ဝင်ငွေခွန်နည်းဥပဒေများ

DOWNLOAD

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန
ဝန်ကြီးရုံး
(ဝင်ငွေခွန်နည်းဥပဒေများ)
အမိန့်ကြော်ငြာစာအမှတ်၊ ၁၀၂/ ၂၀၁၂

နေပြည်တော်၊ ၁၃၇၃ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက်
(၂၀၁၂ ခုနှစ်၊ မတ်လ ၁၅ ရက်)
[ ပြင်ဆင် : 21.01.2015 ]

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသည် ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၅၁၊ ပုဒ်မခွဲ (က) အရအပ်နှင်းသည့် လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အောက်ပါနည်း ဥပဒေများကို ထုတ်ပြန်လိုက်သည်။

အခန်း ၁
အမည်၊ အကျိုးသက်ရောက်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ (က) ဤနည်းဥပဒေများကို ဝင်ငွေခွန်နည်းဥပဒေများ ဟုခေါ်တွင်စေရမည်။

(ခ) ဤနည်းဥပဒေများသည် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှစ၍ အကျိုးသက်ရောက်စေရမည်။

၂။ ဤနည်းဥပဒေများတွင်ပါရှိသော စကားရပ်များသည် ဝင်ငွေခွန်ဥပဒေတွင်ပါရှိသည့်အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည့်အပြင် “ဥပဒေ” ဆိုသည့်စကားရပ်သည် “ဝင်ငွေခွန် ဥပဒေ” ဟု အဓိပ္ပာယ်သက်ရောက်စေရမည်။

အခန်း ၂
အိမ်ထောင်ဖက်နှင့် သားသမီးအတွက် သက်သာခွင့်

၃။ (က) ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲငယ် (၂) (ခခ) ပါအိမ်ထောင်ဖက်ဆိုရာတွင် ဝင်ငွေနှစ်အတွင်း မည်သည့်အချိန်၌မဆို မိမိနှင့်အတူနေသည့် သို့မဟုတ် မိမိကစရိတ် ထောက်ပံ့ထားရသည့် အိမ်ထောင် ဖက်တစ်ဦးတည်းကို ဆိုလိုခြင်းဖြစ်သည်။ သို့ရာတွင် ယင်းအိမ်ထောင်ဖက်သည် မိမိကိုယ်တိုင် ထိုဝင်ငွေနှစ်အတွင်း ဝင်ငွေခွန်ထိုက်သင့်သည့် ဝင်ငွေမရရှိသူဖြစ်ရမည်။

(ခ) ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲငယ် (၂) (ခခ) ပါသားသမီးဆိုရာတွင် ဝင်ငွေနှစ်အတွင်း မည်သည့်အချိန်၌မဆို မိမိကထောက်ပံ့ထားရသည့် အောက်ပါအချက်အလက်များ အားလုံးနှင့် ညီညွတ် သောသားသမီးအရင်း၊ လင်ပါ၊ မယားပါသား သမီးနှင့် ဥပဒေ တစ်ခုခုနှင့်အညီ မွေးစားသည့် သားသမီး တို့ကို ဆိုခြင်းဖြစ်သည်-

(၁) အိမ်ထောင်မရှိခြင်း၊

(၂) ဝင်ငွေခွန်ထိုက်သင့်သည့် ဝင်ငွေမရရှိခြင်း၊

(၃) အသက် ၁၈ နှစ်မပြည့်သေးခြင်း သို့မဟုတ် အသက် ၁၈ နှစ်ပြည့်ပြီးသော်လည်း ပညာသင်ကြား လျက်ရှိခြင်း။

ရှင်းလင်းချက်။ ။ ပညာသင်ကြားလျက်ရှိခြင်းဆိုရာတွင် စာသင်ကျောင်း၊ တက္ကသိုလ်၊ ကောလိပ် သို့မဟုတ် အခြားပညာသင်ကြားရေးဌာနတစ်ခုခုတွင် အချိန်ပြည့်ပညာသင်ကြားလျက်ရှိခြင်း သို့မဟုတ် အသက်မွေးဝမ်းကျောင်းပညာ လုပ်ငန်းတွင် အရည်အချင်း ပြည့်စုံရေးအတွက် အလုပ်သင်စည်းကမ်း အရ အလုပ်သင်လျက်ရှိခြင်း တို့ပါဝင်သည်။

(ဂ) ဥပဒေပုဒ်မ ၆ ပါသက်သာခွင့်များခွင့်ပြုရာတွင် ဝင်ငွေရလမ်းတစ်ခုထက်ပိုမိုရှိလျှင် ဝင်ငွေခွန်နှုန်း အနည်းဆုံးဖြစ်သည့် ဝင်ငွေမှစတင်၍ ဝင်ငွေခွန်နှုန်းများရာသို့ အဆင့်ဆင့် ခုနှိမ်ပေးရမည်။

(ဃ) ဥပဒေပုဒ်မ ၆ ပါ သားသမီးအတွက် သက်သာခွင့်များ ခွင့်ပြုခြင်းနှင့် စပ်လျဉ်း၍ အခွန်ထမ်း၏ အိမ်ထောင်ဖက်သည် ထိုဝင်ငွေနှစ်အတွင်း ဝင်ငွေခွန်ထိုက်သင့်သည့် ဝင်ငွေတစ်ရပ်ရပ်ရရှိသူ ဖြစ်ပါက အခွန်ထမ်း သို့မဟုတ် ယင်း၏ အိမ်ထောင်ဖက် တစ်ဖက်တည်းတွင်သာ နုတ်ပယ်ရမည်။

<ပြင်ဆင် 21.01.2015>

အခန်း ၃
စုဆောင်းငွေအတွက် ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များ

၄။ ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲငယ် (၂) (ဃဃ) ပါ ငွေစုဆောင်းခြင်းအတွက် ထည့်ဝင်ငွေ ဆိုသည်မှာ လူမှုဖူလုံရေး ဥပဒေအရ မှတ်ပုံမတင်မနေရ မှတ်ပုံတင်ပြီး လူမှုဖူလုံရေး ရန်ပုံငွေသို့ အခွန် ထမ်းမှ ပေးသွင်းသည့် ထည့်ဝင်ကြေးငွေ အားလုံး ဖြစ်သည်။

<ပြင်ဆင် 21.01.2015>

အခန်း ၄
အခြေပစ္စည်းမှ မြတ်စွန်းငွေတွက်ချက်စည်းကြပ်ခြင်း

၅။ (က) မည်သူမဆို အခြေပစ္စည်းတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ရောင်းချခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်းပြုလုပ်သည့် နှစ်တစ်နှစ်အတွင်း အခြေပစ္စည်း၏ တန်ဖိုးစုစုပေါင်းသည် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ သတ်မှတ်သည့် ဝင်ငွေခွန် မစည်းကြပ်ထိုက်သော တန်ဖိုးထက် ပိုမိုသည့်အပြင် မြတ်စွန်းငွေလည်းရှိပါက ဝင်ငွေကြေညာလွှာကို မြို့နယ်အခွန်ဦးစီးဌာနမှူးထံ သက်ဆိုင် ရာ အခြေပစ္စည်းရောင်းချခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်းပြုသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ပေးပို့ရမည်။

ရှင်းလင်းချက်။ ။ အခြေပစ္စည်းရောင်းချခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် အခြား တစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်းပြုသည့်နေ့ဆိုသည်မှာ ယင်းပစ္စည်းကို ရောင်းချခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်းပြုသော စာချုပ်ချုပ် ဆိုသည့်နေ့နှင့် ယင်းပစ္စည်းကို လက်ရောက် လွှဲပြောင်းပေးသည့် နေ့တို့အနက် စောရာ နေ့ကို ဆိုသည်။

(ခ) မြို့နယ်အခွန်ဦးစီးဌာနမှူးသည် မည်သူ့အားမဆို အခြေပစ္စည်းမှ မြတ်စွန်းငွေနှင့် စပ်လျဉ်း၍ အခွန် ပေးဆောင်ထိုက်သည်ဟု ယူဆလျှင် ယင်းမြတ်စွန်းငွေအတွက် ဝင်ငွေ ကြေညာလွှာ ပေးပို့ရန်အကြောင်း ကြားနိုင်သည်။

(ဂ) အခြေပစ္စည်းမှ မြတ်စွန်းငွေရရှိသူအား သက်ဆိုင်ရာဝင်ငွေနှစ်အတွင်း အခွန်စည်းကြပ် ရမည်။ ထိုသို့ စည်းကြပ်ရာတွင် ယင်းဝင်ငွေနှစ်အတွင်း တည်ဆဲအခွန်နှုန်းများဖြင့် အခွန် တွက်ချက်တောင်းခံရမည်။ အခြေပစ္စည်းမှမြတ်စွန်းငွေကို သတ်မှတ်ရာတွင် သက်ဆိုင်ရာ အခြေပစ္စည်းကို ရောင်းချခြင်း၊ လဲလှယ် ခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်း ပြုသည့်တန်ဖိုးအပြည့်မှ အောက်ပါတို့ကိုနုတ် ပယ်ပေးရမည်-

(၁) အခွန်ထမ်းက အခြေပစ္စည်းအတွက် အမှန်ကုန်ကျခဲ့သည့် မူလတန်ဖိုးနှင့် ယင်းပစ္စည်းအားဖြည့်စွက်ခြင်းအတွက်ကုန်ကျသည့် မတည်စရိတ်များကို ပေါင်းပြီးထိုတန်ဖိုးစုစုပေါင်းမှ ယင်းပစ္စည်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ အခွန်ထမ်းအား ဥပဒေအရ ခွင့်ပြုထားပြီးဖြစ်သော စုစုပေါင်းတန်ဖိုးလျော့ ငွေကိုနုတ်ပယ်၍ ကျန်ရှိသော အသားတင်တန်ဖိုး၊

(၂) အခြေပစ္စည်းကို ရယူရာတွင်လည်းကောင်း ရောင်းချခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် အခြားတစ် နည်းနည်းဖြင့် လွှဲပြောင်းခြင်းပြုရာတွင်လည်းကောင်း ကုန်ကျသည့် စရိတ်များ။

(ဃ) အခွန်ထမ်းက သက်ဆိုင်ရာပစ္စည်းကို ရယူခဲ့ရာတွင် အမှန်ကုန်ကျသည့်မူလတန်ဖိုးကို တိကျစွာ မသိနိုင်လျှင်ဖြစ်စေ၊ ယင်းပစ္စည်းကို အမွေဆက်ခံခြင်း သို့မဟုတ် မေတ္တာ အလျောက်ပေးကမ်းခြင်းဖြင့် ရယူခဲ့လျှင်ဖြစ်စေ ယင်းပစ္စည်းကိုရယူခဲ့သည့်အချိန်၌ ပေါ်ပေါက်သောကာလတန်ဖိုးကို ယင်းအခြေ ပစ္စည်း၏မူလတန်ဖိုးအဖြစ် မှတ်ယူရမည်။

(င) အခြေပစ္စည်းတစ်ခုခုသည် ၁၉၉၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မတိုင်မီ အခွန်ထမ်း ပိုင်ဖြစ်ခဲ့လျှင် နည်းဥပဒေခွဲ (ဂ)၊ နည်းဥပဒေခွဲငယ် (၁) အရမူလတန်ဖိုး သို့မဟုတ် နည်းဥပဒေခွဲ (ဃ) အရမူလတန်ဖိုး ကိုအဆိုပါနေ့ရက်၌ပေါ်ပေါက်သော ယင်းပစ္စည်း၏ ကာလတန်ဖိုးဟုမှတ်ယူရမည်။ သို့ရာတွင်နည်းဥပဒေ ခွဲ (ဂ)၊ နည်းဥပဒေခွဲငယ် (၁) အရတွက်ချက်ရာ၌ ယင်းနေ့နောက်ပိုင်းတွင် ကုန်ကျခဲ့သောစရိတ်များနှင့် ခံစားခဲ့ သောတန်ဖိုးလျော့ သက်သာခွင့်များကိုသာ ထည့်သွင်းတွက်ချက်ရမည်။

(စ) အခြေပစ္စည်းကို ရောင်းချခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်း ပြုသည့်အတွက် အခွန်ထမ်းဖော်ပြသော တန်ဖိုးသည် ထိုသို့ပြုလုပ်သော အချိန်၌ ပေါ်ပေါက်သည့် ပစ္စည်း ၏ကာလတန်ဖိုးထက်လုံလောက်သော အကြောင်းမရှိဘဲ လျော့နည်းနေသည်ဟု မြို့နယ်အခွန်ဦးစီးဌာန မှူးကယူဆလျှင် ယင်းတန်ဖိုးကို ကာလ တန်ဖိုးဖြင့် အစားထိုးသတ်မှတ်ရမည်။

(ဆ) ဤနည်းဥပဒေအရ ဝင်ငွေနှစ်အတွင်း စည်းကြပ်မှုမပြီးပြတ်လျှင် သက်ဆိုင်ရာ အခွန်ထမ်း အား ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စည်းကြပ်မှု ပြုလုပ်နိုင်သည်။ ထိုသို့ စည်းကြပ်ရာတွင် ယင်းစည်းကြပ်နှစ်နှင့် သက်ဆိုင်သည့် အခွန်နှုန်းများဖြင့် နည်းဥပဒေခွဲ (ဂ) ပါအတိုင်း အခွန်တွက်ချက် စည်းကြပ်ရမည်။

(ဇ) အခြေပစ္စည်းမှ မြတ်စွန်းငွေအပေါ် ဥပဒေ ပုဒ်မ ၂၁၊ ပုဒ်မခွဲ (ခ) အရစည်းကြပ်မှု သို့မဟုတ် ပြန်လည်စည်းကြပ်မှု ပြုလုပ်သည့်ကိစ္စတွင် သက်ဆိုင်ရာအခြေပစ္စည်း ရောင်းချခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်းပြုသော စာချုပ်ကို စာချုပ်စာတမ်းများ မှတ်ပုံတင် ဥပဒေအရ မှတ်ပုံတင်ပြီးဖြစ်ပါက ၎င်းပုဒ်မခွဲအရ စည်းကမ်းသတ်ကာလကို ယင်းသို့ ထိုစာချုပ် မှတ်ပုံတင်သည့်နေ့မှစ၍ တွက်ချက်ရမည်။

<ပြင်ဆင် 21.01.2015>

အခန်း ၅
စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် စည်းကြပ်ရန် နည်းလမ်းများ

<ပြင်ဆင် 21.01.2015>

၆။ မိမိမည်ကဲ့သို့ ရရှိခဲ့သည်ကို အတိအကျမဖြေရှင်းနိုင်သည့် မရွှေ့ပြောင်းနိုင်သောပစ္စည်း သို့မဟုတ် ငွေ အပါအဝင်ဖြစ်သော ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ သက်ဆိုင်သူအား ဥပဒေပုဒ်မ ၁၄ အရဝင်ငွေသတ်မှတ် စည်းကြပ်ရာတွင် အဆိုပါပစ္စည်း သို့မဟုတ် ငွေပေါ်ထွက် သောနှစ်သည် ယင်းပစ္စည်းတန်ဖိုး သို့မဟုတ် ငွေနှင့်စပ်လျဉ်းသည့်ဝင်ငွေနှစ်ဖြစ်သည်ဟု မှတ်ယူရမည်။ ထိုငွေကို လည်းကောင်း၊ ထိုပစ္စည်းတန်ဖိုးနှင့် ယင်းပစ္စည်းရယူရာတွင် ကုန်ကျ သည့်ငွေအားလုံးကိုလည်းကောင်း အဆိုပါနှစ်အတွက် ဝင်ငွေအဖြစ် သတ်မှတ်စည်းကြပ်ရမည်။

ရှင်းလင်းချက်။ ။ ပေါ်ထွက်သောနှစ်ဆိုသည်မှာ-

(က) ပစ္စည်းဖြစ်ပါက ဝယ်ယူရရှိခြင်းဖြစ်လျှင် ဝယ်ယူရရှိသောနှစ်ဖြစ်ပြီး တည်ဆောက်ယူခြင်း ဖြစ်လျှင် နှစ်ချင်းပြီးစီးပါက ယင်းနှစ်ကိုဆိုသည်။ သို့သော် တည်ဆောက်ဆဲဖြစ်လျှင် တည်ဆောက်ဆဲဖြစ်သော ဆိုင်ရာနှစ်များကိုဆိုသည်။

(ခ) ငွေဖြစ်ပါက ယင်းငွေရှိကြောင်းတွေ့ရှိသောနှစ် သို့မဟုတ် ယင်းငွေရရှိခဲ့ကြောင်း အထောက်အထား ရှိသောနှစ်တို့အနက် စောရာနှစ်ကို ဆိုသည်။

အခန်း ၆>
ဝင်ငွေနှစ်ကို စည်းကြပ်နှစ်ဟုမှတ်ယူခြင်း

၇။ ဥပဒေပုဒ်မ ၂၉ အရအခွန်ထမ်းအမျိုးအစား တစ်ခုခုနှင့်စပ်လျဉ်း၍ ဝင်ငွေနှစ်သည် စည်းကြပ် နှစ်ဖြစ် ရမည်ဟု အမိန့်ထုတ်ပြန်သည့်ကိစ္စ၌ သီးခြားသတ်မှတ်ထားခြင်း မရှိလျှင်စည်းကြပ်မှုကို အောက်ပါ အတိုင်းဆောင်ရွက်ခွင့်ရှိသည်-

(က) မြို့နယ်အခွန်ဦးစီးဌာနမှူးသည် ထိုအခွန်ထမ်းအမျိုးအစားတွင် ပါဝင်မည့်သူက၊ ယင်း စည်းကြပ်နှစ်အတွင်း ဝင်ငွေရလမ်းအားလုံးမှ ထိုသူရရှိသည့် စုစုပေါင်းဝင်ငွေကို ခန့်မှန်း၍ ဝင်ငွေကြေညာလွှာ ပေးပို့ရန် အကြောင်းကြားနိုင်သည်။ ယင်းအကြောင်းကြားစာကို ဥပဒေပုဒ်မ ၁၇၊ ပုဒ်မခွဲ (ခ) အရပေးပို့ သည့်အကြောင်းကြားစာဖြစ်ဘိသကဲ့သို့ မှတ်ယူ ရမည်။

(ခ) ဝင်ငွေကြေညာလွှာပေးပို့ပြီးသူ သို့မဟုတ် နည်းဥပဒေခွဲ (က) အရအကြောင်းကြားစာ ပေးပို့ခြင်းခံရသူထံ ထိုနှစ်အတွင်း ယင်းရရှိမည့် စုစုပေါင်းဝင်ငွေနှင့်စပ်လျဉ်း၍ အခြေခံ အထောက်အထားများ လာရောက်ပြသရန် သို့မဟုတ် ပြသစေရန် အကြောင်းကြား နိုင်သည်။ ထိုအကြောင်းကြားစာသည် ဥပဒေ ပုဒ်မ ၁၉၊ ပုဒ်မခွဲ (ခ) အရပေးပို့သည့်စာ ဖြစ်ဘိသကဲ့သို့ မှတ်ယူရမည်။

(ဂ) မြို့နယ်အခွန်ဦးစီးဌာနမှူးသည် နည်းဥပဒေခွဲ (ခ) အရပေးပို့သော အကြောင်းကြားစာ တွင် ဖော်ပြထားသည့်နေ့ သို့မဟုတ် ဆောလျင်နိုင်သမျှ ဆောလျင်စွာအခွန်ထမ်း ပြသသော အခြေခံအထောက် အထားများကိုလည်းကောင်း၊ လိုအပ်သော အခြားအချက် အလက်များကိုလည်းကောင်း ရယူစစ်ဆေး ကြားနာပြီးနောက် ထိုအခွန်ထမ်း၏ စုစုပေါင်း ဝင်ငွေကို ရနိုင်သရွေ့ အထောက်အထားများအပေါ် အခြေပြု၍ ဝင်ငွေခွန်စည်းကြပ်ရမည်။ ထိုသို့ စည်းကြပ်ရာ၌ ယင်းစည်းကြပ်နှစ်နှင့်သက်ဆိုင်သောနှုန်း များဖြင့်တွက်ချက် တောင်းခံရမည်။

သို့ရာတွင် နည်းဥပဒေခွဲ (က) သို့မဟုတ် (ခ) အရ ပေးပို့သောစာပါ အချက်အလက်များကို လိုက်နာရန် ပျက်ကွက်လျှင် မြို့နယ်အခွန်ဦးစီးဌာနမှူးသည် ရနိုင်သမျှ အထောက်အထား များကို ရယူ၍ ယင်းတို့ အပေါ် အခြေပြုပြီး စည်းကြပ်ရမည်။

(ဃ) ဤနည်းဥပဒေအရ အခွန်စည်းကြပ်ပြီးသော အခွန်ထမ်းအား ထိုသို့ စည်းကြပ်ပြီးသော ယင်း၏ စုစုပေါင်းဝင်ငွေအပေါ် စည်းကြပ်နှစ်ပြောင်းလဲမှုကြောင့် ထပ်မံစည်းကြပ်ခြင်း မပြုရ။

(င) ဤနည်းဥပဒေအရ စည်းကြပ်ပြီးသော အခွန်ထမ်းကသက်ဆိုင်ရာစည်းကြပ်နှစ်အတွက် ဆုံးဖြတ် ထားသည့်ဝင်ငွေသည် မှန်ကန်မှုမရှိကြောင်း ယင်းနှစ်ကုန်ဆုံးပြီးနောက် တစ်နှစ် အတွင်း ခိုင်လုံသော အထောက်အထားပြသနိုင်လျှင် သို့မဟုတ် မြို့နယ်အခွန်ဦးစီး ဌာနမှူးက ခိုင်လုံသော အထောက်အထားတွေ့ရှိလျှင် ပြင်ဆင်စည်းကြပ်နိုင်သည်။ ယင်းသို့ပြင်ဆင်စည်းကြပ်ပါက ဥပဒေပါစည်းကမ်းသတ် ကာလကိစ္စအတွက် ထိုပြင်ဆင် စည်းကြပ်မှုကိုသာ အခြေခံတွက်ချက်ရမည်။

ရှင်းလင်းချက်။ ။ ဤနည်းဥပဒေပါ မြို့နယ်အခွန်ဦးစီးဌာနမှူး၏ လုပ်ပိုင်ခွင့်များကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနသည် လိုအပ်ပါက ဥပဒေ ပုဒ်မ ၇ အရ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ တစ်ဦးတစ်ယောက်ကိုလည်း ပေးအပ်နိုင်သည်။

အခန်း ၇
ဝင်ငွေနှစ်အတွင်း စည်းကြပ်ခြင်း

၈။ ဥပဒေပုဒ်မ ၂၉ အရဝင်ငွေတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ဝင်ငွေနှစ်အတွင်း စည်းကြပ်မှုပြုလုပ်နိုင် ကြောင်း အမိန့်ထုတ်ပြန်သည့်ကိစ္စ၌ သီးခြားသတ်မှတ်ထားခြင်းမရှိလျှင် မြို့နယ်အခွန်ဦးစီးဌာန မှူး သည် စည်းကြပ်မှုကို အောက်ပါအတိုင်းဆောင်ရွက်နိုင်သည်-

(က) ဝင်ငွေတစ်ရပ်ရပ်ရရှိသူအား သက်ဆိုင်ရာဝင်ငွေနှစ်အတွင်း ယင်းရရှိသည့်ဝင်ငွေကို ခန့်မှန်း၍ ဝင်ငွေကြေညာလွှာ ပေးပို့ရန်အကြောင်းကြားနိုင်သည်။ ယင်းအကြောင်းကြား စာကို ဥပဒေပုဒ်မ ၁၇၊ ပုဒ်မခွဲ (ခ) အရ ပေးပို့သည့်စာဖြစ်ဘိသကဲ့သို့ မှတ်ယူရမည်။

(ခ) နည်းဥပဒေခွဲ (က) အရဝင်ငွေကြေညာလွှာ ပေးပို့ပြီးသူ သို့မဟုတ် အကြောင်းကြားစာ ပေးပို့ခြင်းခံရသူ ထိုနှစ်အတွင်း ယင်းရရှိမည့် ဝင်ငွေနှင့်စပ်လျဉ်း၍ အခြေခံအထောက် အထားများလာရောက်ပြသရန် သို့မဟုတ် ပြသစေရန်ထိုသူအား အကြောင်းကြား နိုင်သည်။ ထိုအကြောင်းကြားစာသည် ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ (ခ) အရပေးပို့သည့်စာ ဖြစ်ဘိသကဲ့သို့ မှတ်ယူရမည်။

(ဂ) နည်းဥပဒေခွဲ (ခ) အရပေးပို့သော အကြောင်းကြားစာတွင် ဖော်ပြထားသည့်နေ့ သို့မဟုတ် ထိုနေ့ နောက်ပိုင်း ဆောလျင်နိုင်သမျှ ဆောလျင်စွာ မြို့နယ်အခွန်ဦးစီးဌာနမှူးသည် အခွန်ထမ်းကပြသသော အခြေခံအထောက်အထားများကိုလည်းကောင်း၊ လိုအပ်သော အခြားအချက်အလက်များကိုလည်းကောင်း ရယူစစ်ဆေးကြားနာပြီးနောက် အခွန်ထမ်း ၏ အဆိုပါ ဝင်ငွေအားရနိုင်သမျှ အထောက် အထားများကို အခြေပြု၍ ဝင်ငွေခွန် စည်းကြပ်ရမည်။ ထိုသို့ စည်းကြပ် ရာတွင် ယင်းစည်းကြပ်နှစ် နှင့် သက်ဆိုင်သော နှုန်းများဖြင့် အခွန်တွက်ချက်တောင်းခံရမည်။

သို့ရာတွင် နည်းဥပဒေခွဲ (က) သို့မဟုတ် (ခ) အရပေးပို့သော စာပါအချက်အလက်များကို လိုက်နာရန် ပျက်ကွက်လျှင်ရနိုင်သမျှသော အထောက်အထားများကို ရယူ၍ ယင်းတို့ကို အခြေပြုပြီးစည်းကြပ်နိုင် သည်။

(ဃ) ဝင်ငွေအမျိုးအစားတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ဤနည်းဥပဒေအရ သီးခြားစည်းကြပ်မှု ပြုလုပ်ခြင်း သည် ယင်းဝင်ငွေအတွက် ကြိုတင်စည်းကြပ်ခြင်းသာဖြစ်သည်ဟု မှတ်ယူပြီး ယင်းဝင်ငွေအပါအဝင်ဖြစ်သော အခွန်ထမ်း၏စုစုပေါင်း ဝင်ငွေအပေါ်စည်းကြပ်မှုကို ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ထပ်မံပြုလုပ် ရမည်။ စည်းကြပ်မှုထပ်မံပြုလုပ်သောအခါ ကြိုတင်စည်းကြပ်မှုတွင် ပေးဆောင်ခဲ့သောအခွန်ကို ခုနှိမ် ပေးရမည်။

(င) ဤနည်းဥပဒေအရ ပြုလုပ်သော ကြိုတင်စည်းကြပ်မှုတွင် ချမှတ်ထားသော ဆုံးဖြတ်ချက် များကို နည်းဥပဒေခွဲ (ဃ) ပါအတိုင်း စည်းကြပ်မှုထပ်မံပြုလုပ်ရာ၌ လိုအပ်သလို ပြုပြင် ပြောင်းလဲနိုင်သည်။

(စ) ဤနည်းဥပဒေအရ ဝင်ငွေနှစ်အတွင်း စည်းကြပ်မှုမပြီးပြတ်လျှင် ဥပဒေပုဒ်မ ၂၉ နှင့် အကျုံးမဝင် ဘိသကဲ့သို့ သက်ဆိုင်ရာ အခွန်ထမ်းအား ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စည်းကြပ်မှုပြုလုပ်နိုင် သည်။

ရှင်းလင်းချက်။ ။ ဤနည်းဥပဒေပါ မြို့နယ်အခွန်ဦးစီးဌာနမှူး၏ လုပ်ပိုင်ခွင့်များကို ပြည်ထောင်စု အစိုးရအဖွဲ့၏ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနသည် လိုအပ်ပါက ဥပဒေ ပုဒ်မ ၇ အရအမိန့်ကြော်ငြာစာ ထုတ်ပြန်၍ တစ်ဦးတစ်ယောက်ကိုလည်း ပေးအပ်နိုင်သည်။

အခန်း ၈
ပြည်ပနေ နိုင်ငံသားအား စည်းကြပ်ခြင်း

၉။ (က) ဥပဒေပုဒ်မ ၃၀ အရ ပြည်ပနေနိုင်ငံသားတစ်ဦးအား ဝင်ငွေခွန်စည်းကြပ်ကောက်ခံရာတွင် ဤ နည်းဥပဒေပါ သတ်မှတ်ချက်များအတိုင်း ဖြစ်ရမည်။

(ခ) (၁) မည်သည့် ဝင်ငွေနှစ်အတွက်မဆို ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (ဎ) အရ ပြည်ပနေ နိုင်ငံသားတစ်ဦး၏ ဝင်ငွေတွင် ပြည်တွင်းစုစုပေါင်း ဝင်ငွေနှင့် ပြည်ပစုစုပေါင်း ဝင်ငွေတို့ ပါဝင်သည်။

(၂) ပြည်ပနေနိုင်ငံသားတစ်ဦး၏ ပြည်တွင်းစုစုပေါင်း ဝင်ငွေသည် မြန်မာနိုင်ငံတွင် အဆိုပါနှစ်အတွင်း ထိုသူရရှိသည့် ဝင်ငွေအားလုံးဖြစ်သည်။

(၃) ပြည်ပနေ နိုင်ငံသားတစ်ဦး၏ ပြည်ပစုစုပေါင်း ဝင်ငွေသည် မြန်မာနိုင်ငံပြင်ပတွင် အဆိုပါနှစ် အတွင်း ထိုသူရရှိသည့် ဝင်ငွေအားလုံးဖြစ်သည်။ သို့ရာတွင် ပြည်ပနေ နိုင်ငံသားတစ်ဦး၏ စုစုပေါင်းဝင်ငွေတွင် ဥပဒေတစ်ရပ်ရပ်အရ ကင်းလွတ်ခွင့်ရ သောဝင်ငွေ မပါဝင်စေရ။

(ဂ) ပြည်ပနေ နိုင်ငံသားတစ်ဦးအား/ ဝင်ငွေခွန်စည်းကြပ်ရာတွင် ထိုသူ၏ပြည်တွင်း စုစုပေါင်းဝင်ငွေနှင့် ပြည်ပစုစုပေါင်းဝင်ငွေတို့ကို သီးခြားစီ တွက်ချက်သတ်မှတ်ရမည်။ ထို့ပြင် အဆိုပါသတ်မှတ်ချက်များကို မူတည်၍ ထိုသူပေးဆောင်ရမည့် ပြည်တွင်း စုစုပေါင်း ဝင်ငွေအပေါ်ဝင်ငွေခွန်နှင့် ပြည်ပစုစုပေါင်း ဝင်ငွေ အပေါ်ဝင်ငွေခွန်တို့ကို တသီး တခြားစီ တွက်ချက်ဆုံးဖြတ်ရမည်။ ထိုသူက ပေးဆောင်ရန်တာဝန်ရှိသည့် ဝင်ငွေခွန်သည် ထိုအခွန်နှစ်ရပ်ပေါင်းဖြစ်သည်။

(ဃ) ပြည်ပနေ နိုင်ငံသားတစ်ဦး၏ ပြည်တွင်းစုစုပေါင်းဝင်ငွေအပေါ် ဝင်ငွေခွန်စည်းကြပ် ကောက်ခံခြင်းကို ဥပဒေပါ သက်ဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ပြုလုပ်ရမည်ဖြစ်ပြီး ကျသင့်သည့်ဝင်ငွေခွန်ကို ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ သတ်မှတ်သည့် နှုန်းများဖြင့် တွက်ချက်ရမည်။

(င) (၁) ပြည်ပနေ နိုင်ငံသားတစ်ဦး၏ ပြည်ပစုစုပေါင်း ဝင်ငွေကို တွက်ချက်သည့်အခါ ဥပဒေပုဒ်မ ၈ တွင်ဖော်ပြထားသည့် ဝင်ငွေခေါင်းစဉ်များအလိုက် တွက်ချက်ရမည့် ပြင် ထိုသို့ တွက်ချက်ရာတွင် ဥပဒေ ပါပြဋ္ဌာန်းချက်များနှင့်အညီသာ ဖြစ်ရမည်။ သို့ရာတွင် ဥပဒေပုဒ်မ ၆ ပါသက်သာခွင့်များသည် ပြည်ပနေ နိုင်ငံသားတစ်ဦး၏ ပြည်ပစုစုပေါင်းဝင်ငွေ တွက်ချက်ရာတွင် အကျုံးမဝင်စေရ။

(၂) ပြည်ပနေ နိုင်ငံသားတစ်ဦး၏ ပြည်ပစုစုပေါင်း ဝင်ငွေအပေါ်တွင် အဆိုပါ ပြည်ပနေနိုင်ငံသားကပေး ဆောင်ရမည့် ဝင်ငွေခွန်နှုန်းများကို ပြည်ထောင်စု ၏ အခွန်အကောက် ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီသာ ဖြစ်ရမည်။

(စ) ပြည်ပနေ နိုင်ငံသားတစ်ဦးသည် မည်သည့် ဝင်ငွေနှစ်အတွက်မဆို ထိုနှစ်အတွက် မြန်မာနိုင်ငံပြင်ပ ၌ ဝင်ငွေတစ်ရပ်ရပ်ရရှိလျှင် ယင်း၏ ပြည်ပစုစုပေါင်းဝင်ငွေကို ခန့်မှန်း၍ ယင်းအပေါ်ကျသင့်သည့် ဝင်ငွေခွန်ကို အဆိုပါဝင်ငွေနှစ်အတွင်း၌ပင် ဤကိစ္စအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက တာဝန်လွှဲအပ်ခြင်း ခံရသူက သတ်မှတ်ပေးသည့် နည်းလမ်းများအတိုင်းပေးဆောင် ရမည်။ ထိုသို့ပေးဆောင် ရာတွင် ထိုသူသည် မိမိအတွက်အလျဉ်းသင့်သလို သက်ဆိုင်ရာဝင်ငွေနှစ် မလွန်စေဘဲ အရစ်ကျအကြိမ်ကြိမ်ခွဲ၍ ပေးဆောင်နိုင်သည်။

(ဆ) တစ်ဦးတစ်ယောက်သောသူက နည်းဥပဒေခွဲ (စ) ပါသတ်မှတ်ချက်များနှင့်အညီ ပေးဆောင်သည့် သို့မဟုတ် နည်းဥပဒေခွဲ (စ) နှင့် (ဎ) တို့ကို ပူးတွဲသုံးစွဲ၍ ထိုသူထံမှ အရကောက်ခံပြီးသည့်ငွေကို နည်းဥပဒေခွဲ (ဈ) အရ သက်ဆိုင်ရာနှစ်အတွက် ဝင်ငွေခွန်စည်းကြပ်မှုနှင့်စပ်လျဉ်း၍ ပေးဆောင်သည့် ဝင်ငွေခွန်ဟု မှတ်ယူရမည်။ ထိုသို့ ပေးဆောင်သည့်ဝင်ငွေခွန်ကို သက်ဆိုင်ရာစည်းကြပ်မှုတွင် ခုနှိမ်ပေးရ မည်။

(ဇ) (၁) ပြည်ပနေနိုင်ငံသားတစ်ဦးသည် ဝင်ငွေနှစ်အတွင်း မြန်မာနိုင်ငံပြင်ပ၌ ဝင်ငွေ ရရှိလျှင် ထိုဝင်ငွေ ရရှိသည့်နှစ် ကုန်ဆုံးပြီးသုံးလအတွင်း မိမိ၏ပြည်ပစုစုပေါင်း ဝင်ငွေအတွက် ဝင်ငွေကြေညာလွှာကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက တာဝန်လွှဲအပ်ခြင်းခံရသူက သတ်မှတ် ထားသည့်အတိုင်း မြို့နယ်အခွန်ဦးစီးဌာနမှူးထံ ပေးပို့ရမည်။

(၂) ပြည်ပနေ နိုင်ငံသားတစ်ဦးသည် မြန်မာနိုင်ငံပြင်ပ၌ ဝင်ငွေရရှိခဲ့သည်ဟု ယူဆလျှင် မြို့နယ်အခွန် ဦးစီးဌာနမှူးက ဝင်ငွေနှစ်အတွင်း ထိုသူရရှိသည့် ပြည်ပ စုစုပေါင်းဝင်ငွေအတွက် ဝင်ငွေကြေညာလွှာကို သတ်မှတ်သည့်အတိုင်း ပေးပို့ စေရန် အကြောင်းကြားနိုင်သည်။ ထို့ပြင်ဥပဒေပုဒ်မ ၂၁ ၌ဖော်ပြထားသော ဝင်ငွေခွန်စည်းကြပ်ရန် သို့မဟုတ် ပြန်လည်စည်းကြပ်ရန်ဖြစ်သော ဝင်ငွေ အမျိုးအစားတွင်ပါဝင်သည့် ပြည်ပဝင်ငွေနှင့်စပ်လျဉ်း၍ ဝင်ငွေခွန်စည်းကြပ်ခြင်း၊ သို့မဟုတ် ပြန်လည်စည်းကြပ်ခြင်းတို့ ပြုလုပ်ရန် ရှိလျှင်ဥပဒေပုဒ်မ ၂၁ ပါပြဋ္ဌာန်း ချက်များနှင့်အညီသာ ဆောင်ရွက်ရမည်။

(ဈ) မြို့နယ်အခွန်ဦးစီးဌာနမှူး သို့မဟုတ် ပြည်ထောင်စုအစိုးရအဖွဲ့၏ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက တာဝန်လွှဲအပ်ခြင်းခံရသူသည် နည်းဥပဒေခွဲ (ဇ) အရပြည်ပ စုစုပေါင်းဝင်ငွေကြေညာလွှာကို ရရှိလျှင် ဆောလျင်နိုင်သမျှ ဆောလျင်စွာ သက်ဆိုင်ရာ ပြည်ပနေ နိုင်ငံသား၏ ပြည်ပစုစုပေါင်း ဝင်ငွေအပေါ် ဝင်ငွေခွန်စည်းကြပ်ရမည်။

သို့ရာတွင် ပြည်ပနေ နိုင်ငံသားတစ်ဦး၏ ပြည်ပစုစုပေါင်းဝင်ငွေကို ဤနည်းဥပဒေအရ စည်းကြပ်ခြင်းမပြုမီ မြို့နယ်အခွန်ဦးစီးဌာနမှူးသည် မိမိအဆုံးအဖြတ်ပေးရန် လိုအပ် သည်ဟုယူဆသည့် အထောက်အထား သက်သေခံစာရွက်စာတမ်းများကို မည်သူ့ထံမှ မဆို တောင်းဆိုနိုင်သည်။

ထို့ပြင် ပြည်ပနေ နိုင်ငံသားသည် နည်းဥပဒေခွဲ (ဇ) အရဝင်ငွေ ကြေညာလွှာပေးပို့ရန် ပျက်ကွက်လျှင် မြို့နယ်အခွန်ဦးစီးဌာနမှူးသည် ရနိုင်သရွေ့အထောက်အထားများကို အခြေပြု၍ ဝင်ငွေကို စည်းကြပ်ရ မည်။

(ည) နည်းဥပဒေခွဲ (ဈ) အရဝင်ငွေခွန်ပေးဆောင်ရန်ရှိသောအခါ မြို့နယ်အခွန်ဦးစီးဌာနမှူး သည် ထိုဝင်ငွေခွန်ပေးဆောင်ရန် တာဝန်ရှိသူအပေါ် အခွန်တောင်းခံလွှာကို ဥပဒေပုဒ်မ ၅၃ ပါပြဋ္ဌာန်းချက်များ နှင့်အညီပေးပို့ရမည်။ ထိုအခွန်တောင်းခံလွှာသည် ယင်းပုဒ်မ အရ တောင်းခံလွှာဟု မှတ်ယူရမည်။

(ဋ) ပြည်ပစုစုပေါင်း ဝင်ငွေပေါ်တွင် ပေးဆောင်ရန်ရှိသည့် ဝင်ငွေခွန်ကို ပေးဆောင်ရန် တာဝန်ရှိသည့် အခွန်ထမ်းက ထိုစုစုပေါင်းဝင်ငွေတွင် ပါဝင်သည့် ပြည်ပဝင်ငွေ တစ်ရပ်ရပ်မှ ရရှိသော နိုင်ငံခြားငွေဖြင့် သာပေးဆောင်ရမည်။

(ဌ) တစ်ဦးတစ်ယောက်သောသူအပေါ် နည်းဥပဒေခွဲ (ဈ) အရဝင်ငွေခွန်စည်းကြပ်မှုပြုရာတွင် ထိုသူက ပြန်အမ်းငွေရရန်ရှိလျှင် ထိုပြန်အမ်းငွေကို ထိုသူကနည်းဥပဒေခွဲ (စ) အရ ပေးဆောင်ရန်ရှိသော ဝင်ငွေ ခွန်မှခုနှိမ်ရမည်။

သို့ရာတွင် အဆိုပါဝင်ငွေခွန် စည်းကြပ်မှုပြုလုပ်ပြီးနောက် တစ်နှစ်ကာလအတွင်း ထိုသူတွင် ပြည်ပဝင် ငွေမရှိတော့သည့် အကြောင်းကြောင့် နည်းဥပဒေခွဲ (စ) အရပေးဆောင်ရန်ငွေ တစ်စုံတစ်ရာမရှိလျှင် ထိုသူရရန်ရှိသည့် ပြန်အမ်းငွေကို ပေးသွင်းခဲ့သည့် ငွေကြေးအမျိုးအစားဖြင့် ပြန်အမ်းရမည်။

(ဍ) နိုင်ငံသားတစ်ဦးက မြန်မာနိုင်ငံမှမထွက်ခွာမီ ဤနည်းဥပဒေအရ ပြည်ပစုစုပေါင်း ဝင်ငွေအပေါ် ပေးဆောင်ရန်ရှိသည့် ဝင်ငွေခွန်ကို ကောက်ခံရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့၏ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက တာဝန်လွှဲအပ်ခြင်းခံရသူသည် သင့်လျော်မည့်အစီအစဉ်များ ပြုလုပ်ပိုင်ခွင့်ရှိစေရ မည်။

(ဎ) (၁) ဤနည်းဥပဒေများနှင့် သက်ဆိုင်သူတစ်ဦးသည် ဤနည်းဥပဒေနှင့်အညီ ဝင်ငွေခွန်ကိုပေး ဆောင်ခြင်းမပြုလျှင် ထိုသူအား ဥပဒေပုဒ်မ ၃၉ နှင့်အကျုံးဝင် သော ပျက်ကွက်သူဟု မှတ်ယူရမည်။

(၂) နည်းဥပဒေခွဲငယ် (၁) အရပျက်ကွက်သူထံမှ အရကောက်ခံသည့်အခါတွင် မည်သည့်ငွေဖြင့် အရကောက်ခံရမည်ကို ဤကိစ္စအလို့ငှာ ပြည်ထောင်စု အစိုးရအဖွဲ့၏ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက တာဝန်လွှဲအပ်ခြင်းခံရသူက ဆုံးဖြတ်ပိုင်ခွင့်ရှိစေရမည်။

(ဏ) ဤနည်းဥပဒေအရ ပြည်ပစုစုပေါင်းဝင်ငွေနှင့် ယင်းဝင်ငွေအပေါ် အခွန်သတ်မှတ်သည့် အခါ သက်ဆိုင်ရာ နိုင်ငံခြားငွေနှင့်ညီမျှသော ကျပ်ငွေဖြင့် သတ်မှတ်ရမည်ဖြစ်ပြီး ထိုနိုင်ငံခြားငွေနှင့် ညီမျှသောကျပ်ငွေတွက်ချက်ရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက သတ်မှတ်ထားသော နည်းလမ်းများနှင့်အညီဖြစ်သော ငွေလဲလှယ်နှုန်းများအတိုင်း တွက်ချက်ရမည်။

(တ) ပြည်ထောင်စုအစိုးရအဖွဲ့၏ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနသည် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ဤနည်းဥပဒေပါ ကိစ္စရပ်များအလို့ငှာ အသေးစိတ်လိုအပ်ချက်များကို ပြဋ္ဌာန်းနိုင်သည်။

<ပြင်ဆင် 21.01.2015>

အခန်း ၉
ပြည်ပနေနိုင်ငံခြားသားအား စည်းကြပ်ခြင်း

၁၀။ ဥပဒေပုဒ်မ ၂၆ အရရရှိသော ပြည်ပနေ နိုင်ငံခြားသား၏ ဝင်ငွေကို အတိအကျမသိနိုင်ဟု မြို့နယ် အခွန်ဦးစီးဌာနမှူးက ထင်မြင်ယူဆလျှင် ထိုအခွန်ထမ်းအပေါ် ဝင်ငွေခွန်စည်းကြပ်ရန် ဝင်ငွေကိုအောက် ပါနည်းလမ်းတစ်ခုခုဖြင့် မြို့နယ်အခွန်ဦးစီးဌာနမှူးက တွက်ချက်သတ်မှတ်နိုင်သည်-

(က) ဥပဒေပုဒ်မ ၂၆ အရထိုသူ၏ အကြမ်းရငွေအပေါ် မြို့နယ်အခွန်ဦးစီးဌာနမှူးက သင့်လျော်သည်ဟု ယူဆသော ရာခိုင်နှုန်းဖြင့်တွက်ချက်ခြင်း၊

(ခ) ပြည်တွင်းဝင်ငွေကို အောက်ပါပုံသေနည်းဖြင့် တွက်ချက်ခြင်း၊

ပြည်တွင်းဝင်ငွေ= (ပြည်တွင်းရငွေ/ပြည်တွင်းပြည်ပရငွေ)× ပြည်တွင်းပြည်ပစုစုပေါင်း ဝင်ငွေ

မှတ်ချက်။ နည်းဥပဒေခွဲ (ခ) ပါပြည်တွင်းပြည်ပ စုစုပေါင်းဝင်ငွေ ဆိုသည်မှာ ဥပဒေ ပြဋ္ဌာန်းချက်များ နှင့် အညီတွက်ချက်ရရှိသော စုစုပေါင်းဝင်ငွေကို ဆိုသည်။

(ဂ) နည်းဥပဒေခွဲ (က) နှင့် (ခ) တို့အရ ဝင်ငွေတွက်ချက်ရန် လက်တွေ့အားဖြင့် မဖြစ်နိုင်လျှင်ဤကိစ္စ အတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဌာနက တာဝန်လွှဲအပ်ခြင်းခံရသူက သင့်လျော်သည်ဟုမှတ်ယူသော အခြားနည်းလမ်း တစ်ခုခုဖြင့် တွက်ချက်ခြင်း။

အခန်း ၁၀
ပင်လယ်ကူးသင်္ဘောဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခြင်းအား စည်းကြပ်ခြင်း

၁၁။ (က) ပြည်ပနေ နိုင်ငံခြားသားပိုင် သို့မဟုတ် ယင်းကစင်းလုံးငှားသော ပင်လယ်ကူးသင်္ဘော သည် မြန်မာနိုင်ငံဆိပ်ကမ်းသို့ ဆိုက်ရောက်ပြီး ပြန်လည်ထွက်ခွာလျှင် ထိုသို့ဝင်ထွက် သွားလာသော တစ်ခေါက်ချင်းမှ ဝင်ငွေအတွက် ဝင်ငွေခွန် ထမ်းဆောင်ရမည်။

(ခ) အဆိုပါသင်္ဘောက မြန်မာနိုင်ငံဆိပ်ကမ်းမှ ခရီးသည်ပို့ဆောင်ခနှင့် တိရစ္ဆာန် သို့မဟုတ် အခြားကုန် ပစ္စည်းသယ်ဆောင်ခရရှိငွေအားလုံး၏ ငါးရာခိုင်နှုန်းသည် ဝင်ငွေခွန်စည်းကြပ် ရန် ဝင်ငွေဖြစ်သည်ဟု မှတ်ယူရမည်။

(ဂ) နည်းဥပဒေခွဲ (ခ) ပါအတိုင်း မှတ်ယူရရှိသော ဝင်ငွေအပေါ် ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေအရ သတ်မှတ်ထားသည့် ပြည်ပနေနိုင်ငံခြားသားနှင့်ဆိုင်သော ဝင်ငွေခွန်နှုန်းများဖြင့် ဝင်ငွေခွန် စည်းကြပ်ရမည်။

(ဃ) မြန်မာနိုင်ငံ ဆိပ်ကမ်းမှ ဤနည်းဥပဒေနှင့်အကျုံးဝင်သော သင်္ဘောမထွက်ခွာမီ သက်ဆိုင် ရာ သင်္ဘောရေယာဉ်မှူးသည် နည်းဥပဒေခွဲ (ခ) ပါအတိုင်း ဝင်ငွေကို ခန့်မှန်း၍ ဝင်ငွေကြေညာလွှာ ပေးပို့ရမည်။ ထိုသို့ ပေးပို့သည့်အခါ ယင်းဝင်ငွေကြေညာလွှာတွင် ဖော်ပြသောဝင်ငွေအပေါ် ဝင်ငွေခွန်ကို သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးက ယာယီစည်းကြပ်ကောက်ခံရမည်။

သို့ရာတွင် သက်ဆိုင်ရာသင်္ဘောပိုင်ရှင် သို့မဟုတ် စင်းလုံးငှားသူအတွက် မြန်မာနိုင်ငံ အတွင်း၌ ကိုယ်စားလှယ်ရှိလျှင် ဤနည်းဥပဒေခွဲအရ သင်္ဘောမထွက်ခွာမီ ဝင်ငွေ ကြေညာခြင်းနှင့် အခွန်ပေးဆောင် ခြင်းတို့ကို ယင်းကိုယ်စားလှယ်က ပြုလုပ်နိုင်သည်။

(င) မြန်မာနိုင်ငံဆိပ်ကမ်းမှ သက်ဆိုင်ရာ ပင်လယ်ကူးသင်္ဘောထွက်ခွာရန် အဆင်သင့် ဖြစ်သောအခါတွင် ထိုသင်္ဘောရေယာဉ်မှူးက အဆိုပါဆိပ်ကမ်းမှ အမှန်ရငွေအရ နည်းဥပဒေခွဲ (ခ) ပါအတိုင်း ဝင်ငွေ တွက်ချက်၍ ဝင်ငွေကြေညာလွှာ အသစ်ပေးပို့ရမည်။ ထိုသို့ ပေးပို့ရာတွင် အထောက်အထားစာရွက်စာ တမ်းများပါပူးတွဲ ပေးပို့ရမည်။ ယင်းတို့ကို သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးက စိစစ်၍ ဝင်ငွေခွန် စည်းကြပ်ရမည်။

သို့ရာတွင် မြန်မာနိုင်ငံအတွင်း အဆိုပါသင်္ဘောအတွက် ကိုယ်စားလှယ်ရှိလျှင် ဤနည်း ဥပဒေခွဲအရ ဝင်ငွေကြေညာလွှာအသစ်ကို ယင်းကိုယ်စားလှယ်က သက်ဆိုင်ရာသင်္ဘော မြန်မာနိုင်ငံဆိပ်ကမ်းမှ ထွက်ခွာပြီး ခုနစ်ရက်အတွင်း ပေးပို့နိုင်သည်။

(စ) မြန်မာနိုင်ငံအတွင်း သက်ဆိုင်ရာသင်္ဘောပိုင်ရှင် သို့မဟုတ် စင်းလုံးငှားသူ၌ ကိုယ်စားလှယ်မရှိလျှင် နည်းဥပဒေခွဲ (င) ပါအတိုင်း စည်းကြပ်မှုပြုလုပ်၍ အခွန်အကြေ အလည်ပေးဆောင်ပြီးပါက အဆိုပါ သင်္ဘောမြန်မာနိုင်ငံဆိပ်ကမ်းမှ ထွက်ခွာခွင့်ပြုနိုင် ကြောင်း ပင်လယ်ကူးသင်္ဘောများ ဆိပ်ကမ်းမှ ထွက်ခွာခွင့် လက်မှတ်ထုတ်ပေးပိုင်ခွင့် ရှိသူအား အဆိုပါ ထွက်ခွာခွင့်ပြုနိုင်ရန် သက်ဆိုင်ရာမြို့နယ် အခွန်ဦးစီးဌာနမှူးက အကြောင်းကြားစာပေးပို့ရမည်။

(ဆ) မြန်မာနိုင်ငံအတွင်း သက်ဆိုင်ရာသင်္ဘောပိုင်ရှင် သို့မဟုတ် စင်းလုံးငှားသူ၌ ကိုယ်စား လှယ်ရှိလျှင် နည်းဥပဒေခွဲ (ဃ) ပါအတိုင်း ယာယီစည်းကြပ်မှု ပြုလုပ်ပြီး အခွန်အကြေ အလည်ပေးဆောင်ပါက အဆိုပါ သင်္ဘောအား မြန်မာနိုင်ငံဆိပ်ကမ်းမှ ထွက်ခွာခွင့်ပြုရန် အကြောင်းကြားစားကို နည်းဥပဒေခွဲ (စ) ပါအတိုင်းပေးပို့နိုင်သည်။

<ပြင်ဆင် 21.01.2015>

အခန်း ၁၁
အထွေထွေ

၁၁-က။သက်ဆိုင်ရာနှစ်အလိုက် ပြဋ္ဌာန်းသော ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပါ ပြဋ္ဌာန်းချက် နှင့်အညီ ထိုက်သင့်သော ချီးမြှင့်မှုများ ဆောင်ရွက်နိုင်ရန်အလို့ငှာ သင့်လျော်သောပမာဏကို သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ခန့်မှန်းခြေငွေစာရင်းတွင် ထည့်သွင်းရေးဆွဲ တောင်းခံ၍ သုံးစွဲနိုင်သည်။

<ပြင်ဆင် 21.01.2015>

၁၂။ ၁၉၇၄ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်စွဲဖြင့် ထုတ်ပြန်သော ဝင်ငွေခွန်နည်းဥပဒေများကို ဤနည်း ဥပဒေများဖြင့် ရုပ်သိမ်းလိုက်သည်။


လှထွန်း
ပြည်ထောင်စုဝန်ကြီး