ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးနည်းဥပဒေများ

DOWNLOAD

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန

(ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးနည်းဥပဒေများ)
အမိန့်ကြော်ငြာစာအမှတ် ၁၅/၂၀၁၆

၁၃၇၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်

(၂၀၁၆ ခုနှစ်၊ မေလ ၃၁ ရက်)


သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် ရှေးဟောင်းအဆောက်အအုံများ ကာကွယ် ထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၃၄၊ ပုဒ်မခွဲ (က)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အောက်ပါနည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။

အခန်း (၁)
အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤနည်းဥပဒေများကို ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးနည်းဥပဒေများ ဟု ခေါ်တွင်စေရမည်။

၂။ ဤနည်းဥပဒေများတွင် ပါရှိသော စကားရပ်များသည် ရှေးဟောင်းအဆောက်အအုံများ ကာကွယ် ထိန်းသိမ်းရေးဥပဒေတွင် ပါရှိသည့်အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။ ထို့ပြင် အောက်ပါ စကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-

(က) ဥပဒေဆိုသည်မှာ ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဥပဒေကို ဆိုသည်။

(ခ) ပညာရှင်အဖွဲ့ ဆိုသည်မှာ ဥပဒေပုဒ်မ ၁၀ ၊ ပုဒ်မခွဲ (ခ)အရ အဆုံးအဖြတ်ပေးရန် ဝန်ကြီးဌာနက အချိန်ကာလသတ်မှတ်၍ အမိန့်ကြော်ငြာစာ ထုတ်ပြန်ဖွဲ့စည်းသော ပညာရှင်များ ပါဝင်သည့် အဖွဲ့ကို ဆိုသည်။

(ဂ) စစ်ဆေးရေးအဖွဲ့ ဆိုသည်မှာ နည်းဥပဒေ ၁၇ အရ ဦးစီးဌာနက ဖွဲ့စည်းတာဝန်ပေးအပ် သော ရှေးဟောင်းအဆောက်အအုံစစ်ဆေးရေးအဖွဲ့ကို ဆိုသည်။

(ဃ) အကျိုးခံစားခွင့်ရှိသူ ဆိုသည်မှာ ရှေးဟောင်းအဆောက်အအုံ သို့မဟုတ် ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ တန်ဖိုးရှိသည့် အဆောက်အအုံအတွက် ဝန်ကြီးဌာနက ပေးအပ်သော ချီးမြှင့်ငွေကို   ခံစားခွင့်ရှိသည့် ရှေးဟောင်းအဆောက်အအုံတစ်ခုခု တွေ့ရှိသူ၊ သတင်းပို့ သူ သို့မဟုတ် အပ်နှံသူကို ဆိုသည်။

(င) ထပ်ဆောင်းတန်ဖိုး ဆိုသည်မှာ ဝန်ကြီးဌာနကလက်ခံပြီး ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ကာကွယ်ထိန်းသိမ်းသော ရှေးဟောင်းအဆောက်အအုံအတွက် ပေးအပ်သည့် သမိုင်း ယဉ်ကျေးမှုဆိုင်ရာ ထပ်ဆောင်းတန်ဖိုးချီးမြှင့်ငွေကိုဆိုသည်။

(စ) အန္တရာယ်ကျရောက်ခံရနိုင်သော ရှေးဟောင်းအဆောက်အအုံ ဆိုသည်မှာ ရှေးဟောင်း အဆောက် အအုံ၏ ပိုင်ရှင် သို့မဟုတ် ပိုင်ဆိုင်ခွင့်ရှိသူ၏ ထိန်းသိမ်းထားနိုင်မှု အခြေအနေသည် ရှေးဟောင်း အဆောက်အအုံကို တစ်နည်းနည်းဖြင့် ထိခိုက်စေနိုင်ခြင်း၊ ဆွေးမြည့်စေနိုင်ခြင်း၊ ပျက်စီးစေနိုင်ခြင်း၊ မူလရှေးဟောင်းပုံသဏ္ဌာန်ကိုဖြစ်စေ၊ မူလ ရှေးဟောင်းလက်ရာကိုဖြစ်စေ ပြောင်းလဲစေနိုင်ခြင်း၊ ရွှေ့ပြောင်းခံရမည့် အန္တရာယ်ရှိခြင်း တို့ဖြစ်ပေါ်စေသောအခြေအနေတွင် ရောက်ရှိနေသော ရှေးဟောင်း အဆောက်အအုံ သို့မဟုတ် အကြောင်းကြောင်းကြောင့် ပျက်စီးနိုင်သည်ဟု ဝန်ကြီးဌာနက ထင်မြင် ယူဆ သော ရှေးဟောင်းအဆောက်အအုံကို ဆိုသည်။

(ဆ) ရှေးဟောင်းအဆောက်အအုံ ထိန်းသိမ်းခွင့်လက်မှတ် ဆိုသည်မှာ အန္တရာယ် ကျရောက်ခံရနိုင်သော ရှေးဟောင်းအဆောက်အအုံကို ကိုယ်ပိုင်ထိန်းသိမ်းထားရှိနိုင်ရန် ဦးစီးဌာနက ထုတ်ပေးထားသော ထိန်းသိမ်းခွင့်လက်မှတ်ကို ဆိုသည်။

(ဇ) ကြိုတင်ခွင့်ပြုချက်ရရှိသူ ဆိုသည်မှာ ရှေးဟောင်းအဆောက်အအုံနှင့် စပ်လျဉ်း၍ ဆောင်ရွက်မှု တစ်ခုခုကို ပြုလုပ်နိုင်ရန် ဦးစီးဌာနက ကြိုတင်ခွင့်ပြုချက် ထုတ်ပေး ထားသောဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်ကို ဆိုသည်။

(ဈ) ရှေးဟောင်းအဆောက်အအုံ၏ သတ်မှတ်ထားသော ပရဝဏ် ဆိုသည်မှာ ရှေးဟောင်း အဆောက်အအုံနှင့် ထိစပ်လျက်ရှိသော မြေနယ်နိမိတ်အဝန်းအဝိုင်းကို ဆိုသည်။

(ည) ရှေးဟောင်းအဆောက်အအုံ၏ သတ်မှတ်ထားသောဧရိယာ ဆိုသည်မှာ ရှေးဟောင်း အဆောက်အအုံ၏ သတ်မှတ်ထားသော ပရဝဏ်မှ ပေ ၁၂၀ အတွင်းရှိသော မြေနယ်နိမိတ် အဝန်းအဝိုင်းကို ဆိုသည်။

(ဋ) ပုံစံ ဆိုသည်မှာ  ဤနည်းဥပဒေများတွင် ပါရှိသည့် ပုံစံတစ်မျိုးမျိုးကို ဆိုသည်။

အခန်း(၂)
ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းခြင်း

၃။  ဝန်ကြီးဌာနသည် ရှေးဟောင်းအဆောက်အအုံများကို  ကာကွယ်ထိန်းသိမ်းနိုင်ရေးအတွက် ကိုယ်တိုင် သိရှိချက်အရဖြစ်စေ၊ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းတစ်ခုခု၏ တင်ပြချက် အရဖြစ်စေ ရှေးဟောင်းအဆောက်အအုံတည်ရှိကြောင်း သိရှိပါက ရှေးဟောင်းအဆောက်အအုံကို စစ်ဆေးတင်ပြရန် ဦးစီးဌာနကို ညွှန်ကြားနိုင်သည်။

၄။  ဦးစီးဌာနသည် နည်းဥပဒေ ၃ အရ ဝန်ကြီးဌာန၏ ညွှန်ကြားချက်ရရှိလျှင်ဖြစ်စေ၊ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၏ အကြောင်းကြားချက်ကို လက်ခံရရှိလျှင်ဖြစ်စေ ရှေးဟောင်း အဆောက်အအုံကို စစ်ဆေးတင်ပြရန် စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ရမည်။

၅။  ဦးစီးဌာနသည် ရှေးဟောင်းအဆောက်အအုံနှင့် စပ်လျဉ်း၍ စစ်ဆေးရေးအဖွဲ့၏ တင်ပြချက်အရ-

(က)  ရှေးဟောင်းအဆောက်အအုံစစ်မှန်ကြောင်း ဆုံးဖြတ်လျှင်သော်လည်းကောင်း၊ ရှေးဟောင်းအဆောက်အအုံ စစ်မှန်ခြင်းမရှိကြောင်း ဆုံးဖြတ်လျှင်သော်လည်းကောင်း၊ ဝန်ကြီးဌာနက ဆောင်ရွက်ခွင့်မရှိသော ရှေးဟောင်းအဆောက်အအုံဖြစ်ကြောင်း တွေ့ရှိလျှင်သော်လည်းကောင်း သဘောထား မှတ်ချက်ဖြင့်  ဝန်ကြီးဌာနသို့ တင်ပြရမည်။

(ခ)  ပိုင်ရှင် သို့မဟုတ် ထိန်းသိမ်းစောင့်ရှောက်သူ မရှိကြောင်း တွေ့ရှိရလျှင် ယင်းရှေးဟောင်း အဆောက်အအုံကို နိုင်ငံတော်ပိုင်အဖြစ် သတ်မှတ်၍ ကာကွယ်ထိန်းသိမ်းနိုင်ရန် ဝန်ကြီးဌာနသို့ တင်ပြ ရမည်။

(ဂ)  အန္တရာယ်ကျရောက်ခံရနိုင်သော ရှေးဟောင်းအဆောက်အအုံဖြစ်ပြီး နိုင်ငံတော်ပိုင်အဖြစ် သတ်မှတ် ၍ ကာကွယ်ထိန်းသိမ်းသင့်ကြောင်း တွေ့ရှိလျှင် ရှေးဟောင်းအဆောက်အအုံ၏ မျက်မြင်အခြေအနေကို သဘောထားမှတ်ချက်ဖြင့် ဝန်ကြီးဌာနသို့ တင်ပြရမည်။

(ဃ)  ပိုင်ရှင် သို့မဟုတ် ထိန်းသိမ်းစောင့်ရှောက်သူရှိပြီး ပိုင်ရှင် သို့မဟုတ် ထိန်းသိမ်းစောင့် ရှောက်သူက မိမိကိုယ်ပိုင် ထိန်းသိမ်းစောင့်ရှောက်လိုကြောင်း တင်ပြလျှင် ရှေးဟောင်း အဆောက်အအုံထိန်းသိမ်းခွင့် လက်မှတ် လျှောက်ထားရယူ၍ ထိန်းသိမ်းစောင့်ရှောက်ခွင့် ရှိကြောင်းနှင့် နိုင်ငံတော်ပိုင် အဆောက်အအုံ အဖြစ် အပ်နှံလိုက အပ်နှံနိုင်ကြောင်း ရှင်းပြရမည်။

(င)  နည်းဥပဒေခွဲ(ဃ) အရ ပိုင်ရှင် သို့မဟုတ် ထိန်းသိမ်းစောင့်ရှောက်သူက ရှေးဟောင်း အဆောက်အအုံ ကို နိုင်ငံတော်ပိုင်အဖြစ် ဝန်ကြီးဌာနသို့ အပ်နှံပါက လက်ခံ၍ ရှေးဟောင်းအဆောက်အအုံ၏ပိုင်ရှင် သို့မဟုတ် ပိုင်ဆိုင်ခွင့်ရှိသူကို အကျိုးခံစားခွင့် ရှိသူအဖြစ် သတ်မှတ်ပြီး သင့်လျော်သော ထပ်ဆောင်း တန်ဖိုး ချီးမြှင့်နိုင်ရန် ဝန်ကြီးဌာန သို့ တင်ပြရမည်။

(စ)  ပိုင်ရှင် သို့မဟုတ် ထိန်းသိမ်းစောင့်ရှောက်သူရှိသော်လည်း အန္တရာယ်ကျရောက်ခံရနိုင် သော ရှေးဟောင်းအဆောက်အအုံဖြစ်သည်ဟု ထင်မြင်ယူဆပါက ဝန်ကြီးဌာနသို့ လွှဲပြောင်း၍ ကာကွယ် ထိန်းသိမ်းခွင့်ပြုသင့်ကြောင်းနှင့် ယင်းသို့ လွှဲပြောင်းပေးပါက ဝန်ကြီးဌာနက ပြုပြင်မွမ်းမံ ထိန်းသိမ်း စောင့်ရှောက်နိုင်သည့် အခြေအနေတို့ကို လည်းကောင်း၊ ရှေးဟောင်း အဆောက်အအုံကို ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးပါက သက်ဆိုင်ရာ ပိုင်ရှင် သို့မဟုတ် ပိုင်ဆိုင်ခွင့်ရှိသူကို ထိုက်တန်သော ကာလ တန်ဖိုးအပြင် ထပ်ဆောင်းတန်ဖိုး ချီးမြှင့်မည်ဖြစ်ကြောင်းကို လည်းကောင်း ရှင်းပြရမည်။

(ဆ)  ပိုင်ရှင် သို့မဟုတ် ထိန်းသိမ်းစောင့်ရှောက်သူရှိပြီး ယင်းပိုင်ရှင် သို့မဟုတ် ထိန်းသိမ်း စောင့်ရှောက်သူက အန္တရာယ်ကျရောက်ခံရနိုင်သော ရှေးဟောင်းအဆောက်အအုံကို ဝန်ကြီးဌာနသို့ လွှဲပြောင်းပေး အပ်ရန် သဘောတူလျှင် သက်ဆိုင်ရာ ပိုင်ရှင် သို့မဟုတ် ပိုင်ဆိုင်ခွင့်ရှိသူကို ထိုက်တန်သော ကာလ တန်ဖိုးအပြင် ထပ်ဆောင်း တန်ဖိုးချီးမြှင့်နိုင်ရန် ဝန်ကြီးဌာနသို့ တင်ပြရမည်။

၆။  ဝန်ကြီးဌာနသည်-

(က)  နိုင်ငံတော်ပိုင်အဖြစ် သတ်မှတ်၍ ကာကွယ်ထိန်းသိမ်းရမည့် ရှေးဟောင်းအဆောက်အအုံ ဖြစ်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ်  ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်း၍ ကာကွယ်ထိန်းသိမ်းထားရန် ဦးစီးဌာနအား ညွှန်ကြားရမည်။

(ခ)  နိုင်ငံတော်ပိုင်အဖြစ်သတ်မှတ်၍ ကာကွယ်ထိန်းသိမ်းရမည့် ရှေးဟောင်းအဆောက်အအုံ သည် အန္တရာယ်ကျရောက်ခံရနိုင်သော ရှေးဟောင်းအဆောက်အအုံဖြစ်ပါက မူလ ရှေးဟောင်းပုံသဏ္ဌာန်ကိုဖြစ်စေ၊ မူလရှေးဟောင်းလက်ရာကိုဖြစ်စေ ပြောင်းလဲခြင်းမရှိစေ ဘဲ ပြုပြင်ထိန်းသိမ်းရန် ဦးစီးဌာနအား ညွှန်ကြားရမည်။

(ဂ)  ရှေးဟောင်းအဆောက်အအုံကို ပိုင်ရှင် သို့မဟုတ် ထိန်းသိမ်းစောင့်ရှောက်သူက လွှဲပြောင်း ပေးအပ်ရန် သဘောတူကြောင်း ဦးစီးဌာန၏ တင်ပြချက်ကို လက်ခံရရှိလျှင် သက်ဆိုင်ရာ ပိုင်ရှင် သို့မဟုတ် ပိုင်ဆိုင်ခွင့်ရှိသူကို ထိုက်တန်သော ကာလတန်ဖိုးအပြင် ထပ်ဆောင်း တန်ဖိုးပေးအပ်၍ လွှဲ ပြောင်းရယူရန် ဦးစီးဌာနအား ညွှန်ကြားရမည်။

(ဃ)  ရှေးဟောင်းအမွေအနှစ်ဆိုင်ရာ  တန်ဖိုးမြင့်မားသော ရှေးဟောင်းအဆောက်အအုံ ဖြစ်သည်ဟု အတည်ပြုလျှင် ယင်းရှေးဟောင်းအဆောက်အအုံကို ထိန်းသိမ်းထားရှိရန်နှင့် ပြည်သူလူထု လေ့လာ ကြည့်ရှုနိုင်ရေး ဆောင်ရွက်ရန် ဦးစီးဌာနအား ညွှန်ကြားရမည်။

(င)  ပိုင်ရှင် သို့မဟုတ် ပိုင်ဆိုင်ခွင့်ရှိသူက မိမိ သို့မဟုတ် မိမိဘိုးဘွားစဉ်ဆက် သို့မဟုတ် မိမိ၏ မိသားစုတွင် ပါဝင်သူတစ်ဦးဦးနှင့်ပတ်သက်၍ သင့်လျော်သော အကြောင်းပြချက်ဖြင့် ကိုယ်ပိုင် ထိန်းသိမ်းထားရှိလိုကြောင်း လျှောက်ထားပါက စိစစ်၍ ရှေးဟောင်းအဆောက် အအုံ ထိန်းသိမ်းခွင့် လက်မှတ်ထုတ်ပေးရန် ဦးစီးဌာနအား ညွှန်ကြားရမည်။

၇။  ဝန်ကြီးဌာနသည် အန္တရာယ်ကျရောက်ခံရနိုင်သော ရှေးဟောင်းအဆောက်အအုံကို ပိုင်ရှင် သို့မဟုတ် ပိုင်ဆိုင်ခွင့်ရှိသူက ကိုယ်ပိုင်ထိန်းသိမ်းထားရှိလိုကြောင်း  လျှောက်ထားလျှင် စည်းကမ်းချက်များ သတ်မှတ်၍  ထိန်းသိမ်းခွင့်ပြုနိုင်သည်။

၈။  ဝန်ကြီးဌာနသည် အန္တရာယ်ကျရောက်ခံရနိုင်သော ရှေးဟောင်းအဆောက်အအုံတည်ရှိကြောင်း ကိုယ်တိုင်သိရှိချက်အရဖြစ်စေ၊ ဦးစီးဌာန၏ တင်ပြချက်အရဖြစ်စေ သိရှိလျှင်-

(က)  ယင်းရှေးဟောင်းအဆောက်အအုံ တည်ရှိသည့်နေရာသို့ သွားရောက်စစ်ဆေးရန် ဦးစီးဌာန အား ညွှန်ကြားရမည်။

(ခ)  သက်ဆိုင်ရာ ပိုင်ရှင် သို့မဟုတ် ပိုင်ဆိုင်ခွင့်ရှိသူထံ ထိုက်တန်သော ကာလတန်ဖိုးအပြင် ထပ်ဆောင်းတန်ဖိုးချီးမြှင့်၍ လွှဲပြောင်းရယူ ထိန်းသိမ်းရမည်။

(ဂ)  သက်ဆိုင်ရာ ပိုင်ရှင်က သင့်လျော်သော အကြောင်းပြချက်ဖြင့် ကိုယ်ပိုင်ထိန်းသိမ်းထားရှိ လိုကြောင်း တင်ပြလျှောက်ထားလျှင် ယင်းရှေးဟောင်းအဆောက်အအုံအတွက် ကာကွယ် ထိန်းသိမ်းခြင်းဆိုင်ရာ စည်းကမ်းချက်များ သတ်မှတ်၍ ထိန်းသိမ်းခွင့်လက်မှတ်ဖြင့် ခွင့်ပြုနိုင်သည်။

၉။  ဦးစီးဌာနသည် သက်ဆိုင်ရာ ဂေါပကအဖွဲ့က ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသော ရှေးဟောင်း အဆောက်အအုံဖြစ်ပါက ဓာတ်ပုံများ၊ အသေးစိတ် ပုံဆွဲမှတ်တမ်းများနှင့် သမိုင်းမှတ်တမ်း အထောက်အထားများကို ပြုစု၍ ဝန်ကြီးဌာနသို့ တင်ပြရမည်။

၁၀။  ဝန်ကြီးဌာနသည် နည်းဥပဒေ ၉ အရ ဦးစီးဌာန၏ တင်ပြချက်အရ လိုအပ်လျှင် ရှေးဟောင်း အဆောက်အအုံကို မူလရှေးဟောင်းပုံသဏ္ဌာန်နှင့် မူလရှေးဟောင်းလက်ရာများ ပြောင်းလဲ ခြင်း မရှိစေဘဲ ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရန် သက်ဆိုင်ရာ ဂေါပကအဖွဲ့အား ညွှန်ကြားနိုင်သည်။

၁၁။  ဝန်ကြီးဌာနသည် ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းနိုင်ရန်အလို့ငှာ ထိန်းသိမ်း  ပြုပြင်ခြင်း၊ ကာကွယ်ခြင်းနှင့် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများကို ဦးစီးဌာနအားတာဝန်ပေး ရမည်။

၁၂။  ဦးစီးဌာနသည် ရှေးဟောင်းအဆောက်အအုံ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ရှေးဟောင်းအဆောက်အအုံ၏ အောက်ပါအချက်အလက်များကို အခြေခံ၍ ဦးစားပေးအဆင့် ခွဲခြား သတ်မှတ်ဆောင်ရွက်ရမည်-

(က)  လတ်တလောပြိုကျ ပျက်စီးနိုင်မှုအခြေအနေ၊

(ခ)  သမိုင်းတွင် အရေးပါမှုအခြေအနေ၊

(ဂ)  ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ တန်ဖိုးမြင့်မားမှု အခြေအနေ၊

(ဃ)  ဗိသုကာနှင့် အနုလက်ရာ တည်ရှိမှု အခြေအနေ၊

(င)  ဘာသာရေးအရ အလေးထားမှုများနှင့် ဆက်နွှယ်ခြင်းများ၊

(စ)  ယဉ်ကျေးမှုမြင်ကွင်း အနေအထား၊

(ဆ)  တည်နေရာနှင့် ပတ်ဝန်းကျင်အခြေအနေ။

၁၃။  ဦးစီးဌာနသည် ရှေးဟောင်းအဆောက်အအုံ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရာတွင် ရှေးဟောင်းအဆောက်အအုံ၏ မူလပုံသဏ္ဌာန်နှင့် မူလလက်ရာကို ပြောင်းလဲခြင်းမရှိစေဘဲ အဓွန့်ရှည် တည်တံ့စေရန် ထိန်းသိမ်းနိုင်သော နည်းစနစ်ကျွမ်းကျင်သူများပါဝင်သည့် ထိန်းသိမ်း ပြုပြင်ရေး အဖွဲ့များကို ဖွဲ့စည်း တာဝန်ပေးအပ်နိုင်သည်။

၁၄။  ဦးစီးဌာနသည် ရှေးဟောင်းအဆောက်အအုံ ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများကို ဆောင်ရွက် ရာတွင် -

(က)  ရှေးဟောင်းအဆောက်အအုံ၌ အသုံးပြုထားသော အမျိုးအစားတူ၊ အရွယ်အစားတူ ပစ္စည်းများကိုသာ အသုံးပြုရမည်။ အစားထိုးဖြည့်စွက်ထားသော အစိတ်အပိုင်းသည် ရှေးဟောင်းအဆောက်အအုံ၏ ကျန်ရှိနေသော အစိတ်အပိုင်းနှင့် ကြံ့ခိုင်မှုအရ ကောင်းမွန်စွာ တွဲဆက်နေရမည့်အပြင် လက်ရာ အရသော်လည်းကောင်း၊ အသွင်အပြင် နှင့် အရောင်အသွေးအရ သော်လည်းကောင်း သာမန်အားဖြင့် ကွဲပြားခြားနားခြင်းမရှိဘဲ လိုက်လျောညီညွတ်မှု ရှိစေရမည်။

(ခ)  ရှေးဟောင်းသုတေသနနည်းပညာအရ မူရင်းကျန်ရှိသော အစိတ်အပိုင်းနှင့် အစားထိုး ဖြည့်စွက်ထားသော အစိတ်အပိုင်းတို့ကို ခွဲခြားသိမြင်နိုင်စေခြင်းဖြင့် မူလကျန်ရှိသည့် ရှေးဟောင်း အဆောက်အအုံ၏ ကြံ့ခိုင်မှုနှင့် ရှေးဟောင်းလက်ရာတန်ဖိုးကို ထိခိုက်မှု မရှိစေရန် ဆောင်ရွက်ရမည်။

(ဂ)  ရှေးဟောင်းအဆောက်အအုံ၏ အစိတ်အပိုင်းများအား မူလပါရှိသော အစိတ်အပိုင်း၊ ပုံစံ၊ ကိုယ်စားပြု ခေတ်လက်ရာဟန်များအတိုင်းသာ ထိန်းသိမ်းပြုပြင်ရမည်။

(ဃ)  ရှေးဟောင်းအဆောက်အအုံ၏ ကျန်ရှိသော အဆင်တန်ဆာလက်ရာများအနက် ပျက်စီး သော သို့မဟုတ် ပျောက်ဆုံးသော အစိတ်အပိုင်းများနေရာတွင် ထပ်မံဖြည့်စွက်ခြင်း မပြုဘဲ ကျန်ရှိသည့် အနေ အထားအတိုင်း ထိန်းသိမ်းပြုပြင်ရမည်။

(င)  ရှေးဟောင်းအဆောက်အအုံ၏ ထူးခြားထင်ရှားသော ဝိသေသလက္ခဏာများ မပျောက် ပျက်စေရန် ဆောင်ရွက်ရမည်။

(စ)  ရှေးဟောင်းအဆောက်အအုံ၏ ကြွင်းကျန်သော အစိတ်အပိုင်းများကို ပျက်စီးမှုအနည်းဆုံး ဖြစ်အောင် စနစ်တကျဖော်ထုတ်၍ ရရှိသော အုတ်၊ ကျောက် စသည့်ပစ္စည်းများကို မူလ နေရာများတွင် ပြန်လည်ရွေးချယ် ထည့်သွင်းအသုံးပြုရမည်။

(ဆ)  ရိုးရာနည်းလမ်းများ၊ ခေတ်မီနည်းစနစ်များကို တွဲဖက်ဆောင်ရွက်နိုင်သည်။ မူလလက်ရာကို ထိခိုက်ခြင်း မရှိစေဘဲ အတွင်းပိုင်းတွင်ဖြစ်စေ၊ အပြင်ပိုင်းတွင်ဖြစ်စေ မသိသာမထင်ရှားသော အသွင် အပြင်ဖြင့် ဆောင်ရွက်ရမည်။

(ဇ)  လုံးဝမကျန်ရှိတော့သည့် နံရံဆေးရေးပန်းချီများ၊ အင်္ဂတေပန်းများနှင့် ဗိသုကာလက်ရာ အစိတ် အပိုင်းများကို စိတ်ကူးဖြင့် မှန်းဆ၍ ဖြည့်စွက်ခြင်းကို ရှောင်ကြဉ်ရမည်။

(ဈ)  ထုံးသုတ်ခြင်း၊ ရွှေဆေးသုတ်ခြင်း၊ ရေဆေး၊ ဆီဆေးသုတ်ခြင်းနှင့် အသစ်အချော ကိုင်ခြင်းတို့ကို ရှောင်ကြဉ်ရမည်။

(ည)  အလွယ်တကူဖြုတ်ယူနိုင်သော အနုလက်ရာပစ္စည်းများကို စနစ်တကျ ကာကွယ်ထိန်း သိမ်းရမည်။ လိုအပ်ပါက မှတ်တမ်းတင်၍ ဖြုတ်ယူသိမ်းဆည်းပြီး ပြတိုက်များတွင် ထိန်းသိမ်းပြသရမည်။

(ဋ)  ထူးခြားကောင်းမွန်သော အင်္ဂတေပန်းလက်ရာများ၊ နံရံပန်းချီ စသည်တို့ကို လူနှင့် တိရစ္ဆာန်များ အလွယ်တကူ ထိတွေ့ကိုင်တွယ်ခြင်းမှ ကာကွယ်နိုင်ရန် သံပန်း၊ သံဆန်ခါ စသည့် အရံအတားများ ပြုလုပ်ထားရမည်။

(ဌ)  ရှေးဟောင်းအဆောက်အအုံ၏ ပတ်ဝန်းကျင်တွင် ရေစီးရေလာကောင်းမွန်စေရေးနှင့် သန့်ရှင်း သာယာလှပစေရေးအတွက် အမြဲစစ်ဆေး ဆောင်ရွက်ရမည်။

(ဍ)  ရှေးဟောင်းအဆောက်အအုံ၏ ရေရှည်တည်တံ့မှုအတွက် မိုးကြိုးလွှဲတပ်ဆင်ခြင်းနှင့် မီးဘေး၊ ရေဘေးနှင့် လေဘေးကဲ့သို့သော သဘာဝဘေးအန္တရာယ်များမှ ကာကွယ်နိုင်ရေး အစီအမံများကို ရှေးဟောင်းအဆောက်အအုံအား ထိခိုက်မှုနှင့် မြင်ကွင်းထိခိုက်မှုမရှိသော နည်းလမ်းဖြင့်ဆောင်ရွက် ရမည်။

အခန်း(၃)
ပညာရှင်အဖွဲ့နှင့် စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်း

၁၅။  ဝန်ကြီးဌာနသည်-

(က)  ရှေးဟောင်းအဆောက်အအုံ စစ်မှန်ခြင်းရှိ မရှိ အငြင်းပွားမှုပေါ်ပေါက်လျှင် အဆုံးအဖြတ် ပေးနိုင်ရန် ရှေးဟောင်းအဆောက်အအုံကျွမ်းကျင်သူများနှင့် သမာသမတ်ရှိ၍ သင့်လျော် သော ပုဂ္ဂိုလ် ငါးဦး ပါဝင်စေလျက် ပညာရှင်အဖွဲ့ကို ဖွဲ့စည်းရမည်။

(ခ)  နည်းဥပဒေခွဲ (က) အရ ပညာရှင်အဖွဲ့ဖွဲ့စည်းရာတွင် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ကို သတ်မှတ် ပေးရမည်။

(ဂ)  နည်းဥပဒေခွဲ (က) အရ ဖွဲ့စည်းသော ပညာရှင်အဖွဲ့ကို လိုအပ်သလို ပြင်ဆင် ဖွဲ့စည်းနိုင်သည်။

၁၆။  ပညာရှင်အဖွဲ့သည်-

(က)  ရှေးဟောင်းအဆောက်အအုံ စစ်မှန်ခြင်း ရှိ မရှိ အငြင်းပွားမှုကို များရာဆန္ဒမဲဖြင့် အဆုံး အဖြတ် ပေးရမည်။

(ခ)  ရှေးဟောင်းအဆောက်အအုံ စစ်မှန်ခြင်း ရှိ မရှိ အငြင်းပွားမှုအပေါ် အဆုံးအဖြတ်ပေးရန် တင်ပြ ချက်ကို လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း အဆုံးအဖြတ်ပေးရမည်။

(ဂ)  အငြင်းပွားမှုအတွက် ဆုံးဖြတ်ချက်ကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်ထံ အကြောင်းကြားရမည်။ ယင်းဆုံးဖြတ်ချက်မိတ္တူကို ဝန်ကြီးဌာနနှင့် ဦးစီးဌာနသို့ ပေးပို့ရမည်။

၁၇။  ဦးစီးဌာနသည်-

(က)  ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းခြင်း၊ အပ်နှံခြင်း၊ လက်ခံခြင်းနှင့် စပ်လျဉ်း၍ဖြစ်စေ၊ ကြိုတင်ခွင့်ပြုချက် လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ဖြစ်စေ၊ ရှေးဟောင်းအဆောက်အအုံ စစ်မှန်ခြင်း ရှိ မရှိနှင့်စပ်လျဉ်း၍ဖြစ်စေ စစ်ဆေးရန် လိုအပ်ပါက သင့်လျော်သော ပုဂ္ဂိုလ်များ ပါဝင်စေလျက် စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်း ရမည်။

(ခ)  နည်းဥပဒေခွဲ (က) အရ စစ်ဆေးရေးအဖွဲ့ဖွဲ့စည်းရာတွင် သင့်လျော်သော ပုဂ္ဂိုလ်တစ်ဦးကို အဖွဲ့ခေါင်းဆောင်အဖြစ် သတ်မှတ်ပေးရမည်။

(ဂ)  နည်းဥပဒေခွဲ (က) အရ ဖွဲ့စည်းသော စစ်ဆေးရေးအဖွဲ့ကို လိုအပ်သလို ပြင်ဆင် ဖွဲ့စည်းနိုင်သည်။

၁၈။  စစ်ဆေးရေးအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က)  ရှေးဟောင်းအဆောက်အအုံ အမှန်တကယ်တည်ရှိခြင်း ရှိ မရှိ စစ်ဆေးခြင်း၊

(ခ)  ရှေးဟောင်းအဆောက်အအုံ တည်ရှိရာနေရာသို့ သွားရောက်စစ်ဆေးခြင်း၊

(ဂ)  ရှေးဟောင်းအဆောက်အအုံ စစ်မှန်ခြင်း ရှိ မရှိ စစ်ဆေးခြင်း၊

(ဃ)  ရှေးဟောင်းအဆောက်အအုံကို သိပ္ပံနည်းကျ သက်တမ်းတွက်ချက်ခြင်းနှင့်  စစ်ဆေး မှတ်တမ်း တင်ခြင်း၊

(င)  ဝန်ကြီးဌာနက ဆောင်ရွက်ခွင့်ရှိသော ရှေးဟောင်းအဆောက်အအုံ ဟုတ် မဟုတ် စစ်ဆေးခြင်း၊

(စ)  ရှေးဟောင်းအဆောက်အအုံသည် ပိုင်ရှင် သို့မဟုတ် ထိန်းသိမ်းစောင့်ရှောက်သူ ရှိ မရှိ စစ်ဆေးခြင်း၊

(ဆ)  အန္တရာယ်ကျရောက်ခံရနိုင်သော ရှေးဟောင်းအဆောက်အအုံ ဟုတ် မဟုတ် စစ်ဆေးခြင်း နှင့် မှတ်တမ်းတင်ခြင်း၊

(ဇ)  ရှေးဟောင်းအဆောက်အအုံ၏ ခန့်မှန်းကာလတန်ဖိုး တွက်ချက်ခြင်း၊

(ဈ)  ရှေးဟောင်းအဆောက်အအုံ၏ ခန့်မှန်းထပ်ဆောင်းတန်ဖိုး တွက်ချက်ခြင်း၊

(ည)  ရှေးဟောင်းအမွေအနှစ်ဆိုင်ရာ တန်ဖိုးမြင့်မားသော ရှေးဟောင်းအဆောက်အအုံ ဟုတ် မဟုတ် စစ်ဆေးခြင်း၊

(ဋ)  ခွင့်ပြုချက်ရရှိသူသည် ခွင့်ပြုချက်ပါ စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ခြင်း ရှိ မရှိ စစ်ဆေးခြင်း၊

(ဌ)  ဦးစီးဌာနက ပေးအပ်သော အခြားတာဝန်များကို ဆောင်ရွက်ခြင်း။

၁၉။  စစ်ဆေးရေးအဖွဲ့သည် ရှေးဟောင်းအဆောက်အအုံ တစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းကို ပြင်ဆင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ အင်္ဂတေသရွတ်ကိုင်ခြင်း သို့မဟုတ် မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက်ရန် ခွင့်ပြုချက် လျှောက်ထားခြင်းအတွက် အောက်ပါတို့ကို ဆောင်ရွက်ရမည်-

(က)  ဆောင်ရွက်မည့် ပုံစံဒီဇိုင်း၊ အသုံးပြုမည့် ပစ္စည်းအမျိုးအစားနှင့် အချိုးအစားများသည် မူလတည် ရှိသည့် ရှေးဟောင်းအဆောက်အအုံ၌ အသုံးပြုခဲ့သော ပစ္စည်းအမျိုးအစားနှင့် အချိုးအစားတို့နှင့် တူညီခြင်းရှိ မရှိ စစ်ဆေးခြင်း၊

(ခ)  ရှေးဟောင်းအဆောက်အအုံ၏ အစိတ်အပိုင်းများကို မူလအစိတ်အပိုင်းပုံစံနှင့် ရှေးဟောင်း အဆောက်အအုံ စတင်တည်ရှိခဲ့သည့် ခေတ်အတိုင်း ပြင်ဆင်ပြုပြင်ရန် စီမံ ဆောင်ရွက်ထားခြင်း ရှိ မရှိ စစ်ဆေးခြင်း၊

(ဂ)  အစားထိုးဖြည့်စွက်မည့် အစိတ်အပိုင်းသည် ရှေးဟောင်းအဆောက်အအုံ၏ ကျန်ရှိသော အစိတ်အပိုင်းနှင့် တွဲစပ်ရာတွင် ကြံ့ခိုင်မှုရှိပြီး အရောင်အသွေး၊ အသွင်အပြင် ကွဲပြားခြားနားမှုနှင့်  လိုက်လျောညီထွေမှု ရှိစေရေးအတွက် စီမံဆောင်ရွက်ထားခြင်း ရှိ မရှိ စစ်ဆေးခြင်း၊

(ဃ)  ပြင်ဆင်ဖြည့်စွက်သည့် အစိတ်အပိုင်းကြောင့် ရှေးဟောင်းအဆောက်အအုံ၏ ရေရှည် တည်တံ့ကြံ့ခိုင်မှုနှင့် တန်ဖိုးကို မထိခိုက်စေရေးအတွက် စီမံဆောင်ရွက်ထားခြင်း ရှိ မရှိ စစ်ဆေးခြင်း၊

(င)  ရှေးဟောင်းအဆောက်အအုံ၏ ထူးခြားထင်ရှားသော ဝိသေသလက္ခဏာများ ပျောက်ပျက် နိုင်ခြင်း ရှိ မရှိ စစ်ဆေးခြင်း။

၂၀။  စစ်ဆေးရေးအဖွဲ့သည် ရှေးဟောင်းအဆောက်အအုံကို ထုံးသုတ်ခြင်း၊ ဆေးသုတ်ခြင်း၊ ရွှေသင်္ကန်းကပ်ခြင်း၊ ထီးတင်ခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော် စသည်တို့ တင်လှူခြင်းပြုရန် ခွင့်ပြုမိန့်လျှောက်ထားခြင်း အတွက် အောက်ပါတို့ကို ဆောင်ရွက်ရမည်-

(က)  ရှေးဟောင်းအဆောက်အအုံ၏ မူလအရောင်အသွေးနှင့် ပုံစံကို ပြောင်းလဲစေနိုင်ခြင်း ရှိ မရှိစစ်ဆေးခြင်း၊

(ခ)  မူလရှေးဟောင်းအဆောက်အအုံတွင် မရှိသော ထီး၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို တင်လှူ ရန် ဆောင်ရွက်ခြင်း ဟုတ် မဟုတ် စစ်ဆေးခြင်း။

၂၁။  စစ်ဆေးရေးအဖွဲ့သည် ရှေးဟောင်းအဆောက်အအုံအနီး၌ သိမ်၊ ကျောင်း၊ ဇရပ်၊ မုခ်ဦး၊ တံတိုင်း၊ ဂြိုဟ်တိုင်၊ တံခွန်တိုင်၊ ရေကန်၊ ရုပ်တု၊ နတ်ရုပ်၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံနှင့် အခြားအဆောက်အအုံများ အသစ်တည်ဆောက်ခြင်း သို့မဟုတ် ယင်းတို့ကို တိုးချဲ့ခြင်း သို့မဟုတ် ဝင်းခြံကာရံခြင်း ဆောင်ရွက်ရန် ခွင့်ပြုမိန့် လျှောက်ထားခြင်းအတွက် အောက်ပါတို့ကို ဆောင်ရွက် ရမည်-

(က)  ရှေးဟောင်းအဆောက်အအုံ၏ ထူးခြားထင်ရှားသော ဝိသေသလက္ခဏာနှင့် ယဉ်ကျေးမှု တန်ဖိုးကို ထိခိုက်စေနိုင်ခြင်း ရှိ မရှိ စစ်ဆေးခြင်း၊

(ခ)  ရှေးဟောင်းအဆောက်အအုံ စတင်တည်ရှိခဲ့သည့် ခေတ်နှင့်မူလလက်ရာ၊ ပုံစံ၊ အရောင်အသွေး များနှင့် လိုက်လျောညီထွေမှု ရှိ မရှိ စစ်ဆေးခြင်း၊

(ဂ)  ရှေးဟောင်းအဆောက်အအုံ၏ မြင်ကွင်းကိုလည်းကောင်း၊ ပတ်ဝန်းကျင် သဘာဝ မြင်ကွင်းကိုလည်းကောင်း အဟန့်အတား၊ အနှောင့်အယှက်ဖြစ်စေခြင်း ရှိ မရှိ စစ်ဆေး ခြင်း။

၂၂။  ဦးစီးဌာနသည် နည်းဥပဒေ ၄၁ အရ လျှောက်ထားချက်ကို လက်ခံရရှိလျှင် အောက်ပါ အချက် အလက်များ မှန်ကန်ခြင်း ရှိ မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေးရန် စစ်ဆေးရေးအဖွဲ့အား တာဝန်ပေး အပ်ရမည်-

(က)  တိုးချဲ့မည့်နေရာသည် ရှေးဟောင်းအဆောက်အအုံ၏ သတ်မှတ်ထားသော ပရဝဏ်အဆုံး မှ ပေ ၁၂၀ ကွာဝေးခြင်း ရှိ မရှိ၊

(ခ)  မြို့၊ ရပ်ကွက်၊ ကျေးရွာအတွင်းရှိ လူနေအိမ်၊ အဆောက်အအုံများသည် အမြင့်ပေ ၃၀ ထက် ပိုမိုမြင့်မားခြင်း ရှိ မရှိ၊

(ဂ)  ရှေးဟောင်းအဆောက်အအုံ၏ မြင်ကွင်းကိုလည်းကောင်း၊ ပတ်ဝန်းကျင် သဘာဝ မြင်ကွင်းကို လည်းကောင်း အဟန့်အတား၊ အနှောင့်အယှက်ဖြစ်စေခြင်း ရှိ မရှိ၊

(ဃ)  မီးဘေး၊ ရေဘေးနှင့် လေဘေးစသော သဘာဝအန္တရာယ်လုံခြုံရေး အစီအမံများ ဆောင်ရွက်ထားခြင်း ရှိ မရှိ၊

(င)  ရှေးဟောင်းအဆောက်အအုံ တည်ရှိမှုကို ပျက်ယွင်းစေနိုင်ခြင်း ရှိ မရှိ။

၂၃။  စစ်ဆေးရေးအဖွဲ့သည် စစ်ဆေးခြင်းလုပ်ငန်းတစ်ရပ်ကို ဆောင်ရွက်ပြီးပါက တွေ့ရှိချက် အစီရင် ခံစာကို ဦးစီးဌာနသို့ ခုနစ်ရက်အတွင်း တင်ပြရမည်။

အခန်း(၄)
ရှေးဟောင်းအဆောက်အအုံကို စစ်ဆေးခြင်း

၂၄။  ဦးစီးဌာနသည် ရှေးဟောင်းအဆောက်အအုံတစ်ခုခုနှင့် စပ်လျဉ်း၍ ရှေးဟောင်းအဆောက်အအုံ စစ်မှန်ခြင်း ရှိ မရှိ စိစစ်ရန်လိုအပ်ပါက နည်းဥပဒေ ၁၇ အရ ဖွဲ့စည်းသော စစ်ဆေးရေးအဖွဲ့ကို တာဝန်ပေး စစ်ဆေးစေပြီး စစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အပေါ် အခြေခံ၍ အဆုံးအဖြတ်ပေးရမည်။ ယင်းဆုံးဖြတ်ချက်မိတ္တူကို သက်ဆိုင်ရာ ပိုင်ရှင်၊ ထိန်းသိမ်းစောင့် ရှောက်သူ၊ တွေ့ရှိသူ သို့မဟုတ် တူးဖော်ရှာဖွေခွင့်ရရှိသူအား ပေးဆပ်ရမည်။

၂၅။  ပိုင်ရှင်၊ ထိန်းသိမ်းစောင့်ရှောက်သူ၊ တွေ့ရှိသူ သို့မဟုတ် တူးဖော်ရှာဖွေခွင့် ရရှိသူသည် ရှေးဟောင်း အဆောက်အအုံ စစ်မှန်ခြင်း ရှိ မရှိနှင့် စပ်လျဉ်း၍ နည်းဥပဒေ ၂၄ အရ ဦးစီးဌာန၏ ဆုံးဖြတ်ချက်ကို မကျေနပ်လျှင် ဆုံးဖြတ်ချက်ချမှတ်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ပညာရှင် အဖွဲ့သို့ တင်ပြ၍ အဆုံးအဖြတ်ခံယူနိုင်သည်။

၂၆။  ပညာရှင်အဖွဲ့ဥက္ကဋ္ဌသည် ရှေးဟောင်းအဆောက်အအုံ စစ်မှန်ခြင်း ရှိ မရှိ အငြင်းပွားမှုကို အဆုံးအဖြတ်ပေးရန် တင်ပြချက်ကို လက်ခံရရှိလျှင် အဆုံးအဖြတ်ပေးနိုင်ရေးအတွက် ပညာရှင်အဖွဲ့ အစည်းအဝေးကို အမြန်ဆုံး ခေါ်ယူဆောင်ရွက်ရမည်။

၂၇။  ပညာရှင်အဖွဲ့သည် ရှေးဟောင်းအဆောက်အအုံ စစ်မှန်ခြင်းရှိ မရှိ နှင့်စပ်လျဉ်း၍ ဦးစီးဌာန၏ ဆုံးဖြတ်ချက်နှင့် ပညာရှင်အဖွဲ့၏ ဆုံးဖြတ်ချက်တို့ ကွဲလွဲပါက အဆုံးအဖြတ်ခံယူရန် ဝန်ကြီးဌာနသို့ တင်ပြနိုင်သည်။

၂၈။  ရှေးဟောင်းအဆောက်အအုံ စစ်မှန်ခြင်း ရှိ မရှိနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာန၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်သည်။

အခန်း(၅)
ကာလတန်ဖိုး၊ ထပ်ဆောင်းတန်ဖိုးတွက်ချက်ခြင်းနှင့် ရှေးဟောင်းအမွေအနှစ်ဆိုင်ရာ တန်ဖိုးမြင့်မားသော ရှေးဟောင်းအဆောက်အအုံ သတ်မှတ်ခြင်း

၂၉။ ဝန်ကြီးဌာနသည် လာရောက်အပ်နှံသော ရှေးဟောင်းအဆောက်အအုံကို ဖြစ်စေ၊ အန္တရာယ် ကျရောက်ခံရနိုင်သော ရှေးဟောင်းအဆောက်အအုံကိုဖြစ်စေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၏ အကြောင်းကြားချက်အရ သိရှိရသော ရှေးဟောင်းအဆောက်အအုံကိုဖြစ်စေ၊ မြေပေါ်မြေအောက် ရေပေါ်ရေအောက်မှတူးဖော်ခြင်း သို့မဟုတ် ရှာဖွေခြင်းပြုလုပ်ရာမှရရှိသော ရှေးဟောင်း အဆောက်အအုံကိုဖြစ်စေ၊ တစ်နည်းနည်းဖြင့် သိရှိရသော ရှေးဟောင်းအဆောက်အအုံကို ဖြစ်စေ ကာလတန်ဖိုးနှင့် ထပ်ဆောင်းတန်ဖိုး သတ်မှတ်ခြင်း ပြုလုပ်နိုင်ရေးအတွက် ခန့်မှန်းတန်ဖိုး တွက်ချက်တင်ပြရန် ဦးစီးဌာနကို တာဝန်ပေးအပ်ရမည်။

၃၀။  ရှေးဟောင်းအမွေအနှစ်ဆိုင်ရာ  ထပ်ဆောင်းတန်ဖိုးသတ်မှတ်ရာတွင် အောက်ပါအချက်များကို အခြေခံ၍ စိစစ်ပြီး သတ်မှတ်ရမည်-

(က)  ရှေးဟောင်းအဆောက်အအုံ၏ နောက်ခံသမိုင်းကြောင်းအခြေအနေ၊

(ခ)  ရှေးဟောင်းအဆောက်အအုံ၏ ယဉ်ကျေးမှုသမိုင်းကြောင်း အခြေအနေ၊

(ဂ)  ရှေးဟောင်းအဆောက်အအုံကို ပြုလုပ်ထားသည့် ပစ္စည်းအမျိုးအစား၊

(ဃ)  အနုပညာလက်ရာမြောက်မှု အဆင့်အတန်း၊

(င)  ရှေးဟောင်းအဆောက်အအုံ၏ သက်တမ်း၊

(စ)  ကာလတန်ဖိုး။

၃၁။  ဦးစီးဌာနသည် ရှေးဟောင်းအဆောက်အအုံ၏ ကာလတန်ဖိုးနှင့် ထပ်ဆောင်းတန်ဖိုးတွက်ချက် တင်ပြရန် သက်ဆိုင်ရာစစ်ဆေးရေးအဖွဲ့ကို တာဝန်ပေးအပ်နိုင်သည်။

၃၂။  စစ်ဆေးရေးအဖွဲ့သည် ဦးစီးဌာန၏ တာဝန်ပေးချက်အရ ရှေးဟောင်းအဆောက်အအုံ၏ ကာလတန်ဖိုးနှင့် ထပ်ဆောင်းတန်ဖိုး တွက်ချက်တင်ပြရာတွင် အောက်ပါအတိုင်း ခန့်မှန်းတွက်ချက်ပြီး တွက်ချက်မှုပုံစံနှင့်အတူ ဦးစီးဌာနသို့ တင်ပြရမည်-

(က)  ရှေးဟောင်းအဆောက်အအုံတွင် တပ်ဆင်ထားသော ရွှေ၊ ငွေ သို့မဟုတ် ကျောက်မျက် ရတနာတို့မှ တစ်ပါး ရှေးဟောင်းအဆောက်အအုံ၏ ကာလတန်ဖိုးကို ခန့်မှန်းတွက်ချက် ရမည်။

(ခ)  ရှေးဟောင်းအဆောက်အအုံတွင် တပ်ဆင်ထားသော ရွှေ၊ ငွေ သို့မဟုတ် ကျောက်မျက် ရတနာများ၏ အရည်အသွေးနှင့် အလေးချိန်ကို စစ်ဆေး၍ ကာလတန်ဖိုး သတ်မှတ်နိုင် ရန် မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်းဌာနသို့ အကြောင်းကြား စစ်ဆေးရမည်။

(ဂ)  နည်းဥပဒေခွဲ (ခ) အရ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းဌာန၏ စစ်ဆေးတွေ့ရှိချက်ကို အခြေခံ၍ ရှေးဟောင်းအဆောက်အအုံ၏ ကာလတန်ဖိုးကို ခန့်မှန်းတွက်ချက် ရမည်။

(ဃ)  နည်းဥပဒေ ၃၀ ပါ အချက်များကို အခြေခံ၍ စိစစ်ပြီး ထပ်ဆောင်းတန်ဖိုးကို ခန့်မှန်းတွက်ချက် ရမည်။

၃၃။  ဦးစီးဌာနသည် နည်းဥပဒေ ၃၂ အရ စစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အပေါ် သဘောထားမှတ်ချက်ဖြင့်  ဝန်ကြီးဌာနသို့ တင်ပြရမည်။

၃၄။  ဝန်ကြီးဌာနသည် ဦးစီးဌာနက တင်ပြသော ရှေးဟောင်းအဆောက်အအုံ၏ ကာလတန်ဖိုး တွက်ချက်မှုနှင့် ထပ်ဆောင်းတန်ဖိုး သတ်မှတ်မှုတို့ကို အတည်ပြုခြင်း သို့မဟုတ် ပြင်ဆင်ခြင်း ပြုနိုင်သည်။

၃၅။  အောက်ဖော်ပြပါ ရှေးဟောင်းအဆောက်အအုံများသည် ရှေးဟောင်းအမွေအနှစ်ဆိုင်ရာ တန်ဖိုး မြင့်မားသော ရှေးဟောင်းအဆောက်အအုံများဖြစ်သည်-

(က)  စေတီ၊ ပုထိုး၊ ဂူဘုရား၊ ဘုန်းတော်ကြီးကျောင်း၊ အုတ်ကျောင်း၊ ဇရပ်၊ သိမ် အပါအဝင် သာသနိကဆိုင်ရာ အဆောက်အအုံများ၊

(ခ)  ရှေးမြို့ဟောင်း၊ နန်းတော်၊ မြို့ရိုး၊ ကျုံး၊ မုခ်ဝ၊ မြို့ဝင်ပေါက်နှင့် ခံတပ်များ၊

(ဂ)  ရွှေ၊ ငွေ သို့မဟုတ် အဖိုးတန်ကျောက်မျက်များနှင့် လက်မှုအနုပညာပစ္စည်းများ တပ်ဆင်ထားသော ရှေးဟောင်းအဆောက်အအုံများ၊

(ဃ)  ထူးခြားရှားပါးသည့် အနုပညာလက်ရာများ သို့မဟုတ် လက်မှုအနုပညာများ ပါဝင်သော ရှေးဟောင်းအဆောက်အအုံများ၊

(င)  နှစ်ပေါင်းတစ်ရာနှင့်အထက် သက်တမ်းရှိသည့် ရှေးခေတ်လူတို့ အသုံးအဆောင်များ ပြုလုပ်သည့် နေရာများ၊ တိုင်များနှင့် ကျောက်ချပ်များ၊

(စ)  ပရိုင်းမိတ်များနှင့် အခြားကျောက်ဖြစ်ရုပ်ကြွင်းများတွေ့ရှိရာ နေရာများ၊

(ဆ)  ဝန်ကြီးဌာနက အခါအားလျော်စွာ သတ်မှတ်သော အဆောက်အအုံများ။

အခန်း(၆)
ရှေးဟောင်းအဆောက်အအုံတွေ့ရှိကြောင်း သတင်းပို့ခြင်း

၃၆။  မည်သူမဆို ဦးစီးဌာန၏ ခွင့်ပြုချက်မရှိဘဲ မိမိလက်ဝယ်ရှိ မြေပေါ်တွင်ဖြစ်စေ၊ အများ ပြည်သူဆိုင်ရာ နေရာတစ်ခုတွင်ဖြစ်စေ၊ ဝန်ကြီးဌာနတစ်ခုခုက စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေတွင်ဖြစ်စေ၊ အခြားမြေတွင်ဖြစ်စေ၊ အကြောင်းတစ်ခုခုကြောင့် မြေကို တူးဖော်ရာမှဖြစ်စေ၊ အခြားလုပ်ငန်းတစ်ခုခု ဆောင်ရွက်ရာမှ ဖြစ်စေ ရှေးဟောင်းအဆောက်အအုံဟု ယူဆရသော အဆောက်အအုံတစ်ခုခုကို တွေ့ရှိရပါက-

(က)  ဆောက်ရွက်ဆဲကိစ္စရပ်ကို ခေတ္တရပ်ဆိုင်းပြီး သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးရုံးသို့ ချက်ချင်း သတင်းပို့ရမည်။

(ခ)  တူးဖော်တွေ့ရှိသော ရှေးဟောင်းအဆောက်အအုံကို ဓာတ်ပုံမှတ်တမ်း ရိုက်ယူထား နိုင်သည်။

(ဂ)  နေရာရွှေ့ပြောင်း ဖယ်ရှားခြင်းမပြုဘဲ မူလအတိုင်း ထားရှိရမည်။

(ဃ)  ဦးစီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဆက်လက်ဆောင်ရွက်ရမည်။

၃၇။  ဦးစီးဌာနသည်-

(က)  သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၏ အကြောင်းကြားချက်ကို လက်ခံရရှိလျှင် ရှေးဟောင်း အဆောက်အအုံ တွေ့ရှိသည့်နေရာသို့ ချက်ချင်းသွားရောက် ကြည့်ရှုရမည်။

(ခ)  ရှေးဟောင်းအဆောက်အအုံ စစ်မှန်ခြင်း ရှိ မရှိ စိစစ်ရန် လိုအပ်ပါက စစ်ဆေးရေးအဖွဲ့ကို စစ်ဆေးရန် တာဝန်ပေးအပ်နိုင်သည်။

အခန်း(၇)
ကြိုတင်ခွင့်ပြုချက် လျှောက်ထားခြင်း

၃၈။  ဦးစီးဌာနသည် ရှေးဟောင်းအဆောက်အအုံအနီး သတ်မှတ်ထားသော နယ်မြေအတွင်း တုန်ခါမှု ဖြစ်ပေါ်စေသော ယန္တရားကြီးများအသုံးပြုခြင်း၊ ယာဉ်အမျိုးမျိုးသွားလာခြင်း၊ မီးပုံးပျံကဲ့သို့ ဓာတ်ငွေ့ ထုတ်လွှတ်သည့် ကိစ္စများဆောင်ရွက်ခြင်း၊ ဓာတုပစ္စည်းနှင့် အမှိုက်သရိုက်များ စွန့်ပစ်ခြင်းများ အပါအဝင် နည်းဥပဒေ ၃၉၊ ၄၀၊ ၄၁ နှင့် ၄၂ တို့အရ လျှောက်ထားခြင်းများကို စိစစ်ပြီး ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်။

၃၉။  ရှေးဟောင်းအဆောက်အအုံနှင့်စပ်လျဉ်း၍ အောက်ပါပြုလုပ်မှု တစ်ခုခုကို ဆောင်ရွက်လိုသော ဌာန၊ အဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးသည် ကြိုတင်ခွင့်ပြုချက်ရရှိရန် ဦးစီးဌာနသို့ ပုံစံ (၁) ဖြင့်လျှောက်ထားရမည်-

(က)  ရှေးဟောင်းအဆောက်အအုံတစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းကို ပြင်ဆင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း သို့မဟုတ်  ဝင်းခြံနယ်နိမိတ် ပြပြင်ပြောင်းလဲခြင်း၊

(ခ)  ရှေးဟောင်းအဆောက်အအုံကို အင်္ဂတေသရွတ်ကိုင်ခြင်း၊ မွမ်းမံခြင်း၊ ထုံးသုတ်ခြင်း၊ ဆေးသုတ်ခြင်း၊ ရွှေသင်္ကန်းကပ်ခြင်း၊ ထီးတင်ခြင်း၊ စိန်ဖူးတော် သို့မဟုတ် ငှက်မြတ်နား တော် စသည်တို့ တင်လှူ ခြင်း၊

(ဂ)  ရှေးဟောင်းအဆောက်အအုံအနီး၌ သိမ်၊ ကျောင်း၊ ဇရပ်၊ တန်ဆောင်း၊ မုခ်ဦး၊ တံတိုင်း၊ ဂြိုဟ်တိုင်၊ တံခွန်တိုင်၊ရေကန်၊ ရုပ်တုများ၊ နတ်ရုပ်များ၊ ဘာသာရေးဆိုင်ရာ အဆောက် အအုံများနှင့် အခြားအဆောက်အအုံများ အသစ်တည်ဆောက်ခြင်း သို့မဟုတ် ယင်းတို့ကို တိုးချဲ့ခြင်း သို့မဟုတ် ဝင်းခြံကာရံ ခြင်း၊

(ဃ)  ရှေးဟောင်းအဆောက်အအုံကို မူလလက်ရာအတိုင်း ပြန်လည်ဖြည့်စွက် တည်ဆောက် ခြင်း၊

(င)  ရှေးဟောင်းအဆောက်အအုံ တည်ရှိရာနေရာများသို့ ကွင်းဆင်းလေ့လာရှာဖွေခြင်းနှင့် တူးဖော် သုတေသနပြုခြင်း။

၄၀။  ရှေးဟောင်းအဆောက်အအုံကို ဂေါပက သို့မဟုတ် အဖွဲ့အစည်းများ ဖွဲ့စည်း၍ ကာကွယ် ထိန်းသိမ်းခြင်းပြုလုပ်လိုသူ သို့မဟုတ် အန္တရာယ်ကျရောက်ခံရနိုင်သော ရှေးဟောင်းအဆောက် အအုံကို  ရှေးဟောင်းအဆောက်အအုံ ထိန်းသိမ်းခွင့်လက်မှတ်ရရှိလိုသူသည် ဦးစီးဌာနသို့ ပုံစံ (၃) ဖြင့် လျှောက်ထားရမည်။

၄၁။  ရှေးဟောင်းအဆောက်အအုံ၏ သတ်မှတ်ထားသော ဧရိယာအတွင်း၌ အောက်ပါပြုလုပ်မှုတစ်ခုခု ကို ဆောင်ရွက်လိုသူသည် ကြိုတင်ခွင့်ပြုချက်ရရှိရန် ဦးစီးဌာနသို့ ပုံစံ (၅)ဖြင့် လျှောက်ထား ရမည်-

(က)  မြို့၊ ရပ်ကွက်၊ ကျေးရွာများကို တိုးချဲ့ခြင်း၊

(ခ)  ဟိုတယ်များ၊ စက်ရုံအလုပ်ရုံများ၊ လူနေအဆောက်အအုံများအပါအဝင် အဆောက်အအုံ အသစ်များ တည်ဆောက်ခြင်း သို့မဟုတ် တိုးချဲ့ခြင်း သို့မဟုတ် ပြင်ဆင်ခြင်း သို့မဟုတ် ဝင်းခြံကာရံခြင်း သို့မဟုတ် ချဲ့ထွင်ခြင်း၊

(ဂ)  ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မျက်ရတနာ သို့မဟုတ် ဓာတ်သတ္တုရှာဖွေရန် တူးဖော်ခြင်း၊ ရေနံ၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ သွယ်တန်းခြင်း၊ စက်ရုံ အလုပ်ရုံများ တည်ဆောက်ခြင်း၊ မဟာဓာတ်အားလိုင်းများ သွယ်တန်းခြင်း၊ ဆက်သွယ်ရေးတာဝါတိုင် များ ဆောက်လုပ်ခြင်း၊ လမ်းဖောက် လုပ်ခြင်း၊ တံတားတည်ဆောက်ခြင်း၊ လေယာဉ်ကွင်း တည်ဆောက်ခြင်း၊ ဆည်မြောင်း၊ တာတမံ စသော အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်း သို့မဟုတ် တိုးချဲ့ခြင်း၊

(ဃ)  မြေအောက်တွင် လျှပ်စစ်သွယ်တန်းခြင်း၊ ဆက်သွယ်ရေးဆိုင်ရာ သွယ်တန်းခြင်းနှင့် အခြား မြေအောက်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊

(င)  ရေတွင်း၊ ရေကန်၊ တူးမြောင်း၊ မွေးမြူရေးကန်များ တူးဖော်ခြင်း သို့မဟုတ် တိုးချဲ့ခြင်း၊

(စ)  မြေမျက်နှာသွင်ပြင် ပျက်စီးစေသည့် ရွှေကျင်ခြင်း၊ မြေတူးဖော်ခြင်း၊ အုတ်ဖုတ်ခြင်း၊ ရေတွင်း၊ ရေကန်၊ ချောင်း၊ မြောင်း၊ လျှို၊ ချိုင့်များတူးခြင်း၊ ဖို့ခြင်း၊ မြေညှိခြင်း၊ မိုင်းခွဲခြင်း၊ ကျောက်တူးခြင်း၊ ကျောက်စရစ်၊ သဲထုတ်ယူခြင်း၊ ကုန်းများ၊ တောင်များဖြိုဖျက်ခြင်း၊

(ဆ)  ပုဂ္ဂလိက ပိုင်ဆိုင်သည့် အဝန်းအဝိုင်း၊ ဧရိယာအတွင်းတွင် ရှေးဟောင်းအဆောက်အအုံ များကို ထည့်သွင်းခြင်း၊ ခြံစည်းရိုးခတ်ခြင်း။

၄၂။  ဝန်ကြီးဌာနက ကာကွယ်ထိန်းသိမ်းထားသော ရှေးဟောင်းအဆောက်အအုံ သို့မဟုတ် ရှေးဟောင်း စာရင်းဝင်အဆောက်အအုံမှ သတ်မှတ်ထားသော ဧရိယာအတွင်းတွင် စီးပွားရေး အလို့ငှာ ဓာတ်ပုံ၊ ဗီဒီယို၊ ရုပ်ရှင်ရိုက်ကူးခြင်း၊ ပုံတူပွားခြင်း သို့မဟုတ် ပုံစံငယ်ပြုလုပ်ခြင်းကို ဆောင်ရွက်လိုသူသည် ကြိုတင် ခွင့်ပြုချက်ရရှိရန် ဦးစီးဌာနသို့ လျှောက်ထားရမည်။

၄၃။  ဦးစီးဌာနသည် နည်းဥပဒေ ၃၉၊ ၄၀၊ ၄၁ နှင့် ၄၂တို့အရ လျှောက်ထားချက်ကို လက်ခံရရှိလျှင်-

(က)  လျှောက်လွှာတွင် အချက်အလက်များပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ဖော်ပြခြင်းရှိ မရှိကို လည်းကောင်း၊ ပူးတွဲပါရှိရမည့် အထောက်အထားများ ပြည့်စုံစွာပါရှိခြင်း ရှိ မရှိကို လည်းကောင်း စိစစ်ရမည်။

(ခ)  လျှောက်လွှာပါအချက်များနှင့် ပူးတွဲပါရှိရမည့် အထောက်အထားများ မှန်ကန်ပြည့်စုံ ကြောင်း တွေ့ရှိပါက ဦးစီးဌာန၏ သဘောထားမှတ်ချက်ဖြင့် ဝန်ကြီးဌာနသို့ တင်ပြရမည်။

(ဂ)  လျှောက်လွှာပါအချက်များနှင့် ပူးတွဲပါရှိရမည့် အထောက်အထားများ ပြည့်စုံစွာပါရှိခြင်း မရှိပါက လိုအပ်သောအချက်များကို ပြင်ဆင်ဖြည့်စွက်၍ ထပ်မံလျှောက်ထားနိုင်ရန် သက်ဆိုင်ရာ လျှောက်ထားသူထံ အကြောင်းကြား၍ လျှောက်လွှာကို ပြန်လည်ပေးအပ် ရမည်။

(ဃ)  နည်းဥပဒေခွဲ (ဂ) အရ ပြန်လည်ပေးအပ်သော လျှောက်လွှာကို လျှောက်ထားသူက လိုအပ်သလို ပြင်ဆင်ခြင်းနှင့် ဖြည့်စွက်ခြင်းတို့ ဆောင်ရွက်ပြီး ထပ်မံလျှောက်ထားလျှင် ယင်းလျှောက်ထားချက်ကို လက်ခံ၍စိစစ်ရမည်။ လျှောက်လွှာပါ အချက်များနှင့် ပူးတွဲ ပါရှိရမည့်အချက်များ ပြည့်စုံမှန်ကန်လျှင် နည်းဥပဒေခွဲ (ခ) ပါအတိုင်း ဆောင်ရွက်ရမည်။

(င)  ကြိုတင်ခွင့်ပြုချက်ပါ စည်းကမ်းချက်များကိုလိုက်နာရန် ပျက်ကွက်ကြောင်း စစ်ဆေး တွေ့ရှိပါက ခွင့်ပြုချက်ကို ပြန်လည်ရုပ်သိမ်းနိုင်သည်။

၄၄။  ဦးစီးဌာနသည် နည်းဥပဒေ ၃၉၊ ၄၀နှင့် ၄၁တို့အရ ကြိုတင်ခွင့်ပြုချက် လျှောက်ထားခြင်းကို စိစစ်ပြီး-

(က)  နည်းဥပဒေ ၃၉ အရ လျှောက်ထားခြင်းကို ခွင့်ပြုလျှင် ကြိုတင်ခွင့်ပြုချက်ကို ပုံစံ(၂) ဖြင့် ထုတ်ပေးရမည်။

(ခ)  နည်းဥပဒေ ၄၀ အရ လျှောက်ထားခြင်းကို ခွင့်ပြုလျှင် ရှေးဟောင်းအဆောက်အအုံ ထိန်းသိမ်းခွင့် လက်မှတ်ကို ပုံစံ (၄) ဖြင့် ထုတ်ပေးရမည်။

(ဂ)  နည်းဥပဒေ ၄၁ အရ လျှောက်ထားခြင်းကို ခွင့်ပြုလျှင် ကြိုတင်ခွင့်ပြုချက်ကို ပုံစံ (၆) ဖြင့် ထုတ်ပေးရမည်။

အခန်း(၈)
ကြိုတင်ခွင့်ပြုချက်ရရှိသူ သို့မဟုတ် ရှေးဟောင်းအဆောက်အအုံ ထိန်းသိမ်းခွင့်လက်မှတ်ရရှိသူ၏ တာဝန်များ

၄၅။ ကြိုတင်ခွင့်ပြုချက်ရရှိသူ သို့မဟုတ် ရှေးဟောင်းအဆောက်အအုံ ထိန်းသိမ်းခွင့်လက်မှတ် ရရှိသူသည်-

(က) ရှေးဟောင်းအဆောက်အအုံကို အဓွန့်ရှည်တည်တံ့စေရန် အလေးထားဆောင်ရွက်ရမည်။

(ခ) ကြိုတင်ခွင့်ပြုချက်တွင် ခွင့်ပြုသောနေရာနှင့် လုပ်ငန်းကိုသာ ဆောင်ရွက်ခွင့်ရှိသည်။

(ဂ) ကြိုတင်ခွင့်ပြုချက်အရ လုပ်ငန်းဆောင်ရွက်ရာတွင် တစ်နည်းနည်းဖြင့် ရှေးဟောင်း အဆောက်အအုံ သို့မဟုတ် ရှေးဟောင်းဝတ္ထုပစ္စည်းတစ်ခုခုကို တွေ့ရှိလျှင် ဦးစီးဌာနသို့ ချက်ချင်းသတင်းပို့ရမည်။

(ဃ) ကြိုတင်ခွင့်ပြုချက်ပါလုပ်ငန်းကို ဆောင်ရွက်ရာတွင် လုပ်ငန်းလိုအပ်ချက်မှအပ မြေကို တူးဆွ ခြင်း၊ တူးဖော်ခြင်းမပြုရ။

(င) ကြိုတင်ခွင့်ပြုချက်ပေးခြင်းသည် လုပ်ငန်းဆောင်ရွက်ရာ၌ အခြားသူတစ်ဦး၏ အခွင့် အရေးကို ထိခိုက်နစ်နာစေခြင်းကြောင့် နစ်နာကြေး ပေးလျော်ရခြင်းနှင့် သက်ဆိုင်ခြင်း မရှိစေရ။

(စ) ကြိုတင်ခွင့်ပြုချက်ပါလုပ်ငန်းကို ဆောင်ရွက်ခြင်းကြောင့်သော်လည်းကောင်း၊ အခြား အကြောင်းကြောင့်သော်လည်းကောင်း ရှေးဟောင်းအဆောက်အအုံကို ထိခိုက်ပျက်စီး စေခြင်းဖြစ်ပေါ်ပါက ဝန်ကြီးဌာနက သတ်မှတ်သည့် ပြုပြင်ထိန်းသိမ်းစရိတ်ကို ပေးလျော် ရမည်။

(ဆ) ဦးစီးဌာန၏ တာဝန်ပေးချက်အရ စစ်ဆေးရေးအဖွဲ့ လာရောက်စစ်ဆေးခြင်းကို ခွင့်ပြု ရမည်။

(ဇ) ကြိုတင်ခွင့်ပြုချက်ပါ လုပ်ငန်းဆောင်ရွက်ပြီးစီးပါက လုပ်ငန်းပြီးဆုံးကြောင်း အစီရင်ခံစာ ကို ရက်ပေါင်း ၃၀ အတွင်း ဦးစီးဌာနသို့ တင်ပြရမည်။

(ဈ) ဦးစီးဌာန၏ ကြိုတင်ခွင့်ပြုချက်ပါ စည်းကမ်းများကို လိုက်နာရမည်။

အခန်း (၉)
ရှေးဟောင်းအဆောက်အအုံတည်ရှိသောမြေကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခြင်း

၄၆။  ဝန်ကြီးဌာနသည် နိုင်ငံတော်၏ မြေအောက်တစ်နေရာရာတွင် ရှေးဟောင်းအဆောက်အအုံ တည်ရှိကြောင်း တစ်နည်းနည်းဖြင့်သိရှိလျှင် သွားရောက်ကြည့်ရှုစစ်ဆေးရန် ဦးစီးဌာနကို တာဝန် ပေးနိုင်သည်။

၄၇။  ဦးစီးဌာနသည် ဝန်ကြီးဌာန၏ တာဝန်ပေးချက်အရ သတင်းရရှိသည့်နေရာသို့ ဆောလျင်စွာ သွားရောက်ပြီး မြေပြင်အခြေအနေ စစ်ဆေးခြင်းနှင့် သမိုင်းယဉ်ကျေးမှုဆိုင်ရာ အထောက် အထားများရှာဖွေခြင်းတို့ကို ပြုလုပ်ပြီး ရှေးဟောင်းအဆောက်အအုံတည်ရှိခြင်းရှိ မရှိအပေါ် သဘောထား မှတ်ချက်ဖြင့် ဝန်ကြီးဌာနသို့ တင်ပြရမည်။

၄၈။  ဝန်ကြီးဌာနသည် ဦးစီးဌာန၏ တင်ပြချက်အရ ရှေးဟောင်းအဆောက်အအုံ တည်ရှိသည်ဟု ပေါ်ပေါက်သော မြေ သို့မဟုတ် ထိုမြေ၏ တစ်စိတ်တစ်ဒေသကို တည်ဆဲဥပဒေနှင့်အညီ ထိန်းသိမ်း စောင့်ရှောက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့တို့နှင့်ညှိနှိုင်းဆောင်ရွက်ရမည်။

အခန်း(၁၀)
အထွေထွေ

၄၉။  ဦးစီးဌာနသည် ဥပဒေပုဒ်မ ၂၅ အရ သက်ဆိုင်ရာ တရားရုံးက ချမှတ်သည့်အမိန့်ကို အကောင်အထည်ဖော်ဆောင်ရွက်ပြီးပါက ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ဝန်ကြီးဌာနသို့ အစီရင်ခံတင်ပြရမည်။

၅၀။  ရှေးဟောင်းအဆောက်အအုံတည်ရှိရာနေရာများသို့ ကွင်းဆင်းလေ့လာရှာဖွေခြင်းနှင့် တူးဖော် သုတေသနပြုခြင်းလုပ်ငန်း ဆောင်ရွက်ခွင့်ရသော ဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်သည် လုပ်ငန်းဆောင်ရွက်ပြီးသည့်အခါတိုင်း ဦးစီးဌာနနှင့် ညှိနှိုင်းလျက် အောက်ဖော်ပြပါတို့ကို မဖြစ်မနေ ဆောင်ရွက်ရမည်-

(က)  စာတမ်းရေးသားဖတ်ကြားခြင်း၊

(ခ)  ပုံနှိပ်ထုတ်ဝေခြင်း၊

(ဂ)  အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း။

၅၁။  သက်ဆိုင်ရာဝန်ကြီးဌာနများသည် ရှေးဟောင်းအဆောက်အအုံများအတွင်းတွင် နိုင်ငံတော် အကျိုးစီးပွားအလို့ငှာ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မျက်ရတနာ သို့မဟုတ် ဓာတ်သတ္တု တူးဖော်ရန် အကြောင်းပေါ်ပေါက်လျှင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ ပြည်ထောင်စုအစိုးရ အဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ရမည်။

 

သူရအောင်ကို၊

ပြည်ထောင်စုဝန်ကြီး၊

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန။