ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေး နည်းဥပဒေများ

DOWNLOAD

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန

(ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေး နည်းဥပဒေများ)
အမိန့်ကြော်ငြာစာအမှတ် ၁၄/၂၀၁၆

၁၃၇၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်

(၂၀၁၆ ခုနှစ်၊ မေလ ၃၁ ရက်)


သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၂၈၊ ပုဒ်မခွဲ (က) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည် ထောင်စုအစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် အောက်ပါနည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။

အခန်း(၁)
အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤနည်းဥပဒေများကို ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးနည်းဥပဒေများ ဟု ခေါ် တွင်စေရမည်။

၂။ ဤဥပဒေများတွင် ပါရှိသော စကားရပ်များသည် ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်း သိမ်းရေးဥပဒေတွင်ပါရှိသည့်အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။ ထို့ပြင် အောက်ပါစကား ရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-

(က) ဥပဒေ ဆိုသည်မှာ ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေကို ဆိုသည်။

(ခ) ပညာရှင်အဖွဲ့ ဆိုသည်မှာ ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ (ခ) အရ အဆုံးအဖြတ်ပေးရန် ဝန်ကြီးဌာနက အချိန်ကာလသတ်မှတ်၍ အမိန့်ကြော်ငြာစာထုတ်ပြန်ဖွဲ့စည်းသော ပညာရှင်များပါဝင်သည့်အဖွဲ့ကို ဆို သည်။

(ဂ) စစ်ဆေးရေးအဖွဲ့ ဆိုသည်မှာ နည်းဥပဒေ ၁၁ အရ ဦးစီးဌာနက ဖွဲ့စည်းတာဝန် ပေးအပ်သော ရှေး ဟောင်းဝတ္ထုပစ္စည်း စစ်ဆေးရေးအဖွဲ့ကို ဆိုသည်။

(ဃ) ပိုင်ရှင် ဆိုသည်မှာ ရှေးဟောင်းဝတ္ထုပစ္စည်းကို မူလပိုင်ဆိုင်သူ၊ အမွေဆက်ခံခွင့်ရှိသူ၊ ပိုင်ဆိုင်ခွင့် ရှိ သူ သို့မဟုတ် တစ်နည်းနည်းဖြင့် လက်ဝယ်ထားပိုင်ခွင့်ရှိသူကို ဆိုသည်။

(င) ထပ်ဆောင်းတန်ဖိုး ဆိုသည်မှာ နိုင်ငံတော်ပိုင်ပစ္စည်းအဖြစ် သတ်မှတ်လက်ခံရရှိသော ရှေးဟောင်းဝတ္ထုပစ္စည်းအတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ပေးအပ် သော သမိုင်းယဉ်ကျေးမှုဆိုင် ရာ ထပ်ဆောင်းတန်ဖိုးချီးမြှင့်ငွေကို ဆိုသည်။

(စ) အန္တရာယ်ကျရောက်ခံရနိုင်သော ရှေးဟောင်းဝတ္ထုပစ္စည်း ဆိုသည်မှာ ရှေးဟောင်းဝတ္ထု ပစ္စည်း၏ပိုင်ရှင် သို့မဟုတ် ပိုင်ဆိုင်ခွင့်ရှိသူ၏ ထိန်းသိမ်းစောင့်ရှောက်နိုင်မှု အခြေအနေ သည် ရှေးဟောင်းဝတ္ထုပစ္စည်းကို တစ်နည်းနည်းဖြင့် ထိခိုက်စေနိုင်ခြင်း၊ ဆွေးမြည့် စေနိုင်ခြင်း သို့မဟုတ် ပျက်စီးစေနိုင်ခြင်း ကို ဖြစ်ပေါ်စေသော အခြေအနေတွင် ရောက်ရှိ နေသော ရှေးဟောင်းဝတ္ထုပစ္စည်းကို ဆိုသည်။

(ဆ) တူးဖော်ရှာဖွေခွင့်ရရှိသူ ဆိုသည်မှာ ရှေးဟောင်းဝတ္ထုပစ္စည်းကို မြေပေါ်မြေအောက်၊ ရေပေါ်ရေ အောက်မှ တူးဖော်ခြင်း သို့မဟုတ် ရှာဖွေခြင်းပြုလုပ်ရန် ဦးစီးဌာန၏ ခွင့်ပြုချက်ရရှိသူကို ဆိုသည်။

(ဇ) ရှေးဟောင်းဝတ္ထုပစ္စည်း ထိန်းသိမ်းခွင့်လက်မှတ် ဆိုသည်မှာ အန္တရာယ်ကျရောက်ခံ ရနိုင်သော ရှေးဟောင်းဝတ္ထုပစ္စည်းကိုသော်လည်းကောင်း၊ တစ်နည်းနည်းဖြင့်လက်ဝယ်ရှိ သည့် သို့မဟုတ် အမွေဆက်ခံရရှိသည့်ပစ္စည်းကိုသော်လည်းကောင်း ကိုယ်ပိုင်ထိန်းသိမ်း ထားရှိနိုင်ရန် ဦးစီးဌာနက ထုတ်ပေးထား သော ထိန်းသိမ်းခွင့်လက်မှတ်ကို ဆိုသည်။

(ဈ) ပုံစံ ဆိုသည်မှာ ဤနည်းဥပဒေများတွင် ပါရှိသည့် ပုံစံတစ်မျိုးမျိုးကို ဆိုသည်။

အခန်း(၂)
ရှေးဟောင်းဝတ္ထုပစ္စည်းကို ကာကွယ်ထိန်းသိမ်းခြင်း

၃။  ဝန်ကြီးဌာနသည် ရှေးဟောင်းဝတ္ထုပစ္စည်းများကို ကာကွယ်ထိန်းသိမ်းနိုင်ရေးအတွက် ကိုယ်တိုင်သိ ရှိချက်အရဖြစ်စေ၊ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းတစ်ခုခု၏ တင်ပြချက် အရဖြစ်စေ ရှေးဟောင်း ဝတ္ထုပစ္စည်းတည်ရှိကြောင်း သိရှိပါက ရှေးဟောင်းဝတ္ထုပစ္စည်း နှင့်စပ်လျဉ်း၍ စစ်ဆေးတင်ပြရန် ဦးစီး ဌာနကို ညွှန်ကြားနိုင်သည်။

၄။  ဦးစီးဌာနသည် နည်းဥပဒေ ၃ အရ ဝန်ကြီးဌာန၏ ညွှန်ကြားချက်ရရှိလျှင်ဖြစ်စေ၊ သက်ဆိုင်ရာ မြို့ နယ်အုပ်ချုပ်ရေးမှူး၏ အကြောင်းကြားချက်ကို လက်ခံရရှိလျှင်ဖြစ်စေ ရှေးဟောင်းဝတ္ထု ပစ္စည်းကို စစ် ဆေးတင်ပြရန် စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ရမည်။

၅။  ဦးစီးဌာနသည် စစ်ဆေးရေးအဖွဲ့၏ တင်ပြချက်အရ ရှေးဟောင်းဝတ္ထုပစ္စည်းသည်-

(က)  စစ်မှန်ခြင်းမရှိကြောင်း ဆုံးဖြတ်လျှင်သော်လည်းကောင်း၊ ဝန်ကြီးဌာနက ဆောင်ရွက်ခွင့် မရှိသော ရှေးဟောင်းဝတ္ထုပစ္စည်းဖြစ်ကြောင်း တွေ့ရှိလျှင်သော်လည်းကောင်း သဘော ထားမှတ်ချက်ဖြင့် ဝန်ကြီး ဌာနသို့ တင်ပြရမည်။

(ခ)  ပိုင်ရှင်မရှိပါက ယင်းရှေးဟောင်းဝတ္ထုပစ္စည်းကို နိုင်ငံတော်ပိုင်ပစ္စည်းအဖြစ် သတ်မှတ် လက်ခံ၍ ကာကွယ်ထိန်းသိမ်းနိုင်ရန် ဝန်ကြီးဌာနသို့ တင်ပြရမည်။

