြားစိတ်ပါဝင်စားသူများ၏သဘောထားအမြင်၊

(ငင) ဦးစီးဌာနမှ သက်ဆိုင်သည်ဟု ယူဆသောအခြားကိစ္စရပ်များ။

(၂) ဦးစီးဌာနသည် လျှောက်ထားချက်နှင့်စပ်လျဉ်း၍ ပိုမို ရှင်းလင်းစေရန်အတွက် မေးမြန်းရန်လိုအပ်ပါက လျှောက်ထားသူထံ စာဖြင့်အကြောင်းကြားရမည်။

(၃) ဦးစီးဌာနသည် လျှောက်ထားချက်ပေါ်မူတည်၍ ခွင့်ပြုပေးနိုင်မည့် အတိုင်းအတာ၊ သတ်မှတ်ပေးမည့် ဆက်သွယ်ရေးနံပါတ်များ၊ ဆက်သွယ်ရေးနံပါတ်စဉ်များနှင့် လိပ်စာ (addresses) များကို ဆုံးဖြတ်ရမည်။ ဆက်သွယ်ရေးနံပါတ်လျာထား သတ်မှတ်ချက်ပါ ဆက်သွယ်ရေးနံပါတ်များနှင့် ဆက်သွယ်ရေးနံပါတ်စဉ် များကို ခွဲဝေသတ်မှတ်ပေးရန် ဆုံးဖြတ်ရာတွင် ဆက်သွယ်ရေးနံပါတ်လျာထား သတ်မှတ် ချက်အတွင်း လက်ရှိခွဲဝေသတ်မှတ်ထားမှုကိုပါ ထည့်သွင်းစဉ်းစားရမည်။

(၄) ဦးစီးဌာနသည် ဆက်သွယ်ရေးနံပါတ် အရင်းအမြစ်တစ်ခုတည်းအတွက် တစ်ခု ထက်ပိုသော လျှောက်ထားချက်များကို လက်ခံရရှိပါက ပထမဆုံးလက်ခံရရှိ သည့်လျှောက်ထားချက်ကို ဦးစွာဆောင်ရွက်ပေးရ မည်။ ခွဲဝေသတ်မှတ်မှုအား ဦးရာလူစနစ်ကိုအခြေခံ၍ ဆောင်ရွက်ပေးခြင်းဖြစ်သည်။

(ဆ) ခွဲဝေသတ်မှတ်ပေးခြင်းလုပ်ငန်းစဉ်

(၁) ဦးစီးဌာနသည် ဆက်သွယ်ရေးနံပါတ်လျှောက်ထားချက်ကို စိစစ်ခြင်း၊ ဆက်သွယ်ရေး နံပါတ်စာရင်းများအား နောက်ဆုံးအခြေအနေနှင့် အညီပြုစုခြင်း တို့ကို ဆောင်ရွက်ပြီးစီးပါက လိုင်စင်ရရှိသူထံ ဆက် သွယ်ရေးနံပါတ်အရင်းအမြစ် ခွဲဝေသတ်မှတ်မှုကို ပြည့်စုံမှန်ကန်သည့် လျှောက်ထားချက်အား လက်ခံရရှိ သည့်နေ့ရက်မှ ၄၅ ရက်အတွင်းစာဖြင့် အကြောင်းကြားရမည်။

(၂) ဦးစီးဌာနသည် ခွဲဝေသတ်မှတ်ပေးထားသည့် ဆက်သွယ်ရေးနံပါတ်များ၊ ဆက်သွယ်ရေးနံပါတ်စဉ်များ နှင့် လိုင်စင်ရရှိသူ၏ လိပ်စာများကို အိုင်တီယူ၏ လုပ်ငန်းဆိုင်ရာသတင်းလွှာ (ITU’s Operational Bulletin) တွင် ထည့်သွင်း ကြေညာနိုင်ရန်အတွက် အိုင်တီယူသို့ အကြောင်းကြားရမည်။

(၃) ဦးစီးဌာနသည် ဆက်သွယ်ရေးနံပါတ် အရင်းအမြစ်များ ခွဲဝေသတ်မှတ်ခြင်းနှင့် ပတ်သက်၍ လိုင်စင်ရရှိသော အခြားသူများနှင့်သုံးစွဲသူများအား အကြောင်းကြား မည်မဟုတ်သည့်အတွက် ဆက်သွယ်ရေးနံပါတ် အရင်းအမြစ်များ ခွဲဝေသတ်မှတ် ပေးခြင်းခံရသည့် လိုင်စင်ရရှိသူသည် အဆိုပါ ခွဲဝေသတ်မှတ်ပေးမှုအား ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သည့် အခြားသူများနှင့် သုံးစွဲသူများထံသို့ အကြောင်းကြားရန် တာဝန်ရှိ သည်။

(၄) ဦးစီးဌာနသည်ဆက်သွယ်ရေးနံပါတ်အရင်းအမြစ် ခွဲဝေသတ်မှတ်မှုများကို နောက်ဆုံးအခြေအနေနှင့်အညီ ပြုစုထားသည့် ဆက်သွယ်ရေးနံပါတ် လျာထား သတ်မှတ်ချက်တွင် ဖော်ပြ၍အခါအားလျော်စွာ ထုတ် ပြန်ရမည်။

(ဇ) ဆက်သွယ်ရေးနံပါတ် အပိုင်းအခြားသစ်များ ထပ်တိုးခြင်း သို့မဟုတ် ဆက်သွယ်ရေး နံပါတ် လျာထား သတ်မှတ်ချက် ပြောင်းလဲခြင်း

(၁) ဦးစီးဌာနသည် ဆက်သွယ်ရေးနံပါတ်အပိုင်းအခြားသစ်များ သို့မဟုတ် နံပါတ် အပိုင်းအခြား၏ အရေးပါသောအပိုင်းများအား ရရှိနိုင်စေရန်မပြုလုပ်မီ အနည်းဆုံး ၄၅ ရက်ကြိုတင်၍ အကြောင်းကြားစာ ထုတ် ပြန်ရမည်။ ထိုသို့ပြုလုပ်ရာတွင် ဦးစီးဌာနသည်လျှောက်လွှာစတင်လက်ခံမည့်နေ့ရက်ကို သတ်မှတ်ပေးရ မည်ဖြစ်ပြီးထိုနေ့ရက်မတိုင်မီ မည်သည့်လျှောက်ထားချက်ကိုမျှ လက်ခံခြင်းမပြုရ။

(၂) ဦးစီးဌာနသည် ဆက်သွယ်ရေးနံပါတ် လျာထားသတ်မှတ်ချက် ပြောင်းလဲမှုများကို အိုင်တီယူ၏ လုပ်ငန်းဆိုင်ရာ သတင်းလွှာတွင် ထည့်သွင်းကြေညာပေးနိုင်ရန် အတွက် အိုင်တီယူသို့ အကြောင်းကြားရမည်။

(၃) ဦးစီးဌာနသည် သင့်လျော်သည်ဟု ထင်မြင်ယူဆပါက ပြည်ပရှိဆက်သွယ်ရေးအဖွဲ့ အစည်းများသို့ လို အပ်သလို အသိပေးအကြောင်းကြားနိုင်သည်။

(ဈ) လျှောက်ထားချက်အား ငြင်းပယ်ခြင်း

(၁) ဦးစီးဌာနသည် ဆက်သွယ်ရေးနံပါတ် အရင်းအမြစ်များအား ခွဲဝေသတ်မှတ်ပေးရန် သို့မဟုတ် အရန်ထားရှိပေးရန် လျှောက်ထားချက်အား အောက်ပါအခြေအနေများ တွင် ငြင်းပယ်နိုင်သည်-

(ကက) လိုအပ်သောအချက်အလက်များ တင်ပြနိုင်ခြင်းမရှိလျှင်၊

(ခခ) လျှောက်ထားချက်သည် ဆက်သွယ်ရေးနံပါတ် လျာထားသတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိလျှင်၊

(ဂဂ) ခွဲဝေသတ်မှတ်ပေးသည့်ဆက်သွယ်ရေးနံပါတ်အပိုင်းအခြား အတွင်းလုံ လောက်သော သင်္ကေတတို အရင်းအမြစ် (short code resources) ရရှိနိုင်မှုကို ကာကွယ်ထိန်းသိမ်းရန် လိုအပ်လျှင်၊

(ဃဃ)ဦးစီးဌာနက သင့်လျော်သည်ဟုယူဆသော အခြားအကြောင်းအရင်းရှိလျှင်။

(၂) ဦးစီးဌာနသည် လျှောက်ထားချက် တစ်စိတ်တစ်ပိုင်းကို သော်လည်းကောင်း၊ အားလုံးကိုသော်လည်းကောင်း ငြင်းပယ်နိုင်သည်။ သို့မဟုတ် လျှောက်ထား ချက်ကို သီးခြားစည်းကမ်းချက်များ သတ်မှတ်၍ခွင့် ပြုနိုင်သည်။ အဆိုပါ စည်းကမ်းချက်များသည် ဆက်သွယ်ရေးနံပါတ်ခွဲဝေသတ်မှတ်မှုဆိုင်ရာ စံသတ်မှတ်ချက်များနှင့်သော်လည်းကောင်း၊ ခွဲဝေသတ်မှတ်ပေးထားသော ဆက်သွယ်ရေးနံပါတ် အရင်းအမြစ်အားအသုံးပြုပုံ၊ စီမံခန့်ခွဲပုံတို့နှင့် သော်လည်းကောင်း ကိုက်ညီရမည်။ အဆိုပါသီးခြားစည်းကမ်းချက်များကို ဆက် သွယ်ရေးနံပါတ်အရင်းအမြစ် ခွဲဝေသတ်မှတ်ပေးစဉ်တွင် စာဖြင့်တစ်ပါတည်း ရေးသားဖော်ပြရမည်။

(၃) လျှောက်ထားချက်၏ တစ်စိတ်တစ်ပိုင်းကို သော်လည်းကောင်း၊ အားလုံးကိုသော် လည်းကောင်းငြင်း ပယ်သည့်အခါတွင်ဖြစ်စေ သို့မဟုတ် သီးခြားစည်းကမ်း ချက်များသတ်မှတ်၍ ခွင့်ပြုသည့်အခါတွင်ဖြစ်စေ ဦးစီးဌာနသည် ထိုသို့ပြုလုပ် ရခြင်း၏ အကြောင်းအရင်းကို လိုင်စင်ရရှိသူသို့ စာဖြင့်အကြောင်းကြားရမည်။

(၄) လိုင်စင်ရရှိသူအား အကြောင်းကြား၍သဘောထားမှတ်ချက်ပြုရန်အတွက် သင့်လျော်သော အခွင့်အလမ်းကို ပေးပြီးနောက် အခြားသောခွဲဝေသတ်မှတ်မှု တစ်ခုကို ပြုလုပ်ပေးနိုင်သည်။ ယင်းခွဲဝေသတ်မှတ်မှုသည် မူလလျှောက်ထား ချက်ကို ငြင်းပယ်ခဲ့သည့်အကြောင်းအရင်းများနှင့် ဆန့်ကျင်မှုမရှိစေရမည့်အပြင် လိုင်စင်ရရှိသူ၏ လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးနိုင်ရမည်။

(ည) ခွဲဝေသတ်မှတ်မှုအား ပြောင်းလဲခြင်း

(၁) ဆက်သွယ်ရေးနံပါတ်အရင်းအမြစ် ခွဲဝေရရှိထားသည့် လိုင်စင်ရရှိသူများသည် အောက်ပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြောင်းလဲမှုတစ်ခုခုမပြုလုပ်မီ ဦးစီးဌာနသို့ ခွင့်ပြုချက်ရရှိရန် လျှောက်ထားရမည်-

(ကက) ဆက်သွယ်ရေးနံပါတ်အတွဲ သို့မဟုတ် နံပါတ်သင်္ကေတမှတ်ပုံတင်ခြင်း၊

(ခခ) ခွဲဝေရရှိထားသည့် ဆက်သွယ်ရေးနံပါတ်၏ ရည်ရွယ်ချက် သို့မဟုတ် အသုံးပြုပုံ၊

(ဂဂ) ခွဲဝေရရှိထားသည့် ဆက်သွယ်ရေးနံပါတ်အား အသုံးပြုမှုအခြေအနေ။

(၂) ဦးစီးဌာနသည် ကျိုးကြောင်းခိုင်လုံသော အကြောင်းပြချက်ရှိမှသာ နည်းဥပဒေ ခွဲငယ် (၁) ပါပြောင်းလဲမှုများကို ငြင်းပယ်နိုင်သည်။ သို့မဟုတ် ပြောင်းလဲမှုကို ပြင်ဆင်ပေးရန် ညွှန်ကြားနိုင်သည်။

(၃) ဦးစီးဌာနသည်ပြောင်းလဲမှုများ၏ တစ်စိတ်တစ်ပိုင်းကို သော်လည်းကောင်း၊ အားလုံးကိုသော်လည်းကောင်း ငြင်းပယ်သည့်အခါ လိုင်စင်ရရှိသူသို့ ငြင်းပယ်ရ ခြင်းအကြောင်းအရင်းကို စာဖြင့် အကြောင်းကြားရမည်။

(၄) ဦးစီးဌာနသည် ကျိုးကြောင်းခိုင်လုံသော အကြောင်းအရင်းမရှိပါက နည်းဥပဒေ ခွဲငယ်(၁) ပါပြောင်း လဲမှုများကို ခွင့်ပြုရမည်။

(ဋ) ခွဲဝေသတ်မှတ်မှုအား ရုပ်သိမ်းခြင်း

(၁) ဆက်သွယ်ရေးနံပါတ် အရင်းအမြစ်များ အသုံးပြုမှု သို့မဟုတ် ခွဲဝေသတ်မှတ်မှု သည် အောက်ပါအချက်တစ်ရပ်ရပ်နှင့် ကိုက်ညီမှုမရှိပါက ဦးစီးဌာနသည် ခွဲဝေ သတ်မှတ်ပေးထားသည့် ဆက်သွယ်ရေးနံပါတ်များကိုသော်လည်းကောင်း၊ ထိုဆက်သွယ်ရေးနံပါတ်များ၏ တစ်စိတ်တစ်ပိုင်းကိုသော်လည်းကောင်း ရုပ်သိမ်း နိုင်သည်-

(ကက) သက်ဆိုင်ရာစံချိန်စံညွှန်းများ၊

(ခခ) ဆက်သွယ်ရေးနံပါတ်လျာထားသတ်မှတ်ချက်၊

(ဂဂ) ဆက်သွယ်ရေးနံပါတ်ခွဲဝေသတ်မှတ်မှုဆိုင်ရာသီးခြား စည်းကမ်းချက် တစ်ရပ်ရပ်။

(၂) ဦးစီးဌာနသည် ၄၅ ရက်ထက်မနည်းသည့် အများပြည်သူသဘောထား တောင်းခံခြင်းပြုလုပ်ပြီးမှသာ ခွဲဝေသတ်မှတ်ပေးထားသည့် ဆက်သွယ်ရေးနံပါတ် အပိုင်းအခြားကိုရုပ်သိမ်းနိုင်သည်။ ထိုသို့ရုပ်သိမ်းခြင်းကို ဦးစီးဌာန၏ အပြီးသတ် ဆုံးဖြတ်ချက်ချမှတ်ခြင်းနှင့် လိုင်စင်ရရှိသူအား အကြောင်းကြားခြင်းတို့ ပြု လုပ်ပြီးနောက် ရက်ပေါင်း ၉၀ ကျော်မှသာ ဆောင်ရွက်ရမည်။

(၃) ဆက်သွယ်ရေးနံပါတ် အရင်းအမြစ် ခွဲဝေသတ်မှတ်မှု တစ်ခုလုံးကိုသော် လည်းကောင်း၊ တစ်စိတ်တစ်ပိုင်းကိုသော်လည်ကောင်း အသုံးပြု၍ခြောက်လ အတွင်း လုပ်ငန်းဆောင်ရွက်ခြင်းမရှိလျှင် နည်းဥပဒေခွဲ ငယ် (၂) ပါ ပြဋ္ဌာန်းချက် အရ ဆောင်ရွက်နိုင်သည်။

(ဌ) ခွဲဝေသတ်မှတ်မှုအား ပြန်လည်အပ်နှံခြင်း

(၁) လိုင်စင်ရရှိသူသည် ရရှိထားသည့် ဆက်သွယ်ရေးနံပါတ်အရင်းအမြစ် ခွဲဝေ သတ်မှတ်မှုအား ဆက်လက်အသုံးမပြုလိုပါက ဦးစီးဌာနသို့ဆောလျင်စွာ ပြန်လည် အပ်နှံရမည်။

(၂) လိုင်စင်ရရှိသူသည် ဆက်သွယ်ရေးနံပါတ်အတွဲ တစ်ခုလုံးကိုသာ ပြန်လည်အပ်နှံ နိုင်သည်။ ဦးစီးဌာနသည် ဆက်သွယ်ရေးနံပါတ်အတွဲ၏ တစ်စိတ်တစ်ပိုင်းအား ပြန်လည်အပ်နှံခြင်းကို သာမန်အားဖြင့် လက်ခံခြင်းမပြုရ။

(ဍ) ရုပ်သိမ်းခြင်းနှင့် ပြန်လည်ခွဲဝေသတ်မှတ်ခြင်း

(၁) ဦးစီးဌာနသည် ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်ခွဲဝေသတ်မှတ်မှုကို ရုပ်သိမ်းပြီး နောက် ပြန်လည်ခွဲဝေသတ်မှတ်ပေးရမည့် အခြေအနေဖြစ်ပေါ်လာပါက ဖြစ်နိုင် သမျှတူညီသောအဆင့်ရှိသည့် ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်ကို ခွဲဝေသတ် မှတ်ပေးရမည်။ ထိုသို့ခွဲဝေသတ်မှတ်ခြင်းကို နံပါတ်ကောင်းများ (golden numbers) ရုပ်သိမ်းခြင်းနှင့် ပြန်လည်ခွဲဝေသတ်မှတ်ပေးခြင်းတွင်လည်း အသုံးပြု နိုင်သည်။

(၂) နည်းဥပဒေခွဲငယ် (၁) တွင် မည်သို့ပင်ဖော်ပြစေကာမူ ထိုသို့ခွဲဝေသတ်မှတ်မှု ရုပ်သိမ်းခြင်းနှင့် ပြန်လည်ခွဲဝေသတ်မှတ်ခြင်းတို့နှင့်ပတ်သက်၍ ဦးစီးဌာနတွင် မည်သည့်တာဝန်မျှ မရှိစေရ။


၁၃။ ဆက်သွယ်ရေးနံပါတ်လျာထားသတ်မှတ်ချက်အား စီမံခန့်ခွဲခြင်း

(က) ဦးစီးဌာနသည် ဆက်သွယ်ရေးနံပါတ် လျာထားသတ်မှတ်ချက်ဆိုင်ရာ စီမံခန့်ခွဲမှုကိစ္စရပ် များနှင့် ပတ်သက်၍ မည်သည့်လုပ်ငန်းကိုမဆို ဆောင်ရွက်ရမည် သို့မဟုတ် လိုင်စင်ရရှိသူ များက  ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်သော မည်သည့်လုပ်ငန်းကိုမဆို ဆောင်ရွက်စေရ မည်။

(ခ) စစ်ဆေးခြင်းနှင့်ကြီးကြပ်ခြင်းလုပ်ငန်းစဉ်

(၁) ဆက်သွယ်ရေးနံပါတ် အရင်းအမြစ်များ ခွဲဝေသတ်မှတ်မှု ရရှိထားသူတစ်ဦးချင်း သည် ဆက်သွယ်ရေးနံပါတ်ဆိုင်ရာ နှစ်စဉ်ပြန်လည်တင်ပြချက်ကို ဦးစီးဌာနသို့ တင်ပြရမည်။

(၂) ဆက်သွယ်ရေးနံပါတ်ဆိုင်ရာ နှစ်စဉ်ပြန်လည်တင်ပြချက်တွင်-

(ကက)ပြက္ခဒိန်နှစ်ကုန်ဆုံးသည့် နေ့ရက်အထိ အကျုံးဝင်သောအချက်အလက် များပါဝင်ရမည်ဖြစ်ပြီး ဦးစီးဌာနမှ ညွှန်ကြားသည့်အတိုင်း တင်ပြရမည်။ သာမန်အားဖြင့် သက်ဆိုင်ရာ ပြက္ခဒိန်နှစ်ကုန်ဆုံးသည့် နေ့ရက်မှ ရက်ပေါင်း ၄၅ ရက်အတွင်း တင်ပြရမည်။

(ခခ) ရရှိထားသည့် ခွဲဝေသတ်မှတ်မှု တစ်ခုချင်းစီအတွက် အောက်ပါအချက် အလက်များကို ဖော်ပြရမည်-

(ခခ-၁) လက်ရှိ အသုံးပြုမှုအခြေအနေ၊

(ခခ-၂) အမှန်တကယ် သုံးစွဲသူများက သုံးစွဲလျက်ရှိသည့်နံပါတ်များ၊

(ခခ-၃)လျာထားသည့် ဆက်သွယ်ရေးနံပါတ် တိုးတက်မှုအတွက်သော် လည်းကောင်း၊ သုံးစွဲသူ၏အမှာ စာများအတွက် သော်လည်းကောင်း၊ အခြားအသုံးပြုလိုမှုတို့အတွက် သော်လည်းကောင်း ဖယ်ချန်ထားသည့် ဆက်သွယ်ရေးနံပါတ်များ၏ အသေးစိတ်အချက်အလက် များနှင့် တကွ ရှင်းလင်းချက်များ၊

(ခခ-၄)အမှန်တကယ် သုံးစွဲသူများမှအပ အခြားမည်သည့် သုံးစွဲသူသို့မဆို ခွဲဝေ ပေးထားသည့် ဆက် သွယ်ရေးနံပါတ်အတွဲများ။

(ဂဂ) ဆက်သွယ်ရေးနံပါတ်ဆိုင်ရာ နှစ်စဉ်ပြန်လည် တင်ပြချက်တိုင်းတွင် အောက်ပါအချက်များ ထည့်သွင်းဖော်ပြရမည်-

(ဂဂ-၁) ဦးစီးဌာနကသတ်မှတ်ပေးထားသည့် သိသာသော ဆက်သွယ်ရေးနံပါတ် အပိုင်းအခြားအတွင်းတွင် ဖြစ်ပေါ်လာနိုင်သည့် ၃ နှစ်အတွက် ဆက်သွယ် ရေးနံပါတ် ခန့်မှန်း လိုအပ်ချက်၊

(ဂဂ-၂) ဆက်သွယ်ရေးနံပါတ်အရင်းအမြစ် ဆက်လက်အရန်ထားရှိခြင်းအတွက် လိုင်စင်ရရှိသူ၏ ကျိုးကြောင်းရှင်းလင်းချက်၊

(ဂဂ-၃) ဦးစီးဌာနက ညွှန်ကြားသော လိုအပ်သည့်အခြားအချက်အလက်များ။

(ဃဃ)အထက်အပိုဒ် (ဂဂ) ပါအချက်အလက်များအား ဦးစီးဌာနကသတ်မှတ် ထားသည့်ပုံစံအတိုင်းတင်ပြရမည်။ သို့သော် ဦးစီးဌာနက အချက်အလက် များစုဆောင်းခြင်း သို့မဟုတ် စိစစ်သုံးသပ်ခြင်း ပြုလုပ်ရန် အတွက် တင်ပြစေသည့် အချက်အလက်များသည် ဆက်သွယ်ရေးနံပါတ်ဆိုင်ရာ နှစ်စဉ်ပြန်လည်တင်ပြ ချက်တင်ပြသော အဖွဲ့အစည်းအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရ။

(ဂ) ဆက်သွယ်ရေးနံပါတ်ဆိုင်ရာနှစ်စဉ် အစီရင်ခံစာ

ဦးစီးဌာနသည် ဆက်သွယ်ရေးနံပါတ်ဆိုင်ရာနှစ်စဉ် အစီရင်ခံစာကို ပြုစုရေးဆွဲထုတ်ပြန် ရမည်။ ယင်းအစီရင်ခံစာတွင် ဌာန၏တာဝန်နှင့်လုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာစီမံ ခန့်ခွဲမှုအချက်အလက်များ၊ လက်ရှိဆက်သွယ်ရေးနံပါတ်အရင်းအမြစ် ခွဲဝေသတ်မှတ်မှု ဆိုင်ရာ အသေးစိတ်အချက်အလက်များ၊ နောင်ဖြစ်ပေါ်လာမည့် ဆက်သွယ်ရေးနံပါတ် အရင်းအမြစ် လိုအပ်ချက်များအတွက် ကြိုတင်ခန့်မှန်းချက်၊ ဆက်သွယ်ရေးနံပါတ်လျာ ထားသတ်မှတ်ချက်အပေါ် သက်ရောက်မှုရှိနိုင်သည့် သိသာထင်ရှားသောတိုးတက်မှုများ၊ ဆက်သွယ်ရေးနံပါတ်ဆိုင်ရာ ကွန်ဗင်းရှင်းများအား ပြင်ဆင်ရန်လျာထားချက်အသေးစိတ် နှင့် အခြားဆက်နွှယ်သည့် အကြောင်းအရာများ ပါဝင်ရမည်။

(ဃ) အသိပေးအကြောင်းကြားခြင်း

(၁) ဆက်သွယ်ရေးနံပါတ်အရင်းအမြစ် ခွဲဝေသတ်မှတ်မှုတစ်ခုအား စတင် အသုံးပြုရာ တွင် ယင်းခွဲဝေသတ်မှတ်မှုကိုရရှိသူသည် အခြားသက်ဆိုင်ရာ လိုင်စင်ရရှိသူများသို့ အကြောင်းကြားရန် (လိုအပ်ပါကညှိ နှိုင်းဆောင်ရွက်ရန်) နှင့် သင့်လျော်ပါ ကပြည်ပဆက်သွယ်ရေးအဖွဲ့အစည်းများသို့ အကြောင်းကြားရန် တာဝန်ရှိသည်။

(၂) ဆက်သွယ်ရေးနံပါတ်အရင်းအမြစ် ခွဲဝေသတ်မှတ်မှုကို ရရှိထားသူများသည် ၎င်းတို့၏ အဖွဲ့အစည်းများအတွက် ဆက်သွယ်ဆောင်ရွက်ရမည့်ပုဂ္ဂိုလ်၏ အမည်နှင့်အချက်အလက်များအား ဦးစီးဌာနသို့ အကြောင်းကြားရမည်။ ဆက်သွယ်ဆောင်ရွက်ရမည့်ပုဂ္ဂိုလ်၏ အချက်အလက်များ ပြောင်းလဲမှုရှိပါက ဦးစီးဌာနသို့ဆောလျင်စွာ အကြောင်းကြားရမည်။ ဦးစီးဌာနသည် ခွဲဝေသတ်မှတ် ပေးထားသည့်နံပါတ်သင်္ကေတများနှင့်ဆက်သွယ်ရေးနံပါတ်အတွဲများ၏ စတင် အသုံးပြုရမည့်ရက်စွဲများပါဝင်သည့် အကြောင်းကြားစာအား အဆိုပါပုဂ္ဂိုလ်ထံ ပေးပို့ရမည်။

(၃) ဦးစီးဌာနသည် ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်ခွဲဝေသတ်မှတ်မှုကို ရရှိထား သည့် အဖွဲ့အစည်းများအတွက် ဆက်သွယ်ဆောင်ရွက်ရမည့်သူများ၏ အချက် အလက်စာရင်းကို ပြုစုထားရမည်ဖြစ်ပြီး အဆိုပါစာရင်းအား စာရင်းတွင် ပါဝင်သော အဖွဲ့အစည်းများနှင့် ဦးစီးဌာနက ပေးပို့သင့်သည်ဟုယူဆသည့် အခြားသူများက တောင်းဆိုလာပါက ရရှိနိုင်စေရမည်။

၁၄။ ဆက်သွယ်ရေးနံပါတ် လျာထားသတ်မှတ်ချက်မှတ်တမ်းများနှင့် အချက်အလက် အစုအဝေး (Dat- abase)

(က) မှတ်တမ်းများနှင့် အချက်အလက်အစုအဝေးကို ထိန်းသိမ်းခြင်း

ဦးစီးဌာနသည် ဆက်သွယ်ရေးနံပါတ် လျာထားသတ်မှတ်ချက်တွင် ပါဝင်သည့်ဆက်သွယ် ရေးနံပါတ် အပိုင်းအခြားများ၊ နံပါတ်သင်္ကေတများနှင့် ဆက်သွယ်ရေးနံပါတ်အတွဲများ၏ အခြေအနေများနှင့်ပတ်သတ် သည့် ပြည့်စုံရှင်းလင်းသော မှတ်တမ်းများ(records) နှင့် အချက်အလက်အစုအဝေး (Database) များကို ထိန်းသိမ်းထားရမည်။ ဆက်သွယ်ရေး နံပါတ်လျာထားသတ်မှတ်ချက် အပြည့်အစုံကို ဦးစီးဌာနမှထိန်းသိမ်း ထားရမည်ဖြစ်ပြီး လိုအပ်သည့်အခါ သက်ဆိုင်ရာအဖွဲ့အစည်း အားလုံးမှ ရရှိနိုင်စေရမည်။

(ခ) အရန်ထားရှိသော ဆက်သွယ်ရေးနံပါတ်များ

ဦးစီးဌာနသည် စီးပွားရေးအရ လျှို့ဝှက်ထားရန်မလိုပါက အရန်ထားရှိသော ဆက်သွယ်ရေးနံပါတ်များအတွက် လိုင်စင်ရရှိသူတစ်ဦး၏အသေးစိတ်လျာထားချက်ကို ဆက်သွယ်ရေးနံပါတ် လျာထားသတ်မှတ်ချက် တွင် ထည့်သွင်းဖော်ပြရမည်။ အသေးစိတ် ထပ်မံသိရှိလိုသူများအနေဖြင့် ဆက်သွယ်ရေးနံပါတ် အရင်းအ မြစ်များ အရန်ထားရှိသည့် လိုင်စင်ရရှိသူများထံ ဆက်သွယ်ရမည်။

(ဂ) ထုတ်ပြန်ခြင်း

ဦးစီးဌာနသည် ဆက်သွယ်ရေးနံပါတ်လျာထားသတ်မှတ်ချက်အား နောက်ဆုံးအခြေအနေ နှင့်အညီ ပြုစုရမည့်အပြင် ဆက်သွယ်ရေးနံပါတ်အရင်းအမြစ် ခွဲဝေသတ်မှတ်ပေးခြင်း၊ အရန်ထားရှိခြင်းသို့မဟုတ် ရုပ်သိမ်းခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်များ၊ ခွဲဝေ သတ်မှတ်ပေးထားသော၊ အရန်ထားရှိထားသော သို့မဟုတ် ရုပ်သိမ်းထားသော ဆက်သွယ်ရေးနံပါတ်အပိုင်းအခြားများ၊ ခွဲဝေသတ်မှတ်မှုကိုရရှိထားသူများ သို့မဟုတ် ရုပ်သိမ်းခံထားရသူများ၏ အချက်အလက်များနှင့် ထိုသို့ဆောင်ရွက်သည့်ရက်စွဲ တို့ကိုလည်း ထုတ်ပြန်ရမည်။


(ဃ) အခြေအနေပြအညွှန်းများ

(၁) ဆက်သွယ်ရေးနံပါတ် လျာထားသတ်မှတ်ချက်တွင်ပါရှိသည့် ဆက်သွယ်ရေးနံပါတ် များ သို့မဟုတ် နံပါတ်သင်္ကေတများအားလုံးသည် အောက်ပါအမျိုးအစားနှစ်မျိုး အနက် တစ်မျိုးမျိုးတွင် အကျုံးဝင်သည်-

(ကက)လျာထားသတ်မှတ်ထားပြီးဖြစ်သော  ဆက်သွယ်ရေးနံပါတ်များ သို့မဟုတ် နံပါတ်သင်္ကေတများ ဆိုသည်မှာ ဆက်သွယ်ရေးနံပါတ်လျာထား သတ်မှတ်ချက်အတွင်း သီးခြားအသုံးပြုရန် (ဥပမာ-ကြိုးဖုန်း၊ မို ဘိုင်းဖုန်း) အတွက်ဖယ်ချန်ထားသည့် ဆက်သွယ်ရေးနံပါတ်များ သို့မဟုတ် နံပါတ် သင်္ကေတများကို ဆိုလို သည်။

(ခခ) လျာထားသတ်မှတ်ထားပြီးခြင်းမရှိသေးသောဆက်သွယ်ရေး နံပါတ် လျာထားသတ်မှတ်ချက်တွင် ဆက်သွယ်ရေးနံပါတ် သို့မဟုတ် နံပါတ် သင်္ကေတများလျာထားသတ်မှတ်ထားခြင်းသည်ယင်းတို့အားရရှိ နိုင်မှုကိုသော်လည်းကောင်း၊ အခြားအခြေအနေတစ်ခုခုကိုသော်လည်း ကောင်း ဆိုလိုခြင်းမဟုတ်ပါ ။

(၂) ဆက်သွယ်ရေးနံပါတ် လျာထားသတ်မှတ်ချက်တွင် လျာထားသတ်မှတ်ထားပြီး ခြင်းမရှိသေးသော ဆက်သွယ်ရေးနံပါတ် သို့မဟုတ် နံပါတ်သင်္ကေတများအား ခွဲဝေသတ်မှတ်ပေးခြင်း သို့မဟုတ် အရန်ထားရှိပေးခြင်း မပြုလုပ်နိုင်ပါ။

(၃) ဆက်သွယ်ရေးနံပါတ် လျာထားသတ်မှတ်ချက်တွင် လျာထားသတ်မှတ်ထားပြီး ဖြစ်သောနံပါတ်သင်္ကေတများ သို့မဟုတ် ဆက်သွယ်ရေးနံပါတ်များတွင် အောက်ဖော်ပြပါအခြေအနေပြအညွှန်းတစ်ခုခု ပါရှိရမည်-

(ကက)ခွဲဝေသတ်မှတ်ထားသော(Allocated) ဟု ဖော်ပြထားသည့် အခြေအနေပြ အညွှန်းသည် လိုင်စင်ရရှိသူသို့ ခွဲဝေသတ်မှတ်ပေးထားသော နံပါတ် သင်္ကေတများ သို့မဟုတ် ဆက်သွယ်ရေးနံပါတ်များအား ညွှန်းဆိုပြီး ယင်း တို့အား လိုင်စင်ရရှိသူ၏ အမည်နှင့်ယှဉ်တွဲ ဖော်ပြထားရမည်။ ထိုသို့ညွှန်း ဆိုထားသော နံပါတ်သင်္ကေတများ သို့မဟုတ် ဆက်သွယ်ရေး နံပါတ်အများ စုသည် လက်ရှိအသုံးပြုနေခြင်း ဖြစ်နိုင်သော်လည်း ယင်းမှတ်တမ်းများ တွင် စတင်အသုံးပြုသည့် ရက်စွဲများမပါဝင်ရ။ ထို့အပြင် လိုင်စင် ရရှိသူက လုပ်ငန်းမစတင်မီ စီးပွားရေးအရ လျှို့ဝှက်ထားရှိရန် လိုအပ်ပါက ဆက်သွယ်ရေးနံပါတ် လျာထားသတ်မှတ်ချက်တွင် ခွဲဝေသတ်မှတ်မှု အသေးစိတ်အား ဖော်ပြခြင်းမပြုရ။

(ခခ) ပြောင်းရွှေ့မှုများအတွက်သာ ခွဲဝေသတ်မှတ်ထားသော ( Allocated for Migration Only) ဟု ဖော်ပြထားသည့် အခြေအနေပြအညွှန်းသည် ဆက်သွယ်ရေး နံပါတ်အပိုင်းအခြားတစ်ခုမှ အခြားတစ်ခုသို့ ပြောင်းရွှေ့လို သည်ဟုအဆိုပြုထားသော လိုင်စင်ရရှိသူတစ်ဦးအတွက် ခွဲဝေသတ်မှတ် ပေးထားသည့် နံပါတ်သင်္ကေတများ သို့မဟုတ် ဆက်သွယ်ရေးနံပါတ် များကိုညွှန်းဆိုသည်။ ထိုသို့ခွဲဝေသတ်မှတ်ပေးခြင်းသည် ယာယီသာ ဖြစ်နိုင်ပြီး သင့်လျော်သော သတ်မှတ်ကာလနောက်ပိုင်းတွင် ခွဲဝေ သတ်မှတ်ရေးစံသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိပါက ယင်းဆက်သွယ် ရေးနံပါတ်များ သို့မဟုတ် နံပါတ်သင်္ကေတများအား လုပ်ငန်းအသစ်များ အတွက် အသုံးပြုနိုင်ကြောင်းကို ဦးစီးဌာနမှဆုံးဖြတ်နိုင်ပြီး ယင်းတို့၏ ဆက်သွယ်ရေးနံပါတ်အတွဲ၏ အခြေအနေပြအညွှန်းမှာလည်း ပြောင်းလဲ သွားမည်။

(ဂဂ) လစ်လပ်သော (Free) ဟု ဖော်ပြထားသည့် အခြေအနေပြ အညွှန်းသည် ယင်းနံပါတ်သင်္ကေတများ သို့မဟုတ် ဆက်သွယ်ရေးနံပါတ်များသည် ခွဲဝေသတ်မှတ်ပေးရန် သို့မဟုတ် အရန်ထားရှိပေးရန်အတွက် ရရှိနိုင်သည် ဟု ညွှန်းဆိုသည်။ လစ်လပ်သောဟုဖော်ပြထားသောနံပါတ်သင်္ကေတ သို့မဟုတ် ဆက်သွယ်ရေး နံပါတ်တစ်ခုသည် စာရင်းကို နောက်ဆုံး အခြေအနေနှင့်အညီပြုစုထားသည့်အချိန်နှင့် လိုင်စင်ရရှိသူက လျှောက် ထားသည့် အချိန်အတွင်း လိုင်စင်ရရှိသူ အခြားတစ်ဦးဦးမှ တောင်းခံ ထားပြီးဖြစ်နိုင်သည်ကိုလည်း လျှောက်ထားသည့် လိုင်စင်ရရှိသူများက သတိပြုရမည်။

(ဃဃ)သီးခြားရည်ရွယ်ချက်အတွက်သာ လစ်လပ်သော (Free for specific purpose) ဟုဖော်ပြ ထားသည့်အခြေအနေပြအညွှန်းသည် သီးခြား ရည်ရွယ်ချက်များအတွက်သာ လစ်လပ်ထားရှိသော ဆက်သွယ်ရေး နံပါတ် များ သို့မဟုတ် နံပါတ်သင်္ကေတများကို ညွှန်းဆိုသည်။

(ငင) ထိန်းသိမ်းထားသော(Protected) ဟု ဖော်ပြထားသည့် အခြေအနေပြ အညွှန်းသည် ထပ်မံအကြောင်းမကြားမီအချိန်ထိ (သို့မဟုတ်) ရက်စွဲဖော်ပြ ထားပါက ယင်းရက်စွဲမတိုင်မီအထိ အနာဂတ်လျာ ထားသတ်မှတ်ချက်အ တွက်ဖြစ်စေ၊ ယာယီ သို့မဟုတ် အမြဲတမ်းဖြစ်သော ခေါ်ဆိုမှုဆိုင်ရာ ပြဿနာများကို ရှောင်ကြဉ်ရန်အတွက်ဖြစ်စေ ထိန်းသိမ်းထားသောနံပါတ် သင်္ကေတများ သို့မဟုတ် ဆက်သွယ်ရေးနံပါတ် များကို ညွှန်းဆိုသည်။

(စစ) အရန်ထားရှိသော (Reserved) ဟု ဖော်ပြထားသည့် အခြေအနေပြအညွှန်း သည်လိုင်စင်ရရှိသူ၏ လျှောက်ထားချက်နှင့် ဦးစီးဌာန၏အတည်ပြု ချက်အရ နံပါတ်သင်္ကေတများ သို့မဟုတ် ဆက်သွယ်ရေးနံ ပါတ်များအား ယာယီခွဲဝေသတ်မှတ်ပေးခြင်းကို ညွှန်းဆိုသည်။ စီးပွားရေးအရ လျှို့ဝှက် အပ်သည့် ကိစ္စရပ်များအတွက် လျှောက်ထားသူ၏အမည်ကို အရန်ထားရှိမှု နှင့် တွဲဖက်၍ ပုံမှန်အားဖြင့်မဖော်ပြရ။

၁၅။ ခွဲဝေသတ်မှတ်ပေးထားသည့် ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်များ အသုံးပြုခြင်းနှင့်သက်ဆိုင် သော စည်းကမ်းချက်များနှင့်သတ်မှတ်ချက်များ

(က) ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်များအား အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ အောက်ဖော်ပြပါ စည်းကမ်းချက်များသည် ခွဲဝေသတ်မှတ်မှုအားလုံးနှင့် သက်ဆိုင်သည်-

(၁) ဆက်သွယ်ရေးနံပါတ်လျာထားသတ်မှတ်ချက်တွင် ဖော်ပြထားသည့်အတိုင်း အမျိုး အစားအရသော်လည်းကောင်း၊ ဝန်ဆောင်ခနှုန်းထားအရသော်လည်းကောင်း၊ ခွဲခြားသတ်မှတ်မှုများအပါအဝင် လိုင်စင်ရရှိသူ၏ လျှောက်ထားချက် တွင်ဖော်ပြ ထားသည့် ရည်ရွယ်ချက်အတွက်သာ ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်များကို အသုံးပြုရမည်။

(၂) ဆက်သွယ်ရေးနံပါတ် အရင်းအမြစ်များအား မူလပထမရရှိထားသည့် လိုင်စင် ရရှိသူသည် ယင်းနံပါတ်များအတွက် တာဝန်ရှိစေရမည်။

(၃) လိုင်စင်ရရှိသူများသည် ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်များအား အမှတ်တံဆိပ် သဖွယ် အသုံးပြု၍သော်လည်းကောင်း၊ လိုင်စင်ရရှိသူနှင့် ဆက်သွယ်ရေးနံပါတ် အပိုင်းအခြားကို တွဲဖက်၍သော်လည်းကောင်း ကြော်ငြာခြင်းနှင့် အခြားနည်းလမ်း တစ်ခုခုဖြင့် အများသိစေရန် မပြုလုပ်ရ။

(၄) လိုင်စင်ရရှိသူအချင်းချင်း ဆက်သွယ်ရေးနံပါတ်များနှင့် နံပါတ်အတွဲများ အားလဲလှယ်ခြင်း သို့မဟုတ် ရောင်းဝယ်ခြင်းမပြုရ။

(၅) လိုင်စင်ရရှိသူအား ခွဲဝေသတ်မှတ်ပေးထားသည့် ဆက်သွယ်ရေးနံပါတ် အရင်း အမြစ်သည် ၎င်းနှင့်ရာသက်ပန်သက်ဆိုင်မှုရှိသည်။ သို့သော် မည်သည့် လိုင်စင် ရရှိသူ သို့မဟုတ် သုံးစွဲသူတစ်ဦးကမျှ ဦးစီးဌာနက ခွဲဝေသတ်မှတ် ပေးထားသည့် မည်သည့်ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်များကိုမဆို ပိုင်ဆိုင်ခွင့် မရှိ ပါ။

(၆) ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်များ ခွဲဝေသတ်မှတ်ပေးမှုကို ရရှိထားသည့် လိုင်စင်ရရှိသူအနေဖြင့် နည်းဥပဒေ ၁၂၊ နည်းဥပဒေခွဲ(ည) အရ ပြောင်းလဲထား ခြင်းမရှိပါက ၎င်းအားအသုံးပြုရန် ခွင့်ပြုထားသည့် ရည်ရွယ်ချက်များ အတွက်သာလျှင် ဆက်သွယ်ရေးနံပါတ် အရင်းအမြစ်များကို အသုံးပြုရမည်။

(၇) ဆက်သွယ်ရေးနံပါတ်အရင်းအမြစ် ခွဲဝေသတ်မှတ်ပေးမှုကိုရရှိသူသည် ယင်းအား အသုံးပြုမှုကို မှတ်တမ်းထားရှိရမည်။

(၈) ဆက်သွယ်ရေးနံပါတ်အရင်းအမြစ်များကို ရရှိထားသူများသည် ဦးစီးဌာန၏ ခွင့်ပြု ချက်တစ်စုံတစ်ရာမရှိလျှင် သုံးစွဲသူတစ်ဦး၏ တောင်းဆိုချက်အရ ယင်းသုံးစွဲသူထံ သတ်မှတ်ပေးသည့်နံပါတ် (coveted number) မှအပ ၎င်းအားခွဲဝေသတ်မှတ် ပေးထားသည့် ဆက်သွယ်ရေးနံပါတ်အတွက် မည်သူတစ်ဦးတစ် ယောက်ထံကမျှ အခကြေးငွေကောက်ခံခြင်းမပြုရ။

(၉) ဆက်သွယ်ရေးနံပါတ်အား အသုံးမပြုပဲထားခြင်းမှ ကာကွယ်ရန်အတွက် သုံးစွဲသူများသည် ၎င်းတို့၏ဆက်သွယ်ရေးနံပါတ်အားရရှိသည့်နေ့ရက်မှ ရက် ပေါင်း ၁၈၀ အတွင်း အသုံးပြုရမည်။ ဆက်သွယ်ရေး နံပါတ်အား အသုံးပြုခြင်းဆို သည်မှာ PSTN တွင် ယင်းဆက်သွယ်ရေးနံပါတ်အား ချိတ်ဆက်နိုင်ခြင်း ကိုဆိုသည်။ ထိုသို့အသုံးပြုခြင်းမရှိသော ဆက်သွယ်ရေးနံပါတ်များကို သုံးစွဲသူ အသစ်သို့ သတ်မှတ်ပေးနိုင်သည်။

(၁၀) လိုင်စင်ရရှိသူတစ်ဦးသည် ဆက်သွယ်ရေးနံပါတ်လျာထားသတ်မှတ်ချက်ရှိ ယင်းအားခွဲဝေသတ် မှတ်ပေးထားသည့် ဆက်သွယ်ရေးနံပါတ် အရင်းအမြစ်များ ကိုသာ အသုံးပြုရမည်။

(၁၁) ဦးစီးဌာနက လိုအပ်၍ပြုလုပ်သော မည်သည့် ဆက်သွယ်ရေးနံပါတ်ဆိုင်ရာ ပြောင်းလဲမှုများကိုမဆို လိုင်စင်ရရှိသူများအားလုံးက တစ်ပြိုင်တည်း အကောင် အထည်ဖော် ဆောင်ရွက်ရမည်။

(ခ) နည်းဥပဒေခွဲ (က) ပါ စည်းကမ်းချက်များအပြင် ဆက်သွယ်ရေးနံပါတ် လျာထား သတ်မှတ်ချက်၏ ပထဝီဝင်ဒေသအလိုက် ဆက်သွယ်ရေးနံပါတ် အပိုင်းအခြားအတွင်း ပြုလုပ်သည့် ခွဲဝေသတ်မှတ်မှုများနှင့် သက်ဆိုင်သောသတ်မှတ်ချက်များမှာ အောက်ပါ အတိုင်းဖြစ်သည်-

(၁) ဧရိယာသင်္ကေတများသည် သက်ဆိုင်ရာလိုင်စင်ရရှိသူတစ်ဦးထက် နိုင်ငံလုံး ဆိုင်ရာသီးသန့်သင်္ကေတ အနေဖြင့်သာ ပို၍ဆက်စပ်မှုရှိရမည်။

(၂) ဦးစီးဌာနသည် လိုအပ်ပါကဧရိယာသင်္ကေတ အသီးသီးအတွက် သင့်လျော်သော ပထဝီဝင်ဒေသကို သတ်မှတ်ရမည်။ ကနဦးအားဖြင့် ယင်းဧရိယာများသည် လက်ရှိ ဆက်သွယ်ရေးနံပါတ် လျာထားသတ်မှတ်ချက်ပါ တည်ဆဲဆက်သွယ်ရေးဇုန် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိရမည်။

(၃) ဦးစီးဌာနသည် လိုင်စင်ရရှိသူများအား ပထဝီဝင်ဒေသ တစ်ခုချင်းရှိ ဆက်သွယ်ရေး နံပါတ်အတွဲများကို ခွဲဝေသတ်မှတ်ပေးရာတွင် သက်ဆိုင်ရာဆက်သွယ်ရေးဇုန် သင်္ကေတနောက်တွင်ရှိသည့် ဆက်သွယ်ရေး နံပါတ်အရေအတွက်များမှ ခွဲဝေ သတ်မှတ်ပေးရမည်။

(၄) လိုင်စင်ရရှိသူအားလုံးသည် မြို့တွင်းခေါ်ဆိုမှုများဖြစ်စေကာမူ နိုင်ငံတွင်းသီးသန့် နံပါတ်အပြည့်အစုံဖြင့် ခေါ်ဆိုမှုများအား ချိတ်ဆက်ပေးကြရမည်။

(ဂ) နည်းဥပဒေခွဲ (က) ပါစည်းကမ်းချက်များအပြင် ဆက်သွယ်ရေးနံပါတ်လျာထား သတ်မှတ်ချက်၏ ပထဝီဝင်ဒေသအလိုက်မဟုတ်သော ဆက်သွယ်ရေးနံပါတ် အပိုင်း အခြားအတွင်း ပြုလုပ်သည့် ခွဲဝေသတ် မှတ်မှုများနှင့် သက်ဆိုင်သောသတ်မှတ်ချက် များမှာ အောက်ပါအတိုင်းဖြစ်သည်-

(၁) ပထဝီဝင်ဒေသအလိုက်မဟုတ်သော ဝန်ဆောင်မှုလုပ်ငန်းများအတွက် နံပါတ် သင်္ကေတများသည် နိုင်ငံတွင်းထူးခြားထင်ရှားမှု ရှိရမည်။

(၂) ဦးစီးဌာနသည် ဆက်သွယ်ရေးနံပါတ်အတွဲများအား လိုင်စင်ရရှိသူများကို လိုအပ် သလို ခွဲဝေသတ်မှတ်ပေးရမည်။

(ဃ) ဦးစီးဌာနသည်လိုအပ်ပါက ဆက်သွယ်ရေးနံပါတ်အရင်းအမြစ် ခွဲဝေသတ်မှတ်မှုတစ်ခုခု အတွက် သီးခြားစည်းကမ်းချက်များကို ထပ်မံသတ်မှတ်နိုင်သည်။ ဦးစီးဌာနသည် အဆိုပါ စည်းကမ်းချက်များကို သတ်မှတ်ရသည့် အကြောင်းအရင်းအား လိုင်စင်ရရှိသူများထံ အကြောင်းကြားရမည်။


ဇေယျာအောင်
ပြည်ထောင်စုဝန်ကြီး
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန