Measures relating to the Prevention of Hazard from Chemical and Related Substances Rules


Domestic Regulations
sr. Rules measures mode remarks
၂၄

လိုင်စင်ရရှိသူသည်-

(က) လိုင်စင်တွင် ခွင့်ပြုထားသည့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းကိုသာ လုပ်ကိုင် ဆောင်ရွက်ရမည်။

(ခ) မှတ်ပုံတင်ထားသည့်ပစ္စည်း၏ လိုင်စင်ပါသက်တမ်းနှင့်အညီ လုပ်ကိုင်ဆောင်ရွက် ရမည်။

(ဂ) သတ်မှတ်ထားသော လိုင်စင်သက်တမ်းတိုးမြှင့်ခ ပေးဆောင်ရမည်။

(ဃ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ၏ အာနိသင်၊ အရည်အသွေး၊ စံချိန်စံညွှန်းတို့နှင့် စပ်လျဉ်းပြီး မမှန်မကန်ကြော်ငြာ၍ ရောင်းချခြင်းမပြုရ။

(င) လိုင်စင်ကို မိမိလုပ်ငန်းခွင်၌ အများမြင်သာသောနေရာတွင် ချိတ်ဆွဲထားရှိရမည်။

(စ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလုပ်ကိုင်သူများ၏ ဓာတုပစ္စည်းနှင့် ဆက်စပ် ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်မှုသင်တန်းနှင့် စနစ်တကျ အသုံးပြု ရေးသင်တန်းများ တက်ရောက်ပြီးသည့် အထောက်အထားများကို မြင်သာသော နေရာ တွင် ချိတ်ဆွဲထားရမည်။

(ဆ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ သိုလှောင်သည့်အဆောက်အဦနှင့် သက်ဆိုင်ရာ လုပ်ငန်းခွင်တွင် အန္တရာယ်ရှိသည့် အကြောင်းအရာများ ဖော်ပြထားသော စာတန်း သို့မဟုတ် ရုပ်ပုံအမှတ်အသားတံဆိပ်တို့ကို ထင်ရှားစွာ ချိတ်ဆွဲထားရမည်။

(ဇ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို ဗဟိုကြီးကြပ်ရေးအဖွဲ့က သတ်မှတ်ခွင့်ပြု ထားသောနေရာနှင့် အဆောက်အဦ အမျိုးအစားများတွင်သာ သိုလှောင်ထားရှိရမည်။

(ဈ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ သိုလှောင်သည့်လုပ်ငန်းခွင်နှင့် အဆောက်အဦများ တွင် အန္တရာယ်ကင်းရှင်းရေးအစီအမံများကို ဗဟိုကြီးကြပ်ရေးအဖွဲ့ ၏ သတ်မှတ်ချက်များ နှင့်အညီ ဆောင်ရွက်ထားရှိရမည်။

(ည) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို လုံခြုံစွာ ထည့်သွင်းထုပ်ပိုးထားရမည့် အပြင် ပစ္စည်းပေါ်တွင် အန္တရာယ်သတိပေး အမှတ်အသားကပ်ခြင်းကို သတ်မှတ်ချက် များနှင့် အညီ ဆောင်ရွက်ရမည်။

(ဋ) လုပ်ငန်းခွင်အတွင်းအသုံးပြုသော ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ၊ အသုံးအဆောင် ပစ္စည်းများနှင့် စက်ကိရိယာများကို အန္တရာယ်ကင်းရှင်းစေရန် ဆောင်ရွက်ထားရှိရမည်။

(ဌ) ထိတွေ့လုပ်ကိုင်နေသူများကို အန္တရာယ်ဖြစ်စေတတ်သော ဓာတုပစ္စည်းနှင့် ဆက်စပ် ပစ္စည်း၏ အမည်၊ ထိတွေ့နိုင်သည့် အများဆုံးပမာဏနှင့် အခြားလိုအပ်သည့် အချက် အလက်များကို အသိပေးညွှန်ကြားခြင်း နှင့် ထူးခြားသောအခြေအနေများ အတွက် လေ့ကျင့်မှုများပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ရမည်။

(ဍ) အလုပ်လုပ်ကိုင်နေသူများကို သက်ဆိုင်ရာဆရာဝန်က သတ်မှတ်ပေးသော အချိန်ဇယား အတိုင်း ပုံမှန်ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်စေပြီး ကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းများ ကို ထိန်းသိမ်းထားရှိရမည်။

(ဎ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများနှင့် ထိတွေ့မှုကြောင့် အလုပ်လုပ်ကိုင်နေသူ များ အန္တရာယ်ကျရောက်ခြင်း၊ ကျန်းမာရေးချို့ယွင်းခြင်းတို့ဖြစ်ပေါ်လာပါက သက်ဆိုင်ရာ ဆရာဝန်နှင့် ကျန်းမာရေးစစ်ဆေး ၍ အထူးကုသပေးမှုများ ပြုလုပ်ရမည်။

(ဏ) သက်ဆိုင်ရာဆရာဝန်အား ကျန်းမာရေးအခြေအနေနှင့်စပ်လျဉ်း၍ လုပ်ငန်းခွင် အတွင်း မည်သည့် နေရာနှင့် မည်သည့်မှတ်တမ်းများကိုမဆို စစ်ဆေးခွင့်ပြုရမည်။ ဆရာဝန်၏ တွေ့ရှိအကြံပြုချက်များအတိုင်း သင့်လျော်သော ကျန်းမာရေးစောင့်ရှောက် မှုများ ပြုလုပ်ပေးရမည်။

(တ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလုပ်ကိုင်ရာတွင် အလုပ် လုပ်ကိုင်နေသူများ၏ ကျန်းမာရေးနှင့်စပ်လျဉ်း၍ တည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက် များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။

(ထ) စစ်ဆေးရေးအဖွဲ့များကို ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းနှင့် သက်ဆိုင်သော မည်သည့်နေရာမဆို ဝင်ရောက်စစ်ဆေးခွင့်ပြုရမည့်အပြင် လိုအပ်သည် များကိုလည်း ကူညီဆောင်ရွက်ပေးရမည်။

(ဒ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ သိုလှောင်ထိန်းသိမ်းရာတွင် မီးသတ်ဦးစီး ဌာန၏ မီးဘေးလုံခြုံ ရေးဆိုင်ရာသတ်မှတ်ပြဋ္ဌာန်းချက်များကို တိကျစွာ လိုက်နာ ဆောင်ရွက် ရမည်။

(ဓ) ဗဟိုကြီးကြပ်ရေးအဖွဲ့မှ အခါအားလျော်စွာ ထုတ်ပြန်သောအမိန့်၊ အမိန့်ကြော်ငြာစာနှင့် ညွှန်ကြားချက်များကို လိုက်နာရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၆

မှတ်ပုံတင်လက်မှတ်လျှောက်ထားသူသည် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ သိုလှောင်ထားရှိနိုင်ရေးအတွက် အောက်ပါအချက်အလက်များကို ဗဟိုကြီးကြပ်ရေးအဖွဲ့ ထံသို့ ကြိုတင်၍ တင်ပြရမည်-

(က) သိုလှောင်ထားရှိမည့်နေရာ၊ ဒေသနှင့် လိပ်စာအပြည့်အစုံ၊

(ခ) သိုလှောင်ထားရှိမည့် အဆောက်အဦအမျိုးအစား(အမိုး၊ အကာ၊ အခင်း)၊

(ဂ) သိုလှောင်ထားရှိမည့် အဆောက်အဦ၏ အကျယ်အဝန်း (အလျား၊ အနံ၊ အမြင့်)၊

(ဃ) သိုလှောင်ထိန်းသိမ်းမည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ အမည်နှင့် နေရပ်လိပ်စာ အပြည့်အစုံ၊

(င) သိုလှောင်ထိန်းသိမ်းမည့်နေရာ၊ အဆောက်အဦနှင့်ပတ်သက်၍ မီးဘေးလုံခြုံရေး ဆိုင်ရာ သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးကြောင်း မီးသတ်ဦးစီးဌာန၏ စစ်ဆေးထောက်ခံချက်၊

(စ) အခြားတင်ပြရန်ရှိသည့် အချက်အလက်များ (ရှိလျှင်)။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၂၈

မှတ်ပုံတင်လက်မှတ်ရရှိသူသည် မိမိမှတ်ပုံတင်ထားသည့် စာရင်းတွင်မပါရှိသော သို့မဟုတ် အောက်ပါအကြောင်းတစ်ရပ်ရပ်ပေါ်ပေါက်သော ဓာတုပစ္စည်းနှင့် ဆက်စပ် ပစ္စည်းများကို အသုံးပြုရန်ရှိပါက ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ မှတ်ပုံတင်လက်မှတ် ထပ်မံလျှောက်ထားရမည်-

(က) မှတ်ပုံတင်ထားသည့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ၏ ကုန်အမှတ်တံဆိပ် သို့မဟုတ် အမျိုး အမည်ပြောင်းလဲခြင်း၊

(ခ) မှတ်ပုံတင်ထားသည့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ၏ ပါဝင်မှုပမာဏ ပြောင်းလဲခြင်း၊

(ဂ) မှတ်ပုံတင်ထားသည့် အရည်အသွေးအာမခံချက်နှင့် စံချိန်စံညွှန်းများ ပြောင်းလဲခြင်း၊

(ဃ) အမျိုးသားအဆင့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများစာရင်းတွင် မပါရှိသော ဓာတု ပစ္စည်းအမျိုး အစားသစ်များ အသုံးပြုခြင်း။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၅၅

ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို သယ်ယူပို့ဆောင်ခြင်းပြုလုပ်မည်ဆိုပါက ကုလသမဂ္ဂ၏ အန္တရာယ်ရှိ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေးဆိုင်ရာ အကြံပြုချက်များနှင့်အညီ နောက်ဆက်တွဲ (ခ) တွင် ဖော်ပြထားသော ဓာတုပစ္စည်းနှင့် ဆက်စပ် ပစ္စည်းများ၏ အန္တရာယ်အမျိုးအစားအလိုက် အမှတ်တံဆိပ်များကို သယ်ယူ ပို့ဆောင်သောယာဉ်နှင့် ကုန်သေတ္တာများတွင် အသုံးပြု ဖော်ပြရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၅၆

လိုင်စင်ရရှိသူသည် လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေသူများအတွက် ဓာတုပစ္စည်းနှင့် ဆက်စပ် ပစ္စည်းများအန္တရာယ်မှ အကာအကွယ်ပေးနိုင်သော အောက်ပါပစ္စည်း ကိရိယာများ ထားရှိရမည့်အပြင် စနစ်တကျ သုံးစွဲတတ်စေရန် သင်တန်းများ တက်ရောက်စေရမည်-

(က) ဓာတ်ငွေ့ကာအသက်ရှူကိရိယာ၊

(ခ) မီးဘေးလုံခြုံရေးဆိုင်ရာ ပစ္စည်းကိရိယာ၊

(ဂ) ဓာတ်ခွဲခန်းနှင့် လုပ်ငန်းခွင်သုံးဝတ်စုံများ၊

(ဃ) မျက်လုံးကာများ၊

(င) မျက်နှာဖုံးကာများ၊

(စ) လုံခြုံရေးဖိနပ်များ၊

(ဆ) လက်အိတ်များ၊

(ဇ) လုပ်ငန်းအခြေအနေအရ လိုအပ်သော အခြားအန္တရာယ်ကာကွယ်ရေးပစ္စည်းများ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၅၈

လိုင်စင်ရရှိသူသည် လုပ်ငန်းခွင်ရှိ အလုပ်လုပ်ကိုင်နေသူများ မတော်တဆဖြစ်ပွားမှုမှ ကာကွယ်ရန်နှင့် လျော့ပါးစေရန် အောက်ပါအတိုင်း စီမံထားရမည်-

(က) အလုပ်လုပ်ကိုင်မည့်သူများ အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးထိခိုက်မှုမှ ကာကွယ် ရေးတို့ အတွက် ထိရောက်သော ထိန်းချုပ်မှုပြု၍ လူဦးရေအနည်းဆုံးဖြင့် အလုပ်လုပ်ကိုင် ဆောင်ရွက်စေရန်၊ မဖြစ်မနေထိတွေ့ဆောင်ရွက်ရန် လိုအပ်သည့်အချိန် နှင့် ထိတွေ့ရမည့် အန္တရာယ်ရှိပစ္စည်းများ၏ အနည်းဆုံးပမာဏ ဖြစ်စေရန် တိကျစွာ သတ်မှတ်ဆောင်ရွက်ခြင်း၊

(ခ) လုပ်ငန်းခွင်တွင် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများသုံးစွဲရာ၌ အန္တရာယ် ကင်းရှင်းစေရေး နှင့်စပ်လျဉ်း၍ အလုပ်လုပ်ကိုင်သူများနှင့် အနီးကပ်ကြီးကြပ်ပူးပေါင်း ဆောင်ရွက်ခြင်း၊

(ဂ) မတော်တဆဖြစ်ပွားမှုနှင့် ထူးခြားသော အခြေအနေများတွင် ချက်ချင်းစီမံ ဆောင်ရွက်နိုင်ရန် လွယ်ကူလျင်မြန်ထိရောက်သော ဆက်သွယ်ရေးစနစ်များနှင့် အစီအမံများကို ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားခြင်း၊

(ဃ) အလုပ်လုပ်ကိုင်သူများ၏ ကိုယ်ခန္ဓာသန့်ရှင်းရေးအတွက် လိုအပ်သောဆပ်ပြာ၊ ဆပ်ပြာ ရည်၊ သန့်စင်ဆေးရည်၊ လေမှုတ်စက်စသည့် အထောက်အပံ့ပစ္စည်းများနှင့် ရှေးဦးသူနာပြု ဆေးသေတ္တာများ ထားရှိခြင်း၊

(င) အလုပ်လုပ်ကိုင်သူများကို ကိုယ်ခန္ဓာကာကွယ်ရေးကိရိယာနှင့် ဝတ်စုံများ လုံလောက်စွာ စီစဉ်ပေးပြီး ယင်းတို့ကို သုံးစွဲတတ်စေရန် လေ့ကျင့်မှုများ ပြုလုပ်၍ လုပ်ငန်းခွင်တွင် မှန်ကန်စွာ သုံးစွဲစေခြင်း၊

(စ) လုပ်ငန်းခွင်တွင် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများသုံးစွဲရာ၌ အန္တရာယ် ကင်းရှင်းရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များကို အလုပ်လုပ်ကိုင်သူများအား သင်ကြားလေ့ကျင့်ပေးရမည့်အပြင် အစဉ်အမြဲသတိပေးခြင်း၊

(ဆ) အန္တရာယ်ရှိပစ္စည်းများ၏ အန္တရာယ်သတိပေးအမှတ်အသားများကို ထင်ရှားသော နေရာများ၌ ချိတ်ဆွဲ ထားရှိခြင်း၊

(ဇ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို အန္တရာယ်ဖြစ်နိုင်သည့် အဆင့်အတိုင်း သီးခြား ခွဲခြားထားရှိခြင်း၊

(ဈ) အလုပ်လုပ်ကိုင်နေသူများ လွတ်လပ်စွာ လုပ်ကိုင်နိုင်ရေးအတွက် ဖြတ်သန်း သွားလာရာတွင် လုံလောက်သောအကျယ်အဝန်းနှင့် အန္တရာယ်ဖြစ်စေသော အရာဝတ္ထုများမှ ကင်းရှင်းသည့် လုပ်ငန်းခွင်ဖြစ်စေရန် စီမံထားရှိခြင်း၊

(ည) မီးဘေးလုံခြုံရေးအတွက် ကြိုတင်ကာကွယ်ရေးစနစ်၊ မီးငြိမ်းသတ်ရေးစနစ်နှင့် ပစ္စည်းကိရိယာများ လုံလောက်စွာထားရှိခြင်းနှင့် အရေးပေါ်ထွက်ပေါက်များ ထားရှိခြင်း။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၅၉

ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ သယ်ယူပို့ဆောင်သည့် အဖွဲ့အစည်းနှင့် လိုင်စင်ရရှိသူများ သည် အန္တရာယ်ကင်းရှင်းစေရန်-

(က) ကန့်သတ်ဓာတုပစ္စည်း သို့မဟုတ် ကန့်သတ်ဆက်စပ်ပစ္စည်း သယ်ယူပို့ဆောင် ရေးလုပ်ငန်းလုပ်ကိုင်ပါက ကုန်းလမ်းနှင့် ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင် ရေးလုပ်ငန်းများ ဥပဒေအရထုတ်ပေးသည့် သယ်ယူပို့ဆောင်ခွင့်လုပ်ငန်းလိုင်စင်ရှိရမည်။

(ခ) သက်ဆိုင်ရာခရိုင်ကြီးကြပ်ရေးအဖွဲ့က ထုတ်ပေးသော သယ်ယူပို့ဆောင်ခွင့် ထောက်ခံချက်ရရှိပြီးမှသာ ကန့်သတ်ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို သယ်ယူ ပို့ဆောင်ရမည်။ ယင်းသို့ သယ်ဆောင်သည့်အခါ သယ်ဆောင်ရာ လမ်းကြောင်း တစ်လျှောက်ရှိ ခရိုင်ကြီးကြပ်ရေးအဖွဲ့များသို့ ကြိုတင်အသိပေးတင်ပြရမည်။

(ဂ) ကန့်သတ်ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် သက်ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့၏ ညှိနှိုင်းကြီးကြပ်မှုဖြင့် ဆောင်ရွက်ရမည်။

(ဃ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် အန္တရာယ် ကင်းရှင်းစေရန် ထုပ်ပိုးမှုကို စနစ်တကျဆောင်ရွက်ထားရမည်။ ပစ္စည်းအမျိုးအစား ပေါ်မူတည်၍ သတ်မှတ်ထားသော ထုပ်ပိုးမှုစနစ်ဖြင့် ဆောင်ရွက်ရမည်။

(င) သာမန်အပူချိန်နှင့် ဖိအားတွင် အငွေ့အဖြစ်သာတည်ရှိသော ဓာတုပစ္စည်း သို့မဟုတ် ဆက်စပ်ပစ္စည်းကို ဖိအားမြှင့်တင်ပြီး အရည်အဖြစ်ပြောင်းလဲထားပါက သတ်မှတ်ဖိအားများ ခံနိုင်ရည်ရှိသော သိုလှောင်ကန် သို့မဟုတ် ဆလင်ဒါအိုးဖြင့် သယ်ဆောင်ရမည်။

(စ) ပြည်ပမှတင်သွင်းပါက သွင်းကုန်လိုင်စင် သို့မဟုတ် သွင်းကုန်ပါမစ်နှင့် သွင်းကုန် ကြေညာလွှာတို့ပါရှိရမည်ဖြစ်ပြီး ခွင့်ပြုချက်ပါ စည်းကမ်းများနှင့်အညီ ခွင့်ပြုထားသော နေရာနှင့် ပမာဏတို့ကိုသာ သယ်ယူပို့ ဆောင်ရမည်။

(ဆ) သယ်ယူပို့ဆောင်ရာ၌ မတော်တဆဖြစ်ပွားမှု လျော့နည်းစေရေးနှင့် ကင်းရှင်း စေရေး အတွက် ကြိုတင်ပြင်ဆင်ထားရမည်။

(ဇ) ဗဟိုကြီးကြပ်ရေးအဖွဲ့၏ ခွင့်ပြုချက်ရရှိပြီးမှသာ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို လိုင်စင်ပါနေရာဒေသတစ်ခုခုမှ အခြားနေရာဒေသတစ်ခုခုသို့ ပြောင်းလဲသယ်ယူ ပို့ဆောင်ရမည်။

(ဈ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ သယ်ယူပို့ဆောင်မည့်ယာဉ်များကို သတ်မှတ်ထားသော သယ်ယူပို့ဆောင်ရေးဆိုင်ရာနည်းလမ်း၊ စည်းမျဉ်းစည်းကမ်းများ နှင့်အညီ ဆောင်ရွက်ထားရှိရမည်။

(ည) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို ပြည်တွင်း သယ်ယူပို့ဆောင်ရာတွင် အများပြည်သူသုံးယာဉ်ဖြင့် သယ်ယူပို့ဆောင်ခြင်းမပြုရ။ လုပ်ငန်းလိုအပ်ချက်အရ ဓာတုပစ္စည်း နှင့် ဆက်စပ်ပစ္စည်းများကို ဘေးအန္တရာယ်ကင်းရှင်းစွာ သယ်ယူနိုင်သော သီးသန့်ယာဉ် များဖြင့်သာ သယ်ယူပို့ဆောင်ရမည်။

(ဋ) ကန့်သတ်ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ သယ်ယူပို့ဆောင်သည့် ယာဉ်ပေါ်တွင် လိုအပ်ပါကအရေးပေါ်သုံးစွဲနိုင်သည့် အသက်ကယ်အထောက်အကူ ပစ္စည်းများ၊ မီးသတ်ဆေးဘူးများ၊ ကိုယ်ခန္ဓာ ကာကွယ်ရေးကိရိယာနှင့် ဝတ်စုံများ ပါရှိရမည်။

(ဌ) လိုင်စင်ရသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်သည့် လိုင်စင်ရ ယာဉ်မောင်းသည် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ် ရေးသင်တန်းတက်ရောက်ပြီးသူဖြစ်ရမည်။

(ဍ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ထည့်ထားသောဘူး၊ ပုလင်းများနှင့် ယင်းတို့ကို ထည့်သွင်းထုပ်ပိုး ထားသောဘူး၊ ပုံးများပေါ်ရှိ အန္တရာယ်ကင်းရှင်းမှု အဆင့် မှတ်တမ်းလွှာ နှင့် အညွှန်းစာများသည် တူညီမှုရှိရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၆၀

လိုင်စင်ရရှိသူ သို့မဟုတ် သယ်ယူပို့ဆောင်သူသည် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ သယ်ယူပို့ဆောင်စဉ် ပတ်ဝန်းကျင်သို့ ညစ်ညမ်းစေသော သို့မဟုတ် သက်ရှိသတ္တဝါတို့၏ ကျန်းမာရေးကို အန္တရာယ်ဖြစ်စေသော မတော်တဆမှုများ မဖြစ်ပွားစေရေးအတွက် ညွှန်ကြား ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။ မတော်တဆမှုဖြစ်ပွားပါက ယင်းကိစ္စအတွက် တာဝန်ယူရမည့်အပြင် အောက်ပါတို့ကိုလည်း ဆောင်ရွက်ရမည်-

(က) ကိုယ်ခန္ဓာကာကွယ်ရေးကိရိယာနှင့်ဝတ်စုံများ ချက်ချင်းအသုံးပြုခြင်း၊

(ခ) ထူးခြားသောအခြေအနေကို စစ်ဆေးရေးအဖွဲ့သို့ ချက်ချင်းအစီရင်ခံခြင်း၊

(ဂ) မတော်တဆမှုဖြစ်ပွားသည့်နေရာကို အန္တရာယ်ကင်းရှင်းစေရန် အလျင်အမြန် သန့်ရှင်း ရေးလုပ်ပြီး စစ်ဆေးရေးအဖွဲ့သို့ အစီရင်ခံစာချက်ချင်းတင်ပြခြင်း။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၆၁

ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို သိုလှောင်သည့် အဖွဲ့အစည်းများနှင့် လိုင်စင်ရရှိသူများသည် အန္တရာယ်ကင်းရှင်းစေရန်အတွက် အောက်ပါအချက်များကို လိုက်နာရမည်-

(က) သိုလှောင်မည့် အဆောက်အဦသည် မီးသတ်ဦးစီးဌာန၏ သတ်မှတ်ပြဋ္ဌာန်းချက် များနှင့် အညီ မီးဘေးလုံခြုံရေးစနစ်များထည့်သွင်းတပ်ဆင်ခြင်း၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများထားသိုရေးအတွက် ကိုက်ညီစွာ ဆောက်လုပ်ထားသော အဆောက် အဦဖြစ်ခြင်း၊

(ခ) အန္တရာယ်အဆင့်လိုက် သတိပေးအမှတ်အသားကပ်ခြင်းနှင့် လုံခြုံရေးကိရိယာ များကို သိုလှောင်သောနေရာများတွင် ထားရှိခြင်း၊

(ဂ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများတင်သွင်းသူ၊ လက်ဝယ်ထားရှိသူများသည် အန္တရာယ် သတိပေး အမှတ်အသား ပြည့်စုံစွာထားရှိမှုနှင့် ထုပ်ပိုးမှုစနစ်များကို သေချာ စွာ စစ်ဆေးပြီးမှ သိုလှောင်ခြင်း၊

(ဃ) ထုတ်ပြန်ထားသော အမျိုးသားအဆင့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ စာရင်းတွင် ပါဝင်သော ပစ္စည်းများကိုသာ သိုလှောင်ခြင်း၊

(င) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို အန္တရာယ်အဆင့်အတန်းအလိုက် ထားသိုခြင်း၊

(စ) နီးကပ်စွာထားရှိပါက ဓာတ်ပြုပြီးအန္တရာယ်ရှိနိုင်သော ဓာတုပစ္စည်းနှင့်ဆက်စပ် ပစ္စည်းများကို သီးခြား စီခွဲခြားထားရှိခြင်း၊

(ဆ) သိုလှောင်ထိန်းသိမ်းမည့်နေရာသည် အေး၍ခြောက်သွေ့ပြီး လေဝင်လေထွက် ကောင်းမွန်စေခြင်းနှင့် နေရောင်ခြည်တိုက်ရိုက်ထိတွေ့မှုမရှိစေခြင်း၊

(ဇ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို အပူစွမ်းအင်ထွက်သည့် နေရာအနီး အနားတွင် ထားသိုမှု မပြုခြင်း၊

(ဈ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများထားရှိသော နေရာအနီးအနားတွင် အစား အစာထားသိုမှုနှင့် စားသောက်မှုမပြုခြင်း၊

(ည) ဖိအားပြကိရိယာပါရှိသော ဓာတ်ငွေ့ဆလင်ဒါအိုးများကိုသာ အသုံးပြုခြင်းနှင့် အလွယ်တကူလဲပြိုနိုင်သည့် နေရာတွင် ထားသိုမှုမပြုခြင်း၊

(ဋ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို ထည့်သွင်းထားသည့် ဘူး၊ ပုလင်းနှင့် ထားသိုသည့်စင်များသည် တောင့်တင်းခိုင်ခန့်ပြီး လောင်စားခြင်းခံနိုင်အောင် ပြုလုပ် ထားရှိခြင်း၊

(ဌ) လောင်စားတတ်သော ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို ထားသိုထိန်းသိမ်း ရာတွင် ကြမ်းပြင်နှင့် အနီးဆုံးအဆင့်၌ ထားရှိခြင်း၊

(ဍ) မီးဘေးလုံခြုံရေးအတွက် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းအမျိုးအစား များအလိုက် လိုအပ်သော မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများနှင့် မီးငြိမ်းသတ်ရေး ပစ္စည်းများကို ဝင်ပေါက်ထွက်ပေါက်လမ်းများနှင့် အနီးဆုံးနေရာတွင် အလွယ်တကူ အသုံးပြုနိုင်ရန် လုံလောက်စွာ ထားရှိခြင်း၊

(ဎ) သိုလှောင်ထိန်းသိမ်းသည့် အဆောက်အဦ သို့မဟုတ် အခန်းကို ကျွမ်းကျင်သူ သို့မဟုတ် သင်တန်း တက်ပြီးသူများက အနီးကပ်ကြီးကြပ်ခြင်း၊

(ဏ) သိုလှောင်ထိန်းသိမ်းသည့် အဆောက်အဦ သို့မဟုတ် အခန်းအတွင်းသို့ တာဝန်ရှိသော ပုဂ္ဂိုလ်များသာ ဝင်ရောက်စေခြင်း၊

(တ) ဓာတ်ငွေ့ကို အသုံးပြုနည်းနှင့် ဓာတ်ငွေ့ကြောင့်ဖြစ်ပေါ်နိုင်သော ဘေးအန္တရာယ် များအကြောင်း သိရှိနားလည်ထားပြီးသူများကသာ ယင်းဓာတ်ငွေ့ကို စီးပွားဖြစ် သိုလှောင်ခြင်း၊

(ထ) ဓာတ်ငွေ့ဆလင်ဒါအိုးများကို သိုလှောင်ထားရာတွင် ဓာတ်ငွေ့အမျိုးအစား အလိုက်လည်းကောင်း၊ ဓာတ်ငွေ့အလွတ်ဆလင်ဒါအိုးများနှင့် ဓာတ်ငွေ့အပြည့် ဆလင်ဒါအိုးများကိုလည်းကောင်း သီးခြားခွဲခြား ထားရှိခြင်း၊

(ဒ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ သိုလှောင်ရာတွင် တည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၀ ၆၂

ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အသုံးပြုသူသည် အန္တရာယ်ကင်းရှင်းစေရန်-

(က) မှတ်ပုံတင်ထားပြီးသော ကန့်သတ် သို့မဟုတ် သာမန်ဓာတုပစ္စည်းနှင့် ဆက်စပ် ပစ္စည်းများကိုသာ အသုံးပြုရမည်။

(ခ) မှတ်ပုံတင်ထားခြင်းမရှိသော၊ အမှတ်တံဆိပ်မပါရှိသော၊ အမျိုးအမည်မသိရှိသော၊ ပျက်စီးနေသော သို့မဟုတ် သက်တမ်းလွန်နေသော ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ကို အသုံးမပြုရ။

(ဂ) ကိုင်တွယ်အသုံးပြုရာတွင် သင့်လျော်သည့် ကိုယ်ခန္ဓာကာကွယ်ရေးကိရိယာနှင့် ဝတ်စုံများကို ဝတ်ဆင်ရမည်။

(ဃ) အန္တရာယ်မဖြစ်ပွားစေရေးနှင့် ဖြစ်ပွားပါက အန္တရာယ်လျော့ပါးစေရေးတို့အတွက် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရမည်။

(င) အန္တရာယ်ဖြစ်စေတတ်သော ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို သတ်မှတ်ထားသော ပမာဏထက် ကျော်လွန်အသုံးမပြုရ။

(စ) စစ်ဆေးရေးအဖွဲ့က ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ၏ အရည်အသွေးကို စစ်ဆေးနိုင်ရန်အတွက် ပုံစံ (၁၀)ဖြင့် နမူနာရယူရာတွင် သတ်မှတ်ထားသော ပမာဏကို အခမဲ့ ရယူခွင့်ပြုရမည်။

(ဆ) အန္တရာယ်ကာကွယ်ရေးအတွက် ကြိုတင်လေ့ကျင့်မှုတွင် ပါဝင်ဆောင်ရွက်ရမည်။

(ဇ) လုပ်ငန်းခွင်ကို အလင်းရောင်နှင့် လေဝင်လေထွက်လုံလောက်စွာ ရရှိစေရန် ဆောင်ရွက်ထားရမည်။

(ဈ) ထူးခြားသောအခြေအနေဖြစ်ပေါ်လာပါက အသုံးပြုနိုင်ရန် အရေးပေါ် ထွက်ပေါက်၊ ဆက်သွယ်ရန် တယ်လီဖုန်းတို့ကို လုပ်ငန်းခွင်တွင် ထားရှိရမည်။

(ည) လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေသူများကို ဓာတုပစ္စည်းများ သုံးစွဲခြင်းဖြင့် ရရှိလာမည့် ဆိုးကျိုး နှင့် ကျန်းမာရေးထိခိုက်နိုင်မှုတို့ကို ကြိုတင်အသိပေးထားရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၁ ၆၃

ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလုပ်ကိုင်သည့် လိုင်စင်ရရှိသူများ၊ အဖွဲ့အစည်းများနှင့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းသုံးစွဲသူများသည် စွန့်ပစ် ပစ္စည်းများကို စွန့်ပစ်ရာတွင် အန္တရာယ်ကင်းရှင်းစေရေးအတွက် အောက်ပါအချက်များကို လိုက်နာရမည်-

(က) စွန့်ပစ်ခြင်းကို ဤနည်းဥပဒေများ၊ စည်ပင်သာယာရေးကော်မတီများမှ ပြဋ္ဌာန်းထားသော ရေပေးဝေရေးနှင့်အညစ်အကြေး သန့်ရှင်းရေးဆိုင်ရာ နည်းဥပဒေများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ခြင်း၊

(ခ) စွန့်ပစ်ပစ္စည်းများနှင့် ရေဆိုးရေညစ်များကို သင့်လျော်သော သန့်စင်မှု ပြုလုပ်ပြီးမှသာ စွန့်ပစ်ခြင်း၊

(ဂ) စွန့်ပစ်ပစ္စည်းများကြောင့် သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းမှုမရှိစေရေးနှင့် အိုဇုန်းလွှာ ပျက်စီးခြင်းမှ ကာကွယ်ရန် နည်းလမ်းများနှင့်အညီ ဆောင်ရွက်ခြင်း၊

(ဃ) ဓာတုပစ္စည်းများကို အသုံးပြုခြင်းမှ ထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများ၏ စွန့်ပစ်သည့် ပမာဏအားလျှော့ချခြင်း၊ ပြန်လည်အသုံးပြုခြင်းနှင့် စွမ်းအင်လောင်စာအဖြစ် အသုံးပြုခြင်း။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၂ ၆၄

လိုင်စင်ရရှိသူသည်-

(က) အန္တရာယ်ကင်းရှင်းရေးအတွက် စွန့်ပစ်ပစ္စည်း သန့်စင်သည့်စနစ်များကို ပုံမှန် စစ်ဆေးခြင်း၊ ရှောင်တခင်စစ်ဆေးခြင်း၊ သတင်းအရစစ်ဆေးခြင်းတို့ကို ခံယူရမည့်အပြင် ယင်းတို့နှင့်သက်ဆိုင်သည့် မှတ်တမ်းများကို ထိန်းသိမ်းထားရှိရမည်။

(ခ) စွန့်ပစ်ပစ္စည်းများ စွန့်ပစ်ခြင်းနှင့်စပ်လျဉ်း၍ လိုက်နာခြင်းမရှိသည့်အတွက် အန္တရာယ်ဖြစ်ပွားပါက ယင်းဖြစ်ပွားမှုများကို တာဝန်ယူရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၃ ၆၅

ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အသုံးပြုသည့် ဓာတ်ခွဲခန်းများသည် အောက်ပါ အချက်များ ကို လိုက်နာရမည်-

(က) ကိုယ်ခန္ဓာကာကွယ်ရေးကိရိယာနှင့် ဝတ်စုံများကို အသုံးပြုဆောင်ရွက်ရမည်။

(ခ) ဓာတ်ခွဲခန်း၌ ဦးစီးဆောင်ရွက်ရန် တာဝန်ရှိသူ၏ ခွင့်ပြုချက်မပါဘဲ ဓာတ်ခွဲခန်း တွင် အန္တရာယ်ရှိ ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ စမ်းသပ်ခြင်းကို တစ်ဦးတည်း ဆောင်ရွက် ခြင်းမပြုရ။

(ဂ) ဓာတ်ခွဲစမ်းသပ်ခန်းသည် လေဝင်လေထွက် ကောင်းမွန်ရမည့်အပြင် ယင်းအခန်း တွင် အငွေ့စုပ်စက် (Fume Hood)၊ လေစုပ်ပန်ကာ (Exhaust Fan) တို့ကို တပ်ဆင် ထားရမည်။

(ဃ) အရေးပေါ် အသုံးပြုရန် ရေပန်း၊ မျက်လုံးဆေးရည်၊ ရှေးဦးသူနာပြုဆေးသေတ္တာ၊ မီးသတ်ဆေးဘူး၊ မီးဘေးလုံခြုံရေးစနစ်များနှင့် တယ်လီဖုန်းစသည့် အထောက်အကူပြု ပစ္စည်းများ ထားရှိရမည်။

(င) မီးလောင်မှုမဖြစ်စေရန် ကြိုတင်ကာကွယ်သည့် အစီအမံများ ဆောင်ရွက်ထားရမည်။

(စ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ၏ ဂုဏ်သတ္တိများအလိုက် ယင်းတို့ကို အုပ်စုများ ခွဲခြားထားရှိရမည်။

(ဆ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများထည့်ထားသော ဘူး၊ ပုလင်း၊ ပလတ်စတစ် အိတ်အစရှိသည့် ထုပ်ပိုးခွံပစ္စည်းများကို ယိုစိမ့်မှု ရှိ၊ မရှိ သေချာစွာစစ်ဆေးပြီးမှသာ သိမ်းဆည်းရမည်။

(ဇ) ဓာတ်ခွဲခန်းတွင် အသုံးပြုနေသည့် ဓာတုပစ္စည်း သို့မဟုတ် ဆက်စပ်ပစ္စည်းထည့် ထားသော ဘူး၊ ပုလင်း၊ ပလတ်စတစ်အိတ်များပေါ်တွင် ပစ္စည်း၏ အမည် သို့မဟုတ် တည်ဆောက်ပုံဆိုင်ရာ ဖော်မြူလာကို ကပ်ထားရမည်။

(ဈ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများနှင့်စပ်လျဉ်း၍ လက်ခံရရှိသည့်ရက်စွဲ၊ စတင်သုံးစွဲသည့်ရက်စွဲ၊ သက်တမ်းလွန်သောရက်စွဲတို့ကို သေချာစွာ စာရင်းရေးသွင်း ထားရမည်။

(ည) အန္တရာယ်ဖြစ်စေသည့် စွန့်ပစ်ပစ္စည်းများထည့်သွင်းထားရှိသော ဘူး၊ ပုလင်းများ ကို “အန္တရာယ်ရှိ စွန့်ပစ်ပစ္စည်း”ဆိုသည့် စာတန်းကို ကပ်ထားပြီး သီးခြားခွဲထားရမည်။

(ဋ) အမျိုးအမည်ပျက်နေသော သို့မဟုတ် သက်တမ်းလွန်နေသော ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို ဆက်လက်သိုလှောင်ထားခြင်းမပြုဘဲ သက်ဆိုင်ရာ တာဝန်ရှိသူထံ အကြောင်းကြားပြီး စနစ်တကျ ဖျက်ဆီးခြင်း သို့မဟုတ် မဖျက်ဆီးဘဲ စနစ်တကျ စုပုံထားခြင်းပြုရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၄ ၆၆

ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို အသုံးပြုခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ စွန့်ပစ်ခြင်းတွင် ဤနည်းဥပဒေများပါ ပြဋ္ဌာန်းချက်များကို လိုက်နာရမည့်အပြင် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများနှင့်သက်ဆိုင်သည့် မြန်မာနိုင်ငံက အတည်ပြု လက်ခံထားသော အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များကိုလည်း လိုက်နာဆောင်ရွက်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၅ ၆၇

အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်အရ တားမြစ်ပိတ်ပင်ထားသော ဓာတုပစ္စည်းနှင့် ဆက်စပ် ပစ္စည်းများနှင့် ယင်းတို့ကို ထည့်သွင်းအသုံးပြုသော စက်ကိရိယာများကို သုံးစွဲခြင်းမပြုရ။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၆ ၆၈

ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့ တင်သွင်းခြင်းနှင့် နိုင်ငံတွင်းမှတစ်ဆင့် ဖြတ်သန်းကုန်သွယ်ခြင်းများပြုလုပ်ပါက အပြည်ပြည်ဆိုင်ရာ သဘော တူညီချက်နှင့်အညီ လိုက်နာဆောင်ရွက်ရမည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း
၁၇ ၆၉

သုတေသနဌာနများ၊ တက္ကသိုလ်များသည် သုတေသနလုပ်ငန်းများနှင့် သင်ကြား ရေးအတွက် လိုအပ်သောတားမြစ်ဓာတုပစ္စည်းများနှင့် ကန့်သတ်ဓာတုပစ္စည်းများအား ခွင့်ပြုသတ်မှတ်ထား သည့် ပမာဏသာလျှင် တရားဝင်ကိုင်ဆောင်သုံးစွဲခွင့်ရှိသည်။

နည်းလမ်း ၃ ပြည်တွင်းစည်းမျဉ်း စည်းကမ်း