(ဂ)  အန္တရာယ်ကျရောက်ခံရနိုင်သော ရှေးဟောင်းဝတ္ထုပစ္စည်းဖြစ်ပြီး နိုင်ငံတော်ပိုင်ပစ္စည်း အဖြစ် သတ်မှတ်လက်ခံ၍ ကာကွယ်ထိန်းသိမ်းသင့်ပါက ရှေးဟောင်းဝတ္ထုပစ္စည်း၏ မျက်မြင်အခြေအနေကို သ ဘောထားမှတ်ချက်ဖြင့် ဝန်ကြီးဌာနသို့ တင်ပြရမည်။

(ဃ)  ပိုင်ရှင်ရှိပြီး ပိုင်ရှင်က ယင်းရှေးဟောင်းဝတ္ထုပစ္စည်းကို မိမိကိုယ်ပိုင်ထိန်းသိမ်း စောင့်ရှောက် လိုကြောင်း တင်ပြလျှင် ရှေးဟောင်းဝတ္ထုပစ္စည်းထိန်းသိမ်းခွင့်လက်မှတ် လျှောက်ထားရယူ၍ ထိန်းသိမ်း စောင့်ရှောက်ခွင့်ရှိကြောင်းနှင့် နိုင်ငံတော်ပိုင်ပစ္စည်းအဖြစ် အပ်နှံလိုလျှင် လွှဲပြောင်းပေးအပ်နိုင်ကြောင်း ရှင်းပြရမည်။

(င)  ပိုင်ရှင်ရှိသော်လည်း အန္တရာယ်ကျရောက်ခံရနိုင်သော ရှေးဟောင်းဝတ္ထုပစ္စည်းဖြစ်သည်ဟု ထင်မြင်ယူဆပါက ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်သင့်ကြောင်းနှင့် ယင်းသို့ လွှဲပြောင်းပေးအပ်ပါက ဝန်ကြီး ဌာနက ပြုပြင်မွမ်းမံ ထိန်းသိမ်းစောင့်ရှောက်နိုင်သည့် အခြေအနေတို့ကိုလည်းကောင်း၊ ရှေးဟောင်း ဝတ္ထုပစ္စည်းကို ဝန်ကြီးဌာနသို့ အပ်နှံပါက လွှဲပြောင်းပေးအပ်သူကို အကျိုးခံစားခွင့်ရှိသူအဖြစ် သတ် မှတ်၍ ကာလတန်ဖိုးအပြင် ထပ်ဆောင်းတန်ဖိုး ချီးမြှင့်မည်ဖြစ်ကြောင်းကိုလည်းကောင်း ရှင်းပြရမည်။

(စ)  ပိုင်ရှင်ရှိပြီး ပိုင်ရှင်က နိုင်ငံတော်ပိုင်ပစ္စည်းအဖြစ် အပ်နှံရန်သဘောတူလျှင် ထိုသူကို အကျိုးခံစား ခွင့်ရှိသူအဖြစ် သတ်မှတ်ပြီး ထိုက်တန်သော ကာလတန်ဖိုးအပြင် ထပ်ဆောင်းတန်ဖိုးချီးမြှင့်နိုင်ရေးအ တွက် ဝန်ကြီးဌာနသို့ တင်ပြရမည်။

၆။  ဝန်ကြီးဌာနသည်-

(က)  နိုင်ငံတော်ပိုင်ပစ္စည်းအဖြစ် သတ်မှတ်လက်ခံ၍ ကာကွယ်ထိန်းသိမ်းရမည့် ရှေးဟောင်း ဝတ္ထုပစ္စည်းဖြစ်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်း၍ ထိန်းသိမ်းထားရှိ မည့်နေရာနှင့် ကာကွယ်ထိန်းသိမ်းခြင်းနည်းလမ်းများကို အတည်ပြုဆုံးဖြတ်၍ ယင်းအတည်ပြုဆုံး ဖြတ်ချက်နှင့်အညီ ကာကွယ်ထိန်းသိမ်းရန် ဦးစီးဌာနကို ညွှန်ကြားရမည်။

(ခ)  နိုင်ငံတော်ပိုင်ပစ္စည်းအဖြစ် သတ်မှတ်လက်ခံ၍ ကာကွယ်ထိန်းသိမ်းရမည့် ရှေးဟောင်း ဝတ္ထုပစ္စည်းသည် အန္တရာယ်ကျရောက်ခံရနိုင်သော ရှေးဟောင်းဝတ္ထုပစ္စည်းဖြစ်ပါက ယင်းရှေးဟောင်းဝတ္ထုပစ္စည်း ၏မူလရှေးဟောင်းပုံသဏ္ဌာန်ကိုဖြစ်စေ၊ မူလရှေးဟောင်း လက်ရာကိုဖြစ်စေ ပြောင်းလဲခြင်းမရှိဘဲ ပြုပြင် ထိန်းသိမ်းရန် ဦးစီးဌာနကို ညွှန်ကြား ရမည်။

(ဂ)  ရှေးဟောင်းဝတ္ထုပစ္စည်းကို ပိုင်ရှင်က အပ်နှံရန် သဘောတူကြောင်း ဦးစီးဌာန၏ တင်ပြချက်ကို လက်ခံရရှိလျှင် သက်ဆိုင်ရာပိုင်ရှင်ကို အကျိုးခံစားခွင့်ရှိသူအဖြစ် သတ်မှတ်ပြီး ထိုက်တန်သော လက်ရှိ ကာလတန်ဖိုးအပြင် ထပ်ဆောင်းတန်ဖိုးငွေ ပေးအပ်၍ လွှဲပြောင်းရယူရန် ဦးစီးဌာနကိုညွှန်ကြားရမည်။

(ဃ)  ရှေးဟောင်းအမွေအနှစ်ဆိုင်ရာ ထူးခြားရှားပါး၍ တန်ဖိုးမြင့်မားသော ဝတ္ထုပစ္စည်း ဖြစ်သည်ဟု အတည်ပြုလျှင် ယင်းရှေးဟောင်းဝတ္ထုပစ္စည်းများကို အမျိုးသားပြတိုက်နှင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြတိုက်များတွင် ထိန်းသိမ်းထားရှိခြင်းနှင့် ခင်းကျင်းပြသခြင်းပြုလုပ်ရန် ဦးစီးဌာနကို ညွှန် ကြားရမည်။

(င)  ပိုင်ရှင်က မိမိ သို့မဟုတ် မိမိ၏ဘိုးဘွားစဉ်ဆက် သို့မဟုတ် မိမိ၏မိသားစုတွင် ပါဝင်သူတစ်ဦးဦး နှင့် ပတ်သက်၍ သင့်လျော်သော အကြောင်းပြချက်ဖြင့် ရှေးဟောင်း ဝတ္ထုပစ္စည်းများကို ကိုယ်ပိုင်ထိန်း သိမ်းထားရှိလိုကြောင်း လျှောက်ထားပါက စိစစ်၍ ရှေးဟောင်းဝတ္ထုပစ္စည်းထိန်းသိမ်းခွင့်လက်မှတ် ထုတ်ပေးရန် ဦးစီးဌာနကို ညွှန်ကြား ရမည်။

၇။  ဝန်ကြီးဌာနသည် အန္တရာယ်ကျရောက်ခံရနိုင်သော ရှေးဟောင်းဝတ္ထုပစ္စည်း၊ တစ်နည်းနည်းဖြင့် လက်ဝယ်ရရှိသည့် ရှေးဟောင်းဝတ္ထုပစ္စည်း သို့မဟုတ် အမွေဆက်ခံရရှိသည့် ရှေးဟောင်းဝတ္ထု ပစ္စည်းကို ကိုယ်ပိုင်ထိန်းသိမ်းထားရှိလိုကြောင်း လျှောက်ထားလျှင် စည်းကမ်းချက်များ သတ်မှတ်၍ ထိန်းသိမ်း ခွင့်ပြုနိုင်သည်။

၈။  ဝန်ကြီးဌာနသည် အန္တရာယ်ကျရောက်ခံရနိုင်သော ရှေးဟောင်းဝတ္ထုပစ္စည်းတည်ရှိကြောင်း ကိုယ် တိုင်သိရှိချက်အရဖြစ်စေ၊ ဦးစီးဌာန၏ တင်ပြချက်အရဖြစ်စေ သိရှိလျှင်-

(က)  ယင်းပစ္စည်း တည်ရှိသည့်နေရာသို့ သွားရောက်စစ်ဆေးရန် ဦးစီးဌာနကို ညွှန်ကြားရမည်။

(ခ)  သက်ဆိုင်ရာ ပိုင်ရှင်ထံ ထိုက်တန်သော ကာလတန်ဖိုးအပြင် ထပ်ဆောင်းတန်ဖိုးချီးမြှင့်၍ လွှဲပြောင်း ရယူ ထိန်းသိမ်းရမည်။

(ဂ)  သက်ဆိုင်ရာ ပိုင်ရှင်က သင့်လျော်သော အကြောင်းပြချက်ဖြင့် ကိုယ်ပိုင်ထိန်းသိမ်း ထားရှိလို ကြောင်းတင်ပြလျှောက်ထားလျှင် ယင်းပစ္စည်းအတွက် ကာကွယ်ထိန်းသိမ်း ခြင်းဆိုင်ရာ စည်းကမ်းချက်များ သတ်မှတ်၍ ထိန်းသိမ်းခွင့်လက်မှတ်ဖြင့် ခွင့်ပြုနိုင်သည်။

အခန်း(၃)
ပညာရှင်အဖွဲ့နှင့် စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်း

၉။  ဝန်ကြီးဌာနသည်-

(က)  ရှေးဟောင်းဝတ္ထုပစ္စည်း စစ်မှန်ခြင်း ရှိ မရှိ အငြင်းပွားမှုပေါ်ပေါက်လျှင် အဆုံးအဖြတ် ပေးနိုင်ရန် ရှေးဟောင်းဝတ္ထုပစ္စည်းကျွမ်းကျင်သူများနှင့် သမာသမတ်ရှိ၍ သင့်လျော်သော ပုဂ္ဂိုလ် ငါးဦးပါဝင်သော ပညာရှင်အဖွဲ့ကို ဖွဲ့စည်းရမည်။

(ခ)  နည်းဥပဒေခွဲ (က) အရ ပညာရှင်အဖွဲ့ ဖွဲ့စည်းရာတွင် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ကို သတ်မှတ် ပေးရမည်။

(ဂ)  နည်းဥပဒေခွဲ (က) အရ ဖွဲ့စည်းသော ပညာရှင်အဖွဲ့ကို လိုအပ်သလို ပြင်ဆင် ဖွဲ့စည်းနိုင်သည်။

၁၀။  ပညာရှင်အဖွဲ့သည်-

(က)  ရှေးဟောင်းဝတ္ထုပစ္စည်းစစ်မှန်ခြင်း ရှိ မရှိ အငြင်းပွားမှုကို များရာဆန္ဒမဲဖြင့် အဆုံး အဖြတ်ပေးရ မည်။

(ခ)  ရှေးဟောင်းဝတ္ထုပစ္စည်းစစ်မှန်ခြင်း ရှိ မရှိ အငြင်းပွားမှုအပေါ် အဆုံးအဖြတ်ပေးရန် တင်ပြချက်ကို လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း အဆုံးအဖြတ်ပေးရမည်။

(ဂ)  အငြင်းပွားမှုအတွက် ဆုံးဖြတ်ချက်ကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်ထံအ ကြောင်းကြားရမည်။ ယင်းဆုံးဖြတ်ချက်မိတ္တူကို ဝန်ကြီးဌာနနှင့် ဦးစီးဌာနသို့ ပေးပို့ရမည်။

၁၁။  ဦးစီးဌာနသည်-

(က)  ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းခြင်း၊ အပ်နှံခြင်း၊ လက်ခံခြင်းနှင့် စပ်လျဉ်း၍ဖြစ်စေ၊ ရှေးဟောင်းဝတ္ထုပစ္စည်း စစ်မှန်ခြင်း ရှိ မရှိ နှင့် စပ်လျဉ်း၍ဖြစ်စေ စစ်ဆေးရန်လိုအပ်ပါက သင့်လျော်သော ပုဂ္ဂိုလ်များပါဝင်သော စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းရမည်။

(ခ)  နည်းဥပဒေခွဲ (က) အရ စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းရာတွင် သင့်လျော်သော ပုဂ္ဂိုလ် တစ်ဦးကို အဖွဲ့ ခေါင်းဆောင်အဖြစ် သတ်မှတ်ပေးရမည်။

(ဂ)  နည်းဥပဒေခွဲ (က) အရ ဖွဲ့စည်းသော စစ်ဆေးရေးအဖွဲ့ကို လိုအပ်သလို ပြင်ဆင် ဖွဲ့စည်းနိုင်သည်။

၁၂။  စစ်ဆေးရေးအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်သည်-

(က)  ရှေးဟောင်းဝတ္ထုပစ္စည်း အမှန်တကယ် တည်ရှိခြင်း ရှိ မရှိ စစ်ဆေးခြင်း၊

(ခ)  ရှေးဟောင်းဝတ္ထုပစ္စည်း တည်ရှိရာနေရာနှင့် တွေ့ရှိသည့် နေရာတို့ကို စစ်ဆေးခြင်းနှင့် မှတ်တမ်း တင်ခြင်း၊

(ဂ)  ရှေးဟောင်းဝတ္ထုပစ္စည်း စစ်မှန်ခြင်း ရှိ မရှိ စစ်ဆေးခြင်း၊

(ဃ)  ရှေးဟောင်းဝတ္ထုပစ္စည်းကို သိပ္ပံနည်းကျ သက်တမ်းတွက်ချက်ခြင်းနှင့် စစ်ဆေးမှတ်တမ်း တင် ခြင်း၊

(င)  ဝန်ကြီးဌာနက ဆောင်ရွက်ခွင့်ရှိသော ရှေးဟောင်းဝတ္ထုပစ္စည်း ဟုတ် မဟုတ် စစ်ဆေး ခြင်း၊

(စ)  ရှေးဟောင်းဝတ္ထုပစ္စည်းသည် ပိုင်ရှင် သို့မဟုတ် ထိန်းသိမ်းစောင့်ရှောက်သူ ရှိ မရှိ စစ်ဆေးခြင်း၊

(ဆ)  အန္တရာယ်ကျရောက်ခံရနိုင်သော ရှေးဟောင်းဝတ္ထုပစ္စည်း ဟုတ် မဟုတ် စစ်ဆေးခြင်းနှင့် မှတ် တမ်းတင်ခြင်း၊

(ဇ)  ရှေးဟောင်းဝတ္ထုပစ္စည်း၏ ခန့်မှန်းကာလတန်ဖိုး တွက်ချက်ခြင်း၊

(ဈ)  ရှေးဟောင်းဝတ္ထုပစ္စည်းအတွက် ခန့်မှန်းထပ်ဆောင်းတန်ဖိုး တွက်ချက်ခြင်း၊

(ည)  ရှေးဟောင်းအမွေအနှစ်ဆိုင်ရာ တန်ဖိုးမြင့်မားသော ရှေးဟောင်းဝတ္ထုပစ္စည်း ဟုတ် မဟုတ် စစ် ဆေးခြင်း၊

(ဋ)  ခွင့်ပြုချက်ရရှိသူသည် ခွင့်ပြုချက်ပါ စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ခြင်း ရှိ မရှိ စစ် ဆေးခြင်း၊

(ဌ)  ဦးစီးဌာနက ပေးအပ်သော အခြားတာဝန်များကို ဆောင်ရွက်ခြင်း။

၁၃။  စစ်ဆေးရေးအဖွဲ့သည် စစ်ဆေးခြင်းလုပ်ငန်းတစ်ရပ် ဆောင်ရွက်ပြီးပါက တွေ့ရှိချက်အစီရင်ခံစာ ကို ဦးစီးဌာနသို့ ခုနစ်ရက်အတွင်း တင်ပြရမည်။

အခန်း(၄)
ရှေးဟောင်းဝတ္ထုပစ္စည်းကို စစ်ဆေးခြင်း

၁၄။  ဦးစီးဌာနသည် ဝတ္ထုပစ္စည်းတစ်ခုခုနှင့် စပ်လျဉ်း၍ ရှေးဟောင်းဝတ္ထုပစ္စည်း စစ်မှန်ခြင်း ရှိ မရှိ စိစစ်ရန်လိုအပ်ပါက နည်းဥပဒေ ၁၁ အရ ဖွဲ့စည်းသော စစ်ဆေးရေးအဖွဲ့ကို တာဝန်ပေး စစ်ဆေးစေပြီး စစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အပေါ် အခြေခံ၍ အဆုံးအဖြတ်ပေး ရမည်။ ယင်းဆုံးဖြတ်ချက် မိတ္တူကို သက်ဆိုင်ရာပိုင်ရှင်၊ ထိန်းသိမ်းစောင့်ရှောက်သူ၊ တွေ့ရှိသူ သို့မဟုတ် တူးဖော်ရှာဖွေခွင့် ရရှိသူ အား ပေးအပ်ရမည်။

၁၅။  ပိုင်ရှင်၊ ထိန်းသိမ်းစောင့်ရှောက်သူ၊ တွေ့ရှိသူ သို့မဟုတ် တူးဖော်ရှာဖွေခွင့် ရရှိသူသည် ရှေးဟောင်းဝတ္ထုပစ္စည်း စစ်မှန်ခြင်း ရှိ မရှိ နှင့်စပ်လျဉ်း၍ နည်းဥပဒေ ၁၄ အရ ဦးစီးဌာန၏ ဆုံးဖြတ်ချက်ကို မကျေနပ်လျှင် ဆုံးဖြတ်ချက်ချမှတ်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ပညာရှင်အဖွဲ့သို့ တင်ပြအဆုံးအဖြတ် ခံ ယူနိုင်သည်။

၁၆။  ပညာရှင်အဖွဲ့ဥက္ကဋ္ဌသည် ရှေးဟောင်းဝတ္ထုပစ္စည်း စစ်မှန်ခြင်းရှိမရှိ အငြင်းပွားမှုအပေါ် အဆုံးအ ဖြတ်ပေးရန် တင်ပြချက်လက်ခံရရှိလျှင် အဆုံးအဖြတ်ပေးနိုင်ရန် ပညာရှင်အဖွဲ့ အစည်းအဝေးကို အမြန် ဆုံး ခေါ်ယူဆောင်ရွက်ရမည်။

၁၇။  ဦးစီးဌာနသည် ရှေးဟောင်းဝတ္ထုပစ္စည်း စစ်မှန်ခြင်း ရှိ မရှိ နှင့်စပ်လျဉ်း၍ ဦးစီးဌာန၏ ဆုံးဖြတ် ချက်နှင့် ပညာရှင်အဖွဲ့၏ ဆုံးဖြတ်ချက်တို့ ကွဲလွဲမှုရှိပါက အဆုံးအဖြတ်ခံယူရန် ဝန်ကြီးဌာနသို့ တင်ပြ နိုင်သည်။

၁၈။  ရှေးဟောင်းဝတ္ထုပစ္စည်း စစ်မှန်ခြင်း ရှိ မရှိ နှင့်စပ်လျဉ်း၍ ဝန်ကြီးဌာန၏ ဆုံးဖြတ်ချက်သည် အပြီး အပြတ်ဖြစ်သည်။

အခန်း(၅)
ကာလတန်ဖိုး၊ ထပ်ဆောင်းတန်ဖိုးတွက်ချက်ခြင်းနှင့် ရှေးဟောင်းအမွေအနှစ်ဆိုင်ရာ တန်ဖိုးမြင့်မားသော ရှေးဟောင်းဝတ္ထုပစ္စည်း သတ်မှတ်ခြင်း 

၁၉။  ဝန်ကြီးဌာနသည် လာရောက်အပ်နှံသော ရှေးဟောင်းဝတ္ထုပစ္စည်းကိုဖြစ်စေ၊ အန္တရာယ်ကျရောက် ခံရနိုင်သော ရှေးဟောင်းဝတ္ထုပစ္စည်းကိုဖြစ်စေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၏ အကြောင်းကြားချက် အရ သိရှိရသော ရှေးဟောင်းဝတ္ထုပစ္စည်းကိုဖြစ်စေ၊ မြေပေါ်မြေအောက် ရေပေါ်ရေအောက်မှ တူးဖော်ခြင်း သို့မဟုတ် ရှာဖွေခြင်း ပြုလုပ်ရာမှရရှိသော ရှေးဟောင်းဝတ္ထုပစ္စည်းကိုဖြစ်စေ၊ တစ်နည်းနည်းဖြင့် သိရှိရသော ရှေးဟောင်းဝတ္ထုပစ္စည်းကိုဖြစ်စေ ကာလတန်ဖိုးနှင့် ထပ်ဆောင်း တန်ဖိုးသတ်မှတ်ခြင်း ပြုလုပ်နိုင် ရေးအတွက် ခန့်မှန်းတန်ဖိုး တွက်ချက်တင်ပြရန် ဦးစီးဌာနကို တာဝန်ပေးရသည်။

၂၀။  ရှေးဟောင်းအမွေအနှစ်ဆိုင်ရာ ထပ်ဆောင်းတန်ဖိုးသတ်မှတ်ရာတွင် အောက်ပါအချက်များကို အ ခြေခံ၍ စိစစ်ပြီး သတ်မှတ်ရမည်-

(က)  ရှေးဟောင်းဝတ္ထုပစ္စည်း၏ နောက်ခံသမိုင်းကြောင်း အခြေအနေ၊

(ခ)  ရှေးဟောင်းဝတ္ထုပစ္စည်းကို ပြုလုပ်ထားသည့် ပစ္စည်းအမျိုးအစား၊

(ဂ)  အနုပညာလက်ရာမြောက်မှုအဆင့်အတန်း၊

(ဃ)  ရှေးဟောင်းဝတ္ထုပစ္စည်း၏ သက်တမ်း၊

(င)  ကာလတန်ဖိုး။

၂၁။  ဦးစီးဌာနသည် ရှေးဟောင်းဝတ္ထုပစ္စည်း၏ ကာလတန်ဖိုးနှင့် ထပ်ဆောင်းတန်ဖိုး တွက်ချက် တင်ပြ ရန် သက်ဆိုင်ရာစစ်ဆေးရေးအဖွဲ့ကို တာဝန်ပေးအပ်နိုင်သည်။

၂၂။  စစ်ဆေးရေးအဖွဲ့သည် ဦးစီးဌာန၏ တာဝန်ပေးချက်အရ ရှေးဟောင်းဝတ္ထုပစ္စည်း၏ ကာလ တန်ဖိုး နှင့် ထပ်ဆောင်းတန်ဖိုး တွက်ချက်တင်ပြရာတွင် အောက်ပါအတိုင်း ခန့်မှန်းတွက်ချက်ပြီး တွက်ချက်မှု ပုံစံနှင့်အတူ ဦးစီးဌာနသို့ တင်ပြရမည်-

(က)  ရွှေ၊ ငွေ သို့မဟုတ် ကျောက်မျက်ရတနာတို့ပါဝင်သော ရှေးဟောင်းဝတ္ထုပစ္စည်းမှတစ်ပါး အခြား ရှေးဟောင်းဝတ္ထုပစ္စည်း၏ ကာလတန်ဖိုးကို ခန့်မှန်းတွက်ချက်ရမည်။

(ခ)  ရွှေ၊ ငွေ သို့မဟုတ် ကျောက်မျက်ရတနာပါဝင်သော ရှေးဟောင်းဝတ္ထုပစ္စည်း၏ အရည်အသွေးနှင့် အလေးချိန်ကို စစ်ဆေး၍ ကာလတန်ဖိုးသတ်မှတ်နိုင်ရန် မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းဌာနသို့ ပေးပို့စစ်ဆေးရမည်။

(ဂ)  နည်းဥပဒေခွဲ (ခ) အရ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းဌာန၏ စစ်ဆေးတွေ့ရှိ ချက်ကို အခြေခံ၍ ရှေးဟောင်းဝတ္ထုပစ္စည်း၏ ကာလတန်ဖိုးကို ခန့်မှန်း တွက်ချက်ရမည်။

(ဃ)  နည်းဥပဒေ ၂၀ ပါ အချက်များကို အခြေခံ၍ စိစစ်ပြီး ထပ်ဆောင်းတန်ဖိုးကို ခန့်မှန်း တွက်ချက်ရ မည်။

၂၃။  ဦးစီးဌာနသည် နည်းဥပဒေ ၂၂ အရ စစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အပေါ် သဘောထား မှတ်ချက်ဖြင့် ဝန်ကြီးဌာနသို့ တင်ပြရမည်။

၂၄။  ဝန်ကြီးဌာနသည် ဦးစီးဌာနက တင်ပြသော ရှေးဟောင်းဝတ္ထုပစ္စည်း၏ ကာလတန်ဖိုးတွက်ချက်မှု နှင့် ထပ်ဆောင်းတန်ဖိုး သတ်မှတ်မှုတို့ကို အတည်ပြုခြင်း သို့မဟုတ် ပြင်ဆင်ခြင်းပြုနိုင်သည်။

၂၅။  အောက်ဖော်ပြပါ ရှေးဟောင်းဝတ္ထုပစ္စည်းများသည် ရှေးဟောင်းအမွေအနှစ်ဆိုင်ရာ တန်ဖိုး မြင့်မားသော ပစ္စည်းများဖြစ်သည်-

(က)  မြန်မာမင်းခမ်းတော်ပစ္စည်းနှင့် နန်းတွင်းအသုံးအဆောင်များ၊

(ခ)  ရွှေ၊ ငွေ သို့မဟုတ် အဖိုးတန်ကျောက်မျက်ရတနာများပါဝင်သော လက်မှုအနုပညာ ပစ္စည်းများ၊

(ဂ)  ထူးခြားရှားပါးသည့် အနုပညာလက်ရာများ သို့မဟုတ် လက်မှုအနုပညာများ၊

(ဃ)  နှစ်ပေါင်း ၅၀၀ နှင့်အထက် သက်တမ်းရှိသည့် ဝတ္ထုပစ္စည်းများ၊

(င)  လူနှင့်တိရစ္ဆာန်အမျိုးမျိုးတို့၏ ကျောက်ဖြစ်ရုပ်ကြွင်းများ၊

(စ)  ဝန်ကြီးဌာနက အခါအားလျော်စွာ သတ်မှတ်သောပစ္စည်းများ။

အခန်း(၆)
ရှေးဟောင်းဝတ္ထုပစ္စည်းတွေ့ရှိကြောင်းသတင်းပို့ခြင်း

၂၆။ မည်သူမဆို ဦးစီးဌာန၏ ခွင့်ပြုချက်မရှိဘဲ မိမိလက်ဝယ်ရှိ မြေပေါ်တွင်ဖြစ်စေ၊ အများပြည်သူဆိုင် ရာ နေရာတစ်ခုတွင်ဖြစ်စေ၊ ဝန်ကြီးဌာနတစ်ခုခုက စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေတွင်ဖြစ်စေ၊ အခြားမြေတွင်ဖြစ်စေ၊ အကြောင်းတစ်ခုခုကြောင့် မြေကိုတူးဖော်ရာမှဖြစ်စေ၊ အခြားလုပ်ငန်း တစ်ခုခု ဆောင်ရွက်ရာမှဖြစ်စေ ရှေးဟောင်းဝတ္ထုပစ္စည်းဟု ယူဆရသော ပစ္စည်းတစ်ခုခုကို တွေ့ရှိပါက-

(က) ဆောင်ရွက်ဆဲကိစ္စရပ်ကို ခေတ္တရပ်ဆိုင်းပြီး သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေး မှူးရုံးသို့ ချက်ချင်းသတင်းပို့ရမည်။

(ခ) တူးဖော်တွေ့ရှိသော ရှေးဟောင်းဝတ္ထုပစ္စည်းများကို ဓာတ်ပုံမှတ်တမ်း ရိုက်ယူ ထားနိုင်သည်။

(ဂ) ရွှေ့ပြောင်းသယ်ယူရန် ခက်ခဲသော ပစ္စည်းဖြစ်ပါက နေရာရွှေ့ပြောင်း ဖယ်ရှားခြင်းမပြုဘဲ မူလအတိုင်း ထားရှိရမည်။

(ဃ) ဦးစီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဆက်လက်ဆောင်ရွက်ရမည်။

၂၇။ ဦးစီးဌာနသည်-

(က) သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၏ အကြောင်းကြားချက်ကို လက်ခံရရှိလျှင် ရှေးဟောင်း ဝတ္ထုပစ္စည်းတွေ့ရှိသည့်နေရာသို့ ချက်ချင်းသွားရောက် ကြည့်ရှုရမည်။

(ခ) ရှေးဟောင်းဝတ္ထုပစ္စည်းများ စစ်မှန်ခြင်း ရှိ မရှိ စိစစ်ရန် လိုအပ်ပါက စစ်ဆေးရေးအဖွဲ့ကို စစ်ဆေး ရန် တာဝန်ပေးအပ်နိုင်သည်။

အခန်း(၇)
ခွင့်ပြုချက်လျှောက်ထားခြင်း

၂၈။  ဦးစီးဌာနသည် ရှေးဟောင်းဝတ္ထုပစ္စည်းကို မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်မှ တူးဖော်ခြင်း သို့မဟုတ် ရှာဖွေခြင်းပြုလုပ်ခွင့်၊ သယ်ယူခြင်း သို့မဟုတ် ပို့ဆောင်ခြင်းပြုလုပ်ခွင့်၊ စီးပွားရေး အလို့ငှာ ဓာတ်ပုံ၊ ဗီဒီယို၊ ရုပ်ရှင်ရိုက်ကူးခြင်း၊ မိတ္တူပွားယူခြင်း၊ ပုံတူပွားခြင်း သို့မဟုတ် ပုံတူ ကူးယူခြင်းပြုလုပ်ခွင့် လျှောက်ထားခြင်းများအပေါ် စိစစ်ပြီး ဝန်ကြီးဌာန၏ သဘောတူညီ ချက်ဖြင့် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်။

၂၉။ ရှေးဟောင်းဝတ္ထုပစ္စည်းနှင့်စပ်လျဉ်း၍-

(က)  တူးဖော်ခြင်း သို့မဟုတ် ရှာဖွေခြင်းပြုလုပ်လိုသော ဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦး သည် တူးဖော်ခွင့် သို့မဟုတ် ရှာဖွေခွင့်ရရှိရေးအတွက် ဦးစီးဌာန သို့မဟုတ် ဦးစီးဌာနသည် လွှဲအပ်တာ ဝန်ပေးခြင်းခံရသည့် ဌာနသို့ ပုံစံ (၁) ဖြင့် လျှောက်ထားရမည်။

(ခ)  အန္တရာယ်ကျရောက်ခံရနိုင်သော ရှေးဟောင်းဝတ္ထုပစ္စည်းများ၊ တစ်နည်းနည်းဖြင့် လက်ဝယ်ရရှိ သည့် ရှေးဟောင်းဝတ္ထုပစ္စည်း သို့မဟုတ် အမွေဆက်ခံရရှိသည့် ရှေးဟောင်းဝတ္ထုပစ္စည်းကို ကိုယ်ပိုင် ထိန်းသိမ်းထားရှိလိုလျှင် ဦးစီးဌာန သို့မဟုတ် ဦးစီးဌာနက လွှဲအပ်တာဝန်ပေးခြင်းခံရသည့် ဌာနသို့ ပုံစံ (၃) ဖြင့်လျှောက်ထားရမည်။

(ဂ)  မည်သူမဆို နိုင်ငံအချင်းချင်း ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်အရ ပြပွဲတွင် ခင်းကျင်း ပြသရန်၊ သုတေသနပြုရန် သို့မဟုတ် ကာကွယ်ထိန်းသိမ်းခြင်းပြုရန် ရှေးဟောင်းဝတ္ထု ပစ္စည်းကို ပြည်ပသို့ သယ်ယူ ခြင်း သို့မဟုတ် ပို့ဆောင်ခြင်း ပြုလုပ်လိုပါက ဦးစီးဌာန သို့မဟုတ် ဦးစီးဌာနက လွှဲအပ်တာဝန်ပေးခြင်း ခံရသည့် ဌာနသို့ ပုံစံ (၅) ဖြင့် လျှောက် ထားရမည်။

(ဃ)  ရှေးဟောင်းဝတ္ထုပစ္စည်းကို ပြည်တွင်းတွင် တစ်နေရာမှတစ်နေရာသို့ ပြောင်းရွှေ့ သယ်ယူခြင်း သို့မ ဟုတ် ပို့ဆောင်ခြင်းပြုလုပ်လိုသူသည် ဦးစီးဌာန သို့မဟုတ် ဦးစီးဌာနက လွှဲအပ်တာဝန်ပေးခြင်းခံရသည့် ဌာနသို့ ပုံစံ (၇) ဖြင့် လျှောက်ထားရမည်။

(င)  ဦးစီးဌာနလက်ဝယ်တွင် ထိန်းသိမ်းထားသော ရှေးဟောင်းဝတ္ထုပစ္စည်းများကို စီးပွားရေး အလို့ငှာ ဓာတ်ပုံ၊ ဗီဒီယို၊ ရုပ်ရှင်ရိုက်ကူးခြင်း၊ မိတ္တူပွားယူခြင်း၊ ပုံတူပွားခြင်း သို့မဟုတ် ပုံတူကူးယူခြင်း ပြုလုပ် လိုသူသည် ဦးစီးဌာန သို့မဟုတ် ဦးစီးဌာနက လွှဲအပ် တာဝန်ပေးခြင်းခံရသည့် ဌာနသို့ ပုံစံ (၉) ဖြင့် လျှောက်ထားရမည်။

၃၀။  ဦးစီးဌာန သို့မဟုတ် ဦးစီးဌာနက လွှဲအပ်တာဝန်ပေးခြင်းခံရသည့် ဌာနသည်-

(က)  နည်းဥပဒေ ၂၉ အရ လျှောက်ထားချက်များတွင် ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ဖော်ပြခြင်း ရှိ မရှိ ကို လည်းကောင်း၊ ပူးတွဲပါရှိရမည့် အထောက်အထားများ ပြည့်စုံစွာ ပါရှိခြင်း ရှိ မရှိ ကို လည်းကောင်း စိစစ် ရမည်။

(ခ)  လျှောက်လွှာပါ အချက်များနှင့် ပူးတွဲပါရှိရမည့် အထောက်အထားများ မှန်ကန်ပြည့်စုံ ကြောင်း တွေ့ရှိပါက ဦးစီးဌာန၏ သဘောထားမှတ်ချက်ဖြင့် ဝန်ကြီးဌာနသို့ တင်ပြရမည်။

(ဂ)  လျှောက်လွှာပါ အချက်များနှင့် ပူးတွဲပါရှိရမည့် အထောက်အထားများ ပြည့်စုံစွာပါရှိခြင်း မရှိပါက လိုအပ်သော အချက်များကို ပြင်ဆင်ဖြည့်စွက်၍ ထပ်မံလျှောက်ထားနိုင်ရန် သက်ဆိုင်ရာ လျှောက်ထားသူထံ အကြောင်းကြား၍ လျှောက်လွှာကို ပြန်လည်ပေးအပ် ရမည်။

(ဃ)  နည်းဥပဒေခွဲ (ဂ) အရ ပြန်လည်ပေးအပ်သော လျှောက်လွှာကို လျှောက်ထားသူက လိုအပ်သလို ပြင်ဆင်ခြင်းနှင့် ဖြည့်စွက်ခြင်းတို့ ဆောင်ရွက်ပြီး ထပ်မံလျှောက်ထားလျှင် ယင်းလျှောက်ထားချက်ကို လက်ခံ၍ စိစစ်ရမည်။ လျှောက်လွှာပါ အချက်များနှင့် ပူးတွဲပါရှိရမည့်အချက်များ ပြည့်စုံမှန်ကန်လျှင် နည်းဥပဒေခွဲ (ခ) ပါအတိုင်း ဆောင်ရွက် ရမည်။

(င)  ခွင့်ပြုချက်ပါ စည်းကမ်းချက်များကိုလိုက်နာရန် ပျက်ကွက်ကြောင်း စစ်ဆေးတွေ့ရှိပါက ခွင့်ပြုချက် ကို ပြန်လည်ရုပ်သိမ်းနိုင်သည်။

၃၁။  ဦးစီးဌာနသည် နည်းဥပဒေ ၃၀၊ နည်းဥပဒေခွဲ (ခ) အရ တင်ပြချက်ကို ဝန်ကြီးဌာနက ခွင့်ပြုလျှင်-

(က)  တူးဖော်ခွင့် သို့မဟုတ် ရှာဖွေခွင့် လျှောက်ထားသည့်ကိစ္စဖြစ်ပါက ခွင့်ပြုချက်ကို ပုံစံ (၂) ဖြင့် ထုတ် ပေးရမည်။

(ခ)  ရှေးဟောင်းဝတ္ထုပစ္စည်း ထိန်းသိမ်းခွင့်လက်မှတ် ရရှိရေးအတွက် လျှောက်ထားသည့် ကိစ္စဖြစ်ပါက ရှေးဟောင်းဝတ္ထုပစ္စည်း ထိန်းသိမ်းခွင့်လက်မှတ်ကို ပုံစံ (၄) ဖြင့် ထုတ်ပေးရမည်။

(ဂ)  နိုင်ငံအချင်းချင်း ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်အရ ပြပွဲတွင် ခင်းကျင်းပြသရန်၊ သုတေသနပြုရန် သို့မဟုတ် ကာကွယ်ထိန်းသိမ်းခြင်းပြုရန် ရှေးဟောင်းဝတ္ထုပစ္စည်းကို ပြည်ပသို့ သယ်ယူခြင်း သို့မဟုတ် ပို့ဆောင်ခြင်းပြုရေးအတွက် လျှောက်ထားခြင်း ဖြစ်ပါက ခွင့်ပြုချက်ကို ပုံစံ (၆) ဖြင့် ထုတ်ပေးရ မည်။

(ဃ)  ရှေးဟောင်းဝတ္ထုပစ္စည်းကို ပြည်တွင်းတွင် တစ်နေရာမှတစ်နေရာသို့ သယ်ယူခွင့် သို့မဟုတ် ပို့ ဆောင်ခွင့်ရရှိရေးအတွက် လျှောက်ထားခြင်းဖြစ်ပါက ခွင့်ပြုချက်ကို ပုံစံ (၈) ဖြင့် ထုတ်ပေးရမည်။

(င)  ဦးစီးဌာနလက်ဝယ်တွင် ထိန်းသိမ်းထားသော ရှေးဟောင်းဝတ္ထုပစ္စည်းများကို စီးပွားရေး အလို့ငှာ ဓာတ်ပုံ၊ ဗီဒီယို၊ ရုပ်ရှင်ရိုက်ကူးခြင်း၊ မိတ္တူပွားယူခြင်း၊ ပုံတူပွားခြင်း သို့မဟုတ် ပုံတူကူးခြင်းပြုရေးအ တွက်လျှောက်ထားခြင်းဖြစ်ပါက ခွင့်ပြုချက်ကို ပုံစံ (၁၀) ဖြင့် ထုတ်ပေးရမည်။

အခန်း(၈)
ခွင့်ပြုချက်ရရှိသူ၏တာဝန်များ

၃၂။  ရှေးဟောင်းဝတ္ထုပစ္စည်းကို တူးဖော်ရှာဖွေခွင့်ရရှိသူသည်-

(က) ခွင့်ပြုချက်ရရှိသည့်ဒေသ၌ ရှေးဟောင်းဝတ္ထုပစ္စည်းတူးဖော်ခြင်း၊ ရှာဖွေခြင်းလုပ်ငန်းကို ခွင့်ပြုချက်ပါ စည်းကမ်းများနှင့်အညီ ဦးစီးဌာန၏ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ပူးပေါင်း ဆောင်ရွက်ရမည်။

(ခ)  တူးဖော်ရှာဖွေရရှိသည့် ပစ္စည်းများကို ရှေးဟောင်းဝတ္ထုပစ္စည်း စစ်မှန်ခြင်း ရှိ မရှိ စိစစ် နိုင်ရန် ဦးစီး ဌာနသို့ တင်ပြရမည်။

(ဂ)  ဦးစီးဌာန၏ တာဝန်ပေးချက်အရ ရှေးဟောင်းဝတ္ထုပစ္စည်း တူးဖော်ရှာဖွေခြင်း ပြုလုပ် သည့်နေရာသို့ စစ်ဆေးရေးအဖွဲ့က ဝင်ရောက်စစ်ဆေးခြင်းကို ခွင့်ပြုရမည်။

(ဃ)  တူးဖော်ရှာဖွေရရှိသည့် ရှေးဟောင်းဝတ္ထုပစ္စည်းများကို စာရင်းပြုစု၍ နိုင်ငံတော်သို့ အပ်နှံရမည်။

(င)  တူးဖော်ရှာဖွေခွင့်ပြုခြင်းသည် တူးဖော်ရှာဖွေသည့်နေရာ၌ အခြားသူတစ်ဦး၏ အခွင့်အရေးကို ထိခိုက်နစ်နာစေခြင်းကြောင့် နစ်နာကြေးပေးလျော်ရခြင်းနှင့် သက်ဆိုင် ခြင်းမရှိစေရ။

(စ)  လုပ်ငန်းနေ့စဉ်မှတ်တမ်းကို အပတ်စဉ် ဦးစီးဌာနသို့ တင်ပြရမည်။

(ဆ)  လုပ်ငန်းပြီးဆုံးပါက အပြီးသတ်အစီရင်ခံစာနှင့် ငွေစာရင်းရှင်းတမ်းတို့ကို ပြုစုပြီး ရက်ပေါင်း ၆၀ အတွင်း ဦးစီးဌာနသို့ တင်ပြရမည်။

(ဇ)  တူးဖော်ရှာဖွေခြင်း လုပ်ငန်းပြီးဆုံးပါက စာတမ်းရေးသားဖတ်ကြားခြင်း၊ ပုံနှိပ်ထုတ် ဝေခြင်း၊ တူးဖော်ရရှိသည့် ရှေးဟောင်းဝတ္ထုပစ္စည်းများကို ခင်းကျင်းပြသခြင်းစသည့် အသိပညာပေးလုပ်ငန်းများကို ဦးစီးဌာနနှင့် ညှိနှိုင်း၍ ဆောင်ရွက်ရမည်။

(ဈ)  ဦးစီးဌာန၏ခွင့်ပြုချက်ပါ စည်းကမ်းချက်များနှင့် ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်မှု လုပ်ထုံးလုပ်နည်းများကို လိုက်နာရမည်။

၃၃။  အန္တရာယ်ကျရောက်ခံရနိုင်သော ရှေးဟောင်းဝတ္ထုပစ္စည်း၊ တစ်နည်းနည်းဖြင့် လက်ဝယ်ရရှိသည့် ရှေးဟောင်းဝတ္ထုပစ္စည်း သို့မဟုတ် အမွေဆက်ခံရရှိသည့် ရှေးဟောင်းဝတ္ထုပစ္စည်းကို ကိုယ်ပိုင် ထိန်း သိမ်းထားရှိရန် ခွင့်ပြုချက်ရရှိသူသည်-

(က)  ရှေးဟောင်းဝတ္ထုပစ္စည်း စစ်မှန်ခြင်း ရှိ မရှိ စစ်ဆေးခြင်းအတွက် ဦးစီးဌာနက သတ်မှတ် သည့် အခ ကြေးငွေကို ပေးသွင်းရမည်။

(ခ)  မိမိထိန်းသိမ်းထားသော ရှေးဟောင်းဝတ္ထုပစ္စည်းနှင့် စပ်လျဉ်း၍ ဦးစီးဌာနက အခါအား လျော်စွာ စစ်ဆေးခြင်းကို ခံယူရမည်။

၃၄။  ပြပွဲတွင် ခင်းကျင်းပြသခြင်း၊ သုတေသနပြုခြင်း သို့မဟုတ် ကာကွယ်ထိန်းသိမ်းခြင်းပြုရန် ရှေး ဟောင်းဝတ္ထုပစ္စည်းကို ပြည်ပသို့ဖြစ်စေ၊ ပြည်တွင်း၌ တစ်နေရာမှ တစ်နေရာသို့ဖြစ်စေ သယ်ယူခွင့် သို့မ ဟုတ် ပို့ဆောင်ခွင့်ရရှိသူသည်-

(က)  ရှေးဟောင်းဝတ္ထုပစ္စည်းကို ထိန်းသိမ်းခွင့်လက်မှတ်ရရှိထားပြီးဖြစ်ရမည်။

(ခ)  သယ်ယူခြင်း သို့မဟုတ် ပို့ဆောင်ခြင်းနှင့်စပ်လျဉ်း၍ ခိုင်လုံသောအကြောင်းရှိရမည်။

(ဂ)  ခွင့်ပြုချက်ရရှိထားသောနေရာ သို့မဟုတ် နိုင်ငံမှတစ်ပါး အခြားနေရာ သို့မဟုတ် နိုင်ငံသို့ ရှေး ဟောင်းဝတ္ထုပစ္စည်းကို သယ်ယူခြင်း သို့မဟုတ် ပို့ဆောင်ခြင်းမပြုရ။

(ဃ)  ရှေးဟောင်းဝတ္ထုပစ္စည်းကို ထိခိုက်ခြင်း၊ ပျက်စီးခြင်း သို့မဟုတ် ပျောက်ဆုံးခြင်းမရှိစေရန် အလေး ထား ဆောင်ရွက်ရမည်။

(င)  ဦးစီးဌာန၏ခွင့်ပြုချက်ပါ စည်းကမ်းချက်များနှင့် ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်မှု လုပ်ထုံးလုပ်နည်းများကို လိုက်နာရမည်။

၃၅။  ဦးစီးဌာနလက်ဝယ်တွင် ထိန်းသိမ်းထားသော ရှေးဟောင်းဝတ္ထုပစ္စည်းများကို စီးပွားရေးအလို့ငှာ ဓာတ်ပုံ၊ ဗီဒီယို၊ ရုပ်ရှင်ရိုက်ကူးခြင်း၊ မိတ္တူပွားယူခြင်း၊ ပုံတူပွားခြင်း သို့မဟုတ် ပုံတူ ကူးယူခြင်းအတွက် ခွင့်ပြုချက်ရရှိသူသည်-

(က)  ဦးစီးဌာနက သတ်မှတ်သည့် ရှေးဟောင်းဝတ္ထုပစ္စည်းကိုသာ ဓာတ်ပုံ၊ ဗီဒီယို၊ ရုပ်ရှင်ရိုက်ကူးခြင်း၊ မိတ္တူပွားယူခြင်း၊ ပုံတူပွားခြင်း သို့မဟုတ် ပုံတူကူးယူခြင်းပြုရမည်။

(ခ)  မိတ္တူပွားယူခြင်း၊ ပုံတူပွားခြင်း သို့မဟုတ် ပုံတူကူးယူခြင်းပြုလုပ်သူသည် မိမိ အသုံးပြုသော ရှေးဟောင်းဝတ္ထုပစ္စည်းကို မူရင်းဖြစ်သည်ဟု သတ်မှတ်ကြေညာခြင်း သော်လည်းကောင်း၊ ရှေးဟောင်းဝတ္ထု ပစ္စည်း၏ မူပိုင်ခွင့်အခွင့်အရေးကို လွှဲပြောင်း ရယူသည်ဟုသော်လည်းကောင်း မှတ်ယူခြင်းမပြုရ။

(ဂ)  ဦးစီးဌာနက သတ်မှတ်သည့် အခကြေးငွေကို ပေးသွင်းရမည်။

(ဃ)  ဦးစီးဌာန၏ ခွင့်ပြုချက်ပါ စည်းကမ်းချက်များနှင့် ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်မှု လုပ်ထုံးလုပ်နည်းများကို လိုက်နာရမည်။

အခန်း(၉)
ရှေးဟောင်းဝတ္ထုပစ္စည်း တည်ရှိသည်ဟု ပေါ်ပေါက်သောမြေကို ထိန်းသိမ်းစောင့်ရှောင့်ခြင်း

၃၆။  ဝန်ကြီးဌာနသည် နိုင်ငံတော်နယ်နိမိတ်အတွင်း မည်သည့်နေရာ၌မဆို ရှေးဟောင်းဝတ္ထုပစ္စည်း တည်ရှိကြောင်း တစ်နည်းနည်းဖြင့်သိရှိလျှင် သွားရောက်ကြည့်ရှုစစ်ဆေးရန် ဦးစီးဌာနကို တာဝန်ပေးနိုင် သည်။

၃၇။  ဦးစီးဌာနသည် ဝန်ကြီးဌာန၏ တာဝန်ပေးချက်အရ သတင်းရရှိသည့်နေရာသို့ ဆောလျင်စွာ သွား ရောက်ပြီး မြေပြင်အခြေအနေ စစ်ဆေးခြင်းနှင့် သမိုင်းယဉ်ကျေးမှုဆိုင်ရာ အထောက်အထား များရှာဖွေ ခြင်းတို့ကို ပြုလုပ်ပြီး ရှေးဟောင်းဝတ္ထုပစ္စည်းတည်ရှိခြင်း ရှိ မရှိ အပေါ် သဘောထားမှတ်ချက်ဖြင့် ဝန် ကြီးဌာနသို့တင်ပြရမည်။

၃၈။  ဝန်ကြီးဌာနသည် ဦးစီးဌာန၏ တင်ပြချက်အရ ရှေးဟောင်းဝတ္ထုပစ္စည်း တည်ရှိသည်ဟုပေါ်ပေါက် သော မြေ သို့မဟုတ် ထိုမြေ၏ တစ်စိတ်တစ်ဒေသကို တည်ဆဲဥပဒေနှင့်အညီ ထိန်းသိမ်း စောင့်ရှောက် နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရတို့နှင့် ညှိနှိုင်း ဆောင်ရွက်ရမည်။

အခန်း(၁၀)
သက်သေခံ ရှေးဟောင်းဝတ္ထုပစ္စည်းကို ကာကွယ်ထိန်းသိမ်းခြင်း

၃၉။  မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းများသည် ဥပဒေပုဒ်မ ၁၅၊ ၁၆၊ ၁၇ နှင့် ၁၈ ပါ ပြစ်မှုတစ်ရပ်ရပ်ကျူး လွန်သူကို အရေးယူရာတွင် ရှေးဟောင်းဝတ္ထုပစ္စည်းကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်း ရမိလျှင် သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှတစ်ဆင့် ဦးစီးဌာန သို့မဟုတ် ဦးစီးဌာနက လွှဲအပ်တာဝန်ပေး ခြင်းခံရသည့် ဌာနသို့ ၂၄ နာရီအတွင်း အကြောင်းကြားရမည်။

၄၀။  ဦးစီးဌာန သို့မဟုတ် ဦးစီးဌာနက လွှဲအပ်တာဝန်ပေးခြင်းခံရသည့်ဌာနသည်-

(က)  သက်သေခံရှေးဟောင်းဝတ္ထုပစ္စည်း တည်ရှိရာနေရာသို့ ချက်ချင်းသွားရောက်ပြီး စနစ်တကျ လွှဲ ပြောင်းရယူနိုင်သည်။

(ခ)  သက်သေခံပစ္စည်းသည် ရှေးဟောင်းဝတ္ထုပစ္စည်း စစ်မှန်ခြင်း ရှိ မရှိ စစ်ဆေးဆုံးဖြတ်၍ ယင်းဆုံး ဖြတ်ချက်ကို သက်ဆိုင်ရာရဲတပ်ဖွဲ့စခန်းသို့ ခုနစ်ရက်အတွင်း ပေးပို့ရမည်။

(ဂ)  သက်သေခံရှေးဟောင်းဝတ္ထုပစ္စည်းသည် တရားရုံးရှေ့သို့ တင်ပို့ရန် မလွယ်ကူသော ပစ္စည်းဖြစ်ပါက ယင်းသက်သေခံပစ္စည်းကို မည်ကဲ့သို့ ထိန်းသိမ်းထားကြောင်း အစီရင်ခံစာ သို့မဟုတ် အခြားစာရွက်စာ တမ်း အထောက်အထားများဖြင့် သက်ဆိုင်ရာ တရားရုံးသို့ တင်ပြနိုင်သည်။

(ဃ)  သက်သေခံပစ္စည်းသည် ရှေးဟောင်းဝတ္ထုပစ္စည်း စစ်မှန်ခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိ ပါက ပ ညာရှင်အဖွဲ့သို့ တင်ပြ၍ အဆုံးအဖြတ် ခံယူရမည်။

(င)  ပညာရှင်အဖွဲ့၏ ဆုံးဖြတ်ချက်အရ သက်သေခံပစ္စည်းမှာ ရှေးဟောင်းဝတ္ထုပစ္စည်း စစ်မှန်ခြင်း မရှိကြောင်းတွေ့ရှိပါက ယင်းဆုံးဖြတ်ချက်များကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့ စခန်းသို့ ၁၀ ရက်အတွင်း ပြန် ကြားရမည်။ ပြန်ကြားစာမိတ္တူကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ ပေးပို့ရမည်။

(စ)  သက်သေခံပစ္စည်းမှာ ရှေးဟောင်းဝတ္ထုပစ္စည်း စစ်မှန်ခြင်း ရှိ မရှိ နှင့်စပ်လျဉ်း၍ ဦးစီးဌာန၏ ဆုံးဖြတ်ချက်နှင့် ပညာရှင်အဖွဲ့၏ဆုံးဖြတ်ချက်ကွဲလွဲပါက ဝန်ကြီးဌာန၏ အဆုံးအဖြတ်နှင့်အညီ သက် ဆိုင်ရာ ရဲတပ်ဖွဲ့စခန်းသို့ ၁၅ ရက်အတွင်း ပြန်ကြားရမည်။ ပြန်ကြားစာမိတ္တူကို သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ပေးပို့ရမည်။

အခန်း(၁၁)
အထွေထွေ

၄၁။  ဦးစီးဌာနကဖြစ်စေ၊ တူးဖော်ရှာဖွေခွင့် ရရှိသူကဖြစ်စေ ရှေးဟောင်းဝတ္ထုပစ္စည်းကို တူးဖော်ရှာဖွေ ရာ၌ အခွင့်အရေးထိခိုက်နစ်နာသူကို သင့်လျော်သော နစ်နာကြေးပေးအပ်ရန် ပျက်ကွက်လျှင် ဖြစ်စေ၊ ပေးအပ်သော နစ်နာကြေးကို မကျေနပ်လျှင်ဖြစ်စေ အခွင့်အရေး ထိခိုက်နစ်နာသူက ဝန်ကြီးဌာနသို့ တင်ပြနိုင်သည်။

၄၂။  ဝန်ကြီးဌာနသည် အခွင့်အရေးထိခိုက်နစ်နာသူ၏ တင်ပြချက်ကို လက်ခံရရှိလျှင် လိုအပ်သလို စိစစ်၍ အခွင့်အရေးထိခိုက်နစ်နာသူ၏ နစ်နာမှုကို ညှိနှိုင်းဖြေရှင်းပေးခြင်း သို့မဟုတ် ညှိနှိုင်း ဖြေရှင်းပေးရန် ဦးစီးဌာနသို့ တာဝန်ပေးခြင်း ပြုလုပ်ရမည်။

၄၃။  ဝန်ကြီးဌာနသည် ရှေးဟောင်းဝတ္ထုပစ္စည်းကို ကာကွယ်ထိန်းသိမ်းခြင်းပြုနိုင်ရန်ဖြစ်စေ၊ ရှေး ဟောင်းဝတ္ထုပစ္စည်း ဝယ်ယူရန်ဖြစ်စေ စေတနာအလျောက် လှူဒါန်းသောငွေကို လက်ခံနိုင်သည်။

၄၄။  ဝန်ကြီးဌာနသည် စေတနာအလျောက် လှူဒါန်းငွေများကို စနစ်တကျလက်ခံ၍ ရှေးဟောင်း ဝတ္ထုပစ္စည်း ကာကွယ်ထိန်းသိမ်းခြင်း၊ ဝယ်ယူခြင်းနှင့် ရှေးဟောင်းဝတ္ထုပစ္စည်းကို စီးပွားရေး အလို့ငှာ ရောင်းချရန် ရည်ရွယ်ချက်ဖြင့် စုဆောင်းထားရှိခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ရောင်းချခြင်း သို့မဟုတ် ဝယ်ယူခြင်းပြုကြောင်း သတင်းပေးသူ၊ အန္တရာယ်ကျရောက်ခံရနိုင်သော ရှေးဟောင်း ဝတ္ထုပစ္စည်း တည်ရှိကြောင်း သတင်းပေးသူ၊ ခွင့်ပြုချက်မရှိဘဲ ရှေးဟောင်းဝတ္ထုပစ္စည်း တူးဖော် ရှာဖွေကြောင်း သတင်းပေး သူတို့ကို ဆုကြေးငွေချီးမြှင့်ခြင်းများအတွက် ကျခံသုံးစွဲနိုင်သည်။


သူရအောင်ကို၊

ပြည်ထောင်စုဝန်ကြီး၊

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန။