လှိုင်းနှုန်းစဉ်ဆိုင်ရာနည်းဥပဒေများ

DOWNLOAD

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန

( လှိုင်းနှုန်းစဉ်ဆိုင်ရာနည်းဥပဒေများ )
အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၁၆)

၁၃၇၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက်

(၂၀၁၆ ခုနှစ်၊ မတ်လ ၇ ရက်)


ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနသည် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၈၈၊ ပုဒ်မခွဲ (က) အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍  ပြည်ထောင်စုအစိုးရ အဖွဲ့၏ သဘောတူညီ ချက်ဖြင့် ဤနည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။

အခန်း (၁)
အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤနည်းဥပဒေများကို လှိုင်းနှုန်းစဉ်ဆိုင်ရာနည်းဥပဒေများ ဟုခေါ်တွင်စေရမည်။

၂။ ဤနည်းဥပဒေများတွင်ပါရှိသော စကားရပ်များသည် ဆက်သွယ်ရေးဥပဒေနှင့် အိုင်တီယူ ရေဒီယို စည်းမျဉ်း (Radio Regulations of ITU) တွင်ပါရှိသည့်အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။ ထို့အပြင်အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-

(က) သက်ဆိုင်ရာစည်းမျဉ်းစည်းကမ်းမူဘောင် ဆိုသည်မှာ ဝန်ကြီးဌာန သို့မဟုတ် ဦးစီးဌာနက ထုတ်ပြန်ထားသည့်နည်းဥပဒေများ၊ စည်းမျဉ်းနှင့်စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လမ်းညွှန်ချက်၊ ကျင့်ဝတ်နှင့် လုပ်ထုံးလုပ်နည်းများကို ဆိုသည်။

(ခ) ခွင့်ပြုလှိုင်းနှုန်းများ(Assigned Frequencies) ဆိုသည်မှာ လိုင်စင်ရရှိသူအသုံးပြုရန် ဦးစီးဌာနက သတ်မှတ်ချက်များနှင့်အညီ ခွင့်ပြုပေးသော လှိုင်းနှုန်းများကိုဆိုသည်။

(ဂ) ပုဂ္ဂိုလ် ဆိုသည်မှာ လူပုဂ္ဂိုလ်၊ ဌာန၊ အဖွဲ့အစည်းကို ဆိုသည်။

(ဃ) အမှန်တကယ်သုံးစွဲသူ (End User) ဆိုသည်မှာ လိုင်စင်ရရှိသူတစ်ဦးက ဖြည့်ဆည်းပေးသော ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းကို ရယူသုံးစွဲသည့် လိုင်စင်ရရှိ သော အခြားသူတစ်ဦးမဟုတ်သည့် လုပ်ငန်းတစ်ခု သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးကို ဆိုသည်။

(င) အိုင်တီယူ ဆိုသည်မှာ အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးအဖွဲ့ကိုဆိုသည်။

(စ) နိုင်ငံလုံးဆိုင်ရာလှိုင်းနှုန်းစဉ်လျာထားချက် ဆိုသည်မှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၁၉ အရ ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ဦးစီးဌာနက လှိုင်းနှုန်းစဉ်ခွဲဝေပေးမည့် အစီအစဉ်ကို ဆိုသည်။

(ဆ) လှိုင်းနှုန်းခွင်အသုံးပြုခွင့် ဆိုသည်မှာ ဆက်သွယ်ရေးဥပဒေအရ လိုင်စင်ရရှိသူကို ခွင့်ပြုသော လှိုင်းနှုန်းအသုံးပြုခွင့်ကို ဆိုသည်။

(ဇ) လှိုင်းနှုန်းခွင့်ပြုမှတ်တမ်း ဆိုသည်မှာ လှိုင်းနှုန်းအသုံးပြုခွင့် ရသူ၏အမည်၊ ခွင့်ပြုသည့် လှိုင်းနှုန်း၊ ခွင့်ပြုလှိုင်းနှုန်းကို အသုံးပြုပုံနှင့် အခြားသက်ဆိုင်သောအချက်များ ပါဝင်သည့် စာရင်းမှတ်တမ်းကို ဆိုသည်။

(ဈ) ရေဒီယိုပစ္စည်း ဆိုသည်မှာ ရေဒီယိုအချက်ပြ (Radio Signal) ထုတ်လွှင့်ရာတွင် အသုံးပြု သည့် တပ်ဆင်ထားသောစက်၊ စက်မှုပစ္စည်း သို့မဟုတ် ကိရိယာတစ်ခုခုကို ဆိုသည်။

(ည) ရေဒီယိုဆက်သွယ်ရေး ဆိုသည်မှာ  ဆက်သွယ်ရေးအတွက် ရေဒီယိုလှိုင်းကို ထုတ်လွှင့်ခြင်း၊ လွှင့်ထုတ်ခြင်းနှင့် ဖမ်းယူခြင်းများကို ဆိုသည်။

(ဋ) ရေဒီယိုစခန်း ဆိုသည်မှာ ရေဒီယိုအချက်ပြထုတ်လွှင့်မှုအတွက်  အသုံးပြုသောအထောက် အကူပြုပစ္စည်းများကိုဆိုသည်။

(ဌ) ရေဒီယိုစည်းမျဉ်း ဆိုသည်မှာ အိုင်တီယူ မှ ထုတ်ပြန်ထားသည့်ရေဒီယိုဆက်သွယ်ရေးနှင့် သက်ဆိုင်သောစည်းမျဉ်းကို ဆိုသည်။

(ဍ) သက်ဆိုင်သောဝင်ငွေ (Relevant Revenue) ဆိုသည်မှာ လိုင်စင်ရရှိသူက အမှန်တကယ် သုံးစွဲသူနှင့် လိုင်စင်ရရှိသောအခြားသူများသို့ ဆက်သွယ်ရေးဝန်ဆောင်မှုများပေးခြင်းဖြင့် ရရှိမည့်ဝင်ငွေ မှထိုကဲ့သို့ဝန်ဆောင်မှုပေးရန်အတွက် လုပ်ဆောင်ရသည့် အပြန်အလှန် ဆက်သွယ်မှု၊ ချိတ်ဆက်မှု သို့မဟုတ် လက်ကားနှုန်းဖြင့်ရယူထားသော ဝန်ဆောင်မှုများ အတွက် လိုင်စင်ရရှိသော အခြားသူများသို့ ပေးချေရမည့် စရိတ်စကများကို နုတ်ပယ်၍ ကျန်ရှိသော ဝင်ငွေအပိုင်းကိုဆိုသည်။

(ဎ) လှိုင်းနှုန်းစဉ် အသုံးပြုခ ဆိုသည်မှာ လှိုင်းနှုန်းစဉ်လျာထားခြင်းနှင့် အသုံးပြုခြင်းတို့ကို တိုင်းတာစစ်ဆေးခြင်းတို့အတွက် ကုန်ကျစရိတ်ကာမိစေရန်နှင့် လှိုင်းနှုန်းစဉ်ကို အကျိုးရှိ စွာအသုံးပြုနိုင်ရန်အတွက် ဦးစီးဌာနကအချိန်ကာလသတ်မှတ်၍ ကောက်ခံသောအခ ကြေးငွေကိုဆိုသည်။ ယင်းစကားရပ်တွင် လှိုင်းနှုန်းစဉ်စီမံခန့်ခွဲခ၊ ကနဦးသတ်မှတ်နှုန်း ထား (Initial Fee)၊ နှစ်စဉ်ကြေးနှင့် သက်တမ်းတိုးမြှင့်ခတို့ ပါဝင်သည်။

(ဏ) လှိုင်းနှုန်းမျှဝေအသုံးပြုခြင်း ဆိုသည်မှာ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ရန် အသုံးပြုခွင့်ရရှိသူနှစ်ဦးဖြစ်စေ၊ အသုံးပြုခွင့်ရရှိသူများအကြားဖြစ်စေ လှိုင်းနှုန်းခွင်၏ တစ်ခုတည်းသော အပိုင်းကိုမျှဝေအသုံးပြုခြင်း သို့မဟုတ် သီးခြားအစိတ် အပိုင်းများကို စုပေါင်းအသုံးပြုခြင်းကို ဆိုသည်။

(တ) လှိုင်းနှုန်းမျှဝေ အသုံးပြုခြင်းသဘောတူညီချက် ဆိုသည်မှာ လှိုင်းနှုန်းမျှဝေအသုံးပြုရန် ဦးစီးဌာန ၏ခွင့်ပြုချက်အရ အသုံးပြုခွင့်ရရှိသူနှစ်ဦးဖြစ်စေ၊ အသုံးပြုခွင့်ရရှိသူများ အကြားဖြစ်စေ ပြုလုပ်သည့် သဘောတူညီချက်ကို ဆိုသည်။

အခန်း(၂)
လှိုင်းနှုန်းစဉ်စီမံခန့်ခွဲခြင်း

လှိုင်းနှုန်းစဉ်စီမံခန့်ခွဲခြင်းအတွက် တာဝန်များ

၃။ ဝန်ကြီးဌာနသည် အောက်ပါလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ဦးစီးဌာနအား တာဝန်ပေးအပ်နိုင်သည်-

(က) နိုင်ငံလုံးဆိုင်ရာ လှိုင်းနှုန်းစဉ်လျာထားချက်ကို ဒေသဆိုင်ရာလျာထားချက်၊ အိုင်တီယူ လျာထားချက် တို့နှင့်ညီညွတ်မှုရှိစေရန် ရေးဆွဲခြင်း၊

(ခ) ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းသစ်များနှင့် ထိရောက်သောပြိုင်ဆိုင်မှုကို တိုးမြှင့်ရန် ပြည့်စုံလုံ လောက်သော လှိုင်းနှုန်းစဉ်ရရှိရေးကို စီမံဆောင်ရွက်ခြင်း၊

(ဂ) လှိုင်းနှုန်းစဉ်ကို ပြန်လည်လျာထားသတ်မှတ်ရန်  လိုအပ်ခြင်း ရှိ မရှိ အခါအားလျော်စွာ သုံးသပ်မှုများပြုလုပ်ခြင်း။

နိုင်ငံလုံးဆိုင်ရာ လှိုင်းနှုန်းစဉ်လျာထားချက်ရေးဆွဲခြင်းနှင့် အခါအားလျော်စွာပြင်ဆင်ခြင်း

၄။ ဦးစီးဌာနသည် အများပြည်သူကြည့်ရှုရရှိနိုင်စေရန် နိုင်ငံလုံးဆိုင်ရာ လှိုင်းနှုန်းစဉ်လျာထားချက်ကို ပြည့်စုံစွာရေးဆွဲထားရှိရမည်ဖြစ်ပြီး ပြင်ဆင်ရန်လိုအပ်ခြင်း ရှိ မရှိ သုံးသပ်ကာ လက်ရှိအခြေ အနေနှင့် ညီညွတ်မှုရှိစေရန် ဆောင်ရွက်ရမည်။

၅။ နိုင်ငံလုံးဆိုင်ရာ လှိုင်းနှုန်းစဉ်လျာထားချက်တွင် အောက်ပါတို့ပါဝင်ရမည်-

(က) လှိုင်းနှုန်းခွင် (band) တစ်ခုချင်းစီအတွက် အိုင်တီယူ၏ လျာထားချက်၊

(ခ) ရေဒီယိုဆက်သွယ်ရေးတစ်ခုချင်းစီအတွက် လျာထားသောလှိုင်းနှုန်းခွင်၊

(ဂ) သီးခြားခွင့်ပြုချက် ရယူရန်မလိုအပ်သည့် လှိုင်းနှုန်းခွင်။

၆။ နိုင်ငံလုံးဆိုင်ရာ လှိုင်းနှုန်းစဉ်လျာထားချက် ပြောင်းလဲမှုနှင့်စပ်လျဉ်း၍-

(က) နည်းဥပဒေ ၃ ပါ လှိုင်းနှုန်းစဉ်စီမံခန့်ခွဲခြင်းဆိုင်ရာ  တာဝန်များနှင့်ကိုက်ညီရမည်။

(ခ) နိုင်ငံတော်၏လိုအပ်ချက်အရ ဝန်ကြီးဌာန သို့မဟုတ် ဦးစီးဌာနက အဆိုပြုရမည်။

(ဂ) စိတ်ဝင်စားသောပုဂ္ဂိုလ်က နည်းဥပဒေ ၃ ပါပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှုရှိစေရန် ဝန်ကြီးဌာန သို့မဟုတ် ဦးစီးဌာနသို့ အဆိုပြုနိုင်သည်။

(ဃ) ပြောင်းလဲမှုကို အများပြည်သူသဘောထားတောင်းခံခြင်း (Public Consultation) ပြုလုပ်၍ ဆုံးဖြတ်ရမည်။

(င) ပြောင်းလဲမှုများကို ဝန်ကြီးဌာန၏ဆုံးဖြတ်ချက်ဖြင့် အပြီးသတ်ဖြစ်စေရမည့်အပြင် ပြောင်းလဲမှု မိတ္တူကို ဝန်ကြီးဌာနနှင့် ဦးစီးဌာန၏ဝက်ဘ်ဆိုက်တွင် ဖော်ပြရမည်။


သီးခြားအသုံးပြုခွင့် ရယူရန်မလိုအပ်သည့်လှိုင်းနှုန်းစဉ်

၇။ အောက်ပါလှိုင်းနှုန်းခွင်များကို စက်မှုလုပ်ငန်း၊ သိပ္ပံပညာဆိုင်ရာနှင့် ဆေးပညာ (Industrial, Scientific and Medical – ISM) စက်ပစ္စည်းများအသုံးပြုနိုင်ရေးအတွက် အိုင်တီယူက ရေဒီယိုစည်းမျဉ်းတွင် သတ်မှတ်ထားရာ ယင်းတို့ကို ဤနည်းဥပဒေများ အခန်း ၄ တွင် ဖော်ပြ ထားသည့် လှိုင်းနှုန်းခွင် အသုံးပြုခွင့်လျှောက်ထားခြင်းမှ ကင်းလွတ်ခွင့်ပြုနိုင်သည်-

(က)
၁၃၅၅၃-၁၃၅၆၇ KHZ
(ဗဟိုလှိုင်း ၁၃ ၅၆၀ KHZ)
(ခ)
၂၆၉၅၇-၂၇ ၂၈၃ KHZ
(ဗဟိုလှိုင်း ၂၇ ၁၂၀ KHZ)
(ဂ)
၄၀.၆၆-၄၀.၇၀ MHZ
(ဗဟိုလှိုင်း ၄၀.၆၈ MHZ)
(ဃ)
၂၄၀၀-၂၅၀၀ MHZ
(ဗဟိုလှိုင်း ၂ ၄၅၀ MHZ)
(င)
၅၇၂၅-၅၈၇၅ MHZ
(ဗဟိုလှိုင်း ၅ ၈၀၀ MHZ)
(စ)
၂၄-၂၄.၂၅ GHZ
(ဗဟိုလှိုင်း ၂၄. ၁၂၅ GHZ)

၈။ ဦးစီးဌာနသည် သီးခြားအသုံးပြုခွင့်ရယူရန် မလိုအပ်သည့်လှိုင်းနှုန်းခွင်ကို ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် အခါအားလျော်စွာ သတ်မှတ်နိုင်သည်။

၉။ သီးခြားအသုံးပြုခွင့် ရယူရန်မလိုအပ်သည့် လှိုင်းနှုန်းခွင်အသုံးပြုသူများသည်-

(က) လိုင်စင်ရရှိသူများ၏ ဝန်ဆောင်မှုလုပ်ငန်းများမှ လှိုင်းနှုန်းနှောင့်ယှက်မှုကို ခံနိုင်ရမည်။

(ခ) လိုင်စင်ရရှိသူများနှင့် အခြားသူများကို လှိုင်းနှုန်းနှောင့်ယှက်မှုမရှိစေရန် လိုအပ်သည့် နည်းပညာ များ ထားရှိဆောင်ရွက်ရမည်။

(ဂ) ဦးစီးဌာနက အခါအားလျော်စွာထုတ်ပြန်သည့်လွှင့်အား၊ လွှင့်ထုတ်သောစရိုက်လက္ခာဏာ များ (Class of Emission) နှင့်အခြားသော အသေးစိတ်အချက်အလက်များကို လိုက်နာရမည်။

လှိုင်းနှုန်းအသုံးပြုခွင့်မှတ်တမ်း

၁၀။ ဦးစီးဌာနသည် လိုင်စင်ရရှိသူအားလုံး၏ လှိုင်းနှုန်းခွင်အသုံးပြုသည့်စာရင်းကို လှိုင်းနှုန်းအသုံး ပြုခွင့်မှတ်တမ်းတွင် ပြုစုထိန်းသိမ်းထားရမည်။

၁၁။ လှိုင်းနှုန်းအသုံးပြုခွင့်မှတ်တမ်းတွင် လိုင်စင်ရရှိသူ၏ အမည်နှင့် ဆက်သွယ်ရန်လိပ်စာ၊ ခွင့်ပြုထား သော အသေးစိတ်လှိုင်းနှုန်းများ သို့မဟုတ် လှိုင်းနှုန်းခွင်များ၊ ခွင့်ပြုထားသော ရေဒီယို ဆက်သွယ်ရေးလုပ်ငန်းများ၊ ခွင့်ပြုထားသော ပထဝီဝင်ဆိုင်ရာနယ်မြေနှင့် အသုံးပြုခွင့်ပေးသည့် သက်တမ်းတို့ပါဝင်သည်။

အခန်း (၃)
လှိုင်းနှုန်းခွင် အသုံးပြုခွင့်ဆိုင်ရာအခြေခံအချက်များ

အသုံးပြုခွင့်ရရှိသူများ လိုက်နာရမည့် အခြေခံအချက်များ

၁၂။ လှိုင်းနှုန်းခွင် အသုံးပြုခွင့်ရရှိသူသည် ဦးစီးဌာနကထုတ်ပေးထားသည့် အောက်ပါခွင့်ပြုချက်တို့မှ လွဲ၍လှိုင်းနှုန်းစဉ်ကို ထုတ်လွှင့်ခြင်းမပြုရ-

(က) ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ရန် လိုအပ်သည့်လုပ်ငန်းလိုင်စင်၊

(ခ) ဆက်သွယ်ရေးပစ္စည်းဆိုင်ရာလိုင်စင်၊

(ဂ) လှိုင်းနှုန်းခွင်အသုံးပြုခွင့်။

၁၃။ ဦးစီးဌာနသည်-

(က) လှိုင်းနှုန်းခွင်အသုံးပြုခွင့်အတွက် လုပ်ထုံးလုပ်နည်းများ၊ လှိုင်းနှုန်းစဉ်ခွင့်ပြုရာတွင် ပါဝင် သည့်စည်းကမ်းချက်များနှင့် ပေးဆောင်ရမည့်အခကြေးငွေများကို အများပြည်သူသဘော ထားတောင်းခံခြင်း (Public Consultation) အရ အောက်ပါစနစ်တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော စနစ်များဖြင့်ဖြစ်စေ၊ အခြားစနစ်တစ်ခုခုဖြင့်ဖြစ်စေ ခွင့်ပြုနိုင်သည်-

(၁) လေလံစနစ်၊

(၂) တင်ဒါစနစ်၊

(၃) ပုံသေနှုန်းထားစနစ်။

(ခ) လေလံစနစ်တွင်အောက်ပါတို့ပါဝင်သည်-

(၁) လေလံပုံစံ သို့မဟုတ် လေလံစနစ်နှင့် ပတ်သက်သောအချက်အလက်များ၊

(၂) လေလံစနစ်အတွက် ကြော်ငြာခြင်း၊

(၃) လေလံဆွဲခွင့်ရှိသူများအတွက် သတ်မှတ်ထားသည့်ဝင်ကြေးနှုန်းထားများ၊

(၄) သတ်မှတ်ထားသည့် ကြမ်းခင်းစျေးနှုန်းထား၊

(၅) လေလံအောင်မြင်သူများက ပေးရန်ရှိသော သတ်မှတ်ထားသည့်စရန်ငွေနှုန်းထား၊

(၆) အသုံးပြုခွင့်အတွက် ပေးဆောင်ရမည့်နည်းလမ်းများ။

(ဂ) တင်ဒါစနစ်တွင် အောက်ပါတို့ပါဝင်သည်-

(၁) တင်ဒါပုံစံ သို့မဟုတ် တင်ဒါစနစ်ဖြင့် ပတ်သက်သောအချက်များ၊

(၂) တင်ဒါစနစ်အတွက်ကြော်ငြာခြင်း၊

(၃) တင်ဒါတင်သွင်းခွင့် ရှိသူများအတွက် သတ်မှတ်ထားသည့် ဝင်ကြေးနှုန်းထားများ၊

(၄) သတ်မှတ်ထားသည့် ကြမ်းခင်းစျေးနှုန်းထား၊

(၅) တင်ဒါအောင်မြင်သူများက ပေးရန်ရှိသော သတ်မှတ်ထားသည့် စရန်ငွေနှုန်းထား၊

(၆) အသုံးပြုခွင့်အတွက် ပေးဆောင်ရမည့်နည်းလမ်းများ။

(ဃ) ပုံသေနှုန်းထားစနစ်ဖြင့် ခွင့်ပြုရာတွင်အောက်ပါတို့ပါဝင်သည်-

(၁) စျေးနှုန်းသတ်မှတ်သည့်နည်းလမ်း၊

(၂) ခွင့်ပြုချက်ကို စာဖြင့်အကြောင်းကြားခြင်း၊

(၃) အသုံးပြုခွင့်အတွက် ပေးဆောင်ရမည့်နည်းလမ်းများ။

၁၄။ ဦးစီးဌာနသည်-

(က) တင်ဒါ သို့မဟုတ် လေလံစနစ်အတွက် အရည်အချင်းသတ်မှတ်ချက်များကို ထုတ်ပြန်ရ မည်။

(ခ) ပုံသေနှုန်းထားဖြင့် ခွင့်ပြုရန် ဆက်သွယ်ရေးအမျိုးအစားတစ်ခုချင်းစီအတွက် သတ်မှတ် အရည်အချင်းနှင့် ပြည့်စုံသောပုဂ္ဂိုလ်များ၊ အသေးစိတ်ညွှန်ကြားချက်များနှင့် အသုံးပြုခွင့် အတွက်သတ်မှတ်ချက်များကို အခါအားလျော်စွာထုတ်ပြန်ရမည်။

လှိုင်းနှုန်းခွင်အသုံးပြုခွင့်ဆိုင်ရာ စည်းကမ်းချက်များ

၁၅။ လှိုင်းနှုန်းအသုံးပြုခွင့်ရရှိသူသည် ဦးစီးဌာနကသတ်မှတ်ထားသော အောက်ပါစည်းကမ်းချက်များ ကို  လိုက်နာရမည်-

(က) အသုံးပြုသည့် လှိုင်းနှုန်းများ သို့မဟုတ် လှိုင်းနှုန်းခွင်သည် နိုင်ငံလုံးဆိုင်ရာ လှိုင်းနှုန်းစဉ် လျာထား ချက်နှင့်ကိုက်ညီစေရမည်။

(ခ) လိုင်စင်ရရှိသူများသည် ကာကွယ်ထားသော ဆက်သွယ်ရေးလှိုင်းနှုန်းခွင်များကို နှောင့်ယှက်မှုမရှိစေ ရန် သက်ဆိုင်ရာပြဋ္ဌာန်းချက်များကို လိုက်နာရမည်။

(ဂ) လိုင်စင်ရရှိသူများသည် ဤနည်းဥပဒေများ အခန်း ၄ ပါပြဋ္ဌာန်းချက်များကိုလိုက်နာရမည်။

(ဃ) တူညီသောလှိုင်းနှုန်းခွင်အတွက်အသုံးပြုခွင့်ရရှိသူအားလုံးသည် ယင်းလှိုင်းနှုန်းစဉ်ဆိုင်ရာ သတ်မှတ်စည်းကမ်းချက်များကို လိုက်နာရမည်။

(င) အသုံးပြုခွင့်ရရှိသူသည် မိမိအားခွင့်ပြုထားသည့်အသုံးပြုခွင့်အား ဦးစီးဌာန၏ကြိုတင် ခွင့်ပြုချက်မရရှိဘဲ အခြားပုဂ္ဂိုလ်တစ်ဦးသို့ လှိုင်းနှုန်းခွင်ဆိုင်ရာ အသုံးပြုခွင့်ကိုဖြစ်စေ၊ အကျိုးစီးပွားကိုဖြစ်စေ၊ တာဝန်ဝတ္တရားကိုဖြစ်စေ လွှဲပြောင်းခြင်းတို့ကို မပြုလုပ်ရ။

(စ) လှိုင်းနှုန်းခွင် အသုံးပြုခွင့်ပေးခြင်းသည် လှိုင်းနှုန်းစဉ်ပိုင်ဆိုင်ခွင့်ပေးပြီးခြင်းဟု အဓိပ္ပာယ် သက်ရောက်ခြင်းမရှိစေရ။

လှိုင်းနှုန်းခွင်အသုံးပြုခွင့်ကာလတိုးမြှင့်တောင်းခံခြင်း

၁၆။ လှိုင်းနှုန်းခွင်အသုံးပြုခွင့်ရရှိသူသည် အသုံးပြုခွင့်ရရှိသည့် ကာလတိုးမြှင့်ရန်အတွက် ဦးစီးဌာန သို့စာဖြင့်တင်ပြလျှောက်ထားရမည်။ လျှောက်ထားချက်သည် ယခင်ခွင့်ပြုထားသည့် သက်တမ်း မကုန်ဆုံးမီ ၂ နှစ်ထက်မစောရမည့်အပြင် တစ်နှစ်ထက်နောက်မကျစေရ။

၁၇။ အသုံးပြုခွင့်သက်တမ်းတိုးမြှင့်ပေးရန် လျှောက်ထားချက်ပေါ်မူတည်၍ ဦးစီးဌာနသည် ယခင် စည်းကမ်းချက်များဖြင့်သော်လည်းကောင်း၊ ယခင်စည်းကမ်းချက်များအပြင် ထပ်မံဖြည့်စွက် သည့် စည်းကမ်းချက်များဖြင့် သော်လည်းကောင်း၊ ကာလတိုးမြှင့် သတ်မှတ်ပေးနိုင်သည်။

၁၈။ ဦးစီးဌာနသည် အသုံးပြုခွင့်သက်တမ်းတိုးလျှောက်ထားခြင်းကို ခွင့်ပြုခြင်းမရှိပါက လျှောက်ထား သူထံစာဖြင့် အကြောင်းကြားရမည်။ အကြောင်းကြားစာတွင် အောက်ပါတို့ပါဝင်သည်-

(က) ခွင့်ပြုချက်ရရှိရန် လိုအပ်သောအချက်အလက်များ၊

(ခ) အသုံးပြုခွင့်ပြင်ဆင်လျှောက်ထားရန် သို့မဟုတ် အသုံးပြုခွင့်အသစ် လျှောက်ထားရန်၊

(ဂ) လျှောက်ထားသူမှ ရက်ပေါင်း ၆၀ အတွင်း အသုံးပြုခွင့်ပြန်လည်လျှောက်ထားရန်။

၁၉။ အသုံးပြုခွင့်ရရှိသူသည် တိုးမြှင့်တောင်းခံသည့် ကာလအလိုက် လှိုင်းနှုန်းစဉ်အသုံးပြုခကို ပေး ဆောင်ရမည်။

၂၀။ လှိုင်းနှုန်းခွင် အသုံးပြုခွင့်ကာလသည် သက်ဆိုင်ရာလုပ်ငန်းလိုင်စင်သက်တမ်းထက် မကျော်လွန် စေရ။

လှိုင်းနှုန်းခွင်အသုံးပြုမှုဆိုင်ရာ အခကြေးငွေပေးဆောင်ခြင်း

၂၁။ လှိုင်းနှုန်းခွင် အသုံးပြုခွင့်ရသူအားလုံးသည် အောက်ပါအခကြေးငွေများကို ပေးဆောင်ရမည်-

(က) လှိုင်းနှုန်းစဉ်အသုံးပြုခကို သတ်မှတ်ချက်များနှင့်အညီ ပေးဆောင်ရမည်။

(ခ) လှိုင်းနှုန်းစဉ် အသုံးပြုခ၏အစိတ်အပိုင်းဖြစ်သည့် လှိုင်းနှုန်းစဉ်စီမံခန့်ခွဲခကို နှစ်စဉ်ပေး ဆောင်ရမည်။

(ဂ) အသုံးပြုခွင့်ကာလတိုးမြှင့်ခြင်းအတွက် သက်ဆိုင်ရာအသုံးပြုခွင့် ကာလအလိုက် ပေးဆောင်ရမည်။

(ဃ) ဆက်သွယ်ရေးဥပဒေပုဒ်မ ၁၅၊ ပုဒ်မခွဲ (ဂ) နှင့် ဤနည်းဥပဒေများအရ ဦးစီးဌာန ကသတ်မှတ်ထားသောကျိုးကြောင်းခိုင်လုံသည့် အခြားအခကြေးငွေများကို ပေးဆောင်ရ မည်။

လှိုင်းနှုန်းခွင် အသုံးပြုခွင့်ကို ပြင်ဆင်ပြောင်းလဲခြင်း

၂၂။ လှိုင်းနှုန်းခွင်အသုံးပြုခွင့်ကို အောက်ပါအခြေအနေတစ်ရပ်ရပ်အရ ပြင်ဆင်ပြောင်းလဲနိုင်သည်-

(က) အသုံးပြုခွင့်ရရှိသူကတောင်းဆိုခြင်း၊

(ခ) ဆက်သွယ်ရေးဥပဒေနှင့် ဤနည်းဥပဒေများအရ အများပြည်သူအကျိုးအတွက် ပြုလုပ်ရန် လိုအပ်သည်ဟုဦးစီးဌာနကဆုံးဖြတ်ခြင်း၊

(ဂ) နိုင်ငံတကာသဘောတူစာချုပ်များ သို့မဟုတ် ဆက်သွယ်ရေးနည်းဥပဒေ သို့မဟုတ် နည်းဥပဒေများ အပြင်နိုင်ငံလုံးဆိုင်ရာ လှိုင်းနှုန်းစဉ်လျာထားချက်တို့နှင့် ကိုက်ညီရန် လိုအပ်ခြင်း၊

(ဃ) သက်ဆိုင်ရာလုပ်ငန်းလိုင်စင်၏ စည်းကမ်းချက်များတွင် ဖြစ်ပေါ်လာသော ပြောင်းလဲမှု များနှင့် ကိုက်ညီရန်လိုအပ်ခြင်း၊

(င) အသုံးပြုခွင့်ရရှိသူသည် အောက်ပါအချက်များအနက် တစ်ခုခုကိုလိုက်နာရန် ပျက်ကွက် သည်ဟု ဦးစီးဌာနက ဆုံးဖြတ်လျှင်-

(၁) ဆက်သွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်၊

(၂) သက်ဆိုင်ရာစည်းမျဉ်းစည်းကမ်းမူဘောင်၊

(၃) လိုင်စင်တွင်ပါဝင်သောအချက်အလက်များ။

၂၃။ အသုံးပြုခွင့်ရရှိသူသည့် အောက်ပါအချက်အလက်များကို လိုက်နာရမည်ဖြစ်သည်-

(က) ဥပဒေ၊ နည်းဥပဒေများ၊ သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းမူဘောင်များနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်များတွင် အောက်ပါတို့ပါဝင်သည်-

(၁) ဆက်သွယ်ရေးဆိုင်ရာနိုင်ငံတကာသဘောတူညီချက်များ၊

(၂) ဆက်သွယ်ရေးဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက်များ၊

(၃) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း လှိုင်းနှုန်းခွင်အသုံးပြုခွင့်နှင့် အကျုံး ဝင်သော အခြားဥပဒေပြဋ္ဌာန်းချက်များ။

(ခ) သက်ဆိုင်ရာလုပ်ငန်းလိုင်စင်ပါစည်းကမ်းချက်များ၊

(ဂ) အသုံးပြုခွင့်ရရှိသည့် လှိုင်းနှုန်းခွင်အသုံးပြုခွင့်ဆိုင်ရာစည်းကမ်းချက်များ၊

(ဃ) ဦးစီးဌာနကခွင့်ပြုထားသောအခြားလိုင်စင်တစ်ခုခုပါ စည်းကမ်းချက်များ၊

(င) ဦးစီးဌာနက အခါအားလျော်စွာသတ်မှတ်ထားသည့်အတိုင်း အချိန်နှင့်တစ်ပြေးညီ ပြုစုထိန်းသိမ်းထားရမည့်လုပ်ငန်းဆောင်ရွက်မှုများနှင့် ဆက်သွယ်ရေးပစ္စည်းများ၏ မှတ်တမ်းများတွင် အောက်ပါ အချက်များအနည်းဆုံးပါဝင်ရမည်-

(၁) ရေဒီယိုစခန်းများတွင် အသုံးပြုထားသော လိုင်စင်ဖြင့် ခွင့်ပြုထားသည့် ရေဒီယို ပစ္စည်းများ၏ အချက်အလက်များ၊

(၂) လုပ်ငန်းလိုင်စင်ရရှိသူ၏ ဆက်သွယ်ရေးကွန်ရက်နှင့် ရေဒီယိုစခန်း တစ်ခုချင်းစီက လွှမ်းခြုံနိုင်သော နယ်မြေဧရိယာဆိုင်ရာ အချက်အလက်များ၊

(၃) ရေဒီယိုစခန်းတစ်ခုချင်းစီ၏အမြင့်၊ တည်နေရာနှင့် ထုတ်လွှင့်မှုအား (Effective Radiated Power) ၊

(၄) ရေဒီယိုစခန်းတစ်ခုစီသည် အများပြည်သူကိုဖြစ်စေ၊ လုပ်ငန်းလိုင်စင်ရရှိသူ၏ ဝန်ထမ်းများနှင့် ကန်ထရိုက်တာများကိုဖြစ်စေ ဘေးဖြစ်စေသောထုတ်လွှင့်မှုမျိုး မဖြစ်စေရန်ဆောင်ရွက်မှုများ၊

(၅) နိုင်ငံလုံးဆိုင်ရာ လှိုင်းနှုန်းစဉ်လျာထားချက်၊ လှိုင်းနှုန်းခွင့်ပြုမှတ်တမ်းတို့ကို ဦးစီးဌာနက ပြုစုနိုင်ရေးနှင့် အချိန်နှင့်တစ်ပြေးညီ ပြင်ဆင်နိုင်ရေးအတွက် လိုအပ်သောသတင်းအချက်အလက်များ၊

(၆) ရေဒီယိုစခန်းတစ်ခုစီ၏ ထုတ်လွှင့်မှုအမျိုးအစား (Emission Designation)၊

(၇) သတ်မှတ်ပေးထားသော လှိုင်းနှုန်းများကို အသုံးပြုသည့် ဝန်ဆောင်မှု အမျိုးအစားများ။

(စ) ဆက်သွယ်ရေးဥပဒေပုဒ်မ ၄၀ နှင့်ဤနည်းဥပဒေပါ ပြဋ္ဌာန်းချက်များအရ ဦးစီးဌာနက အသုံးပြုခွင့်ရရှိသူများသို့ စာဖြင့်ညွှန်ကြားလာပါက သင့်လျော်သော သတ်မှတ်ကာလ အတွင်း အောက်ပါ တို့ကို ဖြည့်ဆည်းပေးရမည်-

(၁) သက်ဆိုင်ရာတာဝန်ရှိသူများကို ဦးစီးဌာနက စစ်ဆေးနိုင်ရန် ဆောင်ရွက်ပေးခြင်း၊

(၂) အသုံးပြုထားသောလှိုင်းနှုန်းများ၊ အသုံးပြုရန်လျာထားသော လှိုင်းနှုန်းများ၊ လှိုင်းနှုန်းနှင့် သက်ဆိုင်သည့် အချက်အလက်၊ အထောက်အထား၊ စာရွက်စာတမ်း များ သို့မဟုတ် အခြားလိုအပ်သည့် အချက်အလက်များ၊

(၃) ရေဒီယိုစခန်းများတွင် အသုံးပြုထားသောလိုင်စင်ဖြင့် ခွင့်ပြုထားသည့် ရေဒီယို ပစ္စည်းများ၏ အချက်အလက်များ။

(ဆ) ဦးစီးဌာနမှ သတ်မှတ်ပေးထားသည့် လှိုင်းနှုန်းများအားထိရောက်စွာ အသုံးပြုခြင်း ရှိ မရှိကိုဖြစ်စေ၊ လှိုင်းနှုန်းများအားလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းအား အမှန်တကယ် လိုအပ်ချက် ရှိ မရှိကိုဖြစ်စေ စစ်ဆေးနိုင်ရန်အတွက် ဦးစီးဌာနနှင့် အပြည့်အဝပူးပေါင်း ဆောင်ရွက်ရမည်။

(ဇ) ဦးစီးဌာနမှ ညွှန်ကြားသည့်အချက်အလက်များကို အသုံးပြုခွင့်ရရှိသူများမှ ဖြည့်ဆည်းပေး ရာတွင် ယင်းအချက်အလက်များအား လျှို့ဝှက်ထားရှိနိုင်ရေးအတွက် သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းမူဘောင်များနှင့်အညီ တောင်းဆိုခွင့်ရှိသည်။

(ဈ) ဆက်သွယ်ရေးဥပဒေပုဒ်မ ၄၀ (က) (၂) ပါ ပြဋ္ဌာန်းချက်များအရ ဦးစီးဌာနက စာဖြင့်ညွှန်ကြားပါကသင့်လျော်သော သတ်မှတ်ကာလအတွင်း အောက်ပါတို့ကို ဖြည့်ဆည်းပေးရမည်-

(၁) ဦးစီးဌာနကိုဖြစ်စေ၊ ယင်းကတာဝန်ပေးအပ်သူ တစ်ဦးဦးကိုဖြစ်စေ မိမိ၏ အဆောက်အအုံပရဝဏ်များအတွင်းသို့ ဝင်ရောက်စစ်ဆေးခြင်း၊ စာရင်းစစ်ခြင်းနှင့် ရေဒီယိုပစ္စည်းများကို စစ်ဆေးခြင်းတို့ကို ပြုလုပ်နိုင်ရန် ခွင့်ပြုခြင်း၊

(၂) ဦးစီးဌာန သို့မဟုတ် ယင်းကတာဝန်ပေးအပ်သူမှ ညွှန်ကြားသော ကျိုးကြောင်း ဆီလျော်သည့် မည်သည့်အကူအညီကိုမဆို ဆောင်ရွက်ပေးခြင်း၊

(၃) အရေးပေါ်အခြေအနေ သို့မဟုတ် အခြားအရေးကြီးအခြေအနေများမှလွဲ၍ ဦးစီး ဌာနက စစ်ဆေးမှုမပြုလုပ်မီ  ကြိုတင်အကြောင်းကြားသည့်အခါတွင် လူပုဂ္ဂိုလ် သို့မဟုတ် ပစ္စည်းများအား ထိခိုက်ပျက်စီးမှု မဖြစ်စေရေးအတွက် ဆောင်ရွက်ချက် များ။

အရေးယူဆောင်ရွက်ခြင်း

၂၄။ လိုင်စင်ရရှိသူသည် လိုင်စင်တွင်ပါဝင်သော စည်းမျဉ်းစည်းကမ်း သို့မဟုတ် အကျုံးဝင်သော စည်းမျဉ်းစည်းကမ်းများတွင် ပြဋ္ဌာန်းထားသော တာဝန်ဝတ္တရားတစ်ရပ်ရပ်ကို ချိုးဖောက်သည်ဟု ခိုင်မာသည့်အကြောင်းအချက်အလက်များအရ ဦးစီးဌာနက ယုံကြည်လျှင်ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၅၇ နှင့် ဤနည်းဥပဒေများပါ ပြဋ္ဌာန်းချက်တို့နှင့်အညီ အရေးယူရန် စတင်ဆောင်ရွက်နိုင် သည်။

၂၅။ အရေးယူဆောင်ရွက်မှုမစတင်မီ ဦးစီးဌာနသည် လိုင်စင်ရရှိသူအား-

(က) စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်သည်ဟု ယုံကြည်ဖွယ်ရှိကြောင်း အချက်အလက် နှင့် ဥပဒေကြောင်းအရ ကျိုးကြောင်းခိုင်လုံသည့် ရှင်းလင်းချက်ပါရှိသော အကြောင်းကြား စာကို ထုတ်ပြန်ရမည်။

(ခ) အကြောင်းကြားစာအပေါ် တုံ့ပြန်ဖြေရှင်းရန် ထိုက်သင့်သည့်အခွင့်အရေးပေးရမည်။

၂၆။ ဖြေရှင်းခွင့်ပေးပြီးနောက် လိုင်စင်ရရှိသူက ချိုးဖောက်သည်ဟု ဦးစီးဌာနက ဆုံးဖြတ်လျှင် အောက်ပါအရေးယူဆောင်ရွက်မှုများအနက် တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ချမှတ်နိုင်သည်-

(က) သတိပေးခြင်း၊

(ခ) ချိုးဖောက်မှုကိုကုစားရန်လိုအပ်သည့် ဆောင်ရွက်မှုများပြုလုပ်ရန်နှင့် ထပ်မံချိုးဖောက် ခြင်းမှ ရှောင်ကြဉ်ရန် သို့မဟုတ် နှစ်ရပ်စလုံးကိုပြုလုပ်ရန် ညွှန်ကြားချက်ထုတ်ပြန်ခြင်း၊

(ဂ) ကျိုးကြောင်းဆီလျော်မှုရှိ၍ လိုင်စင်ရရှိသူလိုက်နာနိုင်ခြင်းရှိစေသော သက်ဆိုင်သော ဝင်ငွေ (Relevant Revenue) ၏ ၅ ရာခိုင်နှုန်းအထိ ရှိသောငွေပမာဏကို ဒဏ်ကြေး အဖြစ်နောက် ပြက္ခဒိန်နှစ် အတွင်း ပေးဆောင်စေခြင်း၊

(ဃ) လိုင်စင်ရရှိသူအား ခွင့်ပြုထားသည့် လှိုင်းနှုန်းအားလုံးကိုဖြစ်စေ၊ အစိတ်အပိုင်းကိုဖြစ်စေ ပြန်လည်သိမ်းယူခွင့်ရှိခြင်း၊

(င) လိုင်စင်ကို ယာယီရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းကို အောက်ပါအခြေအနေတွင် ဆောင်ရွက်ရမည်-

(၁) လိုင်စင်ရရှိသူသည် နည်းဥပဒေခွဲ (က) မှ (ဃ) ပါပြဋ္ဌာန်းချက်များကိုလိုက်နာရန် ပျက်ကွက်မှုနှင့် နောင်တွင်လိုက်နာနိုင်မည့် အခြေအနေမရှိလျှင်၊

(၂) လိုင်စင်ရရှိသူက အယူခံခုံရုံးသို့ တင်ပြမှုမပြုခြင်းနှင့် တင်ပြခဲ့လျှင်လည်းခုံရုံးက ယခင်ဆုံးဖြတ်ချက် ကိုအတည်အဖြစ် အပြီးသတ်ဆုံးဖြတ်လျှင်။

၂၇။ ဦးစီးဌာနက အရေးယူရမည်ဟုဆုံးဖြတ်သောမည်သည့်ဖြစ်ရပ်တွင်မဆို လိုင်စင်ရရှိသူအား အောက်ပါတို့ကို ရေးသားဖော်ပြထားသည့် အကြောင်းကြားချက်ပေးပို့ရမည်-

(က) အချက်အလက်များကို အခြေခံသည့် ဆုံးဖြတ်ချက်များ၊

(ခ) ဥပဒေပိုင်းဆိုင်ရာ အချက်များကို အခြေခံသည့် ဆုံးဖြတ်ချက်များ၊

(ဂ) ဆုံးဖြတ်ထားသော အရေးယူမည့်ပုံစံများ။

၂၈။ ဦးစီးဌာန၏ ဆုံးဖြတ်ချက်တစ်စုံတစ်ရာကို မကျေနပ်လျှင်လိုင်စင်ရရှိသူသည် အောက်ပါတို့ကို ဆောင်ရွက်နိုင်သည်-

(က) ယင်း၏ဆုံးဖြတ်ချက်များအား ပြန်လည်စဉ်းစားရန် ထပ်မံတွေ့ရှိချက်များကို ဦးစီးဌာနသို့ တင်ပြတောင်းဆိုခြင်း၊

(ခ) ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ ဆက်သွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အယူခံ ဝင်ခြင်း၊

(ဂ) ဥပဒေအရခွင့်ပြုထားသော အခြားလုပ်ဆောင်ချက်တစ်ရပ်ကို ဆောင်ရွက်ခြင်း။

၂၉။ နည်းဥပဒေ ၂၇ မှ ၃၀ ပါပြဋ္ဌာန်းချက်များတွင် ဖော်ပြမထားသော်လည်း အခြားလိုင်စင်ရရှိသူတစ် ဦးမှ ၎င်းအားသတ်မှတ်ပေးထားသော လှိုင်းနှုန်းခွင်များအတွင်း လိုင်စင်နှင့်အညီ ထုတ်လွှင့်မှု များအပေါ် ဘေးဖြစ်စေသော လှိုင်းနှုန်းနှောင့်ယှက်မှုကြောင့် (Harmful Interference) လုပ်ငန်း မဆောင်ရွက်နိုင်သည်အထိ အဟန့်အတားဖြစ်ပေါ်လာလျှင် ဦးစီးဌာနက လိုင်စင်ရရှိသူ အသုံးပြုသော ဆက်သွယ်ရေးပစ္စည်းများ၏ထုတ်လွှင့်မှုကို လိုအပ်သလို ပြင်ဆင်ရန် သို့မဟုတ် အပြီးသတ်ဖြေရှင်းပြီးသည်အထိ ၎င်း၏လုပ်ငန်းဆောင်ရွက်မှုကို ရပ်ဆိုင်းထားရန် ညွှန်ကြားနိုင် သည်။

သတ်မှတ်အခကြေးငွေများ ပေးဆောင်ရန်ပျက်ကွက်ခြင်းအတွက် ပြစ်ဒဏ်များ

၃၀။ ဆက်သွယ်ရေးဥပဒေနှင့်သော်လည်းကောင်း၊ အကျုံးဝင်သော စည်းမျဉ်းစည်းကမ်းနှင့်သော် လည်းကောင်း ညီညွတ်ခြင်းမရှိပါက-

(က) နည်းဥပဒေ ၂၈၊ နည်းဥပဒေခွဲ (ဂ) အရ အရေးယူမှုဆောင်ရွက်ရာတွင် လိုင်စင်ရရှိသူသည် ဦးစီးဌာန အားပေးဆောင်ရန် ကျန်ရှိသည့်အခကြေးငွေကို ပေးဆောင်ရမည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း မပေးဆောင်ခဲ့လျှင် ပေးချေရန် စေ့ရောက်သည့်နေ့အထိ နောက်ကြောင်းပြန်၍ သတ်မှတ်ထားသော ရက်လွန်ကြေးနှင့်အတူ ပေးဆောင်ရမည်။

(ခ) လိုင်စင်ရရှိသူသည် ဦးစီးဌာနအားပေးရန်ရှိသည့် မည်သည့်အခကြေးငွေမဆို ပေးချေ ရမည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ပေးချေရန်တမင်ရည်ရွယ်၍ဖြစ်စေ၊ ထပ်ကာ ထပ်ကာဖြစ်စေ ပျက်ကွက်ခဲ့လျှင် ဦးစီးဌာနသည် နည်းဥပဒေ ၂၆၊ နည်းဥပဒေခွဲ (ဃ) အရ အရေးယူဆောင်ရွက်နိုင်သည်။

အခန်း (၄)
ဆက်သွယ်ရေးလှိုင်းနှုန်းခွင် အသုံးပြုခွင့်

အများပြည်သူသုံး မိုဘိုင်းလှိုင်းနှုန်းခွင်အသုံးပြုခွင့်

၃၁။ ဦးစီးဌာနသည်-

(က) အများပြည်သူသို့ ဆက်သွယ်ရေးဝန်ဆောင်မှုများပေးရန်အလို့ငှာ ရေဒီယိုပစ္စည်းများကို အသုံးပြု၍ သတင်းအချက်အလက်များ ထုတ်လွှင့်ခြင်း၊ ဖမ်းယူခြင်း သို့မဟုတ် ထုတ်လွှင့်ခြင်းနှင့် ဖမ်းယူခြင်းတို့အတွက် အများပြည်သူသုံး မိုဘိုင်းလှိုင်းနှုန်းခွင် အသုံးပြုခွင့်ကို ပုဂ္ဂိုလ်များအား ခွင့်ပြုနိုင်သည်။

(ခ) နည်းဥပဒေခွဲ (က) ပါ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ရန် အတွက် ယင်းဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လိုသောပုဂ္ဂိုလ်များအား အများပြည်သူ သုံးမိုဘိုင်းဆက်သွယ်ရေးလှိုင်းနှုန်းခွင်အသုံးပြုခွင့်ကို အိုင်တီယူ၏နိုင်ငံတကာ မိုဘိုင်း ဆက်သွယ်ရေးလှိုင်းနှုန်းသတ်မှတ်ချက်များအား ထည့်သွင်းစဉ်းစား၍ နိုင်ငံလုံးဆိုင်ရာ လှိုင်းနှုန်းစဉ်လျာထားချက်များနှင့် အညီ ခွင့်ပြုရမည်။

(ဂ) လုပ်ငန်းလိုင်စင်လျှောက်ထားစဉ်က အဆိုပြုထားသည့် ဝန်ဆောင်မှုလုပ်ငန်းအပေါ် မူတည်ပြီး ပထဝီဝင် ဒေသ လွှမ်းခြုံမှုကန့်သတ်ချက်များကို ထည့်သွင်းသတ်မှတ်နိုင်သည်။

(ဃ) လှိုင်းနှုန်းနှောင့်ယှက်မှု (frequency interference) လျော့နည်းစေရန်အတွက် နည်းပညာဆိုင်ရာ အချက်များကို အခါအားလျော်စွာသတ်မှတ်နိုင်သည်။

၃၂။ အများပြည်သူသုံး မိုဘိုင်းလှိုင်းနှုန်းခွင် အသုံးပြုခြင်းနှင့်စပ်လျဉ်း၍-

(က) လှိုင်းနှုန်းခွင်အသုံးပြုခွင့် လျှောက်ထားခြင်းမပြုမီ သက်ဆိုင်ရာလုပ်ငန်းလိုင်စင် လိုအပ် သည်။

(ခ) လှိုင်းနှုန်းခွင် အသုံးပြုခွင့်ရရှိသူသည် သတ်မှတ်ထားသော လှိုင်းနှုန်းအသုံးပြုသည့် ရေဒီယိုစခန်းများ၊ ယင်းနှင့်ချိတ်ဆက်သည့် အသုံးပြုသူ၏ရေဒီယိုပစ္စည်းတစ်ခုစီအတွက် သီးခြားခွင့်ပြုချက် ရယူရန် မလိုအပ်ပါ။

(ဂ) ဆက်သွယ်ရေးကွန်ရက်နှင့် အသုံးပြုသူ၏ ရေဒီယိုပစ္စည်းများအတွက် ဦးစီးဌာနမှ ကြိုတင်ခွင့်ပြုချက်ရယူရန် မလိုပါ။

၃၃။ အများပြည်သူသုံးမိုဘိုင်းလှိုင်းနှုန်းခွင် အသုံးပြုခွင့်ရရှိသူအားလုံးသည် အောက်ပါတာဝန်ဝတ္တရား များကို လိုက်နာရမည်-

(က) ဦးစီးဌာနက သတ်မှတ်ထားသော လှိုင်းနှုန်းများ သို့မဟုတ် လှိုင်းနှုန်းခွင်များကိုသာ အသုံးပြု ရမည်။

(ခ) ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတွင် အသုံးပြုသည့်ရေဒီယိုပစ္စည်းများအားလုံးကို မှတ်ပုံတင်ရ မည်။

(ဂ) လှိုင်းနှုန်းနှောင့်ယှက်မှု (frequency interference) ဆိုင်ရာကိစ္စများ ကိုင်တွယ်ဖြေရှင်း နိုင်ရန်အတွက် လိုအပ်သည့်အချက်အလက်များကို မှတ်တမ်းထားရှိရမည်။

၃၄။ လုပ်ငန်းလိုင်စင်ရရှိသူသည် ၎င်း၏ လှိုင်းနှုန်းခွင်အသုံးပြုခွင့်အား ပြန်လည်အပ်နှံလိုပါက-

(က) ဦးစီးဌာနသို့ ကြိုတင်ခွင့်ပြုချက်ရယူရန် လိုအပ်သည်။

(ခ) ပြန်လည်အပ်နှံလိုကြောင်း ကြိုတင်ခွင့်ပြုချက် တောင်းခံခြင်းသည် အပ်နှံမည့်ရက်မတိုင်မီ ရက်ပေါင်း ၁၈၀ ထက်နောက်မကျစေရ။

(ဂ) အပ်နှံခွင့်ပြုခဲ့ပါက ထိခိုက်နစ်နာမှုရှိနိုင်သည့် အသုံးပြုသူများအား ဝန်ဆောင်မှုပေးသည့် အခြားသူများ၏ ဝန်ဆောင်မှုများကို ပြောင်းလဲရယူနိုင်ရေးအတွက် ဦးစီးဌာနမှ ညွှန်ကြားသည့်အတိုင်း ဆောင်ရွက်ပေးရမည်။

၃၅။ အသုံးပြုခွင့်ရရှိသူသည် လှိုင်းနှုန်းစဉ်အသုံးပြုခကို သတ်မှတ်ထားသည့်အတိုင်း ပေးဆောင်ရမည် ဖြစ်ပြီး ဝန်ကြီးဌာနသည် လှိုင်းနှုန်းစဉ်အသုံးပြုခအား အခါအားလျော်စွာ ပြင်ဆင်ပြောင်းလဲ နိုင်သည်။

ရေကြောင်းစခန်းသုံး လှိုင်းနှုန်းခွင်အသုံးပြုခွင့်

၃၆။ ဦးစီးဌာနသည်-

(က) သင်္ဘောအချင်းချင်းဖြစ်စေ၊ သင်္ဘောမှကမ်းခြေသို့ဖြစ်စေ၊ ကမ်းခြေမှသင်္ဘောသို့ဖြစ်စေ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ရန်အတွက် ရေဒီယို ပစ္စည်းများကို အသုံးပြု၍ သတင်းအချက်အလက်များ သို့မဟုတ် အချက်အလက် အကြောင်းအရာများကို ထုတ်လွှင့်ခြင်း၊ ဖမ်းယူခြင်း သို့မဟုတ် ထုတ်လွှင့်ခြင်းနှင့် ဖမ်းယူခြင်းတို့ကို ဆောင်ရွက်လိုသော ပုဂ္ဂိုလ်များအား ခွင့်ပြုနိုင်သည်။

(ခ) နည်းဥပဒေခွဲ (က) ပါ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း များ ဖြည့်ဆည်း ဆောင်ရွက်ရန်အလို့ငှာ ရေကြောင်းစခန်းသုံး လှိုင်းနှုန်းခွင်အသုံးပြုခွင့်ကို ဆောင်ရွက်လို သောပုဂ္ဂိုလ်များအား  နိုင်ငံလုံးဆိုင်ရာ လှိုင်းနှုန်းစဉ်လျာထားချက်များနှင့်အညီ  ခွင့်ပြုရ မည်။

(ဂ) လှိုင်းနှုန်းနှောင့်ယှက်မှု (frequency interference) လျော့နည်းစေရန်အတွက် နည်းပညာ ဆိုင်ရာ အချက်များကို အခါအားလျော်စွာသတ်မှတ်နိုင်သည်။

၃၇။ နည်းဥပဒေ ၃၈ ပါပြဋ္ဌာန်းချက်များသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် မှတ်ပုံတင် ထားသောသင်္ဘောများနှင့် သက်ဆိုင်စေရမည်။

၃၈။ (က) ရေကြောင်းစခန်းတစ်ခုရှိ ရေဒီယိုပစ္စည်းများကို လုပ်ကိုင်ဆောင်ရွက်လိုသူသည် ဝန်ကြီး ဌာနမှအတည်ပြုပြီး ဦးစီးဌာနကထုတ်ပေးသော သက်ဆိုင်ရာကျွမ်းကျင်မှု အောင်လက်မှတ်ရရှိသူဖြစ်ရမည်။

(ခ) ဦးစီးဌာနသည် ဆက်သွယ်ရေးဥပဒေပုဒ်မ ၈၄ (ခ) နှင့်အညီ ကျွမ်းကျင်မှုစစ်ဆေး အောင်မြင်ပြီးသူများကိုသက်ဆိုင်ရာကျွမ်းကျင်မှုအောင်လက်မှတ်ထုတ်ပေးရမည်။

၃၉။ ရေကြောင်းစခန်းသုံး လှိုင်းနှုန်းခွင်အသုံးပြုခြင်းနှင့်စပ်လျဉ်း၍-

(က) အသုံးပြုခွင့်တောင်းခံရာတွင် သက်ဆိုင်ရာလုပ်ငန်းလိုင်စင် မလိုအပ်ပါ။

(ခ) နည်းဥပဒေ ၃၆ အရ လှိုင်းနှုန်းခွင်အသုံးပြုခွင့်တွင် ခွင့်ပြုလှိုင်းနှုန်းများအား အသုံးပြုခွင့် နှင့် အဆိုပါလှိုင်းနှုန်းများအသုံးပြုသည့် အမှန်တကယ်သုံးစွဲသူ၏ ရေဒီယိုပစ္စည်းများကို လုပ်ကိုင်ဆောင်ရွက်ခွင့် နှစ်ရပ်စလုံးပါဝင်သည်။

(ဂ) ရေကြောင်းစခန်းသုံး လှိုင်းနှုန်းခွင်အသုံးပြုသည့် ဆက်သွယ်ရေးပစ္စည်းများကို နည်းဥပဒေ ၃၈ အရ သက်ဆိုင်ရာကျွမ်းကျင်မှု အောင်လက်မှတ်ရရှိသူမှ ဆောင်ရွက်ရန်ဖြစ်သည်။

၄၀။ ရေကြောင်းစခန်းသုံး လှိုင်းနှုန်းခွင်အသုံးပြုခွင့်ရရှိသူအားလုံးသည် အောက်ပါတာဝန် ဝတ္တရား များကို လိုက်နာရမည်-

(က) ဦးစီးဌာနကသတ်မှတ်ထားသော ခွင့်ပြုလှိုင်းနှုန်းများ သို့မဟုတ် လှိုင်းနှုန်းခွင်များကိုသာ အသုံးပြုရမည်။

(ခ) ရေကြောင်းစခန်းသုံး လှိုင်းနှုန်းခွင်အသုံးပြုသည့် ရေဒီယိုပစ္စည်းများအားလုံးကို ဆက်သွယ်ရေး ပစ္စည်း ဆိုင်ရာလိုင်စင်ရယူရမည်။

(ဂ) လှိုင်းနှုန်းနှောင့်ယှက်မှု (frequency interference) ဆိုင်ရာကိစ္စများကိုင်တွယ်ဖြေရှင်း နိုင်ရန် အတွက်လိုအပ်သည့်မှတ်တမ်းများကို ထိန်းသိမ်းထားရှိရမည်။

၄၁။ ရေကြောင်းစခန်းသုံးလှိုင်းနှုန်းခွင်အသုံးပြုခွင့်သက်တမ်းသည် ၅ နှစ်ဖြစ်ပြီး နည်းဥပဒေ ၁၆ မှ ၂၀ အထိပြဋ္ဌာန်းချက်များအရ သက်တမ်းတိုးမြှင့်နိုင်သည်။

၄၂။ အသုံးပြုခွင့်ရရှိသူသည် လှိုင်းနှုန်းစဉ်အသုံးပြုခကို သတ်မှတ်ထားသည့်အတိုင်း ပေးဆောင်ရမည် ဖြစ်ပြီးဝန်ကြီးဌာနသည် လှိုင်းနှုန်းစဉ်အသုံးပြုခအား အခါအားလျော်စွာ ပြင်ဆင်ပြောင်းလဲနိုင် သည်။

လေကြောင်းစခန်းသုံး လှိုင်းနှုန်းခွင်အသုံးပြုခွင့်

၄၃။ ဦးစီးဌာနသည်-

(က) လေယာဉ်မှဖြစ်စေ၊ လေယာဉ်သို့ဖြစ်စေ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ ဖြည့်ဆည်း ဆောင်ရွက်နိုင်ရန်အတွက် ရေဒီယိုပစ္စည်းများကိုအသုံးပြု၍ သတင်းအချက် အလက်များ သို့မဟုတ် အချက်အလက်အကြောင်းအရာများ ထုတ်လွှင့်ခြင်း၊ ဖမ်းယူခြင်း သို့မဟုတ် ထုတ်လွှင့်ခြင်းနှင့် ဖမ်းယူခြင်းတို့ကို ဆောင်ရွက်လိုသောပုဂ္ဂိုလ်များအား ခွင့်ပြုနိုင်သည်။

(ခ) နည်းဥပဒေခွဲ (က) ပါ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက် လိုသော ပုဂ္ဂိုလ်များအား လေကြောင်းစခန်းသုံးလှိုင်းနှုန်းခွင်အသုံးပြုခွင့်ကို နိုင်ငံလုံးဆိုင် ရာ လှိုင်းနှုန်းစဉ်လျာ ထားချက်များနှင့်အညီ ခွင့်ပြုရမည်။

(ဂ) လှိုင်းနှုန်းနှောင့်ယှက်မှု (frequency interference) လျော့နည်းစေရန်အတွက် နည်းပညာဆိုင်ရာ အချက်များကို အခါအားလျော်စွာသတ်မှတ်နိုင်သည်။

၄၄။ ဤနည်းဥပဒေများ ပါပြဋ္ဌာန်းချက်များသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် မှတ်ပုံတင်ထားသော လေယာဉ်များနှင့် သက်ဆိုင်စေရမည်။

၄၅။ (က) လေကြောင်းစခန်းတစ်ခုရှိ ရေဒီယိုပစ္စည်းများကို လုပ်ကိုင်ဆောင်ရွက်လိုသူသည် ဦးစီးဌာန က ထုတ်ပေးသောသက်ဆိုင်ရာကျွမ်းကျင်မှု အောင်လက်မှတ်ရရှိသူ ဖြစ်ရမည်။

(ခ) ဦးစီးဌာနသည် ဆက်သွယ်ရေးဥပဒေပုဒ်မ ၈၄ (ခ) နှင့်အညီ ကျွမ်းကျင်မှုစစ်ဆေး အောင်မြင်ပြီးသူ များကိုသက်ဆိုင်ရာကျွမ်းကျင်မှု အောင်လက်မှတ်ထုတ်ပေးရမည်။

၄၆။  လေကြောင်းစခန်းသုံး လှိုင်းနှုန်းခွင် အသုံးပြုခြင်းနှင့်စပ်လျဉ်း၍-

(က) အသုံးပြုခွင့်တောင်းခံရာတွင် သက်ဆိုင်ရာလုပ်ငန်းလိုင်စင် မလိုအပ်ပါ။

(ခ) နည်းဥပဒေ ၄၃ အရလှိုင်းနှုန်းခွင် အသုံးပြုခွင့်တွင် ခွင့်ပြုလှိုင်းနှုန်းများအား အသုံးပြု ခွင့်နှင့် အဆိုပါလှိုင်းနှုန်းများအသုံးပြုသည့် အမှန်တကယ်သုံးစွဲသူ၏ ရေဒီယိုပစ္စည်းများကို လုပ်ကိုင်ဆောင်ရွက်ခွင့် နှစ်ရပ်စလုံးပါဝင်သည်။

(ဂ) လေကြောင်းဆက်သွယ်ရေး (aeronautical communication) ကို နည်းဥပဒေ ၄၅ အရသက်ဆိုင်ရာ ကျွမ်းကျင်မှု အောင်လက်မှတ်ရရှိသူမှ ဆောင်ရွက်ရန်ဖြစ်သည်။

၄၇။ လေကြောင်းစခန်းသုံး လှိုင်းနှုန်းခွင်အသုံးပြုခွင့် ရရှိသူအားလုံးသည် အောက်ပါတာဝန် ဝတ္တရားများ ကို လိုက်နာရမည်-

(က) ဦးစီးဌာနကသတ်မှတ်ထားသော ခွင့်ပြုလှိုင်းနှုန်းများ သို့မဟုတ် လှိုင်းနှုန်းခွင်များကိုသာ အသုံးပြု ရမည်။

(ခ) လေကြောင်းစခန်းသုံး လှိုင်းနှုန်းခွင်အသုံးပြုသည့် ရေဒီယိုပစ္စည်းများအားလုံးကို ဆက်သွယ်ရေး ပစ္စည်းဆိုင်ရာလိုင်စင်ရယူရမည်။

(ဂ) လှိုင်းနှုန်းနှောင့်ယှက်မှု (frequency interference) ဆိုင်ရာကိစ္စများ ကိုယ်တွယ် ဖြေရှင်းနိုင်ရန် အတွက်လိုအပ်သည့်မှတ်တမ်းများကို ထိန်းသိမ်းထားရှိရမည်။

၄၈။ လေကြောင်းစခန်းသုံး လှိုင်းနှုန်းခွင်အသုံးပြုခွင့်သက်တမ်းသည် ၅ နှစ်ဖြစ်ပြီး နည်းဥပဒေ ၁၆ မှ ၂၀ အထိပြဋ္ဌာန်းချက်များအရ သက်တမ်းတိုးမြှင့်နိုင်သည်။

၄၉။ အသုံးပြုခွင့်ရရှိသူသည် လှိုင်းနှုန်းစဉ်အသုံးပြုခကို သတ်မှတ်ထားသည့်အတိုင်း ပေးဆောင်ရမည် ဖြစ်ပြီးဝန်ကြီးဌာနသည် လှိုင်းနှုန်းစဉ်အသုံးပြုခအား အခါအားလျော်စွာပြင်ဆင် ပြောင်းလဲနိုင်သည်။

ဂြိုဟ်တုလှိုင်းနှုန်းခွင် အသုံးပြုခွင့်

၅၀။ ဦးစီးဌာနသည်-

(က) ကိုယ်တိုင်အသုံးပြုရန်အတွက်ဖြစ်စေ၊ အမှန်တကယ်သုံးစွဲသူများသို့ ရောင်းချရန် အတွက်ဖြစ်စေ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေးရန် အလို့ငှာ ဂြိုဟ်တုဆက်သွယ် ရေးနည်းအားဖြင့် သတင်းအချက်အလက်များ သို့မဟုတ် အချက်အလက်အကြောင်းအရာများ ထုတ်လွှင့်ခြင်း၊ ဖမ်းယူခြင်း သို့မဟုတ် ထုတ်လွှင့်ခြင်းနှင့်ဖမ်းယူခြင်းတို့ကို ခွင့်ပြုနိုင်သည်။

(ခ) နည်းဥပဒေခွဲ (က) ပါ ဂြိုဟ်တုဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ ဖြည့်ဆည်း ဆောင်ရွက်ရန်အတွက် လှိုင်းနှုန်းခွင်အသုံးပြုခွင့်ကိုနိုင်ငံလုံးဆိုင်ရာ လှိုင်းနှုန်းစဉ်လျာထား ချက်များနှင့်အညီ ခွင့်ပြုရ မည်။

(ဂ) ဂြိုဟ်တုလှိုင်းနှုန်းခွင်အသုံးပြုခွင့်ကို ဦးရာလူစနစ်ဖြင့် ခွင့်ပြုရမည်။ လိုအပ်ပါက လေလံ စနစ်ဖြင့် သို့မဟုတ် တင်ဒါစနစ်ကို အသုံးပြုနိုင်သည်။

၅၁။ အောက်ပါကိစ္စရပ်များကို ဂြိုဟ်တုလှိုင်းနှုန်းခွင်အသုံးပြုခွင့် လျှောက်ထားရမည်-

(က) Very Small Apature Terminal- VSAT အသုံးပြုခြင်း၊

(ခ) သတင်းများကို ဂြိုဟ်တုဆက်သွယ်ရေးနည်းဖြင့် စုဆောင်းခြင်းလုပ်ငန်း၊

(ဂ) သင်္ဘောနှင့်လေယာဉ်တို့တွင်တပ်ဆင်ထားသော ဂြိုဟ်တုဆက်သွယ်ရေးစနစ်များ၊

(ဃ) မြေပြင်စခန်းမှ ဂြိုဟ်တုသို့ ထုတ်လွှင့်ခြင်းလုပ်ငန်းများ

(င) မိုဘိုင်းဂြိုဟ်တုဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ၊

(စ) DTH (Direct to Home) စနစ်အပါအဝင် ဂြိုဟ်တုရုပ်မြင်သံကြား ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းများ။

၅၂။ နိုင်ငံတကာဂြိုဟ်တုဆက်သွယ်ရေးအော်ပရေတာများနှင့်စပ်လျဉ်း၍-

(က) အခြားနိုင်ငံတစ်နိုင်ငံ၏ စည်းမျဉ်းနှင့်အညီ ဂြိုဟ်တုလွှတ်တင်ကာ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရရှိထားသော ဂြိုဟ်တုဆက်သွယ်ရေးအော်ပရေတာများသည် မြန်မာနိုင်ငံရှိ အမှန်တကယ်သုံးစွဲသူများသို့ ဂြိုဟ်တုဆက်သွယ်ရေးဝန်ဆောင်မှုများကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်သည်။ ထို့အပြင် အမှန်တကယ်သုံးစွဲသူများသို့ ဝန်ဆောင်မှုပေး နေသည့် ဂြိုဟ်တုဆက်သွယ်ရေးဝန်ဆောင်မှု ပေးသူများ အား ဆက်သွယ်မှု ပမာဏ(capacity)  ဖြည့်ဆည်းပေးနိုင်သည်။

(ခ) နည်းဥပဒေ ၅၀ အရ လှိုင်းနှုန်းခွင်အသုံးပြုခွင့်တွင် ခွင့်ပြုလှိုင်းနှုန်းများ အသုံးပြုခွင့်နှင့် အဆိုပါ လှိုင်းနှုန်းကိုအသုံးပြုသည့် မြန်မာနိုင်ငံအတွင်းရှိ ရေဒီယိုပစ္စည်းများ အသုံးပြုခွင့် နှစ်ရပ်စလုံးပါဝင်သည်။

(ဂ) နိုင်ငံတကာဂြိုဟ်တုအော်ပရေတာများသည် အမှန်တကယ်သုံးစွဲသူများသို့ ဂြိုဟ်တု ဆက်သွယ်ရေးဝန်ဆောင်မှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်အတွက် လိုင်စင်ထုတ် ပေးခြင်းဆိုင်ရာ နည်းဥပဒေများတွင် ဖော်ပြထားသည့်သင့်လျော်သော လုပ်ငန်းလိုင်စင် ကိုရယူရမည်။

(ဃ) နိုင်ငံတကာဂြိုဟ်တုအော်ပရေတာများမှ တိုက်ရိုက်ဖြစ်စေ၊ ကိုယ်စားလှယ်မှ တစ်ဆင့် ဖြစ်စေ အသုံးပြုသူများသို့ ရေဒီယိုဆက်သွယ်ရေးပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်း အတွက် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၂၇ အရဦးစီးဌာနမှ နည်းပညာဆိုင်ရာ ထောက်ခံချက် ရယူရန် လိုအပ်သည်။

၅၃။ ဂြိုဟ်တုစနစ်အသုံးပြုသော လက်ခံမှုသက်သက်သာဆောင်ရွက်သည့် ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍-

(က) ဂြိုဟ်တုရုပ်မြင်သံကြားထုတ်လွှင့်ခြင်းလုပ်ငန်း ဆောင်ရွက်လိုသူမည်သူမဆို ပြန်ကြားရေး ဝန်ကြီး ဌာနမှ သီးခြားရုပ်သံထုတ်လွှင့်ခွင့်လိုင်စင်ရယူရန် လိုအပ်သည်။

(ခ) ဦးစီးဌာနသည် နည်းဥပဒေခွဲ (က) အရ ပြန်ကြားရေးဝန်ကြီးဌာနမှ ရုပ်သံထုတ်လွှင့်ခွင့် လိုင်စင်ရရှိပြီးသောပုဂ္ဂိုလ်များမှ ဂြိုဟ်တုလှိုင်းနှုန်းခွင် အသုံးပြုခွင့် လျှောက်ထားလာပါက ရက်ပေါင်း ၃၀ အတွင်း အသုံးပြုခွင့် ရှိ မရှိ စိစစ်ဆောင်ရွက်ပေးရမည်။

(ဂ) ဂြိုဟ်တုရုပ်မြင်သံကြားအချက်အလက်ပေးပို့သည် လုပ်ငန်းဆောင်ရွက်လိုသူမည်သူမဆို ပြန်ကြားရေး ဝန်ကြီးဌာနမှ သီးခြားရုပ်သံထုတ်လွှင့်ခွင့်လိုင်စင် ရယူရန်လိုအပ်သည်။ ဦးစီးဌာနမှ ဂြိုဟ်တုလှိုင်းနှုန်းစဉ် အသုံးပြုခွင့် ရယူရန်လိုအပ်သည်။

(ဃ) မည်သူမဆိုဂြိုဟ်တုတစ်ခုမှ ထုတ်လွှင့်မှုများကို လက်ခံမှုသက်သက်သာ လုပ်နိုင်စွမ်းရှိပြီး ထုတ်လွှင့်နိုင်စွမ်းမရှိသော ဆက်သွယ်ရေးစက်များကို အမှန်တကယ်အသုံးပြုသူများသို့ ဖြန့်ဖြူးရောင်းချ ခြင်းအတွက် ဆက်သွယ်ရေးဥပဒေပုဒ်မ ၂၇ အရ ဦးစီးဌာနမှ  နည်းပညာ ဆိုင်ရာ ထောက်ခံချက်ရယူရန် လိုအပ်သည်။

၅၄။ ဂြိုဟ်တုလှိုင်းနှုန်းခွင် အသုံးပြုခြင်းနှင့်စပ်လျဉ်း၍-

(က) နည်းဥပဒေ ၅၀ အရလှိုင်းနှုန်းခွင်အသုံးပြုခွင့်တွင် ခွင့်ပြုလှိုင်းနှုန်းများ အသုံးပြုခွင့်နှင့် အဆိုပါ လှိုင်းနှုန်းများအသုံးပြုသည့် အမှန်တကယ်သုံးစွဲသူ၏ ရေဒီယိုပစ္စည်းများကို လုပ်ကိုင်ဆောင်ရွက်ခွင့် နှစ်ရပ်စလုံးပါဝင်သည်။

(ခ) နိုင်ငံလုံးဆိုင်ရာ လှိုင်းနှုန်းစဉ်လျာထားချက်တွင် ဂြိုဟ်တုဝန်ဆောင်မှုလုပ်ငန်းများအတွက် သတ်မှတ်သောလှိုင်းနှုန်းများမှအပ အခြားသောလှိုင်းနှုန်းများကိုအသုံးပြုခြင်း မရှိစေရ။

(ဂ) ဆက်သွယ်ရေးဆက်ကြောင်း(fixed service) နှင့်လှိုင်းနှုန်းမျှဝေအသုံးပြုခြင်းတွင် လှိုင်းနှုန်းနှောင့် ယှက်မှုကို ရှောင်ကြဉ်သည့်လုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် မျှဝေအသုံးပြုမှုဆန်းစစ်ချက် (sharing analysis) ပြုလုပ်ရန်လိုသည်။

(ဃ) အမှန်တကယ်အသုံးပြုသူများသို့ ဖြည့်ဆည်းပေးသည့် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများအတွက် သက်ဆိုင်ရာလုပ်ငန်းလိုင်စင်လိုအပ်သည်။ ထို့အပြင် လုပ်ငန်း လိုင်စင်ရရှိထားသော ကွန်ရက်တစ်ခုကို အပြန်အလှန်ချိတ်ဆက်ပေးသော မည်သည့် ဝန်ဆောင်မှုလုပ်ငန်းအတွက်မဆို သက်ဆိုင်ရာလုပ်ငန်းလိုင်စင်လိုအပ်သည်။ အဆိုပါ အပြန်အလှန်ချိတ်ဆက်ပေးခြင်းသည် ကုမ္ပဏီတစ်ခု၏အဖွဲ့ဝင်များနှင့် ယင်း၏ဆက်စပ် ပါဝင်နေသော အဖွဲ့အစည်းများ (Affiliates) အတွင်း ကိုယ်ပိုင်အသုံးပြုမှုနှင့် အဖွဲ့ အစည်းအတွင်း အသုံးပြုမှုအတွက် လုပ်ငန်းလိုင်စင်မလိုအပ်ပါ။

(င) ကွန်ရက်အထောက်အကူပြုပစ္စည်းများနှင့် အမှန်တကယ်အသုံးပြုသူ၏ ရေဒီယိုပစ္စည်း များသည် ဆက်သွယ်ရေးဥပဒေပုဒ်မ ၂၆ အရ ဦးစီးဌာနမှ သတ်မှတ်ထားသည့် ဆက်သွယ်ရေးပစ္စည်းများ၏ စံချိန်စံညွှန်းနှင့်ကိုက်ညီရမည်။

(စ) ဤနည်းဥပဒေအရ ခွင့်ပြုသည့် အမှန်တကယ်သုံးစွဲသူ၏ရေဒီယိုပစ္စည်းများသည် ဝန်ကြီး ဌာနနှင့် ဦးစီးဌာနမှ သတ်မှတ်ထားသောနည်းပညာစံချိန်စံညွှန်းများနှင့် ကိုက်ညီရမည်။

(ဆ) ဤနည်းဥပဒေပါပြဋ္ဌာန်းချက်များအရခွင့်ပြုသည့် ဂြိုဟ်တုလှိုင်းနှုန်းခွင်အသုံးပြုခွင့်သည် အမှန်တကယ်သုံးစွဲသူ၏ ရေဒီယိုပစ္စည်းအရေအတွက်ကို ကန့်သတ်မထားဘဲ တပ်ဆင် ခွင့်ပြုနိုင်သည်။

(ဇ) အခြားဝန်ဆောင်မှုလုပ်ငန်းများနှင့် လိုင်စင်ရရှိသူများအား လှိုင်းနှုန်းနှောင့်ယှက်မှု (frequency interference) လျော့နည်းစေရန်အတွက် ဦးစီးဌာနသည် နည်းပညာ ဆိုင်ရာအချက်များကို အခါအားလျော်စွာ သတ်မှတ်နိုင်သည်။

၅၅။ ဂြိုဟ်တုလှိုင်းနှုန်းခွင် အသုံးပြုခွင့်ရရှိထားသူသည် အောက်ပါတာဝန်ဝတ္တရားများကို လိုက်နာရ မည်-

(က) သက်ဆိုင်ရာစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အာကာသအစိတ်အပိုင်း (space segment) တစ်ခုခုကို အသုံးပြုခွင့်အတွက် ဦးစီးဌာနမှ ကြိုတင်ခွင့်ပြုချက် ရယူရမည်။

(ခ) ဂြိုဟ်တုအော်ပရေတာအတွက် သတ်မှတ်ထားသောအချက်အလက်များကို ဂြိုဟ်တုအသုံး မပြုမီ ဦးစီးဌာနသို့ ကြိုတင်ပေးပို့ရမည်။

(ဂ) ဂြိုဟ်တုလှိုင်းနှုန်းခွင်အသုံးပြုခွင့်ရယူပြီးက အခကြေးငွေများအား ပေးဆောင်ရမည်။

(ဃ) ဦးစီးဌာနကသတ်မှတ်ထားသော ခွင့်ပြုလှိုင်းနှုန်းများ သို့မဟုတ် လှိုင်းနှုန်းခွင်များကိုသာ အသုံးပြု ရမည်။

၅၆။ ဂြိုဟ်တုလှိုင်းနှုန်းခွင် အသုံးပြုခွင့်သက်တမ်းသည် ၁၅ နှစ်ဖြစ်ပြီး နည်းဥပဒေ ၁၆ မှ ၂၀ အထိ ပြဋ္ဌာန်းချက်များအရ သက်တမ်းတိုးမြှင့်နိုင်သည်။

၅၇။ အသုံးပြုခွင့်ရရှိသူသည် လှိုင်းနှုန်းခွင်အသုံးပြုခကို သတ်မှတ်ထားသည့်အတိုင်း ပေးဆောင်ရမည် ဖြစ်ပြီး ဝန်ကြီးဌာနသည် လှိုင်းနှုန်းစဉ်အသုံးပြုခအား အခါအားလျော်စွာ ပြင်ဆင်ပြောင်းလဲ နိုင်သည်။

ပုဂ္ဂလိကကွန်ရက်လှိုင်းနှုန်းခွင် အသုံးပြုခွင့်

၅၈။ ဦးစီးဌာနသည်-

(က) မြေပြင်ဆက်သွယ်ရေးနည်းအားဖြင့် ယင်းတို့အချင်းချင်း နှစ်ဖက်ချိတ်ဆက်ဝန်ဆောင်မှု များ (two way communication services) ပေးခြင်းအတွက် သတင်းအချက်အလက် များကို ထုတ်လွှင့်ခြင်း၊ ဖမ်းယူခြင်း သို့မဟုတ် ထုတ်လွှင့်ခြင်းနှင့်ဖမ်းယူခြင်းတို့ကို ခွင့်ပြုနိုင်သည်။

(ခ) နည်းဥပဒေခွဲ (က) ပါဝန်ဆောင်မှုလုပ်ငန်းများအတွက် ပုဂ္ဂလိကကွန်ရက်ဆက်သွယ်ရေး လှိုင်းနှုန်းခွင် အသုံးပြုခွင့်ကို နိုင်ငံလုံးဆိုင်ရာ လှိုင်းနှုန်းစဉ်လျာထားချက်များနှင့်အညီ ခွင့်ပြုရမည်။

(ဂ) ပုဂ္ဂလိကကွန်ရက်လှိုင်းနှုန်းခွင် အသုံးပြုခွင့်ကို ဦးရာလူစနစ်ဖြင့် ခွင့်ပြုရမည်။ လိုအပ်ပါက လေလံစနစ် သို့မဟုတ် တင်ဒါစနစ်ကိုအသုံးပြုနိုင်သည်။

(ဃ) အဖွဲ့အစည်းတစ်ခုခု၏အဖွဲ့ဝင်များနှင့် ယင်း၏ဆက်စပ်ပါဝင်နေသော အဖွဲ့အစည်းများ (Affiliates) အတွင်းကိုယ်ပိုင်ဆက်သွယ်မှုနှင့် အဖွဲ့အစည်းအတွင်း ဆက်သွယ်မှုအတွက် ပုဂ္ဂလိကကွန်ရက်လှိုင်းနှုန်း ခွင်ကို ခွင့်ပြုနိုင်သည်။

(င) လှိုင်းနှုန်းခွင် အသုံးပြုခွင့် လျှောက်ထားစဉ်က အဆိုပြုထားသည့် လုပ်ငန်းအပေါ်မူတည်၍ ပထဝီဝင်ဒေသလွှမ်းခြုံမှု ကန့်သတ်ချက်များကို သတ်မှတ်နိုင်သည်။

(စ) အခြားဝန်ဆောင်မှုလုပ်ငန်းများနှင့် လိုင်စင်ရရှိသူများအား လှိုင်းနှုန်းနှောင့်ယှက်မှု (frequency interference) လျော့နည်းစေရန်အတွက် နည်းပညာဆိုင်ရာအချက်များကို အခါအားလျော်စွာသတ်မှတ် နိုင်သည်။

၅၉။ ပုဂ္ဂလိကကွန်ရက်လှိုင်းနှုန်းခွင်အသုံးပြုခြင်းနှင့် စပ်လျဉ်း၍-

(က) အသုံးပြုခွင့်တောင်းခံရာတွင်  သက်ဆိုင်ရာလုပ်ငန်းလိုင်စင် မလိုအပ်ပါ။

(ခ) နည်းဥပဒေ ၅၈ အရ လှိုင်းနှုန်းခွင်အသုံးပြုခွင့်တွင် ခွင့်ပြုလှိုင်းနှုန်းများ အသုံးပြုခွင့်နှင့် အဆိုပါ လှိုင်းနှုန်းများအသုံးပြုသည့် အမှန်တကယ်သုံးစွဲသူ၏ ရေဒီယိုပစ္စည်းများကို လုပ်ကိုင်ဆောင်ရွက်ခွင့် နှစ်ရပ်စလုံးပါဝင်သည်။

(ဂ) ဤအခန်းအရ ခွင့်ပြုသောလှိုင်းနှုန်းခွင်အသုံးပြုခွင့်အရ အမှန်တကယ်သုံးစွဲသူ အသုံးပြု သည့် ရေဒီယိုပစ္စည်းများ၏ အရေအတွက်ကို လိုအပ်သလို တပ်ဆင်နိုင်သည်။

(ဃ) ကွန်ရက်အထောက်အကူပြုပစ္စည်းနှင့် အမှန်တကယ်အသုံးပြုသူ၏ ရေဒီယိုပစ္စည်းများ အတွက်  လုပ်ငန်းများစတင်လည်ပတ်ခြင်းမပြုမီ ဦးစီးဌာနထံမှ ကြိုတင်ခွင့်ပြုချက် မလိုအပ်ပါ။ သို့ရာတွင် ကွန်ရက်အထောက်အကူပြုပစ္စည်းနှင့်  အမှန်တကယ် အသုံးပြုသူ၏ ရေဒီယိုပစ္စည်းများသည် ဆက်သွယ်ရေးဥပဒေပုဒ်မ ၂၆ အရ ဦးစီးဌာနမှ သတ်မှတ်ထားသည့် ဆက်သွယ်ရေးပစ္စည်းများ ဖြစ်ရမည်။

၆၀။ ပုဂ္ဂလိကကွန်ရက်လှိုင်းနှုန်းခွင်အသုံးပြုခွင့်ရရှိထားသူသည် အောက်ပါတာဝန်ဝတ္တရားများကို လိုက်နာရမည်-

(က) ဦးစီးဌာနကသတ်မှတ်ထားသော ခွင့်ပြုလှိုင်းနှုန်းများ သို့မဟုတ် လှိုင်းနှုန်းခွင်များကိုသာ အသုံးပြု ရမည်။

(ခ) ပုဂ္ဂလိကကွန်ရက် လှိုင်းနှုန်းခွင် အသုံးပြုသည့်ရေဒီယိုပစ္စည်းများအားလုံးကို ဆက်သွယ် ရေးပစ္စည်း ဆိုင်ရာလိုင်စင်ရယူရမည်။

(ဂ) ကွန်ရက်အထောက်အကူပြုပစ္စည်းနှင့် အမှန်တကယ်အသုံးပြုသူ၏ ရေဒီယိုပစ္စည်းများ သည် ဆက်သွယ်ရေးဥပဒေပုဒ်မ ၂၆ အရ ဦးစီးဌာနက သတ်မှတ်ထားသည့် ဆက်သွယ် ရေးပစ္စည်းများ၏ စံချိန်စံညွှန်းနှင့်ကိုက်ညီရမည်။

(ဃ) အသုံးပြုသည့်တာဝါနှင့် အင်တာနာအားလုံးကို မှတ်ပုံတင်ရမည်။ ထို့အပြင်တာဝါ တည်ဆောက်ခြင်းအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဒေသဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများထံမှ ခွင့်ပြုချက် များရယူရန်လိုအပ်သည်။

(င) လှိုင်းနှုန်းနှောင့်ယှက်မှု (frequency interference) ဆိုင်ရာကိစ္စများကိုင်တွယ်ဖြေရှင်း နိုင်ရန် အတွက်လိုအပ်သည့်မှတ်တမ်းများကို ထိန်းသိမ်းထားရှိရမည်။

၆၁။ ပုဂ္ဂလိကကွန်ရက်လှိုင်းနှုန်းခွင် အသုံးပြုခွင့် သက်တမ်းသည် ၁၅ နှစ်ဖြစ်ပြီး နည်းဥပဒေ ၁၆ မှ ၂၀ အထိ ပြဋ္ဌာန်းချက်များအရ သက်တမ်းတိုးမြှင့်နိုင်သည်။

၆၂။ အသုံးပြုခွင့်ရရှိသူသည် လှိုင်းနှုန်းစဉ်အသုံးပြုခကို သတ်မှတ်ထားသည့်အတိုင်း ပေးဆောင်ရမည် ဖြစ်ပြီး ဝန်ကြီးဌာနသည် လှိုင်းနှုန်းစဉ်အသုံးပြုခအား အခါအားလျော်စွာ ပြင်ဆင်ပြောင်းလဲ နိုင်သည်။

ဆက်သွယ်ရေးဆက်ကြောင်းသုံး လှိုင်းနှုန်းခွင် (Fixed Spectrum) အသုံးပြုခွင့်

၆၃။ ဦးစီးဌာနသည်-

(က) ပုဂ္ဂိုလ်၊ ဌာနအဖွဲ့အစည်းများအား ကိုယ်တိုင်အသုံးပြုရန်အတွက်ဖြစ်စေ၊ အခြားပုဂ္ဂိုလ် တစ်ဦးဦး အားရောင်းချရန်အတွက်ဖြစ်စေ ဆက်သွယ်ရေးဆက်ကြောင်းသုံးရေဒီယို ဆက်သွယ်ရေးပစ္စည်းများအသုံးပြု၍ သတင်းအချက်အလက်များကိုထုတ်လွှင့်ခြင်း၊ ဖမ်းယူခြင်း သို့မဟုတ် ထုတ်လွှင့်ခြင်းနှင့်ဖမ်း ယူခြင်းတို့ကို ခွင့်ပြုနိုင်သည်။

(ခ) နိုင်ငံလုံးဆိုင်ရာ  လှိုင်းနှုန်းစဉ်လျာထားချက်အရ ပုဂ္ဂိုလ်များအား နည်းဥပဒေခွဲ (က) ပါ ဝန်ဆောင်မှုလုပ်ငန်းများအတွက် ဆက်သွယ်ရေးဆက်ကြောင်းသုံးလှိုင်းနှုန်းခွင် အသုံးပြု ခွင့်ကို ခွင့်ပြုရမည်။

(ဂ) ဆက်သွယ်ရေးဆက်ကြောင်းသုံး လှိုင်းနှုန်းခွင်အသုံးပြုခွင့်ကို ဦးရာလူစနစ်ဖြင့် ခွင့်ပြု သည်။ လိုအပ်ပါက လေလံစနစ်နှင့် တင်ဒါစနစ်ကိုလည်း အသုံးပြုနိုင်သည်။

၆၄။ ဆက်သွယ်ရေးဆက်ကြောင်းသုံး လှိုင်းနှုန်းခွင်အသုံးပြုခွင့်တွင် အောက်ပါတို့ပါဝင်သည်-

(က) တည်နေရာတစ်ခုမှ တစ်ခုသို့ သို့မဟုတ် တည်နေရာတစ်ခုမှ တည်နေရာအမြောက် အမြားသို့ ထုတ်လွှင့်ဖမ်းယူရာတွင် အသုံးပြုသည့် ဆက်သွယ်ရေးပစ္စည်းများ၊

(ခ) သယ်ယူရလွယ်ကူသော်လည်း နေရာအတိအကျ သတ်မှတ်သုံးစွဲသော  ရေဒီယိုပစ္စည်း များ။

၆၅။ ဆက်သွယ်ရေးဆက်ကြောင်းသုံး လှိုင်းနှုန်းခွင် အသုံးပြုခြင်းနှင့် စပ်လျဉ်း၍-

(က) အခြားပုဂ္ဂိုလ်တစ်ဦးသို့ ဆက်သွယ်ရေးဆက်ကြောင်းဝန်ဆောင်မှုရောင်းချရန် (for sale) အတွက် သက်ဆိုင်ရာလုပ်ငန်းလိုင်စင်လိုအပ်သည်။ ထို့အပြင် လိုင်စင်ရရှိထားသော ကွန်ရက်အချင်းချင်းအကြား အပြန်အလှန်ဆက်သွယ်မှုပေးသော ဝန်ဆောင်မှုလုပ်ငန်းများ အတွက် သက်ဆိုင်ရာလုပ်ငန်း လိုင်စင်လိုအပ်သည်။

(ခ) ဆက်သွယ်ရေးဆက်ကြောင်းတည်ထောင်ခြင်းသည် အဖွဲ့အစည်းတစ်ခု၏ အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ပုဂ္ဂိုလ်များအကြား ကိုယ်ပိုင်သုံးစွဲမှုနှင့်  အဖွဲ့အစည်းအတွင်း သုံးစွဲမှုအတွက် ပြုလုပ်ခြင်း ဖြစ်ပါကလုပ်ငန်းလိုင်စင်မလိုအပ်ပါ။

(ဂ) နည်းဥပဒေ ၆၃ အရ လှိုင်းနှုန်းခွင်အသုံးပြုခွင့်တွင် ခွင့်ပြုလှိုင်းနှုန်းများ အသုံးပြုခွင့်နှင့် အဆိုပါ လှိုင်းနှုန်းများအသုံးပြုသည့် အမှန်တကယ်သုံးစွဲသူ၏ ရေဒီယိုပစ္စည်းများကို လုပ်ကိုင်ဆောင်ရွက်ခွင့် နှစ်ရပ်စလုံးပါဝင်သည်။

(ဃ) ဆက်သွယ်ရေးဆက်ကြောင်းသုံး လှိုင်းနှုန်းခွင်အသုံးပြုခွင့်လျှောက်ထားသူသည် လုပ်ငန်း မစတင်မီ ယင်း၏လုပ်ငန်းဆောင်ရွက်ချက်ကြောင့် ဆက်သွယ်ရေးဆက်ကြောင်း (fixed service) ဆောင်ရွက်နေသည့်အခြားအသုံးပြုခွင့်ရရှိသူများကို လှိုင်းနှုန်းနှောင့်ယှက်မှု ဖြစ်နိုင်ခြေ ရှိ မရှိ ဆုံးဖြတ်နိုင်ရန် လေ့လာချက် (study) တစ်ခုကိုပြီးပြည့်စုံအောင် ဆောင်ရွက်ရမည်။ ခွင့်ပြုချက် လျှောက်ထားသည့်အခါ အဆိုပါလေ့လာချက် (study) ကိုပူးတွဲတင်ပြရမည်။

(င) လှိုင်းနှုန်းနှောင့်ယှက်မှု ဖြစ်နိုင်ခြေလေ့လာချက် (study) အပေါ်မူတည်၍ အသုံးပြုခွင့် ရရှိသူသည် ဆက်သွယ်ရေးဆက်ကြောင်း (fixed service) ဆောင်ရွက်နေသည့် အခြားအသုံးပြုခွင့်ရရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည်။

(စ) ကွန်ရက်အထောက်အကူပြုပစ္စည်းနှင့် အမှန်တကယ်အသုံးပြုသူ၏ရေဒီယိုပစ္စည်းများ သည် ဆက်သွယ်ရေးဥပဒေပုဒ်မ ၂၆ အရ ဦးစီးဌာနမှ သတ်မှတ်ထားသည့် ဆက်သွယ် ရေးပစ္စည်းများ၏ စံချိန်စံညွှန်းနှင့်ကိုက်ညီရမည်။

(ဆ) ဆက်သွယ်ရေးဆက်ကြောင်းသုံး လှိုင်းနှုန်းခွင်အသုံးပြုခွင့် လျှောက်ထားသော စခန်း ၂ ခုသည် ဖော်ပြပါဇယားပါ အကွာအဝေးထက် လျော့နည်းခြင်းမရှိစေရ-


အသုံးပြုလှိုင်းနှုန်းခွင်
အနည်းဆုံးအကွာအဝေး
4 GHZ
၁၀ ကီလိုမီတာ
5 GHZ
၁၀ ကီလိုမီတာ
6 GHZ (5.925-6.425 GHZ)
၁၀ ကီလိုမီတာ
6 GHZ (6.425-7.125 GHZ)
၁၀ ကီလိုမီတာ
7 GHZ
၁၀ ကီလိုမီတာ
8 GHZ
၁၀ ကီလိုမီတာ
10 GHZ
၅ ကီလိုမီတာ
11 GHZ
၅ ကီလိုမီတာ
13 GHZ
၅ ကီလိုမီတာ
15 GHZ
၅ ကီလိုမီတာ
18 GHZ
၅ ကီလိုမီတာ
23 GHZ
၁ ကီလိုမီတာ

(ဇ) အခြားဝန်ဆောင်မှုလုပ်ငန်းများနှင့်အသုံးပြုခွင့်ရရှိသူများအား လှိုင်းနှုန်းနှောင့်ယှက်မှု (frequency interference) လျော့နည်းစေရန်အတွက် နည်းပညာဆိုင်ရာအချက်များကို အခါအားလျော်စွာ သတ်မှတ်နိုင်သည်။

၆၆။ ဆက်သွယ်ရေးဆက်ကြောင်းသုံး လှိုင်းနှုန်းခွင်အသုံးပြုခွင့် ရရှိထားသူအားလုံးသည်-

(က) ဦးစီးဌာနကခွင့်ပြုထားသောလှိုင်းနှုန်းများ သို့မဟုတ် လှိုင်းနှုန်းခွင်များကိုသာ အသုံးပြု ရမည်။

(ခ) ဆက်သွယ်ရေးဆက်ကြောင်းအတွက် အသုံးပြုသည့်တာဝါတည်နေရာကို မှတ်ပုံတင်ရ မည်။ ထို့အပြင် တာဝါတည်ဆောက်ခြင်းအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများထံမှ ခွင့်ပြုချက်များ ရယူရန်လိုအပ်သည်။

(ဂ) လှိုင်းနှုန်းနှောင့်ယှက်မှု (frequency interference) ဆိုင်ရာကိစ္စများ ကိုင်တွယ်ဖြေရှင်း နိုင်ရန် အတွက် လိုအပ်သည့်အချက်အလက်များကို မှတ်တမ်းထားရှိရမည်။

၆၇။ ဆက်သွယ်ရေးဆက်ကြောင်းသုံး လှိုင်းနှုန်းခွင်အသုံးပြုခွင့်သက်တမ်းသည် ၁၅ နှစ်ဖြစ်ပြီး နည်းဥပဒေ ၁၆ မှ  ၂၀ အထိ ပြဋ္ဌာန်းချက်များအရ သက်တမ်းတိုးမြှင့်နိုင်သည်။

၆၈။ အသုံးပြုခွင့်ရရှိသူသည် လှိုင်းနှုန်းစဉ်အသုံးပြုခကို သတ်မှတ်ထားသည့်အတိုင်း ပေးဆောင်ရမည် ဖြစ်ပြီး ဝန်ကြီးဌာနသည် လှိုင်းနှုန်းစဉ်အသုံးပြုခအား အခါအားလျော်စွာ ပြင်ဆင်ပြောင်းလဲ နိုင်သည်။

ရုပ်သံလွှင့် လှိုင်းနှုန်းခွင်အသုံးပြုခွင့်

၆၉။ ဦးစီးဌာနသည်-

(က) နိုင်ငံလုံးဆိုင်ရာ လှိုင်းနှုန်းစဉ်လျာထားချက်အရ ရေဒီယိုနှင့်ရုပ်မြင်သံကြား ထုတ်လွှင့်ခြင်း အတွက် ရုပ်သံလွှင့်လှိုင်းနှုန်းခွင်အသုံးပြုခွင့်ကို ပုဂ္ဂိုလ်၊ ဌာနအဖွဲ့အစည်းများအား ခွင့်ပြုနိုင်သည်။

(ခ) ရုပ်သံလွှင့်လှိုင်းနှုန်းခွင် အသုံးပြုခွင့်ကို ဦးရာလူစနစ်ဖြင့် ခွင့်ပြုသည်။ လိုအပ်ပါက လေလံစနစ်နှင့် တင်ဒါစနစ်ကိုလည်း အသုံးပြုနိုင်သည်။

(ဂ) အခြားဝန်ဆောင်မှုလုပ်ငန်းများနှင့် လိုင်စင်ရရှိထားသူများအား လှိုင်းနှုန်းနှောင့်ယှက်မှု လျော့နည်းစေရန်အတွက် အခြားနည်းပညာဆိုင်ရာသတ်မှတ်ချက်များကို အခါအားလျော် စွာ သတ်မှတ်နိုင်သည်။

၇၀။ ရုပ်သံလွှင့်လှိုင်းနှုန်းခွင် အသုံးပြုခြင်းနှင့် စပ်လျဉ်း၍-

(က) ဤအခန်းပါပြဋ္ဌာန်းချက်များအရ ခွင့်ပြုသောလှိုင်းနှုန်းခွင် အသုံးပြုခွင့်တွင် ခွင့်ပြု လှိုင်းနှုန်းများ အသုံးပြုခွင့်နှင့်အဆိုပါ လှိုင်းနှုန်းများအသုံးပြုသည့် အမှန်တကယ်သုံးစွဲသူ ၏ ရေဒီယိုပစ္စည်းများကို လုပ်ကိုင်ဆောင်ရွက်ခွင့် နှစ်ရပ်စလုံးပါဝင်သည်။ ဖမ်းယူမှု သက်သက်သာအသုံးပြုသည့် ရုပ်မြင်သံကြား သို့မဟုတ် ရေဒီယိုကဲ့သို့သော ဆက်သွယ်ရေးပစ္စည်းများအတွက် သီးခြားလှိုင်းနှုန်းခွင် သို့မဟုတ် ရေဒီယိုပစ္စည်းအသုံးပြု ခွင့် ထပ်မံရယူရန်မလိုအပ်ပါ။

(ခ) ရုပ်သံလွှင့်လှိုင်းနှုန်းခွင် အသုံးပြုခွင့်လျှောက်ထားသူသည် လုပ်ငန်းမစတင်မီ ယင်း၏ လုပ်ငန်း ဆောင်ရွက်ချက်ကြောင့် ရုပ်သံလွှင့်ဝန်ဆောင်မှုလုပ်ငန်း (broadcasting service) ဆောင်ရွက်နေသည့် အခြားလိုင်စင်ရရှိသူများအား လှိုင်းနှုန်းနှောင့်ယှက်မှု ဖြစ်နိုင်ခြေ ရှိ မရှိ ဆုံးဖြတ်နိုင်ရန် လေ့လာချက် (study) တစ်ခုကိုပြီးပြည့်စုံအောင် ဆောင်ရွက်ရမည်။ ခွင့်ပြုချက်လျှောက်ထားသည့် အခါ အဆိုပါ လေ့လာချက် (study) ကိုပူးတွဲတင်ပြရမည်။

(ဂ) ရုပ်သံထုတ်လွှင့်မှုလုပ်ငန်းဆောင်ရွက်လိုသည့် ပုဂ္ဂိုလ်များသည် ပြန်ကြားရေးဝန်ကြီး ဌာနမှ ရုပ်သံထုတ်လွှင့်ခွင့် လိုင်စင်သီးခြားရယူရန် လိုအပ်သည်။ ပြန်ကြားရေးဝန်ကြီးဌာန က ပုဂ္ဂိုလ်တစ်ဦးကို ရုပ်သံထုတ်လွှင့်ခွင့် လိုင်စင်ခွင့်ပြုခဲ့ပါက ရုပ်သံလွှင့်လှိုင်းနှုန်းခွင် အသုံးပြုခွင့်လျှောက်ထားချက်ကို ရက်ပေါင်း ၃၀ အတွင်းဦးစီးဌာနသို့ တင်ပြရမည်။

(ဃ) ရုပ်သံထုတ်လွှင့်ခွင့်လိုင်စင်ရရှိသူထံမှ ခွင့်ပြုချက်ဖြင့် ရုပ်သံထုတ်လွှင့်ဆောင်ရွက်လိုသည့် ပုဂ္ဂိုလ်၊ ဌာနအဖွဲ့အစည်းများသည် ရုပ်သံလွှင့်လှိုင်းနှုန်းခွင် အသုံးပြုခွင့်ရရှိရန် လျှောက်ထားရာတွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ရုပ်သံထုတ်လွှင့်ခွင့်လိုင်စင် တင်ပြရန် မလိုအပ်ပါ။

(င) နည်းဥပဒေ ၆၉၊ နည်းဥပဒေခွဲ (က) အရ လှိုင်းနှုန်းခွင်အသုံးပြုခွင့်တွင် ခွင့်ပြုလှိုင်းနှုန်းများ အသုံးပြုခွင့်နှင့် အဆိုပါလှိုင်းနှုန်းများအသုံးပြုသည့် အမှန်တကယ်သုံးစွဲသူ၏ ရေဒီယိုပစ္စည်းများကို လုပ်ကိုင်ဆောင်ရွက်ခွင့် နှစ်ရပ်စလုံးပါဝင်သည်။

(စ) လှိုင်းနှုန်းနှောင့်ယှက်မှု ဖြစ်နိုင်ခြေလေ့လာချက် (study) အပေါ်မူတည်၍ လိုင်စင်ရရှိသူ သည် ရုပ်သံလွှင့်ဝန်ဆောင်မှုလုပ်ငန်း (broadcasting service) ဆောင်ရွက်နေသည့် အခြားလိုင်စင်ရရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည်။

(ဆ) ရုပ်သံလွှင့်လုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုသည့်ရေဒီယိုပစ္စည်းများသည် ဆက်သွယ် ရေးဥပဒေ ပုဒ်မ ၂၆ အရ ဦးစီးဌာနမှသတ်မှတ်ထားသည့် ဆက်သွယ်ရေးပစ္စည်းများ၏ စံချိန်စံညွှန်းနှင့် ကိုက်ညီရမည်။

၇၁။ ရုပ်သံလွှင့်လှိုင်းနှုန်းခွင် အသုံးပြုခွင့်ရရှိသူအားလုံးသည် အောက်ပါတာဝန်ဝတ္တရားများကို  လိုက်နာရမည်-

(က) ဦးစီးဌာနကသတ်မှတ်သော ရုပ်သံလွှင့်လှိုင်းနှုန်းများ (Broadcasting Frequencies) သို့မဟုတ် ရုပ်သံလွှင့်လှိုင်းနှုန်းခွင်များ (Broadcasting Bands) နှင့်လွှင့်အားသတ်မှတ် ချက်အတိုင်းသာ အသုံးပြု ရမည်။

(ခ) ရုပ်သံလွှင့်လှိုင်းနှုန်းခွင် အသုံးပြုခွင့်လျှောက်ထားရာတွင် အခြားရုပ်သံလွှင့်လှိုင်းနှုန်းခွင် အသုံးပြုခွင့် ရရှိထားသူများ၏ လှိုင်းနှုန်းစဉ်ကို နှောင့်ယှက်မှုမဖြစ်စေရန် ဆောင်ရွက်မည့် အစီအစဉ်ကို ဖော်ပြရမည်။

(ဂ) ရုပ်သံလွှင့်လုပ်ငန်းဝန်ဆောင်မှုအတွက် အသုံးပြုသည့်တာဝါတည်နေရာကို ဦးစီးဌာနတွင် မှတ်ပုံတင်ရမည်။  ထို့အပြင် တာဝါတည်ဆောက်ခြင်းအတွက် အစိုးရနှင့်ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများထံမှ ခွင့်ပြုချက်များရယူရန် လိုအပ်သည်။

(ဃ) အသုံးပြုသောရေဒီယိုပစ္စည်းများသည် ဆက်သွယ်ရေးဥပဒေပုဒ်မ ၂၆ အရ ဦးစီးဌာနမှ သတ်မှတ်ထားသည့် ဆက်သွယ်ရေးပစ္စည်းများ၏ စံချိန်စံညွှန်းနှင့် ကိုက်ညီရမည့်အပြင် အသုံးပြုခွင့် တောင်းခံစဉ်က တင်ပြထားသည့် စက်မှုပိုင်းဆိုင်ရာ အချက်များနှင့်လည်း ကိုက်ညီရမည်။

(င) လက်ရှိရုပ်သံလွှင့်လှိုင်းနှုန်းလိုင်စင်ရရှိသူများ၏ လုပ်ငန်းဆောင်ရွက်နေသည့် စခန်းများကို လှိုင်းနှုန်းနှောင့်ယှက်မှုမရှိစေရန် ညှိနှိုင်းဆောင်ရွက်ရမည်။

(စ) လှိုင်းနှုန်းနှောင့်ယှက်မှု ဖြစ်ပေါ်မှုအတွက် ဖြေရှင်းဆောင်ရွက်ချက် မှတ်တမ်းများကို ထိန်းသိမ်းထားရှိရမည်။

၇၂။ ရုပ်သံလွှင့်လှိုင်းနှုန်းခွင် အသုံးပြုခွင့်သက်တမ်းသည် ၁၅ နှစ်ဖြစ်ပြီး နည်းဥပဒေ ၁၆ မှ ၂၀ အထိ ပြဋ္ဌာန်းချက်များအရ သက်တမ်းတိုးမြှင့်နိုင်သည်။

၇၃။ အသုံးပြုခွင့်ရရှိသူသည် လှိုင်းနှုန်းစဉ်အသုံးပြုခကို သတ်မှတ်ထားသည့်အတိုင်း ပေးဆောင်ရမည် ဖြစ်ပြီး ဝန်ကြီးဌာနသည် လှိုင်းနှုန်းစဉ်အသုံးပြုခအား အခါအားလျော်စွာပြင်ဆင် ပြောင်းလဲ နိုင်သည်။

အပျော်တမ်းလှိုင်းနှုန်းခွင်အသုံးပြုခွင့်

၇၄။ ဦးစီးဌာနသည်-

(က) အခငွေကြေးရရှိရန်အတွက်မဟုတ်ဘဲ အပျော်တမ်းရေဒီယိုအတွက် ရေဒီယိုပစ္စည်းများဖြင့် လှိုင်းနှုန်းအသုံးပြုရန် စိတ်ဝင်စားသော ပုဂ္ဂိုလ်များအား လှိုင်းနှုန်းတစ်ခု သို့မဟုတ် လှိုင်းနှုန်းများကို ခွင့်ပြုနိုင်သည်။

(ခ) နိုင်ငံလုံးဆိုင်ရာ လှိုင်းနှုန်းစဉ်လျာထားချက်အရ နည်းဥပဒေခွဲ (က) ပါ ကိစ္စရပ်များ အတွက် အသုံးပြုရန်လျှောက်ထားလာသည့်ပုဂ္ဂိုလ်များအား အပျော်တမ်းလှိုင်းနှုန်းခွင်ကို အသုံးပြုခွင့်ပြုနိုင်သည်။

၇၅။ အပျော်တမ်းလှိုင်းနှုန်းခွင် အသုံးပြုခြင်းနှင့်စပ်လျဉ်း၍-

(က) အပျော်တမ်းလှိုင်းနှုန်းခွင်အသုံးပြုခွင့် ရယူလိုသောပုဂ္ဂိုလ်များသည် အနိမ့်ဆုံးအပျော်တမ်း ရေဒီယိုအရည်အချင်းကိုအခြေခံသည့် အောင်လက်မှတ်ရရှိရန် လုပ်ငန်းကျွမ်းကျင်မှုနှင့် နည်းပညာအရည်အချင်း စစ်စာမေးပွဲကို အောင်မြင်ပြီးသူဖြစ်ရမည်။

(ခ) အပျော်တမ်းရေဒီယိုအောင်လက်မှတ် ရရှိပြီးသူများသည် အပျော်တမ်းလှိုင်းနှုန်းခွင် အသုံးပြုခွင့် လျှောက်ထားနိုင်သည်။

(ဂ) အပျော်တမ်းလှိုင်းနှုန်းခွင်အသုံးပြုသော ရေဒီယိုပစ္စည်းများအတွက် ဆက်သွယ်ရေးပစ္စည်း ဆိုင်ရာ လိုင်စင်လိုအပ်သည်။

(ဃ) အပျော်တမ်းရေဒီယိုပစ္စည်းများကို ဦးစီးဌာနသို့မှတ်ပုံတင်ထားသော နေရာများတွင်သာ အသုံးပြုရမည်။

(င) အသုံးပြုခွင့်ရရှိသူကသာ အပျော်တမ်းရေဒီယိုပစ္စည်းများကို ခွင့်ပြုထားသောကိစ္စအားလုံး အတွက် အသုံးပြုရမည်။

(စ) အပျော်တမ်းရေဒီယိုပစ္စည်းများသည် ဆက်သွယ်ရေးဥပဒေပုဒ်မ  ၂၆ အရ ဦးစီးဌာနမှ သတ်မှတ်ထားသည့်ဆက်သွယ်ရေးပစ္စည်းများ၏ စံချိန်စံညွှန်းနှင့်ကိုက်ညီရမည့်အပြင် အိုင်တီယူတွင်ကျင့်သုံးနေသည့် စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီစေရမည်။

(ဆ) အပျော်တမ်းရေဒီယိုပစ္စည်းများနှင့် ဆက်စပ်အသုံးပြုသည့်တာဝါ၊ အင်တာနာများစသည် တို့ကို ထူထောင်ခြင်း၊ အသုံးပြုခြင်းတို့ကြောင့် အခြားသောဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများကို လှိုင်းနှုန်းနှောင့်ယှက်မှုမရှိစေရ။

(ဇ) အပျော်တမ်းလှိုင်းနှုန်းခွင် အသုံးပြုခွင့်အရထုတ်လွှင့်သော သတင်းအချက်အလက်များ သည် ရှင်းလင်းရမည့်အပြင် အသုံးပြုခွင့်ရရှိသူ၏ လက်တွေ့စမ်းသပ်မှုများ သို့မဟုတ် အသုံးပြုခွင့်ရရှိသူက ဆက်သွယ်မှုပြုသောပုဂ္ဂိုလ်၏ စီးပွားဖြစ်မဟုတ်သော  ကိုယ်ရေး ကိုယ်တာကိစ္စများသာ ဖြစ်ရမည်။

(ဈ) အခကြေးငွေရရှိရန်အတွက်မဟုတ်ဘဲ ကိုယ်ရေးကိုယ်တာကိစ္စရပ်များကိုဖြစ်စေ၊ ကိုယ်တိုင်လေ့ကျင့်ရန်ဖြစ်စေ၊ အပြန်အလှန်ဆက်သွယ်မှုပြုခြင်းနှင့် ရေဒီယိုနည်းပညာ အသုံးချနိုင်မှုကို စစ်ဆေးရန်ဖြစ်စေ ရည်ရွယ်သည့်ကိစ္စများအတွက်သာ အပျော်တမ်း ရေဒီယိုစခန်းများအချင်းချင်းပြည်တွင်းနှင့်နိုင်ငံတကာ ဆက်သွယ်မှုပြုခြင်းကို ခွင့်ပြုရ မည်။

(ည) လိုင်စင်ရရှိသူများနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများအား လှိုင်းနှုန်းနှောင့်ယှက်မှု လျော့နည်းစေ ရန်အတွက်အခါအားလျော်စွာသတ်မှတ်ထားသည့် နည်းပညာဆိုင်ရာ စည်းကမ်းချက်များ နှင့်သတ်မှတ်ချက်များကို လိုက်နာရမည်။

၇၆။ အပျော်တမ်းလှိုင်းနှုန်းခွင် အသုံးပြုခွင့်ရရှိသူ အားလုံးသည်-

(က) ဦးစီးဌာနကခွင့်ပြုသောလှိုင်းနှုန်းများ သို့မဟုတ် လှိုင်းနှုန်းခွင်များကိုအသုံးပြု၍ အပျော်တမ်း လှိုင်းနှုန်းခွင် အသုံးပြုခွင့်ရရှိသူအချင်းချင်း ဆက်သွယ်နိုင်သည်။

(ခ) အပျော်တမ်းရေဒီယိုစခန်းအချင်းချင်း ဆက်သွယ်ဆောင်ရွက်ရာတွင် ဝှက်စာစနစ်အသုံးပြု သော ဆက်သွယ်ရေးပစ္စည်းများ သို့မဟုတ် စကားဝှက်သုံးစွဲခြင်းမပြုရ။

(ဂ) အပျော်တမ်းရေဒီယိုထုတ်လွှင့်နေသော အခြားစခန်းတစ်ခုခုကို လှိုင်းနှုန်းနှောင့်ယှက်မှု မရှိစေရေး အတွက်အသုံးပြုမည့်လှိုင်းနှုန်းကို စိစစ်ခြင်းမပြုဘဲ စတင်ထုတ်လွှင့်ခြင်းမပြုရ။

(ဃ) စတင်ထုတ်လွှင့်သည့်အခါတွင်ဖြစ်စေ၊ ထုတ်လွှင့်မှုပြီးဆုံးသည့်အခါတွင်ဖြစ်စေ ဦးစီးဌာန က သတ်မှတ်ထားသော ခေါ်ဆိုမှုလက္ခဏာသင်္ကေတ (call sign) ကိုထုတ်လွှင့်ခြင်းအား ဖြင့် မိမိကိုယ် ကိုထုတ်ဖော်ရမည်။

(င) ရေဒီယိုစခန်းများနှင့်ဆက်သွယ်ဆောင်ရွက်ရာတွင် အသုံးပြုမည့်တိုင်များ သို့မဟုတ် အင်တာနာတစ် ခုခုကိုထူထောင်ခြင်းမပြုမီ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့ အားလုံးထံမှ ခွင့်ပြုချက်ရယူရမည်။

(စ) ထုတ်လွှင့်မှုကာလတစ်ခုချင်းစီ၏ နေ့စွဲနှင့်အချိန်၊ လှိုင်းနှုန်းနှင့်ထုတ်လွှင့်မှုအမျိုးအစား တို့ကို ဖော်ပြထားသောထုတ်လွှင့်သည့် ကာလအတိုင်းအတွက် ဆောင်ရွက်မှုမှတ်တမ်း (running record) ကိုပြုစုထားရမည်။ ထိုမှတ်တမ်းကို ၁၂ လအထိ ထိန်းသိမ်းထား ရမည်ဖြစ်ပြီး ဦးစီးဌာနကစစ်ဆေးရန် ညွှန်ကြားလာပါက ပေးအပ်ရမည်။

(ဆ) သတင်းများ၊ ကြော်ငြာများ၊ စီးပွားရေးလုပ်ငန်း သို့မဟုတ် လက်တွေ့စမ်းသပ်သော လုပ်ငန်းနှင့် သက်ဆိုင်ခြင်းမရှိသည့် ဆက်သွယ်မှုများ သို့မဟုတ် သတင်းပေးပို့မှုများကို အခကြေးငွေရယူရန် အတွက် ထုတ်လွှင့်ခြင်းမပြုရ။

(ဇ) အိုင်တီယူရေဒီယိုစည်းမျဉ်း အခန်း ၂၅ (Article 25 of the Radio Regulations) တွင်ပါရှိသည့် သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် စပ်လျဉ်းသည့်ဆက်သွယ် ရေးလိုအပ်ချက်များနှင့် ကိုက်ညီစေရန် ကြိုတင်ပြင်ဆင်ထားရမည်။

၇၇။ အပျော်တမ်းလှိုင်းနှုန်းခွင် အသုံးပြုခွင့်သက်တမ်းသည် ၅ နှစ်ဖြစ်ပြီး နည်းဥပဒေ ၁၆ မှ ၂၀ အထိ ပြဋ္ဌာန်းချက်များအရ သက်တမ်းတိုးမြှင့်နိုင်သည်။

၇၈။ အသုံးပြုခွင့်ရရှိသူသည် လှိုင်းနှုန်းစဉ်အသုံးပြုခကို သတ်မှတ်ထားသည့်အတိုင်း ပေးဆောင်ရမည် ဖြစ်ပြီး ဝန်ကြီးဌာနသည် လှိုင်းနှုန်းစဉ်အသုံးပြုခအား အခါအားလျော်စွာပြင်ဆင်ပြောင်းလဲ နိုင်သည်။

ဌာနဆိုင်ရာလှိုင်းနှုန်းခွင်အသုံးပြုခွင့်

၇၉။ ဦးစီးဌာနသည်-

(က) အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းတစ်ခုခုမှ လှိုင်းနှုန်းခွင်အသုံးပြုခွင့် တောင်းခံလာပါက ခွင့်ပြုနိုင် သည်။

(ခ) နိုင်ငံလုံးဆိုင်ရာ လှိုင်းနှုန်းစဉ်လျာထားချက်အရ အစိုးရဌာနဆိုင်ရာများ အသုံးပြုရန် လှိုင်းနှုန်းများ ခွင့်ပြုရမည်။

၈၀။ ဌာနဆိုင်ရာလှိုင်းနှုန်းခွင် အသုံးပြုခြင်းနှင့်စပ်လျဉ်း၍-

(က) နည်းဥပဒေ ၇၉ အရ လှိုင်းနှုန်းခွင်အသုံးပြုခွင့်သည် ယင်းအစိုးရဌာန ၏ဌာနတွင်း လုပ်ငန်းဆောင်ရွက် ရန်ကွန်ရက်များ၊ ရေဒီယိုပစ္စည်းများကို အသုံးပြုရန်အတွက်သာ ဖြစ်သည်။

(ခ) ဌာနဆိုင်ရာအဖွဲ့အစည်းများမှ အသုံးပြုခွင့်တောင်းခံရာတွင် သက်ဆိုင်ရာလုပ်ငန်းလိုင်စင် မလိုအပ်ပါ။

(ဂ) ဌာနဆိုင်ရာလှိုင်းနှုန်းခွင်အသုံးပြုခွင့်ရရှိသူသည် ရေဒီယိုပစ္စည်းများအတွက် ဆက်သွယ် ရေးပစ္စည်း ဆိုင်ရာလိုင်စင်လိုအပ်သည်။

(ဃ) နည်းဥပဒေ ၇၉ အရ လှိုင်းနှုန်းခွင်အသုံးပြုခွင့်တွင် ခွင့်ပြုလှိုင်းနှုန်းများအား အသုံးပြုခွင့် နှင့်အဆို ပါလှိုင်းနှုန်းများအသုံးပြုသည့် ရေဒီယိုပစ္စည်းများကို လုပ်ကိုင်ဆောင်ရွက်ခွင့် နှစ်ရပ်စလုံးပါဝင်သည်။

(င) အသုံးပြုသော ရေဒီယိုပစ္စည်းများသည် ဆက်သွယ်ရေးဥပဒေပုဒ်မ ၂၆ အရ ဦးစီးဌာနမှ သတ်မှတ်ထားသည့် ဆက်သွယ်ရေးပစ္စည်းများ၏ စံချိန်စံညွှန်းနှင့်ကိုက်ညီရမည်။

၈၁။ ဌာနဆိုင်ရာ လှိုင်းနှုန်းခွင်အသုံးပြုခွင့်ရရှိသူအားလုံးသည်-

(က) ဦးစီးဌာနကခွင့်ပြုထားသော လှိုင်းနှုန်းများ သို့မဟုတ် လှိုင်းနှုန်းခွင်များကိုသာ အသုံးပြု ရမည်။

(ခ) အသုံးပြုသောရေဒီယိုပစ္စည်းများသည် ဆက်သွယ်ရေးဥပဒေပုဒ်မ ၂၆ အရဦးစီးဌာနမှ သတ်မှတ်ထားသည့် ဆက်သွယ်ရေးပစ္စည်းများ၏ စံချိန်စံညွှန်းနှင့်ကိုက်ညီရမည့် အပြင်အသုံးပြုခွင့်တောင်းခံစဉ်က တင်ပြထားသည့် စက်မှုပိုင်းဆိုင်ရာအချက်များနှင့် လည်း ကိုက်ညီရမည်။

(ဂ) လှိုင်းနှုန်းခွင်အသုံးပြုခွင့်ရရှိသည့် အခြားသူများကို လှိုင်းနှုန်းနှောင့်ယှက်မှုမဖြစ်စေရန် လိုအပ်သလို ဆောင်ရွက်ရမည်။

(ဃ) လှိုင်းနှုန်းနှောင့်ယှက်မှု (frequency interference) ဆိုင်ရာကိစ္စများ ကိုင်တွယ်ဖြေရှင်းနိုင်ရန် အတွက်လိုအပ်သည့်အချက်အလက်များကို မှတ်တမ်းထားရှိရ မည်။

၈၂။ ဌာနဆိုင်ရာလှိုင်းနှုန်းခွင် အသုံးပြုခွင့်သက်တမ်းသည် ၁၅ နှစ်ပြီးနည်းဥပဒေ ၁၆ မှ ၂၀ အထိ ပြဋ္ဌာန်းချက်များအရ သက်တမ်းတိုးမြှင့်နိုင်သည်။

၈၃။ အသုံးပြုခွင့်ရရှိသူသည် လှိုင်းနှုန်းစဉ်အသုံးပြုခကို သတ်မှတ်ထားသည့်အတိုင်း ပေးဆောင်ရမည် ဖြစ်ပြီး ဝန်ကြီးဌာနသည် လှိုင်းနှုန်းစဉ်အသုံးပြုခအား အခါအားလျော်စွာ ပြင်ဆင်ပြောင်းလဲ နိုင်သည်။

လှိုင်းနှုန်းခွင်အသုံးပြုခွင့် တောင်းခံရန်လိုအပ်သော အခြားရေဒီယိုဆက်သွယ်ရေးလုပ်ငန်းများ

၈၄။ ဤနည်းဥပဒေတွင်ဖော်ပြထားခြင်းမရှိသော အခြားရေဒီယိုဆက်သွယ်ရေးလုပ်ငန်းများ (Radio Communication Services) အတွက်လှိုင်းနှုန်းခွင်အသုံးပြုခွင့်ကို ဦးစီးဌာနထံသို့ တိုက်ရိုက် လျှောက်ထားနိုင်သည်။ အဆိုပါအသုံးပြုခွင့်များတွင် အောက်ပါတို့ပါဝင်သည်-

(က) ရေဒါကဲ့သို့သော လမ်းညွှန်စနစ်အတွက် လှိုင်းနှုန်းခွင်အသုံးပြုခွင့်များ၊

(ခ) လမ်းပြစနစ်များအတွက် လှိုင်းနှုန်းခွင်အသုံးပြုခွင့်များ၊

(ဂ) အာဏာသလေ့လာရေးလုပ်ငန်းအတွက် လှိုင်းနှုန်းခွင်အသုံးပြုခွင့်များ။


ယာယီလှိုင်းနှုန်းခွင်အသုံးပြုခွင့်

၈၅။ ဦးစီးဌာနသည် ဆက်သွယ်ရေးကွန်ရက်တစ်ခု သို့မဟုတ် ရေဒီယိုစခန်းတွင်အသုံးပြုရန် ပုဂ္ဂိုလ်များအား အောက်ပါကိစ္စရပ်များအတွက် လှိုင်းနှုန်း သို့မဟုတ် လှိုင်းနှုန်းခွင်ကို ယာယီ အသုံးပြု ခွင့်ပေးနိုင်သည်-

(က) ရေဒီယိုပစ္စည်းများစမ်းသပ်ခြင်း၊

(ခ) သဘာဝဘေးအန္တရာယ်များကိုအရေးပေါ်တုံ့ပြန်မှုကိစ္စရပ်များ၊

(ဂ) အားကစားပွဲတော်ကဲ့သို့သော အထူးကိစ္စရပ်များ၊

(ဃ) ဦးစီးဌာနကသတ်မှတ်သော အခြားအရေးပေါ်အခြေအနေများ။

၈၆။ ယာယီလှိုင်းနှုန်းခွင်အသုံးပြုခွင့်သက်တမ်းသည် ရက်ပေါင်း ၁၅၀ ဖြစ်ပြီး နည်းဥပဒေ ၁၆ မှ ၂၀ အထိပြဋ္ဌာန်းချက်များအရ သက်တမ်းတိုးမြှင့်နိုင်သည်။

၈၇။ အသုံးပြုခွင့်ရရှိသူသည် လှိုင်းနှုန်းစဉ်အသုံးပြုခကို သတ်မှတ်ထားသည့်အတိုင်း ပေးဆောင်ရမည် ဖြစ်ပြီး ဝန်ကြီးဌာနသည် လှိုင်းနှုန်းစဉ်အသုံးပြုခအား အခါအားလျော်စွာ ပြင်ဆင်ပြောင်းလဲနိုင်သည်။

အခန်း (၅)
လှိုင်းနှုန်းခွင်ကို အကျိုးရှိထိရောက်စွာအသုံးပြုခြင်း

လှိုင်းနှုန်းနှောင့်ယှက်မှု မဖြစ်စေရန်ဆောင်ရွက်ခြင်း

၈၈။ ခွင့်ပြုလှိုင်းနှုန်းခွင်ကို အကျိုးရှိစွာအသုံးပြုနိုင်ရန်-

(က) အသုံးပြုသူအားလုံးသည် လှိုင်းနှုန်းခွင်အသုံးပြုရာတွင် အိုင်တီယူရေဒီယိုစည်းမျဉ်း အပါအဝင် နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီရမည့်အပြင် လှိုင်းနှုန်းခွင်အသုံး ပြုခွင့်ရရှိသည့်အခြားသူများကို လုပ်ငန်းဆောင်ရွက်မှုထိခိုက်စေသည့် လှိုင်းနှုန်းနှောင့် ယှက်မှု (Harmful Interference) မဖြစ်စေရန် လိုအပ်သလို ပေါင်းစပ်ညှိနှိုင်းရမည်။

(ခ) လုပ်ငန်းဆောင်ရွက်မှုထိခိုက်စေသည့် လှိုင်းနှုန်းနှောင့်ယှက်မှု (Harmuful Interference) ဖြစ်ပေါ်ခြင်းနှင့်စပ်လျဉ်း၍ဖြစ်စေ၊ ကြိုတင်ကာကွယ်ခြင်းနှင့် စပ်လျဉ်း၍ဖြစ်စေ အသုံးပြု ခွင့်ရရှိသူနှစ်ဦး သို့မဟုတ် အများအကြားသဘောထားကွဲလွဲမှုပေါ်ပေါက်ပါက သက်ဆိုင်မှု ရှိသော အသုံးပြုခွင့်ရရှိသူများအကြား ထိုအငြင်းပွားမှုကို ဆောလျင်စွာဖြေရှင်းရန် တာဝန်ရှိမည်ဖြစ်ပြီး ယင်း၏ဖြေရှင်းရန် ကြိုးပမ်းအားထုတ်မှုများမအောင်မြင်လျှင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၅၀ နှင့်အညီ ဦးစီးဌာနသို့ တင်ပြနိုင်သည်။

(ဂ) လုပ်ငန်းဆောင်ရွက်မှုထိခိုက်စေသည့် လှိုင်းနှုန်းနှောင့်ယှက်မှု (Harmuful Interference) လျှော့ချ ရန်ဦးစီးဌာနသည် အိမ်နီးချင်းနိုင်ငံများရှိသက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ရန်တာဝန်ရှိသည်။ အသုံးပြုခွင့်ရရှိသူများကလုပ်ငန်းဆောင်ရွက်မှု ထိခိုက်စေ သည့် နယ်စပ်ဖြတ်ကျော်၍ လှိုင်းနှုန်းနှောင့်ယှက်မှုဖြေရှင်းရန် ဦးစီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်ရမည်။

ဆက်သွယ်ရေးလှိုင်းနှုန်းအား ထိရောက်စွာအသုံးပြုခြင်း

၈၉။ အသုံးပြုခွင့်ရရှိသူများသည်-

(က) လှိုင်းနှုန်းစဉ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် စီမံခန့်ခွဲခြင်းတို့အတွက် ဦးစီးဌာနနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရမည့်အပြင် ယင်းတို့အားခွင့်ပြုသည့် လှိုင်းနှုန်းများကို အထိရောက်ဆုံး အသုံးပြုရ မည်။

(ခ) ခွင့်ပြုထားသည့်လှိုင်းနှုန်းများအနက် တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ သို့မဟုတ် အားလုံးကို ဖြစ်စေ အသုံးပြုရန်မလိုလျှင် ဦးစီးဌာနသို့ ဆောလျင်စွာအကြောင်းကြားရမည်။

အခန်း (၆)
စျေးကွက်ယှဉ်ပြိုင်မှုဆိုင်ရာ စည်းကမ်းချက်များ

တည်ဆဲနည်းဥပဒေများနှင့်လိုက်လျောညီထွေမှုရှိခြင်း

၉၀။ ဤနည်းဥပဒေများပါ ပြဋ္ဌာန်းချက်များသည် ဆက်သွယ်ရေးကဏ္ဍ၏ ပြိုင်ဆိုင်မှုဆိုင်ရာနည်း ဥပဒေများ၊ ချိတ်ဆက်အသုံးပြုခြင်းနှင့် အပြန်အလှန်ဆက်သွယ်ခြင်းဆိုင်ရာ  နည်းဥပဒေများနှင့် လိုက်လျော ညီထွေမှုရှိစေရမည်။

၉၁။ လှိုင်းနှုန်းမျှဝေ အသုံးပြုခြင်းနှင့်စပ်လျဉ်း၍

(က) လှိုင်းနှုန်းမျှဝေအသုံးပြုခြင်း သဘောတူညီချက်များသည် မျှတမှု၊ ကျိုးကြောင်းဆီလျော်မှု နှင့် ပွင့်လင်းမြင်သာမှုရှိသော စည်းကမ်းသတ်မှတ်ချက်များအပေါ် အခြေခံရမည်။

(ခ) မည်သည့်လှိုင်းနှုန်း မျှဝေအသုံးပြုခြင်း သဘောတူညီချက်ကိုမဆို ဦးစီးဌာနသို့ တင်ပြ အတည်ပြုချက်ရယူရမည်ဖြစ်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃ ပါ ပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက်ရမည်။

(ဂ) ဦးစီးဌာနသည် သုံးစွဲသူများ၏အကျိုးစီးပွားကို ကျိုးကြောင်းဆီလျော်ခြင်းမရှိဘဲ ခွဲခြား သည် သို့မဟုတ် ဆန့်ကျင်သည်  သို့မဟုတ် ယှဉ်ပြိုင်မှုကို သိသာစွာလျော့နည်းစေ သည်ဟုဆုံးဖြတ်လျှင် ထိုသို့သောလှိုင်းနှုန်းမျှဝေအသုံးပြုခြင်းအတွက် မည်သည့်သဘော တူညီချက်မျိုးကိုမဆို ဦးစီးဌာနက ကန့်ကွက်ခြင်း သို့မဟုတ် လိုအပ်သလိုပြင်ဆင်ခြင်း တို့ကို ပြုလုပ်နိုင်သည်။

(ဃ) ဦးစီးဌာနသည် လှိုင်းနှုန်းမျှဝေအသုံးပြုခြင်း သဘောတူညီချက်ကို အတည်ပြုခြင်း၊ ကန့်ကွက်ခြင်း သို့မဟုတ်လိုအပ်သောပြင်ဆင်မှုများ ပြုလုပ်ခြင်းကို တင်ပြသည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်းဆောင်ရွက် ရမည်။

၉၂။ လှိုင်းနှုန်းမျှဝေအသုံးပြုခြင်း သဘောတူညီချက်ကို ငြင်းပယ်ခဲ့လျှင်-

(က) ဦးစီးဌာနသည် လိုင်စင်ရရှိသူနှင့် သဘောတူညီချက်တွင်ပါဝင်သည့် အခြားသောပုဂ္ဂိုလ်၊ ဌာန၊ အဖွဲ့အစည်းများထံ ငြင်းပယ်ရသည့် အကြောင်းအရင်းကို စာဖြင့်အကြောင်းကြား ရမည်။

(ခ) သဘောတူညီချက်တွင်ပါဝင်သည့် ပုဂ္ဂိုလ်၊ ဌာန၊ အဖွဲ့အစည်းများသည် လှိုင်းနှုန်းမျှဝေ အသုံးပြုခြင်း သဘောတူညီချက်ကိုပြင်ဆင်၍ ဦးစီးဌာန၏ အတည်ပြုချက်ရရှိရန် ပြန်လည်တင်ပြနိုင်သည်။

(ဂ) ဦးစီးဌာနသည် ပြင်ဆင်ဖြည့်စွက်ထားသော သဘောတူညီချက်ကို ဝန်ကြီးဌာန အတည်ပြု ချက် ရရှိရန် လိုအပ်သလို တင်ပြဆောင်ရွက်ရမည်။

အခန်း ၇
အကူးအပြောင်းကာလပြဋ္ဌာန်းချက်များ

သက်ရောက်မှု

၉၃။ ဤနည်းဥပဒေပါ ပြဋ္ဌာန်းချက်များသည် စတင်အကျိုးသက်ရောက်သည့်နေ့တွင် လှိုင်းနှုန်း သို့မဟုတ် လှိုင်းနှုန်းခွင်များကို အသုံးပြုခွင့်ရရှိရန် လျှောက်ထားသူအားလုံးနှင့် သက်ဆိုင်စေရ မည်။ ထို့အပြင်လှိုင်းနှုန်းခွင် အသုံးပြုခွင့်ရရှိထားသူများသည် ဤနည်းဥပဒေပြဋ္ဌာန်းပြီးနောက် ၁ နှစ်အကြာ တွင် ဤနည်းဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာပြီးဖြစ်စေရမည်။

လှိုင်းနှုန်းစဉ် အသစ်ရယူခြင်း

၉၄။ လှိုင်းနှုန်း သို့မဟုတ် လှိုင်းနှုန်းခွင်များကို အသုံးပြုခွင့်ရရှိထားခြင်းမရှိဘဲ သုံးစွဲနေသူများသည် ဤနည်းဥပဒေ စတင်အကျိုးသက်ရောက်သည့်နေ့မှ ၆ လအတွင်းဦးစီးဌာနသို့ လှိုင်းနှုန်းခွင် အသုံးပြုခွင့် တင်ပြလျှောက်ထားရမည်။

အခန်း ၈
သဘောတူစာချုပ်များအပေါ်သက်ရောက်မှု

နယ်စပ်ဒေသတစ်လျှောက် လှိုင်းနှုန်းစဉ်ကိစ္စပူးပေါင်းဆောင်ရွက်ခြင်း

၉၅။ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသောနိုင်ငံများနှင့် လှိုင်းနှုန်းစဉ်ကိစ္စရပ်များအတွက် ဝန်ကြီးဌာနသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကို ကိုယ်စားပြု၍ အောက်ပါတို့ကို ညှိနှိုင်း ဆောင်ရွက်ရမည်-

(က) လှိုင်းနှုန်းစဉ်အစီအစဉ် (spectrum plan) နှင့် လှိုင်းနှုန်းနှောင့်ယှက်မှုများကို ကာကွယ်သည့် နည်းလမ်းများအရ နယ်စပ်ဒေသများတွင် အသုံးပြုမည့်လှိုင်းများနှင့် စပ်လျဉ်း၍ နိုင်ငံအချင်းချင်း ဖြစ်စေ၊ နိုင်ငံအများနှင့်ဖြစ်စေ သဘောတူညီချက်ရယူခြင်း၊

(ခ) နယ်စပ်ဒေသများတွင် လှိုင်းနှုန်းနှောင့်ယှက်မှုဖြစ်ပေါ်နိုင်မှုများအတွက် ဆွေးနွေးခြင်း၊

(ဂ) နည်းဥပဒေခွဲ (က) ပါ သဘောတူညီချက်များကို အများပြည်သူမှ သိရှိခွင့်ရှိစေရန် ဆောင်ရွက်ခြင်း။

၉၆။ နည်းဥပဒေ ၉၅ အရ ဆောင်ရွက်ခြင်းမပြုမီ ဦးစီးဌာနသည် ထိခိုက်မှုရှိသည့် အသုံးပြုခွင့်ရရှိသူ များကိုအကြောင်းကြားရမည့်အပြင် သဘောတူညီချက်တွင် ပါဝင်သည့် အချက်တစ်ခုခုကြောင့်  ထိခိုက်မှုနစ်နာမှုကို သဘောထားမှတ်ချက်တောင်းခံရမည်။


 (ပုံ) ဇေယျာအောင်၊
ပြည်ထောင်စုဝန်ကြီး၊
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊
ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန။