ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးနည်းဥပဒေများ

DOWNLOAD

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန

(ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးနည်းဥပဒေများ)
အမိန့်ကြော်ငြာစာအမှတ် ၁၁/ ၂၀၂၀

၁၃၈၂ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၇ ရက်

(၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၃ ရက်)

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသည် ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ် ထိန်းသိမ်းရေးဥပဒေပုဒ်မ ၅၃၊ ပုဒ်မခွဲ(က)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စု အစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် ဤနည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။

အခန်း(၁)
အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤနည်းဥပဒေများကို ယဉ်ကျေးမှုအမွေအနှစ်ဒေသများကာကွယ်ထိန်းသိမ်းရေးနည်းဥပဒေများ ဟု ခေါ်တွင်စေရမည်။

၂။ ဤနည်းဥပဒေများတွင် ပါရှိသောစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေ ရမည် -

(က) ဥပဒေ ဆိုသည်မှာ ယဉ်ကျေးမှုအမွေအနှစ်ဒေသများကာကွယ်ထိန်းသိမ်းရေးဥပဒေကို ဆိုသည်။

(ခ) ညွှန်ကြားရေးမှူးချုပ် ဆိုသည်မှာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ကို ဆိုသည်။

(ဂ) လျှောက်ထားသူ ဆိုသည်မှာ ယဉ်ကျေးမှုအမွေအနှစ်ဒေသအဖြစ် သတ်မှတ်ထားသော ဒေသအမျိုး အစား တစ်ခုခုတွင် ကြိုတင်ခွင့်ပြုချက်လျှောက်ထားသော လုပ်ငန်းတစ်ရပ်ရပ်ကို ဆောင်ရွက်ရန် လျှောက်ထားသည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကို ဆိုသည်။

(ဃ) ပုံစံ ဆိုသည်မှာ ဤနည်းဥပဒေများတွင် သတ်မှတ်ထားသည့်ပုံစံကို ဆိုသည်။

(င) ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဆိုသည်မှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ထိန်း သိမ်း​ရေးကော်မတီနှင့် ဒေသဆိုင်ရာထိန်းသိမ်းရေးကော်မတီတို့က ရှေးဟောင်း အဆောက်အအုံကို ထိန်းသိမ်း စောင့်ရှောက်ရန် ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ဖွဲ့စည်းထားသော ရှေးဟောင်းအဆောက်အအုံ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ အသီးသီး ကို ဆိုသည်။

(စ) ယဉ်ကျေးမှုအမွေအနှစ်ထိခိုက်နိုင်မှုဆန်းစစ်ချက် ဆိုသည်မှာ ယဉ်ကျေးမှုအမွေအနှစ် ဒေသတွင် ဆောင်ရွက်မည့်လုပ်ငန်းတစ်ရပ်ရပ်သည် ယဉ်ကျေးမှုအမွေအနှစ်အပေါ် မည်သို့ထိခိုက်နိုင်မှုရှိကြောင်း၊ မည်သည့်အချက်တို့ကို လိုက်နာဆောင်ရွက်ပါက ထိခိုက်မှုလျော့နည်းသက်သာနိုင်ကြောင်းနှင့် အဆိုပါ ကိစ္စအား ဆောင်ရွက်သင့်ကြောင်း သို့မဟုတ် ဆောင်ရွက်ရန်မသင့်ကြောင်း ဦးစီးဌာန၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ထိန်းသိမ်းရေးကော်မတီ သို့မဟုတ် ဒေသဆိုင်ရာထိန်းသိမ်းရေးကော်မတီတို့က တာဝန်ပေးအပ်သောအဖွဲ့၏ ကွင်းဆင်းဆန်းစစ်ချက်ကိုဆိုသည်။

(ဆ) မူလရှိပြီး ဟိုတယ်၊ မိုတယ်၊ ဧည့်ဂေဟာ၊ တည်းခိုရိပ်သာ သို့မဟုတ် အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းအဆောက်အအုံ ဆိုသည်မှာ ဥပဒေပြဋ္ဌာန်းခြင်းမပြုမီက တည်ဆဲဥပဒေများနှင့်အညီ တည်ဆောက်ဖွင့်လှစ်လျက်ရှိသည့် ဟိုတယ်၊ မိုတယ်၊ ဧည့်ဂေဟာ၊ တည်းခိုရိပ်သာ သို့မဟုတ် အသေးစား၊ အလတ်စား၊ စက်မှုလုပ်ငန်း အဆောက်အအုံကို ဆိုသည်။ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေစီမံခန့်ခွဲရေး အဖွဲ့၏ ခွင့်ပြုချက်ဖြင့် တည်ဆောက်ထားသည့် ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာ သို့မဟုတ် အသေးစား၊ အလတ်စား၊ စက်မှုလုပ်ငန်းအဆောက်အအုံများလည်း ပါဝင်သည်။

အခန်း(၂)
ယဉ်ကျေးမှုအမွေအနှစ်ဒေသသတ်မှတ်ခြင်း

၃။  ဝန်ကြီးဌာနသည် ဥပဒေပုဒ်မ ၉ အရ ယဉ်ကျေးမှုအမွေအနှစ်ဒေသအဖြစ် ဒေသအမျိုးအစား တစ်ခုခုကိုဖြစ်စေ၊ တစ်ခုထက်ပိုသောဒေသကိုဖြစ်စေ နယ်နိမိတ်ဖော်ပြ၍ အမိန့်ကြော်ငြာစာ ထုတ်ပြန် သတ်မှတ်နိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆောင်ရွက်ပြီး ပြန်လည်တင်ပြရန် ဦးစီးဌာနကို တာဝန်ပေးအပ်နိုင်သည်။

၄။  ဦးစီးဌာနက တာဝန်ပေးအပ်သည့်ဝန်ထမ်း သို့မဟုတ် ဝန်ထမ်းအဖွဲ့သည် သက်ဆိုင်ရာနယ်မြေ အတွင်း ကွင်းဆင်းလေ့လာခြင်း၊ မြေတိုင်းတာခြင်း၊ မြေပုံထုတ်ခြင်း၊ မြေရာဇဝင်စုံစမ်းခြင်းနှင့် ဒေသအမျိုးအစား ခွဲခြားခြင်းတို့ကို နောက်ဆက်တွဲ (က) ပါ ယေဘုယျသတ်မှတ်ချက် များနှင့်အညီ စိစစ်ပြီး အထောက်အထား စာရွက်စာတမ်းများနှင့်အတူ ညွှန်ကြားရေးမှူးချုပ်ထံ တင်ပြရမည်။ ညွှန်ကြားရေးမှူးချုပ်သည် တင်ပြချက်များကိုစိစစ်ပြီး ဝန်ကြီးဌာနသို့ ဆက်လက် တင်ပြရမည်။

၅။  ဝန်ကြီးဌာနသည် အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ယဉ်ကျေးမှုအမွေအနှစ်ဒေသအဖြစ် အမိန့် ကြော်ငြာစာထုတ်ပြန်သတ်မှတ်သည့် မြေပေါ်တွင် ဦးစီးဌာနက အမှတ်အသား ကျောက်တိုင် သို့မဟုတ် ထင်ရှားသောအမှတ်အသားတစ်ခုခုကို စိုက်ထူခြင်းနှင့် ကြေညာခြင်း တို့ကို ဆောင်ရွက်ရမည်။

၆။  (က)  ဝန်ကြီးဌာနသည် ဥပဒေပုဒ်မ ၁၀ နှင့်အညီ  ယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် မြေယာစီမံ ခန့်ခွဲ ရေးအတွက်လိုအပ်လျှင် အစိုးရဌာန သို့မဟုတ် အစိုးရအဖွဲ့အစည်း တစ်ခုခု၏ စီမံခန့်ခွဲမှုအောက်တွင်ရှိသော မြေကိုလည်းကောင်း၊ ပုဂ္ဂိုလ် သို့မဟုတ် ပုဂ္ဂလိက အဖွဲ့အစည်းပိုင် မြေကိုလည်းကောင်း သက်ဆိုင်ရာအစိုးရဌာန သို့မဟုတ် အစိုးရအဖွဲ့ အစည်း သို့မဟုတ် သက်ဆိုင်ရာပုဂ္ဂိုလ် သို့မဟုတ် ပုဂ္ဂလိက အဖွဲ့အစည်းနှင့် ကြိုတင်ညှိနှိုင်းဆောင်ရွက်ရန် ဦးစီးဌာနကို တာဝန်ပေးအပ်နိုင်သည်။

(ခ)  ဦးစီးဌာနသည် သက်ဆိုင်ရာမြေနှင့်စပ်လျဉ်းသည့် မြေပုံ၊ မြေရာဇဝင်၊ မြေကို စီမံခန့်ခွဲ နိုင်သည့် ခိုင်လုံသောအကြောင်းပြချက်များဖော်ပြ၍ ဝန်ကြီးဌာနသို့ ဆက်လက်တင်ပြ ရမည်။ ဝန်ကြီးဌာနသည် လိုအပ်ပါက အစိုးရအဖွဲ့သို့ တင်ပြဆောင်ရွက်ရမည်။

(ဂ)  ဝန်ကြီးဌာန၏ ခွင့်ပြုချက်ရရှိပါက ဦးစီးဌာနသည် အဆိုပါမြေအား စီမံခန့်ခွဲခြင်းနှင့် ပိုင်ဆိုင်မှု လွှဲပြောင်းခြင်းတို့ကို ဆောင်ရွက်ရမည်။

၇။  မြေကိုစီမံခန့်ခွဲရန် အထောက်အထားခိုင်လုံမှုရှိ၍ ဥပဒေပုဒ်မ ၁၀ ပုဒ်မခွဲ (ခ) အရ သက်ဆိုင်ရာ ပုဂ္ဂိုလ် သို့မဟုတ် ပုဂ္ဂလိကအဖွဲ့အစည်းနှင့် ညှိနှိုင်းဆောင်ရွက်သော်လည်း ပိုင်ဆိုင်သူက ပေးအပ် ရန် ငြင်းဆန်ပါက ဝန်ကြီးဌာနသည် အစိုးရအဖွဲ့၏ခွင့်ပြုချက်အရ မြေသိမ်းဆည်းခြင်း၊ ပြန်လည် နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်းဆိုင်ရာဥပဒေနှင့်အညီ မြေယာစီမံခန့်ခွဲခြင်း၊ လိုအပ်ပါက လျော်ကြေး၊ နစ်နာ ကြေးပေးခြင်း ဆောင်ရွက်ရမည်။

အခန်း(၃)
ယဉ်ကျေးမှုအမွေအနှစ်ဒေသကာကွယ်ထိန်းသိမ်းခြင်း

၈။  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ထိန်းသိမ်းရေးကော်မတီနှင့် ဒေသဆိုင်ရာ ထိန်းသိမ်းရေး​ကော်မတီများသည် ယဉ်ကျေးမှုအမွေအနှစ်ဒေသများတွင် ယဉ်ကျေးမှုအမွေအနှစ်ဒေသ အခင်းအကျင်းကို အဟန့် အတားအနှောင့်အယှက်ဖြစ်စေသည့် မည်သည့်အဆောက်အအုံကိုမဆို ဆောက်လုပ်ခြင်းမပြုရန် တားဆီး ခြင်း၊ ကျူးကျော်ဆောက်လုပ်ထားမှုများကို ဖယ်ရှားခြင်းတို့ကို အောက်ပါအတိုင်း ဆောင်ရွက်နိုင်သည် -

(က)  သတ်မှတ်ချက်များနှင့်အညီ အမိန့်ထုတ်ပြန်ဆောင်ရွက်နိုင်သည်။

(ခ)  အစိုးရဌာန သို့မဟုတ် အစိုးရအဖွဲ့အစည်းတစ်ခုခုပိုင် အဆောက်အအုံဖြစ်ပါက အစိုးရအဖွဲ့မှ တစ်ဆင့် သက်ဆိုင်ရာဝန်ကြီးဌာနနှင့်ညှိနှိုင်း၍ တားဆီးဖယ်ရှားနိုင်သည်။

(ဂ)  ပုဂ္ဂလိကပိုင်အဆောက်အအုံဖြစ်ပါက ပိုင်ရှင်သို့ နို့တစ်စာပေးပို့ကာ တားဆီးဖယ်ရှား နိုင်သည်။ တားဆီးဖယ်ရှားမှုကို မလိုက်နာပါက သက်ဆိုင်ရာ ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်နိုင်သည်။

၉။  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ထိန်းသိမ်းရေးကော်မတီနှင့် ဒေသဆိုင်ရာထိန်းသိမ်းရေး ကော်မတီ များက ယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း၌ ဥပဒေပုဒ်မ ၁၄ ပါ ကိစ္စရပ်များကို ဆောင်ရွက်ရန် ဝန်ကြီးဌာနသို့ သဘောတူညီချက်တောင်းခံလာပါက ဝန်ကြီးဌာနသည် အောက်ပါ အတိုင်း စိစစ်တင်ပြရန် ဦးစီး ဌာနသို့ တာဝန်ပေးအပ်နိုင်သည် -

(က)  ရှေးဟောင်းအဆောက်အအုံ၏ပရဝဏ်ကို သတ်မှတ်ရန်အတွက် ဓာတ်ပုံမှတ်တမ်းများ၊ အသေးစိတ် ပုံဆွဲမှတ်တမ်းများနှင့် သမိုင်းကြောင်းမှတ်တမ်း အထောက်အထားများကို ပြုစုတင်ပြစေခြင်း၊

(ခ)  ရှေးဟောင်းအဆောက်အအုံ၏ ပရဝဏ်အတွင်း ဆောင်ရွက်သည့် ကိစ္စရပ်များအတွက် လိုက်နာ ရမည့်စည်းကမ်းချက်များသတ်မှတ်ရန် လျာထားတင်ပြစေခြင်း၊

(ဂ)  ရှေးဟောင်းအဆောက်အအုံအား မူလပုံသဏ္ဌာန်၊ မူလလက်ရာများအား မပျောက်ပျက် စေဘဲ ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ထိန်းသိမ်းရေးနည်းလမ်းဆိုင်ရာ အကြံပြုချက်များ တင်ပြစေခြင်း။

၁၀။  ဝန်ကြီးဌာနသည် နည်းဥပဒေ ၉ အရ ဦးစီးဌာနက စိစစ်တင်ပြလာသောကိစ္စရပ်များကို စိစစ်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ထိန်းသိမ်းရေးကော်မတီနှင့် ဒေသဆိုင်ရာ ထိန်းသိမ်းရေး ကော်မတီများသို့ သဘောထားပြန်ကြားရမည်။

၁၁။  သက်ဆိုင်ရာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့များသည် ယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် ရှေးဟောင်းအဆောက်အအုံ၏ မူလရှေးဟောင်းပုံသဏ္ဌာန်ကိုဖြစ်စေ၊ မူလရှေးဟောင်း လက်ရာကိုဖြစ်စေ ပြောင်းလဲခြင်းမရှိစေဘဲ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်ခြင်း သို့မဟုတ် ယင်း၏ ဝင်းခြံ နယ်နိမိတ်ကို ပြင်ဆင်ခြင်း၊ တိုးချဲ့ခြင်းများ ဆောင်ရွက်လိုပါက ဥပဒေပုဒ်မ ၂၄ ပုဒ်မခွဲ (က) အရ  ကြိုတင်ခွင့်ပြုချက်ရရှိရန် ပုံစံ (၃၇) ဖြင့် လျှောက်ထားရမည်။

၁၂။  ဝန်ကြီးဌာန၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ထိန်းသိမ်းရေးကော်မတီနှင့် ဒေသဆိုင်ရာ ထိန်းသိမ်း ရေးကော်မတီများသည် ယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်းရှိ ရှေးဟောင်း အဆောက်အအုံနှင့် ရှေးဟောင်းနေရာများ လုံခြုံမှုရှိစေရန် လိုအပ်သည့်စီမံမှုများဖြင့် ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရမည်။

အခန်း(၄)
ကြိုတင်ခွင့်ပြုချက်လျှောက်ထားခြင်း၊ စိစစ်ခြင်းနှင့် ထုတ်ပေးခြင်း

၁၃။  ယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ဥပဒေပုဒ်မ ၂၁ တွင်ဖော်ပြထားသော လုပ်ငန်းတစ်ရပ်ရပ် နှင့်စပ်လျဉ်း၍ ယဉ်ကျေးမှုအမွေအနှစ်များအပေါ် ထိခိုက်မှုမရှိကြောင်း ကြိုတင်ခွင့်ပြုချက်ရရှိရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ထိန်းသိမ်းရေးကော်မတီ သို့မဟုတ် ဒေသဆိုင်ရာ ထိန်းသိမ်းရေး ကော်မတီသို့ လျှောက်ထားရာတွင်ဖြစ်စေ၊ ကြိုတင်ခွင့်ပြုချက် ထုတ်ပေးရာ တွင်ဖြစ်စေ အောက်ဖော်ပြပါ ပုံစံများကို အသုံးပြု၍ ဆောင်ရွက်ရမည် -

(က)  ယဉ်ကျေးမှုအမွေအနှစ်များတည်ရှိရာဒေသအတွင်းရှိ မြို့ပြနှင့် ကျေးရွာတွင် အဆောက် အအုံကို တည်ဆောက်ခြင်း သို့မဟုတ် တိုးချဲ့ဆောက်လုပ်ခြင်းပြုလုပ်လိုပါက ပုံစံ (၁) ဖြင့် လျှောက်ထားရမည်။ ခွင့်ပြုပါက ကြိုတင်ခွင့်ပြုချက်ကို ပုံစံ (၂) ဖြင့် ထုတ်ပေးရမည်။

(ခ)  ယဉ်ကျေးမှုအမွေအနှစ်များတည်ရှိရာဒေသအတွင်းရှိ မြို့ပြနှင့် ကျေးရွာတွင် ရှေးဟောင်း အဆောက် အအုံမှတစ်ပါး အခြားအဆောက်အအုံကိုပြင်ဆင်ခြင်း သို့မဟုတ် ယင်း၏ ဝင်းခြံနယ်နိမိတ်ကိုကာရံခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် တိုးချဲ့ခြင်း ပြုလုပ်လိုပါက ပုံစံ (၃) ဖြင့်လျှောက်ထားရမည်။ ခွင့်ပြုပါက ကြိုတင်ခွင့်ပြုချက်ကို ပုံစံ (၄) ဖြင့် ထုတ်ပေးရမည်။

(ဂ)  ယဉ်ကျေးမှုအမွေအနှစ်များတည်ရှိရာဒေသအတွင်းရှိ မြို့ပြနှင့် ကျေးရွာတွင် ယဉ်ကျေးမှု အမွေအနှစ် များကို မထိခိုက်သည့် သာသနိက အဆောက်အအုံများ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ပြုပြင်မွမ်းမံခြင်း၊ အသစ်တည်ဆောက် ခြင်း ပြုလုပ်လိုပါက ပုံစံ (၅) ဖြင့် လျှောက်ထားရမည်။ ခွင့်ပြုပါက ကြိုတင်ခွင့်ပြုချက်ကို ပုံစံ (၆) ဖြင့် ထုတ်ပေးရမည်။

(ဃ)  ယဉ်ကျေးမှုအမွေအနှစ်များတည်ရှိရာဒေသအတွင်းရှိ မြို့ပြနှင့်ကျေးရွာတွင် လမ်းများ တိုးချဲ့ခြင်း၊ ပြင်ဆင်ခြင်း၊ ဆိပ်ခံဘောတံတားများပြင်ဆင်ခြင်း ပြုလုပ်လိုပါက ပုံစံ (၇) ဖြင့် လျှောက်ထားရမည်။ ခွင့်ပြုပါကကြိုတင်ခွင့်ပြုချက်ကို ပုံစံ (၈) ဖြင့် ထုတ်ပေးရမည်။

(င)  ယဉ်ကျေးမှုအမွေအနှစ်များတည်ရှိရာဒေသအတွင်းရှိ မြို့ပြနှင့် ကျေးရွာတွင် ရေတွင်း၊ ရေကန်၊ ရေကူးကန်၊ ရေလှောင်ကန်၊ မွေးမြူရေးကန်၊ မွေးမြူရေးခြံများ၊ နှစ်ရှည်ပင် စိုက်ပျိုးခြင်းများ ဆောင်ရွက် ခြင်း၊ တိုးချဲ့ခြင်း၊ ပြုပြင်မွမ်းမံခြင်းများ ပြုလုပ်လိုပါက ပုံစံ (၉) ဖြင့် လျှောက်ထားရမည်။ ခွင့်ပြုပါက ကြိုတင်ခွင့်ပြုချက်ကို ပုံစံ (၁၀) ဖြင့် ထုတ်ပေး ရမည်။

(စ)  ယဉ်ကျေးမှုအမွေအနှစ်များတည်ရှိရာဒေသအတွင်းရှိ မြို့ပြနှင့်ကျေးရွာတွင် လက်မှု လုပ်ငန်းဆိုင်ရာ အလုပ်ရုံများအသစ်တည်ဆောက်ခြင်း၊ တိုးချဲ့ပြုပြင်ခြင်း ပြုလုပ်လိုပါက ပုံစံ (၁၁) ဖြင့် လျှောက်ထားရမည်။ ခွင့်ပြုပါက ကြိုတင်ခွင့်ပြုချက်ကို ပုံစံ (၁၂) ဖြင့် ထုတ်ပေးရမည်။

(ဆ)  ယဉ်ကျေးမှုအမွေအနှစ်များတည်ရှိရာဒေသအတွင်းရှိ မြို့ပြနှင့် ကျေးရွာတွင် စီးပွားရေး လုပ်ငန်းဆိုင်ရာစားသောက်ဆိုင်များ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်များ၊ ခရီးသွား လုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာများ တည်ဆောက်ခြင်း၊ တိုးချဲ့ပြုပြင်ခြင်း ပြုလုပ်လိုပါက ပုံစံ (၁၃) ဖြင့်လျှောက်ထားရမည်။ ခွင့်ပြုပါကကြိုတင်ခွင့်ပြုချက်ကို ပုံစံ (၁၄) ဖြင့် ထုတ်ပေးရမည်။

(ဇ)  ယဉ်ကျေးမှုအမွေအနှစ်များတည်ရှိရာဒေသအတွင်းရှိ မြို့ပြနှင့်ကျေးရွာတွင် ပြခန်း လုပ်ငန်းဆိုင်ရာ အဆောက်အအုံအသစ်ဆောက်လုပ်ခြင်း၊ တိုးချဲ့ပြုပြင်ခြင်းပြုလုပ်လိုပါက ပုံစံ (၁၅) ဖြင့် လျှောက်ထား ရမည်။   ခွင့်ပြုပါက ကြိုတင်ခွင့်ပြုချက်ကို ပုံစံ (၁၆) ဖြင့် ထုတ်ပေးရမည်။

(ဈ)  ယဉ်ကျေးမှုအမွေအနှစ်များတည်ရှိရာဒေသအတွင်းရှိ မြို့ပြနှင့်ကျေးရွာတွင် မူလရှိပြီး ဟိုတယ်၊ မိုတယ်၊ ဧည့်ဂေဟာ၊ တည်းခိုရိပ်သာ သို့မဟုတ် အသေးစား၊ အလတ်စား စက်မှုလုပ်ငန်း အဆောက် အအုံကို တိုးချဲ့ဆောက်လုပ်ခြင်း၊ အဟောင်းကိုဖျက်၍ အသစ်ဆောက်လုပ်ခြင်းတို့ကို ခွင့်ပြုမည်မဟုတ်ဘဲ ပြင်ဆင်ခြင်းကိုသာ ဆောင်ရွက် နိုင်သည်။ ထိုသို့ပြင်ဆင်ခြင်း ပြုလုပ်လိုပါကပုံစံ (၁၇) ဖြင့် လျှောက်ထား ရမည်။ ခွင့်ပြုပါက ကြိုတင်ခွင့်ပြုချက်ကို ပုံစံ (၁၈) ဖြင့် ထုတ်ပေးရမည်။

(ည)  ယဉ်ကျေးမှုအမွေအနှစ်များတည်ရှိရာဒေသအတွင်းရှိ မြို့ပြနှင့် ကျေးရွာတွင် ရဟတ်ယာဉ်၊ လူစီးမီးပုံးပျံများ၊ အခြားစက်တပ်၊ စက်မဲ့ယာဉ်ပျံသန်းခြင်းပြုလုပ်လိုပါက ပုံစံ (၁၉) ဖြင့် လျှောက်ထားရမည်။ ခွင့်ပြုပါက ကြိုတင်ခွင့်ပြုချက်ကို ပုံစံ (၂၀) ဖြင့် ထုတ်ပေးရမည်။

(ဋ)  ကြားခံဒေသတွင်လမ်းဖောက်လုပ်ခြင်း၊ ဆိပ်ခံဘောတံတား၊ ယာဉ်ရပ်နားစခန်း၊ ရထားလမ်း၊ ရထား ဘူတာရုံ၊ အားကစားရုံ၊ အားကစားကွင်းများ၊ အဆောက်အအုံနှင့် တံတားများ အသစ်တည်ဆောက်ခြင်း သို့မဟုတ် ယင်းတို့ကိုတိုးချဲ့ခြင်း ပြုလုပ်လိုပါက ပုံစံ (၂၁) ဖြင့် လျှောက်ထားရမည်။ ခွင့်ပြုပါက ကြိုတင် ခွင့်ပြုချက်ကို ပုံစံ (၂၂) ဖြင့် ထုတ်ပေးရမည်။

(ဌ)  ကြားခံဒေသတွင် ဆက်သွယ်ရေးတာဝါတိုင်များ၊ မြေအောက်လုပ်ငန်းများ၊ မြေအောက် ဓာတ်အားကြိုးများ၊ လျှပ်စစ်မဟာဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ၊ ဓာတ်တိုင်များ၊ ဓာတ်ငွေ့ပိုက်လိုင်းများ တည်ဆောက်စိုက်ထူခြင်း ပြုလုပ်လိုပါက ပုံစံ (၂၃) ဖြင့် လျှောက်ထားရမည်။ ခွင့်ပြုပါက ကြိုတင် ခွင့်ပြုချက်ကို ပုံစံ (၂၄) ဖြင့် ထုတ်ပေးရမည်။

(ဍ)  ကြားခံဒေသတွင် ရဟတ်ယာဉ်၊ လူစီးမီးပုံးပျံများ၊ မောင်းသူမဲ့လေယာဉ်ဖြတ်သန်း ပျံသန်းခြင်း လုပ်ငန်းဆောင်ရွက်ခြင်း ပြုလုပ်လိုပါက ပုံစံ (၂၅) ဖြင့် လျှောက်ထားရမည်။ ခွင့်ပြုပါကကြိုတင် ခွင့်ပြုချက်ကို ပုံစံ (၂၆) ဖြင့် ထုတ်ပေးရမည်။

(ဎ)  ကြားခံဒေသတွင် ဇာတ်ရုံကဲ့သို့သော ဖျော်ဖြေရေးဆိုင်ရာအဆောက်အအုံများ၊ တည်းခိုရေး အဆောက်အအုံများ၊ နားနေစခန်းများ၊ မြင်းစီးစခန်းပြိုင်ကွင်းများနှင့် အခြေခံ အဆောက်အအုံများတည်ဆောက်ခြင်း ပြုလုပ်လိုပါက ပုံစံ (၂၇) ဖြင့် လျှောက်ထားရမည်။ ခွင့်ပြုပါကကြိုတင်ခွင့်ပြုချက်ကို ပုံစံ (၂၈) ဖြင့်ထုတ်ပေးရမည်။

(ဏ) ယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် လယ်မြေ၊ ယာမြေများအပေါ်၌ သဘာဝပတ်ဝန်းကျင် နှင့် ပတ်ဝန်းကျင်မြင်ကွင်းကို ထိခိုက်စေသော နှစ်ရှည်ပင်များ စိုက်ပျိုးခြင်းပြုလုပ်လိုပါက ပုံစံ (၂၉) ဖြင့် လျှောက်ထားရမည်။ ခွင့်ပြုပါက ကြိုတင်ခွင့်ပြုချက်ကို ပုံစံ (၃၀) ဖြင့် ထုတ်ပေးရမည်။

(တ)  ယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် မူလမြေမျက်နှာသွင်ပြင်ကို ပျက်စီးစေနိုင်သည့် ရွှေကျင် ခြင်း၊ သဲထုတ်ခြင်း၊ ကျောက်ထုတ်ခြင်း၊ အုတ်ဖုတ်ခြင်း၊ အမှိုက်များစုပုံ စွန့်ပစ်ခြင်း၊ ရေဆိုးထုတ်ခြင်း၊ သဘာဝကုန်းကမူများ၊‌ တောင်ကုန်းများဖြိုဖျက်ခြင်း၊ မြေညှိခြင်း၊ မြေတူးခြင်း၊ ရေစီးရေလာပိတ်ဆို့ခြင်း၊ ကန်၊ ချောင်း၊ ဆည်မြောင်း၊ တာတမံ၊ လျှို၊ ချိုင့်များ မြေဖို့ခြင်းများ ပြုလုပ်လိုပါက ပုံစံ (၃၁) ဖြင့် လျှောက်ထားရမည်။ ခွင့်ပြုပါက ကြိုတင်ခွင့်ပြုချက်ကို ပုံစံ (၃၂) ဖြင့် ထုတ်ပေးရမည်။

(ထ)  ယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် လက်ရှိပေါက်ရောက်နေသည့် ဒေသမျိုးရင်း သဘာဝ သစ်ပင်များကို ခုတ်ထွင်ခြင်း၊ ခင်တန်းများကိုဖျက်ဆီးခြင်း၊ ဒေသမျိုးရင်း မဟုတ်သော မျိုးစိတ်များ၊ နှစ်ရှည်ပင်များ စိုက်ပျိုးခြင်းများ ပြုလုပ်လိုပါက ပုံစံ (၃၃) ဖြင့် လျှောက်ထားရမည်။ ခွင့်ပြုပါက ကြိုတင်ခွင့်ပြုချက်ကို ပုံစံ (၃၄) ဖြင့် ထုတ်ပေးရမည်။

(ဒ)  ယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် ဝင်းခြံတစ်ခုခုအတွင်း ကျရောက်နေသည့် ရှေးဟောင်း အဆောက်အအုံများ၊ နေရာများ၏ မြင်ကွင်းကို တမင်ဖုံးကွယ်ခြင်း၊ အလွယ်တကူ ဝင်ရောက်သွားလာ ကြည့်ရှုမရ အောင် ပိတ်ဆို့တားဆီးခြင်း၊ ခြံခတ် ကာရံခြင်းများ ပြုလုပ်လိုပါက ပုံစံ (၃၅) ဖြင့်လျှောက်ထားရမည်။ ခွင့်ပြုပါက ကြိုတင်ခွင့်ပြုချက်ကို ပုံစံ (၃၆) ဖြင့် ထုတ်ပေးရမည်။

၁၄။  ယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် ဥပဒေပုဒ်မ  ၂၄ ပုဒ်မခွဲ (က) တွင် ဖော်ပြထားသော လုပ်ငန်း တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ယဉ်ကျေးမှုအမွေအနှစ်များအပေါ် ထိခိုက်မှုမရှိကြောင်း ကြိုတင်ခွင့်ပြု ချက်ရရှိရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ထိန်းသိမ်းရေးကော်မတီ သို့မဟုတ် ဒေသဆိုင်ရာ ထိန်းသိမ်းရေးကော်မတီသို့ လျှောက်ထားရာတွင်ဖြစ်စေ၊ ကြိုတင်ခွင့်ပြုချက် ထုတ်ပေးရာတွင် ဖြစ်စေ အောက်ဖော်ပြပါ ပုံစံများကို အသုံးပြု၍ ဆောင်ရွက်ရမည်-

(က)  ယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် ရှေးဟောင်းအဆောက်အအုံ၏ မူလရှေးဟောင်း ပုံသဏ္ဌာန်ကို ဖြစ်စေ၊ မူလရှေးဟောင်းလက်ရာကိုဖြစ်စေ ပြောင်းလဲခြင်းမရှိစေဘဲ ပြုပြင် ထိန်းသိမ်းမှုလုပ်ငန်း ဆောင်ရွက်ခြင်း သို့မဟုတ် ယင်း၏ဝင်းခြံနယ်နိမိတ်ကို ပြင်ဆင်ခြင်း၊ တိုးချဲ့ခြင်း ပြုလုပ်လိုပါက ပုံစံ (၃၇) ဖြင့် လျှောက်ထားရမည်။ ခွင့်ပြုပါက ကြိုတင်ခွင့်ပြုချက်ကို ပုံစံ (၃၈) ဖြင့် ထုတ်ပေးရမည်။

(ခ)  ယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်မှုလုပ်ငန်း ဆောင်ရွက်ခြင်း ပြုလုပ်လိုပါက ပုံစံ (၃၉) ဖြင့် လျှောက်ထားရမည်။ ခွင့်ပြုပါက ကြိုတင် ခွင့်ပြုချက်ကို ပုံစံ (၄၀) ဖြင့် ထုတ်ပေးရမည်။

(ဂ)  ယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် ပြတိုက်များတည်ဆောက်ခြင်း၊ ဖွင့်လှစ်ခြင်း ပြုလုပ်လိုပါက ပုံစံ (၄၁) ဖြင့် လျှောက်ထားရမည်။ ခွင့်ပြုပါက ကြိုတင်ခွင့်ပြုချက်ကို ပုံစံ (၄၂) ဖြင့် ထုတ်ပေးရမည်။

(ဃ)  ယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် ယဉ်ကျေးမှုအမွေအနှစ်ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းရပ်များအတွက် မဖြစ်မနေလိုအပ်သော အဆောက်အအုံ၊ လူအများသုံး အခြေခံအဆောက်အအုံများ (လုံခြုံရေးရုံး၊ အများသုံးအိမ်သာ၊ စီမံခန့်ခွဲရေးရုံး၊ ပြန်ကြားရေးရုံး၊ လူအများနားနေခန်းများ) ဆောက်လုပ်ခြင်း ပြုလုပ်လိုပါက ပုံစံ (၄၃) ဖြင့်လျှောက်ထားရမည်။ ခွင့်ပြုပါက ကြိုတင်ခွင့်ပြုချက်ကို ပုံစံ (၄၄) ဖြင့် ထုတ်ပေးရမည်။

၁၅။  (က)  ဝန်ကြီးဌာနသည် ကြိုတင်ခွင့်ပြုချက်ရရှိရန် လျှောက်ထားချက်ကို စိစစ်နိုင်ရေးအတွက် ယဉ်ကျေးမှုအမွေအနှစ်ထိခိုက်နိုင်မှုဆန်းစစ်ချက် ဆောင်ရွက်ရန် ဦးစီးဌာနသို့ ညွှန်ကြားရမည်။

(ခ)  ဦးစီးဌာနသည် နည်းဥပဒေခွဲ (က) အရ ညွှန်ကြားချက်ကိုရရှိသည့်အခါ ဌာနတွင်း အဖွဲ့ဖွဲ့၍လည်းကောင်း၊ သက်ဆိုင်ရာဘာသာရပ်ကျွမ်းကျင်သည့်အဖွဲ့ကို တာဝန်ပေးအပ် ၍လည်းကောင်း ဆောင်ရွက်နိုင်သည်။

၁၆။  နည်းဥပဒေ ၁၅ (ခ) ပါ အဖွဲ့များသည် ယဉ်ကျေးမှုအမွေအနှစ်ထိခိုက်နိုင်မှုဆန်းစစ်ချက်ကို စိစစ်ရာ၌  ဥပဒေပုဒ်မ ၂၉ ပါ ပြဋ္ဌာန်းချက်များကို အခြေခံ၍ထည့်သွင်းစိစစ်ရမည်။

၁၇။  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ထိန်းသိမ်းရေးကော်မတီနှင့် ဒေသဆိုင်ရာထိန်းသိမ်းရေး ကော်မတီများသည် ဥပဒေပုဒ်မ ၄၈  ပုဒ်မခွဲ (ခ) အရ အမိန့်ချမှတ်နိုင်ရန် ကွင်းဆင်းစစ်ဆေးပြီး ဒဏ်ကြေးငွေကို စိစစ်သတ်မှတ်ပေးရမည်။

အခန်း( ၅ )
ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှု ရန်ပုံငွေထူထောင်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်း

၁၈။  ဝန်ကြီးဌာနသည်-

(က)  ဥပဒေပုဒ်မ ၄၃ ပါ ရငွေများဖြင့် ထူထောင်ထားသည့် ရန်ပုံငွေများကို ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲ ခြင်းပြုရန်အတွက် ရန်ပုံငွေထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးအဖွဲ့ကို အောက်ပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်-

(၁)

ဒုတိယဝန်ကြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန

ဥက္ကဋ္ဌ
(၂)

မန္တလေးတိုင်းဒေသကြီးထိန်းသိမ်းရေးကော်မတီမှ ကော်မတီဝင်တစ်ဦး

အဖွဲ့ဝင်

(၃)

ပဲခူးတိုင်းဒေသကြီးထိန်းသိမ်းရေးကော်မတီမှ ကော်မတီဝင်တစ်ဦး

အဖွဲ့ဝင်
(၄) 

မကွေးတိုင်းဒေသကြီးထိန်းသိမ်းရေးကော်မတီမှ ကော်မတီဝင်တစ်ဦး

အဖွဲ့ဝင်
(၅)

စစ်ကိုင်းတိုင်းဒေသကြီးထိန်းသိမ်းရေးကော်မတီမှ ကော်မတီဝင်တစ်ဦး

အဖွဲ့ဝင်
(၆)

ရခိုင်ပြည်နယ်ထိန်းသိမ်းရေးကော်မတီမှ ကော်မတီဝင်တစ်ဦး

အဖွဲ့ဝင်
(၇)

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် ဒေသဆိုင်ရာထိန်းသိမ်းရေး ကော်မတီမှ ကော်မတီဝင်တစ်ဦး

အဖွဲ့ဝင်
(၈)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ဒေသဆိုင်ရာထိန်းသိမ်းရေး ကော်မတီမှ ကော်မတီဝင်တစ်ဦး

အဖွဲ့ဝင်
(၉)

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ဒေသဆိုင်ရာထိန်းသိမ်းရေး ကော်မတီမှ ကော်မတီဝင်တစ်ဦး

အဖွဲ့ဝင်
(၁၀)

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ဒေသဆိုင်ရာထိန်းသိမ်းရေး ကော်မတီမှ ကော်မတီဝင်တစ်ဦး

အဖွဲ့ဝင်
(၁၁)

ကရင်ပြည်နယ်၊ ဘားအံခရိုင် ဒေသဆိုင်ရာထိန်းသိမ်းရေးကော်မတီမှ ကော်မတီဝင်တစ်ဦး

အဖွဲ့ဝင်
(၁၂)

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ဒေသဆိုင်ရာထိန်းသိမ်းရေးကော်မတီမှ ကော်မတီဝင်တစ်ဦး

အဖွဲ့ဝင်
(၁၃)

ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင် ဒေသဆိုင်ရာထိန်းသိမ်းရေးကော်မတီမှ ကော်မတီဝင်တစ်ဦး

အဖွဲ့ဝင်
(၁၄)

ညွှန်ကြားရေးမှူးချုပ် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန

အဖွဲ့ဝင်
(၁၅)

ညွှန်ကြားရေးမှူး ဌာနတွင်းစာရင်းစစ်နှင့် ဘဏ္ဍာရေးဌာနခွဲ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန

အတွင်းရေးမှူး
(၁၆)

ဒုတိယညွှန်ကြားရေးမှူး စီမံ/ ဘဏ္ဍာဌာနခွဲ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန

တွဲဖက်အတွင်းရေးမှူး

(ခ)  နည်းဥပဒေခွဲ(က)အရ ဖွဲ့စည်းသည့် အဖွဲ့ကို လိုအပ်ပါက ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

၁၉။  ရန်ပုံငွေကောက်ခံခြင်း၊ ထည့်ဝင်ခြင်းနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်းဆောင်ရွက်ရမည်-

(က)  ဝန်ကြီးဌာနသည် ဥပဒေပုဒ်မ ၄၃ တွင် ဖော်ပြထားသည့် ပြည်တွင်း၊ ပြည်ပအစိုးရ၊ အဖွဲ့အစည်းများနှင့် စေတနာရှင်များ၏ လှူဒါန်းငွေများ၊ ယဉ်ကျေးမှုအမွေအနှစ်ဒေသ များတွင် ကောက်ခံသည့် အခကြေးငွေနှင့် ဝင်ကြေးများအပေါ် ရာခိုင်နှုန်း အချိုးအစား သတ်မှတ်ချက်အရရရှိသည့် ငွေကြေးများ၊ ထိန်းသိမ်းရေး ကော်မတီများက ကောက်ခံ ရရှိသည့် ဒဏ်ကြေးငွေများနှင့် ရန်ပုံငွေမှရရှိသည့် တရားဝင် တိုးပွားငွေများကို ရန်ပုံငွေ ထိန်းသိမ်းရေးနှင့်စီမံခန့်ခွဲရေးအဖွဲ့၏ ငွေစာရင်းသို့ ပေးသွင်းရမည်။

(ခ)  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ထိန်းသိမ်းရေးကော်မတီနှင့် ဒေသဆိုင်ရာ ထိန်းသိမ်းရေးကော်မတီများသည် ဥပဒေပုဒ်မ ၄၇ ပုဒ်မခွဲ (ခ) တွင်ဖော်ပြထားသည့် ယဉ်ကျေးမှုအမွေအနှစ်ကို ထိခိုက်စေသည့် ဆောင်ရွက်မှုများ၊ ယဉ်ကျေးမှုအမွေ အနှစ်ထိန်းသိမ်းရေးအတွက် ဒဏ်ကြေးငွေ သတ်မှတ်ခြင်းနှင့် ကောက်ခံခြင်းမှ ရရှိသည့် ရန်ပုံငွေများကို ရန်ပုံငွေထိန်းသိမ်းရေးနှင့်စီမံခန့်ခွဲရေးအဖွဲ့၏ ငွေစာရင်းသို့ ပေးသွင်း ရမည်။

(ဂ)  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ထိန်းသိမ်းရေးကော်မတီနှင့် ဒေသဆိုင်ရာ ထိန်းသိမ်း ရေး ကော်မတီများသည် ဥပဒေပုဒ်မ ၄၇ ပုဒ်မခွဲ (က) တွင် ဖော်ပြထားသည့် ယဉ်ကျေးမှု အမွေအနှစ်ဒေသများတွင် အခကြေးငွေကောက်ခံခြင်းနှင့် ဝင်ကြေး သတ်မှတ်ကောက်ခံ ခြင်းတို့မှ ကောက်ခံရရှိသည့်ငွေများကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းရမည်။

၂၀။  ရန်ပုံငွေထိန်းသိမ်းရေးနှင့်စီမံခန့်ခွဲရေးအဖွဲ့သည် ရန်ပုံငွေမှ သင့်လျော်သည့် ထောက်ပံ့ငွေများကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ထိန်းသိမ်းရေးကော်မတီနှင့် ဒေသဆိုင်ရာ ထိန်းသိမ်းရေး ကော်မတီများသို့ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြန်လည်ခွဲဝေ ပေးရာ၌ အောက်ပါအခြေအနေများကို မူတည်၍ ဦးစားပေးအဆင့် သတ်မှတ်ပြီး ခွဲဝေပေးရမည် -

(က)  သဘာဝဘေးအန္တရာယ်ကြောင့် ရှေးဟောင်းယဉ်ကျေးမှုနေရာများ၊ ရှေးဟောင်းယဉ်ကျေး မှု အဆောက်အအုံများ လတ်တလောပြိုကျပျက်စီးမှုအခြေအနေ၊

(ခ)  သမိုင်းတွင် အရေးပါမှုအခြေအနေ၊

(ဂ)  ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ တန်ဖိုးမြင့်မားမှုအခြေအနေ၊

(ဃ)  ဗိသုကာနှင့်အနုလက်ရာ ပါဝင်မှုအခြေအနေ၊

(င)  တည်နေရာနှင့် ပတ်ဝန်းကျင်အခြေအနေ။

၂၁။  ရန်ပုံငွေထိန်းသိမ်းရေးနှင့်စီမံခန့်ခွဲရေးအဖွဲ့သည် -

(က)  ရန်ပုံငွေများကို ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်းတို့နှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးစည်းမျဉ်းကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ညှိနှိုင်းရေးဆွဲရမည်။

(ခ)  ရေးဆွဲထားသည့် ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်းနှင့် စီမံခန့်ခွဲခြင်းတို့ ပြုရမည်။

(ဂ)  ရန်ပုံငွေကို သတ်မှတ်ထားသောဘဏ်တွင် အဖွဲ့ဝင်သုံးဦးအမည်ဖြင့် အပ်နှံထားရှိရမည်။

(ဃ)  ရန်ပုံငွေတွင် နိုင်ငံခြားငွေပါရှိပါက သီးခြားဘဏ်စာရင်းဖွင့်လှစ်၍ ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်းနှင့် စီမံခန့်ခွဲခြင်းတို့ ပြုရမည်။

(င)  ရန်ပုံငွေစာရင်းများကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးမှုကို ခံယူရမည်။

(စ)  ရန်ပုံငွေထိန်းသိမ်းခြင်း၊ သုံးစွဲခြင်းတို့နှင့်စပ်လျဉ်း၍ နှစ်စဉ်အစီရင်ခံစာကို ဘဏ္ဍာရေး စည်းမျဉ်းများ နှင့်အညီ ဝန်ကြီးဌာနမှတစ်ဆင့် အစိုးရအဖွဲ့သို့ တင်ပြရမည်။

အခန်း(၆)
ဒေသအမျိုးအစားအလိုက် လိုက်နာရမည့်တားမြစ်ချက်များ ကြေညာခြင်းနှင့်စစ်ဆေးခြင်း

၂၂။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ထိန်းသိမ်းရေးကော်မတီ သို့မဟုတ် ဒေသဆိုင်ရာ ထိန်းသိမ်း ရေးကော်မတီသည် ယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ဒေသအမျိုးအစားအလိုက် သတ်မှတ် ထားသော တားမြစ်ချက်များကို သက်ဆိုင်ရာဒေသအတွင်းတွင်  ကြော်ငြာဆိုင်းဘုတ်များဖြင့် အသိပေးကြေညာထားရမည်။

၂၃။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ထိန်းသိမ်းရေးကော်မတီ သို့မဟုတ် ဒေသဆိုင်ရာ ထိန်းသိမ်းရေး ကော်မတီသည် ယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ဆောင်ရွက်နေသောကိစ္စရပ် များကို ဥပဒေနှင့် ညီညွတ်ခြင်း ရှိ မရှိ ပုံမှန်စစ်ဆေးခြင်းနှင့် ရှောင်တခင်စစ်ဆေးခြင်းများ ပြုလုပ် ရမည်။

အခန်း(၇)
အထွေထွေ

၂၄။  တရားရုံးသည် ဥပဒေပုဒ်မ ၄၁ ပုဒ်မခွဲ (က) အရ တည်ဆောက်ထားသည့် အဆောက်အအုံကို ဖျက်သိမ်းစေရာတွင် အောက်ဖော်ပြပါသတ်မှတ်ထားသည့်ကာလအတွင်း ဆောင်ရွက်စေရန် အမိန့်ချမှတ် ရမည်-

(က)  ကျပ်သိန်း ၁၀၀၀ အောက်တန်ဖိုးရှိသည့်အဆောက်အအုံဖြစ်ပါက သုံးလအတွင်း၊

(ခ)  ကျပ်သိန်း ၁၀၀၀ မှ ကျပ်သိန်း ၅၀၀၀ အောက် တန်ဖိုးရှိသည့် အဆောက်အအုံဖြစ်ပါက ကိုးလ အတွင်း၊

(ဂ)  ကျပ်သိန်း ၅၀၀၀ မှ ကျပ်သိန်း ၁၀၀၀၀ အောက် တန်ဖိုးရှိသည့်အဆောက်အအုံဖြစ်ပါက ၁၂ လ အတွင်း၊

(ဃ)  ကျပ်သိန်း ၁၀၀၀၀ မှ ကျပ်သိန်း ၅၀၀၀၀ အောက် တန်ဖိုးရှိသည့် အဆောက်အအုံ ဖြစ်ပါက ၁၈ လ အတွင်း၊

(င)  ကျပ်သိန်း ၅၀၀၀၀ နှင့် အထက် တန်ဖိုးရှိသည့်အဆောက်အအုံဖြစ်ပါက၂၄လ အတွင်း။

၂၅။  တရားရုံးသည် ဥပဒေပုဒ်မ ၄၁ ပုဒ်မခွဲ (ခ)  နှင့် (ဂ) တို့အရ တိုးချဲ့ထားသည့် အဆောက်အအုံ သို့မဟုတ် ဝင်းခြံနယ်နိမိတ်ကို မူလအတိုင်း ပြန်လည်ပြင်ဆင်စေခြင်းဆောင်ရွက်ရာတွင် လည်းကောင်း၊ ပုံသဏ္ဌာန်ပြောင်းလဲ ပြင်ဆင်ထားသည့် အဆောက်အအုံ သို့မဟုတ် မြေကို မူလပုံသဏ္ဌာန်အတိုင်း ပြန်လည်ပြင်ဆင်စေခြင်းဆောင်ရွက်ရာတွင်လည်းကောင်း အောက်ဖော်ပြ ပါ သတ်မှတ်ထားသည့်ကာလ အတွင်း ဆောင်ရွက်စေရန် အမိန့်ချမှတ်ရမည် -

(က)  ကျပ်သိန်း ၁၀၀၀ အောက်တန်ဖိုးရှိသည့်အဆောက်အအုံဖြစ်ပါက နှစ်လအတွင်း၊

(ခ)  ကျပ်သိန်း ၁၀၀၀ မှ ကျပ်သိန်း ၅၀၀၀ အောက် တန်ဖိုးရှိသည့် အဆောက်အအုံဖြစ်ပါက ခြောက်လအတွင်း၊

(ဂ)  ကျပ်သိန်း ၅၀၀၀ မှ ကျပ်သိန်း ၁၀၀၀၀ အောက် တန်ဖိုးရှိသည့်အဆောက်အအုံဖြစ်ပါက ၁၂ လအတွင်း၊

(ဃ)  ကျပ်သိန်း ၁၀၀၀၀ မှ ကျပ်သိန်း ၅၀၀၀၀ အောက် တန်ဖိုးရှိသည့် အဆောက်အအုံ ဖြစ်ပါက ၁၅ လ အတွင်း၊

(င)  ကျပ်သိန်း ၅၀၀၀၀ နှင့် အထက် တန်ဖိုးရှိသည့်အဆောက်အအုံဖြစ်ပါက ၁၈ လ အတွင်း။

၂၆။  နည်းဥပဒေ ၂၄ အရ ဖျက်သိမ်းခြင်း၊ နည်းဥပဒေ ၂၅ အရ ပြန်လည်ပြင်ဆင်စေခြင်း ဆောင်ရွက်ရာတွင် အဆောက်အအုံ၏တန်ဖိုးကို သတ်မှတ်ရာ၌  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ထိန်းသိမ်းရေးကော်မတီ သို့မဟုတ် ဒေသဆိုင်ရာထိန်းသိမ်းရေးကော်မတီတို့၏ ဆုံးဖြတ် ချက်အတိုင်း ဆောင်ရွက်ရမည်။

၂၇။  ကြိုတင်ခွင့်ပြုချက်ကာလအတွင်း လုပ်ငန်းပြီးစီးအောင် မဆောင်ရွက်နိုင်၍ သက်တမ်းတိုး လိုပါက ကြိုတင်ခွင့်ပြုချက်ကာလမကုန်ဆုံးမီ ရက် (၆၀) ကြိုတင်၍ သက်တမ်းတိုးခွင့်ပြန်လည် လျှောက်ထားရ မည်။

၂၈။  အမျိုးသားအဆင့်ကော်မတီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ထိန်းသိမ်းရေးကော်မတီနှင့် ဒေသ ဆိုင်ရာထိန်းသိမ်းရေးကော်မတီတို့၏ သက်တမ်းသည် အစိုးရအဖွဲ့သက်တမ်းအတိုင်း ဖြစ်သည်။

၂၉။  အမျိုးသားအဆင့်ကော်မတီ၏ ရုံးလုပ်ငန်းကို ဝန်ကြီးဌာနကလည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ထိန်းသိမ်းရေးကော်မတီနှင့် ဒေသဆိုင်ရာထိန်းသိမ်းရေးကော်မတီတို့၏  ရုံးလုပ်ငန်း တာဝန်များကို သက်ဆိုင်ရာဦးစီးဌာနခွဲကလည်းကောင်း တာဝန်ယူဆောင်ရွက်ပေး ရမည်။

၃၀။  သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက အမိန့်ကြော်ငြာစာအမှတ်၊  ၁/၂၀၁၁ ဖြင့် ထုတ်ပြန်ခဲ့ သော ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး နည်းဥပဒေများကို ဤနည်းဥပဒေများ ဖြင့် ရုပ်သိမ်းလိုက်သည်။


သူရဦးအောင်ကို

ပြည်ထောင်စုဝန်ကြီး

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန